← Chapters

အခန်း (၂၅)

Vol. 3 Ch. 25

အခန်း (၂၅)

Vol. 3 Ch. 25

“မိန်းမပျိုတစ်ဦး၏ အချစ်”

စီမာကျိယန် လုံးဝ အံ့အားသင့်သွားသည်။ သူမသည် အော်မေဂိုဏ်းမှ တပည့်တစ်ဦး ဖြစ်ပြီး ကျင့်ကြံခြင်း လောကတွင်လည်း နာမည်ကျော်ကြားသော အမျိုးသမီး ကျင့်ကြံသူ ဖြစ်သည်။

သို့သော် သူမ၏ မူလဇစ်မြစ်သည် စာပေပညာရှင် မိသားစုမှ ဆင်းသက်လာခြင်း ဖြစ်ပြီး ဖခင်ဖြစ်သူမှာ ငယ်စဉ်ကတည်းက နန်းတွင်းစာမေးပွဲတွင် ကျင်းရှီ ဟုခေါ်သော အမြင့်ဆုံးအဆင့်ကို ရရှိအောင်မြင် ထားသူဖြစ်သည်။ သူ့၏ စာပေအဆင့်အတန်းကို အင်ပါယာတစ်ခုလုံး သိရှိကြ၏။

ထို့ကြောင့် ဤကဗျာများသည် အစောပိုင်းက သူမပြောဆိုခဲ့သော ကဗျာများထက် အဆင့်အတန်း လွန်စွာမြင့်မားသော လက်ရာမြောက် ကဗျာများ ဖြစ်သည်ကို မည်သို့ မသိဘဲ နေပါမည်နည်း။

သူမ လုံးဝယုံကြည်နိုင်သေးခြင်း မရှိသောကြောင့် စိတ်ထဲတွင် တွေးလိုက်မိသည်။

“ခုနှစ်နှစ် ရှစ်နှစ်အရွယ် ကလေးတစ်ယောက်က ဒီလိုမျိုး ကဗျာတွေကို ဘယ်လိုလုပ်ပြီး စပ်ဆိုနိုင်မှာလဲ… တကယ်လို့ သူက အဲဒီအသက်အရွယ်မှာ ဒီကဗျာတွေကို ရေးခဲ့တာဆိုရင်တော့…”

“ငါ ဒီနေ့မှာ ထောင်စုနှစ်ပေါင်းများစွာ ကြာအောင် ချီးကျူးခံရမယ့် ဒိတ်ဒိတ်ကျဲ ပါရမီရှင် တစ်ယောက်ကို လာတွေ့နေရတာများလား…”

သူမ သိချင်စိတ်ကို မည်သို့မျှ မထိန်းချုပ်နိုင်တော့ဘဲ မေးလိုက်မိသည်။

“အဲဒီနောက်ပိုင်းမှာ ဆရာစွန်းက ဘယ်လို ကဗျာမျိုးတွေကို ရေးစပ်သီကုံးခဲ့သေးလဲ…”

စွန်းယန်ဝမ် က သက်ပြင်းချကာ ပြန်ဖြေလိုက်သည်။

“လွန်ခဲ့တဲ့ နှစ်အနည်းငယ်လောက်တုန်းက ကျုပ်အဖေဟာ နန်းတော်က ကျင်းပပေးတဲ့ စာမေးပွဲကို ဖြေမယ်ဆိုပြီး ထွက်သွားလိုက်တာ အခုထက်ထိ သတင်းအစအနပါ ပျောက်သွားတယ်… အဲဒီနောက်ပိုင်း အမေကလည်း ပြင်းပြင်းထန်ထန် ဖျားနာပြီး သေဆုံးသွားခဲ့တယ်…”

“ကျုပ်ကိုယ်တိုင်လည်း ဆိုင်အကူတစ်ယောက်အဖြစ် ဝင်လုပ်ဖို့ကလွဲရင် တခြားရွေးချယ်စရာ မရှိခဲ့ပါဘူး… ဆိုင်ဆိုတော့ နေစဉ်နဲ့အမျှ အလုပ်ပြီးအလုပ်နဲ့ပဲ အချိန်ကုန်နေရတာကြောင့် စာပေဘက်ကို လေ့လာဖို့ ကျုပ်မှာ စိတ်အားထက်သန်မှုပါ ပျောက်ဆုံးသွားခဲ့တယ်…”

စီမာကျိယန် အနည်းငယ်မျှ မယုံကြည်ပေ။

“အသက်ရှစ်နှစ် ဒါမှမဟုတ် ကိုးနှစ်အရွယ်လောက်မှာ ထူးခြားတဲ့ ကဗျာတစ်ပုဒ်ပုဒ်ကိုတော့ စပ်ဆိုဖြစ်ခဲ့မှာပဲ မဟုတ်ဘူးလား…”

ဆက်တိုက်ဖိအားပေးခြင်းကို ခံနေရသော စွန်းယန်ဝမ် သည် နောက်ဆုံးတွင် မည်သို့မျှ မတတ်သာစွာ ပြောလိုက်ရသည်။

“အဲဒီအချိန်တုန်းကတော့ တော်တော်လေး ရူးသွပ်ခဲ့တယ်လို့ ပြောလို့ရပါတယ်… ကျုပ် စပ်ဆိုခဲ့တဲ့ ကဗျာတွေက…”

“ဧကရာဇ်သည် သူရဲကောင်းများကို အလေးထားသလို ကောင်းကင်ကလည်း ထိုနည်းတူပင်… စာပေကသာ သင်တို့မျိုးနွယ်ကို သွန်သင်ပေးနိုင်လိမ့်မယ်… တခြားအလုပ်များ အားလုံး စာပေအောက်တွင်သာ ရှိနေသည်… ပညာသင်ကြားခြင်းဖြင့်သာ ဤလောက၏ အထွဋ်အထိပ်တွင် ဂုဏ်သိက္ခာရှိစွာ ရပ်တည်နိုင်မည်…

နံနက်ခင်းမှာ ကျေးတောသားတစ်ဦး ဖြစ်ခဲ့ပေမယ့် ညနေခင်းမှာ ဧကရာဇ်၏ နန်းဆောင်အတွင်းကို ရောက်ရှိနိုင်တယ်… စစ်သူကြီးတွေ ဒါမှမဟုတ် အမတ်ကြီးတွေဆိုတာက မျိုးနဲ့ရိုးနဲ့ ဆင်းသက်လာတာ မဟုတ်ပါ… လူဆိုသည်က ကြိုးစားအားထုတ်ခြင်းမျှသာ ဖြစ်သည်…

ငယ်ရွယ်သေးသော်လည်း ကျွန်ုပ်၏ စာပေအဆင့်အတန်းက နေ့စဉ်နှင့်အမျှ တိုးတက်လာခဲ့သည်… ဆယ်ငါးနှစ် သို့မဟုတ် ဆယ့်ခြောက်နှစ် အရွယ်အထိ စောင့်ပေးပါ… ထိုအချိန်တွင် ကျွန်ုပ်သည် စာမေးပွဲအားလုံးကို ထူးချွန်စွာ အောင်မြင်လိမ့်မည်….

ခြံဝန်းတစ်ခုလုံး သီးပင်စားပင်တွေ ပြည့်နှက်နေတယ်… ကောင်းကင်ထက်က ရောင်စုံရထားပျံ တစ်စင်းရဲ့ ခုတ်မောင်းသွားသံကိုလည်း ကြားရတယ်… ဒါပေမဲ့ သူတို့တွေထဲမှာ ဘယ်သူကမှ စာပေပညာရှင် တစ်ဦးကို မယှဉ်သာပါဘူး… စာပေပညာရှင်ဆိုတာ သူ့ရဲ့ ဗိုက်ထဲမှာ ရှိတဲ့ စာအုပ်တွေကို အချိန်တိုင်း လှန်နေတတ်တဲ့သူမျိုးပါ….

ဤမျှ စင်ကြယ်သော သင်းရနံ့ကို မည်သူက ပေးစွမ်းနိုင်ပါမည်နည်း… ပန်းပွင့်တွေကြားထဲကမှ အထူးခြားဆုံး ပန်းတစ်ပွင့်… နိုင်ငံအသီးသီးကို ဖမ်းစားနိုင်သော အလှတရား… ဒါပေမဲ့ ဓနရှင်တို့ရဲ့ အိမ်များတွင်သာ အများဆုံး ပွင့်လန်းတတ်တယ်…

ကဗျာ… ဝိုင်… ကုချင်း… စစ်တုရင်တွေနဲ့ ပျော်ရွှင်စရာဘဝတစ်ခုရယ်… လေ… ပန်း.. နှင်း… လရောင်တို့ ရှိနေတဲ့ နေ့ရက်တွေရယ်… ပျင်းရိပေမယ့် ကြွယ်ဝမှုကြောင့် ကျော်ကြားလာသူက နတ်ဘုရားတစ်ပါးလို ပူပန်စရာ မရှိပါဘူး…

ဖခင်ဖြစ်သူ၏ ခြေရာကို လိုက်နင်းပြီး နန်းတွင်းစာမေးပွဲ ဖြေဆိုချင်တဲ့ စိတ်ကြောင့် မြို့တော်ကို ခရီးနှင်ရင်း စိတ်ကူးတွေ ယဉ်ခဲ့ဖူးတယ်… စာမေးပွဲကို ထူးချွန်စွာ အောင်မြင်ပြီးခဲ့လျှင် ခမ်းနားသော ဘဝတစ်ခုကို ပိုင်ဆိုင်လာမည်ပေါ့…”

………

“အခုအချိန်မှာ ကျုပ် ပြန်စဉ်းစားကြည့်တော့ ဒါတွေအားလုံးဟာ ဆာလောင်ငတ်မွတ်မှုကြောင့် ဖြစ်ပေါ်လာရတဲ့ လွဲမှားတဲ့ စိတ်ကူးယဉ်မှု သက်သက်တွေပဲ…. ကျုပ်ရဲ့ စိတ်ဟာ အဲဒီလို အဓိပ္ပာယ်မဲ့တဲ့ အရာတွေကြောင့် အမှောင်ဖုံးခဲ့ရတာကို နားလည်သွားခဲ့ပြီ…”

“ဆင်းရဲသူ တစ်ယောက်အတွက် စာဖတ်ဖို့ဆိုတာ သိပ်ကို ခက်ခဲလွန်းပါတယ်…”

သူနောက်ဆုံး ရွတ်ဆိုလိုက်သည့် စာကြောင်းသည် သူ့၏ ယခင်ဘဝက စာကိုကြိုးကြိုးစားစား သင်ယူခဲ့ခြင်း၊ တစ်နေ့လျှင် ဆယ့်လေးနာရီတိတိ စာအုပ်များပေါ်တွင်သာ အချိန်ကုန်ဆုံးစေခဲ့ခြင်း၊ နိုင်ငံ၏ ထိပ်ဆုံးသုံးခုဖြစ်သည့် ဒိတ်ဒိတ်ကျဲ တက္ကသိုလ်များထဲမှ တစ်ခုသို့ ဝင်ခွင့်ရခဲ့သည့်တိုင် နောက်ဆုံးတော့ လားများ၊ မြင်းများကဲ့သို့ ရုန်းကန်ရသည့် ဝန်ထမ်းတစ်ဦး ဘဝဖြင့်သာ အဆုံးသတ်ရသည့် မကျေနပ်မှုများကို အမှတ်မထင် ပြန်လည် ဖော်ထုတ်လိုက်မိခြင်း ဖြစ်သည်။

စီမာကျိယန် ၏ ကျောထဲတွင် အလွန်အေးစက်သော အအေးဓာတ်တစ်ခု “စိမ့်”ခနဲ စီးဆင်းသွားပြီး သူမ၏ ဦးခေါင်းထဲအထိပါ ထိုးဖောက်ဝင်ရောက်လာသည်။

အော်မေဂိုဏ်း၏ အတွင်းစည်းတပည့် တစ်ဦးဖြစ်သော သူမသည် စွန်းယန်ဝမ်၊ ဝူချင်းယင် တို့နှင့် မတူစွာ အလွန်ထူးခြားသော ပိုင်းခြားသိမြင်နိုင်စွမ်းကို ပိုင်ဆိုင်ထားခဲ့သည်။

သူမ တိုင်ရီကျောင်းတော်သို့ စတင်ခြေချသည့် အချိန်မှစကာ ကျန်းချင်းရှီ သည် အတိုင်းအဆ မရှိသော နက်နဲမှုများဖြင့် ပြည့်နှက်နေသူ ဖြစ်ကြောင်း၊ စွန်းယန်ဝမ် ၏ ကျင့်ကြံခြင်း အဆင့်သည် သာမန်မျှသာ ဖြစ်ကြောင်းကို သိမြင်ထားခဲ့ပြီး ဖြစ်သည်။

သူမ မသိခဲ့သည့် အချက်တစ်ခုက ကျန်းချင်းရှီ သည် ငယ်စဉ်အချိန်ကပင် ကျန်းယွမ်ချောင် ၏ သွန်သင် ညွှန်ပြမှုများအောက်မှ ကြီးပြင်းလာခဲ့သည်ကို ဖြစ်သည်။ သူသည် ငယ်ရွယ်သေးသော်လည်း ဆောင်ယန်ဂိုဏ်း၏ စစ်မှန်သော အမွေအနှစ်ကို ဆယ်စုနှစ် တစ်ခုကျော်ကြာသည်အထိ ကျင့်ကြံခဲ့ရသူ ဖြစ်သည်။

စွန်းယန်ဝမ် အတွက်တော့ သူသည် ကျန်းချင်းရှီ ထက် သုံးလေးနှစ်ခန့် ပိုမိုငယ်ရွယ်ပြီး သူ့၏ ကျင့်ကြံခြင်း လမ်းစဉ်က နှစ်တစ်ဝက်ခန့်သာ ရှိသေးသည်။ ထို့ကြောင့် သူတို့နှစ်ဦးကြား စွမ်းအားကွာခြားချက်က မိုးနှင့်မြေ ကဲ့သို့ ဝေးကွာလွန်းနေခြင်း ဖြစ်သည်။

သူမနေဖြင့် သူတို့နှစ်ဦးသည် ကျန်းယွမ်ချောင် ထံတွင် တပည့်ဖြစ်လာခဲ့သော အချိန်အတိအကျကို မသိသောကြောင့် များစွာ ကွာခြားမည်မဟုတ်ဟုသာ ယူဆခဲ့သည်။ ယင်းက စွန်းယန်ဝမ် ကို အရည်အချင်း နိမ့်ကျသူတစ်ဦး အဖြစ်သို့ အလိုအလျောက် ရောက်ရှိသွားစေခဲ့သည်။

ထို့ကြောင့် သူမသည် သူတို့အား မျက်နှာပေါ်တွင် တန်းတူရည်တူ ဆက်ဆံနေသော်လည်း စိတ်ထဲတွင် ထိုတပည့်နှစ်ဦး၏ ကွာခြားချက်က လွန်စွာ မြင့်မားနေခဲ့သည်။

ယခုအခါ စွန်းယန်ဝမ် ကလည်း သူ့၏ ထူးခြားသော အရည်အချင်း တချို့ကို ထုတ်ဖော်လာပြီ ဖြစ်သောကြောင့် တပည့်နှစ်ဦးကြားမှ အဆင့်အတန်း ခွဲခြားမှုက ချက်ခြင်း ပြောင်းပြန် ပြန်ဖြစ် သွားခဲ့ရသည်။

စီမာကျိယန် စိတ်ထဲတွင် အလွန်တုန်လှုပ်သွားသည်။

“ဆရာစွန်းက ဒီလောက် ထူးခြားတဲ့ ပါရမီကို ပိုင်ဆိုင်ထားတာပေါ့ ဟုတ်လား…”

“ဂိုဏ်းချုပ်ကြီး ကျန်းယွမ်ချောင် က ဒီ ဒုတိယတပည့်ရဲ့ အရည်အချင်းက သာမန်မှန်း သိနေလျက်နဲ့တောင် ဘာဖြစ်လို့ တပည့်အဖြစ် ခေါ်ယူခဲ့တာလဲဆိုတာ လုံးဝအံ့ဩစရာ မဟုတ်တော့ဘူး…”

“ဒီလို ပါရမီမျိုးနဲ့… သူက ဘယ်လိုမှ သာမန်လူတစ်ဦး မဟုတ်တာ သေချာတယ်…”

“ဒီကဗျာထဲက စာသားအချို့သာ အပြင်ကို ပျံ့နှံ့သွားမယ်ဆိုရင် လဝက်အတွင်းမှာပဲ တစ်တိုင်းပြည်လုံးကို အုတ်အော်သောင်းတင်း ဖြစ်သွားစေလောက်တယ်…. နန်းတော်ထဲမှာရော… သာမန်ပြည်သူတွေထဲမှာပါ သူ့နာမည်က နေလိုလလို ထင်ရှားကျော်ဇောလာမှာ သေချာတယ်…”

စီမာကျိယန် သည် အမျိုးသမီးတစ်ဦး ဖြစ်နေသောကြောင့် သူမ၏နန်းတော်တွင်း ရာထူးလမ်းခရီးသည် ထာဝရ လျစ်လျူရှုခြင်းကို ခံထားရပြီး ကျင့်ကြံခြင်းဘက်တွင်သာ စိတ်ကို နှစ်မြှုပ်ထားခဲ့သည်။ သူမ၏ လက်ရှိအသက်သည် နှစ်ဆယ့်နှစ်နှစ်တင်းတင်း ပြည့်ပြီဖြစ်သော်လည်း အိမ်ထောင်မပြုရသေးဘဲ အပျိုစင်ဘဝ၌သာ ရှိသေးသည်။

ယင်းက သီးချိန်တန်သီး ပွင့်ချိန်တန်ပွင့်ထက် အနည်းငယ် ကျော်လွန်သွားပြီဖြစ်ကြောင်း ယူဆခံရကာ အပျိုဟိုင်းကြီးဘက်ကို စတင်ချဉ်းနင်းဝင်ရောက် လာနေပြီဟု ဤလောကက သတ်မှတ်သည်။

သူမ၏ ပန်းခရမ်းနဂါးပျို ဆိုသော အမည်သည် ကျင့်ကြံခြင်းလောကတွင် အလွန်ထင်ရှားကျော်ကြား သောကြောင့် သူမအား ပိုးပန်းသူ ပါရမီရှင်ပေါင်းများစွာလည်း ရှိနေသည်။ သို့သော် ထိုသူများအားလုံးထဲတွင် မည်သူတစ်ဦးတစ်ယောက်ကမျှ သူမ၏ စိတ်ဝင်စားမှုကို မရခဲ့ပေ။

ယခု သူမရှေ့တွင် အလွန်ကြောက်မက်ဖွယ် ကောင်းသည့် ပါရမီရှင် လူငယ်နှစ်ဦး ရှိနေသည်။ တစ်ဦးသည် ကျန်းနတ်ဘုရား၏ အမွေအားလုံးကို ဆက်ခံထားသူဖြစ်ပြီး၊ နောက်တစ်ဦးသည် ပြိုင်ဘက်မရှိသော ကမ္ဘာကျော် စာပေပါရမီရှင် ဖြစ်သည်။

သိုင်းပညာနှင့် စာပေနှစ်ခုစလုံးကို ကျွမ်းကျင်နှံ့စပ်သည်ဟု မိမိကိုယ်ကိုယ် ဂုဏ်ယူနေခဲ့သော သူမသည် ယခုအခါ သူမ၏ အသက်အရွယ် ကြီးရင့်နေမှုကိုပင် အနည်းငယ် နောင်တရမိလာခဲ့သည်။

သူမသည် သူတို့နှစ်ဦးအား စီနီယာများဟု ခေါ်ကာ သူမကိုယ်သူမ ဂျူနီယာ တစ်ဦးသဖွယ် ပြောဆို ဆက်ဆံနေသော်လည်း လက်တွေ့တွင် သူမ၏ အသက်သည် ထိုဖော်ပြချက်နှင့် လုံးဝကိုက်ညီခြင်း မရှိပေ။

သူမသည် ကျန်းချင်းရှီ ထက် ငါးနှစ်၊ သို့မဟုတ် ခြောက်နှစ်ခန့် ပိုကြီးပြီး၊ စွန်းယန်ဝမ် နှင့် ဆိုပါက ဆယ်နှစ်နီးပါးပင် ကွာဟနေသည်။

စွန်းယန်ဝမ် သည် သူမ၏ စိတ်ထဲတွင် ဖြစ်ပေါ်နေသော ခံစားချက်ကို အနည်းငယ်မျှ မသိခဲ့ပေ။ အကယ်၍ သူသာ သိခဲ့မည်ဆိုလျှင်တော့….

“ကျွန်တော်က အသက်ကြီးတဲ့ အမျိုးသမီးတွေကို ပိုပြီးသဘောကျပါတယ်…” ဟု သေချာပေါက် ကမ်းလှမ်းပြောဆိုမည်က မြေကြီးလက်ခတ်မလွဲပေ။

သူ ဤကမ္ဘာသို့ ရောက်ရှိမလာမီက ရည်ငံခဲ့ရသော မြင်းစီး နည်းပြဆရာမသည် သူ့ထက် အနည်းဆုံး ခုနှစ်နှစ်၊ ရှစ်နှစ်ခန့် အသက်ပိုကြီးသည်။

စွန်းယန်ဝမ် သည် သူမ၏ သွယ်လျကျဉ်းမြောင်းသော ခါးကျဉ်ကျဉ်လေး၊ ဖြူဖွေးရှည်လျားသည့် ခြေတံစင်းစင်းလေးများနှင့် ကျစ်လျစ်လှပသည့် ရှိုက်ကြီးဖိုငယ် အသွယ်သွယ်တို့ကို အလွန်အမင်း လေးစား တန်ဖိုးထားခဲ့သည်။

အရွယ်ရောက်ပြီးသူ တစ်ဦး၏ စွဲဆောင်နိုင်စွမ်းနှင့် ရင့်ကျက်မှုတို့က အသက်အရွယ် ကွာဟချက်ကို ပြည်ဖုံးကား ချစေနိုင်ပါသည်။

သူသည် ထိုစဉ်က သူမအတွက် အသုံးပြုခဲ့ရသည့် ထောင်ပေါင်းများစွာသော ငွေကြေးများကို ပြန်စဉ်းစားမိသည့် အချိန်တိုင်း ရင်ထဲတွင် အနည်းငယ် နောင်တရမိနေဆဲ ဖြစ်သည်။

ကျန်းချင်းရှီ က သူ့ပခုံးကို ရုတ်တရက် လှမ်းပုတ်ကာ ပြောလိုက်၏။

“ဒုတိယညီလေး… မင်းက ဘယ်လိုမှ သာမန်လူတစ်ယောက် မဟုတ်ဘူးဆိုတာကို ငါ သိလိုက်ပြီ… အရင်တုန်းကတော့ ငါမင်းကို အထင်သေးခဲ့မိတယ်…”

ကျန်းချင်းရှီ သည် သူ့၏ ညီငယ်ထံတွင် တစ်စုံတစ်ခု ထူးခြားနေသည်ကို အချိန်ကြာမြင့်စွာကပင် သတိထားမိနေခဲ့သည်။

သို့သော် သူ့၏ ဉာဏ်ပညာ အဆင့်အတန်း မည်မျှပင် မြင့်မားနေသည်ဖြစ်စေ စွန်းယန်ဝမ် သည် ပြန်လည်ဝင်စားခြင်း သံသရာမှ အချိန်ခရီးသွား တစ်ဦး ဖြစ်သည်ကိုတော့ သူ မည်သည့် အခါမျှ စဉ်းစားနိုင်လိမ့်မည် မဟုတ်ပေ။

သူ့၏ မိသားစုနောက်ခံမှာ ထူးခြားသည်ဟုသာ ကျန်းချင်းရှီ က ယူဆခဲ့သည်။

စွန်းယန်ဝမ် ရွတ်ဆိုခဲ့သော ကဗျာများကြောင့် သူ့အပေါ် ယုံကြည်ချက်မှာလည်း ပို၍ မြင့်တက်လာပြီး ပိုမိုယုံကြည်စိတ်ချမိသည့် အခြေအနေမျိုး ဖြစ်သွားသည်။

မည်သို့ပင်ဖြစ်စေ သူ့ညီလေး၏ ပါရမီသည် ဘက်ပေါင်းစုံမှ ထူးချွန်နေသောကြောင့် ယင်းသည် အလွန်ကောင်းသော ကိစ္စတစ်ခုပင် ဖြစ်လေသည်။

သူတို့လေးဦးအနက် ဝူချင်းယင် တစ်ဦးတည်းသာ စာပေကို အနည်းဆုံး သင်ယူခဲ့ဖူးသူ ဖြစ်သည့်တိုင် စွန်းယန်ဝမ် ၏ ကဗျာများသည် ရွတ်ဆိုရ လွယ်ကူပြီး ထက်ရှသော အရှိန်အဝါမျိုး သယ်ဆောင် ထားသည်ကို သူမ ခွဲခြားနိုင်စွမ်း ရှိနေသည်။

သူမသည် သူမကိုယ်သူမပင် သတိမထားမိဘဲ ပြောလိုက်မိ၏။

“ဆရာစွန်းရဲ့ ကဗျာတွေက မမနဲ့ စီနီယာကျန်းတို့ အစောပိုင်းက ဆွေးနွေးခဲ့ကြတဲ့ ပုဂ္ဂိုလ်တွေ ထက်တောင် ပိုပြီး အဆင့်အတန်း မြင့်နေသလိုပဲ…”

စီမာကျိယန် က ညင်သာစွာပြုံးလိုက်ပြီး အဖြေပေးသည်။

“သာလွန်ရုံတင် ဘယ်ကမလဲ… ဆရာစွန်းရဲ့ ရှေ့မှာဆိုရင် အဲဒီလူတွေ အကုန်လုံးဟာ နွေဦးပိုးကောင်လေးတွေ ကောင်းကင်ပြာကြီးကို ကြည့်နေရသလိုမျိုး လုံးဝ အရေးမပါတော့ဘူး… ဒါက နှိုင်းယှဉ်ဖို့တောင် မဖြစ်နိုင်တဲ့ အခြေအနေမျိုးပဲ…”

စီမာကျိယန် သည် စိတ်ထဲတွင်ကြိတ်ကာ သက်ပြင်းရှည်ကြီးတစ်ချက် လေးကန်စွာ ချလိုက်မိသည်။

“တကယ်လို့ သူသာ အခုထက် ဆယ်နှစ်ပိုကြီးလာခဲ့ရင် ဘယ်လောက်ကောင်းလိုက်မလဲ…”

“ဆယ်နှစ် မဟုတ်ပါဘူး… ခုနှစ်နှစ်… ရှစ်နှစ်လောက်… အို နောက်ဆုံး ငါးနှစ်လောက် ပိုကြီးလာရင်တောင် ငါ့အတွက် လုံလောက်တယ်…”

“ဆယ့်နှစ်နှစ်ဆိုတာကြီးက တကယ်တော့… အင်း အရမ်းကို ငယ်လွန်းနေတယ်…”

“ငါက ကလေးကို မုန့်ပေးကြိုက်သလို ဖြစ်သွားနိုင်တယ်…”

မူလက စီမာကျိယန် သည် ညီအစ်ကိုနှစ်ဦးနှင့် တက်တက်ကြွကြွ စကားများ ပြောဆိုနေခဲ့ သော်လည်း စွန်းယန်ဝမ် ၏ အလွန်အမင်း ထူးချွန်မှုက သူမကို စိတ်ဓာတ်များပါ ကျဆင်းသွားစေပြီး စိတ်မပါ လက်မပါ အခြေအနေမျိုး ဖြစ်သွားသည်။ သူမသည် ချက်ခြင်းပင် သူတို့ကို နှုတ်ဆက်ပြီး ထွက်သွားတော့၏။

ကျန်းချင်းရှီ ကလည်း ဧည့်သည်များကို တားဆီးခြင်း မရှိဘဲ စွန်းယန်ဝမ် ကို‌ ခေါ်ကာ သူမတို့အား လိုက်ပို့ရန် ထွက်လာခဲ့ကြသည်။

သူတို့လေးဦး ကျောင်းတော်အတွင်းမှ ထွက်ခွာလာစဉ် လျိုအယ် သည် လူငယ်လေး တစ်ဦးကို ခေါ်ဆောင်ကာ ကျောင်းတော်အတွင်း ဝင်လာသည်ကို တွေ့လိုက်ရသည်။

လျိုအယ် ကို မြင်သောအခါ ဝူချင်းယင် ၏ မျက်နှာပေါ်တွင် ဒေါသအရိပ်အယောင်များ ချက်ခြင်း ဖြစ်ပေါ်လာပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

“မိန်းမယုတ် နင်ပဲ…”

လျိုအယ် မှာလည်း ဤကဲ့သို့ ရန်သူတော်ဟောင်းများနှင့် တိုက်တိုက်ဆိုင်ဆိုင် လာဆုံရသည့် သူမ၏ ကံဆိုးမိုးမှောင်ကျမှုကို အကြီးအကျယ် ကျိန်ဆဲလိုက်မိ၏။

ဝူချင်းယင် သာမက စီမာကျိယန် ပါ ရှိနေသည်ကို မြင်သောအခါ သူမသည် လူငယ်လေးကို ဘေးသို့ တွန်းထုတ်လိုက်ပြီး မြေပြင်ထက်သို့ ဒူးထောက်ချကာ ပြတ်သားစွာ ပြောလိုက်သည်။

“ကျွန်မ လျိုအယ် ဟာ အဖေ့ကို ဖမ်းဆီးထားပြီး အတင်းအကျပ် ခြိမ်းခြောက်ခံရတဲ့အတွက် စီမာမိသားစုတွေကို မတတ်သာစွာ သတ်ဖြတ်ခဲ့ရပါတယ်…”

“အခုအချိန်မှာ ကျွန်မတို့ သားအဖဟာ တိုင်ရီကျောင်းတော်ရဲ့ အရိပ်အောက်မှာ ခိုလှုံခဲ့ကြပြီ ဖြစ်လို့ ကျွန်မတို့ရဲ့ အသက်ကို ကျွန်မတို့ မပိုင်တော့ပါဘူး… ကျွန်မ လျိုအယ် က ကျွန်မရဲ့ အပြစ်အတွက် လက်တစ်ဖက်ကို ဖြတ်ပြီး ပြန်ပေးဆပ်ပါ့မယ်….”

သူမသည် ရုတ်တရက် သူမ၏ ဘယ်လက်ကို ဆန့်ထုတ်လိုက်ပြီး ညာလက်တွင် ဆုပ်ကိုင်ထားသော ဓားဖြင့် ပြင်းထန်စွာ ခုတ်ချလိုက်သည်။

စွန်းယန်ဝမ် သည် ဤ ဝမ်းနည်းကြေကွဲဖွယ် နောက်ကြောင်းရာဇဝင် ရှိနေသည့် အမျိုးသမီးသည် ဤမျှ ခိုင်မာပြတ်သားသော စိတ်ဓာတ်မျိုး ရှိနေလိမ့်မည်ဟု အနည်းငယ်မျှ မျှော်လင့်မထားပေ။

သူသည် ဝင်ရောက်တားဆီးချင်သော်လည်း သူ့၏ စွမ်းအားက အကန့်အသတ်ဖြင့်သာ ရှိနေသောကြောင့် သူ့၏ ကြိုးစားအားထုတ်မှုက အချည်းအနှီး ဖြစ်သွားခဲ့သည်။

ကျန်းချင်းရှီ သည် သူ့၏ မျက်လုံးများကို အနည်းငယ် မှိတ်ချလိုက်ရုံမှအပ အခြားမည်သည့် လှုပ်ရှားမှုကိုမျှ လုပ်ဆောင်ခြင်း မရှိပေ။

စီမာကျိယန် သည် ရုတ်တရက် သူမ၏ လက်ကို ဆန့်ထုတ်လိုက်သောအခါ လျိုအယ် ၏ ညာလက်မှ ဓားသည် မြေပြင်ထက်သို့ “ချွင်”ခနဲ ပြုတ်ကျသွားသည်။ ထို့နောက် သူမက တည်ငြိမ်အေးဆေးသော လေသံဖြင့် ဆိုလိုက်၏။

“တုဝမ်လီ နဲ့ တုချန်ရှင်း တို့လည်း သေသွားပြီ… ကျန်တဲ့ ကိစ္စတွေ အားလုံးကလည်း တော်ဝင် အိမ်တော်ရဲ့ ထိုင်ခုံလုပွဲ သက်သက်သာ ဖြစ်ပြီး မင်းတို့လို ကျင့်ကြံသူတွေနဲ့ ဘာမှ မပတ်သက်တော့ဘူး…”

“မင်းတို့က တိုင်ရီကျောင်းတော်ကို ခိုလှုံပြီး ဂိုဏ်းချုပ်ကြီး ကျန်းယွမ်ချောင် ရဲ့ အရိပ်အာဝါသကို ရသွားခဲ့ပြီဆိုတော့ ဒီကျောင်းတော်အတွက် အကောင်းဆုံး ပြန်ပေးဆပ်ဖို့ပဲ အာရုံစိုက်ထားပါ…”

“ဂိုဏ်းချုပ်ကြီး ကျန်းယွမ်ချောင် ရဲ့ နေရာတစ်ခုကလွဲရင် ကျန်တဲ့ ဘယ်နေရာမဆို မင်းတို့ ကင်းမြီးကောက်ဂိုဏ်း ရှင်သန်ရပ်တည်နိုင်ဖို့ မလွယ်ဘူး…”

သူမသည် လက်ရှည်ဝတ်ရုံကို တစ်ချက်ရမ်းလိုက်ပြီး ပေါ့ပါးစွာ ထွက်ခွာသွားသည်။ ဝူချင်းယင် သည် ကျန်းချင်းရှီ နှင့် စွန်းယန်ဝမ် တို့အား အလျင်အမြန် အရိုအသေပေးကာ သူမ၏ အစ်မဖြစ်သူနောက်သို့ ချက်ခြင်း ပြေးလိုက်သွား၏။

လျိုအယ် သည် စိတ်ဓာတ်ပြင်းထန်သူ တစ်ဦး ဖြစ်သော်လည်း သူမသည် ခံစားချက်ကို ရှေ့တန်း တင်သော အမျိုးသမီး တစ်ဦးအဖြစ်သာ ရှိနေဆဲဖြစ်သည်။

သူမ၏ မကျအောင် ထိန်းထားသည့် မျက်ရည်များက မျက်ဝန်းအိမ်အတွင်း ပြည့်လျှံနေခဲ့သည်။

ဘေးအန္တရာယ်မှ လွတ်မြောက်ခဲ့ခြင်းကြောင့် စိတ်သက်သာရာ ရခဲ့သလို သူမတို့ဂိုဏ်း တစ်ခုလုံးကို တိုင်ရီကျောင်းတော်၏ လက်အောက်သို့ ခိုဝင်ရန် ဆုံးဖြတ်ခဲ့သည့် ဖခင်၏ ပြတ်သားသော လုပ်ရပ် အပေါ်တွင်လည်း လေးစားချီးကျူးစိတ်များ ဖြစ်ပေါ်လာမိသည်။

တိုင်ရီကျောင်းတော်၏ အရှိန်အဝါသာ မရှိခဲ့ပါက စီမာကျိယန် သည် သူမ၏ အရေးမပါသော အသက်ကို ပထမဆုံးအကြိမ် မြင်တွေ့ချိန်မှာပင် ချက်ခြင်း သတ်ဖြတ်မည်က သေချာနေသည်။

All Chapters