← Chapters

အခန်း (၂၇)

Vol. 3 Ch. 27

အခန်း (၂၇)

Vol. 3 Ch. 27

“လုပ်ကြံသတ်ဖြတ်သူ”

စီမာကျိယန် သည် စွန်းယန်ဝမ် ၏ ကိုယ်ရေးကိုယ်တာနှင့် ပတ်သက်ပြီး ဘာမျှ မသိသော်လည်း သူမ၏ ထက်မြက်သော ဉာဏ်ရည် ဉာဏ်သွေးကြောင့် မနေ့က ပြောဆိုခဲ့သော စကားအနည်းငယ် မှတစ်ဆင့် စွန်းယန်ဝမ် သည် အလွန်ဆင်းရဲသော မိသားစုမှ လာဖွယ်ရှိကြောင်း မှန်းဆမိသည်။

သူမ၏ ရင်ထဲတွင် နူးညံ့ကြင်နာသော စိတ်ခံစားမှုတစ်ခု ဖြစ်ပေါ်လာပြီး စွန်းယန်ဝမ် ၏ လက်ကို ဆုပ်ကိုင်ကာ ပြောလိုက်သည်။

“ယန်ဝမ်… ဝမ်းနည်းမနေပါနဲ့… အစ်မက နောက်ဆို မင်းအတွက် အဝတ်တွေ အများကြီး ထပ်ချုပ်ပေးမှာပေါ့… ကဲ… ကဲ… မငိုပါနဲ့တော့…”

စွန်းယန်ဝမ် ၏ မျက်ရည်များအနက် တစ်ဝက်သည် သဏ္ဍာန်လုပ် သရုပ်တူစေရန် ဂွင်ဆင်ထားခြင်း ဖြစ်ပြီး အခြားတစ်ဝက်က စစ်မှန်သော ခံစားချက်များ ဖြစ်သည်။ သူသည် ပြန်လည်ဝင်စားခြင်း စာစဉ်ပေါင်းများစွာကို ဖတ်ရှုခဲ့ဖူးပြီး ထိုအထဲမှ ဇာတ်ကောင်အများစုသည် နောက်ဘဝသို့ ရောက်ရှိလာပြီးနောက် မိဘများကို မေ့သွားတတ်ကြသည်ကို သိထားသည်။

သူ့အတွက်တော့ အိမ်ကို တစ်ခါမျှ မေ့မရခဲ့ပေ။

စီမာကျိယန် ၏ လက်ဆွဲနှစ်သိမ့်ပေးမှုကို ခံရသောအခါ သူ အနည်းငယ် ရှက်ရွံ့သွားမိ၏။ မည်သို့ပင်ဆိုစေ ဟန်ဆောင် မျက်ရည်ခံထိုးခြင်းသည် ယောက်ျားတစ်ဦးအတွက် ဂုဏ်သိက္ခာရှိသော လုပ်ရပ်မဟုတ်ပေ။

သူက မျက်လုံးများကို ပွတ်သပ်လိုက်ပြီး အသက်ကို ခပ်ပြင်းပြင်း ရှူသွင်းကာ ပြောလိုက်သည်။

“အစ်မစီမာကို ရယ်စရာဖြစ်စေခဲ့တဲ့အတွက် တောင်းပန်ပါတယ်…”

စီမာကျိယန် က ချစ်စဖွယ်ကောင်းစွာ ပြုံးလိုက်ပြီး ပြောသည်။

“အစ်မ အတွက်တော့ ဒီလိုမြင်ကွင်းမျိုး မြင်ရဖို့ဆိုတာ သိပ်ကို ရှားပါးပါတယ်…”

“အစ်မရဲ့ ယန်ဝမ် ဟာ နတ်ဘုရားတစ်ပါးလို ဆရာကြီးတစ်ဦးဆီမှာ တပည့်ဖြစ်လာပြီးတဲ့နောက် မကြာခင်မှာ သိပ်ကိုကြီးကျယ်ခမ်းနားတဲ့ သူရဲကောင်းတစ်ယောက် ဖြစ်လာတော့မယ်… ဒီလို အခိုက်အတန့်မျိုး နောက်တစ်ကြိမ် မြင်တွေ့ခွင့်ရဖို့ ဆိုတာက မဖြစ်နိုင်သလောက်ပဲ…”

စွန်းယန်ဝမ် က စီမာကျိယန် အား ကျောင်းတော်အတွင်းသို့ ဖိတ်ခေါ်ရန် ပြင်လိုက်စဉ် အော်မေဂိုဏ်း၏ သူရဲကောင်း အစ်မကြီးက သက်ပြင်းချကာ ပြောလိုက်သည်။

“အစ်မ အဖေရဲ့ ကိစ္စတွေနဲ့ပတ်သက်ပြီး အစ်မဆီမှာ လုပ်စရာတွေ အများကြီး ကျန်နေသေးတယ်… အစ်မက နှုတ်ဆက်ဖို့ လာခဲ့တာပါ… အခြေအနေတွေ တည်ငြိမ်သွားတဲ့အခါကျရင် ယန်ဝမ် က အစ်မတို့အိမ်ကို လာလည်ပါဦး… ယန်ဝမ့် ကို ဂုဏ်ပြုတဲ့အနေနဲ့ ဧည့်ခံပွဲတစ်ခု ကျင်းပပေးမယ်…”

စွန်းယန်ဝမ် အနည်းငယ် အံ့အားသင့်သွားသော်လည်း သေချာ ပြန်စဉ်းစားကြည့်သည့်အခါ ယင်းက သဘာဝကျသည်ဟု ထင်သည်။

စီမာ စစ်ဆေးရေးမှူးသည် ထိုမျှကြောက်မက်ဖွယ် ဘေးဆိုးတစ်ခုနှင့် ကြုံတွေ့ခဲ့ပြီးနောက် မည်ကဲ့သို့ လက်တုံ့မပြန်ဘဲ နေပါမည်နည်း။ တော်ဝင်အိမ်တော်သည် ရှုပ်ထွေးမှုလှိုင်းများ အောက်သို့ နောက်တစ်ကြိမ် ရောက်ရဦးမည်က သေချာနေသည်။ အလွန်ပြင်းထန်သော ကာလတစ်ခုပင် ဖြစ်ကောင်း ဖြစ်ပေလိမ့်မည်။

သို့သော် ဤကဲ့သို့ ကိစ္စများက သူ အကူအညီ ပေးနိုင်သော အတိုင်းအတာထက် များစွာ ကျော်လွန်နေပြီ ဖြစ်သောကြောင့် သူလည်း မတတ်သာစွာ ပြောရတော့သည်။

“အစ်မ… ကိုယ့်ကိုယ်ကို ဂရုစိုက်ပါ…”

စီမာကျိယန် က စွန်းယန်ဝမ် ကို နှုတ်ဆက်လိုက်ပြီး သူမ၏ မြင်းဖြူကြီးပေါ်သို့ ပေါ့ပါးစွာ ခုန်တက်သွား၏။ အဖြူရောင် ဝတ်ရုံကို ဝတ်ဆင်ထားပြီး နှင်းကဲ့သို့ ဆွတ်ဆွတ်ဖြူနေသော မြင်းကို စီးနင်းသွားသည့် သူမ၏ ပုံရိပ်သည် ကောင်းကင်ယံတွင် နတ်သမီးတစ်ပါး လွင့်မျောနေသကဲ့သို့ပင် ထင်ရစေသည်။

အချိန်အတန်ကြာပြီး နောက်မှသာ ထိုလွမ်းမောဖွယ် လှပသော ခံစားမှုလေးက တဖြည်းဖြည်း ပျောက်ကွယ်သွားတော့သည်။

စွန်းယန်ဝမ် အထုပ်ကို ချက်ခြင်းဖြေကြည့်လိုက်ရာ အထဲတွင် အဝတ်အစားတစ်စုံ၊ ဖိနပ်နှင့် ခြေအိတ်တို့ အပြည့်အစုံပင် ပါဝင်လာသည်။ အဝတ်အစားများအပြင် လိပ်ထားသော ပစ္စည်းတစ်ခုကိုလည်း တွေ့ရ၏။ သူက လက်ဖြင့် အသာအယာ ထိကြည့်လိုက်သောအခါ ထိုအရာသည် “ဆတ်”ခနဲ ဖြောင့်တန်းသွားပြီး ဓားတစ်ချောင်းအဖြစ်ကို ချက်ခြင်း ပြောင်းလဲသွားသည်။

ယင်းသည် ဓားအိမ်အပြည့်အစုံ ပါဝင်သည့် ပျော့ပျောင်းသော ဓားတစ်လက်ဖြစ်ပြီး ၎င်းအား ကွေးထားစဉ် သာမန်အတိုင်းသာ ရှိနေသောကြောင့် မည်သည့် ထူးခြားမှုကိုမျှ မခံစားရခြင်း ဖြစ်သည်။ သို့သော် ၎င်း ဆန့်ထွက်လာသောအခါ အေးစက်သော အရှိန်အဝါ တစ်ခုက ချက်ခြင်း ပျံ့နှံ့လာသည်။

သူသည် ဓားအိမ်အတွင်းမှ ဓားကို ဆွဲထုတ်လိုက်သောအခါ ဓားသွားသည် ရေကဲ့သို့ ကြည်လင် တောက်ပနေပြီး ဓားကိုယ်ထည် တစ်ခုလုံး၏ အလွန်ထူးခြားသည့် ပြောင်းလွယ်ပြင်လွယ် ရှိမှုက သူ့ကို အလွန်အံ့အားသင့် သွားစေမိသည်။

ဤဓားသည် နတ်ဆိုးသတ်ဓားထက် အနည်းငယ် တိုကာ ဗျက်အကျယ်ကလည်း အနည်းငယ် ကျဉ်းသည်။

စွန်းယန်ဝမ် သိုင်းကွက်အနည်းငယ်ကို ပေါ့ပေါ့ပါးပါး ဖော်ထုတ်လိုက်သောအခါ ဓားသွားသည် သူ့လက်မောင်း တစ်လျှောက် မြွေတစ်ကောင်လို့ ပတ်သွားပြီး ကိုင်တွယ်ရသည်က လွန်စွာ လွယ်ကူမှု ရှိနေသည်။ ထိုကဲ့သို့ အရာမျိုးသည် ရတနာဟု ခေါ်ဆိုထိုက်သော လက်နက်များ၏ အရည်အသွေး စံနှုန်းမျိုးနှင့် အမှန်တကယ်ပင် ကိုက်ညီနေခဲ့၏။

တိရစ္ဆာန်တစ်ကောင်၏ အရေခွံဖြင့် ပြုလုပ်ထားသော ဓားအိမ်သည် လွန်စွာလှပသေသပ်ပြီး ဓားကဲ့သို့ပင် လိပ်ခွေနိုင်စွမ်းရှိသည်။ ဓားအိမ်ပေါ်၌ လင်ရှီး (ဉာဏ်အလင်းပွင့်ခြင်း) ဟူသော စာသားကိုလည်း လက်ရာမြောက်စွာ ရေးထွင်းထားသေးသည်။

စွန်းယန်ဝမ် က ဓားကို ဓားအိမ်အတွင်းသို့ ပြန်ထည့်လိုက်ပြီး အထုပ်ကိုယူဆောင်ကာ ကျောင်းဝန်း အတွင်းသို့ ပြန်ဝင်လာခဲ့သည်။ ဤကိစ္စသည် အတော်လေး စိတ်ဝင်စားစရာ ကောင်းသည်ဟု သူ့စိတ်ထဲတွင် ခံစားနေမိသည်။

“ဒီအစ်မကြီးက ငါ့ထက် အသက်နည်းနည်း ပိုကြီးနေတာက တကယ်နှမျောစရာပဲ… ငါ အရွယ်ရောက်လာတဲ့ အချိန်ကျရင် သူမက ဘယ်အရွယ်လောက် ဖြစ်သွားပြီလဲ…”

စွန်းယန်ဝမ် သည် သူကျင့်ကြံမည့် မျှော်စင်ဆီသို့ သွားရန် ပြင်လိုက်စဉ် ရုတ်တရက် ခပ်တိုးတိုး အသံတစ်ခုကို ကြားလိုက်ရပြီး သူ့နောက်ကျောဆီမှ လေပြင်းတစ်ချက် “ဝှီး”ခနဲ တိုက်ခတ်လာသည်။

သူသည် ဗီဇအလျောက် ခန္ဓာကိုယ်ကို ဘေးသို့ ယိမ်းနွဲ့ကာ ရှောင်လိုက်ပြီး လက်ထဲမှ အထုပ်ဖြင့် အမှတ်မထင် ကာလိုက်မိ၏။

ထို့နောက် “ဗြိ”ခနဲ အသံတစ်ခုနှင့်အတူ စီမာကျိယန် ကိုယ်တိုင် ချုပ်ပေးထားသော ဝတ်ရုံသည် ဓားတစ်လက်၏ အငြိုးတကြီး ခုတ်ပိုင်းမှုကြောင့် ပြဲထွက်သွားတော့သည်။ ထိုဓားသည် အထုပ်အတွင်းမှ ခွေလိပ်ထားသော ဓားအိမ်ပေါ်သို့ ကျဆင်းသွားသောအခါ သတ္တုချင်း ထိခတ်သွားသော “ချွင်”ခနဲ အသံက ကျယ်လောင်စွာ ထွက်ပေါ်လာသည်။

စွန်းယန်ဝမ် နောက်ကို ခြေလှမ်းအနည်းငယ် ယိုင်ထွက်သွားပြီး သူ့ရင်ဘတ်တစ်ခုလုံး ပြင်းထန်စွာ နာကျင်သွားသည်။ သူသည် ထိုအဝတ်အစားကို ဝတ်ရန်နေနေသာသာ ဖြန့်ပင်မကြည့်ရသေး သော်လည်း ယခုအခါ လုံးဝပျက်စီးသွားခဲ့ပေပြီ။

ဓားပျော့သည် လက်နက်ကောင်းတစ်လက် ဖြစ်သည့်တိုင် ထိုကဲ့သို့ ပျော့ပြောင်းမှုမျိုးက အခြား မည်သည့် လက်နက်ကိုမျှ ထိပ်တိုက်ရင်ဆိုင်ရန် မသင့်လျော်ပေ။ ထို့အပြင် ဓားအိမ်သည် သားရေဖြင့် ပြုလုပ်ထားသောကြောင့် ဓားသွား၏ ဖျက်ဆီးမှုကို အနည်းငယ်မျှပင် ခံနိုင်ရည် မရှိချေ။

စွန်းယန်ဝမ် သည် လက်တွင်းမှ အထုပ်ကို လျင်မြန်စွာ ပစ်ချရင်း ဓားကို ချက်ခြင်း ဆွဲထုတ်လိုက်သည်။ သူက အလျင်စလို စစ်ဆေးလိုက်သောအခါ ဓားအိမ်သည် အမှန်ပင် ပျက်စီးသွားပြီ ဖြစ်သော်လည်း ဤ လင်ရှီးဓားမှာ စစ်မှန်သော လက်နက်ကောင်းတစ်လက် ဖြစ်ကြောင်း သက်သေပြခဲ့သည်။

ဓားသွားသည် ရေအလျဉ်ကဲ့သို့ စီးဆင်းနေပြီး တလက်လက် တောက်ပနေသော အလင်းတန်းများ ထွက်ပေါ်လာကာ အနည်းငယ်မျှသာ ပွန်းရာခြစ်ရာပင် ထင်ကျန်ခဲ့ခြင်း မရှိပေ။

ထိုအချိန်တွင် အေးစက်စက်နိုင်ပြီး ရက်စက်ကြမ်းကြုတ်သည့် အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

“ဒီနေ့… မင်းကိုယ်တိုင်သိအောင် ငါလုပ်ပေးမယ်… ငါ လျိုရှင်း ကသာ ဂိုဏ်းချုပ်ကြီးကျန်းရဲ့ တပည့်ဖြစ်ဖို့ ပိုပြီးထိုက်တန်တယ်ဆိုတာကို….”

ဓားတစ်လက်သည် လေထဲသို့ ဝေ့ဝဲတက်လာပြီး ဓားကွက်သုံးကွက် တစ်ပြိုင်နက်တည်း ဖြစ်ပေါ်လာသည်။ ထိုဓားပညာသည် အမှန်တကယ်ပင် ကောင်းမွန်သည်ဟု စွန်းယန်ဝမ် တိတ်တဆိတ် ချီးကျူးလိုက်မိပြီး အနည်းဆုံး အဆင့်ရှစ်နှင့် အထက်တွင်သာ ဖြစ်လိမ့်မည်ဟု ယူဆသည်။

“ဒါဆို ဒါက ကင်းမြီးကောက်ဂိုဏ်းရဲ့ လျှို့ဝှက်ဓားပညာရပ် အစစ်အမှန်ပေါ့…”

“ကြမ်းတမ်းခက်ထန်ပြီး ရှုပ်ထွေးမှုတွေ သိပ်များတယ်… လှုပ်ရှားမှုတိုင်းမှာလည်း အားနည်းချက်တွေက အရမ်းများနေတယ်…”

စွန်းယန်ဝမ် သည် အထွဋ်အထိပ်သွေးကြော ကျင့်စဉ်မှလွဲလျှင် ဆောင်ယန်ဂိုဏ်း၏ အခြား မည်သည့် လက်နက်ဖြင့်၊ လက်နက်မဲ့ တိုက်ခိုက်ရေး ပညာရပ်ကိုမျှ မသင်ယူရသေးပေ။

သို့သော် ဟူမိသားစု၏ နတ်ဆိုးသတ်ဓား ကျင့်စဉ်ကို ကြိုးစားပမ်းစား သင်ယူခဲ့သော အသီးအပွင့်က ဤနေရာတွင် စကားပြောလာပြီ ဖြစ်သည်။

သူ့ခန္ဓာကိုယ်အတွင်းမှ ချီစွမ်းအင်သည် အလွန်နည်းပါးသည့် ပမာဏမျှသာ ရှိနေသေးသော်လည်း နတ်ဆိုးသတ်ဓားသိုင်းသည် ကင်းမြီးကောက်ဂိုဏ်း၏ ဓားပညာရပ်ထက် အဆပေါင်းများစွာ သာလွန်နေသည်ကိုတော့ ကောင်းစွာ မြင်နိုင်သည်။

လျိုရှင်း သည် မရေမတွက်နိုင်သော ဓားချက်များကို အဆက်မပြတ် ဖော်ထုတ်လိုက်ပြီး စွန်းယန်ဝမ် ကို တရစပ်ဖိအားပေးရန် ရည်ရွယ်ချက်ဖြင့် တိုက်ခိုက်လာသောကြောင့် စွန်းယန်ဝမ် နောက်ကို အဆက်မပြတ် ဆုတ်ခွာလိုက်ရ၏။

လျိုရှင်း သည် စွန်းယန်ဝမ် အား ဒုက္ခိတဘဝသို့ ရောက်သွားစေရန် စွမ်းအားကုန်သုံးကာ တိုက်ခိုက်နေစဉ် ရုတ်တရက် ပြင်းထန် ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာသည်။

“လျိုရှင်း… နင် ခုချက်ခြင်း ရပ်လိုက်စမ်း…”

ထိုအသံပိုင်ရှင်သည် လျိုအယ် ဖြစ်ကြောင်း လျိုရှင်း တပ်အပ်သိသော်လည်း အနည်းငယ်မျှ ဂရုစိုက်ခြင်း မရှိဘဲ သူ့၏ စွမ်းအားကိုပင် ပို၍မြှင့်တင်လာခဲ့၏။

သို့သော် ထိုအချိန်မှာပင် အေးစက်စက် အလင်းရောင်တစ်ချက် “လက်”ခနဲ တောက်ပသွားပြီး အလွန်ပျော့ပျောင်းသော ဓားတစ်လက်သည် လျိုရှင်း မမျှော်မှန်းထားသည့် ထောင့်တစ်ခုဆီမှ သူ့ဆီသို့ တန်းတန်းမတ်မတ် ဝင်ရောက်လာခဲ့သည်။ ယင်းက အလွန်လျင်မြန်စွာ သူ့၏ ဟာကွက်နေရာကို ခုတ်ပိုင်းကျရောက်သွားခြင်း ဖြစ်သည်။

ရန်သူ၏ မဖြစ်မနေ ကာကွယ်ရမည့် နေရာကို တိုက်ခိုက်ခြင်းသည် ဓားကျင့်ကြံသူတစ်ဦး၏ အားသာချက်ဖြစ်သည်။ မည်သည့်နယ်ပယ်၊ မည်သည့်လုပ်ငန်းတွင်မဆို ကိုယ့်သက်ဆိုင်ရာ ပညာရပ်တွင် ကျွမ်းကျင်မှု မရှိဘဲ မြေစမ်းခရမ်းပျိုးသလို စမ်းတဝါးဝါးလုပ်နေမည် ဆိုလျှင်တော့ အလွယ်တကူ ပျက်စီးသွားပေလိမ့်မည်။

လျိုရှင်း ၏ မျက်နှာထက်တွင် စိုးရိမ်ထိတ်လန့်သွားဟန်အချို့ ထွက်ပေါ်လာသော်လည်း သူသည် ဝင်ရောက်လာသော ဓားကို ခုခံတားဆီးရန် ရည်ရွယ်ချက်မရှိဘဲ မိုက်ရူးရဲဆန်စွာဖြင့် သူ့ဓားကို အရှေ့သို့ ခုတ်ပိုင်းချလိုက်၏။

ယင်းက အပြန်အလှန် ပျက်စီးစေနိုင်သော တိုက်ခိုက်မှုမျိုး၊ သို့မဟုတ်လျှင် သူသေ ကိုယ်သေ တိုက်ခိုက်မှုမျိုး ဖြစ်သည်။

စွန်းယန်ဝမ် သည် ထိုသို့ဖြစ်လာမည်ကို ကြိုတင်မျှော်လင့်ထားပြီး ဖြစ်သောကြောင့် လျိုရှင်း ၏ ဓားချက်ကို ပေါ့ပေါ့ပါးပါး ရှောင်တိမ်းကာ သူ့ဓား၏ ဦးတည်ချက်ကိုလည်း ပြောင်းလဲပစ်လိုက်သည်။

လင်ရှီးဓားထံမှ ဓားပုံရိပ်များ တထပ်ထပ် ပြောင်းလဲသွားချိန်တွင် ဓားသွားသည် ပြိုင်ဘက်၏ လက်နက်မဲ့နေသော အခြားလက်တစ်ဖက်ဆီသို့ ဦးတည်ချက် ပြောင်းသွားခဲ့သည်။

နတ်ဆိုးသတ်ဓား ကျင့်စဉ်ထဲမှ ဤလှုပ်ရှားမှု ပညာရပ်ကို သက်တန့်လှိုင်း တိုက်ကွက်ဟု ခေါ်ပြီး အလွန်ထူးခြား ဆန်းကြယ်သော တိုက်ခိုက်ရေး နည်းစနစ်များဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။

လျိုရှင်း ကဲ့သို့ အညတရ ကျင့်ကြံသူတစ်ဦးအဖို့ ဤမျှလောက် အဆင့်အတန်း မြင့်မားသည့် ပညာရပ်အား မည်ကဲ့သို့ ခံနိုင်ရည် ရှိပါမည်နည်း။

စွန်းယန်ဝမ် မှာလည်း နတ်ဆိုးသတ်ဓား ကျင့်စဉ်သည် ဤမျှလောက် ကြောက်မက်ဖွယ် ကောင်းလိမ့်မည်ဟု လုံးဝမျှော်လင့်ထားခြင်း မရှိပေ။ သူသည် သက်တန့်လှိုင်း တိုက်ကွက်၏ ဓားကွက် တစ်ကွက်ကိုပင် အပြည့်အဝ မဖော်ထုတ်ရသေးမီ ပြိုင်ဘက်မှာ လက်တစ်ဖက် ပြတ်တောက်သွားခဲ့ပြီ ဖြစ်သည်။

သူ့ကိုယ်သူ အလွန်အံ့အားသင့်နေရာမှ သတိဝင်လာပြီး ရန်သူ၏ တန်ပြန်တိုက်ခိုက်မှုအား မခံရစေရန် နောက်ကို ခြေလှမ်းအနည်းငယ် ပြန်ဆုတ်လိုက်၏။

လျိုမိသားစုဝင် သုံးဦးစလုံးကို သူ သတ်သင့်၊ မသတ်သင့် စတင်စဉ်းစားလာရပြီဖြစ်ပြီး လျိုရှင်း အား မည်ကဲ့သို့ ကိုင်တွယ်ရမည်ကို အပြန်ပြန် အလှန်လှန် သုံးသပ်လိုက်သည်။

လက်တစ်ဖက် ပြတ်တောက်သွားသည့် လျိုရှင်း သည် အခြားလက်တစ်ဖက်တွင် ကိုင်ထားသော ဓားကို လွှင့်ပစ်လိုက်ပြီး ရုတ်တရက် လက်ကို မြှောက်လိုက်၏။

ထိုအခါ သူ့အင်္ကျီလက် ဝတ်ရုံအောက်မှ ပြင်းထန်သည့် အဆိပ်များဖြင့် စိမ်ထားသော အပ်အရွယ်အစားရှိ လက်နက်ပုန်းများက သူ့ဆီကို တရွှီးရွှီး ပြေးဝင်လာသည်။

စွန်းယန်ဝမ် သည် တိုက်ခိုက်နိုင်သည် မှန်သော်လည်း ဤကဲ့သို့ အဆိပ်အပ်များအား ခုခံနိုင်သည် အထိတော့ စွမ်းရည်မြင့်မားခြင်း မရှိသေးပေ။

သူသည် တရောသောပါး နောက်ကို ဆုတ်ခွာရင်း မြေပြင်ပေါ်သို့ “ဖုန်း”ခနဲ ပစ်လဲကျသွားသည်။ ထိုအချိန်တွင် သူ့ခန္ဓာကိုယ်ပေါ်မှ အနက်ရောင် စွမ်းအင်လှိုင်းတစ်ခု “ဝှီး”ခနဲ ဖြတ်ကျော်သွားပြီး အဆိပ်အပ်များ အားလုံးကို ဖျက်ဆီးပစ်လိုက်၏။

လျိုရှင်း သည် ချက်ခြင်းထွက်ပြေးရန် ကြိုးစားသော်လည်း သူ့၏ စွမ်းအားဖြင့် မည်သို့မျှ အရာမထင်ပေ။ ကောင်းကင်ထက်မှ လက်ညှိုးလုံး အရွယ်အစားရှိသော စွမ်းအင်စီးကြောင်း တစ်ခု ကျဆင်းလာသောအခါ သူ့ခန္ဓာကိုယ်၏ သွေးကြောများအားလုံး ပိတ်ဆို့ခြင်းကို ခံလိုက်ရသည်။

လျိုရှင်း သည် ခန္ဓာကိုယ်မှ အကြောများအားလုံး ပိတ်ဆို့ခံလိုက်ရပြီး မြေပြင်ပေါ်သို့ “ဗုန်း”ခနဲ လဲကျသွားသည်။

လျိုအယ် အကြီးအကျယ် ထိတ်လန့်တကြား ဖြစ်သွားပြီး ရှေ့သို့ အလျင်အမြန် ပြေးလာကာ ချက်ခြင်း ဒူးထောက်ချလိုက်၏။ သူမသည် လျိုရှင်း ၏ အသက်ကို ချမ်းသာပေးရန် ဦးညွှတ်တောင်းပန်တော့မည့် အချိန်တွင် ကျန်းယွမ်ချောင် ၏ အနည်းငယ် အေးစက်စက် ဖြစ်နေသော အသံကို ကြားလိုက်ရသည်။

“ဒီလိုလုပ်ဖို့ မလိုအပ်ဘူး… ဒါက မင်းရဲ့ မောင်လေး လည်း မဟုတ်ဘူး…”

လျိုအယ် ၏ ခန္ဓာကိုယ်သည် “ဆတ်”ခနဲ တုန်ခါသွားပြီး ကျန်းယွမ်ချောင် ကို ထိတ်လန့်တကြား ကြည့်လိုက်သောအခါ ကျန်းယွမ်ချောင် သည် လေထဲသို့ လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်သည်ကို တွေ့ရသည်။

ချက်ခြင်းဆိုသလိုပင် လျိုရှင်း ၏ မျက်နှာပေါ်၌ မရေမတွက်နိုင်သော အက်ကွဲကြောင်းများ ဖြစ်ပေါ်လာပြီး မျက်နှာ၏ အပေါ်ယံ အရေပြားသည် လုံးဝပြဲထွက်သွားကာ ယုတ်မာ ကောက်ကျစ်သော အခြားမျက်နှာတစ်ခု ပေါ်ထွက်လာခဲ့သည်။

ထိုသူသည် သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး မည်းနက်သော မျက်နှာထက်တွင် လွန်စွာ စိုးရိမ်ထိတ်လန့်နေသည့် ဟန်များက အထင်းသား ပေါ်လွင်နေသည်။ နောက်ထပ် စက္ကန့်ပိုင်းမျှ ကြာသောအခါ ထိုသူ၏ အသက်ရှူသံသည် တဖြည်းဖြည်း နှေးကွေးလာပြီး နောက်ဆုံး လုံးဝ ငြိမ်သက်သွားတော့သည်။

ကျန်းယွမ်ချောင် က စွန်းယန်ဝမ် ကို ကြည့်ကာ အမိန့်ပေးလိုက်သည်။

“မင်းရဲ့ဓားနဲ့ သူ့ရဲ့ ညာဘက်လက်ကို ဖွင့်ကြည့်လိုက်…”

စွန်းယန်ဝမ် သည် ဆရာဖြစ်သူ၏ အမိန့်အတိုင်း ထိုသူ၏ ဝတ်ရုံအောက်မှ လက်ကို ကြည့်လိုက်သောအခါ လက်ညှိုးပေါ်တွင် အနက်ရောင်လက်စွပ် တစ်ကွင်း ဝတ်ဆင်ထားသည်ကို တွေ့ရသည်။

သူက လက်စွပ်ကို ယူကြည့်လိုက်သောအခါ ထိုလက်စွပ်၏ အတွင်းပိုင်း၌ ချွန်ထက်သော ဆူးသေးလေးလေးများ ရှိနေပြီး လတ်လတ်ဆတ်ဆတ် စွန်းထင်းနေသော သွေးစက်အချို့ကိုလည်း တွေ့ရသည်။

ကျန်းယွမ်ချောင် က နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး အေးစက်စွာ မှတ်ချက်ပြု၏။

“သူက မကောင်းဆိုးဝါးဂိုဏ်းက ဂိုဏ်းသားတစ်ဦးပဲ… ငါ တပည့်အသစ်တစ်ယောက် လက်ခံလိုက်တယ် ဆိုတဲ့သတင်းကို သူတို့တွေ သိသွားလောက်ပြီ…”

“သူတို့ရဲ့ ရည်ရွယ်ချက်က အထက်လမ်းဂိုဏ်းတွေမှာ နောက်ထပ် ပါရမီရှင် လူငယ်တစ်ဦး ပေါ်ထွက် မလာစေချင်တာကြောင့် အခုလို လုပ်ကြံသတ်ဖြတ်သူတွေကို စေလွှတ်ပြီး မင်းကို လုပ်ကြံခိုင်းတာ ဖြစ်လိမ့်မယ်…”

“သူဝတ်ဆင်တဲ့ လက်စွပ်ကို မိစ္ဆာဆူးလက်စွပ်လို့ ခေါ်တယ်… လုပ်ကြံသူ တစ်ဦးဟာ သူ့ပစ်မှတ်ကို အောင်အောင်မြင်မြင် မလုပ်ကြံနိုင်ခဲ့ဘူးဆိုရင် လက်စွပ်ကို လှည့်ပြီး လက်သီးဆုပ်လိုက်တာနဲ့ အဲဒီဆူးချွန်တွေထဲက ပြင်းထန်တဲ့ အဆိပ်တွေ ထွက်လာပြီး သူ့ကို ချက်ခြင်း သေဆုံးစေလိမ့်မယ်…”

စွန်းယန်ဝမ် အကြီးအကျယ် ထိတ်လန့်သွားပြီး စိတ်ထဲတွင်လည်း စဉ်းစားလိုက်မိသည်။

“ဒီကမ္ဘာရဲ့ ကျင့်ကြံခြင်းလမ်းစဉ်က ဒီလောက်တောင် အန္တရာယ်တွေနဲ့ ပြွန်းတီးနေတာလား…”

“အရင်က တော်ဝင်အိမ်တော်မှာ ဖြစ်ခဲ့တဲ့ ဘာမှမဟုတ်တဲ့ ကိစ္စလေးတစ်ခု အတွက်ကြောင့် မိသားစု တစ်စုလုံး အသတ်ခံရတာတွေ… မြို့လုံးကျွတ် ရွာလုံးကျွတ် အစုလိုက်အပြုံလိုက် သုတ်သင်ခြင်း ခံရတာတွေကို တော်တော်ရက်စက်လှပြီလို့ ထင်ထားခဲ့တာ…”

“အခုကျတော့ အောက်လမ်းဂိုဏ်းတွေက ဒီထက်တောင် ပိုပြီးတော့ လူမဆန်တဲ့ နည်းလမ်းတွေကို သုံးနေကြပါလား…”

“သူတို့က ကောင်းကောင်းတောင် လူလားမမြောက်သေးတဲ့ လူငယ်တွေကို ပစ်မှတ်ထားပြီး လုပ်ကြံဖို့ လူသတ်သမားတွေ လွှတ်နေတယ်ဆိုတာက တော်တော့်ကို လွန်လွန်းသွားပြီ…”

“ငါ့ရဲ့ ကျင့်ကြံမှု အရှိန်အဟုန်က မကြာသေးခင် ရက်တွေက တော်တော်လေးကို ပေါ့လျော့ခဲ့တာပဲ… ငါဒီအတိုင်း ဆက်သွားနေလို့တော့ မဖြစ်တော့ဘူး… ငါ့ရဲ့ ကြိုးစားမှုကို ဒီထက်နှစ်ဆမြှင့်မှပဲ ရတော့မယ်… မဟုတ်ရင် ဒီလောကကနေလည်း စောစောစီးစီး ထွက်သွားနေရဦးမယ်…”

လျိုအယ် သည် သူ့၏မောင် မဟုတ်ကြောင်း သိရှိသွားသောအခါ အနည်းငယ် စိတ်သက်သာရာ ရသွားသည်။ သူမ ခပ်တိုးတိုး ရေရွတ်ရင်း သက်ပြင်းချမိလိုက်၏။

“တော်သေးတာပေါ့ လျိုရှင်း မဟုတ်တာ အရမ်းကံကောင်းသွားတယ်…”

အကယ်၍ သူမ၏ မောင်ဖြစ်သူကသာ စွန်းယန်ဝမ် ကို လုပ်ကြံသူ ဖြစ်နေမည်ဆိုလျှင် လျိုမိသားစုသည် မည်ကဲ့သို့ ကပ်ဘေးအား ရင်ဆိုင်ရမည်ကို သူမ တွေးပင် မတွေးရဲပေ။

ကျန်းယွမ်ချောင် က ခပ်အေးအေးပင် ပြောလိုက်သည်။

“မကောင်းဆိုးဝါး ဂိုဏ်းသားတွေရဲ့ ညဉ်အရ သူတို့တိုက်ခိုက်ပြီ ဆိုတာနဲ့ သနားညှာတာမှုဆိုတာက လုံးဝမျှော်လင့်စရာ မရှိတော့ဘူး… သူတို့က မင်းရဲ့ မောင်လေး လို ဟန်ဆောင်ပြီး ရောက်လာပြီ ဆိုကတည်းက မင်း မောင်လေးရဲ့ ကံကြမ္မာကလည်း အများကြီး ကောင်းနေမှာ မဟုတ်တာကို ငါစိုးရိမ်မိတယ်…”

လျိုအယ် ၏ ရင်ထဲတွင် မိုးကြိုးပစ်ချခံလိုက်ရသလို “ဒိန်း”ခနဲ တုန်လှုပ်သွားလေတော့သည်။

All Chapters