အခန်း (၂၈)
Vol. 3 Ch. 28
“ရွှေအရွတ်မရီဒန်နှင့် ကျောက်စိမ်းအရိုးလက်သီး”
နာရီဝက်ခန့် ကြာမြင့်ပြီးနောက် ကင်းမြီးကောက်ဂိုဏ်းသားများသည် သစ်ပင်ကြီးတစ်ပင်အောက်၌ မြှုပ်ထားသော လျိုရှင်း ၏ ရုပ်အလောင်းကို ပြန်လည်တူးဖော် တွေ့ရှိခဲ့သည်။
၎င်း၏ ခန္ဓာကိုယ်ပေါ်တွင် မည်သည့်အဝတ်အစားမျှ ရှိမနေတော့ဘဲ ရင်ဘတ်နေရာတွင် ဓားဖြင့် ရက်ရက်စက်စက် ထိုးဖောက်ခံထားရသည့် ဟောင်းလောင်းပေါက် အပေါက်ကြီးတစ်ခုနှင့် မျက်နှာတစ်ခုလုံး သွေးများအလိမ်းလိမ်း စွန်းပေနေသည်။ ထိုသေဆုံးမှုက အမှန်တကယ်ပင် ရက်စက် ပြင်းထန်လွန်းလှ၏။
လျိုအယ် သည် သည်းသည်းထန်ထန် အော်ဟစ်ငိုကြွေးနေပြီး လျိုချင်ရှန်း ၏ အိုမင်းနေသော မျက်နှာပေါ်တွင်လည်း မျက်ရည်များက အတားအဆီးမရှိစွာ စီးကျနေခဲ့သည်။ သားအဖနှစ်ဦးနှင့် ဂိုဏ်းသားများသည် လျိုရှင်း ၏ အလောင်းကို မြှုပ်နှံရန်အတွက် သန့်ရှင်းသော မြေနေရာတစ်ခု အလျင်အမြန် ရှာဖွေကာ မြှုပ်နှံလိုက်ကြ၏။
ထို့အပြင် လုပ်ကြံခဲ့သူ၏ ဦးခေါင်းအား လျိုရှင်း အတွက် ပြန်လည်ပူဇော်ပေးရန် စွန်းယန်ဝမ် ထံတွင် တောင်းပန်ရယူခဲ့ပြီး ရိုးရှင်းသော ဈာပနအခမ်းအနားကို တိတ်တဆိတ် ကျင်းပခဲ့သည်။
ဈာပနကိစ္စများ အားလုံးပြီးဆုံးသွားသောအခါ ကျန်းယွမ်ချောင် က သားအဖနှစ်ဦးကို ခေါ်ယူပြီး မေးမြန်းလိုက်၏။
“မင်းတို့အနေနဲ့ လက်တုံ့ပြန်ချင်တာမျိုး ရှိလား…”
လျိုချင်ရှန်း အံကိုတင်းတင်းကြိတ်ထားပြီး ပြင်းပြသည့် စိတ်ဆန္ဒတစ်ခုနှင့် ပြတ်သားစွာ အဖြေပေးသည်။
“ဂိုဏ်းချုပ်ကြီးကျန်းက ကျွန်တော့်ရဲ့ အပြစ်မဲ့တဲ့ သားလေးအတွက် လက်စားချေပေးမယ်ဆိုရင် ဒီလူအိုကြီးက အသက်ကိုပေးဆပ်ရမယ် ဆိုရင်တောင် တစ်ချက်တွန့်ဆုတ်နေမှာ မဟုတ်ပါဘူး… နောက်ဘဝရောက်ရင်လည်း ဒီအကြွေးကို ဂိုဏ်းချုပ်ကြီးအိမ်မှာ နွားဘဝ.. မြင်းဘဝနဲ့ ထပ်ပြီး ပေးဆပ်ပါ့မယ်…”
လျိုအယ် သည် ဝမ်းနည်းပူဆွေးမှုသာရှိပြီး သူမထံတွင် မည်သည့်လက်စားချေလိုသော ရည်ရွယ်ချက်မျှလည်း မရှိတော့ပေ။ အဘယ်ကြောင့်ဆိုသော် မကောင်းဆိုးဝါးဂိုဏ်း၏ ကြောက်စရာ ကောင်းသော ကျော်ကြားမှုက သူမတို့နားနှင့်မဆန့်အောင် ကြားနေရသော အဖြစ်အပျက်များ ဖြစ်နေသည်။
သို့သော် ကျန်းယွမ်ချောင် ထံမှ ထိုကဲ့သို့ စကားမျိုး စလာသောအခါ သူမသည် မျှော်လင့်ချက် ရောင်နီလေးကို မြင်လိုက်ရသလို ခံစားမိသည်။
ကျန်းယွမ်ချောင် က စာတစ်စောင်ကို ထုတ်ပေးလိုက်ပြီး ပြောသည်။
“မင်းတို့သားအဖက ဒီစာကိုယူပြီး ဆောင်ယန်ဂိုဏ်းကိုသွား… ငါ့ရဲ့ ဆဌမမြောက် ညီလေးရဲ့ လက်ထဲကို သေသေချာချာ ပေးရမယ်…”
လျိုချင်ရှန်း ၏ ရင်ထဲတွင် လေးနက်မှုများ ဖြစ်ပေါ်လာပြီး အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။
“ဒီလူအိုကြီးက ဒီစာကို ဘုန်းတော်ကြီးယင်ရဲ့ လက်ထဲ မရောက်ရောက်အောင် ပို့ပေးပါမယ်…”
လျိုချင်ရှန်း တို့ သားအဖ ထွက်ခွာသွားပြီးနောက် စွန်းယန်ဝမ် သည် စူးစမ်းလိုစိတ်ကို မထိန်းချုပ်နိုင်ဘဲ မေးလိုက်သည်။
“ဆရာက ဘာလုပ်ဖို့ ရည်ရွယ်ထားတာလဲ သိလို့ရမလား…”
ကျန်းချင်းရှီ က ပြုံးကာဖြေလိုက်၏။
“ငါတို့ရဲ့ အထက်လမ်းဂိုဏ်းတွေနဲ့ အောက်လမ်းဂိုဏ်းတွေကြားက ရန်ငြိုးရန်စက သိပ်ကို နက်ရှိုင်းလွန်းတယ်… အောက်လမ်းဂိုဏ်းတွေအနေနဲ့ အထက်လမ်းဂိုဏ်းတွေက နာမည်ကြီး ကျင့်ကြံသူတွေကို မတိုက်ခိုက်နိုင်ဘူး ဆိုပေမယ့်… အထက်လမ်းဂိုဏ်းရဲ့ မျိုးဆက်သစ် တပည့်ငယ်တွေ အပေါ်မှာတော့ အမြဲတမ်း ပစ်မှတ်ထားလေ့ရှိတယ်…”
“ဒီလိုမျိုး ကိစ္စတွေ ဖြစ်လာတဲ့အခါ တခြားဂိုဏ်းတွေအနေနဲ့ ဘယ်လိုမျိုး လက်တုံ့ပြန်လဲဆိုတာက ငါတို့နဲ့ မဆိုင်ဘူး… ဒါပေမဲ့ ငါတို့ ဆောင်ယန်ဂိုဏ်းက တပည့်တစ်ယောက်ယောက် အပေါ်ကို ပစ်မှတ်ထားလာပြီ… ဒါမှမဟုတ် ဆုံးရှုံးလိုက်ရပြီ ဆိုရင်တော့ ဆဌမဦးလေးက ဒီကိစ္စထဲကို လုံးဝထဲထဲဝင်ဝင် ဝင်ပါလာပြီပဲ…”
“သူက အောက်လမ်းဂိုဏ်းရဲ့ တကယ့်နာမည်ကြီး ကျင့်ကြံသူအချို့ကို ရွေးချယ်ပြီး သတ်ဖြတ်ပစ်လေ့ရှိတယ်… ဒါက နောက်ထပ်လူတွေ ဒီလိုမျိုး ထပ်မလုပ်ရဲအောင်… အမိန့်ပေး မစေခိုင်းရဲအောင် စံနမူနာပြ လုပ်ပြတဲ့သဘောမျိုးပဲ…”
“ဒီတစ်ကြိမ်လုပ်ကြံမှုက မင်းကို လုပ်ကြံဖို့ ရောက်လာတာဖြစ်တဲ့အတွက် အရမ်းစော်ကားလွန်းရာ ကျသွားပြီ… ဒီတစ်ခေါက်ကတော့ မကောင်းဆိုးဝါးဂိုဏ်းရဲ့ မိစ္ဆာဘုရင်နှစ်ပါး… သံတမန်လေးဦးနဲ့ မိစ္ဆာစစ်သူကြီး သုံးဆယ့်ခြောက်ယောက်ထဲက တစ်ယောက် ဒါမှမဟုတ် နှစ်ယောက်လောက်တော့ ကျိန်းသေပေါက် သေကို သေရလိမ့်မယ်…”
စွန်းယန်ဝမ် အချိန်အတော်ကြာ တိတ်ဆိတ်သွားပြီးနောက် စိတ်ထဲတွင် တွေးလိုက်မိသည်။
“ငါတို့ ဆောင်ယန်ဂိုဏ်းက တကယ်ပဲ ဒီလောက်တောင် ဩဇာအာဏာ ကြီးမားတာလား…”
ဤထိတ်လန့်စရာကောင်းသော အတွေ့အကြုံအသစ်ကြောင့် စွန်းယန်ဝမ် သည် ကျန်းချင်းရှီ ၏ အနီးအပါးတွင်သာ ရက်ပေါင်းများစွာ ရှိနေခဲ့ပြီး ယခင်ကထက် နှစ်ဆပိုမိုသော ကြိုးစား အားထုတ်မှုမျိုးဖြင့် ကျင့်ကြံခဲ့သည်။
တစ်နေ့တွင်…. ကျန်းယွမ်ချောင် သည် ကျန်းချင်းရှီ ကို လက်ဝါးသိုင်းကျင့်စဉ်တစ်ခုအား လမ်းညွှန်ပြသနေစဉ် စွန်းယန်ဝမ် လည်း နံဘေးမှ ကြည့်ရှုနေခဲ့သည်။ သူသည် ခဏတာမျှ ကြည့်ရှုပြီးနောက် နတ်ဆိုးသတ်ဓားကျင့်စဉ်၏ နည်းစနစ်များအပေါ် စတင်စဉ်းစားလာမိသည်။
“အဲဒီနေ့က ငါ့ဓားချက် တစ်ချက်တည်းနဲ့ ရန်သူရဲ့ လက်တစ်ဖက်ကို ဖြတ်ပစ်နိုင်ခဲ့တယ်… ငါမှတ်မိသလောက်တော့ အဲဒီတိုက်ကွက်မှာ နတ်ဆိုးသတ်ဓားသိုင်းအပြင် အခြေခံတည်ဆောက်ခြင်း ကျင့်စဉ်ရဲ့ ပုံစံတစ်မျိုးလည်း ပါဝင်နေသလိုပဲ…”
"အဲဒီနှစ်ခုကို တစ်ပြိုင်နက်တည်း တွဲသုံးလိုက်တဲ့ အချိန်မှာ ထွက်ပေါ်လာတဲ့ သက်တန့်လှိုင်းဓားချက်ရဲ့ စွမ်းအားက တော်တော်ကို ကြောက်စရာ ကောင်းသွားတယ်…”
“ဒါဆိုရင် ဟူမိသားရဲ့ နတ်ဆိုးသတ်ဓားကျင့်စဉ်က အခြေခံတည်ဆောက်ခြင်း ကျင့်စဉ်နဲ့ တွဲဖက်ပြီး အသုံးပြုရတာမျိုးလား…”
သူသည် အခြေခံတည်ဆောက်ခြင်း ကျင့်စဉ်၏ ပုံစံတစ်မျိုးကို နတ်ဆိုးသတ်ဓား ကျင့်စဉ်မှ ဓားကွက်တစ်ကွက်နှင့် တွဲဖက်ကျင့်ကြံကြည့်ရန် ကြိုးစားလိုက်သည်။
ဓားကွက် ခုနှစ်ဆယ့်နှစ်ကွက်စလုံးအား တစ်မျိုးတည်းသော ပုံစံနှင့် စမ်းသပ်ကြည့်သောအခါ မူကွဲ ခုနှစ်ဆယ့်နှစ်ကွက် ရရှိလာခဲ့သော်လည်း အများစုသည် လက်တွေ့တွင် အသုံးဝင်မှုမရှိဘဲ ဓားကွက်သုံးကွက်သည်သာ ထူးထူးခြားခြား ပေါင်းစပ်နိုင်သည်ကို တွေ့ရသည်။
သို့သော် ထိုအသစ်ရလာသော ဓားကွက်သုံးကွက်သည် အဆင့်အတန်း မြင့်မားလွန်းခြင်းကြောင့် သူက မှတ်စုထဲတွင် ချက်ခြင်း ချရေးထားလိုက်၏။ ထို့နောက် အခြေခံတည်ဆောက်ခြင်း ကျင့်စဉ်၏ နောက်ထပ် ပုံစံတစ်ခုနှင့် နတ်ဆိုးသတ်ဓားကွက်များကို ထပ်မံဖော်ထုတ်ပြန်သည်။
သူသည် အခြေခံတည်ဆောက်ခြင်း ကျင့်စဉ်၏ ပုံစံသုံးမျိုးအား စမ်းသပ်ပြီးချိန်တွင် ကျန်းယွမ်ချောင် ၏ သင်ကြားပြသမှုက အဆုံးသတ်သွားပြီ ဖြစ်သောကြောင့် တပည့်နှစ်ဦးစလုံးအား အနားယူရန် ပြန်လွှတ်လိုက်သည်။
သူသည် အခြေခံတည်ဆောက်ခြင်း ကျင့်စဉ်၏ ပုံစံသုံးမျိုးကိုသာ စမ်းသပ်ကြည့်ရသေးသော်လည်း ကမ္ဘာသစ်တစ်ခုကို ဖွင့်လှစ်လိုက်နိုင်သလို ခံစားရသည်။ ပုံစံတစ်ခုချင်းစီသည် ဓားကွက်ပေါင်း များစွာကို အမှန်တကယ် ဖော်ထုတ်နိုင်ပြီး ရရှိလာသော ဓားကွက်များမှာလည်း အဆင့်အတန်း လွန်စွာမြင့်မားနေခြင်းကြောင့် သူ့၏ဓားပညာက ချက်ခြင်းပင် ထူးခြားဆန်းကြယ်သော အဆင့်သစ်တစ်ခုကို ချဉ်းနင်းဝင်ရောက်သွားခဲ့သည်။
စွန်းယန်ဝမ် သည် အခန်းသို့ ပြန်ရောက်သောအခါ ဝါကျင့်ကျင့် စာရွက်များကို ထုတ်ယူလိုက်ပြီး ဤနေ့ တစ်နေ့တာ စမ်းသပ်ခဲ့သည့် စမ်းသပ်မှုအားလုံးကို မှတ်စုအဖြစ် ချရေးထားခဲ့သည်။
ဆယ်ရက်ကျော် ကြာပြီးသည့်အချိန်တွင် သူသည် အခြေခံတည်ဆောက်ခြင်း ကျင့်စဉ်၏ သုံးဆယ့်ခြောက်မျိုးသော ပုံစံအားလုံးကို နတ်ဆိုးသတ်ဓား ကျင့်စဉ်မှ မည်သည့် ဓားကွက်နှင့် တွဲဖက်နိုင်ကြောင်း အသေးစိတ် မှတ်တမ်းတင်နိုင်ခဲ့သည်။
သူ့၏ စွမ်းအားသည် တိုးတက်မှုများစွာ မရှိသော်လည်း ဓားပညာတွင်တော့ ရုတ်တရက် အဆပေါင်းများစွာ ခုန်ပျံကျော်လွှား တိုးတက်လာခဲ့သည်။
အခြေခံတည်ဆောက်ခြင်း ကျင့်စဉ် သုံးဆယ့်ခြောက်မျိုးနှင့် နတ်ဆိုးသတ်ဓား ကျင့်စဉ် ခုနှစ်ဆယ့်နှစ်မျိုးကို ပေါင်းစပ်လိုက်သောအခါ နှစ်ထောင် သို့မဟုတ် သုံးထောင်ခန့်ရှိသော မူကွဲ ဓားကွက်များ ရရှိလာခဲ့သည်။
ဤသိုင်းပညာနှစ်ခု၏ မူလဇစ်မြစ်ဖြစ်သော ဟူမိသားစု၏ ဘိုးဘေးများသည်ပင် ဤမျှရှုပ်ထွေးသော ပေါင်းစည်းမှုကို စဉ်းစားမိခဲ့မည် မဟုတ်ပေ။
ထိုမူကွဲဓားကွက်များ အားလုံးကို တစ်ခုချင်း နားလည်ချင်သည်ဆိုလျှင်တော့ DeepSeek ကဲ့သို့သော AI ဆော့ဝဲလ်များကို မှီငြမ်းမှသာ ဖြစ်ပေလိမ့်မည်။ ယင်းက စနစ်ကြီးတစ်ခုကဲ့သို့ပင် ဖြစ်နေသည်။
သို့သော် အခြေခံတည်ဆောက်ခြင်း ကျင့်စဉ်၏ ပုံစံတစ်မျိုးချင်းစီသည် နတ်ဆိုးသတ်ဓား ကျင့်စဉ်၏ ဓားကွက် အနည်းဆုံး သုံးမျိုးမှ ငါးမျိုး၊ အများဆုံး ဆယ်မျိုးကျော်အထိ တွဲဖက်နိုင်ခြင်းဖြင့်ပင် အံ့အားသင့်စရာကောင်းသည့် ဓားကွက်ပေါင်း ရာနှင့်ချီအောင် ထွက်ပေါ်လာစေခဲ့သည်။
စွန်းယန်ဝမ် သည် သူနားလည် သဘောပေါက်ခဲ့သည့် ဓားပညာရပ် အားလုံးကို မှတ်တမ်းတင် ထားခဲ့သည်။
အထွဋ်အထိပ် သွေးကြောကျင့်စဉ်၊ အခြေခံတည်ဆောက်ခြင်း ကျင့်စဉ်နှင့် နတ်ဆိုးသတ်ဓား ကျင့်စဉ်များအား ကျင့်ကြံရာတွင် သူလေ့လာတွေ့ရှိထားသော မှတ်စုများသည် ယခုအခါ စကားလုံးပေါင်း နှစ်သိန်း၊ သုံးသိန်းခန့်အထိပင် ရှိလာခဲ့ပြီဖြစ်ရာ ဤလောကရှိ မည်သည့် လျှို့ဝှက်ကျမ်းများထက်မဆို စာလုံးရေ ပိုများနေပြီ ဖြစ်သည်။
သာမန်အရည်အချင်းမျှသာ ရှိသော ကျင့်ကြံသူ တစ်ဦးသည် ဤမှတ်စုများကို ရရှိပြီး ကျင့်စဉ်သုံးခုအား စတင်ကျင့်ကြံမည်ဆိုပါက တူညီသော ပါရမီရှိသည့် အခြား မည်သူထက်မဆို အဆပေါင်းများစွာ သာလွန်သွားမည်က မြေကြီးလက်ခတ်မလွဲနိုင်ပေ။
သူထုတ်ဖော်ခဲ့သော ဤလျှို့ဝှက်ချက်သည် ဟူမိသားစုအတွင်းမှာပင် လူအနည်းငယ်မျှသာ သိနိုင်သော အခြေအနေ ဖြစ်သည်။ ယင်းသည် သူတို့၏ အသက်နှင့်ရင်းကာ ကာကွယ်ထားသော အထွဋ်အထိပ်ကျမ်း ဖြစ်ပြီး ပါရမီအလွန့်အလွန် ထူးချွန်သော တပည့်များမှလွဲ၍ အခြားမည်သူမျှ သင်ယူခွင့် မရကြပေ။
ဟူမိသားစု၏ ထိပ်တန်းလျှို့ဝှက်ချက်များ အနက်မှ တစ်ခုအပါအဝင်ဟုလည်း သတ်မှတ် ခံထားရသည်။
သို့သော် ဟူမိသားစု၏ မည်သူမဆို အိပ်မက်ထဲတွင်ပင် ထည့်မမက်ဘူးခဲ့သည့် အချက်တစ်ခုက အမှန်တကယ် ဖြစ်လာခဲ့ရသည်။
ကမ္ဘာမြေမှ ရောက်ရှိလာသော လူငယ်လေးတစ်ဦးသည် ရံဖန်ရံခါ ဉာဏ်အလင်းတစ်ချက် ပွင့်ရုံဖြင့် သူ့၏ ရိုးရှင်းသောစိတ်ကူးကို အကောင်အထည်ဖော်ကာ မလျှော့သောဇွဲနှင့် စဉ်းစားတွေးခေါ်မှုများမှ တစ်ဆင့် သူတို့၏ ဘိုးဘေးဘီဘင် အဆက်ဆက် ထိန်းသိမ်းလာခဲ့သော အမြင့်မြတ်ဆုံး သိုင်းကျမ်း၏ အနှစ်သာရကို ဖော်ထုတ်သွားခဲ့သည်။
အခြေခံတည်ဆောက်ခြင်း ကျင့်စဉ်နှင့် နတ်ဆိုးသတ်ဓား ကျင့်စဉ်များ၏ လျှို့ဝှက်ချက်များကို ဖော်ထုတ်ပြီးနောက် တစ်ပတ်ခန့်ကြာပြီးချိန်တွင် စွန်းယန်ဝမ် သည် အခြေခံတည်ဆောက်ခြင်း ကျင့်စဉ်အား ကျင့်ကြံနေချိန် ရုတ်တရက် သူ့နောက်ကျောမှ နွေးထွေးသော ခံစားမှုတစ်ခုကို ခံစားလိုက်ရသည်။
အစစ်အမှန် ချီစွမ်းအင်လှိုင်းတစ်ခု သူ့ခန္ဓာကိုယ်အတွင်းသို့ တိုးဝင်လာခဲ့ပြီး နောက်ထပ် သွေးကြော တစ်ချောင်း ထပ်မံပွင့်သွားခဲ့သည်။
ယခုအခါ သွေးကြော ငါးခုအထိ ဖွင့်လှစ်နိုင်ခဲ့ပြီ ဖြစ်သောကြောင့် သူသည် အဆင့်ရှစ် ကျင့်ကြံသူ အဆင့်ကို တရားဝင် တက်လှမ်းလာနိုင်ပြီ ဖြစ်သည်။
အဆင့်ရှစ် ကျင့်ကြံသူ ဆိုသည်မှာ ဤလောက၏ အနေအထားဖြင့် ဆိုပါက ဂိုဏ်းငယ်လေးများ သို့မဟုတ် အဖွဲ့အစည်းငယ်လေးများတွင် ဂိုဏ်းချုပ်နှင့် အဖွဲ့ခေါင်းဆောင် အဆင့်မျိုးဖြစ်သည်။
အမှန်တရား တစ်ခုတော့ ရှိသည်။ တတိယတန်းစား၊ သို့မဟုတ် စတုတ္ထတန်းစား အဆင့်သာရှိသော ကျင့်စဉ်ကို လေ့ကျင့်ထားသည့် အဆင့်ရှစ် ကျင့်ကြံသူ တစ်ဦးနှင့် အထွဋ်အထိပ် ကျင့်စဉ်ကို လေ့ကျင့်ထားသည့် အဆင့်ရှစ် ကျင့်ကြံသူတို့ကြား ကွာဟချက်က မိုးနှင့်မြေကဲ့သို့ ကြီးမားပြီး မည်သို့မျှ သွားနှိုင်းယှဉ်၍ မရပေ။
တစ်ချိန်က ကျန်းချင်းရှီ ကိုယ်တိုင်လည်း စွန်းယန်ဝမ် ကို ပြောဆိုခဲ့ဖူးသည်။
“ကျင့်ကြံမှု အဆင့်အတန်းအား တိုင်းတာရန်ဆိုသည်က မိမိကိုယ်တိုင် တိုက်ခိုက်မှသာ သိနိုင်သော အရာဖြစ်သည်၊ လဲကျသွားသူသည် စွမ်းရည်မပြည့်ဝသူဖြစ်ပြီး၊ မတ်တပ်ရပ်နေသူသာ အဆင့်အတန်း ရှိသူဖြစ်သည်”
“ကျင့်ကြံခြင်းလောကတွင် စံနှုန်းအဖြစ် သတ်မှတ်ထားသော အဆင့်ကိုးဆင့်သည် မည်မျှပင် အသေးစိတ်ကျသည်ဖြစ်စေ ယင်းသည် ပေထက်အက္ခရာ တင်မထားသော စာရွက်ပေါ်မှ ဗဟုသုတ တစ်ခုမျှသာ ဖြစ်သည်”
“စာရွက်ပေါ်တွင် ရေးထားသော စံချိန်စံညွှန်များနှင့် လူတစ်ဦး၏ ကျင့်ကြံခြင်း အဆင့်အတန်းကို မည်ကဲ့သို့ ဆုံးဖြတ်ပေးနိုင်ပါမည်နည်း”
“သူတို့နှစ်ယောက်စလုံးသည် ဆဌမအဆင့် သို့မဟုတ် သတ္တမအဆင့် ကျင့်ကြံသူများသာ ဖြစ်ကြသည်၊ အသေးစိတ်ကို လိုက်၍ ငြင်းခုံနေရန် မလိုအပ်ပေ၊ အကယ်၍ သူ့၏ သွေးကြော ငါးခု ပွင့်လာပြီး ဆောင်ယန်ဂိုဏ်း၏ တိုက်ခိုက်ရေး နည်းစနစ်များကို သင်ယူပြီးချိန်၌ ၎င်းတို့သည် သူ့ပြိုင်ဘက် မည်သို့မျှ ဖြစ်လာမည် မဟုတ်တော့ပေ”
သူ့၏ဆိုလိုရင်းက ရှင်းပေသည်။ ဆောင်ယန်ဂိုဏ်း၏ အဆင့်ရှစ် တပည့်တစ်ဦးသည် အခြေခံအကျဆုံး တိုက်ခိုက်ရေး နည်းစနစ်များကိုသာ တတ်မြောက်သည်ဆိုလျှင်ပင် သာမန်ဂိုဏ်းငယ်လေးမှ အဆင့်ခြောက် သို့မဟုတ် အဆင့်ခုနှစ် ကျင့်ကြံသူများထက် ပိုမိုသာလွန်မှု ရှိသည်။
ကျန်းချင်းရှီ သည် ထိုစကားများကို ပေါ့ပေါ့ပါးပါး ပြောဆိုခဲ့ခြင်း ဖြစ်ပြီး အသေးစိတ် ခွဲခြမ်းစိတ်ဖြာနေစရာ မလိုအပ်ကြောင်း သင်ပေးခဲ့သည်။ ထိုစဉ်က စွန်းယန်ဝမ် သည် များစွာ အလေးထားခဲ့ခြင်း မရှိပေ။
သို့သော် ကာလတစ်ခု ကြာလာခဲ့ပြီး ကျင့်ကြံခြင်းလောက၏ သဘောသဘာဝကို နားလည်လာသော အချိန်၊ သူကိုယ်တိုင် တိုက်ပွဲများ ရင်ဆိုင်ကြုံတွေ့ခဲ့ပြီးနောက် ထိုစကား၏ အတိမ်အနက်ကို မြင်နိုင်လာခဲ့သည်။
ဤစကားများ ပြောဆိုခဲ့သည့် သူ့စီနီယာသည် မည်မျှမောက်မာကာ ကြီးစိုးမှု ရှိလိုက်ပါသနည်း။
ပဉ္စမမြောက် သွေးကြော ပွင့်လာပြီးနောက် စွန်းယန်ဝမ် သည် ဆရာဖြစ်သူထံသို့ အလျင်စလို သွားရောက်ခြင်းမျိုး မပြုလုပ်ခဲ့ပေ။
သူသည် အသစ်ဖြစ်ပေါ်လာသည့် သွေးကြောအား ပို၍ခိုင်မာကျစ်လျစ်အောင် တစ်ရက်ခွဲမျှ ထပ်မံကျင့်ကြံနေခဲ့ပြီး နောက်တစ်ရက်ရောက်မှသာ ကျန်းယွမ်ချောင် ဆီသို့ အောင်မြင်မှုကို သွားရောက်သတင်းပို့ခဲ့သည်။
ကျန်းယွမ်ချောင် သည် အချိန်အတန်ကြာအောင် တိတ်ဆိတ်သွားခဲ့ပြီး နောက်ဆုံးမှသာ ပြောလာသည်။
“မင်းရဲ့ သွေးကြော ငါးခုမြောက်က အခု ပွင့်သွားခဲ့ပြီဆိုတော့ ဆရာက မင်းကို ဆောင်ယန်ဂိုဏ်းရဲ့ အကွက် နှစ်ဆယ့်လေးကွက်ပါတဲ့ ရွှေအရွတ်မရီဒန်နဲ့ ကျောက်စိမ်းအရိုးလက်သီး ကျင့်စဉ်ကို သင်ပေးမယ်…”
“ကျင့်ကြံခြင်းပညာရပ်တွေ အားလုံးရဲ့ မူလဇစ်မြစ်ကို ရှေးခေတ်ကတည်းက အဇ္ဈတ္တလမ်းစဉ် (ခန္ဓာကိုယ်တွင်း ကျင့်ကြံခြင်း) နဲ့ ဗဟိဒ္ဓလမ်းစဉ် (ရုပ်ခန္ဓာ ကျင့်ကြံခြင်း) ဆိုပြီးတော့ နှစ်မျိုးနှစ်စား ခွဲခြားသတ်မှတ်ထားတယ်…”
“ခန္ဓာကိုယ်တွင်း ကျင့်ကြံမှုဆိုတာက ချီစွမ်းအင်ကို စုဆောင်း သန့်စင်ခြင်း ဖြစ်ပြီးတော့… ခန္ဓာကိုယ်ပြင်ပ ကျင့်ကြံမှု ဆိုတာက အရွတ် မရီဒန်တွေကို ခိုင်မာလာအောင် အာရုံစိုက်ရတာပဲ…”
“လူတစ်ဦးရဲ့ ခန္ဓာကိုယ်တွင်းကို အဓိကသွေးကြောကြီး ရှစ်ခု… ပင်မသွေးကြော ဆယ့်နှစ်ခု... လျှို့ဝှက်သွေးကြော သုံးဆယ့်ခြောက်ခု တို့နဲ့ ဖွဲ့စည်းထားတယ်…”
“ခန္ဓာကိုယ်ပြင်ပကို ကျင့်ကြံတဲ့နေရာမှာ အရွတ် မရီဒန် နှစ်ဆယ့်လေးခုရှိတယ် ဆိုတဲ့ အယူအဆကိုလည်း တစ်ပါတည်း သိထားရမယ်…”
“ဆောင်ယန်ဂိုဏ်းဟာ ကျင့်ကြံခြင်းလောကမှာ တိုက်ခိုက်ရေးစွမ်းရည်နဲ့ ကျင့်စဉ်တွေ အပေါ် အဓိက ဦးစားပေးပြီး ဖွဲ့စည်းတည်ထောင်ထားတဲ့ အထက်လမ်းဂိုဏ်း တစ်ခုဖြစ်သလို မိုးမြေတာအို နိယာမ တွေကိုလည်း လိုက်နာရတယ်…”
“သမာဓိထူထောင်ပြီး သန့်စင်တဲ့ ချီစွမ်းအင်တွေကို စုစည်းတဲ့ ကျင့်ကြံမှုက ငါတို့ရဲ့ စစ်မှန်တဲ့ အဇ္ဈတ္တလမ်းစဉ်ပဲ….”
“တစ်နည်းအားဖြင့် ဒီလမ်းစဉ်ဟာ အဓိကသွေးကြောကြီး ရှစ်ခု… ပင်မသွေးကြော ဆယ့်နှစ်ခုနဲ့ လျှို့ဝှက်သွေးကြော သုံးဆယ့်ခြောက်ခု ကို အမှီပြုပြီး ဖြစ်ပေါ်လာတာလို့ ဆိုနိုင်တယ်…”
“အခု ရွှေအရွတ်မရီဒန်နဲ့ ကျောက်စိမ်းအရိုးလက်သီး ကျင့်စဉ်ဆိုတာက အပြင်ဘက် အရွတ်မရီဒန် နှစ်ဆယ့်လေးခုကို သီးခြားကျင့်ကြံရတဲ့ ကျင့်စဉ်တစ်ခုပဲ…”
“ဒီပညာရပ်ဟာ ရန်သူကို တိုက်ခိုက်သတ်ဖြတ်ဖို့အတွက် မဟုတ်ဘဲ ကိုယ့်ရဲ့ အခြေခံအုတ်မြစ်နဲ့ ခန္ဓာကိုယ်ရဲ့ ခုခံနိုင်စွမ်းကို ပိုပြီး ခိုင်မာလာစေဖို့ပဲ…”
“နောက်ထပ် အထွဋ်အထိပ် ကျင့်စဉ်တွေနဲ့ ဘယ်လိုသိုင်းပညာမျိုးကိုမဆို ကျင့်ကြံနိုင်ဖို့အတွက် ခန္ဓာကိုယ်ကို ပုံသွင်းပေးတဲ့ ကျင့်စဉ်လို့ ပြောလို့ရတယ်…”
အရွတ်မရီဒန် နှစ်ဆယ့်လေးခုစလုံးကို အထွဋ်အထိပ်အဆင့်သို့ ရောက်ရှိသည်အထိ ကျင့်ကြံခဲ့မည် ဆိုပါက ခန္ဓာကိုယ်သည် သံမဏိတံတိုင်းကြီးကဲ့သို့ ခိုင်ခံ့လာပြီး အရိုးများမှာ ကြေးချောင်းကြီးများ သဖွယ် ဖြစ်လာကာ အကန့်အသတ်မဲ့သော စွမ်းအားများ ပိုင်ဆိုင်လာမည် ဖြစ်သည်။
သို့သော် ရုပ်ခန္ဓာပြင်ပတွင် ကျင့်ကြံသည့် မည်သည့် ကျင့်စဉ်မျိုးတွင်မဆို ခန္ဓာကိုယ် အတွင်းပိုင်း၏ ဖွဲ့စည်းမှု ပုံစံကို လျစ်လျူရှုတတ်သည့် သဘောမျိုးရှိသည်။
ထို့ကြောင့် ကျင့်ကြံသူ အများစုသည် ရုပ်ခန္ဓာ အပေါ် ကျင့်ကြံသည့်အခါ နာမ်ခန္ဓာဖြစ်သည့် အတွင်းပိုင်းကိုလည်း ကျင့်စဉ်တစ်မျိုးမျိုးနှင့် တစ်ပါတည်း တွဲဖက် ကျင့်ကြံကြလေ့ရှိသည်။
အထွဋ်အထိပ် အဆင့်ရှိသော ရုပ်ခန္ဓာကျင့်စဉ်များ၌ပင် အနည်းငယ်သော ကျင့်စဉ်လောက်ကသာ ရုပ်ခန္ဓာနှင့် နာမ်ခန္ဓာကို တစ်ပြိုင်တည်း ကျင့်ကြံနိုင်ပြီး ကြောက်မက်ဖွယ် စွမ်းအားများကို ဖန်တီး ဖြစ်ပေါ် နိုင်ပေသည်။