← Chapters

အခန်း (၃၀)

Vol. 3 Ch. 30

အခန်း (၃၀)

Vol. 3 Ch. 30

“ယန် နတ်ဆေးလုံး”

အချိန်သည် တစ်ပတ်ခန့်ပင် ကုန်ဆုံးသွားပြီဖြစ်သော်လည်း ကျန်းချင်းရှီ သည် တံခါးပိတ်ကျင့်စဉ်မှ ပြန်ထွက်လာခြင်း မရှိသေးပေ။ ထိုအချိန်တွင် စွန်းယန်ဝမ် သည် ဆရာ၏ လမ်းညွှန်မှုဖြင့် ရွှေအရွတ် မရီဒန်ကျင့်စဉ်၏ ပုံစံနှစ်ဆယ့်လေးမျိုးလုံးကို ကျွမ်းကျင်သွားခဲ့ပြီ ဖြစ်သည်။

ဂိုဏ်းချုပ်ကြီး တစ်ဦးဖြစ်ပြီး ကျင့်ကြံခြင်းလောက၌ မရေမတွက်နိုင်သော အတွေ့အကြုံပေါင်း များစွာကို ပိုင်ဆိုင်ထားသည့် ကျန်းယွမ်ချောင် ကဲ့သို့ သူတစ်ဦးပင်လျှင် ဤတပည့်ငယ်လေး၏ ပါရမီကို အကြီးအကျယ် ထိတ်လန့်သွားရတော့သည်။

သူသည် မိုဝူရွှယ် ကို အလွန်ကျေးဇူးတင်လွန်းသဖြင့် ပွေ့ဖက်ချင်စိတ်များပင် တဖွားဖွား ဖြစ်ပေါ်လာရသည်။

ဤကဲ့သို့သော တပည့်တစ်ဦးအား လာရောက်ပေးအပ်ခဲ့ခြင်း ဆိုသည်မှာ ဂိုဏ်း၏ ဂုဏ်ဒြပ်ကို အကြီးအကျယ် မြှင့်တင်ပေးလိုက်ရုံသာမက နောင်လာမည့် ဆယ်စုနှစ်များစွာအတွက် ဂိုဏ်း၏ ပင်မထောက်တိုင်ကြီး တစ်ခုကို အုတ်မြစ်ချပေးသွားခြင်းဟုပင် ဆိုနိုင်သည်။

မှန်သည်။ စွန်းယန်ဝမ် သည် အရွတ်မရီဒန် နှစ်ဆယ့်လေးခု၏ တည်နေရာကို သိရှိပြီး ၎င်းတို့အား ဖွံ့ဖြိုးလာအောင် လုပ်ဆောင်သည့် နည်းလမ်းကိုသာ နားလည်သေးခြင်းဖြစ်သည်။ ယင်းက သူ့အတွက် အစပျိုးမှုအဆင့်၏ သေးငယ်သော အောင်မြင်မှုလေးအဖြစ်သာ သတ်မှတ်နိုင်သေးသည်။

မရီဒန်တစ်ခုချင်းစီတိုင်းကို ခိုင်မာကျစ်လျစ်လာသော ပြီးပြည့်စုံသော အဆင့်သို့ ရောက်ရှိရန် ဆိုသည်က နောက်ထပ် နှစ်ပေါင်းများစွာကြာအောင် လုံ့လဝီရိယ အပြည့်နှင့် တစ်ဆင့်ပြီး တစ်ဆင့် ကျင့်ကြံရန် လိုအပ်ပေလိမ့်မည်။

ထိုအရာကသည်ပင် ရုပ်ခန္ဓာကျင့်စဉ်များ၏ ထူးခြားသော ဝိသေသလက္ခဏာ ဖြစ်သည်။ ကြိုးစားမှုတိုင်းတွင် အသီးအပွင့်ရှိပြီး မိမိကြဲခဲ့သော မျိုးစေ့ကို မိမိအားထုတ်မှုအတိုင်း ပြန်လည် ရိတ်သိမ်းရမည် ဖြစ်သည်။

သို့သော် စစ်မှန်သည့် ကျွမ်းကျင်မှုမျိုး ရရှိရန် ဆိုသည်ကတော့ ပြိုင်ဘက်ကင်း ထိပ်သီးပါရမီရှင် တစ်ဦးပင် ဖြစ်လင့်ကစား နှစ်ပေါင်းများစွာ ကြိုးစားအားထုတ်ပြီးမှသာ ရရှိနိုင်သည်။ ရောမသည် တစ်ညတည်းနှင့် တည်ဆောက်ခဲ့ခြင်း မဟုတ်ပေ။

စွန်းယန်ဝမ် ဤလောကသို့ ရောက်ရှိလာစဉ်က သူ့အသက်သည် ဆယ့်တစ်နှစ်၊ ဆယ့်နှစ်နှစ်ခန့်သာ ရှိသောကြောင့် သူ့ခွန်အားမှာလည်း သာမန်ကလေးတစ်ဦးတွင် ရှိသင့်သော ခွန်အားမျှသာ ဖြစ်သည်။

နောက်ပိုင်းတွင် မိုဝူရွှယ် ၏ သင်ကြားပြသမှုများအောက်၌ အခြေခံတည်ဆောက်ခြင်း နည်းစနစ်ကို သင်ယူခဲ့ပြီး ချီစွမ်းအင်ကို စတင်ကျင့်ကြံလာရသောကြောင့် လျင်မြန်မှုနှင့် ခံနိုင်ရည်ရှိမှု အနည်းငယ်ကို ရရှိပိုင်ဆိုင် လာခဲ့သည်။

သို့သော် သူ့၏ ရုပ်ခန္ဓာစွမ်းအားသည် ထွားကျိုင်းသန်မာသော သာမန်လူတစ်ဦးထက်ပင် နိမ့်ကျနေဆဲ အခြေအနေတွင် ရှိခဲ့သည်။

ယခုအခါ ရွှေအရွတ်မရီဒန် ကျင့်စဉ်၏ ပုံစံတစ်ခုချင်းစီကို ကျွမ်းကျင်လာသောကြောင့် မရီဒန်တစ်ခု ကျင့်ကြံပြီးသည့် အချိန်တိုင်း သူ့ခွန်အားက သုံးပိဿာမှ ငါးပိဿာအထိ လိုက်ပါတိုးတက်လာခဲ့သည်။

သူသည် ပုံစံနှစ်ဆယ့်လေးခုလုံးကို ကျင့်ကြံပြီးသောအခါ ယင်းသည် အထွဋ်အထိပ် အခြေအနေနှင့် အလွန်အလှမ်းဝေးသေးသော ကနဦးအဆင့်ပင် ဖြစ်သော်ငြား သူ့၏ စုစုပေါင်း ခွန်အားသည် ပိဿာ ပေါင်း ရာနှင့်ချီကာ တိုးပွားလာခဲ့သည်။

ယခု သူ့၏ စွမ်းအားသည် ထွားကျိုင်းသန်မာသော သာမန်လူတစ်ဦးထက် အဆပေါင်းများစွာ ပိုမို သာလွန်သွားခဲ့ပြီး လက်ဝါးရိုက်ချက် တစ်ချက်ဖြင့် စီထပ်ထားသော အုတ်ခဲငါးလုံးကို ရိုက်ခွဲနိုင်လာပြီ ဖြစ်သည်။

ယင်းက ရုပ်ခန္ဓာကျင့်ကြံခြင်း အဆင့်အတန်းနှင့် ဆိုရလျှင် နဝမအဆင့်တွင် ခိုင်မာစွာ ရပ်တည်နိုင်ခဲ့ပြီဟု ပြော၍ရသည်။

ရွှေအရွတ်မရီဒန် ကျင့်စဉ်ကို ကျင့်ကြံပြီးနောက် အထွဋ်အထိပ် သွေးကြောကျင့်စဉ်၏ တိုးတက်မှုသည် များစွာ သိသာထင်ရှားခြင်း မရှိသော်လည်း အခြေခံတည်ဆောက်ခြင်း ကျင့်စဉ်သည် ရုတ်တရက် အလွန်အမင်း လွယ်ကူလာခဲ့သည်။

ယခင်က သူ့အတွက်ပင် ခက်ခဲနေခဲ့သော အခြေခံတည်ဆောက်ခြင်း ကျင့်စဉ်မှ နည်းစနစ်အချို့သည် ယခုအခါ ဘာမျှမဟုတ်တော့ပေ။ တစ်ချိန်က နားလည်ရန် အလွန်ကြိုးစားရမည်ဟု အထင်ရှိခဲ့သော ဟန်ပန် အချို့သည် ယခုအခါ ရေအလျင်ကဲ့သို့ ချောချောမွေ့မွေ့ စီးဆင်းလာခဲ့ပြီး မည်သည့် ပြစ်ချက်မျှ ရှာမရတော့ပေ။

ကျင့်ကြံခြင်းဖြင့် ဖြတ်သန်းသော နေ့ရက်တစ်ရက်သည် သာမန်ထက် နှစ်ဆမျှအကုန်မြန်ပြီး မည်သို့ ကုန်ဆုံးသွားသည်ကိုပင် မသိလိုက်ရပေ။

မျက်စိတစ်မှိတ်အတွင်းမှာပင် နောက်ထပ် ရက်အနည်းငယ် ထပ်မံကုန်လွန် သွားခဲ့ပြီး သူ့စီနီယာလည်း တံခါးပိတ်ကျင့်စဉ်မှ ပြန်လည် ထွက်ပေါ်လာခဲ့သည်။

သူသည် ကျင့်ကြံရာမှ ထွက်လာသည်နှင့် တစ်ပြိုင်နက် စွန်းယန်ဝမ် ကို ခေါ်ကာ အနောက်ဖက် တောင်တန်းများပေါ်မှ ရေကန်၌ ရေချိုးရန် ဦးစွာ ပြင်ဆင်ခဲ့သည်။

စမ်းချောင်းရေကို သွယ်ယူထားသည့် ရေကန်အား အောက်ခံနှင့် ဘေးပတ်ပတ်လည်ကို အပြာရောင် ကျောက်ပြားများဖြင့် ပြန်လည် မွမ်းမံထားသလို ရေဝင်ရေထွက် ကောင်းအောင်လည်း စီစဉ်ထားခဲ့ပြီး ဖြစ်သည်။

အပေါ်တွင် အမိုးအကာများပါ အုပ်မိုးထားပြီး စွန်းယန်ဝမ် ၏ စိတ်ကူးအတိုင်း ရေကန်၏ အနီးတစ်ဝိုက်၌ တွင်းများတူးကာ ထင်းများအပြည့် ဖြည့်ထားသည်။ ထိုတွင်းများသည် ဝင်/ထွက်ပေါက် တစ်ပေါက်ဖြင့် အလုံပိတ်ထားနိုင်ပြီး မီးသွေးဖိုကဲ့သို့ ပြုလုပ်ထားခြင်း ဖြစ်သည်။

ဝါးကျည်တောက် ပိုက်များသည် တွင်းထဲမှ ထွက်လာသော အပူရှိန်ကို သယ်ဆောင်ကာ ရေကန် အတွင်းမှ ရေများကို ရေပူစမ်းသဖွယ် ပြုလုပ်ပေးခြင်းဖြစ်သည်။

ယခုအခါ သူတို့နှစ်ဦး ကိုယ်တိုင်ကိုယ်ကျ လုပ်ဆောင်ရန် မလိုအပ်တော့ပေ။ လင်ကျင်း နှင့် ကျန်းဖန်အာ တို့သည် ထိုတွင်းများ အနီးတွင် မီးကို အဆက်မပြတ် ထိုးပေးနေပြီး အပူရှိန်ကို အဆက်မပြတ် မြင့်တက်လာအောင် လုပ်ပေးနေသည်။

စွန်းယန်ဝမ် နှင့် ကျန်းချင်းရှီ တို့သည် ကန်ထဲတွင် အေးအေးဆေးဆေး စိမ်နေပြီး တဖြည်းဖြည်း မြင့်တက်လာသော အပူရှိန်ကို ခံစားနေကြ၏။ ကျန်းချင်းရှီ သည် ခန္ဓာကိုယ်ကို ပွတ်တိုက်နေရင်း ရုတ်တရက် ပြောလိုက်သည်။

“တကယ်တော့ ငါ ဟိုးအရင်ကတည်းက လုပ်ချင်နေခဲ့တဲ့ ကိစ္စတစ်ခုရှိတယ်… ဒါပေမဲ့ ငါ့ကျင့်ကြံမှု အဆင့်အတန်းက မပြည့်စုံသေးတဲ့ အခြေအနေမို့လို့ ဆိုင်းငံ့ထားခဲ့ရတာ…. ဒီတစ်ခေါက်တော့ ညီလေးရဲ့ ကျေးဇူးကြောင့် ငါ ရွှေအရွတ်မရီဒန် ကျင့်စဉ်ကို ထိုးထွင်းသိမြင်ခဲ့ပြီး ငါ့စွမ်းအားက နောက်တစ်ဆင့်ကို ရောက်သွားပြီ… အခုတော့ ငါ သွားလို့ရပြီပေါ့…”

စွန်းယန်ဝမ် အံ့အားသင့်သွားပြီး မေးလိုက်သည်။

“အစ်ကိုကြီးက ထွက်သွားမလို့လား…”

“ဒါက ဘာကိစ္စမို့လို့လဲ… ဘယ်အချိန်ကျမှ ပြန်ရောက်လာမှာလဲ… ဆရာ့ကိုကော ပြောပြထားသင့်လား…”

ကျန်းချင်းရှီ က ငြင်သာစွာ ပြုံးလိုက်သည်။

“ဒါက ငါတို့မိသားစု ကိစ္စပါ… ဆရာကတော့ ဟိုးအရင်ကတည်းက သိထားနှင့်ပြီးပြီ… ဒီခရီးက အနည်းဆုံး သုံးလကနေ အများဆုံး ငါးလလောက်အထိ ကြာလိမ့်မယ်… နှစ်ဝက်ကျိုးတဲ့အထိတော့ ကြာမှာမဟုတ်ဘူး… ကိစ္စတွေ ပြီးတာနဲ့ ငါ ချက်ခြင်း ပြန်လာမှာပါ…”

“ညီလေးကို ခေါ်တယ်ဆိုတာက ကိစ္စတစ်ခု ပြောစရာရှိလို့ပဲ….”

ကျန်းချင်းရှီ က ဆက်ပြောသည်။

“ငါတို့ ဆောင်ယန်ဂိုဏ်းမှာ နှစ်စဉ်နှစ်တိုင်း ကျင်းပတဲ့ မျိုးဆက်သွေး ခုနှစ်မျိုး သိုင်းပြိုင်ပွဲ ဆိုတာ ရှိတယ်…. အခု ပြိုင်ပွဲကျင်းပမယ့်ရက်က အရမ်းကို နီးကပ်နေပြီ…”

“ငါကလည်း ငါ့ကိစ္စနဲ့ငါ သွားရမှာဖြစ်လို့ ဒီပြိုင်ပွဲကို ဘယ်လိုမှ သွားနိုင်တော့မှာ မဟုတ်ဘူး… ငါတို့ ဆရာဆီမှာလည်း တပည့်က နှစ်ယောက်ပဲ ရှိတာဆိုတော့ ငါမသွားရင် မင်းသွားဖို့ပဲရှိတော့တယ်…”

စွန်းယန်ဝမ် အံ့အားသင့်စွာ ပြောလိုက်သည်။

“ဆောင်ယန်ဂိုဏ်းမှာ တပည့်ပေါင်း ရာနဲ့ချီပြီးတော့ ရှိနေတာပဲ… ကျွန်တော်နဲ့ အဆင့်အတန်းတူတဲ့ တတိယမျိုးဆက် တပည့်တွေထဲမှာတောင် နှစ်ပေါင်း နှစ်ဆယ်၊ သုံးဆယ်လောက် ကျင့်ကြံထားသူတွေက ဒုနဲ့ဒေး ရှိနေတယ်…”

“ကျွန်တော့်လို ခုနှစ်လ၊ ရှစ်လလောက်ပဲ ကျင့်ကြံထားရသူ တစ်ယောက်က ဘယ်လိုလုပ်ပြီး ဒီလို ပြိုင်ပွဲကို ဝင်ယှဉ်ပြိုင်ဖို့ အရည်အချင်း မှီမှာလဲ… ဒါက ဆရာ့မျက်နှာကို အိုးမည်းသုတ်သလို ဖြစ်နေမှာ မဟုတ်ဘူးလား…”

ကျန်းချင်းရှီ က ရယ်လိုက်သည်။

“အဲဒီလောက်ကြီး နှိမ့်ချနေဖို့ မလိုပါဘူး ညီလေး… မင်းရဲ့ စွမ်းရည်က ဆယ်စုနှစ်များစွာ ကျင့်ကြံထားတဲ့ မင်းစီနီယာ အစ်ကိုတွေနဲ့ မယှဉ်နိုင်ဘူး ဆိုရင်တောင် မင်းနဲ့ ကျင့်ကြံမှု အများကြီး မကွာတဲ့ သက်တူရွယ်တူတွေထဲမှာ လက်ချိုးရေလို့ရတဲ့ အရေအတွက်လောက်ကပဲ မင်းကို ဒုက္ခပေးနိုင်လိမ့်မယ်…”

“ငါတို့ ဆောင်ယန်ဂိုဏ်းရဲ့ မျိုးဆက်သွေး ခုနှစ်မျိုး သိုင်းပြိုင်ပွဲက တပည့်အားလုံးကို တစ်ပြေးညီ ဝင်ရောက် ယှဉ်ပြိုင်ခွင့် ပေးထားတာ မဟုတ်ပါဘူး…”

“အုပ်စု(က) ကတော့ အလွတ်တန်း ပြိုင်ပွဲပဲ ကန့်သတ်ချက် မရှိဘူး… အုပ်စု(ခ)မှာတော့ ကျင့်ကြံခြင်းကာလ ဆယ်နှစ်ထက် မကျော်လွန်တဲ့ ကျင့်ကြံသူတွေ ယှဉ်ပြိုင်ရတယ်… အုပ်စု(ဂ)မှာတော့ ကျင့်ကြံခြင်းကာလ ငါးနှစ်ထက် မကျော်လွန်ရဘူး ဆိုပြီးတော့ အဖွဲ့သုံးဖွဲ့ သတ်မှတ်ထားတယ်…”

“ညီလေးက အုပ်စု(ဂ)မှာ ဝင်ပြိုင်လို့ ရတယ်…”

စွန်းယန်ဝမ် က ငြင်းဆန်တော့မည်ပြုစဉ် ကျန်းချင်းရှီ က ဆက်ပြောသည်။

“ဒီနှစ်မှာ အဖွဲ့သုံးဖွဲ့လုံးက အနိုင်ရသူတွေကို ဆုအဖြစ် ယန်နတ်ဆေးလုံးကို ချီးမြှင့်လိမ့်မယ်… ဒီယန်နတ်ဆေးဟာ ဆောင်ယန်ဂိုဏ်းရဲ့ လျှို့ဝှက်နတ်ဆေးဖြစ်ပြီးတော့ အလုံးရေ အများကြီး ဖော်စပ်နိုင်ခြင်း မရှိဘူး…”

“ဆေးတစ်လုံးရဲ့ အကျိုးအာနိသင်က မင်းရဲ့ ငါးနှစ်တာ ကျင့်ကြံခြင်းကာလနဲ့ ညီမျှတယ်…”

“ညီလေးရဲ့ ကျင့်ကြံမှုပုံစံကို ကြည့်ရတာ မျှော်လင့်ချက် တစ်ခုခုကြောင့် အသည်းအသန် ကျင့်ကြံနေသလိုမျိုး ဖြစ်နေတယ်… မင်းကိုယ်တိုင် ထုတ်မပြောပြခဲ့တဲ့ လျှို့ဝှက်ချက် တစ်ခုခုတော့ ရှိနေပုံပဲ… အဲဒါကြောင့် ကျင့်ကြံခြင်း အဆင့်ကို အမြန်ဆုံး တက်ချင်နေတာလို့ အစ်ကိုကြီးက မြင်မိတယ်…”

“ဒီ ယန်နတ်ဆေးလုံးက ညီလေးအတွက် သိပ်ကို တန်ဖိုးကြီးမားတဲ့ အရာတစ်ခု ကျိန်းသေပေါက် ဖြစ်လာလိမ့်မယ်…”

စွန်းယန်ဝမ် သည် ခေတ်သစ်လူ့အသိုင်းအဝိုင်းမှ ရောက်ရှိလာသူ ဖြစ်သောကြောင့် ပြိုင်ဆိုင်မှုများနှင့် ရင်းနှီးကျွမ်းဝင်ပြီးသား ဖြစ်သည်။

ကျင့်ကြံခြင်း အဆင့်အတန်းကို အရေးတကြီး မြှင့်တင်ရန် သူ့တွင် ခိုင်လုံသော အကြောင်းပြချက် မရှိသော်လည်း ကျန်းချင်းရှီ ၏ စကားများက သူ့ကို အကြီးအကျယ် စိတ်လှုပ်ရှားသွားစေခဲ့သည်။

ယန်နတ်ဆေးလုံး တစ်လုံးသည် အဇ္ဈတ္တလမ်းစဉ် ကျင့်ကြံမှု၏ ငါးနှစ်တာကာလနှင့် ညီမျှသည် ဆိုသော အချက်မှာ ဂိမ်းပွဲတစ်ခုတွင် ချိဖိုင်(အကူအညီ) ထည့်ကာ ကစားသလိုပင် ဖြစ်နေသည်။

မျိုးဆက်သွေး ခုနှစ်မျိုး သိုင်းပြိုင်ပွဲတွင် ဤကဲ့သို့ ပြိုင်ဘက်ကင်းသော နတ်ဆေးကို ရရှိနိုင်သူသည် ထိပ်သီးကျင့်ကြံသူများအနက်မှ တကယ့်ထိပ်သီးကျင့်ကြံသူသာ ဖြစ်ပေလိမ့်မည်။

ဤယန်နတ်ဆေးလုံးသည် ၎င်းတို့၏ ငါးနှစ်တာ ကျင့်ကြံမှုကို ထပ်မံတိုးမြှင့်ပေးလိုက်မည် ဆိုပါက ဤ အဖွဲ့ သုံးဖွဲ့၏ ချန်ပီယံများကို သူ့တစ်သက် မည်သည့်အခါမျှ လိုက်မီနိုင်တော့မည် မဟုတ်ပေ။

ယင်းသည် အလွန်စွဲဆောင်မှု ကြီးမားသောကြောင့် စွန်းယန်ဝမ် မဖြစ်မနေ ဆက်လက် မေးမြန်းတော့သည်။

“ဒီလောက် အစွမ်းထက်တဲ့ ယန်နတ်ဆေးလုံးမျိုး ရှိနေတယ်ဆိုရင် အကြီးအကဲတွေကိုယ်တိုင် ဘာဖြစ်လို့ မသုံးစွဲကြတာလဲ…”

ကျန်းချင်းရှီ ပြုံးလိုက်သည်။

“အကြီးအကဲတွေ အကုန်လုံး ဒီဆေးကို သောက်ပြီးသားပါ… ငါတို့ဆရာကိုယ်တိုင် တစ်ကြိမ် သုံးစွဲခဲ့ပြီးပြီ… ဒီဆေးလုံးရဲ့ ထိရောက်မှု အာနိသင်က ပထမဦးဆုံး အကြိမ်မှာပဲ အကြီးအကျယ် အကျိုးပြုတယ်… တစ်ကြိမ်သုံးပြီးလို့ရှိရင် နောက်ထပ် ထပ်သုံးလည်း ဘာအကျိုးအာနိသင်မှ မရှိဘဲ သက်သက်ဖြုန်းတီးသလို ဖြစ်လိမ့်မယ်…”

“အရင်ကတော့ အကြီးအကဲတွေဟာ ဂိုဏ်းရဲ့ ပါရမီအထူးချွန်ဆုံး တပည့်တွေကို ပေးဖို့ တညီတညွတ်တည်း သဘောတူထားခဲ့ကြတယ်… ဒါပေမဲ့ ယန်နတ်ဆေးလုံးကို ဖော်စပ်ပြီးတဲ့ နောက်ပိုင်း ငါတို့ဂိုဏ်းမှာ ထူးချွန်တဲ့ လူငယ်မျိုးဆက် တပည့်တွေက အရမ်းကို ရှားပါးသွားခဲ့တယ်…”

“ဆေးလုံးအနည်းငယ် ဖြန့်ဝေပေးပြီးတဲ့နောက်မှာတော့ အခုကျန်တာက နောက်ဆုံး သုံးလုံးပဲ…”

စွန်းယန်ဝမ် ခေါင်းကို တဆတ်ဆတ် ညိတ်လိုက်မိ၏။ ဆောင်ယန်ဂိုဏ်း၏ ဆေးလုံးဖြန့်ဝေသည့် ပုံစံသည် အမှန်တကယ်ပင် ဖြောင့်မတ်မှန်ကန်ပြီး သမာသမတ်ကျလွန်းသည်။ သူက ထပ်ကာ မေးလိုက်ပြန်သည်။

“ဒါဆိုရင် ဒီတစ်ခေါက်ကျတော့ ပါရမီရှင်တွေ ပေါ်လာတာကို မစောင့်ဘဲ ဘာဖြစ်လို့ ပြိုင်ပွဲကျင်းပပြီး ပေးရတာလဲ…”

ကျန်းချင်းရှီ သည် သူ့ညီလေး၏ စေ့စပ်သေချာမှုကို အလွန်သဘောကျသွားသည်။

“ဒီလောကမှာရှိတဲ့ ယန်နတ်ဆေးလုံး တိုင်းမှာ သက်တမ်းရှိတယ်… ဒီယန်နတ်ဆေးလုံးတွေကို ဖော်စပ်ထားခဲ့တာ လွန်ခဲ့တဲ့ ဆယ်နှစ်နီးပါးလောက် ကတည်းကပဲ… အခုအချိန်ထိ ပါရမီရှင်တွေကို ဆက်စောင့်နေဦးမယ်ဆိုရင် သူတို့ကို လွှင့်ပစ်ဖို့ပဲ ရှိတော့တယ်…”

“အဲဒါကြောင့် အာနိသင် ကုန်သွားတာကို ထိုင်ကြည့်နေမယ့်အစား အသန်မာဆုံး တပည့်တွေကို ရွေးချယ်ပြီး ပေးလိုက်တာက ပိုကောင်းတာပေါ့…”

“ငါတို့ ဆောင်ယန်ဂိုဏ်း တည်ထောင်လာတာဟာ ရာစုနှစ်တစ်ခုကျော် ကြာခဲ့ပြီဆိုပေမယ့် ဆေးသုံးဖိုပဲ ဖော်စပ်နိုင်ခဲ့ပြီးတော့ ဒီယန်နတ်ဆေးလုံး ဆယ်လုံးကျော်ကိုပဲ ရရှိခဲ့တယ်…”

“ဒီတစ်ကြိမ်ဆေးပြတ်သွားပြီ ဆိုတာနဲ့ နောက်ထပ် ဆေးဖော်စပ်ဖို့က ဘယ်လောက်အထိ ကြာဦးမယ် ဆိုတာ ဘယ်သူမှ အတိအကျ မပြောနိုင်သေးဘူး… ငါ့အထင်တော့ နောက်ထပ် ဆယ်စုနှစ် တစ်ခုအတွင်း လုံးဝ မဖြစ်နိုင်သေးဘူး ဆိုတာပဲ…”

“နောက်ထပ် ဆယ်စုနှစ် နှစ်ခု ဒါမှမဟုတ် သုံးခုလောက် ကြာသွားရင်တောင် လိုအပ်တဲ့ ဆေးအမယ်တွေကို စုံစုံလင်လင် စုဆောင်းနိုင်ပါ့မလားဆိုတာ မသေချာဘူး…”

“အဲဒါကြောင့် ညီလေး အနေနဲ့ ဒီအခွင့်အရေးကို အမိအရဖမ်းဆုပ်ပြီး ကောင်းကောင်း အသုံးချသင့်တယ်…”

စွန်းယန်ဝမ် သည် စိတ်ဝင်စားသော်လည်း နှိမ့်ချငဲ့ညှာသော အဖြေကိုသာ ပေးခဲ့သည်။

“အစ်ကိုကြီးက ကျွန်တော့်ထက် ဒီဆေးလုံးကို ပိုပြီး လိုအပ်တာပါ…”

ကျန်းချင်းရှီ က သဘောကျစွာ ရယ်လိုက်သည်။

“ငါတို့ဂိုဏ်းမှာ ငါ့ထက် ထူးချွန်တဲ့သူ ဆိုတာက လက်ငါးချောင်းတောင် မပြည့်ဘူး… ဒီလိုလူမျိုးက ဆေးလုံးတစ်လုံး မရဘူးဆိုတာ ဖြစ်နိုင်ပါ့မလား… ငါက ဒုတိယတစ်လုံးကို ဘာဖြစ်လို့ အတင်းလိုက်လု နေရဦးမှာလဲ…”

စွန်းယန်ဝမ် စိတ်ထဲတွင် မခံချိမခံသာ ဖြစ်သွား၏။

“နည်းနည်းလေး သတိလက်လွတ်ဖြစ်သွားတာနဲ့ ငါ့စီနီယာက ငါ့ကို တန်းပြီး တစ်ကွက်ပြတာပဲ…”

ကျန်းချင်းရှီ က ဆက်ပြောသည်။

“ကံကောင်းချင်တော့ ငါ့ရဲ့ လုပ်စရာကိစ္စကလည်း ဆောင်ယန်ဂိုဏ်းကနေ ဖြတ်သွားရမယ့် ခရီးစဉ် ဖြစ်နေတယ်… အဲဒီအချိန်ကျရင် ဆရာ့ဆီမှာ ခွင့်တောင်းပြီး ငါ မင်းကို ဆောင်ယန်ဂိုဏ်းကို ခေါ်သွားပေးမယ်… အဲဒါမှ မင်းလည်း ကိုယ့်ရဲ့ ပင်မဂိုဏ်းဖြစ်တဲ့ ဆောင်ယန်ဂိုဏ်းရဲ့ ခမ်းနားကြီးကျယ်မှုကို မျက်မြင်ကိုယ်တွေ့ မြင်ရတော့မယ်…”

စွန်းယန်ဝမ် စိတ်ထဲတွင် တိတ်တဆိတ် တွေးလိုက်သည်။

“ငါ့စီနီယာရဲ့နောက်ကို လိုက်တာက ဘယ်တော့မှ အချည်းအနှီးဖြစ်မှာတော့ မဟုတ်ဘူး…”

သူက ချက်ခြင်းပင် အဖြေပေးလိုက်သည်။

“ဒီလိုဆိုမှတော့ ကျွန်တော်က အစ်ကိုကြီးရဲ့ စကားကို လုံးဝနာခံပါ့မယ်…”

သူတို့နှစ်ဦးသည် အငွေ့များ တထောင်းထောင်း ထလာပြီဖြစ်သော ရေပူကန်ထဲတွင် အကြောဖြေရင်း အလွန်သက်သောင့်သက်သာ အနားယူလိုက်ကြသည်။

ဤ လူလုပ်ရေပူစမ်းသည် အရည်အသွေး များစွာမြင့်မားခြင်း မရှိသော်လည်း ဤကဲ့သို့သော တောင်ပေါ် ဒေသမျိုးတွင်တော့ အမြင့်ဆုံးသော ဇိမ်ခံနိုင်မှု ရသကို ပေးစွမ်းနိုင်နေဆဲပင်။

All Chapters