အခန်း (၂၉)
Vol. 3 Ch. 29
ကျန်းချင်းရှီ ၏ တိုးတက်မှု
ကျန်းယွမ်ချောင် သည် သင်ကြားပြသသည့် နေရာတွင် အလွန်စိတ်ရှည်သူ တစ်ဦး ဖြစ်သော်လည်း သူ့၏ အာပေါင်အာရင်းသန်သန်နှင့် ရှေ့နောက်အဆီအလျော် မတည့်သည့် စကားများကိုတော့ သည်းခံရပေသည်။
စွန်းယန်ဝမ် သည် ဆရာဖြစ်သူ ပြောဆိုနေချိန်တွင် ဝင်ရောက်ပြောဆိုဝံ့ခြင်း မရှိသောကြောင့် စိတ်ရှည်လက်ရှည် နားထောင်နေခဲ့ရသည်။
ခဏကြာသောအခါ ကျန်းယွမ်ချောင် သည် ဖုန်းဘိုးဘေးကြီး၏ ရွှေအရွတ်မရီဒန်နှင့် ကျောက်စိမ်းအရိုး လက်သီး ကျင့်စဉ် စတင်ဖြစ်တည်လာသည့် အခြေအနေကို ပြောပြသည်။ သူသည် ထိုကျင့်စဉ်ကို ဖန်တီးရန်အတွက် ဂိုဏ်းအချို့မှ ရုပ်ခန္ဓာကျင့်စဉ်များကို မည်သို့မည်ပုံ ရယူခဲ့သည် ဆိုသည့် အကြောင်းကို ရှင်းပြလာခဲ့သည်။
ထိုကဲ့သို့ လုပ်ရပ်မျိုးသည် အလွန်အမင်း စိတ်ဝင်စားစရာ ကောင်းလာသောကြောင့် လက်ရှိ ကျင့်ကြံခြင်းလောကနှင့် အကျွမ်းတဝင် မရှိသေးသော စွန်းယန်ဝမ် အတွက် အချက်အလက် များစွာကို အထောက်အကူ ဖြစ်ကောင်း ဖြစ်ပေလိမ့်မည်။
ကျန်းယွမ်ချောင် က ဆက်ရှင်းပြသည်။
“လက်ရှိခေတ်ရဲ့ ရုပ်ခန္ဓာ ကျင့်ကြံသူတွေထဲမှာ စွမ်းအားအကြီးဆုံးသူ ခုနှစ်ဦး ရှိတယ်… သုံးဦးက အထက်လမ်း ဂိုဏ်းက ကျင့်ကြံသူတွေပဲ…”
“တစ်ယောက်က နတ်နဂါးဂိုဏ်းက ဘုန်းတော်ကြီး ဝူနန်… နောက်တစ်ယောက်က ရှောင်ရှန်း ကျောင်းတော်က ဘုန်းတော်ကြီးရွှေဖားနဲ့ နောက်ဆုံးတစ်ယောက်က ပေယန်က အဂ္ဂိရတ် ဘုန်းတော်ကြီးတို့ပဲ…”
“နောက်ထပ်လေးယောက်ကတော့ အင်ပါယာတပ်ဖွဲ့ထဲမှာ ရှိနေတဲ့သူတွေ… ငါတို့ တာ့လန်ပြည်ထောင်မှာ တစ်ယောက်ရှိတယ်… ပေယန်မှာ တစ်ယောက်ရှိတယ်… နောက်ထပ်နှစ်ယောက်က နန်ရှား အင်ပါယာတပ်ဖွဲ့ထဲက ထိပ်သီးကျင့်ကြံသူတွေပဲ…”
“ဖုန်းဘိုးဘေးကြီးဟာ ငယ်စဉ်က ဒီလောကထဲ လှည့်လည်သွားလာရင်း အဲဒီကျင့်ကြံသူ ခုနှစ်ယောက်စလုံးနဲ့ လက်ရည်ချင်း ယှဉ်ပြိုင်တိုက်ခိုက်ခဲ့ဖူးတယ်… အဲဒီနောက် ဘိုးဘေးကြီးက သူတို့ရဲ့ လျှို့ဝှက်ကျင့်စဉ်တွေကို ငှားရမ်းတဲ့အခါ သူတို့က နှမျောတွန့်တိုပြီး မပေးခဲ့ကြဘူး…”
“ငါတို့ရဲ့ ဖုန်းဘိုးဘေးကြီးဆိုတာက သိပ်ကို ဉာဏ်အမြော်အမြင် ကြီးမားပြီး စာနာစိတ်ရှိတဲ့သူ တစ်ယောက်ဖြစ်တဲ့ အတွက် သူတို့ကို အတင်းအကျပ် တွန်းအားပေးဖို့ ဆန္ဒမရှိခဲ့ဘူး… အဲဒီအစား သူက တခြားနည်းလမ်း တစ်ခု ရှာဖွေပြီး စိတ်သဘောထား ကြီးမြတ်တဲ့ ရုပ်ခန္ဓာ ကျင့်ကြံသူ ဆယ်ယောက်ကျော်ဆီကနေ လျှို့ဝှက်ကျင့်စဉ် ဆယ်အုပ်ကျော်ကို ငှားရမ်းလာခဲ့တယ်…”
“ဘိုးဘေးကြီးက ဒီကျင့်စဉ်တွေကို ကျင့်ကြံဖို့ စိတ်ဝင်စားတာ မဟုတ်ဘူး… အဲဒီအစား သူက ဆယ်အုပ်ကျော်ရှိတဲ့ ရုပ်ခန္ဓာကျင့်စဉ်တွေကို အခြေခံအဖြစ် သုံးပြီးတော့ ဒီ ရွှေအရွတ်မရီဒန်နဲ့ ကျောက်စိမ်းအရိုး လက်သီး ကျင့်စဉ်ကို ဖန်တီးခဲ့တာပဲ…”
“ဒါက ခန္ဓာကိုယ်မှာရှိတဲ့ အရွတ်မရီဒန် နှစ်ဆယ့်လေးခုစလုံးကို သန်မာလာစေပြီး နောက်ပိုင်း တခြား ပညာရပ်တွေ ကျင့်ကြံတဲ့အခါကျရင် သိပ်ကို အကျိုးကျေးဇူးကြီးမားတဲ့ အထောက်အကူ ပြုမှုမျိုးကို ပေးစွမ်းနိုင်တယ်…”
စွန်းယန်ဝမ် စိတ်ထဲမှ တိတ်တဆိတ် ပြန်ပြောလိုက်မိသည်။
“စာနာစိတ်ရှိတယ် ဆိုတာက ဖြစ်ကောဖြစ်နိုင်လို့လား… သူတို့တွေသာ အဲဒီကျင့်စဉ်ကို ထုတ်မပေးဘူးဆိုရင် အဲဒီဘိုးဘေးကြီးဆိုသူရဲ့ သတ်ဖြတ်တာကို ခံရရင်ခံရ… မဟုတ်လို့ရှိရင် ဒုက္ခိတဘဝ ရောက်တဲ့အထိ သွေးထွက်သံယို ရိုက်နှက်ခံရမှာကို သိတဲ့အတွက် မချစ်သော်လည်း အောင့်ကာနမ်း လုပ်ခဲ့ရတဲ့ အခြေအနေကြီးမှန်း ဒီလောက်သိသာနေတာကြီးကို…”
ကျန်းချင်းရှီ သည် ဘေးနားတွင် ထိုင်နေခဲ့ပြီး စိတ်မရှည်တော့သည့် ပုံစံဖြင့် ဝင်ပြောတော့သည်။
“ဆရာ… ဒီနေ့ သင်ကော သင်ဖြစ်ဦးမှာလား… ဆရာ အခုအချိန်ထိ မသင်ပေးသေးဘူးဆိုရင် ကျွန်တော်တို့ နေဝင်တာကို ကြည့်ရတော့မယ်…”
ထိုအခါကျမှသာ ကျန်းယွမ်ချောင် သဘောပေါက်သွားပြီး ပြောလိုက်သည်။
“ဟုတ်သားပဲ…. စကားတွေ ကောင်းနေလိုက်တာ… ဒီကိစ္စတွေက နောက်ပိုင်းမှ အေးအေးဆေးဆေး ပြောပြလို့လဲ ရတာပဲ… အခု ဆရာက မင်းကို ရွှေအရွတ် မရီဒန်နဲ့ ကျောက်စိမ်းအရိုး လက်သီး ကျင့်စဉ်ကို စပြီးသင်ပေးမယ်…”
“ဒီကျင့်စဉ်မှာပါတဲ့ လှုပ်ရှားမှု တစ်ခုချင်းစီတိုင်းက မရီဒန်အရွတ် တစ်ခုချင်းစီကို သန့်စင်ပေးနိုင်တယ်… သူတို့တွေ အကုန်လုံးမှာ နာမည်တစ်ခုချင်းစီ ရှိကြတယ်…”
“ကောင်းကင်မရီဒန်အရွတ်… မြေမရီဒန်အရွတ်… လေမရီဒန်အရွတ်… မိုးကြိုးမရီဒန်အရွတ်… မီးမရီဒန်အရွတ်… ရေမရီဒန်အရွတ်… လောကမရီဒန်အရွတ်… နဂါးမရီဒန်အရွတ်… ကျားမရီဒန်အရွတ်…”
“ဆင်မရီဒန်အရွတ်… ဝေလငါးမရီဒန်အရွတ်… လင်းယုန်မရီဒန်အရွတ်… စပါးအုံးမရီဒန်အရွတ်… ငါးနဂါးမရီဒန်အရွတ်… မျောက်မရီဒန်အရွတ်… တောင်မရီဒန်အရွတ်… ပင်လယ်မရီဒန်အရွတ် ဆိုပြီး နာမည်အသီးသီးရှိတယ်…”
“မင်းသိထားရမှာက ကောင်းကင်မရီဒန်က ကျောရိုးပြင် တစ်ခုလုံးကို ပြုပြင်ပေးတယ်… ဒါက ဘယ်လိုလဲဆိုရင် တောင်တွေကို ထမ်းပိုးနိုင်ပြီး ပင်လယ်တွေကို နေရာရွှေ့ပစ်နိုင်တယ်…”
“မြေမရီဒန်က မင်းရဲ့ ခြေထောက်တွေကို လေ့ကျင့်ပေးတာပဲ…. မြေပြင်ပေါ်မှာ ရပ်နေတဲ့အခါ ကျောက်စိုင် ကျောက်သားလို လုံးဝမြဲမြံနေစေတယ်…”
“နဂါးမရီဒန်က အနှစ်သာရစွမ်းအင်ကို သန့်စင်ပေးတယ်… မင်း တိုက်ပွဲပေါင်းတစ်ရာကို မမောနိုင် မပန်းနိုင် အဆက်မပြတ် တိုက်ခိုက်လို့ရတယ်…”
“စပါးအုံးမရီဒန်က မင်းခန္ဓာကိုယ်ကို အဆမတန် သန်မာလာစေတယ်… တောင်တွေကို ညှစ်ခြေပြီး သစ်ပင်တွေကို ဆွဲနုတ်ပစ်နိုင်တယ်…”
……..
ကျန်းယွမ်ချောင် သည် အရွတ်မရီဒန်များ၏ အသုံးဝင်ပုံကို အကျယ်တဝင့် ရှင်းပြပြီး ရွှေအရွတ်မရီဒန်နှင့် ကျောက်စိမ်းအရိုး လက်သီး ကျင့်စဉ် နှစ်ဆယ့်လေးကွက်စလုံး၏ လျှို့ဝှက်ချက် တစ်ခုချင်းစီကို ရှင်းပြလိုက်သည်။
ရံဖန်ရံခါ သူ့၏ ရှင်းပြချက်များသည် ဝေဝါးဝါးနိုင်လှသဖြင့် ကျန်းချင်းရှီ သည် ဘေးနားမှ ဝင်ရောက်ကာ လိုအပ်သည့် အချက်အများကို ထောက်ပြပြောဆိုပေးလေ့ရှိသည်။
စွန်းယန်ဝမ် အတွက် သူ့စီနီယာသာ မရှိခဲ့ပါက ဆရာသည် ထူးချွန်ထက်မြက်သော တပည့်ကောင်း တစ်ယောက်ကို မည်သည့်နည်းလမ်းနှင့်မျှ မွေးထုတ်ပေးနိုင်လိမ့်မည် မဟုတ်ဟု အမှန်တကယ် ခံစားမိသည်။
စီနီယာချင်းရှီ နှင့် ပတ်သက်လျှင်တော့…
သူသည် ကောင်းကင်ဘုံမှ ဖန်ဆင်းထားသော ပါရမီရှင်တစ်ဦးသာ ဖြစ်သည်။ မည်သူကများ သူ့ကို ယှဉ်ပြိုင်နိုင်ပါမည်နည်း။
ကျန်းယွမ်ချောင် ၏ နေရာတွင် သင်ကြားပြသမှု အဆင့်အတန်း မြင့်မားသော ဆရာတစ်ဦးသာ ဖြစ်ခဲ့မည်ဆိုပါက သူ့စီနီယာသည် ယခုထက် ပိုမိုမြင့်မားသော အဆင့်အတန်းကိုပင် ရောက်နေလောက်ပြီ ဖြစ်သည်။
သူသည် ဆရာ၏ ဆွဲချခြင်းကို ခံထားရသော ဆရာမကောင်း တပည့်ခေါင်း ဘဝကို ရောက်နေသူ ဟုသာ မြင်လာမိတော့သည်။
ရွှေအရွတ်မရီဒန်နှင့် ကျောက်စိမ်းအရိုး လက်သီး ကျင့်စဉ်မှ ပထမဆုံး တစ်ကွက်ကို သင်ကြားပေးပြီးနောက် ကျန်းယွမ်ချောင် သည် စွန်းယန်ဝမ် ၏ နောက်ကျောကို လက်ဖြင့် အသာအယာ ဖိလိုက်ပြီး ပြောသည်။
“မင်း အခုသင်ယူလိုက်တဲ့ ပထမဆုံးတစ်ကွက်ကို ဖော်ထုတ်ပြီး ကောင်းကင်မရီဒန်ရဲ့ လမ်းကြောင်းကို ခံစားကြည့်လိုက်…”
စွန်းယန်ဝမ် သည် ဆရာဖြစ်သူ၏ စကားအတိုင်း ကျင့်စဉ်၏ ပထမဆုံးတစ်ကွက်ကို လေ့ကျင့်ကြည့် လိုက်သည်။ ထိုအချိန်တွင် ကျန်းယွမ်ချောင် ၏ လက်ဖဝါးမှ နွေးထွေးသော ချီစွမ်းအင်လှိုင်းတစ်ခု ထွက်ပေါ်လာပြီး သူ့၏ ကျောရိုးတစ်လျှောက် ဖြတ်သန်းစီးဆင်းသွားကာ ကောင်းကင်မရီဒန် အရွတ်၏ လမ်းကြောင်းများကို ပုံဖော်ပေးလိုက်သည်။
အကြိမ်အနည်းငယ် ကြိုးစားကြည့်ပြီးနောက် စွန်းယန်ဝမ် ရုတ်တရက် သဘောပေါက်သွားသည်။
“ဒါကို ကောင်းကင်မရီဒန် လို့ ခေါ်တာလား… ဒါက ငါ့ကြွက်သားအမျှင်ပေါင်း များစွာကို ပေါင်းစပ်ပြီးတော့ စွမ်းအား စုစည်းတဲ့ လမ်းကြောင်းပဲ…”
ထိုသဘောတရားကို ရုတ်တရက် နားလည်သွားသောအခါ သူသည် ကောင်းကင်မရီဒန်အပေါ် အကြိမ်အနည်းငယ်သာ ထပ်မံလေ့ကျင့်ပြီး လုံးဝကျွမ်းကျင်သွားခဲ့သည်။
ယင်းက ကျန်းယွမ်ချောင် ၏ ချီးကျူးမှုကို အပြည့်အဝ ရရှိစေခဲ့သည်။ ထို့နောက် ကျန်းယွမ်ချောင် သည် သူ့၏ လက်ကို အခြားဦးတည်ချက် တစ်ခုသို့ပြောင်းကာ မြေမရီဒန်၏ တည်နေရာကို ခံစားနိုင်ရန် လမ်းညွှန်ပေးသည်။
မရီဒန်အရွတ်များ၏ သိမ်မွေ့သော လျှို့ဝှက်ချက်ကို နားလည်သွားသောကြောင့် အခြားမရီဒန်များကို လေ့ကျင့်ရသည်က သူ့အတွက် များစွာ မခက်ခဲတော့ပေ။ စတင်ကျင့်ကြံသည်နှင့် တစ်ပြိုင်နက် မရီဒန်များ၏ တည်နေရာကို ချက်ခြင်းရှာဖွေနိုင်လာခဲ့သည်။
ဤတစ်ကြိမ်တွင် ဘေးမှစောင့်ကြည့်နေသော ကျန်းချင်းရှီ ပင်လျှင် အံ့အားသင့်စွာ ချီးကျူးလိုက်မိသည်။
“ဒုတိယညီလေးရဲ့ ရုပ်ခန္ဓာကျင့်စဉ်ကို ကျင့်ကြံတာက ဒီလောက်အထိတောင် ကြောက်ဖို့ကောင်းတာလား…”
“ငါ အရင်တုန်းက ဒီကျင့်စဉ်ကို စပြီးကျင့်ကြံတုန်းက အရွတ်မရီဒန် တစ်ခုရဲ့ တည်နေရာကို ခံစားနိုင်ဖို့ ရက်ပေါင်းများစွာ အချိန်ယူခဲ့ရတယ်… အခုထိလည်း ငါကျွမ်းကျင်တဲ့ မရီဒန်က ဆယ်ခုနှစ်ခု အထိပဲ ရှိသေးတယ်… ကျန်တဲ့ မရီဒန်တွေကို ဘယ်လိုမှ နားမလည်နိုင်သေးဘူး…”
စွန်းယန်ဝမ် စိတ်ထဲတွင် တွေးလိုက်သည်။
“ဆရာက စီနီယာကို ဆွဲချထားတာ သေချာနေပါပြီ… ဆရာ့ရဲ့ သင်ကြားပြသမှု အရည်အသွေးက တော်တော်လေးကို လိုအပ်ချက်တွေ များနေတာပဲ…”
အရွတ်မရီဒန် သုံးခုအား ထိုးထွင်သိမြင်နိုင်ရန် ကူညီပေးပြီးနောက် ကျန်းယွမ်ချောင် က သူ့လက်ဖဝါးကို ပြန်ရုတ်လိုက်ပြီး ပြောသည်။
“ဒီနေ့ လေ့ကျင့်တာကတော့ ဒီလောက်ပဲ… မနက်ဖြန်ကျရင် ဆရာက ထပ်ပြီး လမ်းညွှန်ပြသပေးမယ်… ထိုးထွင်းသိမြင်မှုနဲ့ ကျင့်ကြံမှု လမ်းကြောင်း နှစ်ခုစလုံးဟာ မျှတမှုရှိနေဖို့ လိုအပ်တယ်… ကျင့်ကြံတဲ့နေရာမှာ ကိုယ့်ကိုယ်ကိုယ် အရမ်းညှင်းဆဲတာမျိုး ဘယ်တော့မှ မလုပ်သင့်ဘူး…”
“အရွတ်မရီဒန် နှစ်ဆယ့်လေးခု ကျင့်စဉ်နဲ့ အထွဋ်အထိပ်သွေးကြော ကျင့်စဉ်ကို တစ်ပြိုင်နက်တည်း ကျင့်ကြံတာက အပြန်အလှန် အထောက်အကူ ပြုလိမ့်မယ်…”
“အရွတ်မရီဒန်ရဲ့ နည်းစနစ်တွေက ချီစွမ်းအား ကျင့်ကြံမှုအပေါ် အများကြီး အကူအညီဖြစ်စေသလို… အထွဋ်အထိပ် သွေးကြောကျင့်စဉ်ကလည်း အရွတ်မရီဒန်ရဲ့ လျှို့ဝှက်ချက်တွေကို ပိုမိုနက်နဲတဲ့ ထိုးထွင်းသိမြင်နိုင်စွမ်းရအောင် လုပ်ဆောင်ပေးလိမ့်မယ်…”
စွန်းယန်ဝမ် သည် ဆရာဖြစ်သူကို ဦးညွှတ်အရိုအသေပေးရင်း ကျေးဇူးတင်စကားဆိုကာ အပြင်ဘက်သို့ ပြန်ထွက်လာခဲ့သည်။ ထို့နောက် သူ့တပည့်နှစ်ဦးကို ညစာ ပြင်ဆင်ရန်အတွက် လှမ်းခေါ်လိုက်၏။
လင်ကျင်း နှင့် ကျန်းဖန်အာ တို့ ရောက်ရှိလာသည့် အချိန်မှစကာ ကျန်းယွမ်ချောင် သည် မီးဖိုဆောင်သို့ ဝင်ရောက်၍ ကိုယ်တိုင်ချက်ပြုတ်ရန် မလိုအပ်တော့ပေ။ ထိုကလေးနှစ်ဦးသည် ငယ်ရွယ်သေးသော်လည်း အလုပ်လုပ်ရာတွင် ရေသာခိုခြင်း အနည်းငယ်မျှ မရှိပေ။
အထူးသဖြင့် ဤလောကတွင် နာမည်ကျော် စားဖိုမှူးတစ်ဦးဟု ယူဆနိုင်သည့် စွန်းယန်ဝမ် ၏ လမ်းညွှန်မှုများ အမြဲတမ်း ရရှိနေသောကြောင့် သူတို့၏ ဟင်းလျာတိုင်းမှာ အံ့အားသင့်စရာ ကောင်းလောက်အောင် အရသာရှိလာခဲ့သည်။
ထိုအချက်က သူတို့ကို လစ်လျူရှုထားတတ်သော ဆရာဘိုးဘိုးကြီး ကျန်းယွမ်ချောင် ကိုပင် သူတို့အား အမြင်ကြည်လင်လာစေသည် အထိ ဖြစ်သည်။
မကြာမီ ကလေးနှစ်ဦးသည် ထမင်းအိုးတစ်လုံးနှင့် ဟင်းလျာငါးမျိုး ယူဆောင်ကာ အလျင်အမြန် ရောက်လာကြသည်။ ဆရာ၊ တပည့် စုစုပေါင်း မျိုးဆက်ငါးဆက်သည် အတူတကွ စားသောက်ကြပြီးနောက် ကျန်းယွမ်ချောင် သည် ကျင့်ကြံရန် ထွက်ခွာသွားခဲ့သည်။
ကျန်းချင်းရှီ နှင့် စွန်းယန်ဝမ် တို့မှာလည်း မျှော်စင်တစ်ခုကို ရွေးချယ်ကာ မျက်နှာချင်းဆိုင် ထိုင်လိုက်ပြီး သူတို့၏ နိစ္စဓူဝ ကျင့်ကြံမှုကို စတင်လိုက်ကြသည်။
ကျင့်ကြံခြင်း လောကတွင် နေ့စဉ်ကျင့်ကြံမှုသည် ကျင့်ကြံသူ တစ်ဦး၏ အသက်ဖြစ်သည်။ ဤကမ္ဘာတွင် ကျင့်ကြံသူတိုင်း နားလည်ထားသော ဆိုရိုးစကားတစ်ခုရှိသည်။
“တစ်ရက် ကျင့်ကြံမှု ပျက်ကွက်လျှင် မိမိကိုယ်တိုင် သိသည်”
“နှစ်ရက် ပျက်ကွက်လျှင် ဆရာလည်း သိသည်”
“သုံးရက် ပျက်ကွက်လျှင် ရန်သူများလည်း သိလာသည်”
“နှစ်ရှည်လများ လျစ်လျူရှုမိလျှင် ယမမင်းကိုယ်တိုင် သိသွားပြီ” ဟူ၍ဖြစ်သည်။
စွန်းယန်ဝမ် သည် အထွဋ်အထိပ် သွေးကြောကျင့်စဉ်ကို တစ်ကြိမ်ကျင့်ကြံပြီးနောက် ခန္ဓာကိုယ်ကို ပုံစံပြောင်းလိုက်ပြီး ရွှေမရီဒန်ကျင့်စဉ်မှ သူနားလည်ထားသည့် သိုင်းကွက်များကို အစမှအဆုံး ပြန်လှန် လေ့ကျင့်လိုက်သည်။
ထို့အပြင် သူ့ဆရာ သင်ပြပေးခဲ့သည့် အရွတ်မရီဒန် သုံးခုအပြင် အခြားအရွတ်မရီဒန် အနည်းငယ်ကိုပါ သူကိုယ်တိုင် ထိုးထွင်းသိမြင်မှုရအောင် ကြိုးစားနေခဲ့သည်။
အရွတ် မရီဒန် တစ်ခုချင်းစီတိုင်းသည် ဒါဇင်ပေါင်းများစွာသော ကြွက်သားမျှင်များဖြင့် ဖွဲ့စည်းထားပြီး ထိုကြွက်သားများ၏ စုပေါင်းအားကို တစ်ပြိုင်နက်တည်း ထုတ်လွှတ်ရခြင်း ဖြစ်သည်။
ထိုကဲ့သို့ ထုတ်လွှတ်နိုင်လျှင် လူသားတစ်ဦး၏ အဆုံးစွန်သော ခွန်အားမျိုး ထွက်ပေါ်လာစေမည် ဖြစ်သည်။
အရွတ်မရီဒန် တစ်ခုအပေါ် ထိုးထွင်းသိမြင်ပြီး ကျွမ်းကျင်သွားသည်နှင့် တစ်ပြိုင်နက် စွမ်းအားသည် ပိဿဒါဇင်နှင့်ချီကာ တိုးပွားလာသည်။
အကယ်၍ အရွတ်မရီဒန် နှစ်ဆယ့်လေးခုစလုံးအား ကျွမ်းကျင်သွားမည် ဆိုပါက စွမ်းအားသည် လက်ရှိစွမ်းအားထက် ဆယ်ဆကျော် ပိုမိုတိုးပွားလာပြီး ဒဏ္ဍာရီထဲတွင်သာ မှတ်တမ်းတင်ထားသော ရှေးခေတ်စစ်သူကြီးများ၏ ကြောက်မက်ဖွယ် စွမ်းအားမျိုး အမှန်တကယ် ပိုင်ဆိုင်လာမည် ဖြစ်သည်။
တစ်ကြိမ်မျှသာ လေ့ကျင့်ပြီးနောက် ရွှေအရွတ်မရီဒန် ကျင့်စဉ်အပေါ် ငြိမ်သက်ကာ စဉ်းစားခန်း ဝင်နေသော စာအုပ်ကြီးသမား ဖြစ်သူ ညီဖြစ်သူကို ကြည့်ကာ ကျန်းချင်းရှီ က စိတ်ဝင်တစားဖြင့် မေးသည်။
“ညီလေး… မင်းက ဒီကျင့်စဉ်ကို ဘာဖြစ်လို့ ဒီလောက်မြန်တဲ့ အရှိန်အဟုန်မျိုးနဲ့ နားလည်နေနိုင် ရတာလဲ…”
စွန်းယန်ဝမ် ခေတ္တခဏမျှ စဉ်းစားနေပြီးနောက် ပြန်ဖြေလိုက်သည်။
“နွား ဒါမှမဟုတ် သိုးတွေကို သတ်ဖြတ်တာကို အစ်ကိုကြီး မြင်ဖူးတယ် မဟုတ်လား…”
“မြင်ဖူးတာပေါ့…”
ကျန်းချင်းရှီ က မဆိုင်းမတွ ဖြေသည်။
စွန်းယန်ဝမ် သည် ကျန်းချင်းရှီ အား ခေတ်သစ်သိပ္ပံပညာ အသုံးအနှုန်းများဖြင့် ကြွက်သား တည်ဆောက်ပုံစနစ်၊ တွန်းအား၊ အရွတ်ဖွဲ့စည်းပုံတို့အား သွားရှင်းပြမည်ဆိုလျှင် လုံးဝရှုပ်ထွေးကုန် လိမ့်မည်ဖြစ်သည်။
ထို့ကြောင့် ဤကမ္ဘာမှ ဒေသခံများ နေ့စဉ် ကြုံတွေ့၊ မြင်တွေ့နေရသည့် နွားများ၊ သိုးများအား သတ်ဖြတ်ပြီး အသားပေါ်သကဲ့သို့ အဖြစ်အပျက်နှင့် နှိုင်းယှဉ်ကာ လူ့ခန္ဓာကိုယ်၏ အခြေခံဖွဲ့စည်းပုံကို အတတ်နိုင်ဆုံး ရှင်းပြခဲ့သည်။
ကျန်းချင်းရှီ သည် ညီဖြစ်သူ ရှင်းပြသည့် အခြေခံသဘောတရားမှာ ယုတ္တိဗေဒနှင့် အလွန်ကွဲလွဲနေကြောင်း ခံစားမိသော်လည်း သံသယတချို့နှင့်အတူ သူပြောသလို စမ်းသပ်ကြည့်လိုက်၏။
အချိန်အနည်းငယ်ခန့် ကြာပြီးနောက်… လွန်ခဲ့သော နှစ်အနည်းငယ်ခန့်ကပင် ကြိုးစားနေခဲ့ကာ အောင်မြင်မှုနှင့် အလှမ်းဝေးနေဆဲဖြစ်သော အရွတ်မရီဒန် တစ်ခုအပေါ် ရုတ်တရက် ထိုးထွင်းသိမြင်သွားပြီး ကျန်းချင်းရှီ ၏ စွမ်းအားသည် ချက်ခြင်းဆိုသလို ပိဿဒါဇင်နှင့်ချီကာ တိုးပွားလာခဲ့သည်။
သူအကြီးအကျယ် မျက်လုံးပြူးသွားပြီး လုံးဝ မယုံကြည်နိုင်ဟန်ဖြင့် နောက်ထပ် အရွတ်မရီဒန် တစ်ခုကို ဆက်ကြိုးစားကြည့်လိုက်သည်။
အကြိမ်အနည်းငယ်သာ ကျင့်ကြံရပြီးနောက် ရုတ်တရက် ပြင်းထန်သော စွမ်းအားတစ်ခု စတင် ဖွဲ့စည်းလာပြီး ထိုမရီဒန် အရွတ်မှာလည်း အလွန်လွယ်ကူစွာ ထိုးထွင်းသိမြင်သွားပြန်သည်။
ထိုအခါကျမှသာ ကျန်းချင်းရှီ သည် ဤမျှ ရိုးရှင်းလွန်းပြီး ဖြစ်နိုင်ချေ လုံးဝမရှိသည့် အယူအဆကို ယုံကြည်လက်ခံ သွားရတော့သည်။ သူက အနည်းငယ်စဉ်းစားပြီး ပြောလိုက်သည်။
“ညီလေး… ဒီကိစ္စကို ငါတို့ ဆရာကို လုံးဝသွားပြောလို့ မဖြစ်ဘူးနော်… တကယ်လို့ သူသာ သိသွားရင် မင်း ငါ့ကို ပြောပြမယ့် အရာအားလုံးကို ပိတ်ပစ်လိုက်လိမ့်မယ်…”
“ဒီလျှို့ဝှက်ချက်က ဂိုဏ်းတစ်ခုလုံးအတွက်တောင် အခြေခံအုတ်မြစ်ကြီးအဖြစ် အသုံးပြုလို့ရတယ်…”
စွန်းယန်ဝမ် က တဟဲဟဲရယ်လိုက်ပြီး မည်သည့်စကားကိုမျှ ပြန်လည်ပြောဆိုခြင်း မရှိပေ။ ဤအနည်းငယ်သော ပြောပြမှုလေးက တပည့်နှစ်ဦးကြားမှ ဆက်ဆံရေးကို ပို၍ပင် နီးကပ်သွားစေခဲ့သည်။
နောက်တစ်နေ့ နံနက်တွင်တော့ စွန်းယန်ဝမ် သည် သူ့အစ်ကိုကြီးအား မည်သည့်နေရာတွင်မျှ ရှာမတွေ့တော့သဖြင့် ဆရာဖြစ်သူကို တိုက်ရိုက်ပင် သွားမေးခဲ့သည်။ ဆရာ့ထံမှ အစ်ကိုကြီးသည် တံခါးပိတ်ကျင့်စဉ် ဝင်သွားပြီးဖြစ်ကြောင်း ကြားရသောအခါ သူ့၏ စိုးရိမ်စိတ်က ငယ်ထိပ်ကို တက်စောင့်သွား၏။
သူသည် ထိုအချိန်မှစကာ ဆရာဖြစ်သူ အပါးမှ တစ်ဖဝါးပင် မခွာတော့ဘဲ အမြဲတမ်း အရိပ်လို ကပ်တွယ်နေခဲ့တော့သည်။ အောက်လမ်းဂိုဏ်းများမှ သူ့အား နောက်တစ်ကြိမ်ပစ်မှတ် ထားလာမည်ကို သူ အကြီးအကျယ် ကြောက်လန့်သွားခဲ့ပြီ ဖြစ်သည်။
ဆရာဖြစ်သူ၏ အနီးသို့ ရောက်လာသောအခါ အနည်းငယ် နားငြီးသည်မှန်သော်လည်း ဆရာ၏ အနီးကပ်ညွှန်ကြားပြသမှုက အချိန်တိုင်း ရရှိနေသောကြောင့် သူ့အတွက် တန်ဖိုးမဖြတ်နိုင်သော ခံစားခွင့်က တနင့်တပိုး ရရှိလာခဲ့လေသည်။