← Chapters

မူ၏ ကလေး

Vol. 139 Ch. 1784

မူ၏ ကလေး

Vol. 139 Ch. 1784

သခင်လေးသုံးလင်းရှောင်မှာ ဒွိဟ ဖြစ်‌နေသည်။ ဆဋ္ဌမမြောက် အနီရောင်ကြိုးကို ဆွဲဖြုတ်လိုက်သည်နှင့် သခင်လေးနှစ်ကို လွှတ်ပေးမိလိမ့်မည်။

အတိတ်တုန်းက သခင်လေးသုံးသည် မီလော့နန်းတော်အရှင်သခင်၏ အနီရောင်ကြိုးထုံးချိပ်တံဆိပ်နှင့် ပတ်သက်၍ များများစားစား မသိရှိခဲ့သော်လည်း ချင်မူက အနီရောင်ကြိုးထုံးချိပ်တံဆိပ်ဖြင့် သူ့ကို တိုက်ခိုက်ခဲ့သည်မဟုတ်လော။ ခွန်အားနှင့် အသိစိတ်အလျဥ် တစ်စိတ်တစ်ပိုင်းမှာ ရှစ်နှစ်ကြာအောင် ချိပ်ပိတ်ခံခဲ့ရသောကြောင့် ဤချိတ်တံဆိပ်အပေါ် နက်ရှိုင်းစွာ သိမြင်နားလည်ခဲ့၏။

ရှစ်နှစ်အတွင်း ချင်မူထုတ်သုံးခဲ့သော အနီရောင်ကြိုးထုံး၏ ပြောင်းလဲမှုမှန်သမျှ သိမြင်နားလည်ခဲ့သည်။

ပြောရလျှင် သူကိုယ်တိုင်လည်း မီလော့နန်းတော်အရှင်သခင်၏ တပည့် မဟုတ်ပါလော။ ချင်မူ သိမြင်ထားသည့် အနီရောင်ကြိုးထုံး၏ ပြောင်းလဲမှုများကို နားလည်ပြီးနောက် မီလော့နန်းတော်အရှင်သခင်၏ အနီရောင်ကြိုးထုံးချိပ်တံဆိပ်ထဲမှ နက်နဲအံ့ဩဖွယ်ရာများကို ပိုမိုမြင်တွေ့နိုင်ခဲ့သည်။

မီလော့နန်းတော်အရှင်သခင် ချန်ထားခဲ့သော အကြီးမားဆုံးနက်နဲမှုမှာ ဆဋ္ဌမမြောက်အနီရောင်ကြိုးပင် ဖြစ်၏။

သခင်လေးနှစ်မှာ ဆဋ္ဌမမြောက်အနီရောင်ကြိုး၏ နက်နဲမှုကို နားမလည်နိုင်ခဲ့ပုံပင်။ သူမသည် ဟိုးယခင်များကတည်းက မီလော့နန်းတော်၏ လမ်းစဉ်များ၊ ကျင့်စဉ်များနှင့် ကောင်းကင်နတ်သိုင်းများကို စွန့်လွှတ်ခဲ့ပြီး အဆုံးသတ်မြို့ပျက်တာအိုကျင့်စဉ်ကိုသာ လေ့လာခဲ့သူ ဖြစ်၏။

သို့သော် သခင်လေးသုံးမှာမူ ဆဋ္ဌမမြောက် အနီရောင်ကြိုး၏ နက်နဲမှုကို မြင်တွေ့နိုင်သည်။

ဤသည်မှာ မီလော့နန်းတော်အရှင်သခင် သခင်လေးနှစ်အတွက် ချန်ထားခဲ့သော ထွက်ပေါက်ပင်။

မီလော့နန်းတော်အရှင်သခင်မှာ သနားကြင်နာတတ်သည်။ အသန်မာဆုံး ရန်သူကို ရင်ဆိုင်ရာတွင်ပင် အသက်ရှူပေါက် ချန်ထားခဲ့ရာ သူ၏တပည့်အတွက်ကိုတော့ ပြောစရာပင် မလိုချေ။

‘ငါ ဆဋ္ဌမမြောက် အနီရောင်ကြိုးကို ဆွဲလိုက်တာနဲ့ အနီရောင်ကြိုးထုံးချိပ်တံဆိပ်က ပြာကျသွားပြီး နှစ် လွတ်မြောက်သွားလိမ့်မယ်… ခုနစ်က ပိုပိုပြီး ရင်ဆိုင်ရခက်လာပြီ… သူ့ကို ဖိနှိပ်နိုင်တဲ့ တစ်ဦးတည်းသောသူက အစ်မတော်ပဲ … ဒါပေမဲ့ အစ်မတော်ကို လွှတ်ပေးလိုက်ရင်…”

သူ့မှာ ကြက်သီးမွှေးညှင်း တဖြန်းဖြန်း ထသွားသည်။ သခင်လေးနှစ်ကို လွှတ်ပေးလိုက်ပါက ချင်မူ့ထက်ပင် အန္တရာယ်များနိုင်သည်။

ချင်မူသည် မီလော့နန်းတော် ၁၇ စင်းမြောက် စကြဝဠာသို့ ဆင်းသက်လာခြင်းကို တားဆီးရန်သာ ကြိုးစားနေခြင်း ဖြစ်၏။ မီလော့နန်းတော်သာ မဆင်းသက်လာပါက မီလော့နန်းတော်ကို နှောင့်ယှက်ရန် စိတ်ထဲပင် ထည့်မည်မဟုတ်ချေ။

သို့သော် သခင်လေးနှစ်ကတော့ ထိုသို့မဟုတ်ပေ။

သူမ လွတ်မြောက်လာပါက လောကကြီးကို ဖျက်ဆီးပြီး အရာအားလုံးကို ချေမှုန်းပစ်နိုင်၏။ မီလော့နန်းတော်ဖြစ်စေ၊ လောကသစ်ပင်ဖြစ်စေ၊ ၁၇ စင်းမြောက် စကြဝဠာဖြစ်စေ အားလုံး ဖျက်ဆီးခံရပေလိမ့်မည်။

နှစ်သည် အစွန်းရောက်သူ တစ်ဦးဖြစ်၏။ ၁၆ စင်းမြောက် စကြဝဠာတွင် မီလော့နန်းတော်မှ တာအိုသိုင်းပညာရှင်များကို စတင်တိုက်ခိုက်ခဲ့သည့်အပြင် အခြားတာအိုသိုင်းပညာရှင်များကိုလည်း တိုက်ခိုက်ခဲ့သည်။

အပြင်လူများနှင့် ခန်းမသခင်အချို့ပင်လျှင် ရှန့်ကျွင်းက တာအိုသိုင်းပညာရှင်များကို သတ်ဖြတ်ခဲ့သည်ဟု ယူဆခဲ့ကြသော်လည်း တာအိုသိုင်းပညာရှင်များကို သတ်ဖြတ်သူမှာ သခင်လေးနှစ် ဖြစ်နေမည်ဟု မမျှော်လင့်ခဲ့ကြပေ။ ရှန်ကျွင်း၏ လက်ချက်ဖြင့် သေဆုံးခဲ့သော တာအိုသိုင်းပညာရှင်များသည် သခင်လေးနှစ်၏ လက်ချက်ဖြင့် သေဆုံးခဲ့သူများ၏ အစွန်းထွက်ပင် မရှိပေ။

သို့သော် ချင်မူ၏ ကလေးကို မွေးဖွားခွင့်ပေးလိုက်ပါက မီလော့နန်းတော်အတွက် အားကြီးသော ပြိုင်ဘက်တစ်ဦး တိုးပွားလာမည်။ မီလော့နန်းတော်ပင် ပျက်စီးသွားနိုင်၏။

သခင်လေးသုံးက အနီရောင်ကြိုးထုံးချိပ်တံဆိပ်ပေါ်သို့ ဆင်းသက်လိုက်ပြီး သူ၏အသံသည် အဆုံးသတ်မြို့ပျက်ထဲသို့ ပျံ့လွင့်သွား၏။ “အစ်မတော်၊ မောင်လေး လာရောက်တွေ့ဆုံပါတယ်”

အဆုံးသတ်မြို့ပျက်ထဲတွင် တိတ်ဆိတ်ငြိမ်သက်နေပြီး အချိန်အတော်ကြာမှ သခင်လေးနှစ်၏ အသံ ထွက်ပေါ်လာသည်။ သူမက တခစ်ခစ် ရယ်မောလိုက်သံဖြင့် စကားစသည်။ “သုံး ပါလား… လင်းရှောင်၊ နင် ငါနဲ့ တွေ့ဖို့လာတာ ဘာကိစ္စ ရှိလို့လဲ… ဟုတ်သား… နင်က ၁၇ စင်းမြောက် စကြဝဠာဆီ မဆင်းသက်ရသေးဘူးပဲ… ခုနစ်က ပိတ်ဆို့နေတာမလား… ဒါကြောင့် ငါ့ကို လာတွေ့တာပေါ့… ဒီလမ်းကြောင်းနဲ့ ၁၇ စင်းမြောက် စကြဝဠာထဲကို ဝင်ရောက်ချင်လို့ မဟုတ်လား… ဆင်းလာခဲ့လေ…”

သူမ၏ အသံသည် ထူးဆန်းပြီး ခန့်မှန်း၍မရနိုင်ချေ။ “ဒီလောကမှာ မပျက်စီးနိုင်တဲ့ ဒြပ်ထု နှစ်ခုပဲ ရှိမှန်း နင် သိသင့်တယ်… တစ်ခုက လောကသစ်ပင် ... နောက်တစ်ခုက အဆုံးသတ်မြို့ပျက်ပဲ… ‌တစ်လောကလုံးက လူတွေက တုံးအကြတယ်… လောကသစ်ပင်ကနေ ခိုးဝင်ဖို့ပဲ စဉ်းစားနေကြတာ… အဆုံးသတ်မြို့ပျက်ကနေ ခိုးဝင်တာက အလွယ်ကူဆုံးပဲ ဆိုတာ မစဉ်းစားမိကြဘူး… သုံး၊ နင် အဆုံးသတ်မြို့ပျက်ကြာပန်းအတိုင်း ဆင်းသက်လာနိုင်တယ်… ဘယ်ကြာရိုးက ၁၇ စင်းမြောက် စကြဝဠာကို သွားတဲ့လမ်းလဲ ဆိုတာ ငါ လမ်းညွှန်ပေးမယ်”

သခင်လေးသုံးက မလှုပ်ရှားပေ။

အဆုံးသတ်မြို့ပျက်ထဲသို့ ဝင်ရောက်သွားပါက ကိုယ်ပိုင်တာအိုအား ဖျက်ဆီးခြင်းနှင့် တူ၏။ သခင်လေးနှစ်ဟူသော မကောင်းဆိုးဝါးမကြီး ရှိနေသည့်အတွက် မည်သူက အဆုံးသတ်မြို့ပျက်ထဲသို့ ဝင်ရောက်ရဲမည်နည်း။

သူမက ဆိုးသွမ်းလွန်း၍ မီလော့နန်းတော်အရှင်သခင်မှာ သူမကို ၁၆ စင်းမြောက် စကြဝဠာ၏ အဆုံးသတ်မြို့ပျက် အသူရာချောက်နက်ထဲတွင် ချုပ်နှောင်ဖိနှိပ်ထားခဲ့ခြင်း မဟုတ်လော။

“ကျွန်တော် အစ်မတော်ဆီ လာရတာက ခုနစ်ရဲ့ ကလေး မွေးဖွားတော့မယ်ဆိုတာ ပြောဖို့ပါ”

သခင်လေးသုံးက ပြော၏။ “ခုနစ်ရဲ့ ကလေးက အခုအချိန်မှာ သူ့အမေ ဝမ်းဗိုက်ထဲမှာပဲ ရှိနေသေးတယ်… ခုနစ်က ဇနီးကို ခေါ်ဆောင်ပြီး မြစ်တစ်ဆယ့်ခြောက်စင်းကို ဖြတ်ကျော်ရင်း မီလော့နန်းတော်မှာ ဆရာနဲ့ တွေ့ဖို့ စီစဉ်နေတယ်... ဒီလမ်းတစ်လျှောက်မှာ သူက အဆုံးသတ်မြို့ပျက်ကြာပန်းနဲ့ လောကသစ်ပင်ကို သုံးပြီး မဟာပျက်စီးခြင်းကပ်ဘေးရဲ့ စွမ်းအားနဲ့ မိခင်ဝမ်းဗိုက်ထဲက ကလေးကို အာဟာရဖြည့်တင်းပေးနေတယ်”

အဆုံးသတ်မြို့ပျက် အသူရာချောက်နက်ထဲတွင် တိတ်ဆိတ်သွားသည်။

အချိန်အတော်ကြာပြီးနောက် သခင်လေးနှစ်၏ အသံ ထွက်ပေါ်လာသည်။ “ခုနစ်က မီးနဲ့ ကစားနေတာပဲ… သူက သူ့ကလေးကို စကြဝဠာခေတ်အားလုံးရဲ့ ကလေးအဖြစ် ပျိုးထောင်ချင်နေတာလား…အဓိပ္ပာယ် မရှိလိုက်တာ ”

သခင်လေးသုံးက မီးလောင်ရာ လေပင့််သည်။ “အစ်မတော်၊ ဒီကလေး မွေးဖွားလာရင် အရှေ့က စကြဝဠာတစ်ဆယ့်ခြောက်စင်းရဲ့ ကံကြမ္မာကို ၁၇ စင်းမြောက် စကြဝဠာမှာ စုစည်းသွားစေလိမ့်မယ်… ကျွန်တော်တို့ မီလော့နန်းတော်ဟာ ရှေ့ဆုံးက ခံရလိမ့်မယ်… အစ်မတော်လည်း လွတ်မြောက်နိုင်မှာ မဟုတ်ဘူး”

“နင် ငါ့ကို ဘာလုပ်စေချင်တာလဲ” သခင်လေးနှစ်က မေးသည်။

သခင်လေးသုံးသည် ပြတ်သားစွာ ဖြေ၏။ “ဒီကလေးကို သတ်ပစ်ရမယ်… ဒါမှမဟုတ် လုယူရမယ်… သူ့ကို တခြားသူတွေလက်ထဲ ရောက်ခွင့်‌ပေးလို့ မဖြစ်ဘူး”

သခင်လေးနှစ်က နှာခေါင်းရှုံ့လိုက်သည်။ “ငါက ဒီနေရာမှာ ချုပ်နှောင်ခံထားရတာလေ … ဘယ်လိုလုပ် သူ့ကို သတ်နိုင်မှာလဲ ဟယ့် … သုံး၊ နင် ဆရာ့ရဲ့ ချိပ်တံဆိပ်ကို ဖြည်လိုက်… ငါ သူ့ကို သွားသတ်မယ်”

သခင်လေးသုံး ခေါင်းခါ၏။ “ဒါက မီလော့နန်းတော်ရဲ့ သေရေးရှင်ရေးနဲ့ သက်ဆိုင်နေတာ…”

“ငါနဲ့ ဘာဆိုင်လို့လဲ” သခင်လေးနှစ်က အေးစက်စွာ တုံ့ပြန်သည်။

သခင်လေးသုံးလင်းရှောင်မှာ မျက်နှာပျက်သွားပြီး စိတ်ရှည်စွာ ရှင်းပြသည်။ “ဒါက အဆုံးသတ်မြို့ပျက်ရဲ့ ကံကြမ္မာနဲ့လည်း သက်ဆိုင်တယ်… ဒီကလေးက မဟာပျက်စီးခြင်းကပ်ဘေးရဲ့ အနှစ်သာရကနေ မွေးဖွားလာတာ… သူ ကြီးထွားလာတာနဲ့အမျှ အဆုံးသတ်မြို့ပျက်ရဲ့ စွမ်းအားကို အဆက်မပြတ် စုပ်ယူပြီး နောက်ဆုံးမှာ အဆုံးသတ်မြို့ပျက်ကို အငွေ့ပျံသွားတဲ့အထိ ဖြစ်စေလိမ့်မယ်…”

“အဲ့ဒါက နင်နဲ့ ဘာဆိုင်လို့လဲ” သခင်လေးနှစ်က တခစ်ခစ် ရယ်မောလိုက်၏။

သခင်လေးသုံး မျက်နှာအကြီးအကျယ် ပျက်သွားပြီး လေးနက်စွာ ရှင်းပြပြန်သည်။ “အစ်မတော် လုပ်ဆောင်ရမယ့်ကိစ္စက ရိုးရှင်းပါတယ်… အဲ့ဒါက အဆုံးသတ်မြို့ပျက်ရဲ့ စွမ်းအားကို အသက်သွင်းပြီး ခုနစ် ဖရိုဖရဲမြစ်ကို ထိန်းချုပ်လို့မရအောင် လုပ်ပေးဖို့ပဲ… ကျွန်တော်က နောက်ပိုင်း မြစ်တွေဆီ သွားပြီး သူ့ကို တားဆီးမယ်… အဲ့ဒီကလေးကို သေချာပေါက် သတ်ပစ်ရမယ်… အပြန်အလှန်အနေနဲ့…”

သူ အနည်းငယ် တုံ့ဆိုင်းသွားပြီး အံကြိတ်ကာ ဆွဲဆောင်လိုက်၏။ “အစ်မတော်ကို ဆရာ့ချိပ်တံဆိပ်ထဲက သင်္ကေတစ်ခု ဖြေလျှော့ပေးမယ်… အစ်မတော်ရဲ့ စွမ်းအား စိမ့်ထွက်လာနိုင်အောင်ပေါ့”

အဆုံးသတ်မြို့ပျက် အသူရာချောက်နက်ထဲတွင် တိတ်ဆိတ်သွားသည်။

အချိန်အတော်ကြာပြီးနောက် သခင်လေးနှစ်၏ အသံ ထွက်ပေါ်လာသည်။ “ဒါဆိုလည်း သင်္ကေတတစ်ခုပေါ့လေ… နင် သင်္ကေတတစ်ခု ဖြေလျှော့ပေးတာနဲ့ ငါ နင့်ကို ကူညီပေးမယ်… ခုနစ် ဖရိုဖရဲမြစ်ထဲကနေ ဘာစွမ်းအားမှ ငှားယူလို့မရအောင် လုပ်ပေးမယ်… ဒါပေမဲ့ သုံး နင် သေချာ စဉ်းစား… နင် အတိတ်စကြဝဠာရဲ့ မဟာပျက်စီးခြင်းကပ်ဘေးထဲကို ပြန်သွားရင် ပိုပိုပြီး အားနည်းလာလိမ့်မယ်…. နင်က ကမ္ဘာဦးဖရိုဖရဲ မဟုတ်ဘူး… နင် အတိတ်ဆီ ပြန်သွားရင် ပိုင်ဆိုင်တဲ့ ကျင့်ကြံခြင်းအခြေခံက အတိတ်ရဲ့ ကျင့်ကြံခြင်းအခြေခံပဲ….. ခုနစ်ရဲ့ ပြိုင်ဘက် မဟုတ်မှာ စိုးရိမ်မိတယ်”

လင်းရှောင်က အနီရောင်ကြိုးကို သေချာစွာ ကြည့်လိုက်ပြီး သင်္ကေတတစ်ခုကို ဂရုတစိုက် ချေဖျက်ကာ လေးနက်စွာ ပြောလိုက်သည်။ “ခုနစ်သာ ဖရိုဖရဲမြစ်ထဲကနေ ဘာစွမ်းအားမှ ငှားယူလို့မရရင် သူက ကျွန်တော့်ပြိုင်ဘက် မဟုတ်ဘူး… အစ်မတော် ကတိပေးထားတဲ့အတိုင်း ကျွန်တော် လုပ်ဆောင်ပြီးပြီ…. ကတိအတိုင်း လုပ်ဆောင်ဖို့ အစ်မတော်အလှည့်ပဲ”

“နင် ၁၅ စင်းမြောက် စကြဝဠာဆီ သွားလိုက်… အဲ့ဒီနေရာမှာ သူ ဘာစွမ်းအားမှ ငှားယူလို့ မရဘူး”

သခင်လေးသုံးလင်းရှောင်လည်း ဤစကားကို ကြားသည်နှင့် စိတ်အားတက်ကြွလာပြီး ချက်ချင်းပင် ထွက်ခွာသွားသည်။

သူ ထွက်ခွာသွားပြီး မကြာမီတွင် အနီရောင်ကြိုးထုံးချိပ်တံဆိပ်ထဲမှ အဆုံးသတ်မြို့ပျက်စွမ်းအားတစ်မျှင်က ပျောက်ဆုံးနေသော ကမ္ဘာဦးဖရိုဖရဲသင်္ကေတနေရာတွင် ထွက်ပေါ်လာပြီး အဆုံးသတ်မြို့ပျက် သင်္ကေတအသေးစားလေးအဖြစ် ပြောင်းလဲသွားကာ လစ်လပ်နေသော နေရာတွင် အစားထိုးလိုက်၏။

“မိုင်ထောင်ချီရှည်တဲ့ ဆည်က ပုရွက်ဆိတ်တွင်းကြောင့် ပြိုကျနိုင်တယ်… ဒီ သင်္ကေတတစ်ခုက ငါ လွတ်မြောက်ဖို့ အစပဲ”

သခင်လေးသုံးလင်းရှောင်သည် ၁၅ စင်းမြောက် စကြဝဠာ၏ မဟာပျက်စီးခြင်းကပ်ဘေးထဲသို့ ဝင်ရောက်လိုက်သည်နှင့် ချက်ချင်းပင် ကျင့်ကြံခြင်းအခြေခံ ထိုးကျသွားသည်ကို ခံစားလိုက်ရ၏။

၁၅ စင်းမြောက် စကြဝဠာ၏ မဟာပျက်စီးခြင်းကပ်ဘေးထဲတွင် သူ နောက်တစ်ယောက် ရှိနေသည်မဟုတ်လော။ သူ မဟာကပ်ဘေးထဲသို့ ဝင်ရောက်သွားသည့်အခါတွင် ထိုသူမှာ ပျောက်ကွယ်သွားသည်။ သို့‌သော် သူ၏ ကျင့်ကြံခြင်းအခြေခံမှာမူ ထိုသူ၏ အဆင့်နှင့် တန်းတူဖြစ်သွား၏။

ဤသည်မှာ သူ့အတွက် အတော်လေး အရေးနိမ့်စေသည်။

သို့သော် ချင်မူသာ မဟာပျက်စီးခြင်းကပ်ဘေးထဲမှ မည်သည့်စွမ်းအားကိုမျှ ငှားယူနိုင်ခြင်း မရှိပါက သူ၏ပြိုင်ဘက် လုံးဝမဟုတ်ပေ။

သခင်လေးသုံးကား စိတ်အားတက်ကြွလာပြီး လောကပေါင်းကူးရွှေသင်္ဘောနောက်သို့ လိုက်ဖမ်းတော့သည်။ ရှေ့တွင် ရွှေသင်္ဘောကို လှမ်းမြင်နေရပြီး ချင်မူမှာ အဆုံးသတ်မြို့ပျက်ကြာပန်းနှင့် လောကသစ်ပင်ကို အသုံးပြု၍ မဟာပျက်စီးခြင်းကပ်ဘေး၏ စွမ်းအားကို စုပ်ယူနေလျက် သူ့ကိုယ်သူ သန်မာလာစေသည့်အပြင် မမွေးဖွားသေးသော ကလေးကိုပါ အာဟာရဖြည့်တင်းပေးနေ၏။

သခင်လေးသုံးမှာ လိုက်မှီတော့မည့်အချိန်တွင် ရုတ်တရက် ရပ်တန့်လိုက်သည်။

မဟာပျက်စီးခြင်းကပ်ဘေးထဲတွင် ဗလတောင့်တောင့် ပုဂ္ဂိုလ်တစ်ဦး တွေ့လိုက်ရ၏။ သူ၏ အဝတ်အစားများမှာ စုတ်ပြဲနေနေပြီး အသွင်မှာလည်း အချုပ်အနှောင်ကင်းမဲ့သော လူပေတစ်ယောက်နှင့် တူသည်။ ထိုသူသည် ရတနာခန်းမတစ်ခုရှေ့တွင် ရပ်ကာ စစ်ဗုံကို တီးရင်း သီချင်းဆိုနေသည်။ “ထိုက်ဝေဟာ စကြဝဠာကို ပုံဖော်တယ်... ယောင်ကွမ်းက တိုင်းပြည်ကို ပြုပြင်တယ်... ခွေ့ရစ်က သမိုင်းအလင်းရောင်ကို ဆောင်ကြဉ်းတယ် ... ရှန်းတုဟာ မြင်ကြားသမျှကို လှပစေတယ်... ဟန်မင်းဆက်ဟာ တော်ဝင်နန်းတော်ကို တည်ဆောက်ပြီး ကောင်းကင်ဖွင့်လှစ်လို့ ရတနာခန်းမဆောင်ကို ဖန်ဆင်းတော်မူတယ်...”

“တျန်းတုက ကောင်းကင်ဖွင့်လှစ်တယ်”

သခင်လေးသုံးလင်းရှောင် တုန်လှုပ်အံ့သြသွားသည်။ အနီရောင်သစ်တောတစ်ခုက အဝေးရှိ မဟာပျက်စီးခြင်းကပ်ဘေးထဲတွင် ထွက်ပေါ်လာသည်ကို တွေ့လိုက်ရ၏။ မဟာကပ်ဘေးမှာ ပြင်းထန်လှပြီး အရာအားလုံးကို ဖျက်ဆီးနေသည်။ သို့‌သော် ထိုအနီရောင်သစ်တောမှာမူ အုံ့ဆိုင်းဝေဆာနေ၏။ အနီရောင်သစ်ရွက်များက မီးလျှံထက်ပင် ရဲတောက်ကာ ဝေဝေဆာဆာ ဖြာနေကြသည်။

“အို နတ်အရှင် အဘယ်မှာများလဲ... အို ထိုက်ယီ အဘယ်မှာများလဲ... ကောင်းကင်အရှေ့ဘက်က မီးနဂါးနားခိုရာ သစ်ပင်လို”

သစ်ပင်တောအုပ်ထဲတွင် အနီရောင်ဝတ်ရုံ ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦးက သီချင်းဆိုနေသည်။ “ဘယ်သူကများ သခင်လေးကို ခေါင်းဖြတ်လို့ ကပ်ဘေးထဲက တျန်းတုဆီ ဦးတည်သွားမှာ”

သခင်လေးသုံးလင်းရှောင် နှာခေါင်းရှုံ့လိုက်သည်။ ကပ်ဘေးထဲတွင် လှေငယ်တစ်စင်း ပျံဝဲလာသည်။ လှေပေါ်တွင် ဗိုက်ပူပူ တံငါသည်အဘိုးကြီးတစ်ဦး ထိုင်နေသဖြင့် လှေငယ်၏ ပဲ့ပိုင်းကို မြောက်တက်နေစေ၏။ လှေဦးပိုင်းမှာ ကပ်ဘေးထဲသို့ နစ်မြုပ်လုဆဲဆဲပင်။

ထိုတံငါသည်အဘိုးကြီးက ငါးမျှားတံကိုကိုင်ကာ ဖရိုဖရဲမြစ်ထဲတွင် ငါးမျှားနေသည်။ သူက ဝါးခမောက်ကို တစ်ချက်ပင့်လိုက်ပြီး ပြုံးလိုက်၏။ “ဟောဟိုသည်က တောင်တန်းတွေကနေ ပင်လယ်ပြာထိ ကျယ်ပြန့်နေတဲ့ တျန်းတုဟာ ငါတို့ လက်တစ်ကမ်းမှာ... မိုးတိမ်ဖြူတွေနဲ့ အဝေးက မျက်ဝန်းတွေ အကြည့်ချင်းဆုံတယ်... မြူပြာပြာတွေဟာ နီးလေပျောက်လေပဲမလို့.... ငါးစာကို ဟပ်ချင်သူတွေ ငါးစာကို ဟပ်ချင်သူတွေ...”

၁၅ စင်းမြောက် စကြဝဠာ၏ မဟာပျက်စီးခြင်းကပ်ဘေးထဲတွင် ထူးဆန်းသော ပုံပန်းသဏ္ဌာန်ရှိသော အမျိုးသမီးနှင့် အမျိုးသားများ ထွက်လာကြပြီး သခင်လေးသုံး၏ လမ်းကို ပိတ်ဆို့ထားကြသည်။ စုစုပေါင်း သုံးဆယ့်ငါးဦး ရှိ၏။

“တျန်းတုရဲ့ ကောင်းကင်ဖွင့်လှစ်သူ ၃၅ ယောက်က ဆန်ကုန်မြေလေးတွေပဲ”

သခင်လေးသုံးက အနည်းငယ်မှ မကြောက်ရွံ့ဘဲ ရှေ့သို့ လျှောက်သွားလိုက်သည်။ “မင်းတို့ ၃၅ ယောက်က ထိုက်ယီ၊ တျန်းတုတို့နဲ့ ယှဉ်ရင် အများကြီး ကွာတယ်”

ဗုံတီးနေသော လူကြီးက ရယ်မောကာ ပြောသည်။ “မီလော့နန်းတော်က ညီနောင်သုံး၊ ငါတို့က ခုနစ် မြစ်ကို ဖြတ်ကူးလို့ရအောင် မင်းကို အချိန်အတိုင်းအတာတစ်ခုအထိ တားထားရုံပဲ… မီလော့နန်းတော်က အထွတ်အမြတ်ကလေးငယ် မွေးဖွားလာတာကို ငါတို့လည်း အာရုံစိုက်နေတာ ကြာပြီ”

သခင်လေးသုံးလင်းရှောင် ရှေ့သို့ တက်သွားသည်။ တျန်းတု ကောင်းကင်ဖွင့်လှစ်သူများမှာ ချက်ချင်းပင် အသီးသီးလှုပ်ရှား၍ သူ့ပတ်ပတ်လည်တွင် ဝိုင်းရံသတ်ဖြတ်ကြသည်။

သခင်လေးသုံးမှာ အမှန်ပင် အလွန်ရဲရင့်ပေသည်။ သွေးချောင်းစီးသည့်တိုင်အောင် အတင်းအကြပ် သတ်ဖြတ်ကာ ကောင်းကင်ဖွင့်လှစ်သူများကို နောက်ဆုတ်သွားစေခဲ့သည်။ သူ့မှာ မောဟိုက်သဖြင့် အသက်ပြင်းပြင်း ရှူနေ၏။ သူ ဝိုင်းထားခံရမှုမှ လွတ်မြောက်သွားသည့်အခါတွင် လောကပေါင်းကူးရွှေသင်္ဘောမှာ ပျောက်ကွယ်သွားပြီ ဖြစ်ကြောင်း တွေ့လိုက်ရသည်။

သူ ၁၄ စင်းမြောက် စကြဝဠာသို့ ရောက်သွားပြီး မြစ်ထဲသို့ ခုန်ဆင်းလိုက်သည်။ ကျင့်ကြံခြင်းအခြေခံ အနည်းငယ် နိမ့်ကျသွားသော်လည်း အားကုန်ထုတ်ကာ လောကပေါင်းကူးရွှေသင်္ဘောနောက်သို့ လိုက်ဖမ်းနေသည်။

“ကောင်းကင်ဖွင့်လှစ်သူတွေက ခုနစ်ရဲ့ ကလေးကို အထွတ်အမြတ်ကလေးငယ်အဖြစ် သတ်မှတ်ထားတယ်… ဒါဆိုရင် လမ်းမှာ ခုနစ်ကို တိုက်ခိုက်မှာမဟုတ်ဘူး… သူ့ကို ကာကွယ်ပေးလိမ့်မယ်… ဒါက နည်းနည်း ခက်သွားပြီ”

သူ၏မျက်လုံးများ လင်းလက်သွားသည်။ “ပြီးတော့ ကောင်းကင်ဖွင့်လှစ်သူတွေက သုံးဆယ့်ငါးယောက် မဟုတ်ဘဲ သုံးဆယ့်ခြောက်ယောက်ပဲ… အသန်မာဆုံးနဲ့ အကြောက်မက်ဖွယ်အကောင်းဆုံးက သုံးဆယ့်ခြောက်ယောက်မြောက်လူ၊ တာအိုဖီဆန်သူ”

သူ ဤသို့စဉ်းစားမိသည်နှင့် ရုတ်တရက် ရှေ့မှ မဟာပျက်စီးခြင်းကပ်ဘေးထဲတွင် မက်မွန်ပင်တစ်ပင် ပေါက်လာသည်။ ၎င်းက မဟာပျက်စီးခြင်းကပ်ဘေးကို ထောက်ပင့်ထား၏။ မဟာပျက်စီးခြင်းကပ်ဘေး၏ စွမ်းအား မည်မျှကြောက်မက်ဖွယ်ကောင်းသည်ဖြစ်စေ ထိုမက်မွန်ပင်ကို အနည်းငယ်မျှ မတုန်လှုပ်စေနိုင်ပေ။

မက်မွန်ပင်အောက်တွင် အမျိုးသမီးတစ်ဦးသည် မက်မွန်ပန်းများကို သဘောတကျ မော့ကြည့်‌နေ၏။ သူမ၏ အမူအရာမှာ အေးစက်တည်ငြိမ်နေသည်။

“တျန်းတုက တာအိုဖီဆန်သူ”

သခင်လေးသုံးလင်းရှောင် ရပ်တန့်လိုက်ပြီး မျက်နှာအမူအရာ တည်ကြည်လေးနက်သွားသည်။

သစ်ပင်အောက်မှ တာအိုဖီဆန်သူက မက်မွန်ကိုင်းတစ်ကိုင်းကို ခူးယူလိုက်ပြီး မက်မွန်ပန်းများကို ညင်သာစွာ ရှူရှိုက်လိုက်ရင်း ခပ်တိုးတိုး မေးသည်။ “ဒီလောက်လှပတဲ့အရာက စွမ်းအင်ကနေ ပြောင်းလဲဖြစ်ပေါ်လာတာပဲ… ထူးဆန်းတယ် မထင်ဘူးလား”

သူမ လှည့်လာ၏။

ထိုသူမှာ သခင်လေးနှစ်‌ကြောင့် အတိတ်စကြဝဠာသို့ ပို့ဆောင်ခံလိုက်ရသည့် ကောင်းကင်နတ်အရှင်လင်ပင်။

“မူရဲ့ ကလေးကို နင် ထိခွင့် မရှိဘူး… မီလော့နန်းတော်က သုံး၊ နင် လောကမှာ အသန်မာဆုံး စွမ်းအားကို ပိုင်ဆိုင်ထားတယ်… ဒါပေမဲ့ ငါ့အတွက်တော့ နင်က စွမ်းအင်နဲ့ ဒြပ်ထုအစုအဝေးတစ်ခုပဲ”

ကောင်းကင်နတ်အရှင်လင်က မက်မွန်ကိုင်းကို ကိုင်လျက် ညင်သာစွာ တစ်ချက် ခါလိုက်သည်။ ဖရိုဖရဲမြစ်၏ နေရာတိုင်းတွင် မက်မွန်ပန်းများ ပျံဝဲသွားပြီး ကောင်းကင်မြေကြီးကို ဖုံးလွှမ်းသွားကာ သခင်လေးသုံးလင်းရှောင်အား နစ်မြုပ်သွားစေခဲ့ချေပြီ။

All Chapters