လိုက်ဖမ်းခြင်း
Vol. 139 Ch. 1785
အလွန်တရာ ကြောက်မက်ဖွယ်ကောင်းသော အသတ်အဖြတ် စိတ်ဆန္ဒကို လင်းရှောင် ခံစားလိုက်ရသည်။ တျန်းတုမှ တာအိုဖီဆန်သူ၏ ခွန်အားသည် ခန့်မှန်းရခက်လှ၏။ တျန်းတုအရှင်သခင် သေဆုံးပြီးနောက် ဤအမျိုးသမီးက မီလော့နန်းတော်၏ အိပ်မက်ဆိုး ဖြစ်လာခဲ့သည်။
မီလော့နန်းတော်မှ သခင်လေးခြောက်ပါးစလုံး သူမနှင့် တွေ့ဆုံခဲ့ဖူးသည်။ သို့သော် သူမနှင့် တိုက်ခိုက်ရာတွင် အကြိမ်ကြိမ် ရှုံးနိမ့်ခဲ့ရသည်။ သခင်လေးတစ် မဟာဥသျှောင်ပင်လျှင် အသာစီး မရခဲ့ပေ။
ဤတာအိုဖီဆန်သူ တိုက်ခိုက်လာခြင်းမှာ ချင်မူ၏ ကလေးကို ဖယ်ရှားခြင်းမှ တားဆီးလို၍ မဟုတ်ဘဲ သူ့အား အမြစ်ဖြုတ်ပစ်ရန် အခွင့်အရေး ရှာဖွေနေသည့်အလားပင်။
သခင်လေးသုံးလင်းရှောင်သည် လက်ထဲတွင် တာအိုလှံရှည်ကို ကိုင်ထားပြီး ကျောတွင် နတ်ကောင်းကင်ရတနာခန်းမကို သယ်ပိုးထား၏။ မဟာခြုံလွှမ်းကောင်းကင်ဘုံကို ခြေဖြင့်နင်းထားပြီး တာအိုသစ်ပင်မှာ စိမ်းလန်းစိုပြေနေသည်။ တာအိုသစ်သီးများက ကောင်းကင်ဘုံအသီးသီးကို ဖွဲ့တည်ဖော်ဆောင်ထား၏။ နည်းလမ်းအားလုံးကို အသုံးပြုကာ သိမြင်နားလည်မှုမှန်သမျှအား အထွတ်အထိပ်သို့ ဖော်ကျူးပြသလိုက်သည်။
သို့သော် ကောင်းကင်နတ်အရှင်လင်၏ တိုက်ကွက်က သူ့အား မျှော်လင့်ချက်ကင်းမဲ့သွားစေသည်။
ကောင်းကင်နတ်အရှင်လင်က သူ၏တိုက်ကွက်များကို ဖြေရှင်းရန် မကြိုးစားချေ။ သူမ၏ ကိုယ်ပိုင်ကောင်းကင်နတ်သိုင်းကိုသာ ထုတ်သုံးနေသည်။ သူ၏ ကောင်းကင်နတ်သိုင်းများမှာ ကောင်းကင်နတ်အရှင်လင်၏ ကောင်းကင်နတ်သိုင်းထဲတွင် ပြိုကွဲပျက်စီးသွားရသည်။
ဤအခိုက်အတန့်တွင် လူများအကြား ကွာဟချက် ရှိသည်ကို သူ နောက်ဆုံးတွင် ယုံကြည်မိသွားသည်။
ထိပ်ဆုံးအဆင့် ပါရမီရှင်များပင် ဖြစ်လင့်ကစား အချင်းချင်းအကြားရှိ ကွာဟချက်မှာ ဆန်စေ့ကဲ့သို့ သေးငယ်နိုင်သလို နေလအလင်းရောင်ကဲ့သို့ ကျယ်ပြန့်နိုင်သည်။
သူ၏ကောင်းကင်နတ်သိုင်း ဖြိုခွင်းခံလိုက်၍ မက်မွန်ပန်းများ သူ၏ မဟာခြုံလွှမ်းကောင်းကင်ဘုံထဲသို့ ကျူးကျော်ဝင်ရောက်လာသည့်အခါတွင် ရုတ်တရက် မက်မွန်ပန်းများက ပျောက်ကွယ်သွားသည်။ ကောင်းကင်နတ်အရှင်လင်ကား သူ့အား အနိုင်ယူရုံသာမက သတ်ဖြတ်တော့မည့်အချိန်တွင် ရုတ်တရက် တိုက်ကွက်ကို ရပ်တန့်လိုက်ချေပြီ။
သခင်လေးသုံးလင်းရှောင်၏ ရီဝေနေခဲ့သော မျက်လုံးများ ပြန်လည်ရှင်းလင်းသွားပြီး တစ်ကိုယ်လုံး ချွေးများ ရွှဲနစ်နေသည်။ လက်ထဲရှိ တာအိုလှံရှည်မှာ ပျက်စီးယိုယွင်းနေလေပြီ။ နေရာတိုင်းတွင် သံချေးတက်နေသော အစွန်းအထင်းများသာ ပြည့်နှက်နေ၏။
သူ၏မျက်လုံးထောင့်များက ပြင်းထန်စွာ တဆတ်ဆတ် လှုပ်ခတ်နေသည်။ သူ၏လက်ရှိခွန်အားမှာ အထွတ်အထိပ်အခြေအနေနှင့် မယှဉ်နိုင်သော်လည်း ပေါ့သေးသေးတော့ မဟုတ်ချေ။ သို့သော် ကောင်းကင်နတ်အရှင်လင်ကို ရင်ဆိုင်ရာတွင် မျှော်လင့်ချက် ကင်းမဲ့ခြင်းသာ ခံစားနေရသည်။
ကောင်းကင်နတ်အရှင်လင်က မက်မွန်ပင်ကို ဆွဲနုတ်လိုက်သည်။ မက်မွန်ပင်မှာ ဆံထိုးတစ်ချောင်းအဖြစ်သို့ ပြောင်းလဲသွားသည်။ သူမက သူ၏ နောက်သို့ သတိထားကြည့်လိုက်ပြီး တဖြည်းဖြည်း နောက်ဆုတ်သွားကာ မဟာပျက်စီးခြင်းကပ်ဘေးထဲတွင် ပျောက်ကွယ်သွားသည်။
သခင်လေးသုံးလင်းရှောင် နောက်သို့ လှည့်ကြည့်လိုက်ရာ ၁၄ စင်းမြောက် စကြဝဠာ မဟာပျက်စီးခြင်းကပ်ဘေးထဲရှိ မီလော့နန်းတော်ကို တွေ့လိုက်ရသည်။
မီလော့နန်းတော်ထဲတွင် တာအိုသစ်ပင်တစ်ပင် မြင့်မားစွာ ရပ်တည်နေသည်။ သစ်ပင်ထိပ်ဖျားက အမိုးသဖွယ် ကျောက်စိမ်းမြို့တော်မှ တာအိုသိုင်းပညာရှင်များကို ကာကွယ်ပေးထားသည်။
ထိုတာအိုသစ်ပင်အောက်တွင် ရင်းနှီးသော ပုံရိပ်တစ်ခု ရပ်နေပြီး သူ့အား အဝေးမှ ကြည့်နေသည်။
သခင်လေးသုံးလင်းရှောင်၏ မျက်လုံးများထဲမှ မျက်ရည်များ ကျဆင်းလာပြီး ခါးကိုင်းအရိုအသေပေးလိုက်သည်။ “ဆရာ”
ထိုတာအိုသစ်ပင်အောက်မှ ပုံရိပ်မှာ မီလော့နန်းတော်အရှင်သခင် ဖြစ်၏။ သူသည် ၁၄ စင်းမြောက် စကြဝဠာ၏ အဆုံး မဟာပျက်စီးခြင်းကပ်ဘေး ပေါက်ကွဲထွက်လာသည့်အခါ သတ္တဝါတို့အား ကယ်တင်ရန် ကြိုးစားခဲ့သည်။
လင်းရှောင် ထိုမြင်ကွင်းကို မှတ်မိနေသေး၏။
ဆရာသည် လူတိုင်းကို ကယ်တင်ရန် ကြိုးစားခဲ့သော်လည်း နောက်ဆုံးတွင် မအောင်မြင်ခဲ့ပေ။ ထို့ကြောင့် စိတ်ဓာတ်ကျကာ အားငယ်သွားခဲ့သည်။ သူနှင့် အခြားမီလော့နန်းတော်မှ တာအိုသိုင်းပညာရှင်များသည် နည်းလမ်းပေါင်းစုံ ကြံဆကာ သက်ရှိများကို ကယ်တင်ရန် ကြိုးစားခဲ့သော်လည်း ရှုံးနိမ့်မှုကိုသာ ကြုံတွေ့ခဲ့ရသည့်အခါ မီလော့နန်းတော်သခင်၏ စိတ်အခြေအနေအား အကြီးအကျယ် ထိခိုက်စေခဲ့လေသည်။
မီလော့နန်းတော်မှာ တာအိုသိုင်းပညာရှင်များမှလွဲ၍ မည်သူ့ကိုမှ မကယ်တင်နိုင်ခဲ့ပေ။
ထိုအချိန်က သူနှင့် အခြားသခင်လေးများ ဆရာ့အား နှစ်သိမ့်ရန် သွားရောက်ခဲ့ကြသည်။ မီလော့နန်းတော်အရှင်သခင်မှာ တာအိုနှလုံးသား ယိုင်နဲ့နေသော်လည်း သူ့အား တွေ့သည့်အခါတွင် ကျေးဇူးတင်စွာ ပြုံးလိုက်ပြီး သူ့အား အဓိပ္ပာယ်နက်နဲသော စကားတစ်ခွန်း မှာခဲ့သည်။
မီလော့နန်းတော်အရှင်သခင်က သတ္တဝါများကို မကယ်တင်နိုင်ခဲ့သော်လည်း လင်းရှောင်ကို ကယ်တင်နိုင်ခဲ့သည်ဟု ဆိုခဲ့လေသည်။
ထိုအချိန်က ဤစကား၏ အဓိပ္ပာယ်ကို နားမလည်ခဲ့သော်လည်း ယခုအခါတွင်မူ သဘောပေါက်သွားခဲ့ပြီဖြစ်၏။
ဆရာ၏ ပေါ်ထွက်လာမှုကြောင့်ပင် ကောင်းကင်နတ်အရှင်လင် ဟူသော တာအိုဖီဆန်သူအား ကြောက်လန့်ထွက်ပြေးသွားစေခဲ့ပြီး သူ့အား ကယ်တင်နိုင်ခဲ့ခြင်းပင်။
သို့သော် သူ ဤအချက်ကို သဘောပေါက်သွားသည့်အချိန်တွင် မီလော့နန်းတော်အရှင်သခင် သူ့အား ကယ်တင်ခဲ့သည့်အချိန်မှ စကြဝဠာခေတ်သုံးခေတ် ကြာမြင့်သွားခဲ့ပြီ ဖြစ်သည်။
“ဆရာ၊ စိတ်ချပါ… ဆရာ့ရဲ့ ခံယူချက်တွေကို တပည့် ဆက်ခံပါ့မယ်”
သခင်လေးသုံးက လှည့်၍ ချင်မူ့နောက် ဆက်လိုက်သွားသည်။ “တပည့် ဆရာ့ရဲ့ တာအိုအစဉ်အလာကို ပျောက်ကွယ်သွားစေမှာ မဟုတ်ဘူး… ကျွန်တော် ဆရာ့ရဲ့ လမ်းကြောင်းအတိုင်း ဆက်လက် လျှောက်လှမ်းသွားပါ့မယ်… ဘယ်သူ့ကိုမှ ဆရာ့ရဲ့ တာအိုအစဉ်အလာကို ဖျက်ဆီးခွင့်ပြုမှာ မဟုတ်ဘူး”
၁၃ စင်းမြောက် စကြဝဠာသည် ပျက်စီးခံလိုက်ရလေပြီ။ ဖရိုဖရဲမြစ်ထဲတွင် လောကသစ်ပင်သည် ကြီးမားမြင့်မားစွာ တည်ရှိနေပြီး အဆုံးမဲ့သော မြစ်ကြီးကို လွှမ်းခြုံထားသည်။ အနန္တအဘိုးအိုမှာ မည်သည့်နေရာမှ ထွက်ပေါ်လာသည်မသိဘဲ ဖရိုဖရဲကန်တစ်ကန်ထဲတွင် ထိုင်လျက် ရေချိုးနေသည်။
ထိုအဘိုးကြီး၏ ခန္ဓာကိုယ်မှာ ဝဖြိုးပြီး မိမွေးဖမွေးအတိုင်း ပြောင်နေသည်။ လုံးဝိုင်းဖြူတုတ်နေသော ကိုယ်လုံးကြီးဖြင့် ဖရိုဖရဲကန်ထဲတွင် စိမ်နေရင်း ချေးတွန်းနေ၏။ အလွန် မျက်စိဖမ်းစားဖွယ်ပင်။
သခင်လေးသုံးလင်းရှောင်မှာ မျက်နှာမည်းမှောင်သွားပြီး လက်မြှောက်ကာ မျက်လုံးများကို ကာထားလိုက်သည်။ သူ၏မျက်လုံးများကို ညစ်ညမ်းစေလိုခြင်း မရှိပေ။
“မီလော့နန်းတော်က သုံး၊ ငါ ခုနက မင်းတို့ရဲ့ ခုနစ်ကို တွေ့ခဲ့တယ်”
အနန္တအဘိုးအိုက ချေးတွန်းရင်း ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။ “ငါ သူ့ကို သွားခွင့်ပေးလိုက်တယ်… သူ့မိန်းမဗိုက်ထဲက ကလေးက အရွယ်တောင် မရောက်သေးဘူး… ငါ ကြည့်ရသလောက် ဒီကလေးက နောင်တစ်ချိန်မှာ အသုံးဝင်လိမ့်မယ်… ဒါကြောင့် သူ့ကို လွှတ်ပေးလိုက်ပြီး အထွတ်အမြတ်ကလေးငယ် မွေးဖွားလာတာကို တိတ်တဆိတ် စောင့်နေတာ… မင်းက ဘာလို့ ဒီလောက်တဇွတ်ထိုး နိုင်ရတာလဲ… အထွတ်အမြတ်ကလေးငယ်ရဲ့ အသက်ကို သေချာပေါက် ယူရမှ ကျေနပ်မှာလား”
သခင်လေးသုံးမှာ တုန်လှုပ်သွားပြီး ခပ်တိုးတိုး ပြောလိုက်သည်။ “ခင်ဗျားက ၁၇ စင်းမြောက် စကြဝဠာက အနန္တအဘိုးအိုလား”
အနန္တအဘိုးအိုက ဖရိုဖရဲကန်ထဲမှ မတ်တပ်ရပ်လိုက်သည်။ သခင်လေးသုံးမှာ မျက်လုံးများကို အလျင်အမြန် ပြန်ကာလိုက်ရင်း အေးစက်စွာ ပြောလိုက်သည်။ “ခင်ဗျားက ဝါကြီးတဲ့သူပဲ… အပြုအမူကို သတိထားပါ”
အနန္တအဘိုးအိုက အဝတ်အစားများ ဖြည်းဖြည်းချင်း ဝတ်ရင်း ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။ “အဝတ်ဆိုတာက မင်းတို့လို ထူးဆန်းတဲ့ သက်ရှိတွေ ဖန်တီးထားတဲ့ ဝန်ထုပ်ဝန်ပိုးတစ်ခုပဲ… ဝတ်တာနဲ့ မဝတ်တာ ဘာကွာခြားလို့လဲ… မီလော့နန်းတော်က သုံး၊ မင်းတောင် အတိတ်ကို ပြန်သွားနိုင်ရင် ငါက ဘာလို့ မရနိုင်ရမှာလဲ… ငါ့ရဲ့မဟာတာအိုကို မင်း နားလည်နိုင်တာ မဟုတ်ဘူး… ငါက အတိတ်က ဘယ်စကြဝဠာခေတ်ကိုမဆို ပြန်သွားနိုင်တယ်…. စကြဝဠာက ငါ့ကို မှီခိုပြီး ဖြစ်တည်လာတာ… ငါက စကြဝဠာကို မှီခိုတာမဟုတ်ဘူး… ဒါက လောကသစ်ပင်ပဲ… ဒါက ငါပဲ… အထွတ်အမြတ် ကလေးငယ် မွေးဖွားလာတာက ကိစ္စကြီးလေ… ဘာပဲဖြစ်ဖြစ် ငါ ၀င်ပါရမှာပေါ့”
သခင်လေးသုံးက သူ အဝတ်အစားများ ဝတ်ဆင်ပြီးသည်အထိ စောင့်ဆိုင်းလိုက်ပြီးမှ မျက်လုံးအား ကာထားသောလက်ကို အောက်သို့ချလိုက်ကာ မှင်သေသေ ပြောလိုက်သည်။ “ခင်ဗျား ၁၃ စင်းမြောက် စကြဝဠာဆီ ပြန်ရောက်လာတော့ ကျင့်ကြံခြင်းခွန်အား အကြီးအကျယ် ဆုံးရှုံးသွားတယ်… ကျုပ်ကို တားဆီးနိုင်ချင်မှ တားဆီးနိုင်လိမ့်မယ်…. ခင်ဗျား ကျုပ်ထက် ဝါကြီးတာကို ထောက်ထားပြီး အရှက်ကွဲအောင် မလုပ်တော့ဘူး… ခင်ဗျား လမ်းဖယ်ပေးရင် သိက္ခာထိန်းထားနိုင်လိမ့်မယ်”
အနန္တအဘိုးအို ဟားတိုက်ရယ်မောလိုက်သည်။ သူ၏ရယ်သံ မဆုံးသေးခင် သခင်လေးသုံးသည် လေကုန်ခံ၍ စကားမပြောတော့ဘဲ ပြေးဝင်သွားချေပြီ။
သူတို့နှစ်ယောက်က ဖရိုဖရဲမြစ်ထဲတွင် သတ်ဖြတ်နေကြသည်။ အချိန်တစ်ခုကြာပြီးနောက် အနန္တအဘိုးအိုမှာ ရုတ်တရက် ပျောက်ကွယ်သွားသည်။ သူ၏အသံမှာ မည်သည့်နေရာမှ ထွက်ပေါ်လာသည်မသိပေ။ “မီလော့နန်းတော်က သုံး၊ ငါ့ဒဏ်ရာတွေက မပျောက်ကင်းသေးဘူး… မင်းနဲ့ ရန်မဖြစ်ချင်ဘူး”
သခင်လေးသုံးလင်းရှောင်မှာ အားအင်ကုန်ခမ်းနေသည်။ သူက စိတ်ကို ပြန်လည်စုစည်းကာ ရှေ့သို့ လျှောက်သွား၏။ “ခုနစ်ရဲ့ ကလေးကို ဆရာနဲ့ တွေ့ခွင့် ဘယ်လိုမှ မပေးဘူး”
သူ ၁၂ စင်းမြောက် စကြဝဠာသို့ ရောက်သွားသည့်အခါ တစ်ကိုယ်လုံးရှိ ဒဏ်ရာနာကျင်မှုများ ချက်ချင်း ပျောက်ကွယ်သွားသည်။ ကျင့်ကြံခြင်းအခြေခံလည်း ၁၂ စင်းမြောက် စကြဝဠာအချိန်က သူ၏အထွတ်အထိပ်အခြေအနေသို့ ပြန်လည်ရောက်ရှိသွား၏။ စောစောက နွမ်းနယ်နေသော အခြေအနေမှာ အရှင်းပျောက်သွားသည်။ သူ စိတ်ထဲမှ တွေးလိုက်၏။ “အခု ငါ့ကို လာတားဆီးမယ့်သူ မရှိတော့ဘူးမလား”
သူ၏နောက်ရှိ တာအိုသစ်ပင်ပေါ်တွင် တာအိုသစ်သီး လေးလုံးသာ ကျန်ရှိတော့သည်။
သို့သော် သူ၏တာအိုခန်းမကား ရှိနေဆဲဖြစ်၏။ တာအိုခန်းမ ရှိနေသရွေ့ သူသည် မီလော့နန်းတော် သခင်လေးသုံး ... လမ်းစဉ်၊ ကျင့်စဉ်နှင့် ကောင်းကင်နတ်သိုင်းများတွင် အမြင့်ဆုံးအောင်မြင်မှုသို့ ရောက်ရှိနေသော ပုဂ္ဂိုလ်ဖြစ်နေဆဲပင်။
၁၂ စင်းမြောက် စကြဝဠာ၏ ဖရိုဖရဲမြစ်ပေါ်တွင် ဘီလူးကြီးတစ်ကောင်က ပုဆိန်ကိုင်ကာ သူ့အား စောင့်နေသည်။
သခင်လေးသုံးလင်းရှောင်မှာ မျက်နှာမပျက်ဘဲ မနေတော့။
ဘီလူးကြီးထိုက်ယီ
ချင်မူ ဤနေရာကို ဖြတ်သန်းသွားစဉ် ဤရန်သူဟောင်းကြီးအား တောင်မှ ထွက်လာအောင် ဖိတ်ခေါ်ခဲ့ခြင်း ဖြစ်မည်။
“ခုနစ်၊ မင်းက သိပ် ကလိမ်ကကျစ်နိုင်တာပဲ”
သခင်လေးသုံးလင်းရှောင် ဟားတိုက်ရယ်မောလိုက်သည်။ တာအိုလှံရှည်က ဘီလူးကြီးကို ချိန်ရွယ်လိုက်ရင်း ပြင်းထန်စွာ ပြေး၀င်တိုက်ခိုက်တော့သည်။
သူ ကမ်းတစ်ဖက်သို့ တွားသွားတက်လာချိန်တွင် တစ်ကိုယ်လုံး ဒဏ်ရာဗလပွ ဖြစ်နေသည်။ နောက်တစ်ကြိမ် ဖရိုဖရဲမြစ်ထဲသို့ ခုန်ဆင်းလိုက်သည့်အခါတွင် ဒဏ်ရာများ တဖန် ပျောက်ကွယ်သွားပြန်သည်။ သူက ၁၁ စင်းမြောက် စကြဝဠာ၏ ခန္ဓာကိုယ်ကို ဖွဲ့တည်ကာ ရှေ့သို့ ဆက်လျှောက်သွား၏။
သူ၏ တာအိုသစ်ပင်ပေါ်ရှိ တာအိုသစ်သီး နောက်တစ်လုံး လျော့သွားပြန်သည်။
သူ၏နှလုံးသားမှာ တဖြည်းဖြည်း လေးလံလာသည်။ ချင်မူသာ ၁၀ စင်းမြောက် စကြဝဠာ၏ ပျက်စီးခြင်းမြစ်ထဲသို့ ဝင်ရောက်သွားပါက ကိစ္စကြီးတစ်ခု ဖြစ်ပွားပေလိမ့်မည်။
တျန်းတုနှင့် မီလော့နန်းတော်တို့အကြား စကြဝဠာခေတ်သုံးခေတ် ကြာမြင့်ခဲ့သော စစ်ပွဲကြီးပင်။
၁၀ စင်းမြောက် စကြဝဠာသို့ ဝင်ရောက်သွားပါက သူ၏ ခန္ဓာကိုယ်မှာ အထွတ်အထိပ်အခြေအနေတွင် ရှိတော့မည် မဟုတ်။
တျန်းတုနှင့် မီလော့နန်းတော်တို့၏ ပြင်းထန်သော တိုက်ပွဲက သူ၏ တာအိုဒဏ်ရာများအား စကြဝဠာခေတ်သုံးခေတ်အထိ ကြာမြင့်စေခဲ့သည်။
ထိုအချိန်တွင် ချင်မူ့အား အရှင်ဖမ်းရန် ခက်သွားပေလိမ့်မည်။
သူ့ကိုယ်တွင် တာအိုဒဏ်ရာ ချန်ထားခဲ့သူမှာ တျန်းတု၏ တာအိုဖီဆန်သူ၊ ကောင်းကင်နတ်အရှင်လင်ပင်။
ဤအရာအားလုံး၏ အကြောင်းအရင်းမှာ ၇ စင်းမြောက် စကြဝဠာ၌ တျန်းတုအရှင်သခင် သေဆုံးခဲ့မှုကြောင့်ပင် ဖြစ်သည်။
ချင်မူသာ ၆ စင်းမြောက် စကြဝဠာအထိ ထွက်ပြေးလွတ်မြောက်သွားပါက သူ၏ နတ်ကောင်းကင်ရတနာခန်းမမှာ ပျောက်ကွယ်သွားပေလိမ့်မည်။ ထိုအချိန်တွင် သူ၌ တာအိုသစ်သီးတစ်လုံးသာ ရှိပြီး ချင်မူ၏ ပြိုင်ဘက် ဖြစ်မည် မဟုတ်တော့ချေ။
“ဒီစကြ၀ဠာမှာ ဘယ်လိုနည်းနဲ့ ဖြစ်ဖြစ် ခုနစ်ကို ချန်ထားခဲ့ရမယ်… မဟုတ်ရင် အခွင့်အရေးက ပိုပိုပြီး နည်းပါးသွားလိမ့်မယ်”
သူ အားကုန်သုံးကာ ပြေးသွားရင်း နောက်ဆုံးတွင် ကျောက်ချတော့မည့်ဆဲဆဲ လောကပေါင်းကူးရွှေသင်္ဘောကို လိုက်မီသွားသည်။ သခင်လေးသုံးက ဟစ်အော်လိုက်ပြီး လောကပေါင်းကူးရွှေသင်္ဘောဆီသို့ ပြေးဝင်သွားတော့သည်။
ချင်မူက သူ ပြေး၀င်လာသည်ကို တွေ့လိုက်ရသဖြင့် ချက်ချင်းပင် အဆုံးသတ်မြို့ပျက်ကြာပန်းနှင့် လောကသစ်ပင်ကို အသက်သွင်းရင်း မဟာပျက်စီးခြင်းကပ်ဘေး၏ စွမ်းအားကို ထိန်းချုပ်ရန် ကြိုးစားလိုက်သည်။ သို့သော် ဖရိုဖရဲမြစ်မှ လှိုင်းလုံးများ ထမလာချေ။
“ဒုက္ခပဲ”
ချင်မူလည်း ရင်ထဲတွင် တုန်လှုပ်သွားပြီး ချက်ချင်းပင် သူ့ခန္ဓာကိုယ်က ပျံတက်သွားသည်။ သူက ခြေတစ်ဖက်ဖြင့် လောကပေါင်းကူးရွှေသင်္ဘော၏ ပဲ့ပိုင်းကို ကန်ချလိုက်သည်။ ရွှေသင်္ဘောသည် ဝုန်းခနဲ ရှေ့သို့ရွက်လွှင့်သွားပြီး ဖရိုဖရဲမြူခိုးများထဲ ဝင်ရောက်သွား၏။
“အစ်ကိုသုံး၊ အရင်က အမြဲတမ်း တခြားသူတွေပဲ ခင်ဗျားကို တားဆီးခဲ့တာ”
ချင်မူ၏ ခြေနှစ်ဖက်က အဆုံးသတ်မြို့ပျက်ကြာပလ္လင်ပေါ်သို့ ဆင်းသက်သွားပြီး ခွန်အားအားလုံး စုစည်းလိုက်သည်။ကမ္ဘာဦးဖရိုဖရဲချီစွမ်းအင်၊ သင်္ကေတများက မဟာတာအိုအဖြစ် ပြောင်းလဲသွားပြီး သူ၏လက်ထဲတွင် ဖရိုဖရဲဓားတစ်လက်အဖြစ် စုစည်းလာသည်။ ၎င်းက စွမ်းအင်တို့ဖြင့် တောက်လောင်နေ၏။
ချင်မူက ဓားအား ခါကာ ပြောလိုက်သည်။ “အခု ကျွန်တော် တားဆီးမယ့် အလှည့်ပဲ”
သခင်လေးသုံး လှံကို မြှောက်လိုက်သည့််အခါ လှံထိပ် သူ့အနောက်သို့ ကျရောက်သွား၍ ဖရိုဖရဲမြစ်ထဲသို့ ထိုးစိုက်ဝင်ရောက်သွား၏။ သူ၏ ခြေလှမ်းများက ပိုပို၍ သွက်လာသည်နှင့်အမျှ လှံထိပ်မှာ ဖရိုဖရဲမြစ်ရေပြင်ကို ခွင်းသွားသည်။ ဘေးနှစ်ဖက်တွင် လှိုင်းလုံးကြီးများ မြောက်တက်လာပြီး ဖြာဆင်းသွားသည်။
သူ၏ နတ်ကောင်းကင်ရတနာခန်းမထဲမှ တာအိုအလင်းတန်းတို့က ရောင်စုံတိမ်တိုက်များအလား ပိုပို၍ တောက်ပလာ၏။
“နန့်ရှန်း၊ သခင်လေးခုနစ်ရဲ့ မိန်းမကို သတ်လိုက်” သူ၏ တာအိုအသံ ဟိန်းထွက်သွားသည်။
လောကပေါင်းကူးရွှေသင်္ဘောပေါ်တွင် နန့်ရှန်းမှာ သူ၏ အသံကို ကြားသည်နှင့် တွန့်သွားသည်။
လင်ယွိရှို့က ခပ်ရွဲ့ရွဲ့ ရယ်လိုက်သည်။ “အစ်မတော်နန့်ရှန်းက သခင်လေးသုံးကိုလည်း စိတ်မဆိုးစေချင်ဘူး…. ကျွန်မမောင်ကြီးကိုလည်း စိတ်မဆိုးစေချင်ဘူးပေါ့လေ… ဒါဆို မကြားချင်ယောင်ဆောင်လိုက်ပါလား”
နန့်ရှန်းမှာ ဤစကားကို ကြားသည်နှင့် ပြုံးလိုက်သည်။ “သခင်မက တကယ်ကို အံ့ဩစရာ ပုဂ္ဂိုလ်ပဲ… သခင်လေးခုနစ် လက်ထပ်ခဲ့တာ မဆန်းပါဘူး”
သူမသည် သခင်လေးလင်းရှောင်၏ စကားကို မကြားချင်ယောင်ဆောင်လိုက်ပြီး လင်ယွိရှို့နှင့် စကားပြောရယ်မောနေလိုက်သည်။
ဘုန်း…
သခင်လေးလင်းရှောင်နှင့် သခင်လေးချင်မူတို့ မြစ်ပေါ်တွင် ၀င်တိုက်သွားကြပြီး လှိုင်းလုံးများ ထန်လာသည်။ သူတို့က ရွှေသင်္ဘောကို လိုက်မီသွားပြီး သင်္ဘောပဲ့ပိုင်းနှင့် တိုက်မိသွားရာ ရွှေသင်္ဘော၏ အရှိန်ကို ပိုမိုမြင့်တက်သွားစေ၏။
“သခင်မက သခင်လေးခုနစ်အတွက် မစိုးရိမ်ဘူးလား” နန့်ရှန်းက တဖြည်းဖြည်း ဖောင်းလာသော ဝမ်းဗိုက်ကို ကြည့်လိုက်ပြီး သိချင်စိတ်ဖြင့် မေးသည်။
လင်ယွိရှို့က ပြုံး၏။ “ဘာကို စိုးရိမ်စရာ ရှိလို့လဲ… မောင်က မီလော့နန်းတော်ရဲ့ သခင်လေးခုနစ်ပဲလေ… သခင်လေးခုနစ်ဖြစ်မှတော့ ဒီနေရာမှာ လုံးဝ မသေနိုင်ဘူး … မဟုတ်ရင် ဘယ်လိုလုပ် သခင်လေးခုနစ် ဖြစ်လာမှာလဲ”
နန့်ရှန်းလည်း စိတ်မထိန်းနိုင်ဘဲ ပြောလိုက်သည်။ “သခင်လေးသုံးက သခင်လေးခုနစ်ကို သတ်စရာ မလိုဘူး… သူက သခင်လေးခုနစ်ကို ဖရိုဖရဲမြစ်ထဲ တွန်းချပြီး ၁၀ စင်းမြောက် စကြဝဠာဆီ ပြန်ပို့လိုက်ရုံပဲ… အဲ့ဒီအချိန်ကျ သခင်လေးခုနစ်ရဲ့ ကာကွယ်မှု မရှိတော့ရင် သခင်မ အန္တရာယ်ရှိသွားလိမ့်မယ်”
“အဲ့ဒီလိုသာ ဖြစ်ခဲ့ရင် အန္တရာယ်ရှိမှာက ကျွန်မတို့ မဟုတ်ဘဲ သခင်လေးသုံး ဖြစ်လိမ့်မယ်” လင်ယွိရှို့က ခပ်မဲ့မဲ့ ပြုံး၏။
နန့်ရှန်းမှာ နားမလည်ချေ။
ဤအခိုက်အတန့်တွင် လောကပေါင်းကူးရွှေသင်္ဘောသည် ၁၀ စင်းမြောက် စကြဝဠာ ဖရိုဖရဲမြစ်မှ ထွက်ခွာသွားပြီး ၉ စင်းမြောက် စကြဝဠာမြစ်ထဲသို့ ရောက်သွားကာ ကျယ်ပြန့်သော ဖရိုဖရဲအကြား တိုးဝင်သွားသည်။
“မောင်က အခု သခင်လေးခုနစ် မဟုတ်သေးဘူး… သူက အခု ကောင်းကင်နတ်အရှင်မူပဲ… သူ အတိတ်စကြဝဠာဆီ တွန်းချခံလိုက်ရရင် တာအိုအောင်မြင်ပြီး သခင်လေးခုနစ် ဖြစ်လာလိမ့်မယ်”
လင်ယွိရှို့က ရှင်းပြ၏။ “တာအို အောင်မြင်ပြီးတဲ့နောက် မောင့်ရဲ့ ခွန်အားက သခင်လေးအားလုံးထက် လုံးဝ သာလွန်လိမ့်မယ်… သခင်လေးသုံးကို ကြောက်ရွံ့တုန်လှုပ်သွားစေမယ့် ပုဂ္ဂိုလ်မျိုး ဖြစ်လာလိမ့်မယ်…. ကျွန်မသာ သခင်လေးသုံး ဆိုရင် ဒီအချိန်မှာ သူ့ကို တာအိုအောင်မြင်နိုင်မယ့် အခွင့်အရေးပေးမှာ မဟုတ်ဘူး”
နန့်ရှန်းမှာ ကြက်သီးတဖြန်းဖြန်း ထသွားသည်။ နောက်သို့လှည့်ကြည့်လိုက်သော်လည်း ၁၀ စင်းမြောက် စကြဝဠာ၏ တိုက်ပွဲအခြေအနေကို မမြင်ရချေ။ ကောင်းကင်နတ်သိုင်း၏ လှုပ်ခတ်မှုပင်လျှင် ဤနေရာသို့ မရောက်ရှိနိုင်တော့ပေ။
မကြာမီ လောကပေါင်းကူးရွှေသင်္ဘောနောက်တွင် သာမန်ထက်ထူထဲသော အရှိန်အဝါတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။ နန့်ရှန်း မျက်နှာအနည်းငယ် ပျက်သွား၏။ သူမက မစဉ်းစားတော့ဘဲ လင်ယွိရှို့ကို သူမ၏အနောက်တွင် ကာကွယ်လိုက်သည်။ သူမက နောက်သို့ စိုးရိမ်တကြီး လှည့်ကြည့်ကာ ခပ်တိုးတိုး ပြောလိုက်၏။ “သခင်မ၊ အရင် ရွှေရောင်ခန်းမထဲကို ဝင်ပုန်းနေလိုက်ပါ”
ရွှေသင်္ဘောနောက်တွင် ဖရိုဖရဲချီများ လှုပ်ရှားနေပြီး အရပ်ရှည်ရှည် ပုံရိပ်တစ်ခုက ပေါ်လိုက်ပျောက်လိုက်ဖြင့် ရွှေသင်္ဘောဆီသို့ ချဉ်းကပ်လာနေသည်။
လင်ယွိရှို့မှာမူ ရုတ်တရက် စိတ်အေးစွာ သက်ပြင်းချလိုက်ပြီး ရွှေရောင်ခန်းမထဲသို့ ၀င်ရောက်မပုန်းအောင်းချေ။
ထိုပုံရိပ်သည် ဖရိုဖရဲမြူခိုးအလွှာများထဲမှ လျှောက်လှမ်းလာနေ၏။
ထိုသူက ချင်မူပင်။ တစ်ကိုယ်လုံး သွေးများ ရွှဲနစ်နေကာ ဒဏ်ရာများ ပွထနေသည်။ လက်ထဲတွင် ဖရိုဖရဲဓားတစ်လက် ကိုင်ထားပြီး အသတ်အဖြတ်စိတ်ဆန္ဒများ တောက်လောင်လျက် ရှိဆဲပင်။
သူ၏ နောက်တွင် အဆုံးသတ်မြို့ပျက်ကြာပလ္လင်နှင့် လောကသစ်ပင်တို့မှာလည်း ပျက်စီးယိုယွင်းနေသည်။ ၁၀ စင်းမြောက် စကြဝဠာ မြစ်ပြင်ထက်က တိုက်ပွဲမှာ အလွန်ပြင်းထန်ခဲ့ကြောင်း ထင်ရှားလှ၏။
သူ ရွှေသင်္ဘောကို လိုက်မီသွားသော်လည်း ထွက်ပေါ်နေသော အသတ်အဖြတ်စိတ်ဆန္ဒမှာမူ အလွန်တရာ ပြင်းထန်နေဆဲပင်။ နည်းနည်းလေးမှ စိတ်မလျှော့လိုက်ချေ။
ဝူး…
ဖရိုဖရဲမြစ် ကွဲထွက်သွားသည်။ သခင်လေးသုံးလင်းရှောင်သည် တစ်ကိုယ်လုံးဒဏ်ရာများ ပြည့်နှက်လျက် မြစ်ထဲမှ တစ်လှမ်းချင်း လျှောက်ထွက်လာ၏။