ကောင်းကင်နတ်အရှင်မူ၏ သမီး
Vol. 139 Ch. 1786
သခင်လေးသုံး လင်းရှောင်၏ ယခုတစ်ကြိမ် ဒဏ်ရာမှာ တျန်းတုနှင့် မီလော့နန်းတော်တိုက်ပွဲတွင် ရရှိခဲ့သော တာအိုဒဏ်ရာ ဖြစ်သည်။ တျန်းတုနှင့် မီလော့နန်းတော်တိုက်ပွဲမှာလည်း ဤခေတ်တွင်မှ အဖြေထွက်ပေါ်ခဲ့လေသည်။
ကောင်းကင်နတ်အရှင်လင်၏ ခွန်အားသည် ထူးခြားဆန်းပြားသောကြောင့် မီလော့နန်းတော်တွင် အကြီးအကျယ် သေဆုံးထိခိုက်မှုများ ဖြစ်ပေါ်စေခဲ့သော်လည်း တျန်းတု၏ အင်အားမှာ မီလော့နန်းတော်ထက် များစွာ အားနည်းနေသေးသည်။ ဤခေတ်တွင် မီလော့နန်းတော်သည် တျန်းတုအား အပြတ်အသတ် အနိုင်ယူခဲ့၏။
အမှန်တကယ်တွင် မီလော့နန်းတော်အရှင်သခင်သာ တိုက်ခိုက်ခဲ့ပါက နှစ်ဖက်တိုက်ပွဲမှာ ၇ စင်းမြောက် စကြဝဠာတွင်ပင် အဆုံးသတ်ခဲ့သင့်သည်။ သို့သော် တျန်းတုအရှင်သခင် သေဆုံးပြီးနောက်တွင် မီလော့နန်းတော်အရှင်သခင်သည် အခြားတျန်းတု ကောင်းကင်ဖွင့်လှစ်သူများကို တိုက်ခိုက်ခြင်း မရှိခဲ့သဖြင့် စကြဝဠာခေတ်သုံးခု ကြာမြင့်ခဲ့သော စစ်ပွဲကြီး ဖြစ်ပေါ်လာခဲ့ခြင်းပင်။
မီလော့နန်းတော်အရှင်သခင်အတွက်မူ တာအိုသိုင်းပညာရှင်အားလုံးက တာအိုမိတ်ဆွေများ ဖြစ်ကြသည်။ မလိုအပ်လျှင် တာအိုမိတ်ဆွေများကို သတ်ဖြတ်မည်မဟုတ်ပေ။
သူ သတ်ဖြတ်တတ်သည်မှာ ရှားပါး၏။ တစ်ဖက်ရန်သူက တျန်းတုကောင်းကင်ဖွင့်လှစ်သူများဖြစ်လျှင်တောင်မှ အလားတူသာ ဆက်ဆံသည်။
သို့သော် မီလော့နန်းတော်မှ သခင်လေးအချို့မှာမူ ဒုက္ခရောက်ခဲ့ကြရသည်။
သခင်လေးသုံးလင်းရှောင်မှာ တာအိုဒဏ်ရာ ရရှိထားသော ခန္ဓာကိုယ်ဖြင့် ချင်မူ့နောက် ဆက်လိုက်နေသည်။ စိတ်ထဲတွင် မျှော်လင့်ချက်ကင်းမဲ့နေသော်လည်း အတိုက်အခိုက်စိတ်ဆန္ဒကတော့ အထွတ်အထိပ်အခြေအနေတွင် ရှိနေဆဲ ဖြစ်၏။
သူသည် ၁၀ စင်းမြောက် စကြဝဠာတွင် လောကပေါင်းကူးရွှေသင်္ဘောကို မတားဆီးနိုင်ခဲ့သည့်အပြင် ချင်မူကိုလည်း အနိုင်မယူနိုင်ခဲ့ပေ။ ၉ စင်းမြောက် စကြဝဠာသို့ ရောက်သည့်အခါတွင် ဒဏ်ရာအပြင်းအထန် ရရှိထားသော ခန္ဓာကိုယ်ဖြင့် ချင်မူအား တားဆီးကာ အထွတ်အမြတ်ကလေးငယ် ဆိုသည့် ကလေးမွေးဖွားလာခြင်းကို တားဆီးနိုင်မည့် မျှော်လင့်ချက်မှာ ပို၍ပင် နည်းပါးသွားခဲ့ချေပြီ။
သို့သော် မည်သို့ပင်ဖြစ်စေ ချင်မူ၏ ကလေးကို မွေးဖွားခွင့်ပြုမည် မဟုတ်။
သူတို့နှစ်ယောက်၏ ဖရိုဖရဲမြစ်ပြင်ထက်က တိုက်ပွဲသည် နောက်တစ်ကြိမ် ပြန်စတင်၏။ ချင်မူမှာလည်း တစ်ကိုယ်လုံးဒဏ်ရာများ ပြည့်နှက်နေ၏။ သူ့ထက် အခြေအနေက မသာလှချေ။
သူတို့နှစ်ယောက်မှာ ဤတစ်ကြိမ်တွင် အသက်ကို ပုံအပ်၍ တိုက်ခိုက်နေကြပြီး မည်သူကမှ နောက်မဆုတ်ကြပေ။
လင်ယွိရှို့နှင့် နန့်ရှန်းတို့မှာ ရွှေသင်္ဘောပေါ်တွင် ရပ်ကာ ပြင်းထန်သော တိုက်ပွဲကို ရင်တုန်စွာဖြင့် ကြည့်နေကြသည်။
သူတို့နှစ်ယောက်သည် ဤတိုက်ပွဲတွင် ကျင့်စဉ်မျိုးစုံ ထုတ်သုံးခဲ့ကြပြီး မှော်စွမ်းအင် ကုန်ခမ်းသွားခဲ့ကြ၏။ ထို့နောက် အနီးကပ် ဆက်လက်တိုက်ခိုက်ကြသည်။ တာအိုလှံရှည်နှင့် ဖရိုဖရဲဓားတို့က အနီးကပ်တိုက်ပွဲတွင် ကြောက်မက်ဖွယ်စွမ်းအားများဖြင့် ခုတ်ပိုင်းထိုးသွင်းနေကြသည်။
နောက်ဆုံးတွင် ချင်မူ၏ ကြာပလ္လင်မှာ အပေါက်ပေါင်းများစွာ ပြည့်နှက်နေပြီး လောကသစ်ပင်မှာလည်း သစ်ရွက်အကိုင်းအခက်များ တုံးကုန်သည်။ ဖရိုဖရဲခန်းမမှာလည်း ပျက်စီးယိုယွင်းလာသည်။
သို့သော် သခင်လေးသုံး၏ ဒဏ်ရာများက ပိုမိုပြင်းထန်သည်။ သူ၏ တာအိုသစ်ပင်နှင့် တာအိုသစ်သီးများမှာ ရစရာမရှိအောင် ကွဲသွားသည်။ နတ်ကောင်းကင် ရတနာခန်းမ၏ ပျက်စီးမှုမှာ ပို၍ပင် ပြင်းထန်သေးသည်။
နောက်ဆုံးတွင် သခင်လေးသုံးက ဟိန်းဟောက်၍ ဖရိုဖရဲမြစ်ထဲသို့ မကျေမနပ်စွာဖြင့် ငုပ်ဝင်သွားသည်။
“အစ်ကိုသုံး၊ ၈ စင်းမြောက် စကြဝဠာမှာ ခင်ဗျားက ကျုပ်ပြိုင်ဘက် မဟုတ်တော့ဘူး… ထွက်လာစရာမလိုတော့ဘူး” ချင်မူက အော်ဟစ်လိုက်သည်။
သခင်လေးသုံးလင်းရှောင်၏ မျက်နှာမှာ မည်းမှောင်နေပြီး စကားမပြောချေ။ သူက ဖရိုဖရဲမြစ်ထဲသို့ နစ်မြုပ်ကာ ပျောက်ကွယ်သွားသည်။
ချင်မူလည်း သင်္ဘောပေါ်သို့ ပြန်သွားကာ လောကပေါင်းကူးရွှေသင်္ဘော၏ အရှိန်အဝါကို ထိန်းချုပ်၍ ဒဏ်ရာများ ကုသလိုက်၏။
နန့်ရှန်းနှင့် လင်ယွိရှို့တို့က သူ့အား ကာကွယ်ပေးထားကြသည်။ မကြာမီ ချင်မူမှာ အိပ်မက်ကမ္ဘာထဲသို့ ဝင်ရောက်သွားပြီး ကိုယ်ပေါ်ရှိ တာအိုဒဏ်ရာများကို ကုသနေသည်။
သူ၏ တာအိုဒဏ်ရာများ တဖြည်းဖြည်း ပြန်လည်ကောင်းမွန်လာပြီး အသားရောင်ပါ သွေးရောင် သမ်းလာခဲ့သော်လည်း ကျင့်စဉ်စွမ်းအင်မူ များများစားစား မသက်သာနိုင်ခဲ့ချေ။ ချင်မူက မတ်တပ်ရပ်လိုက်ပြီး ဖရိုဖရဲမြစ်ရေပြင်အား တိတ်ဆိတ်စွာ ကြည့်နေသည်။
“မောင်၊ ယုံကြည်ချက် မရှိရင် ပြန်ကြရအောင်လေ” လင်ယွိရှို့က နူးညံ့ညင်သာစွာ ဖျောင်းဖျသည်။ သူမမှာ ဆက်၍ မကြည့်ရက်တော့ချေ။
ဖရိုဖရဲမြစ်ရှိ နေသောကြောင့် ချင်မူသည် လမ်းတစ်လျှောက်တွင် သူ၏ ကျင့်ကြံခြင်းအခြေခံ နှင့် စွမ်းဆောင်ရည်များကို အမြဲတမ်း အထွတ်အထိပ်အခြေအနေတွင် ထိန်းသိမ်းထားနိုင်ခဲ့၏။ ယခုအခါတွင်မူ ကြောက်မက်ဖွယ်စွမ်းအားတစ်ရပ်က ဖရိုဖရဲမြစ်ကို ဖိနှိပ်ထားသဖြင့် စွမ်းအားငှားယူရန် ခက်သွားချေပြီ။ ကျင့်စဉ်စွမ်းအင်ကို လျင်မြန်စွာ ပြန်ဖြည့်ရန် မဖြစ်နိုင်တော့ပေ။
ရှေ့လမ်းခရီးမှာလည်း တည်ငြိမ်မည့်ပုံ မရှိချေ။ ချင်မူသာ အတိုက်အခိုက်စွမ်းရည် မရှိတော့ပါက သူတို့အားလုံး အန္တရာယ်ထဲ ကျရောက်သွားလိမ့်မည်။
“ကိစ္စမရှိဘူး”
ချင်မူက ပြုံးလိုက်ပြီး ဖရိုဖရဲမြစ်မှ အကြည့်လွှဲ၍ လင်ယွိရှို့၏ မျက်နှာလေးအား ကြည့်လိုက်သည်။ “အစ်ကိုသုံး ဖရိုဖရဲမြစ်ကို ဖိနှိပ်ဖို့ ဖိတ်ခေါ်လာတာက မမကြီးနှစ်ပဲ ဖြစ်မယ်”
လင်ယွိရှို့၏ ဝမ်းဗိုက်ထဲတွင် အဆုံးသတ်မြို့ပျက်ကြာပန်း၏ ဆန်းပြားသော ပုံရိပ်များ မကြာခဏ ထွက်ပေါ်လာတတ်သည်။ ကြာပန်းသည် တစ်ခါတရံတွင် ပန်းဖူးငုံ ဖြစ်သွားကာ တစ်ခါတလေတွင် ကြာပလ္လင်ဖြစ်သွားတတ်၏။ အတွင်းတွင် ကလေးငယ်တစ်ဦး လဲလျောင်းနေပြီး မိခင်၏ ချက်ကြိုးဖြင့် ဆက်နွယ်နေသည်ကို ခပ်ရေးရေး မြင်တွေ့နိုင်သည်။
တချို့အချိန်များတွင် ကြာပန်း ပျောက်ကွယ်သွားပြီး အပင်ပေါက်တစ်ပင်၏ ထူးဆန်းသည့် မြင်ကွင်း ထွက်ပေါ်လာတတ်၏။ ကောင်းချီးမင်္ဂလာ ချီအလင်းတန်းများလည်း ထောင်ပေါ်များစွာ ဖြာဆင်းလာတတ်သည်။ ထိုအချိန်များတွင် သစ်ပင်အောက်တွင် ကလေးငယ် ရှိနေတတ်သည်။
တစ်ခါတရံတွင် စကြဝဠာ စတင်ဖြစ်ပေါ်လာသည့် အံ့ဩဖွယ်မြင်ကွင်းကိုလည်း မြင်တွေ့နိုင်သည်။ ကလေးငယ်မှာ နဂါးငွေ့တန်းအလယ်တွင် လဲလျောင်းနေကာ ကြယ်တာရာ ကုဋေပေါင်းများစွာဖြင့် ဝန်းရံထားရ၏။
နန့်ရှန်းမှာ ပါးစပ်အဟောင်းသား ဖြစ်နေပြီး မည်သည့်စကားမှ မပြောရဲချေ။
လောကပေါင်းကူးရွှေသင်္ဘောသည် ၂ စင်းမြောက် စကြဝဠာ၏ ဖရိုဖရဲမြစ်သို့ ရွက်လွှင့်ရောက်ရှိလာသည့်အချိန်တွင် လင်ယွိရှို့၏ မီးဖွားချိန်မှာလည်း ပိုမိုနီးကပ်လာခဲ့ချေပြီ။ ဝမ်းဗိုက်ထဲရှိ ကလေးမှာ ထောင်ကျယ်သားရဲကြီးပမာ ဖရိုဖရဲချီစွမ်းအင်များကို စုပ်ယူနေ၏။
ချင်မူက သတိထားလျက် အဆုံးသတ်မြို့ပျက်ကြာပန်းနှင့် လောကသစ်ပင်ကို အသုံးပြု၍ ဖရိုဖရဲမြစ်ထဲမှ စွမ်းအားကို စုပ်ယူလိုက်သည်။ သူက ပြင်းထန်သော စွမ်းအင်ကို နူးညံ့သွားစေကာ လင်ယွိရှို့၏ ခန္ဓာကိုယ်ထဲသို့ ပို့လွှတ်လိုက်၏။
ရုတ်တရက် လောကပေါင်းကူးရွှေသင်္ဘောက တုံ့ခနဲ ရပ်တန့်သွားသည်။
ချင်မူ မော့ကြည့်လိုက်ရာ တာအိုသစ်ပင်တစ်ပင်သည် ရွှေသင်္ဘော၏ လမ်းကို ပိတ်ဆို့ထားသည်အား တွေ့လိုက်ရ၏။
“အစ်ကိုကြီး မဟာဥသျှောင်”
ချင်မူက သင်္ဘောဦးသို့ သွား၍ တာအိုသစ်ပင်အောက်မှ အဘိုးအိုကို အရိုအသေပေးလိုက်သည်။ သူက နားမလည်နိုင်စွာ မေးလိုက်၏။ “အစ်ကိုကြီး ဘာလို့ လမ်းပိတ်ထားတာပါလဲဗျ ”
တာအိုသစ်ပင်အောက်မှ အဘိုးအိုက သက်ပြင်းချလိုက်သည်။ “ညီလေး၊ မင်းက ကိုယ့်ကိုကိုယ် သိပ်အထင်ကြီးလွန်းတယ်…. ဒီကလေးအတွက် မကောင်းဘူး…. မင်းသာ ပထမစကြ၀ဠာဆီ ဝင်ရောက်ပြီး မဟာပျက်စီးခြင်းကပ်ဘေးရဲ့ စွမ်းအားကို စုပ်ယူလိုက်ရင် ဒီကလေးအတွက် ကောင်းချီးမင်္ဂလာ ဖြစ်ချင်မှ ဖြစ်လိမ့်မယ်… ရှေ့ဆက်မသွားနဲ့တော့… ဒီကလေးကို ဒုတိယစကြ၀ဠာမှာ မွေးဖွားခွင့်ပေးလိုက်ပါ… နောင်တစ်ချိန်မှာ သူ့ရဲ့ပြစ်ဒဏ်တွေလည်း နည်းနည်း လျော့နည်းသွားနိုင်တယ်”
ချင်မူ မှင်သက်သွားသည်။ တစ်ခဏစဉ်းစားပြီးနောက် မော့ကြည့်ကာ ပြုံးလိုက်သည်။ “အစ်ကိုကြီးက ကျွန်တော် သူ့အတွက် ပြစ်ဒဏ်တွေကို မတားဆီးပေးနိုင်ဘူး ထင်နေတာလား”
မဟာဥသျှောင်က ခေါင်းခါလိုက်သည်။ “ဖရိုဖရဲမှာ ကပ်ဘေးအားလုံးကို တားဆီးနိုင်တဲ့ စွမ်းရည် ရှိတယ်… ဒါပေမဲ့ ဒီကလေးအတွက် ကောင်းတဲ့ကိစ္စ ဖြစ်ချင်မှ ဖြစ်လိမ့်မယ်.. လပြည့်ရင် လဆုတ်တယ်၊ ရေပြည့်ရင် ရေလျှံတယ်… သခင်လေးခုနစ်ကလည်း မွေးဖွားလာကတည်းက သခင်လေးခုနစ် မဟုတ်ခဲ့ဘူး… တိုးတက်မှု အဆင့်ဆင့်ရှိဖို့ လိုအပ်တယ်လေ … ညီလေး၊ မင်း ဘယ်လိုထင်လဲ”
ချင်မူ တခဏ စဉ်းစားလိုက်ပြီး ပြုံးလိုက်သည်။ “အစ်ကိုကြီး ဆန္ဒအတိုင်းပါပဲ”
မဟာဥသျှောင်က စကားဆက်မပြောတော့ချေ။ သူသည် တာအိုအဖြစ် ပြောင်းလဲလိုက်သကဲ့သို့ တာအိုသစ်ပင်နှင့်အတူ တဖြည်းဖြည်း မဟာပျက်စီးခြင်းကပ်ဘေးထဲသို့ နစ်မြုပ်သွား၏။
ချင်မူ ခပ်ဟဟ ရယ်မောလိုက်ပြီး ခေါင်းခါလိုက်သည်။ “ဆရာ့ကို တုနေတာ ဘယ်လိုမှ တူမှာမဟုတ်ဘူး”
နန့်ရှန်းက ခပ်တိုးတိုး မေး၏။ “သခင်လေးခုနစ်၊ အစ်ကိုကြီးက ဆရာ့ရဲ့ ဘာကို တုတာလဲ… ကျွန်မ သူ့ကို တွေ့တိုင်း မအီမသာ ခံစားရပြီး တည့်တည့်မကြည့်ရဲဘူး… ဆရာနဲ့ တွေ့ရသလို ခံစားရတယ်… သူက တကယ်ပဲ ဆရာနဲ့ တူတယ်… သခင်လေးက ဘာလို့ သူ တုတာ မတူဘူးလို့ ပြောရတာလဲ”
ချင်မူ ပြုံးလိုက်သည်။ “သူက ဆရာ့ရဲ့ သေဆုံးမှုကနေ သင်ယူထားတာလေ … ဆရာက တာအိုနှလုံးသား သေဆုံးပြီး တာအိုအဖြစ် ပြောင်းလဲခဲ့တယ်… ခုနက အစ်ကိုကြီးရဲ့ တာအိုနှလုံးသား သေဆုံးပြီး တာအိုအဖြစ် ပြောင်းလဲသွားပုံရပေမယ့် ဘယ်လိုမှ သေမသွားနိုင်ဘူး”
နန့်ရှန်းမှာ ဆွံ့အနေပြီး မျက်နှာအမူအရာ ထူးဆန်းသွားသည်။ “အစ်ကိုကြီးမှာ ဘာလို့ ဒီလိုထူးဆန်းတဲ့ အကျင့်ဆိုး ရှိနေရတာလဲ… အရင်က မီလော့နန်းတော်ထဲမှာတုန်းက မမြင်ဖူးပါဘူး…”
သခင်လေးတစ် ထွက်ခွာသွားသော်လည်း ချင်မူသည် အခွင့်ကောင်းယူ၍ ပထမခေတ် မဟာပျက်စီးခြင်းကပ်ဘေးထဲသို့ ဝင်ရောက်သွားခြင်း မရှိချေ။ ထိုအစား ရွှေသင်္ဘောကို ဒုတိယခေတ် ဖရိုဖရဲမြစ်ပေါ်တွင် ရပ်တန့်ထားလိုက်သည်။
သူသည် ကတိတည်သော လူစားမျိုး မဟုတ်သော်လည်း သခင်လေးတစ်၏ စကားမှာ ကျိုးကြောင်းဆီလျော်၏။
ချင်မူသာ အစကတည်းက ကောင်းကင်မှ ပေးသော အရည်အချင်းနှင့် ထူးချွန်ပြောင်မြောက်သော ပါရမီ ရှိခဲ့ပါက ယနေ့ အောင်မြင်မှုများကို ရယူနိုင်မည် မဟုတ်ပေ။
သူ၏ ကလေးမှာလည်း ဤသို့ပင် ဖြစ်သည်။
သူ၏ ကလေးသာ စကြဝဠာ ၁၆ စင်းမှ မဟာပျက်စီးခြင်းကပ်ဘေး၏ စွမ်းအင်ကို စုပ်ယူပြီး အလွန်ပြီးပြည့်စုံစွာ မွေးဖွား၍ မည်သည့်ချို့ယွင်းချက်မှ မရှိပါက ကလေးအတွက် အကျိုးရှိမည် မဟုတ်ချေ။ ဆန့်ကျင်ဘက်အားဖြင့် ကြီးမားသော ချို့ယွင်းချက်တစ်ခု ဖြစ်လာပေလိမ့်မည်။
အလွန်ပြီးပြည့်စုံလျှင် မသင်ဘဲ တတ်မြောက်လိမ့်မည်။ မနားလည်ဘဲ ထိုးထွင်းသိမြင်လိမ့်မည်။ သိသော်လည်း အဘယ်ကြောင့် သိသည်ကို မသိ ဖြစ်သွားပေမည်။
ချို့ယွင်းချက်တစ်ခု ချန်ထားခဲ့ပါက သူ တိုးတက်မှုအဆင့်ဆင့်တွင် ချို့ယွင်းချက်ကို ဖြည့်ဆည်းရန် အခွင့်အရေးကို ရှာဖွေသွားရမည် ဖြစ်၏။ သူ၏မွေးဖွားခြင်းမတိုင်မီက ရရှိခဲ့သည်များကို တဖြည်းဖြည်း သိမြင်နားလည်သွားမည်ဖြစ်ရာ ကလေးအတွက် ကောင်းသောကိစ္စတစ်ခု ဖြစ်သည်။
ထို့အပြင် အလွန်ပြီးပြည့်စုံလျှင် အမှန်ပင် ကပ်ဘေးများစွာကို ဆွဲဆောင်လာပေလိမ့်မည်။
ထိုကပ်ဘေးမျိုးမှာ အလွန်ပြီးပြည့်စုံမှုကြောင့် ဖြစ်ပေါ်လာသော အသိအမြင်အတားအဆီးနှင့် အပြင်လောကမှ အင်အားကြီးသိုင်းပညာရှင်တို့၏ ချောင်းမြောင်းလိုစိတ်နှင့် မနာလိုစိတ်တို့ ဖြစ်သည်။
ပို၍ပြီးပြည့်စုံလေလေ၊ ကပ်ဘေးမှာ ပို၍အားကောင်းများပြားလေလေပင်။
ဆယ်ရက်ကျော်ကြာပြီးနောက် လင်ယွိရှို့ မီးဖွားတော့သည်။ နန့်ရှန်းက ချင်မူ့ကို အပြင်သို့ မောင်းထုတ်လိုက်ပြီး လင်ယွိရှို့ မီးဖွားနိုင်ရန် ကူညီပေး၏။ ချင်မူ အပြင်ဘက်တွင် စိုးရိမ်တကြီးဖြင့် ခေါက်တုံ့ခေါက်ပြန် လျှောက်စဉ် ရုတ်တရက် ငိုသံတစ်ချက် ထွက်ပေါ်လာသည်။ ချင်မူလည်း ရင်ထဲမှ အလုံးကြီးကျသွားပြီး ဟားတိုက် ရယ်မောလိုက်မိသော်လည်း မျက်ရည်များ စီးကျလာသည်။
“ဝင်လာလို့ ရပြီ” နန့်ရှန်းက ရွှေရောင်ခန်းမထဲမှ ခေါင်းပြူထွက်လာပြီး လက်ယပ်ခေါ်လိုက်သည်။
ချင်မူ ကပျာကယာ ဝင်ရောက်သွားကာ အလျင်စလို မေးလိုက်၏။ “ယောက်ျားလေးလား မိန်းကလေးလား”
“ယောက်ျားလေးလား မိန်းကလေးလား၊ ရှင်ကိုယ်တိုင် မသိဘူးလား” နန့်ရှန်း အံ့ဩသွားပြီး သူ့ကို တစ်ချက်ကြည့်လိုက်သည်။
ချင်မူ လက်ပွတ်လိုက်ပြီး ဟီးခနဲ ရယ်မောလိုက်သည်။ “ကျွန်တော် မကြည့်ရဲလို့…”
“မိန်းကလေးပါ” လင်ယွိရှို့၏ အသံလေးသည် တိုးညှင်းစွာ ထွက်လာ၏။
ချင်မူလည်း ခပ်သွက်သွက် လျှောက်သွားပြီး ပြုံးလိုက်သည်။ “ကိုယ် အမြဲတမ်း သမီးလေးတစ်ယောက် လိုချင်ခဲ့တာ… ကိုယ် ချီပါရစေ”
နန့်ရှန်းက တစ်ယောက်ကို တစ်ယောက် မှီလျက် ရှိသော လင်မယားအား ပြုံးလျက် ကြည့်နေပြီး စိတ်ထဲမှ တွေးနေသည်။ “သခင်လေးခုနစ်မှာလည်း လူ့စိတ် ရှိတာပဲ… အတိတ်က သခင်လေးခုနစ်က လူမဆန်ခဲ့ဘူး…”
“ဆရာနဲ့ တွေ့လို့ရပြီ”
အချိန်အတော်ကြာပြီးနောက် ချင်မူသည် ပြုံးဖြီးစွာဖြင့် ရွှေရောင်ခန်းမထဲမှ ထွက်လာပြီး လန်းဆန်းတက်ကြွနေသည်။ “ဆရာ့ကို ကျွန်တော့်သမီးအတွက် နာမည်ပေးခိုင်းရမယ်”
လောကပေါင်းကူးရွှေသင်္ဘောမှာ နောက်ဆုံးတွင် မီလော့နန်းတော်သို့ ရောက်သွားချေပြီ။ နန်းတော်သည် အေးစက်တိတ်ဆိတ်နေဆဲပင်။ ချင်မူက ခုန်ဆင်းလိုက်ပြီး လင်ယွိရှို့နှင့် သမီးကို ပွေ့ချီကာ မီလော့နန်းတော်ဆီသို့ လျှောက်သွားသည်။
နန့်ရှန်းမှာ အနည်းငယ် တုံ့ဆိုင်းနေပြီးနောက် သူတို့နောက်သို့ လိုက်ပါသွား၏။ တဖြည်းဖြည်း နီးကပ်လာသော မီလော့နန်းတော်ကို ကြည့်ရင်း စိတ်ထဲတွင် ခံစားချက်မျိုးစုံ ဖြစ်ပေါ်လာသည်။ ‘ဆရာ တကယ် သေသွားပြီလား… ဒါဆိုရင် သခင်လေးသုံးနဲ့ သခင်လေးလေး အခုလုပ်နေတာတွေက မှန်ရဲ့လား… ဆရာတောင်မှ ယုံကြည်မှု ဆုံးရှုံးသွားခဲ့ပြီ…’
သူမက ချင်မူတို့လင်မယားနောက်မှ မီလော့နန်းတော်ရှေ့သို့ ရောက်လာသည်။ ချင်မူ တံခါးခေါက်လိုက်ရာ မီလော့နန်းတော်တံခါး ပွင့်သွားပြီး ကမ္ဘာဦးဖရိုဖရဲခရမ်းရောင်ချီများ လှုပ်ရှားသွားလာနေ၏။ နန့်ရှန်းလည်း ခန်းမထဲသို့ ချောင်းကြည့်လိုက်သော်လည်း မည်သည့်အရာကိုမျှ မမြင်တွေ့ရပေ။
ချင်မူတို့က ကလေးကို ပွေ့ချီကာ ခန်းမထဲသို့ လျှောက်ဝင်သွားကြသည်။ နန့်ရှန်းလည်း အံကြိတ်၍ သူတို့နောက်မှ မီလော့နန်းတော်ထဲသို့ ဝင်ရောက်သွား၏။
“တပည့်မှာ သမီးလေး ရပါပြီ… ဒါကြောင့် မြေးငယ်လေးကို ခေါ်ဆောင်ပြီး ဆရာ့ကို လာရောက်ဂါရဝပြုတာပါ”
ချင်မူ အရိုအသေပေးလိုက်သည်။ “ဆရာ့ကို မြေးငယ်လေးအတွက် နာမည်ပေးသနားဖို့ တောင်းဆိုချင်ပါတယ်”
နန့်ရှန်း မော့ကြည့်လိုက်ရာ တာအိုသစ်ပင်တစ်ပင်တွင် တာအိုသစ်သီးဆယ့်ခြောက်လုံး သီးပွင့်နေသည်ကို တွေ့လိုက်ရ၏။ မီလော့နန်းတော်အရှင်သခင်၏ တာအိုသစ်ပင်ပင်။ ထိုတာအိုသစ်ပင်အောက်တွင် အရိုးစုတစ်ခု တင်ပျဉ်ခွေထိုင်နေသည်။
နန့်ရှန်း၏ စိတ်ထဲတွင် အလွန်တရာ ဝမ်းနည်းသွားပြီး ဒူးထောက်အရိုအသေ ပေးလိုက်ကာ မြေပြင်ပေါ်တွင် မှောက်လျက် ပြားပြား၀ပ်လိုက်သည်။
မီလော့နန်းတော်အရှင်သခင်၊ စကြဝဠာ ဆယ့်ခြောက်စင်းစလုံး၏ ဆရာမှာ ချင်မူပြောခဲ့သည့်အတိုင်း အမှန်ပင် တာအိုအဖြစ်သို့ ပြောင်းလဲချုပ်ငြိမ်းသွားခဲ့ချေပြီ.
ရုတ်တရက် မီလော့နန်းတော်အရှင်သခင်၏ အသံ ထွက်ပေါ်လာ၏။ “မင်း ကလေးကို ရှေ့ကို ခေါ်လာခဲ့… ငါ ကြည့်စမ်းမယ်”
လင်ယွိရှို့မှာ တုံ့ဆိုင်းနေသဖြင့် ချင်မူက ဘေးမှ ခေါင်းညိတ်ပြလိုက်သည်။ လင်ယွိရှို့သည် သတ္တိမွေးလျက် ကလေးကို ပွေ့ချီကာ ရှေ့သို့ တိုးသွားပြီး တာအိုသစ်ပင်အောက်မှ ထိုအရိုးစုရှေ့သို့ ရောက်သွား၏။
ထိုအရိုးစုက လက်နှစ်ဖက် ဆန့်တန်းလိုက်ပြီး ကလေးကို ယူလိုက်သည်။ သူက ခေါင်းငုံ့၍ အချိန်အတော်ကြာ ကြည့်ရှုနေသည်။
“ကောင်းလေစွ… နောင်တစ်ချိန်မှာ ဖြစ်နိုင်ခြေ ရှိသေးတယ်”
ထိုအရိုးစုက ကလေးကို လင်ယွိရှို့ထံသို့ ပြန်ပေးလိုက်ရာ လင်ယွိရှို့လည်း အလျင်အမြန် ကလေးကို ပွေ့ချီကာ နောက်သို့ဆုတ်သွားသည်။ အရိုးစုကြောင့် ကလေး လန့်သွားမည်ကို စိုးရိမ်နေ၏။
မီလော့နန်းတော်အရှင်သခင်၏ အသံ ထွက်ပေါ်လာသည်။ အသံထဲတွင် အံ့ဩဝမ်းသာမှုတို့ ပါဝင်နေသည်။ “တာအိုမိတ်ဆွေမူ၊ မင်း ကလေးကောင်းတစ်ယောက် ရခဲ့တာပဲ… ကောင်းတယ် ကောင်းတယ်… အနာဂတ်က ဟင်းလင်းပြင်မှာ ဘာသတ္တဝါမှ မရှိတော့ဘူးလို့ ငါ တွက်ချက်ခဲ့တယ်… သက်ရှိတွေအတွက် မျှော်လင့်ချက်က သူ့အပေါ်မှာ တည်ကောင်း တည်လိမ့်မယ်”
သူသည် အခြားသူများကို ဆက်ဆံရာတွင် ဆရာအဖြစ် မခံယူဘဲ တာအိုမိတ်ဆွေဟုသာ ခေါ်ဆို၏။ တစ်ဖက်သူ ကျင့်ကြံခြင်းအခြေခံ နိမ့်ပါးခြင်း သို့မဟုတ် နောက်မျိုးဆက်ဖြစ်ခြင်းကြောင့် အထင်မသေးချေ။
“သူဟာ ကပ်ဘေးကနေ မွေးဖွားလာခဲ့ပြီး စကြဝဠာဆယ့်ငါးစင်းရဲ့ အသက်ဓာတ်နဲ့ ဝိညာဉ်စွမ်းအင်ကို သယ်ဆောင်လာခဲ့တယ်… နောင်တစ်ချိန်မှာ ဟင်းလင်းပြင်အဖြစ် ပြောင်းလဲနိုင်မယ့် ဖြစ်နိုင်ခြေ ရှိနိုင်လောက်တယ်”
မီလော့နန်းတော်အရှင်သခင်က ပြော၏။ “ငါ လင် ဆိုတဲ့ စာလုံးတစ်လုံးနဲ့ ယွင်ဆိုတဲ့ စာလုံးတစ်လုံး ယူမယ်… ဒီကလေးငယ်ဟာ အတိတ်စကြဝဠာတွေရဲ့ ဝိညာဉ်စွမ်းအင်ကို သယ်ဆောင်ပြီး ၁၇ စင်းမြောက် စကြဝဠာရဲ့ မျှော်လင့်ချက် ဖြစ်လာပါစေ”
“ချင်လင်ယွင်တဲ့လား”
ချင်မူမှာ အလွန်ပျော်ရွှင်သွားပြီး လင်ယွိရှို့မှာလည်း အတော်လေး သဘောကျသွားသည်။ သူမက စိတ်ထဲမှ တွေးလိုက်၏။ “ငါ့ရဲ့ လင်မျိုးရိုးနာမည်တောင် ပါသေးတယ်… ဆရာက တကယ်ကို အသေးစိတ် ဂရုစိုက်တာပဲ’
မီလော့နန်းတော်အရှင်သခင်က မှာသည်။ “မင်းတို့ ပြန်လို့ရပြီ… လမ်းမှာ သတိထားကြ”
ချင်မူ မှင်သက်သွားသည်။ ဆရာ၏ စကားတွင် နက်နဲသော အဓိပ္ပာယ်များ ပါ၀င်နေသည်ဟု ခံစားလိုက်ရသည်။