သမိုင်းတွင်မည့် နာမည်
Vol. 139 Ch. 1787
“လင်ယွင်ကို ကောင်းချီးပေးဖို့ တောင်းဆိုပါတယ် ဆရာ” ချင်မူက ခါးကိုင်းညွှတ်၍ အရိုအသေပေးလိုက်သည်။
“ငါက ဘာလို့ ကောင်းချီးပေးဖို့ လိုတာလဲ”
မီလော့နန်းတော်အရှင်သခင်၏ အသံ ထွက်ပေါ်လာသည်။ “မင်း သူ့ကို ပေးတဲ့ ကောင်းချီးတွေက သူ ခံယူဖို့ လုံလောက်နေပြီ…. ငါသာ ထပ်ပြီး ကောင်းချီးပေးလိုက်ရင် သူမ ဘယ်လိုမှ ခံယူနိုင်မှာ မဟုတ်ဘူး… ဒါက ကောင်းချီး မဟုတ်ဘဲ ကပ်ဘေး ဖြစ်သွားလိမ့်မယ်… တာအိုမိတ်ဆွေမူ၊ မင်းရဲ့ ကလေးအတွက် မျှော်လင့်ချက်ရောင်ခြည်လေး ချန်ထားပေးပါဦး”
ချင်မူမှာ ရင်ထဲတွင် တင်းကြပ်သွားပြီး အသေးစိတ် မေးချင်လာ၏။ သို့သော် မီလော့နန်းတော်အရှင်သခင်က တိတ်ဆိတ်ငြိမ်သက်သွားသည်။ သူ မေးနေသော်လည်း မီလော့နန်းတော်အရှင်သခင်သည် မည်သည်မှ ပြန်မဖြေတော့ပေ။
ချင်မူ သက်ပြင်းချလိုက်မိသည်။ ဤဆရာ၏ ကောင်းကင်နတ်သိုင်းများမှာ မယုံကြည်နိုင်လောက်အောင် ကြီးမားကျယ်ပြန့်မှန်း သူ သိရှိထား၏။ သူသည် အနာဂတ်ကိုပင် တွက်ချက်နိုင်ချေသည်။
ထို့အပြင် မီလော့နန်းတော်အရှင်သခင်မှာ ချင်မူ မသိရှိနိုင်သော အရာများကိုပင် သဲလွန်စငယ်လေးများမှတစ်ဆင့် ရှာဖွေတွေ့ရှိနိုင်သေးသည်။
ကြိုတင်ခန့်မှန်းမိသော်လည်း မပြောပြလိုသဖြင့် ချင်မူလည်း လက်လျှော့လိုက်ရတော့သည်။
ချင်မူက လင်ယွိရှို့၏ လက်ကိုဆွဲကာ ချင်လင်ယွင်ကို ပွေ့ချီလိုက်သည်။ သူက ခါးကိုင်း၍ အရိုအသေပေးလိုက်ပြီး မီလော့နန်းတော်မှ ထွက်လာခဲ့သည်။
နန့်ရှန်းမှာ တွေဝေနေသည်။ မီလော့နန်းတော်အရှင်သခင်ကို မေးလိုသည့် မေးခွန်းများဖြင့် ပြည့်နှက်နေသော်လည်း ချင်မူက ထွက်ခွာသွားလေပြီ။ ထိုမျှသာမက မီလော့နန်းတော်အရှင်သခင်လည်း ပျောက်ကွယ်သွားပြီ ဖြစ်သောကြောင့် သူမလည်း မီလော့နန်းတော်မှ ထွက်ခွာလာခဲ့ရသည်။
သူမ လှည့်ကြည့်လိုက်ရာ နန်းတော်တံခါးကား ပိတ်သွားခဲ့လေပြီ။
နန့်ရှန်းလည်း သက်ပြင်းချလိုက်ရင်း လမ်းပျောက်သွားသလို ခံစားနေရသည်။
မီလော့နန်းတော်အရှင်သခင်၊ စကြဝဠာ ၁၆ စင်းမှ ပုဂ္ဂိုလ်အားလုံး၏ ဆရာသည် အမှန်ပင် သေဆုံးသွားခဲ့လေပြီ။
ချင်မူက ရွှေသင်္ဘောဘေးသို့ လျှောက်သွားကာ ပြုံးလိုက်သည်။ “ဒီနေရာမှာ ရက်နည်းနည်းလောက် နေကြစို့… ကိုယ်တို့ မပြန်ခင် ကိုယ့်ကိုယ်ကို အထွတ်အထိပ်အခြေအနေအထိ ပြန်မြှင့်တင်ဖို့ လိုတယ်… အပြန်ခရီးလမ်းက လာတုန်းကထက် အဆပေါင်းများစွာ ပို အန္တရာယ်ရှိလိမ့်မယ်”
လင်ယွိရှို့က ခေါင်းညိတ်လိုက်သည်။ “အစ်မတော်နန့်ရှန်း၊ ရှင် အရင်ပြန်ပါတော့… လမ်းတလျှောက်လုံး လိုက်လာပေးတာ ကျေးဇူးတင်ပါတယ်”
နန့်ရှန်းမှာ တခဏ တုံ့ဆိုင်းနေပြီးနောက် ခေါင်းညိတ်လိုက်သည်။ “သခင်လေး၊ သခင်မ၊ ကျွန်မ ဒီခရီးမှာ မကူညီနိုင်တော့ဘူး… ခွင့်ပြုပါဦး”
ချင်မူက ကျေးဇူးတင်သဖြင့် နန့်ရှန်းမှာ အလျင်အမြန် ပြောလိုက်ရသည်။ “ကျေးဇူးတင်မခံဝံ့ပါဘူး… သခင်လေးတို့ ဇနီးမောင်နှံ ဂရုစိုက်ကြပါ” ထိုသို့ပြောပြီးနောက် သူမက ထရပ်ကာ ထွက်ခွာသွားသည်။
ချင်မူတို့နှစ်ယောက်သား သူမ ထွက်ခွာသွားသည်အထိ ကြည့်နေကြစဉ် လင်ယွိရှို့က ပြော၏။ “ဒီအစ်မတော်နန့်ရှန်းက ဆိုးသွမ်းတဲ့သူတစ်ယောက် မဟုတ်ဘူး”
“တကယ်တော့ မီလော့နန်းတော်ရဲ့ လူအားလုံး လူဆိုးတွေ မဟုတ်ကြပါဘူး”
ချင်မူက ပြုံးလိုက်သည်။ “ကိုယ်အပါအဝင်ပေါ့…. ကိုယ်လည်း လူဆိုး မဟုတ်ဘူးလေ… မီလော့နန်းတော်ထဲက တာအိုသိုင်းပညာရှင်တွေ၊ ခန်းမသခင်တွေအားလုံးက ကမ္ဘာလောကကြီးကို ကယ်တင်ဖို့ စိတ်ကူး ရှိကြတယ်…. သူတို့က နားလည်မှု မရှိတဲ့သူတွေ မဟုတ်ကြဘူး…. ရပ်တည်တဲ့နေရာ မတူလို့သာ ရှုထောင့်တွေ မတူကြတာ…. ဒါကြောင့် သူတို့ကို လူဆိုးတွေ၊ ကျူးကျော်သူတွေလို့ ထင်နေကြတာလေ”
လင်ယွိရှို့က ပြုံးလိုက်သည်။ “မောင်က အတော်လေး အမြင်ကျယ်လာပါလား…. ကောလဟာလတွေထဲက ကောင်းကင်နတ်အရှင်မူနဲ့တောင် မတူတော့ဘူး”
ချင်မူ စိတ်ဝင်စားသွားသည်။ “ကောလဟာလတွေထဲက ကောင်းကင်နတ်အရှင်မူက ဘယ်လိုလူမျိုးလဲ ပြောပါဦး”
“လူရှုပ်ကြီးတဲ့ … မကောင်းမှုကို မုန်းတီးသလို တစ်ချိန်တည်းမှာပဲ သူကိုယ်တိုင်ကလည်း လူဆိုးကြီးတဲ့လေ…. ကြင်နာသနားသလို ရက်စက်တတ်တယ်… ကတိမတည်သလို ကတိလည်း တည်တယ်”
လင်ယွိရှို့ နှုတ်ခမ်းစေ့ကာ ပြုံးလိုက်သည်။ “စကားသိပ် မပြောတတ်သလို လူတစ်ယောက်ကို စကားနဲ့ သတ်နိုင်တယ် … တချို့က သိပ်ဉာဏ်ကောင်းတယ်လို့ ပြောကြသလို တချို့ကတော့ နွားလို တုံးတယ်တဲ့… တချို့က မောင့် တာအိုနှလုံးသားက ထာဝရခိုင်မြဲပြီး မတုန်လှုပ်ဘူးလို့ ပြောကြသလို တချို့ကတော့ တာအိုနှလုံးသားဟာ ရှုပ်ထွေးနေပြီး အမြဲတမ်း ပြောင်းလဲနေတယ် ပြောကြတယ်…. ပြောရရင် ကောင်းကင်နတ်အရှင်မူက နှိုင်းယှဉ်လို့ မရနိုင်အောင် ရှုပ်ထွေးတဲ့ လူရှုပ်ကြီးပေါ့လေ”
ချင်မူ ကျယ်လောင်စွာ ရယ်မောလိုက်မိသည်။
လင်မယားနှစ်ဦး ရွှေသင်္ဘောပေါ်တွင် နေထိုင်ကြ၏။ ချင်လင်ယွင်မှာ မွေးခါစ ဖြစ်သဖြင့် ဆူညံနေသည်။ လင်မယားနှစ်ဦးမှာ အသစ်စက်စက် မိဘများ ဖြစ်သဖြင့် အတော်လေး အလုပ်ရှုပ်နေကြလေသည်။
“ကိုယ့်မှာ ကောင်းကင်နဲ့ မြေကြီးကို ရွေ့လျားစေနိုင်တဲ့ စွမ်းဆောင်ရည်တွေ ရှိတယ်… ဘယ်သူမှ ကိုယ့်ကို အနိုင်မယူနိုင်ဘူး… ဒါပေမဲ့ ရက်သားပဲ ရှိသေးတဲ့ ကလေးတစ်ယောက် အနိုင်ယူတာ ခံလိုက်ရပြီ”
ချင်မူ စိတ်ပျက်အားငယ်သွားသည်။ ကံကောင်းထောက်မစွာဖြင့် ချင်လင်ယွင်မှာ အမြဲတမ်း ငိုယိုနေခြင်းမရှိဘဲ တိတ်ဆိတ်နေသည့်အခါတွင် အလွန်တရာ ချစ်စရာကောင်းသဖြင့် ဖအေဖြစ်သူအနေဖြင့် စိတ်သက်သာရာရမိလေသည်။
နှစ်လကျော်ကြာပြီးနောက် ချင်မူ၏ ကျင့်စဉ်စွမ်းအင်နှင့် စွမ်းဆောင်ရည်တို့ အထွတ်အထိပ်အခြေအနေသို့ ပြန်လည်ရောက်ရှိသွားသည်။ နောက်ဆုံးတွင် သင်္ဘောကို ရွက်လွှင့်ကာ လာရာလမ်းအတိုင်း ပြန်လှည့်လာခဲ့၏။
လင်မယားနှစ်ဦး သင်္ဘောပေါ်တွင် ပျော်ရွှင်နေကြပြီး ကလေးကို စလိုက်၊ အနှီးလျှော်လိုက်ဖြင့် အလုပ်များနေကြသည်။ မုန်တိုင်းလာတော့မည်ကို လုံးဝမသိကြသည့်အလားပင်။
အလာတုန်းက ချင်မူသည် အဆုံးသတ်မြို့ပျက်ကြာပန်းနှင့် လောကသစ်ပင်ကို ထိန်းချုပ်ရင်း မဟာပျက်စီးခြင်းကပ်ဘေး၏ စွမ်းအင်ကို စုပ်ယူ၍ ချင်လင်ယွင်ကို အာဟာရဖြည့်တင်းပေးခဲ့သောကြောင့် အရှိန်နှေးခဲ့သော်လည်း အပြန်လမ်းတွင်မူ ပိုမို လျင်မြန်ခဲ့၏။ သုံးလအတွင်း ၇ စင်းမြောက် စကြဝဠာ၏ မဟာပျက်စီးခြင်းကပ်ဘေးသို့ ရောက်လာခဲ့ကြသည်။
ရွှေသင်္ဘော၏ အရှိန်မှာ တစတစ နှေးကွေးလာသည်။ လင်ယွိရှို့က သတိထားမိသဖြင့် ချင်မူ့ကို လှမ်းကြည့်လိုက်၏။
ချင်မူက ရွှေသင်္ဘော၏ ကုန်းပတ်ပေါ်တွင် ထိုင်၍ ချင်လင်ယွင်ကို စနောက်နေပြီး လမ်းလျှောက်တတ်စေအောင် သင်ပေးနေသည်။ ဖအေဖြစ်သူသည် ယခင်အတိုင်း ပေါ့ပါးပျော်ရွှင်နေဆဲပင်။
သို့သော် ရွှေသင်္ဘော၏ အရှိန်မှာ အမှန်တကယ်ပင် လျော့ကျလာပြီး ပိုပို၍ နှေးကွေးလာသည်။
လင်ယွိရှို့က ချင်လင်ယွင်ကို ပွေ့ချီကာ မေးလိုက်သည်။ “မောင် တစ်ခုခု ပူပန်စရာ ရှိနေလို့လား”
ချင်မူ ထရပ်၍ သင်္ဘောအပြင်ဘက်သို့ ကြည့်လိုက်သည်။ သင်္ဘောအပြင်ဘက်တွင် ၇ စင်းမြောက် စကြဝဠာကို လွှမ်းခြုံထားသော မဟာပျက်စီးခြင်းကပ်ဘေးကြီး ဖြစ်ပွားနေသည်။ တျန်းတုကောင်းကင်ဖွင့်လှစ်သူများ ဖန်တီးခဲ့သော စကြဝဠာပင်လျှင် မွေးဖွားခြင်းနှင့် သေဆုံးခြင်းသံသရာမှ မလွတ်မြောက်နိုင်ဘဲ ချက်ချင်း ဖျက်ဆီးခံလိုက်ရချေပြီ။
“ဒီလမ်းတစ်လျှောက်လုံး ဘာလှိုင်းသံမှ မကြားရတာလို့ ကိုယ် စိတ်ပူနေမိတာ”
သူ၏ မျက်နှာပေါ်မှ အပြုံး ပျောက်ကွယ်သွားပြီး အသံမှာ တိုးဝင်သွားသည်။ “ပိုပြီးငြိမ်သက်လေလေ၊ လာတော့မယ့် မုန်တိုင်းက ပိုပြီးဆိုးရွားလေလေပဲ… မင်းတို့သားအမိကို ကာကွယ်နိုင်မယ့် လုံလောက်တဲ့ ယုံကြည်ချက် ကိုယ့်မှာ မရှိဘူး”
လင်ယွိရှို့ သူ၏မျက်နှာကို ကြည့်လိုက်မိသည်။ မာနကြီးသော ကောင်းကင်နတ်အရှင်မူမှာ ဤအချိန်တွင် စိုးရိမ်ပူပန်နေရှာသည်။ ငယ်စဉ်ကတည်းက တည်ဆောက်ခဲ့သော ပြိုင်ဘက်ကင်း ယုံကြည်ချက်၊ ထာ၀ရငြိမ်းချမ်းရေးအင်ပါယာ ပြုပြင်ပြောင်းလဲမှုမှ ပျိုးထောင်ခဲ့သော ပြိုင်ဘက်ကင်း ယုံကြည်ချက်မှာ ယခုတွင် တုန်လှုပ်နေ၏။
လင်ယွိရှို့က သူ၏ဘေးတွင် မှီလိုက်ပြီး လက်တစ်ဖက်ဖြင့် ချင်လင်ယွင်ကို ပွေ့ချီထားရင်း လက်တစ်ဖက်ဖြင့် သူ၏လက်ကို ဆုပ်ကိုင်ပေးလိုက်သည်။ သူ့အား ခွန်အားနှင့် သတ္တိပေးလိုမိသည်။
ချင်မူ သူမကို ဖက်လိုက်သည်။ သူ၏အသံက တိုးနေသော်လည်း မာန်ပါသည်။ “စိတ်မပူပါနဲ့၊ ကိုယ် မင်းတို့ကို သေချာပေါက် ကာကွယ်ပေးမှာပါ… ဘာအမှားအယွင်းမှ ဖြစ်မလာစေရဘူး”
သူ၏အကြည့်က မဟာပျက်စီးခြင်းကပ်ဘေးဆီသို့ ကျရောက်သွားသည်။ ကပ်ဘေးကြီးသည် ကြောက်မက်ဖွယ်ကောင်းလောက်အောင် တိတ်ဆိတ်ငြိမ်သက်နေ၏။
ယခင်က သူ၏မိဘများ ဖြစ်သည့် ချင်ဟန်ကျန်းနှင့် ကြင်ယာတော်ကျန်းတို့သည် ရွှင်ပျော်ပျော်ကျေးရွာမှ ထွက်လာခဲ့ကြရ၏။ လမ်းတစ်လျှောက်တွင် ကောင်းကင်နတ်ဘုံ၏ ၀န်းရံတိုက်ခိုက်ခြင်း ခံခဲ့ရပြီး ကမ္ဘာဦးဘုံ မဟာာမြို့ပျက်တွင် အဖမ်းဆီးခံခဲ့ရသည်။
ချင်ဟန့်ကျန်းမှာ သစ်သားရုပ် ဖြစ်သွားခဲ့ပြီး သူ့ကို ကိုယ်ဝန်ဆောင်ထားသော ကြင်ယာတော်ကျန်းကိုမူ ယိုတုသို့ ပို့ဆောင်ခဲ့သည်။
သူတို့ရှေ့ရှိ မြင်ကွင်းမှာ ထိုမြင်ကွင်းနှင့် မည်မျှ တူညီနေပါသနည်း။
နောက်ပိုင်းတွင် ကြင်ယာတော်ကျန်းသည် သူ့အား ခြင်းတောင်းထဲ ထည့်၍ ဒေါ်လေးပင်းအာကို ခြင်းဆောင်းဆွဲကာ ယိုတုမှ ထွက်ခွာစေခဲ့သည်။ ထိုအချိန်မှစ၍ ဒုက္ခတိဘိုးဘွားကျေးရွာတွင် ချင်မူ ဟုခေါ်သော မိဘမဲ့တစ်ဦး ရောက်လာခဲ့၏။
“ငါ့သမီး ငါ လျှောက်ခဲ့တဲ့ လမ်းကို မလျှောက်စေရဘူး” သူက စိတ်ထဲတွင် တွေးနေသည်။
မိဘမဲ့တစ်ဦးအနေဖြင့် မိဘအရင်းများကို ရှာဖွေရာတွင် ခံစားရသည့် ခါးသီးမှုကို သူကိုယ်တိုင် နင့်နင့်နဲနဲ ခံစားခဲ့ရသည် မဟုတ်ပါလော။
လောကပေါင်းကူးရွှေသင်္ဘောကား ဖရိုဖရဲမြစ်တစ်စင်းပြီးတစ်ပြီးအား ဖြတ်ကျော်လာခဲ့သည်။
၈ စင်းမြောက် စကြဝဠာ မဟာပျက်စီးခြင်းကပ်ဘေး ဘေးကင်းသည်။
၉ စင်းမြောက် စကြဝဠာ မဟာပျက်စီးခြင်းကပ်ဘေး ဘေးကင်းသည်။
၁၀ စင်းမြောက် စကြဝဠာ မဟာပျက်စီးခြင်းကပ်ဘေး ဘေးကင်းသည်။
ချင်မူ၏ မျက်နှာအမူအရာမှာ ပိုပို၍ တည်ကြည်လေးနက်လာပြီး သူ့မျက်နှာပေါ်တွင် အပြုံးကိုပင် မမြင်ရတော့ပေ။ အန္တရာယ် ပေါ်ထွက်မလာသေးခြင်းက ထွက်လာသည့်အချိန်တွင် အလွန်ပြင်းထန်မည့် အဓိပ္ပာယ်ပင်။
သူ ခံနိုင်ရည်ရှိသည့် အတိုင်းအတာထက်ပင် ကျော်လွန်၍ ပြင်းထန်လိမ့်မည်။
ချင်မူသည် ကျယ်ပြန့်နက်နဲသည့် ကောင်းကင်နတ်သိုင်းများကို ပိုင်ဆိုင်ထားသော်လည်း ကောင်းကင်ဖွင့်လှစ်သူများ၊ မီလော့နန်းတော်နှင့် အနန္တအဘိုးအိုသာမက တခြားသော ရှေးခေတ်အင်အားစုများကို သူ တစ်ယောက်တည်း မရင်ဆိုင်နိုင်သည်မှာ သေချာ၏။
ဤတိုက်ပွဲကို သူ လုံး၀ ရှုံးနိမ့်၍ မဖြစ်ချေ။ သို့သော် ရှုံးနိမ့်နိုင်ခြေက မြင့်မားနေသည်။
၁၁ စင်းမြောက် စကြဝဠာ မဟာပျက်စီးခြင်းကပ်ဘေး ဘေးကင်းသည်။
၁၂ စင်းမြောက် စကြဝဠာ မဟာပျက်စီးခြင်းကပ်ဘေး ဘေးကင်းသည်။
၁၃ စင်းမြောက် စကြဝဠာ မဟာပျက်စီးခြင်းကပ်ဘေး ဘေးကင်းသည်။
၁၄ စင်းမြောက် စကြဝဠာ မဟာပျက်စီးခြင်းကပ်ဘေး ဘေးကင်းနေဆဲပင်။
နောက်ဆုံးတွင် ၁၅ စင်းမြောက် စကြဝဠာ မဟာပျက်စီးခြင်းကပ်ဘေးသို့ ရောက်လာကြ၏။
ချင်မူမှာ အာခေါင်ခြောက်နေပြီး အဆုံးသတ်မြို့ပျက်ကြာပန်းနှင့် လောကသစ်ပင်ကို အသက်သွင်းကာ ဖရိုဖရဲမြစ်ထဲတွင် အမြစ်တွယ်စေလိုက်၏။ မဟာပျက်စီးခြင်းကပ်ဘေးစွမ်းအားကို စုပ်ယူ၍ သူ့အတွက် အသုံးပြုရန် ကြိုးစားလိုက်သည်။
သူ၏နှလုံးသားမှာ တဖြည်းဖြည်း လေးလံလာသည်။ အဆုံးသတ်မြို့ပျက်ကြာပန်းနှင့် လောကသစ်ပင်မှာ မဟာပျက်စီးခြင်းကပ်ဘေး၏ စွမ်းအားကို လုံး၀မစုစည်းနိုင်တော့ချေ။
ချင်မူက ဟင်းခနဲ အသက်တစ်ရှိုက် ရှူသွင်းလိုက်သည်။ သခင်လေးနှစ်လည်း သူတို့မိသားစုသုံးယောက်ကို စောင့်ဆိုင်းနေပုံပင်။
သခင်လေးနှစ်မှာ မီလော့နန်းတော်အရှင်သခင်၏ အနီရောင်ကြိုးထုံးကို ချိုးဖြတ်နိုင်မည်မဟုတ်သော်လည်း သူမ၏ စွမ်းအားက စိမ့်ထွက်နေပြီဖြစ်သည်။ သူ့ အနေဖြင့် သူမ၏ စွမ်းအားကို ငှားယူရန် မဖြစ်နိုင်တော့ပေ။
သူ့အရှေ့တွင် ဖရိုဖရဲမြစ်က ရုတ်တရက် လှိုင်းထန်ကာ တဝုန်းဝုန်း မြည်ဟီးလာသည်။ မဟာပျက်စီးခြင်းကပ်ဘေးထဲမှ အလင်းတန်းတစ်တန်း ပေါက်ကွဲထွက်လာ၏။ မဟာပျက်စီးခြင်းကပ်ဘေးထဲတွင် ကမ္ဘာသစ်တစ်ခု မွေးဖွားလာခြင်းပင်။
တစ်စုံတစ်ယောက်က မဟာပျက်စီးခြင်းကပ်ဘေးထဲတွင် ကောင်းကင်ဖွင့်လှစ်ခြင်းနည်းလမ်းကို အတင်းအကြပ် အသုံးပြုကာ ကောင်းကင်နှင့်မြေကြီးကို နှစ်ခြမ်းကွဲစေ၍ စကြဝဠာငယ်တစ်စင်းအဖြစ် ဆင့်ကဲပြောင်းလဲစေလိုက်ခြင်း ဖြစ်၏။
ထိုစကြဝဠာငယ် မွေးဖွားလာခြင်းက မဟာပျက်စီးခြင်းကပ်ဘေးထဲတွင် အရောင်အသွေးစုံလင်စွာဖြင့် အလွန်တောက်ပနေသည်။
ဖရိုဖရဲမြစ်ထဲတွင် ရောင်စုံအလင်းတန်းများ တစ်စတစ်စ ဖြာထွက်လာကာ စကြဝဠာငယ် တစ်ခုပြီးတစ်ခုက ကြီးမားလှသော ဖရိုဖရဲမြစ်ထဲတွင် ပေါ်ထွက်လာချေပြီ။
၇ စင်းမြောက် စကြဝဠာမှာတုန်းက တျန်းတုအရှင်သခင်နှင့်အတူ စကြဝဠာကောင်းကင်နှင့်မြေကြီးကို ဖန်တီးခဲ့ကြသော ကောင်းကင်ဖွင့်လှစ်သူများ ပေါ်ထွက်လာခဲ့ပြီဖြစ်သည်။
တစ်ချိန်တည်းမှာပင် မဟာပျက်စီးခြင်းကပ်ဘေး၏ အလယ်ဗဟိုတွင် လောကသစ်ပင်ကို ချင်မူ မြင်တွေ့လိုက်ရသည်။ သစ်ရွက်များသည် လှပခမ်းနားသော ကောင်းကင်ဘုံများနှင့် တူပြီး သစ်ကိုင်းနှင့် အမြစ်များမှာ မဟာတာအိုအလားပင်။
အနန္တအဘိုးအိုက သစ်ပင်အောက်တွင် ရပ်နေသည်။
အဝေးတွင် ၁၅ စင်းမြောက် စကြဝဠာ၏ ကျောက်စိမ်းမြို့တော် ထွက်ပေါ်လာသည်။ ပျက်စီးယိုယွင်းနေသော မြို့ရိုးနောက်ဘက်တွင် တာအိုသစ်ပင်များက တောအုပ်များအဖြစ် ပြောင်းလဲ၍ စိမ်းလန်းစိုပြေနေသည်။ တာအိုသစ်ပင်များပေါ်ရှိ တာအိုသစ်သီးအမျိုးမျိုးမှာ မတူညီသော တာအိုစွမ်းအားများဖြင့် ပြည့်နှက်နေ၏။
ဖရိုဖရဲမြစ်ထဲမှ ပျက်စီးနေသော မဟာခြုံလွှမ်းကောင်းကင်ဘုံများစွာ ပျံသန်းလာသည်။ မဟာခြုံလွှမ်းကောင်းကင်ဘုံအချို့တွင် တာအိုသစ်ပင်များ လှုပ်ယိမ်းနေပြီး မျက်နှာရှင်းရှင်လင်းလင်း မမြင်ရနိုင်သည့် တာအိုသိုင်းပညာရှင်များ ရပ်နေကြ၏။
ထို့အပြင် ထူးဆန်းသည့် တာအိုလက်နက်အမျိုးမျိုးက ဧရာမအရာဝတ္ထုများကို ဖွဲ့စည်းထားကြသည်။ ၎င်းတို့မှာ မီလော့နန်းတော်ကောင်းကင်ဖွင့်လှစ်သူများနှင့် အနန္တအဘိုးအို၏ အင်အားစုများ မဟုတ်ကြပေ။
ချင်မူက စိတ်တည်ငြိမ်စေပြီး လင်ယွိရှို့ကို ပြုံးပြလိုက်သည်။ “မိန်းမ၊ လင်ယွင်ကို ပြောချင်တာ ဘာရှိသေးလဲ”
လင်ယွိရှို့မှာ သူ ဆိုလိုသည့် အဓိပ္ပာယ်ကို နားလည်၍ ချင်လင်ယွင်ကို ပွေ့ချီကာ မျက်နှာလေးအား နမ်းလိုက်၏။ သူမက တိုးညှင်းစွာ မှာနေသည်။ “အမေတို့ကလေးလေး၊ သမီးနာမည်ကို မှတ်ထားပါ… သမီးနာမည်က ချင်လင်ယွင်… သမီးက ချင်လင်ယွင်လို့ ခေါ်တယ်… သမီးရဲ့ အဖေက ... သမီးရဲ့ အဖေက သမီးကို လာရှာလိမ့်မယ်… သူ သမီးနာမည်ကို ခေါ်လိမ့်မယ်”
သူမက ချင်လင်ယွင်ကို မြှောက်လိုက်ပြီး ချင်မူရှေ့သို့ ချီလာသည်။
“ချင်မူ၊ နင် သူ့ကို သေချာပေါက် ရှာရမယ်” သူမက ဒေါသတကြီး သတိပေး၍ ချင်လင်ယွင်ကို လောကပေါင်းကူးရွှေသင်္ဘောအပြင် လွှတ်ချလိုက်ချေပြီ။
“စိတ်ချပါ”
ချင်မူက ကျယ်လောင်စွာ ကတိပေးသည်။ ချင်လင်ယွင်မှာ ဖရိုဖရဲမြစ်ထဲသို့ ပြုတ်ကျသွားသည်။ ဖရိုဖရဲမြစ်ထဲမှ အင်အားကြီးမားသော ပုံရိပ်များ တစ်ခုပြီးတစ်ခုက ချင်လင်ယွင်ကို လုယူရန် လိုက်ဖမ်းကြသည်။
ထိုအချိန်တွင် ချင်မူ၏ အဆုံးသတ်မြို့ပျက်ကြာပန်းမှ ကြာရွက်တစ်ရွက်က ပြတ်တောက်လျက် ပျံတက်သွား၏။ ယင်းက အနှီးထဲရှိ ချင်လင်ယွင်ကို မကာ ထွက်ခွာသွားသည်။
ချင်မူက လင်ယွိရှို့၏ လက်ကိုဆွဲကာ ထရပ်လိုက်သည်။ ခြေဆောင့်ချလိုက်သည့်အခါ လောကပေါင်းကူးရွှေသင်္ဘောသည် ချင်လင်ယွင်၏ နောက်သို့ လိုက်ပါသွားပြီး ဖရိုဖရဲမြစ် တစ်စင်းပြီးတစ်စင်းဆီ ပျံသန်းသွားသည်။
ချက်ချင်းပင် မရေမတွက်နိုင်သော အရိပ်များသည် မြစ်ရေပြင်အား နင်းကာ လောကပေါင်းကူးရွှေသင်္ဘောနှင့် ထိုကြာရွက်ကို သွေးရူးသွေးတန်း လိုက်လံဖမ်းဆီးကြတော့၏။
ချင်မူနှင့် လင်ယွိရှို့က ကြာပလ္လင်ပေါ်သို့ ဆင်းသက်လိုက်ကြပြီး မျက်နှာများ ဖြူဖျော့နေကြသည်။ နှစ်ယောက်သား မြစ်ပြင်အတိုင်း ၁၆ စင်းမြောက် စကြဝဠာဆီသို့ လျှောက်သွားကြ၏။
“တစ်နေ့ကျရင် ကျုပ် ခင်ဗျားတို့လို ပုပ်သိုးနေတဲ့သူတွေကို အခေါင်းထဲ ထည့်ပစ်မယ်… တစ်နေ့ကျရင်…”
အဆုံးသတ်မြို့ပျက်ကြာရွက်သည် ချင်လင်ယွင်ကို သယ်ဆောင်ကာ ဖရိုဖရဲမြစ်များအား ဖြတ်ကျော်ပျံသန်းနေ၏။ နန့်ရှန်းမှာ အပြန်လမ်းတွင် ကြာရွက် ပျံလာသည်ကို မြင်လိုက်ရပြီး အနောက်တွင်လည်း လောကပေါင်းကူးရွှေသင်္ဘောအား တွေ့လိုက်ရရာ မှင်သက်သွားသည်။ ထိုကြာရွက်မှာ ပျံသန်းသွားပြီး ဖရိုဖရဲမြူခိုးများထဲတွင် ပျောက်ကွယ်သွားချေပြီ။
ထို့နောက် မြစ်ရေတို့ ဆူပွက်လာသည်။ အင်အားကြီးမားသော ပုဂ္ဂိုလ်များက ကြာရွက်နှင့် သင်္ဘောနောက်သို့ လိုက်ဖမ်းနေကြ၏။ ဖရိုဖရဲမြစ်မှာ ပွက်ပွက်ဆူကာ ဗြောင်းဆန်နေသည်။
ထိုသိုင်းပညာရှင်များ သူမဘေးမှ ဖြတ်ကျော်သွားကြရာ နန့်ရှန်း အံ့ဩသွားမိသည်။
“ဘာဖြစ်သွားတာလဲ”
အဆုံးသတ်မြို့ပျက်ကြာရွက်နှင့် လောကပေါင်းကူးရွှေသင်္ဘောသည် ပထမစကြဝဠာ မဟာပျက်စီးခြင်းကပ်ဘေးသို့ ရောက်လာသည်။ ရုတ်တရက် ကြာရွက်က မြစ်ရေပြင်မှ ပျံတက်သွား၏။ လောကပေါင်းကူးရွှေသင်္ဘောလည်း မြစ်ရေပြင်မှ ခုန်တက်လာသည်။ ကြာရွကသည် ချင်လင်ယွင်ကို သယ်ဆောင်၍ သင်္ဘောပေါ်သို့ ဆင်းသက်သွား၏။
ရွှေသင်္ဘောက ရုတ်တရက် လမ်းကြောင်း ပြောင်းလိုက်ပြီး လိုက်ဖမ်းနေသော အင်အားကြီးသိုင်းပညာရှင်များ အရှေ့တွင် ချင်လင်ယွင်ကို သယ်ဆောင်လျက် ဖရိုဖရဲမြစ်ထဲသို့ ထိုးဆင်း ဝင်ရောက်သွားတော့သည်။
“မလုပ်နဲ့”
တာအိုသံများ ဆက်တိုက် ဆူညံသွားသည်။ ထို့နောက် အရိပ် တစ်ခုပြီးတစ်ခု မြစ်ထဲသို့ ကျဆင်းသွားကြသည်။
ပထမ စကြဝဠာတွင် စကြဝဠာသည် ပျက်စီးခြင်းလက္ခဏာများ ပေါ်ပေါက်နေချေပြီ။ မီလော့နန်းတော်အရှင်သခင်သည် လောကပေါင်းကူးရွှေသင်္ဘောကို တည်ဆောက်ခဲ့ပြီး သက်ရှိအားလုံး ရွှေသင်္ဘောဖြင့် ပျက်စီးခြင်းကပ်ဘေးအား ဖြတ်ကျော်နိုင်ရန် ပြင်ဆင်ခဲ့သည်။
တောင်ပေါ်ရွာလေးတွင် ကြာရွက်တစ်ရွက် ပျံဝဲဆင်းသက်လာ၏။ ကလေးမလေးတစ်ဦးက ကြာရွက်ပေါ်မှ တရွတ်တိုက် ဆင်းလာကာ ပျက်စီးတော့မည့် ကမ္ဘာကို တွေဝေစွာ ကြည့်နေသည်။
သူမ ဇဝေဇဝါဖြစ်နေမိသည်။ ဤနေရာတွင် မြေ၊ ရေ၊ လေ၊ မီးများ ပေါက်ကွဲပြန့်ကြဲနေသည်။ နေရာတိုင်းတွင် ထွက်ပြေးနေကြသော လူများ ပြည့်နှက်နေ၏။
သူမကမူ ခံနိုင်ရည်ကောင်းစွာဖြင့် အသက်ရှင်နေခဲ့သည်။ သူမ၏ ဦးနှောက်ထဲတွင် အမြဲတမ်း အသံတစ်သံသည် သူမကို ချင်လင်ယွင်ဟုခေါ်ကြောင်း၊ သူမတွင် ဖခင်နှင့် မိခင် ရှိကြောင်း ပြောပြနေ၏။ သို့သော် မိဘများနှင့် ပက်သက်သည့် မှတ်ဉာဏ်မှာ ပိုပို၍ မှုန်ဝါးလာခဲ့ချေပြီ။
သူမ ငါးနှစ်၊ ခြောက်နှစ်အရွယ်သို့ ရောက်လာသည့်အခါတွင် ထူးခြားသော စွမ်းဆောင်ရည်များ ပြသခဲ့၏။ သို့သော် မဟာပျက်စီးခြင်းကပ်ဘေးတွင် သူမ၏ စွမ်းဆောင်ရည်မှာ မည်သို့မျှ အသုံးမဝင်ပေ။
သူမသည် ဒုက္ခသည်များနှင့်အတူ လိုက်ပါထွက်ပြေးခဲ့သည်။ သူမ၏ ဘေးရှိ ရင်းနှီးသောမျက်နှာများ တစ်ဦးပြီးတစ်ဦး လဲကျကာ ပြာမှုန့်ဖြစ်သွားသည်ကို မြင်တွေ့ခဲ့ရ၏။
သူမကမူ အသက်ရှင်ကျန်နေခဲ့သည်။ သူမ၏ အဝတ်အစားများက ဟောင်းနွမ်းစုတ်ပြတ်နေသော်လည်း ထိုကြာရွက်မှာ သူမနောက်သို့ လိုက်ပါနေဆဲ ဖြစ်ပြီး အန္တရာယ်တစ်ခုပြီးတစ်ခု ဖြတ်ကျော်ရာတွင် သူမကို အဖော်ပြုခဲ့၏။
ဤနေ့တွင် သူမဘေးရှိ လူအားလုံး သေဆုံးသွားကြသဖြင့် သူမတစ်ယောက်တည်းသာ ကျန်ရစ်ခဲ့သည်။
သူမမှာ ပျက်စီးနေသော ကမ္ဘာကို ကြည့်လိုက်ရာ မြေ၊ ရေ၊ လေ၊ မီးများ လှုပ်ခတ်နေပြီး မီးတောက်များထဲတွင် အင်အားကြီးသိုင်းပညာရှင်များ တစ်ဦးပြီးတစ်ဦး သူမဆီသို့ လျှောက်လာနေသည်ကို တွေ့လိုက်ရ၏။
“နောက်ဆုံးတော့ ရှာတွေ့ပြီ…” မီးတောက်ထဲမှ တစ်စုံတစ်ယောက်၏ ရှိုက်သံ ရောနေသည့် ရယ်သံ ထွက်ပေါ်လာသည်။
ထိုအချိန်တွင် ပျက်စီးနေသော ကမ္ဘာကား ရုတ်တရက် ငြိမ်သက်သွား၏။ မီးတောက်ထဲမှ ပုံပျက်ရှုံ့တွနေသည့် ပုံရိပ်များလည်း အလွန်တရာ နှေးကွေးသွားကြသည်။
အရပ်မြင့်မြင့် လူရိပ်တစ်ခုသည် မီးတောက်များကို ခွဲလျက် သူမဆီသို့ လျှောက်လာ၏။ ထိုပုံရိပ်က တဖြည်းဖြည်း ကြည်လင်လာသည်။ သူ၏ နားထင်ရှိ ဆံပင်မွှေးများက ဖြူဖွေးနေကာ မျက်နှာတွင် မျက်လုံးသုံးလုံး ရှိ၏။ သူ၏ အကြည့်များမှာ နွေးထွေးနေလေသည်။ သူ၏ ခြေလှမ်းများကမူ သူမဆီသို့ ဦးတည်နေသည်။
“သမီးလေးကို ရှာတွေ့ပြီ”
ထိုအမျိုးသား၏ အသံက ချင်လင်ယွင်ကို ရင်းနှီးနေသည့် ခံစားချက်အား ခံစားရစေ၏။ မှတ်ဉာဏ်ထဲမှ မှုန်ဝါးနေသော အသံများ နိုးထလာသည်။
“သမီးလေးကို ရှာတွေ့ပြီ… အဖေ့သမီးလေး”
ထိုအမျိုးသားက သူမကို ပွေ့ချီလိုက်ပြီး သူမ၏ မျက်နှာကို တယုတယ နမ်းလိုက်၏။ သူ၏ မျက်လုံးသုံးလုံးထဲတွင်မူ မျက်ရည်များ ပြည့်လျက်....
“ချင်လင်ယွင်၊ အဖေ့ကလေးလေး … သမီးရဲ့ အဖေက ချင်မူ၊ သမီးရဲ့ အမေက လင်ယွိရှို့... သမီးအဖေက ဖရိုဖရဲအဖြစ် ပြောင်းလဲသွားပြီး နှစ်ပေါင်းကုဋေချီတဲ့ သမိုင်းကို ဖြတ်ကျော်လို့ သမီးလေးကို လိုက်ရှာနေတာ... သမီးအတွက် နှစ်အနည်းငယ်ပဲ ရှိသေးပေမယ့် သူ့အတွက်က ၁၇ စင်းမြောက် စကြဝဠာရဲ့ နှစ်ပေါင်းကုဋေချီတဲ့ အချိန်တွေ ကုန်ဆုံးသွားခဲ့ပြီ”
သူက ချင်လင်ယွင်ကို မြှောက်လိုက်ပြီး ပခုံးပေါ် တင်လိုက်သည်။ “ဖရိုဖရဲရဲ့ သမီးလေးရေ… ဒီနေ့ကစပြီး သမီးလေးရဲ့ နာမည်က အနာဂတ်မှာ ထာဝရ သမိုင်းတွင်လိမ့်မယ်”