← Chapters

ကောင်းကင်ဖွင့်လှစ်သူတို့၏ ကောင်းကင်နတ်သိုင်းများ

Vol. 139 Ch. 1788

ကောင်းကင်ဖွင့်လှစ်သူတို့၏ ကောင်းကင်နတ်သိုင်းများ

Vol. 139 Ch. 1788

ဘိုးဘေးနန်းတော် ကျောက်စိမ်းမြို့တော်တွင်

ချင်မူနှင့် လင်ယွိရှို့တို့နှစ်ယောက် နောက်ဆုံးဖရိုဖရဲမြစ်ကို ဖြတ်ကျော်၍ မြို့ထဲသို့ ဝင်ရောက်လာကြသည်။

လမ်းတစ်လျှောက်လုံးတွင် သူတို့ကို တားဆီးသူ များများစားစား မရှိ‌ချေ။ တျန်းတုကောင်းကင်ဖွင့်လှစ်သူ အနည်းငယ်နှင့်သာ တွေ့ဆုံခဲ့ပြီး တိုက်ကွက်တချို့ ဖလှယ်ခဲ့၏။

ထို တျန်းတုကောင်းကင်ဖွင့်လှစ်သူများ၏ လမ်းစဉ်၊ ကျင့်စဉ်နှင့် ကောင်းကင်နတ်သိုင်းများက အလွန် ထူးခြားဆန်းကြယ်သည်။ မီလော့နန်းတော်၏ လမ်းစဉ်၊ ကျင့်စဉ်နှင့် ကောင်းကင်နတ်သိုင်းများနှင့် များစွာ ကွာခြားသဖြင့် ချင်မူအား အနည်းငယ် အရေးနိမ့်စေခဲ့သည်။

“မိန်းမ စိတ်မပူပါနဲ့… ကိုယ် သေချာပေါက် အတိတ်ပြန်သွားပြီး လင်ယွင်လေးကို ရှာတွေ့မှာပါ”

ချင်မူ နောက်လှည့်ကြည့်လိုက်သည့်အခါ မြစ်ပြင်တို့သည် တရိပ်ရိပ် လှုပ်ရှားလျက် အတိတ် စကြဝဠာ ၁၆ စင်း၏ ပျက်စီးခြင်းကပ်ဘေးအား ဖော်ဆောင်နေသည်ကို မြင်တွေ့လိုက်ရသည်။ ပထမစကြဝဠာ မဟာပျက်စီးခြင်းကပ်ဘေး စတင်သည့်နေရာတွင် သူ၏ သမီးလေး ချင်လင်ယွင် ပိတ်မိနေချေသည်။

သူ ထိုနေရာသို့ ပြန်ရောက်သွားသည့်အခါတွင် ချင်လင်ယွင်အတွက် နှစ်အနည်းငယ်မျှသာ ခွဲခွာနေရခြင်း ဖြစ်ကောင်း ဖြစ်နိုင်သော်လည်း သူတို့အတွက်မူ အချိန်ပေါင်းများစွာ ကုန်လွန်သွားပေလိမ့်မည်။

အချိန် မည်မျှရှည်ကြာနိုင်ကြောင်း ချင်မူ မပြောတတ်။

ပထမစကြဝဠာ ပျက်စီးခြင်းကပ်ဘေး မစတင်မီ အချိန်သို့ ပြန်ရောက်၍ ချင်လင်ယွင်ကို ပွေ့ချီပြီး ပခုံးပေါ်တင်လိုက်သည့်အခါမှသာ ကြာမြင့်စွာ စောင့်ဆိုင်းခဲ့ရကြောင်း သိရှိသွားလိမ့်မည်။

“ကျင်ကြံတာမှာ အာရုံစိုက်ပါ”

ချင်မူက လင်ယွိရှို့ကို မှာနေသည်။ “နောင်တစ်ချိန်မှာ မင်း တာအိုသိုင်းပညာရှင် ဖြစ်သွားရင် ပထမစကြဝဠာ မဟာပျက်စီးခြင်းကပ်ဘေးကို ဖြတ်ကျော်နိုင်သွားပြီ ... ကိုယ်နဲ့အတူ ဖရိုဖရဲမြစ်ထဲ ဝင်ပြီး သမီးလေးနဲ့ တွေ့နိုင်လိမ့်မယ်”

လင်ယွိရှို့သည် တိတ်ဆိတ်စွာသာ ခေါင်းညိတ်လိုက်၏။

သို့သော် သူမ၏ အရည်အချင်းမှာ အကန့်အသတ် ရှိနေသည်။ ရှုရှန်းဟွာ၊ လန်ယွီတျန်းတို့ကဲ့သို့ မိုးကောင်းကင်အား ဆန့်ကျင်နိုင်သော ဉာဏ်ကြီးရှင်လည်း မဟုတ်ချေ။

ဤဘဝတွင် သူမအနေဖြင့် တာအိုသိုင်းပညာရှင် ဖြစ်လာနိုင်မည်မဟုတ်။

ချင်မူနှင့်အတူ အတိတ်သို့ ပြန်သွားပြီး သမီးလေးကို ဘယ်တော့မှ တွေ့နိုင်မည်မဟုတ်။

သို့သော် မျှော်လင့်ချက်တစ်ခုတော့ ရှိနေဆဲပင်။

ဤသည်မှာ မီလော့နန်းတော်အရှင်သခင်နှင့် သခင်လေးတစ်တို့ ပြောဆိုခဲ့သော ကပ်ဘေး ဖြစ်ကောင်းဖြစ်နိုင်သည်။

ချင်လင်ယွင်သည် စကြဝဠာ ၁၅ စင်း၏ မဟာပျက်စီးခြင်းကပ်ဘေးစွမ်းအားကို စုပ်ယူခဲ့၏။ ဤစကြဝဠာခေတ် ၁၅ စင်းမှ မကောင်းဆိုးဝါးအိုကြီးများအတွက် ချင်လင်ယွင်လေးကား စကြာဝဠာခေတ်ကြီး၏ သမီးငယ်ပင် ဖြစ်သည်။

သူမမှာ ဤကပ်ဘေးကို ခံစားရန် ကံကြမ္မာ ပါလာခြင်းလော။

သခင်‌လေးတစ်က ချင်မူ့ကို ပထမစကြဝဠာ၏ ပျက်စီးခြင်းကပ်ဘေးကို မစုပ်ယူရန် တားမြစ်ခဲ့ပြီး မီလော့နန်းတော်အရှင်သခင်ကလည်း ကောင်းချီး မပေးလိုခဲ့ချေ။

ချင်လင်ယွင်အတွက် အသက်ရှင်နိုင်မည့် နည်းလမ်းသည် ပထမစကြဝဠာတွင် ရှိနေသောကြောင့် ဖြစ်ပြီး ပထမစကြဝဠာ၏ မဟာပျက်စီးခြင်းကပ်ဘေးကို စုပ်ယူလိုက်ပါက အသက်ရှင်နိုင်မည့် နည်းလမ်း ပျက်ပြယ်သွားမည်အား စိုးရိမ်သောကြောင့် ဖြစ်ပေလိမ့်မည်။

လင်မယားနှစ်ယောက် ဘိုးဘေးနန်းတော်ကျောက်စိမ်းမြို့တော်မှ ထွက်လာခဲ့ကြသည်။ ထိုအချိန်တွင် လောကပေါင်းကူးရွှေသင်္ဘောသည် မြို့ထဲမှ ပျံထွက်လာပြီး သူတို့အနောက်သို့ ရောက်လာချေပြီ။

ချင်မူ ရင်ထဲ လှုပ်ခတ်သွားသည်။ လောကပေါင်းကူးရွှေသင်္ဘောသည် ချင်လင်ယွင် မဟာပျက်စီးခြင်းကပ်ဘေးကို ဖြတ်ကျော်နိုင်အောင် ကာကွယ်ပေးရင်း ပထမစကြဝဠာသို့ ပြန်ပို့ပေးခဲ့၏။

ယခုအခါတွင် ရွှေသင်္ဘော ပြန်ရောက်လာခဲ့သည်။

ရွှေသင်္ဘောပေါ်မှ ကြာရွက်တစ်ရွက် ပျံတက်လာပြီး ချင်မူ၏ အဆုံးသတ်မြို့ပျက်ထဲသို့ ဆင်းသက်ကာ အဆုံးသတ်မြို့ပျက်ကြာပန်းနှင့် ပြန်လည်ဆက်သွယ်သွားသည်။

“လင်ယွင်လေး ဘေးကင်းတယ် မိန်းမ”

ချင်မူမှာ စိတ်အားတက်ကြွသွားပြီး လင်ယွိရှို့ကို ပြုံးပြလိုက်သည်။ “သူ လုံခြုံသွားမှသာ ကိုယ့်ကြာရွက် ပြန်လာမှာ … ဒါက အနာဂတ်ရဲ့ တစ်နေ့မှာ ကိုယ်တို့ ပထမစကြဝဠာဆီ ပြန်သွားပြီး သူ့ကို ရှာတွေ့လိမ့်မယ်ဆိုတာ သက်သေပြနေတာပဲ”

ကြာရွက်သည် အဆုံးသတ်မြို့ပျက်တာအို၏ တစ်စိတ်တစ်ပိုင်း ဖြစ်ပြီး ကြာရွက်၏ တာဝန်မှာလည်း ချင်လင်ယွင်ကို ကာကွယ်ရန်ပင်။ ချင်လင်ယွင် အမှန်တကယ် လုံခြုံသွားမှသာ ကြာရွက် ပြန်လာပေလိမ့်မည်။

ဤလုံခြုံမှုမှာ ချင်လင်ယွင် ချင်မူနှင့် တွေ့ဆုံသည့် အခိုက်အတန့်ကို ဆိုလိုခြင်း ဖြစ်သည်။ ဤကြာရွက်မှာ အတိတ်က ချင်မူ၏ အဆုံးသတ်မြို့ပျက်ထဲမှ ကြာရွက်နှင့် တူညီသောအချိန်စီးကြောင်းထဲတွင် မတည်ရှိနိုင်သောကြောင့် ပျောက်ကွယ်သွားမည်ဖြစ်၍ အတိတ်က ချင်မူက သူ့ထံသို့ ပို့ဆောင်ပေးလိုက်ခြင်း ဖြစ်ပေလိမ့်မည်။

ဤသည်မှာ ရှုပ်ထွေးသော်လည်း အဆုံးသတ်မြို့ပျက် တာအိုသိုင်းပညာရှင်အတွက်မူ မခက်ခဲပေ။

လင်ယွိရှို့လည်း သက်ပြင်းချနိုင်သွားကာ စိတ်ထဲတွင် အနည်းငယ် သက်သာရာရသွားသည်။ ယခုအချိန်တွင် သမီးငယ်လေးကို မတွေ့နိုင်သေးသော်လည်း နောင်တစ်ချိန်တွင် သေချာပေါက် တွေ့နိုင်ပေမည်။

လင်မယားနှစ်ယောက်သား ဘိုးဘေးနန်းတော်တွင် ကျောက်စိမ်းမြို့တော်နှင့် လောကသစ်ပင်၏ အလယ်တွင် နေထိုင်ရန် ရွေးချယ်လိုက်ကြသည်။ ချင်မူက သူ သိမြင်နားလည်ခဲ့သည်များကို လင်ယွိရှိုအား သင်ကြားပေးပြီး မြင့်မားသော အဆင့်တစ်ဆင့်သို့ ရောက်နိုင်ရန် မျှော်လင့်နေသည်။

လောကသစ်ပင်အနားပတ်ဝန်းကျင်တွင်မူ အလဲလဲအပြိုပြို ပျက်စီးနေပြီး နေရာတိုင်းတွင် ပုပ်သိုးနေသော ရုပ်အလောင်းများ ပြည့်နှက်နေသည်။

လွန်ခဲ့သောနှစ်နှစ်က ချင်မူနှင့် လင်ယွိရှို့ ရွှေသင်္ဘောဖြင့် ကျောက်စိမ်းမြို့တော် ဖရိုဖရဲမြစ်ထဲသို့ ဝင်ရောက်ခဲ့သည့် အခိုက်အတန့်တွင် သခင်လေးလေးသည် ၁၆ စင်းမြောက် စကြဝဠာ၏ မဟာပျက်စီးခြင်းကပ်ဘေးတွင် အခြေချကာ လောကသစ်ပင်ကို ပစ်မှတ်ထားသော စစ်ပွဲကြီးအား ကိုယ်တိုင်ဦးဆောင်ခဲ့၏။

မီလော့နန်းတော်မှ ခန်းမသခင်သုံးဦးကလည်း ကျောက်စိမ်းမြို့တော် မီလော့နန်းတော်မှ တာအိုသိုင်းပညာရှင်များကို ဦးဆောင်ကာ လောကသစ်ပင်အောက်သို့ ထိုးဖောက် ဝင်ရောက်ခဲ့ကြသည်။ တစ်ချိန်တည်းတွင် ၁၆ စင်းမြောက် စကြဝဠာနှင့် လောကသစ်ပင်ကို ဆက်သွယ်ထားသော ဗျပ်စောင်းကြိုးတစ်ချောင်း၏ စွမ်းအား ပေါက်ကွဲထွက်လာပြီး အနန္တအဘိုးအို၏ အင်အားစုကို သွေးချောင်းစီးစေခဲ့သည်။

ကောင်းကင်နတ်ဧကရာဇ်ဟောင်က သခင်လေးလေး၏ ဗျပ်စောင်းကြိုးကို ဆွဲထားပြီး ဗျပ်စောင်းသံ ထွက်ပေါ်လာစေခဲ့သည်။ သခင်လေးလေးသည် ဗျပ်စောင်းကြိုးအား ကြားခံသဖွယ် အသုံးပြုကာ လောကသစ်ပင်အောက်သို့ ကောင်းကင်နတ်သိုင်းများ စေလွှတ်ခဲ့၏။

ထိုအခါ မီလော့နန်းတော်မှ အသစ် ရောက်ရှိလာသော ခန်းမသခင်သုံးဦးသည် တာအိုသိုင်းပညာရှင်တို့အား ဦးဆောင်ကာ ဗျပ်စောင်းသံများအကြား၌ လောကသစ်ပင်ဆီသို့ ဝင်ရောက်တိုက်ခိုက်ခဲ့ကြသည်။ ဤတိုက်ပွဲတွင် လောကသစ်ပင်အောက်မှ အတိတ်စကြ၀ဠာသိုင်းပညာရှင်များစွာ ကျဆုံးသွားခဲ့ကြသည်။

ထိုသိုင်းပညာရှင်များ သေဆုံးခြင်းက သွေးပူဇော်ခြင်းစွမ်းအားကို ပိုပို၍ အားကောင်းလာစေခဲ့သည်။

တစ်ချိန်တည်းတွင် ခိုင်ဧကရာဇ်ချင်ယဲ့၊ ကောင်းကင်နတ်အရှင်ယွဲ့နှင့် ရှန့်ကျွင်းတို့သည်လည်း အခွင့်ကောင်းယူ၍ လောကသစ်ပင်အောက်သို့ ဝင်ရောက်တိုက်ခိုက်ခဲ့ကြ၏။ တိုက်ပွဲကြီးအတွင်းတွင် ရှုရှန်းဟွာနှင့် လန်ယွီတျန်းတို့က သေလု‌မြောပါးဖြစ်နေသော ထိုက်ယီကို ရှေ့တန်းသို့ သယ်ဆောင်သွားခဲ့ကြသည်။

သူတို့၏ အင်အားစုသည် သုံးဖက်စလုံးတွင် အားအနည်းဆုံး ဖြစ်သည်သာမက ထိုက်ယီမှာ ဒုက္ခိတစ်ပိုင်း ဖြစ်နေသော်လည်း သူ့စွမ်းဆောင်ရည်များမှာ အလွန်အားကောင်းနေဆဲပင်။ မီလော့နန်းတော်နှင့် လောကသစ်ပင်နှစ်ခုလုံးအတွက် ကြီးမားသော ခြိမ်းခြောက်မှု ဖြစ်စေခဲ့သည်။

တိုက်ပွဲစတင်ပြီး မကြာမီတွင်ပင် တာအိုသိုင်းပညာရှင် ဖြစ်သွားသော ထိုက်ရှီသည် တာအိုဘိုးဘေးကြီးကို ခေါ်ဆောင်ကာ အကူအညီပေးရန် ရောက်လာခဲ့၏။

သူက တာအိုသိုင်းပညာရှင်တစ်ယောက်၏ အလွန်ထူးခြားသော အတိုက်အခိုက်စွမ်းရည်ကို ပြသခဲ့သည်။ တာအိုသစ်သီးများစွာ ပိုင်ဆိုင်ထားသော တာအိုသိုင်းပညာရှင်များနှင့် ယှဉ်ပြိုင်တိုက်ခိုက်နိုင်ခဲ့သော်လည်း ခန်းမသခင်အဆင့်ရှိ ပုဂ္ဂိုလ်များအောက် အနည်းငယ်သာ နိမ့်ကျခဲ့၏။

ထိုက်ငါးပါးအနက်မှ တစ်ပါးသည် တာအိုသိုင်းပညာရှင် ဖြစ်သွားသည့်အခါ အမြင့်ဆုံးသော မွေးရာပါတာအိုအဆင့်သို့ ရောက်သွားခြင်းဟု ဆိုရမည်။ ထိုက်ရှီသည် ချင်မူ့အနောက်သို့ အချိန်အတော်ကြာ လိုက်ခဲ့၏။ ချင်မူက ထိုက်ငါးပါးပြောင်းလဲမှုများကို လေ့လာရာမှ ရရှိခဲ့သော အသိအမြင်တို့အား သူ့ထံမှ မဖုံးကွယ်ခဲ့ချေ။ ယင်းက သူ၏ အမြင်နှင့် ဗဟုသုတကို ကိုယ်ပိုင်ကန့်သတ်ချက်များထက် ကျော်လွန်စေခဲ့သည်။

ထိုက်ရှီသည် ထိုက်ကျိရှေးဟောင်းနတ်ဘုရား မောင်နှမနှင့်လည်း နှစ်ပေါင်းများစွာ တိုက်ခိုက်ခဲ့ရသဖြင့် ကမ္ဘာပေါ်ရှိ မဟာတာအိုများအပေါ် သူ၏နားလည်မှုကပို၍နက်ရှိုင်းလာခဲ့၏။ ထိုက်ငါးပါးအပေါ် သိမြင်နားလည်မှုမှာလည်း ပိုမိုနက်နဲလာခဲ့သည်။

ဤသည်မှာ မွေးရာပါ အားသာချက်ဖြစ်သဖြင့် အခြားသူများမှာ အားကျရုံသာ တတ်နိုင်၏။

သူ ဤတစ်ကြိမ် ပေါ်ထွက်လာမှုသည် ထာ၀ရငြိမ်းချမ်းရေးအင်ပါယာ၏ အတိုက်အခိုက်စွမ်းရည် တိုးတက်မှုအတွက် အလွန်အရေးကြီးသည်။ အထူးသဖြင့် ကျောက်စိမ်းမြို့တော်၏ သွေးပူဇော်ခြင်းအပေါ် ကြီးမားသော သက်ရောက်မှု ရှိခဲ့၏။

ထိုက်ရှီက သွေးပူဇော်ခြင်းစွမ်းအင်ကို ဖြတ်တောက်ယူပြီး ကောင်းကင်နှင့် မြေကြီး၏ သဘာဝစွမ်းအင်အဖြစ် ဆင့်ကဲပြောင်းလဲကာ ဘိုးဘေးနန်းတော်၏ ချိပ်တံဆိပ်ကို အားကောင်းစေခဲ့သည်။ သူ့အနေဖြင့် သခင်လေးသုံးနှင့် သခင်လေးလေးတို့ကို မယှဉ်ပြိုင်နိုင်သော်လည်း တစ်စိတ်တစ်ပိုင်းကို ဖြတ်တောက်ယူနိုင်ခဲ့သည်။

ဤသို့ဖြင့် မီလော့နန်းတော် တာအိုသိုင်းပညာရှင်များ ရောက်ရှိလာမည့်အခြေအနေအား ခေတ္တဆိုင်းငံ့စေနိုင်မည်။

ထိုကဲ့သို့ တိုက်ပွဲပြင်းထန်နေခဲ့သောကြောင့် မီလော့နန်းတော် ခန်းမသခင်များနှင့် တာအိုသိုင်းပညာရှင်များမှာ ချင်မူကို မတားဆီးနိုင်ခဲ့ခြင်းလည်း ဖြစ်သည်။

နောက်ဆုံးတွင် အနန္တအဘိုးအိုမှာ ချင်လင်ယွင်ကို လုယူရာတွင် မအောင်မြင်ခဲ့ချေ။ သူက အတိတ်မှ လောကသစ်ပင်ဆီသို့ ပြန်သွားပြီး သခင်လေးလေး၏ ဗျပ်စောင်းကြိုးကို ဖြတ်တောက်လိုက်သည်။ ထို့နောက်မှသာ ဤတိုက်ပွဲ ပြီးဆုံးသွားလေသည်။

ချင်မူနှင့် လင်ယွိရှို့ အခြေချ နေထိုင်သည့်အခါတွင် စစ်ပွဲ ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။

ဤတိုက်ပွဲတွင် အနန္တအဘိုးအို၏ အင်အားစုမှာ အလွန်အမင်း ဆုံးရှုံးခဲ့ရသည်။ သခင်လေးလေး၏ လက်ချက်ကြောင့် အသိုက်ထဲအထိ ဝင်ရောက်တိုက်ခိုက်ခံခဲ့ရခြင်းမှာ အနန္တအဘိုးအိုအတွက် အတော်လေး အရှက်ရစရာ ဖြစ်ခဲ့သည်။

အနန္တအဘိုးအိုသည် အမျက်တချောင်းချောင်း ဒေါသထွက်နေ၏။ လောကသစ်ပင်အပြင်ဘက်တွင် ဖရိုဖရဲချီများ လွှမ်းခြုံနေကာ ဖရိုဖရဲမြစ်များက သစ်ပင်အား ဝန်းရံလျက် သဘာဝအတားအဆီးတစ်ခုကို ဖွဲ့တည်ထားသည်။ လောကသစ်ပင်၏ အမြစ်များက အရပ်လေးမျက်နှာသို့ ပျံ့နှံ့လျက် သွေးပူဇော်ခြင်းစွမ်းအင်ကို လုယူနေသည်။

သခင်လေးသုံးလင်းရှောင်ကလည်း ချင်လင်ယွင်ကို နေရာတိုင်းတွင် လိုက်လံရှာဖွေနေသည်။ သခင်လေးသုံး သွေးပူဇော်ခြင်းကို မဦးဆောင်ပါက ဘိုးဘေးနန်းတော် ကျောက်စိမ်းမြို့တော်အနေဖြင့် အမြင့်မားဆုံး အကျိုးကျေးဇူးများကို ရရှိနိုင်မည် မဟုတ်ပေ။

ချင်မူ မီလော့နန်းတော်အရှင်သခင်ကို သွားရောက်တွေ့ဆုံခြင်းက အင်အားကြီးမားသော သိုင်းပညာရှင် အများအပြားကို ဆွဲထုတ်သွားခဲ့သဖြင့် ဘိုးဘေးနန်းတော်ကျောက်စိမ်းမြို့တော် ကြံစည်ထားခဲ့သည့် ရည်ရွယ်ချက်များအား ကျရှုံးသွားစေခဲ့သည်။

လောကသစ်ပင်၏ အမြစ်များက ၁၆ စင်းမြောက် စကြဝဠာ မဟာပျက်စီးခြင်းကပ်ဘေးတွင် အမြစ်တွယ်လျက် အင်အားကြီးသိုင်းပညာရှင်များစွာကို အမြစ်များထဲတွင် ပုန်းအောင်းစေကာ ၁၇ စင်းမြောက် စကြဝဠာသို့ တိတ်တဆိတ် ဝင်ရောက်လာစေခဲ့သည်။

တစ်ချိန်တည်းတွင် မီလော့နန်းတော်မှ ခန်းမသခင်များနှင့် တာအိုသိုင်းပညာရှင်များသည်လည်း တဖြည်းဖြည်း အင်အားပိုကြီးလာသည်။ ဘိုးဘေးနန်းတော် ကျောက်စိမ်းမြို့တော်တွင် ပြန်လည်ရှင်သန်လာသော တာအိုသစ်ပင်များက ပိုပို၍ များပြားလာသည်နှင့်အမျှ တောအုပ်သဖွယ် စိမ်းလန်းစိုပြေလာသည်။

ဤကျောက်စိမ်းမြို့တော်သည်လည်း ခြောက်သွေ့ညှိုးနွမ်းနေသော အရိပ်အယောင်တို့ လျော့နည်းသွားကာ ပို၍တောက်ပလာခဲ့၏။

ကျောက်စိမ်းမြို့တော်တွင် ရတနာနန်းဆောင်များ တစ်ခုပြီးတစ်ခု ဖွဲ့တည်လာပြီး တာအိုအလင်းတန်းများက ကောင်းကင်ထက်၌ ကွန့်မြူးဖြန့်ကျက်လျက် ဘိုးဘေးနန်း‌တော်၏ ကောင်းကင်ကို လင်းလက်တောက်ပနေစေသည်။

ဤသည်မှာ အတိတ်မှ ဘိုးဘေးနန်းတော် ကျောက်စိမ်းမြို့တော်သည် ၁၇ စင်းမြောက် စကြဝဠာသို့ ရောက်လာတော့မည်ဟူသည့် လက္ခဏာပင်။

ထိုက်ရှီ၊ ချင်ယဲ့၊ ရှန့်ကျွင်းတို့နှင့် အခြားသူများလည်း ပြန်လာကြပြီး ခန္ဓာကိုယ်တစ်၀က်သာ လှုပ်ရှားနိုင်သော ထိုက်ယီကို သယ်ဆောင်ကာ ချင်မူကို လာရောက်တွေ့ဆုံကြသည်။ ရှုရှန်းဟွာနှင့် လန်ယွီတျန်းတို့က ထိုက်ယီကို နှစ်နှစ်ကြာ ကုသပေးခဲ့သဖြင့် သူ၏ဒဏ်ရာများစွာ သက်သာသွားခဲ့ပြီဖြစ်၏။

ချင်မူလည်း ထရပ်လိုက်ပြီး ထိုက်ယီကို အရိုအသေပေးကာ အားလုံးကို နှုတ်ဆက်လိုက်သည်။ သူ၏ မျက်နှာအမူအရာမှာ နွေးထွေးနေ၏။ “အားလုံးပဲ ပင်ပန်းသွားပါပြီ…. ဒီတိုက်ပွဲပြီးရင် ကျွန်တော်တို့ ဘိုးဘေးနန်းတော်မှာ ခြေကုပ်ယူနိုင်ပြီ”

ထိုက်ယီမှာ ထရပ်ချင်သော်လည်း ကိုယ်ပေါ်တွင် သံချောင်းများ စိုက်ဝင်နေသဖြင့် မရပ်နိုင်ပေ။

“ဒါဆို တာအိုမိတ်ဆွေ ဒီတစ်ခေါက် ပြန်သွားတာ အောင်မြင်ခဲ့လား”

ထိုက်ယီမှာ မတတ်သာသဖြင့် ထိုင်နေရသည်။ သူ၏အကြည့်များ လင်းလက်နေကာ ချင်မူ့မျက်လုံးများကို ကြည့်ရင်း သွေးတိုးစမ်းသည်။ “တာအိုမိတ်ဆွေ ဒုတိယအကြိမ် မီလော့နန်းတော်ကို ပြန်သွားတာဆိုတော့ တာအိုမိတ်ဆွေရဲ့ သမီးလည်း မွေးဖွားလာသင့်ပြီ မဟုတ်လား”

အားလုံး အံ့ဩသွားကြပြီး ချင်မူနှင့် လင်ယွိရှို့ကို ကြည့်လိုက်ကြ၏။

လင်ယွိရှို့၏ မျက်နှာမှာ ညှိုးငယ်သွားပြီး စကားမပြောပေ။

ချင်မူ မျက်နှာပျက်သွားသည်။ “တာအိုနောင်တော်ထိုက်ယီက တစ်ခုခု သိနေသလိုပဲ… သိနေရင် ဘာလို့ စောစော မပြောပြခဲ့တာလဲ”

“တစ်ခါတလေကျ သိရင်တောင် ပြောလို့ မရဘူး”

ထိုက်ယီက ရှင်းပြသည်။ “ပြောရင် မင်း လုပ်မှာ မဟုတ်ဘူး… လက်ရှိမင်းက ဒီလိုလုပ်တာ မှားတယ်… မကောင်းတဲ့ ကိစ္စလို့ ထင်နေတယ်…. ဒါပေမဲ့ အနာဂတ်မင်းက ဒီလိုလုပ်တာ မှန်တယ်… ကောင်းတဲ့ကိစ္စလို့ ထင်လိမ့်မယ်…. ဒါကြောင့် ငါ မပြောနိုင်ခဲ့ဘူး”

သူ၏စကားကြောင့် အခြားသူများမှာ ခေါင်းကုတ်လိုက်ရသော်လည်း ချင်မူက‌တော့ နားလည်သွားသည်။

အတိတ်စကြဝဠာတွင် အဖြစ်အပျက်များစွာ ဖြစ်ပျက်ခဲ့ပြီး ထိုက်ယီသည် အနာဂတ်မှ သူကိုယ်တိုင်နှင့် တွေ့ဆုံခဲ့ဖွယ်ရှိသည်။ သူ မပြောခြင်းမှာ ထိုက်ယီနှင့် တွေ့ခဲ့သည့် သူ့တွင် ကိုယ်ပိုင်အတွေးများ ရှိနေသောကြောင့် ဖြစ်မည်။

“တာအိုနောင်တော်၊ ခင်ဗျားက တျန်းတုရဲ့ အရှင်သခင်… ကောင်းကင်ဖွင့်လှစ်သူတွေရဲ့ ခေါင်းဆောင်… ကျွန်တော် ခင်ဗျားကို ဘယ်လို ရင်ဆိုင်သင့်လဲ”

ချင်မူမှာ ချင်လင်ယွင်၏ ကိစ္စကို ဘေးဖယ်ထားလိုက်ပြီး မေးမြန်းလိုက်သည်။ “ကောင်းကင်ဖွင့်လှစ်သူတွေရဲ့ လုပ်ရပ်ကို နောင်တော် သိသင့်တယ်… မီလော့နန်းတော်အရှင်သခင်က ခင်ဗျားကို ၄ စင်းမြောက် စကြဝဠာဆီ ပို့လိုက်တာက လျော်ကြေးပေးတာလည်း ဖြစ်သလို တျန်းတုကောင်းကင်ဖွင့်လှစ်သူတွေရဲ့ လုပ်ရပ်ကို မြင်စေချင်တာလည်း ဖြစ်တယ်… ကောင်းကင်ဖွင့်လှစ်သူတွေက ခင်ဗျားကို ရှာနေတာ … နောင်တစ်ချိန်မှာ သေချာပေါက် ရောက်လာလိမ့်မယ်…. ခင်ဗျား သူတို့ကို ဘယ်လိုရင်ဆိုင်မလဲ”

ထိုက်ယီ တိတ်ဆိတ်သွားပြီး အချိန်အတော်ကြာမှ ဖြေသည်။ “သူတို့ လိုချင်တာက တျန်းတု… ထိုက်ယီ မဟုတ်ဘူး… ငါက တျန်းတု မဟုတ်ဘူး”

“ကောင်းကင်ဖွင့်လှစ်သူတွေက အဲဒီလိုထင်မှာ မဟုတ်ဘူး”

ချင်မူက လေးနက်စွာ ပြောသည်။ “ခင်ဗျားက သူတို့ရဲ့ ခေါင်း‌ဆောင်ပဲ… သူတို့ရဲ့ ကောင်းကင်နတ်သိုင်းတွေက လေးနက်ကျယ်ပြန့်တယ်… ခင်ဗျားကို ရှာတွေ့ဖို့ သူတို့ ဘာမဆို လုပ်ကြလိမ့်မယ် … ကျွန်တော် လမ်းမှာ တွေ့ကြုံခဲ့ပြီးပြီ… ဖရိုဖရဲမြစ်ထဲက ကောင်းကင်ဖွင့်လှစ်သူတိုင်းမှာ ထူးခြားတဲ့ ကိုယ်ပိုင်ကာကွယ်နည်းလမ်းတွေ ရှိကြတယ်… ကောင်းကင်ဖွင့်လှစ်သူတိုင်းရဲ့ စွမ်းအားက သိပ်ကြမ်းတမ်းပြီး နည်းလမ်းတွေက ကိုင်တွယ်ရခက်တယ်”

သူက ရုတ်တရက် အပေါ်အင်္ကျီကို ဆွဲဖြဲလိုက်ရာ ရင်ဘတ်ပေါ်တွင် ထူးဆန်းသော ဒဏ်ရာများ ပေါ်ထွက်လာ၏။ ဒဏ်ရာများမှာ ကြောက်မက်ဖွယ်ကောင်းပြီး လိမ့်ထွက်လာသော တာအိုဒဏ်ရာလှိုင်းများက ရှုရှန်းဟွာနှင့် လန်ယွီတျန်းတို့ကို အံ့ဩသွားစေခဲ့သည်။

ချင်မူ၏ ရင်ဘတ်ပေါ်ရှိ တာအိုဒဏ်ရာများသည် သူတို့တစ်ခါမှ မမြင်ဖူးသော မဟာတာအို ကောင်းကင်နတ်သိုင်းများကြောင့် ကျန်ရစ်ခဲ့ခြင်း ဖြစ်သည်။

သူတို့နှစ်ဦးသည် ကမ္ဘာပေါ်ရှိ မဟာတာအိုမှန်သမျှ လေ့လာခဲ့သည့်အပြင် မီလော့နန်းတော်၏ ကျင့်စဉ်၊ လမ်းစဉ်နှင့် ကောင်းကင်နတ်သိုင်းများကိုပင် လေ့လာခဲ့ဖူးသည်။ သို့‌သော် တျန်းတုကောင်းကင်ဖွင့်လှစ်သူများ၏ မဟာတာအို ကောင်းကင်နတ်သိုင်းများမှာ သူတို့၏ သိမြင်နားလည်မှုထက် ကျော်လွန်နေချေသည်။

လင်ယွိရှို့လည်း အထိတ်တလန့် ဘုရားတ, လိုက်မိသည်။ ချင်မူ မြစ်ရေပြင်ထက်၌ ကောင်းကင်ဖွင့်လှစ်သူများနှင့် တိုက်ခိုက်စဉ် သူမလည်း ရှိနေခဲ့၍ ချင်မူ ဒဏ်ရာရခဲ့ကြောင်း သိသော်လည်း ဒဏ်ရာများက ကုသမရနိုင်ကြောင်း မသိခဲ့ပေ။ ချင်မူကလည်း တစ်ခါမှ မပြောပြခဲ့ချေ။

ထိုက်ယီ၏ မျက်နှာက တည်ကြည်လေးနက်သွားသည်။ ချင်မူ၏ ရင်ဘတ်ပေါ်ရှိ ဒဏ်ရာများကို ကြည့်လိုက်ရာ ဒဏ်ရာအချို့မှာ ပုပ်ဆွေးစပြုနေချေပြီ။ ချင်မူမှာ ဤတာအိုဒဏ်ရာများနှင့်ပတ်သက်၍ မည်သို့မျှ မတတ်နိုင်ခဲ့ကြောင်း ထင်ရှားသည်။

“ကောင်းကင်ဖွင့်လှစ်သူတွေရဲ့ ကောင်းကင်နတ်သိုင်းတွေက အရင်က ကောင်းကင်နဲ့ မြေကြီးကို ဖွင့်လှစ်တုန်းက ကန့်သတ်ချက်ကို ခွဲထွက်သွားခဲ့ပြီ… သူတို့ရဲ့ ကောင်းကင်နတ်သိုင်းတွေက တခြားလမ်းစဉ်တစ်ခုကို လျှောက်လှမ်းနေကြပြီ”

ထိုက်ယီက လေးနက်စွာ ရှင်းပြသည်။ “အရင်က ငါတို့က ဒီလမ်းစဉ်ကို ဆွေးနွေးရုံပဲ ရှိခဲ့တာ… မီလော့နန်းတော်အရှင်သခင် ဖန်တီးခဲ့တဲ့ မဟာတာအိုသင်္ကေတနဲ့ မတူဘူး… သင်္ကေတတွေ မလိုဘူး… တာအိုအဆင့် ၊ တာအိုသစ်ပင်တွေ မလိုတဲ့အပြင် မဟာတာအိုကိုတောင် ဖန်တီးဖို့ မလိုဘူး… မင်းကိုယ်ပေါ်က တာအိုဒဏ်ရာတွေအရ သူတို့ တစ်ခုခု အောင်မြင်ခဲ့ပြီပဲ”

All Chapters