ဖရိုဖရဲဥ
Vol. 139 Ch. 1789
ကောင်းကင်ဖွင့်လှစ်သူများ၏ ကျင့်စဉ်၊ လမ်းစဉ်နှင့် ကောင်းကင်နတ်သိုင်းများသည် အောင်မြင်မှုတချို့ ရရှိထားသည်ဆိုရုံလောက် မရိုးရှင်းချေ။ ထိုမျှသာ ဆိုပါက ချင်မူ့အား ထိခိုက်စေနိုင်မည် မဟုတ်။ ယခင်က ချင်မူသည် အပြင်းထန်ဆုံး တာအိုဒဏ်ရာများကိုပင် ကိုယ်တိုင် ကုသနိုင်ခဲ့သည် မဟုတ်လော။
အမှန်တွင် မီလော့နန်းတော်၏ သခင်လေးများကပင် သတ်ဖြတ်မရနိုင်သောသူအဖြစ် သူ့ကို ချီးကျူးခဲ့ကြသည်။
သူ့ကို ဒဏ်ရာ ရစေခဲ့ပြီး အချိန်အတော်ကြာ ကုသရန် ခက်ခဲစေခဲ့သည့် နောက်ဆုံးပုဂ္ဂိုလ်မှာ သခင်လေးသုံးလင်းရှောင်ပင်။
ကောင်းကင်ဖွင့်လှစ်သူများ၏ သိုင်းအဆင့်က သခင်လေးလင်းရှောင်အောက် များစွာ နိမ့်ကျသော်လည်း ချင်မူ့ကို ဒဏ်ရာရစေခဲ့သည့်သာမက မကုသနိုင်ဖြစ်စေခဲ့သည်။ ဤအချက်က သူတို့သည် ထိုကျင့်ကြံခြင်းလမ်းစဉ်၌ အလွန်ဝေးလံစွာ လျှောက်လှမ်းခဲ့ပြီး ဖြစ်ကြောင်း ဖော်ပြနေသည်။
“ဒါပေမဲ့ သူတို့ လမ်းမှားသွားခဲ့တယ်”
ချင်မူက ရုတ်တရက် ပြောသည်။ “အဲ့ဒီကောင်းကင်ဖွင့်လှစ်သူတွေ မြစ်ပေါ်မှာ ကျွန်တော့်ကို တားဆီးခဲ့တာက သင်ခန်းစာ ပေးချင်လို့ပဲ…. သူတို့က ကျွန်တော် ခင်ဗျားကို တျန်းတုနဲ့ ပေါင်းစည်းမပေးခဲ့တဲ့အတွက် မကျေနပ်တာ ဖြစ်နိုင်တယ်… တစ်ချိန်တည်းမှာပဲ သူတို့ရဲ့ ကောင်းကင်နတ်သိုင်းတွေကို ကြွားလုံးထုတ်ချင်တာ…. သူတို့ရဲ့ ကောင်းကင်နတ်သိုင်းတွေနဲ့ တာအိုကျင့်စဉ်တွေက ကျွန်တော့်ကို တကယ်ပဲ အံ့အားသင့်စေခဲ့တယ်…. ဒါပေမဲ့ နောက်ပိုင်း အသားကျလာတာနဲ့ သူတို့ လမ်းမှားခဲ့မှန်း ချက်ချင်း သိလိုက်ရတယ်”
ထိုက်ယီက သူ့ကိုယ်ပေါ်ရှိ တာအိုဒဏ်ရာများကို အသေးစိတ် ကြည့်ရှုရင်း ထောက်ခံသည်။ “သူတို့အားလုံး လမ်းမှားသွားကြတာ အမှန်ပဲ…. မီလော့နန်းတော်အရှင်သခင် ဖန်တီးခဲ့တဲ့ မဟာတာအိုသင်္ကေတတွေက ကမ္ဘာဦးဖရိုဖရဲသင်္ကေတတွေကို သုံးပြီး ကမ္ဘာပေါ်က မဟာတာအိုအားလုံးကို ရှင်းပြတယ်… အဲ့မဟာတာအိုတွေဟာ တစ်ခုတည်း ပေါင်းစည်းသွားပြီး ကမ္ဘာဦးဖရိုဖရဲ သင်္ကေတအဆင့် ရောက်သွားကြတာပဲ.... ပြီးခဲ့တဲ့ စကြဝဠာ ၁၆ ခေတ်အတွင်း ဒီအချက်မှာ သူ့ကို ကျော်လွန်နိုင်တဲ့သူ ဘယ်သူမှ မရှိသေးဘူး…. ငါနဲ့ တာအိုမိတ်ဆွေလင်တို့ သူ့ကို ကျော်တက်နိုင်မယ့် နည်းလမ်းတစ်ခု စဉ်းစားခဲ့တယ်… မဟာတာအိုသင်္ကေတတွေကို လုံးဝ စွန့်လွှတ်ပြီး သင်္ကေတစ်ခုမှ မသုံးဖို့ပေါ့”
သူပြောသည့် တာအိုမိတ်ဆွေလင် ဆိုသည်မှာ ကောင်းကင်နတ်အရှင်လင် ဖြစ်သည်။
ထိုစဉ်က ထိုက်ယီသည် တျန်းတုအရှင်သခင် ဖြစ်နေဆဲပင်။ ကောင်းကင်နတ်အရှင်လင်နှင့် အခြားသူများနှင့်အတူ မီလော့နန်းတော်အရှင်သခင် ဖန်တီးခဲ့သော မဟာတာအိုသင်္ကေတများမှ ခုန်ထွက်ရန် ကြိုးစားခဲ့ကြသည်။
နည်းလမ်းများစွာ စဉ်းစားခဲ့ကြသော်လည်း အဖြေမထွက်မီ ၇ စင်းမြောက် စကြ၀ဠာတွင် မဟာပျက်စီးခြင်းကပ်ဘေး၏ လက္ခဏာများ ပေါ်ပေါက်လာခဲ့၏။
ထို့နောက် မီလော့နန်းတော်အရှင်သခင်က သုံးကြိမ်တိုင်တိုင် လာရောက် ဆွေးနွေးခဲ့သည်။ တျန်းတုအရှင်သခင်မှာ သူတို့၏ လေ့လာမှုကိုသာ အာရုံစိုက်နေသဖြင့် မီလော့နန်းတော်အရှင်သခင်ကို အရေးမလုပ်ခဲ့ပေ။ မီလော့နန်းတော်အရှင်သခင် စတုတ္ထအကြိမ် ရောက်လာသောအခါ တျန်းတုအရှင်သခင်ကို သတ်ပစ်ခဲ့သည်။
ကောင်းကင်နတ်အရှင်လင်က တျန်းတုအရှင်သခင်၏ မူလဝိညာဉ်ကို ကယ်တင်ခဲ့သော်လည်း ထိုက်ယီမှာ တျန်းတုအရှင်သခင် မဟုတ်တော့ပေ။ ထိုက်ယီ၏ အခြေအနေမှာ အလွန်ထူးဆန်း၏။ သူ၏ စဉ်းစားပုံ၊ ပြဿနာဖြေရှင်းပုံတို့မှာ တျန်းတုအရှင်သခင်နှင့် ကွဲပြားနေခဲ့သည်။
ထိုက်ယီသည် ကောင်းကင်နတ်အရှင်လင် သူ့ကို ကယ်တင်စဉ်က တစ်ခုခု ပြုလုပ်ခဲ့သည်ဟု သံသယ ရှိခဲ့သော်လည်း တကယ် ဟုတ်၊ မဟုတ်ကိုတော့ မသိခဲ့ပေ။
“ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် မီလော့နန်းတော်အရှင်သခင်ရဲ့ မဟာတာအိုသင်္ကေတက ရိုးရာကျင့်စဉ်ပဲ… ဒါကို ငြင်းလို့မရဘူး”
ထိုက်ယီက ဆက်ပြောသည်။ “ကောင်းကင်ဖွင့်လှစ်သူတွေ မင်း ခန္ဓာကိုယ်ပေါ်မှာ ချန်ထားခဲ့တဲ့ တာအိုဒဏ်ရာတွေက ကြောက်စရာကောင်းတယ် ထင်ရပေမယ့် သူတို့အားလုံး အစွန်းရောက်သွားကြပြီ…. သူတို့အနေနဲ့ မီလော့နန်းတော်အရှင်သခင် ဖန်တီးခဲ့တဲ့ သင်္ကေတေတွေကို ငြင်းပယ်နိုင်ပေမယ့် မဟာတာအိုကိုတော့ မငြင်းပယ်သင့်ဘူး”
သူ မျက်မှောင်ကြုတ်လျက် ဆက်ပြောသည်။ “မင်းရဲ့ တာအိုဒဏ်ရာတွေထဲက မဟာတာအိုအရှိန်အဝါတွေက သိပ်ထူးခြားဆန်းကြယ်တယ်… ဒါတွေက လောကရဲ့ မဟာတာအိုကို ဖီဆန်ပြီး သူတို့ ကိုယ်တိုင် ဖန်တီးထားတဲ့ အရာတွေပဲ”
ချင်မူ ခေါင်းညိတ်လိုက်သည်။ ယင်းတို့ကို မမြင်ဖူးသည့်အတွက် အငိုက်မိသွားပြီး ထိုကောင်းကင်ဖွင့်လှစ်သူတချို့ကြောင့် ထိခိုက်ခဲ့ခြင်း ဖြစ်သည်။
သို့သော် သူ သတိပြန်ဝင်လာပြီးနောက်တွင် ကောင်းကင်ဖွင့်လှစ်သူများအနေဖြင့် သူ့ကို ထိခိုက်စေရန် မလွယ်ခဲ့ပေ။
“ဘာမှ မရှိတာကနေ မဟာတာအိုကို ဖန်တီးတာက ထာ၀ရငြိမ်းချမ်းရေးအင်ပါယာ ပြုပြင်ပြောင်းလဲမှုနဲ့ အတော်လေး ဆင်တူတယ်”
ထိုက်ရှီက မနေနိုင်တော့သဖြင့် ဝင်ပြော၏။ “တာအိုနောင်တော်၊ ထာ၀ရငြိမ်းချမ်းရေးအင်ပါယာ ပြုပြင်ပြောင်းလဲမှုကလည်း ကမ္ဘာခေတ်နှောင်းမဟာတာအိုအများကြီး ဖန်တီးခဲ့တာပဲ…. သူတို့ လုပ်ခဲ့တာနဲ့ ကောင်းကင်ဖွင့်လှစ်သူတွေ လုပ်ခဲ့တာက ဘာကွာလဲ…. နောက်ပြီး ကမ္ဘာခေတ်နှောင်းမဟာတာအိုကို အသုံးပြုပြီး တာအိုသိုင်းပညာရှင်အဖြစ် ကျင့်ကြံနိုင်ကြတဲ့သူတွေတောင် ရှိတယ်လေ”
သူ ပြောသည့်လူမှာ ခိုင်ဧကရာဇ်ချင်ယဲ့ပင်။ ခိုင်ဧကရာဇ်ချင်ယဲ့သည် ဓားတာအိုဖြင့် တာအိုသိုင်းပညာရှင် ဖြစ်ခဲ့ကာ ခန်းမသခင်အဆင့်သို့ပင် ရောက်ခဲ့၏။
“အနှစ်သာရ မတူဘူး”
ထိုက်ယီ မဖြေခင် ကျန်းပိုင်ကွေ့က ရှင်းပြသည်။ “ထာ၀ရငြိမ်းချမ်းရေးအင်ပါယာ ပြုပြင်ပြောင်းလဲမှုက လောကမှာ မရှိခဲ့တဲ့ မဟာတာအိုကို ဖန်တီးခဲ့တယ်… ဒါပေမဲ့ အခြေခံအားလုံးဟာ သင်္ကေတတွေချည်းပဲ…. ဓားတာအိုမှာ သင်္ကေတ မရှိဘူး ထင်ရပေမယ့် တကယ်တော့ အခြေခံဓားကွက်တိုင်းက ဓားတာအို သင်္ကေတတွေပဲ…. ဓားမလမ်းစဉ်၊ ၀င်္ကပါလမ်းစဉ်၊ ဗိသုကာ၊ စာရေးပညာ၊ ပန်းချီ အားလုံး အတူတူပဲ…. ကမ္ဘာခေတ်နှောင်းမဟာတာအို လမ်းစဉ်ကလည်း မီလော့နန်းတော်အရှင်သခင် ဖန်တီးခဲ့တဲ့ မဟာတာအိုသင်္ကေတပဲ”
ထိုက်ယီက သူ့နောက်မှ ဆက်ပြော၏။ “ကောင်းကင်ဖွင့်လှစ်သူတွေကတော့ မတူဘူး…. ကောင်းကင်ဖွင့်လှစ်သူတွေက မဟာတာအိုသင်္ကေတတွေကို လုံးဝ စွန့်ပယ်ခဲ့တာ… တာအိုမိတ်ဆွေမူရဲ့ တာအိုဒဏ်ရာမှာ အခြေခံသင်္ကေတတွေ လုံးဝမပါဘူး”
ထိုက်ရှီ ချက်ချင်း သဘောပေါက်သွားသည်။
“သူတို့ လျှောက်လှမ်းခဲ့တဲ့ လမ်းစဉ်က စကြဝဠာတစ်ခုကို ရှာ ၊ ဖျက်ဆီးပြီး ဖရိုဖရဲအဖြစ် ပြောင်းလဲတာပဲ…. ပြီးရင် ကောင်းကင် ဖွင့်လှစ်ပြီး ကမ္ဘာလောကကို အကြိမ်ကြိမ် ဖျက်ဆီးတယ်… ပြန်ဖွင့်လိုက် ဖျက်ဆီးလိုက်နဲ့ သူတို့ရဲ့ အတွေးအခေါ်အမျိုးမျိုးကို စမ်းသပ်တာပေါ့လေ”
ချင်မူက ပြော၏။ “သူတို့ရဲ့ ကောင်းကင်နတ်သိုင်းတွေကနေ ကြောက်စရာကောင်းတဲ့ အတွေးအခေါ်မျိုးစုံကို ကျွန်တော် ခံစားမိတယ်… အဲ့ဒီအတွေးအခေါ်တွေက လူတိုင်းကို ကြက်သီးတဖြန်းဖြန်း ထသွားစေနိုင်တယ်… သူတို့…”
သူက မျက်မှောင်ကြုတ်လိုက်ပြီး ဆက်ပြောသည်။ “သူတို့ရဲ့ အတွေးအခေါ်တွေမှာ လူသားဆန်မှု တစ်ခုမှ မခံစားရဘူး… ဒါပေမဲ့ နတ်ဘုရားစိတ်ဓာတ်နဲ့ မိစ္ဆာစိတ်ဓာတ်လည်း မဟုတ်ဘူး… သူတို့ရဲ့ မဟာတာအို ကောင်းကင်နတ်သိုင်းတွေထဲမှာ ငုပ်လျှိုးနေတဲ့ အတွေးအခေါ်တွေကို လူသား၊ နတ်ဘုရား၊ မိစ္ဆာဆိုတဲ့ စကားလုံးတွေနဲ့ ဖော်ပြလို့မရဘူး”
“ဒါက ကောင်းကင်ဖွင့်လှစ်သူတွေပဲလေ”
ထိုက်ယီက သက်ပြင်းချလိုက်သည်။ “ဒါကြောင့် ငါ အတိတ်ပြန်ရောက်သွားတုန်းက သူတို့နဲ့ ဆက်သွယ်ဖို့ စိတ်မဝင်စားတော့တာ….ပြောရရင် သူတို့ဟာ ငါ့ရဲ့ တာအိုမိတ်ဆွေဟောင်းတွေ ဖြစ်ခဲ့ဖူးတာပဲလေ”
ကောင်းကင်ဖွင့်လှစ်သူများသည် စမ်းသပ်မှုများကို အကြိမ်ကြိမ် ကျော်ဖြတ်ပြီးနောက် သူ မမှတ်မိတော့သည့် ပုဂ္ဂိုလ်များအဖြစ် ပြောင်းလဲသွားခဲ့ကြ၏။
“ဆိုးသွမ်းတဲ့ လူဆိုးတွေ”
ခိုင်ဧကရာဇ်က ရုတ်တရက် ထပြောသည်။ “သူတို့က လူဆိုးတွေပဲ ဖြစ်လိမ့်မယ်”
ထိုက်ယီက ခေါင်းခါ၏။ “ဆိုးသွမ်းတာ မဟုတ်ဘူး… ဆိုးသွမ်းတယ် ဆိုတဲ့ စကားလုံးကလည်း သူတို့ရဲ့ စိတ်အခြေအနေကို ဖော်ပြနိုင်မှာ မဟုတ်ဘူး… သူတို့ရဲ့ စိတ်ထဲမှာ ဆိုးသွမ်းတဲ့ အတွေးအခေါ် မရှိဘူး”
ကောင်းကင်နတ်အရှင်ယွဲ့လည်း မနေနိုင်တော့သဖြင့် မေးသည်။ “ဒါဆိုရင် အစ်မလင်ကရော…”
ကောင်းကင်နတ်အရှင်လင်သည် သူမ၏ အချစ်ဆုံးသူငယ်ချင်း ဖြစ်၏။ ချင်မူနှင့် ထိုက်ယီတို့၏ စကားများကြောင့် ကောင်းကင်နတ်အရှင်လင်အတွက် စိုးရိမ်လာမိသည်။
“တာအိုမိတ်ဆွေလင်ရဲ့ ပါရမီက သိပ်ကို မြင့်မားတယ်…. ဒီလို စိတ်အခြေအနေမျိုးထဲ မရောက်သွားနိုင်ဘူး”
ထိုက်ယီလည်း အသေအချာ မပြောနိုင်ချေ။ “သူ့ရဲ့ ပါရမီက ငါနဲ့ ယှဉ်နိုင်တဲ့ ရှားရှားပါးပါး ပုဂ္ဂိုလ်တွေထဲက တစ်ယောက်လို့ အမြဲခံစားခဲ့ရတာ”
ချင်မူ ချောင်းဟန့်လိုက်သည်။
ထိုက်ယီက ခေါင်းခါ၏။ “မင်းက နည်းနည်း လိုသေးတယ်”
လန်ယွီတျန်နှင့် ရှုရှန်းဟွာတို့ ပြုံးလိုက်ကြသည့်အခါ ထိုက်ယီက ပြောသည်။ “မင်းတို့ နှစ်ယောက်က တာအိုမိတ်ဆွေမူထက် နည်းနည်းတော့ သာတယ်… ဒါပေမဲ့ မဆိုစလောက် လိုသေးတယ်”
ရှုရှန်းဟွာက ကျေနပ်သွားသည်။ “ဂိုဏ်းသခင်ချင်ထက် နည်းနည်းသာရင်ပဲ ကျွန်တော် ကျေနပ်ပါပြီ”
ချင်မူက နှာတစ်ချက် မှုတ်လိုက်သည်။ “တာအိုနောင်တော်ထိုက်ယီ၊ အခုထိ ကျွန်တော့်မေးခွန်းကို မဖြေသေးဘူးနော်… ကောင်းကင်ဖွင့်လှစ်သူတွေ လာရင် ခင်ဗျား ဘယ်လို တုံ့ပြန်မှာလဲ…. ခင်ဗျား တျန်းတုအရှင်သခင်အဖြစ် ပြောင်းလဲပြီး ကောင်းကင်ဖွင့်လှစ်သူတွေရဲ့ ခေါင်းဆောင် ဖြစ်လာမှာလား…. ဒါမှမဟုတ် ကျွန်တော်တို့ဘက်က ရပ်တည်မှာလား”
“သူတို့ မဆင်းသက်လာစေရဘူး”
ထိုက်ယီက ခေတ္တစကားရပ်ပြီးနောက် ရုတ်တရက် ရယ်လိုက်သည်။ “ငါဟာ ၁၇ စင်းမြောက် စကြဝဠာရဲ့ ထိုက်ယီပဲ… ထိုက်ငါးပါးအနေနဲ့ ဒီစကြဝဠာကို ကာကွယ်ဖို့ တာဝန် ရှိတယ်…. ဒီတာဝန်ကို ကျေပွန်စေရမယ်”
“ကောင်းတယ်ဗျာ” ထိုက်ရှီက ချက်ချင်း လက်ခုပ်တီးလိုက်၏။
ချင်မူ စိတ်သက်သာရာ ရသွားသည်။ သူ လိုအပ်သည်မှာ ထိုက်ယီ၏ ရပ်တည်မှုသာ ဖြစ်၏။
ကောင်းကင်ဖွင့်လှစ်သူများ လာရောက်တိုက်ခိုက်သည့်အချိန်၌ ထိုက်ယီ ရန်သူဘက် ပါသွားမည်ဆိုလျှင် အန္တရာယ်ရှိသည်။
လင်ယွိရှို့မှာ စိုးရိမ်တကြီး ရေရွတ်နေလေသည်။ “ဒါဆို မောင့်ကိုယ်ပေါ်က ဒဏ်ရာတွေက…”
ချင်မူ ပေါ့ပေါ့ပါးပါး ရယ်လိုက်သည်။ “ဒီလမ်းတစ်လျှောက်လုံး ဒီတာအိုဒဏ်ရာတွေကို ဘယ်လို ဖြေရှင်းရမလဲဆိုတာ ကိုယ် စဉ်းစားခဲ့ပြီးသားပါ…. အခုထိ တာအိုဒဏ်ရာတွေထဲမှာ ဝှက်ထားတဲ့ ကျင့်စဉ်နဲ့ လမ်းစဉ်နိယာမတွေကို မစဉ်းစားနိုင်သေးပေမယ့် ဒီဒဏ်ရာတွေကို ဖယ်ရှားတဲ့ နည်းကိုတော့ လမ်းမှာ စဉ်းစားခဲ့ပြီးပြီ… တာအိုနောင်တော်ထိုက်ယီ ပြဖို့အတွက် ဒဏ်ရာတွေကို မဖယ်ရှားဘဲ တမင် ထားခဲ့တာ”
ထိုက်ယီ၏ အကြည့်များက လင်းခနဲ ဖြတ်ပြေးသွားပြီး မေးလိုက်၏။ “မင်း တာအိုဒဏ်ရာတွေကို ဘယ်လို ဖယ်ရှားမှာလဲ”
“ကောင်းကင်ဖွင့်လှစ်သူတွေဟာ မဟာတာအိုသင်္ကေတလမ်းစဉ်ကို မလျှောက်ပေမယ့် မဟာတာအိုသင်္ကေတက သူတို့ရဲ့ ကျင့်စဉ်နတ်သိုင်းတွေကို မဖြေရှင်းနိုင်ဘူးလို့ မဆိုလိုဘူးလေ”
ချင်မူ၏ ခန္ဓာကိုယ်ထဲမှ ဖရိုဖရဲချီများ ရုတ်တရက် ဖြာထွက်လာသည်။ ၎င်းတို့က သူ့ပတ်ပတ်လည်တွင် နဂါးများသဖွယ် ၀န်းရံနေလေရာ စကြဝဠာ ၁၆ စင်းမှ ဖရိုဖရဲမြစ်ငယ်များသဖွယ် ဖြစ်နေ၏။
မကြာမီ သူ့တစ်ကိုယ်လုံး ဖရိုဖရဲအဖြစ် ပြောင်းလဲပျောက်ကွယ်သွားသည်။ သူ့နေရာတွင် ဖရိုဖရဲဥကြီးတစ်လုံးက အားလုံးရှေ့၌ နေရာယူထား၏။
ဤဖရိုဖရဲဥသည် ဆက်လက်ကြီးထွားနေ၏။ ချင်မူနှင့် လင်ယွိရှို့ နေထိုင်သည့် ခန်းမအပြင် လောကပေါင်းကူးရွှေသင်္ဘောထက်ပါ ကြီးမားသွားချေပြီ။
ဖရိုဖရဲဥက ပိုပို၍ ကြီးမားလာသဖြင့် သူတို့အားလုံး နောက်ဆုတ်ပေးနေရသည်။ မကြာမီ ဖရိုဖရဲဥသည် ပတ်ဝန်းကျင်ရှိ ခမ်းနားကြီးမားသော နတ်တောင်းတန်းများထက်ပါ မြင့်တက်သွား၏။
အားလုံး လောကပေါင်းကူးရွှေသင်္ဘောပေါ်သို့ အလျင်အမြန် တက်လိုက်ကြသည်။ ရွှေသင်္ဘောမှာ ဖရိုဖရဲဥဘေးတွင် ရွှေသစ်ရွက်တစ်ရွက်သဖွယ် မျောလွင့်နေ၏။ ပတ်ပတ်လည်တွင် တိမ်တိုက်များ အလိပ်လိပ်ထလာနိုင်သည်ကို မြင်တွေ့ရနိုင်သည်။
ထို ဖရိုဖရဲသန္ဓေသားဥထဲမှ တဒုတ်ဒုတ် အသံများ ထွက်ပေါ်လာသည်။ သန္ဓေသားထဲတွင် ဘီလူးကြီးတစ်ကောင်၏ နှလုံးခုန်သံ ဟိန်းနေသည့်အလား ခံစားရပြီး အသံမှာ နံနက်ခင်းခေါင်းလောင်းသံနှင့်လည်း တူချေသည်။ လေးနက်ပြီး ရှည်လျား၏။
ရုတ်တရက် ထိုဖရိုဖရဲသန္ဓေသားဥထဲမှ တစ်လောကလုံးအား တုန်လှုပ်သွားစေသည့် ဓားရောင်တစ်ချက် လင်းလက်သွားသည်။ ဓားတစ်ချက်သည် ကောင်းကင်ကို ဖွင့်ကာ ဖရိုဖရဲဥအား ခွဲလိုက်ချေပြီ။
ဒုန်း
ဧရာမဖရိုဖရဲဥကြီး နှစ်ခြမ်းကွဲသွားသည်။ ကမ္ဘာဦးဖရိုဖရဲခရမ်းရောင်ချီသည် သန္ဓေသားဥထဲတွင် လှုပ်ရှားနေပြီး ခရမ်းရောင်အလင်းတန်းများ တောက်ပနေ၏။
အချိန်အတော်ကြာပြီးနောက် ခရမ်းရောင်အလင်းနှင့် ခရမ်းရောင်ချီများ တဖြည်းဖြည်း မှေးမှိန်ပျောက်ကွယ်သွားသည်။ ချင်မူက ကွဲထွက်နေသော ဖရိုဖရဲဥထဲတွင် ရပ်နေသည်။ သူ့ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာအားလုံး ပျောက်ကွယ်သွားသည်။ သူ့အသွင်မှာလည်း တက်ကြွသွက်လက်နေသည်။
ကွဲသွားသော ဖရိုဖရဲဥသည် သူ၏ ခန္ဓာကိုယ်ထဲ ပြန်လည်ဝင်ရောက် ပေါင်းစည်းသွားရင်း တစတစ ပျောက်ကွယ်သွား၏။
ချင်မူက လေထဲမှ လျှောက်လာပြီး ခန္ဓာကိုယ် သေးငယ်လာသည်။ သင်္ဘောပေါ်သို့ ရောက်သည့်အချိန်တွင် အကောင်းအတိုင်း ပြန်လည်သက်သာသွားချေပြီ။
အားလုံး ချီးကျူးမဆုံး ဖြစ်နေကြသည်။ ထိုက်ယီပင် မနေနိုင်တော့ဘဲ ချီးကျူးလိုက်မိသည်။ “ကောင်းလိုက်တဲ့ ကျင့်စဉ်ပဲ.. မီလော့နန်းတော်အရှင်သခင်က ဖရိုဖရဲအဖြစ် ချီးကျူးခံရတဲ့သူဆိုတဲ့ အတိုင်းပါပဲ”
လင်ယွိရှို့လည်း စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်မိသည်။ ချင်မူ့အား ချီးကျူးနေသည်ကို ကြားသောအခါ ချင်မူအတွက် ၀မ်းသာနေမိသည်။
“ကောင်းကင်ဖွင့်လှစ်သူကြီး” ထိုက်ရှီက ချင်မူ့ကို လက်ညှိုးထိုးကာ အော်လိုက်သည်။
ခိုင်ဧကရာဇ်ချင်ယဲ့မှာ မနေနိုင်တော့ဘဲ ဓားအိမ်ဖြင့် ရိုက်ချလိုက်ရာ ထိုက်ရှီက ခေါင်းကို ပွတ်ရင်း နားမလည်စွာ မေးလိုက်သည်။ “ကောင်းကင်နတ်အရှင်မူ သူ့ကိုယ်ပေါ်က တာအိုဒဏ်ရာတွေကို ဖြေရှင်းဖို့ ကောင်းကင်ဖွင့်လှစ်ကျင့်စဉ်ကို သုံးလိုက်တာက ကောင်းကင်ဖွင့်လှစ်သူတွေနဲ့ မတူဘူးလား”
“ဒါပေါ့ မတူဘူးလေ”
ခိုင်ဧကရာဇ်ချင်ယဲ့က ရှင်းပြ၏။ “ကောင်းကင်နတ်အရှင်မူက မဟာတာအိုသင်္ကေတကို သုံးတာ… ပြီးတော့ ကျင့်စဉ်နဲ့ ကောင်းကင်နတ်သိုင်းတွေ ဖန်တီးဖို့အတွက် စကြဝဠာတွေကို ဖျက်ဆီးပြီး ကောင်းကင်ကို ဖွင့်တာ မဟုတ်ဘူး… သူ့မှာ ဆိုးသွမ်းတဲ့ အတွေးအခေါ် မရှိဘူး…”
ထိုသို့ပြောလိုက်သော်လည်း သူ တုံ့ဆိုင်းသွားသည်။ သူ့တာအိုနှလုံးသားတွင် အားနည်းချက် ရှိလာသလို ခံစားရသောကြောင့် ဆက်မပြောတော့ချေ။
ချင်မူက တာအိုဒဏ်ရာများ လုံးဝပျောက်ကင်းသွားသဖြင့် မျက်လုံးများ တောက်ပနေသည်။
သူ့မျက်လုံးထဲရှိ အလင်းရောင်ကို မြင်သောအခါ အားလုံးမှာ စိတ်လှုပ်ရှားသွားကြ၏။ “ကောင်းကင်နတ်အရှင်မူက ဒဏ်ရာကျက်သွားပြီဆိုတာနဲ့ နာကျင်မှုကို မေ့သွားတာပဲ… ဘာတွေ ကြံနေပြန်ပြီလဲ”
“တာအိုနောင်တော်ထိုက်ယီရဲ့ တာအိုဒဏ်ရာတွေက ဘယ်တော့မှ ပျောက်မှာလဲ” ချင်မူက မေးသည်။
ရှုရှန်းဟွာ ဖြေ၏။ “ငါနဲ့ လန်ယွီတျန်း ကုနေပေမယ့် တခြားသူတွေ ဝင်မကုပေးရင်တော့ နှစ်သုံးဆယ်ကြာမှ ပျောက်နိုင်မယ်”
“ငါ့ကို ထည့်လိုက်ရင်ရော”
ချင်မူ မျက်လုံးများ လင်းလက်နေပြီး စမ်းသပ်ချင်နေသည်။ “ငါ့ကိုပါ ထည့်လိုက်ရင် ဆယ်နှစ်လောက်နဲ့ ကုသနိုင်လိမ့်မယ်”
ထိုက်ယီက အလျင်အမြန် ပြော၏။ “မင်းကို ထည့်ရင် အနှစ်တစ်ရာ ကြာလိမ့်မယ်… တာအိုမိတ်ဆွေရှုနဲ့ တာအိုမိတ်ဆွေလန်တို့ ငါ့ကို ကုသပေးရင် ရပြီ… မင်း ကူစရာ မလိုဘူး”
ချင်မူ လက်လျှော့လိုက်ရတော့သည်။
၁၆ စင်းမြောက် စကြဝဠာ ဖျက်ဆီးခံလိုက်ရသည်။ အဆုံးသတ်မြို့ပျက် အသူရာချောက်နက်၏ ကောင်းကင်တွင် လူရိပ်တစ်ခုပြီးတစ်ခုက ချောက်နက်နံရံပေါ်သို့ ဆင်းသက်လာကြသည်။
ကောင်းကင်ဖွင့်လှစ်သူတို့၏ ခေါင်းဆောင်က မျက်နှာတွင် အပြုံးတစ်ခုကို ဆင်မြန်းထား၏။ ထိုအပြုံးက သူ့မျက်နှာပေါ်တွင် တမင် ရေးဆွဲထားရသကဲ့သို့ ထူးဆန်းသော ခံစားချက်ကို ခံစားနေရစေသည်။
“မီလော့နန်းတော် သခင်လေးနှစ်”
ထိုပြုံးနေသောလူ၏ အသံသည် အဆုံးသတ်မြို့ပျက် အသူရာချောက်နက်၏ အနက်ရှိုင်းဆုံးနေရာအထိ ပဲ့တင်ခတ်သွား၏။ “ကျုပ်တို့ ဒီလမ်းကြောင်းကို သုံးပြီး ၁၇ စင်းမြောက် စကြဝဠာဆီ သွားချင်တယ်… သခင်လေး ခွင့်ပြုပေးဖို့ တောင်းဆိုချင်ပါတယ်”
“ဆင်းလာခဲ့လေ” သခင်လေးနှစ်၏ အသံက အဆုံးသတ်မြို့ပျက် အသူရာချောက်နက်ထဲမှ ပျံ့လွင့်လာသည်။ သူမက တခစ်ခစ် ရယ်မောနေလေသည်။
“ကောင်းပြီလေ” ပြုံးနေသောလူက အဆုံးသတ်မြို့ပျက် အသူရာချောက်နက်ထဲသို့ ခုန်ဆင်းသွား၏။