ဧကရာဇ်အဆင့် ဖြစ်လာပြီးရင် လိုချင်သလောက် ကလေးယူလို့ရတယ်
Vol. 68 Ch. 1010
စုဟန်ယန်ဘက်က အစပြုလုပ်ဆောင်လာသည်ကို မြင်သောအခါ လုချန်းလည်း သဘာဝအတိုင်းပင် နောက်မဆုတ်ခဲ့ပေ။ နောက်တစ်လကျော်ကြာအောင် သူတို့နှစ်ဦးသည် အခန်းထဲ အောင်းနေခဲ့ကြသည်။ သို့သော် နောက်ဆုံးတွင် စုဟန်ယန်ဘက်က အသနားခံတောင်းပန်ခဲ့ရသည်။
ဤအခိုက်တွင် စုဟန်ယန်သည် ကုတင်ပေါ်တွင် ပျော့ခွေစွာ လဲလျောင်းနေသည်။ သူမ၏ ကြယ်တာရာကဲ့သို့ မျက်လုံးများမှာ ဝေဝါးနေပြီး ပါးစပ် အနည်းငယ် ဟလျက် အဆက်မပြတ် အသက်ရှူနေသည်။
သူမ၏ ဘေးတွင် လဲလျောင်းနေသော လုချန်းက ရယ်မောကာ
“ဂိုဏ်းချုပ်စု။ ခင်ဗျား ထျန်းချန်ကမ္ဘာကနေ ထွက်ပြေးဖို့ အစီအစဉ် ရှိနေတုန်းပဲလား။”
လုချန်း ထိုအကြောင်းအရာကို တစ်ဖန် ပြန်လည်ပြောဆိုလာသည်ကို မြင်သောအခါ စုဟန်ယန်၏ စိတ်အတွင်းမှ အနည်းငယ် ဒေါသထွက်လာသည်။ သူမ သူ့ကို မစွန့်ခွာနိုင်မှန်း သူ ကောင်းကောင်းသိပါလျက် ထိုသို့သော စကားများကို ပြောဆိုနေခြင်းက သူမကို အရှက်ခွဲနေခြင်းဖြစ်ကြောင်း ရှင်းလင်းဖြစ်သည်။
ခဏရပ်ပြီးနောက် စုဟန်ယန်က အေးစက်စွာ နှာခေါင်းရှုံ့ကာ
“ဒီလိုလုပ်ရုံနဲ့ ကျွန်မကို တစ်သက်လုံး အကျဉ်းချထားနိုင်မယ်လို့ မထင်နဲ့။ ကျွန်မ ဧကရာဇ်အဆင့် ဖြစ်လာတဲ့အခါ ရှင့်နဲ့ ကျွန်မရဲ့ ကံကြမ္မာဆက်နွှယ်မှုကို ဖြတ်တောက်ပစ်မယ်။”
လက်ရှိတွင် သူမတွင် ကံကြမ္မာကို ဖြတ်တောက်နိုင်စွမ်း မရှိချေ။ ဧကရာဇ်အဆင့် တစ်ပါးသာလျှင် ထိုအရာကို တိုက်ရိုက်ဖြတ်တောက်နိုင်သော စွမ်းအားမျိုး ပိုင်ဆိုင်သည်။
ထိုစကားကို ကြားသောအခါ လုချန်း ကျယ်လောင်စွာ ရယ်မောလိုက်သည်။ ထို့နောက် သူ၏ လက်ကို မြှောက်ကာ စုဟန်ယန်၏ ဆံပင်ကို ညင်သာစွာ ပွတ်သပ်ရင်း
“ဂိုဏ်းချုပ်စုက တကယ်ပဲ ချစ်ဖို့ကောင်းတာပဲ”
ဧကရာဇ်အဆင့် ဖြစ်လာခြင်းသည် လွယ်ကူသော အလုပ်မဟုတ်ချေ။ သူမ ထိုအဆင့်သို့ ရောက်ရှိချိန်တွင် သူတို့နှစ်ဦး မည်မျှ အကြိမ်ကြိမ် ရင်းနှီးခဲ့ကြပြီး ဖြစ်မည်ကို မည်သူသိနိုင်မည်နည်း။
သူမ၏ ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ်သည် သူ၏ အမှတ်အသားကို ခံယူရလိမ့်မည် ဖြစ်သည်။ သူမ ကံကြမ္မာကို ဖြတ်တောက်နိုင်လျှင်ပင် သူ၏ မိန်းမအဖြစ် ရှိနေဦးမည် ဖြစ်သည်။
လုချန်းက သူမကို ချစ်စရာကောင်းသည်ဟု ပြောသောအခါ သူက သူမ၏ စကားများကို အလေးအနက်မထားကြောင်း စုဟန်ယန် သိလိုက်သည်။ ဤလူက သူမအပေါ် ဤမျှ သေချာနေသည်ကို တွေးမိသောအခါ သူမ၏ စိတ်အတွင်းထဲ ပို၍ မကျေမချမ်း ဖြစ်လာသည်။
မဟုတ်သေးပါ။
သူမ၏ စကားများကို ဤမျှ ပေါ့ပေါ့တန်တန် သဘောထားသော ဤလူ၏ လက်မှ လွတ်မြောက်ရန် သူမ ဧကရာဇ်အဆင့် ဖြစ်လာရမည်။
ထိုအခိုက်တွင် စုဟန်ယန် ရုတ်တရက် တစ်စုံတစ်ခုကို တွေးမိကာ
“ကျွန်မ ကျန်းဝမ်ဆီက ကြားဖူးတယ်။ ရှင် အရင်တုန်းက ကလေးယူရတာကို အရမ်း စိတ်အားထက်သန်တယ်ဆို။ ဘာဖြစ်လို့ အခု ရှင့်ရဲ့ မိဖုရားတွေကို ရှင့်အတွက် ကလေးတွေ မွေးမပေးခိုင်းတော့တာလဲ။”
“ရှင့်ရဲ့ ခန္ဓာကိုယ်က အားမကောင်းတော့လို့များလား။”
စုဟန်ယန် စကားဆုံးသည်နှင့် တစ်ပြိုင်နက် လုချန်း ရုတ်တရက် လှည့်ကာ သူမကို သူ့အောက်သို့ ဖိထားလိုက်သည်။ စုဟန်ယန်ထံမှ အော်သံတစ်ချက် ထွက်ပေါ်လာပြီး သူမ၏ စကားများအတွက် ချက်ချင်း နောင်တရသွားတော့သည်။
သူမ ဆိုလိုချင်သည်က လုချန်း၏ ကျင့်ကြံမှု အဆင့်တစ်ခုသို့ ရောက်ရှိသွားသောကြောင့် ကလေးရရန် ထိုမျှ မလွယ်ကူတော့ခြင်းကို ဆိုလိုသည်။ သို့သော် သူမ၏ စကားများမှာ မရှင်းမလင်းဖြစ်ပြီး ယောက်ျားတစ်ဦးကို စိတ်ဆွပေးလိုက်မိမှာ သေချာသည်။ ထိုအခါမှ သူမ စကားမှားသွားကြောင်း စုဟန်ယန် သဘောပေါက်လိုက်သည်။
လုချန်းက သူမ၏ မျက်လုံးများကို စိုက်ကြည့်ကာ
“ကျွန်တော့်ခန္ဓာကိုယ်က အားကောင်းလား မကောင်းလားဆိုတာကို ဂိုဏ်းချုပ်စုက အသိဆုံး မဟုတ်ဘူးလား။”
စုဟန်ယန်က အလျင်အမြန်ပင်
“မင်းကြီး။ ကျွန်မ မှားသွားတာကို သိပါတယ်။ နောက်ကို ဒီလိုစကားတွေ မင်းကြီးကို မပြောတော့ပါဘူး။”
လုချန်းက
“အခုမှ ကိုယ့်အမှားကိုယ်သိတာကတော့ နောက်ကျသွားပြီ။”
သူ၏ အသံဆုံးသည်နှင့် လုချန်း ကိုင်းညွှတ်လိုက်ပြီး သူတို့၏ နှုတ်ခမ်းများ တစ်ဖန် ပြန်လည် ထိတွေ့သွားကြသည်။
“အွန်း၊ အွန်း…”
စုဟန်ယန် စိတ်ပျက်မိသည်။ သူမ ဤလူ၏ ဘေးတွင် စိတ်အေးလက်အေး မနေနိုင်ချေ။ စကားတစ်ခွန်း မှားလိုက်သည်နှင့် သူက သူမကို ကစားလိမ့်မည်။
အတိုင်းအဆမရှိသော အချိန်တစ်ခု ကြာပြီးနောက် လုချန်းက စုဟန်ယန်၏ နား နားကပ်၍ တိုးတိုးလေး ပြောလိုက်သည်။
“မင်း ဧကရာဇ်အဆင့် ဖြစ်လာရင်လည်း ဘာဖြစ်လဲ။ မင်း အဲ့ဒီအဆင့်ကို ရောက်တဲ့အချိန်မှာ ကိုယ့်ရဲ့ အဆင့်က ဧကရာဇ်ထက် ကျော်လွန်နေလောက်ပြီ။ မင်း ကိုယ့်လက်ထဲကနေ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး။”
ထိုစကားကို ကြားသောအခါ စုဟန်ယန် စကားတုံ့ပြန်မပြောပဲ အသက်ကိုသာ ပြင်းပြင်းရှူနေသည်။ သူမက ထိုစကားကို အမှတ်မထင် ပြောလိုက်ခြင်းသာ ဖြစ်သည်။
သူမ၏ နယ်ပယ်အဆင့်သည် ယခုအချိန်တွင် လုချန်းထက် မြင့်မားနေသော်လည်း သူ၏ နောက်ကွယ်တွင် မရေမတွက်နိုင်သော ကျင့်ကြံမှု အရင်းအမြစ်များနှင့် ကြီးမားသော အင်အားစုတစ်ခု ရှိနေသည်။ ကျင့်ကြံမှု အဆင့်တွင် သူမ ရှေ့ရောက်နေသည်မှာ ယာယီသာ ဖြစ်သည်။
သူတို့၏ ကျင့်ကြံမှုအဆင့်များ တိုးတက်လာသည်နှင့်အမျှ သူမ၏ တိုးတက်မှု နှေးကွေးသွားမည်ဖြစ်ပြီး လုချန်း၏ တိုးတက်မှုကမူ လျင်မြန်လာကာ သူမကို ကျော်ဖြတ်သွားမည် ဖြစ်သည်။
သူမ ဧကရာဇ်အဆင့် ဖြစ်လာချိန်တွင် လုချန်း ထိုအဆင့်ကို ကျော်လွန်နေလောက်ပြီလားဆိုတာကို မည်သူသိနိုင်မည်နည်း။ ဧကရာဇ်များသည်လည်း အင်အား ကွာခြားကြပြီးအမျိုးသမီးတစ်ဦးအနေနှင့် သူမ သူ့ကို ယှဉ်နိုင်ဖွယ်မရှိချေ။ သူ၏ သနားကြင်နာမှုကိုသာ သူမ ခံယူရမည် ဖြစ်သည်။
ထိုသို့ တွေးမိသောအခါ သူမ ဘဝတွင် ဤလူအတွက် တစ်သက်တာ ကစားစရာတစ်ခုဖြစ်ရန် ကံကြမ္မာပါလာသကဲ့သို့ ခံစားလိုက်ရပြီး ဝမ်းနည်းသွားမိသည်။
လုချန်းက
“ နောက်ပြီး မင်း ကလေးတွေ လိုချင်တယ်ဆိုရင် ကိုယ်က မင်းကို တော်တော်များများ ရအောင် ကူညီပေးနိုင်တယ်။”
ထိုစကားကို ကြားသောအခါ စုဟန်ယန် သတိပြန်ဝင်လာပြီး လျင်မြန်စွာဖြင့်
“မလိုပါဘူး။ ကျွန်မက အမှတ်မထင် မေးလိုက်တာပါ။ မင်းကြီး စိတ်ထဲမထားပါနဲ့။”
ဝူကျန်းဝမ်နှင့် လီချင်ရို့တို့ထံမှ လုချန်းအကြောင်း သူမ ကြားဖူးသည်။ သူသည် သူ၏ မိဖုရားများကို အချိန်တိုအတွင်း ကိုယ်ဝန်ရစေနိုင်စွမ်းရှိသည်။
ထိုအခါတွင် သူမ၏ စွမ်းအားကို အသုံးပြု၍ ခန္ဓာကိုယ်ထဲမှ အညစ်အကြေးများကို ဖယ်ရှားရန် နောက်ကျသွားလိမ့်မည် ဖြစ်သည်။ သူမသည် ကံကြမ္မာနှင့် ရစ်နှောင်မိနေပြီ ဖြစ်သည်။ လုချန်းကို ကလေးတစ်ယောက် မွေးပေးခြင်းသည် သူမ၏ ကံကြမ္မာဝန်ထုပ်ဝန်ပိုးကိုသာ တိုးစေပြီး သူ၏ လက်မှ လွတ်မြောက်ရန် ပို၍ ခက်ခဲစေမည် ဖြစ်သည်။ သူမ သူ့အတွက် ကလေးတစ်ယောက် မမွေးနိုင်ချေ။
စုဟန်ယန် ဤမျှ ထိတ်လန့်နေသည်ကို မြင်သောအခါ လုချန်းက ရယ်မောကာ
“မင်း ခုနကပဲ ကိုယ်က အားမကောင်းတော့ဘူးလို့ ပြောနေတာ မဟုတ်ဘူးလား။ အခု ဘာဖြစ်လို့ လန့်နေရတာလဲ။”
စုဟန်ယန်က လျင်မြန်စွာပင်
“ကျွန်မ သိပါတယ်…ကျွန်မ မှားသွားပါတယ်…”
လုချန်း၏ လှုပ်ရှားမှုတစ်ခုနှင့်အတူ စုဟန်ယန် တုန်ယင်သွားသည်။ ထို့နောက် သူက ဆက်ပြောလိုက်သည်။
“ကလေးလိုချင်တာက မဖြစ်နိုင်တဲ့ကိစ္စ မဟုတ်ပါဘူး။ ကိုယ် ဧကရာဇ်အဆင့် ဖြစ်လာတဲ့အခါ မင်း လိုချင်သလောက် ယူလို့ရတယ်။”
ထိုစကားကို ကြားသောအခါ စုဟန်ယန် နောက်ဆုံးတွင် သက်ပြင်းချနိုင်သွားသည်။ လုချန်း ဧကရာဇ် ဖြစ်လာဖို့က နှစ်သောင်းပေါင်းများစွာ ကြာမြင့်နိုင်သည်။ ထိုအချိန်တွင်တော့ သူမ၏ ကံကြမ္မာကို ဖြေရှင်းရန် နည်းလမ်းတစ်ခု ရှာတွေ့ပြီး လောက်ပြီဖြစ်သည်။
ထိုအခိုက်တွင် စုဟန်ယန်က
“ကျွန်မ အရမ်း…သိချင်တယ်။ ရှင်က နေ့ရက်တိုင်းကို ဒီလို…ကိစ္စမျိုးတွေ လုပ်ရင်းနဲ့ ကုန်ဆုံးနေတာ…ကျင့်ကြံတာလည်း မဟုတ်ဘူး။ ရှင် တကယ်ပဲ……ဧကရာဇ် ဖြစ်နိုင်မှာလား။”
အခြား ကျင့်စဉ်ကျင့်သူများသည် သူတို့၏ ကျင့်စဉ်များဖြင့် ရုန်းကန်ကြိုးစားကြရသည်။ သူတို့သည် အခြားသူများ သို့မဟုတ် ကောင်းကင်ဘုံ လမ်းစဉ်နှင့် တိုက်ခိုက်ကာ အခွင့်အလမ်းများကို လုယူကြရသည်။
ထိုဖြစ်စဉ်တွင် များစွာသောသူတို့ သေဆုံးကြရသည်။ ထိုသို့သော ပြင်းပြင်းထန်ထန် ကြိုးပမ်းမှုများဖြင့်ပင် ဧကရာဇ်ဖြစ်လာသူ အလွန်ရှားပါးသည်။
လုချန်းဆိုသော ကာမလိုက်စားသူတစ်ယောက်ကတော့ နေ့စဉ် မိန်းမများပေါ်တွင် လဲလျောင်းနေရုံဖြင့် ဧကရာဇ်ဖြစ်လာနိုင်မည်ဟု အမှန်တကယ် ထင်နေသည်။
အင်မတန် ရယ်စရာကောင်းသော စိတ်ကူးယဉ်မှုပင်။
ဤလောကတွင် မိန်းမများကို အားကိုး၍ အဆင့်တက်လှမ်းနိုင်သော ဧကရာဇ်တစ်ပါးအကြောင်း သူမ တစ်ခါကမှ မကြားဖူးခဲ့ချေ။ အကယ်၍ ထိုသို့သာ ဖြစ်ပါက မရေမတွက်နိုင်သော ကျင့်ကြံသူတို့၏ စိတ်နှလုံးများ ကြေမွသွားပေလိမ့်မည်။
လှုပ်ရှားနေရင်း လုချန်းက
“ဘဝဆိုတာက အဆုံးမဲ့တဲ့ အကြောင်းအရာတစ်ခုပဲ။ ကိုယ်က ဘဝလမ်းစဉ်ကို လျှောက်လှမ်းနေတာ။ ဘာဖြစ်လို့ ဧကရာဇ် မဖြစ်နိုင်ရမှာလဲ။”
“ဘဝမရှိတဲ့ စကြဝဠာဆိုတာ ရေပုပ်အိုင်တစ်ခုပဲ။ ကိုယ်က ဘဝကို ဖန်တီးဖို့၊ စကြဝဠာကို တက်ကြွစေဖို့ ကိုယ့်ကိုယ်ကို မြှုပ်နှံထားတာ။ ဒီလောက်ကြီးကျယ်တဲ့ ကြိုးပမ်းမှုကို လုပ်ဆောင်နေတဲ့ သူတစ်ယောက် အမြင့်ဆုံးကို တက်လှမ်းသင့်တာပေါ့။”
စုဟန်ယန် တိတ်ဆိတ်သွားသည်။ သူ့ဘာသူ သာယာမှုတွင် နစ်မြောချင်နေသည်မှာ ထင်ရှား နေပါလျက် စကြဝဠာအတွက် ဘဝကို ဖန်တီးနေသည်ဟု ဆိုသော ဤမျှ အရှက်မရှိသည့် ယောက်ျားတစ်ဦးကို သူမ ဘယ်တုန်းကမှ မမြင်ဖူးခဲ့ချေ။
ထားလိုက်တော့။
သူမ ဤလူနှင့် ဆက်လက် စကားပြောရန် ပျင်းရိနေပြီ ဖြစ်သည်။ သူ အကျင့်ပျက်ယွင်းချင်လျှင် ပျက်ယွင်းပါစေ သူမ မပျက်ယွင်းသရွေ့ အဆင်ပြေသည်။ တစ်နေ့တွင် သူမ သူ့ထက် ပြတ်ပြတ်သားသား အင်အားကောင်းလာပါက သူမ သူ့ကို ထိန်းချုပ်နိုင်ပေမည်။
ထိုသို့ တွေးမိသောအခါ စုဟန်ယန် စိတ်သက်သာရာရသွားပြီး သူမ၏ ခန္ဓာကိုယ်လည်း တက်ကြွလှုပ်ရှားလာသည်။
စုဟန်ယန်၏ ပြောင်းလဲမှုကို ခံစားမိသောအခါ လုချန်းက သူမ၏ နား နားကပ်၍ တိုးတိုးလေး ပြောလိုက်သည်။
“ချစ်သူ။ ဘယ်လို ပျော်ရွှင်စရာ အတွေးတွေက မင်းကို ဒီလောက် စိတ်လှုပ်ရှားစေနေတာလဲ။”
စုဟန်ယန် နှလုံး တုန်သွားပြီး သူမ၏ စိတ်ကူးယဉ်မှုများကို ရှေ့ဆက်မသွားစေရန် အလျင်အမြန် ရပ်တန့်လိုက်သည်။ ဤလူသည် သူမ၏ အတွေးများကို အမြဲ ခန့်မှန်းနိုင်ပုံရသည်။ သူမ၏ စိတ်ရင်းမှန်ကို သူ မသိစေရန်အတွင် ရောက်တတ်ရာရာ အတွေးများကို သူမ ဆက်မတွေးတော့ချေ။
…….
နောက်တစ်နေ့ ကုန်ဆုံးပြီးနောက် လုချန်း နောက်ဆုံးတွင် ချန်နင်နန်းတော်မှ ထွက်ခွာသွားသည်။ ယင်ယန်နယ်ပယ်သို့ တက်လှမ်းပြီးနောက် သူ ပို၍ လန်းဆန်းတက်ကြွလာပြီး သူ၏ အာရုံခံနိုင်စွမ်းလည်း အလွန် တိုးတက်လာသည်ကို ခံစားလိုက်ရသည်။
ထို့ကြောင့် သူ၏ အဆင့်အသစ်၏ အင်အားကို စမ်းသပ်ရန် နေရာတစ်ခုကို ရှာဖွေလိုစိတ် ပြင်းပြနေသည်။
ချက်ချင်းပင် လုချန်း အလင်းအရိပ်ကို အသုံးပြုလိုက်ပြီး နောက်တစ်ခဏတွင် တောင်ပင်လယ်အထက်တွင် သူ ပေါ်လာသည်။ အလင်းအရိပ်ဖြင့် ဤမျှကြီးမားသော အကွာအဝေးကို ဖြတ်ကျော်လာသည်ကို မြင်သောအခါ လုချန်း မှင်သက်သွားသည်။ သူသည် ရှနိုင်ငံတော် တစ်ခုလုံးကို ဖြတ်သန်းလာခဲ့သည်။
အနာဂတ်တွင် ထျန်းချန်ကမ္ဘာအတွင်း ခရီးသွားရန် နတ်လှေကိုပင် မလိုအပ်တော့ပေ။ သူ သွားလိုသော မည်သည့်နေရာကို မဆို အတွေးတစ်ချက်ဖြင့် ရောက်ရှိနိုင်ပေမည်။
လုချန်းသူ၏ လက်ထဲရှိ စိတ်ဝိညာဉ်စွမ်းအားကို တစ်ချက် ကြည့်လိုက်သည်။
ဒါက ယင်ယန်နယ်ပယ်လား။
အမှန်တကယ်ပင် အစွမ်းထက်လှသည်။
သူသည် ဤစွမ်းအားကို အသုံးပြုရန် အခွင့်အရေးမရှိပဲ ထျန်းချန်ကမ္ဘာတွင် အချိန်အတော်ကြာ နေထိုင်ခဲ့ရသည်မှာ နှမြောစရာကောင်းလှသည်။
သို့သော် ထိုအခိုက်တွင် ပင်လယ် လှိုင်းများ ရုတ်တရက် ရပ်တန့်သွားသည်။ စွမ်းအားတစ်ခုခု၏ ချုပ်တည်းမှုကို ခံလိုက်ရသကဲ့သို့ ဖြစ်သည်။ ကမ္ဘာကြီးတစ်ခုလုံးသည် စွမ်းအားတစ်ခုခု၏ တိုက်ခတ်ခြင်းကို ခံလိုက်ရပုံရသည်။
လုချန်း စိတ်ထဲ ခဏခန့် ဗလာဖြစ်သွားသည်။
ဘာတွေဖြစ်နေတာလဲ။
လုချန်း ဇဝေဇဝါဖြစ်နေစဉ်မှာပင် ကြီးမားလှသော စိတ်ဝိညာဉ်စွမ်းအင် လှိုင်းလုံးကြီးတစ်လုံး ထျန်းချန်ကမ္ဘာသို့ ဝင်ရောက်လာသည်ကို သူ ခံစားလိုက်ရသည်။
ဤအရာက ထျန်းချန်ကမ္ဘာ၏ တတိယအကြိမ် စိတ်ဝိညာဉ်စွမ်းအင် နိုးထမှုကို ဖြစ်ပေါ်စေသည်။
လုချန်းတစ်ဦးတည်းသာမက ထျန်းချန်ကမ္ဘာရှိ ကျင့်စဉ်ကျင့်သူအားလုံး ဤကြီးမားသော စိတ်ဝိညာဉ်စွမ်းအားကို ခံစားလိုက်ရသည်။ ထို့နောက် မိုးကုတ်စက်ဝိုင်းဆီသို့ လုချန်းလှမ်းကြည့်လိုက်ရာ ကြီးမားသော အနက်ရောင် အရိပ်ကြီးတစ်ခုကို မြင်လိုက်ရပုံရသည်။
ချက်ချင်းပင် သူ၏ နတ်လှေကို ထုတ်ယူပြီး မိုးကုတ်စက်ဝိုင်းဆီသို့ တည့်တည့် ပျံသန်းသွားလိုက်သည်။ မျက်စိတစ်မှိတ်အတွင်း လှေသည် ထျန်းချန်ကမ္ဘာ၏ နယ်နိမိတ်အစွန်းသို့ ရောက်ရှိသွားသည်။
ထျန်းချန်ကမ္ဘာ၏ နယ်နိမိတ်နံရံတွင် ကြီးမားသော ကျောက်တုံးကြီးတစ်တုံး ထိုးဖောက်ဝင်ရောက်နေကာ နံရံတွင် အက်ကွဲကြောင်းများစွာ ပေါ်ပေါက်နေသည်။
ထိုအရာကို မြင်သောအခါ လုချန်း မှင်တက်သွားသည်။
ဘာတွေဖြစ်နေတာလဲ။
နောက်တစ်ခဏတွင် စနစ်၏ အသိပေးချက်တစ်ခု ထွက်ပေါ်လာသည်။
“အဆင့်နိမ့် ကျင့်စဉ်ကမ္ဘာတစ်ခုသည် ထျန်းချန်ကမ္ဘာနှင့် တိုက်မိသွားသည်။ အကယ်၍ ပြင်ပအင်အားများ ဝင်ရောက်မစွက်ဖက်ပါက ကမ္ဘာနှစ်ခုသည် နှစ်တစ်ရာအတွင်း တစ်ခုတည်းအဖြစ် ပေါင်းစည်းသွားမည် ဖြစ်သည်။”
အသိပေးချက်ကို ကြားသောအခါ လုချန်း မျက်မှောင်ကြုတ်လိုက်သည်။ သူသည် ငြိမ်းချမ်းသော နှစ်အနည်းငယ်ကို ပျော်ရွှင်စွာ ဖြတ်သန်းပြီးခါစရှိသေးသည်။
ယခု ဒုက္ခက တံခါးလာခေါက်ပြန်ပြီ။
တစ်ဖက်ကမ္ဘာမှ ရန်သူများ မည်မျှ အားကောင်းသည်ကို သူ မသိချေ။ မည်သို့ပင်ဆိုစေ ထိုကမ္ဘာသည် ကျင့်စဉ် ကမ္ဘာတစ်ခု ဖြစ်သည်။ အကယ်၍ ရန်သူများ အလွန်အင်အားကြီးပါက ထျန်းချန်ကမ္ဘာ ဒုက္ခရောက်ရပေလိမ့်မည်။
လုချန်းက စနစ်ကို ချက်ချင်း မေးလိုက်သည်။
“စနစ်။ ကမ္ဘာနှစ်ခု မပေါင်းစည်းအောင် ဘာလုပ်သင့်လဲ။”
စနစ်က
“သခင်သည် အခြားကမ္ဘာများ၏ ကံစွမ်းအားကို လိုအပ်သည်။ တားဆီးရန်မလို။”
ဒါက…
သူ၏ မိဖုရားများကို ကိုယ်ဝန်ရစေပြီး ရင်သွေးကမ္ဘာများ ဖန်တီးရန် အခြားကမ္ဘာများ၏ ကံစွမ်းအားကို လိုအပ်သည်ကို လုချန်း သိသော်လည်း သူ၏ ကိုယ်ပိုင်အင်အားအပေါ်တွင်မူ ယုံကြည်မှု အနည်းငယ်သာ ရှိသည်။
ထျန်းချန်ကမ္ဘာတစ်ခုလုံးတွင် စုဟန်ယန်သည် ဥပဒေနိယာမ အလုံးစုံ နယ်ပယ်အဆင့်ရှိ တစ်ဦးတည်းသော ကျင့်စဉ်ကျင့်သူ ဖြစ်သည်။ ချပ်ဝတ်တန်ဆာ ဝတ်ဆင်ထားလျှင်ပင် စုဟန်ယန်၏ အင်အားမှာ နတ်အဆင့်ပြောင်းလဲခြင်းနယ်ပယ်၏ အစောပိုင်းအဆင့်တွင်သာ ရှိမည်။
သို့သော် တစ်ဖက်က ကျင့်စဉ်ကမ္ဘာတစ်ခု ဖြစ်သည်။ ကျင့်စဉ်ကမ္ဘာတွင် နတ်အဆင့်ပြောင်းလဲခြင်းနယ်ပယ် စွမ်းအားရှင် မည်မျှ ရှိနေမလဲ ဆိုတာ ခန့်မှန်း၍ မရပေ။
လုချန်း စိုးရိမ်ပူပန်လာစဉ် စနစ်၏ အသိပေးချက် ထပ်မံ ထွက်ပေါ်လာသည်။
“အဆင့်နိမ့် ကျင့်စဉ် ကမ္ဘာ၌ စိတ်ဝိညာဉ်စွမ်းအင်သည် မပေါများပါ။ နတ်အဆင့်ပြောင်းလဲခြင်းနယ်ပယ်သို့ ရောက်ရှိသောကျင့်စဉ်ကျင့်သူများ အလွန် ရှားပါးလှသည်။”