မိဖုရားဆောင်ထဲမှာ အရမ်းလှတဲ့ မိန်းမတွေနဲ့ ပြည့်နေတယ်လို့ ကြားတယ်
Vol. 68 Ch. 1015
ယခင်ကသာဆိုလျှင် ဤကမ္ဘာသို့ လျှို့ဝှက်လဝန်းနန်းတော်မှ တပည့်များ ရောက်ရှိလာကြောင်း သိသည်နှင့် ပုန်းအောင်းရန် နည်းလမ်းတစ်ခုကို ယွမ်ရှန်ရှန် သေချာပေါက် ရှာဖွေမည် ဖြစ်သည်။
သို့သော် ယခုမူ အခြေအနေများ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ သူမ၏နောက်တွင် အားကိုးစရာ အမျိုးသားတစ်ဦး ရှိနေသည်။ ထိုအမျိုးသားမှာလည်း သာမန်မဟုတ်သော နောက်ခံရှိသူ ဖြစ်သောကြောင့် လျှို့ဝှက်လဝန်းနန်းတော်၏ တပည့်များကို သူမ ရင်ဆိုင်ဝံ့လာသည်။
ယွမ်ရှန်ရှန် သူမ၏ အိပ်ဆောင်မှ ထွက်ခွာလိုက်သည်နှင့် တစ်ပြိုင်နက် ယုလျှံစီ၏ အသံက နဂါးနက်ခရိုင်၏ ကောင်းကင်ယံတစ်ခုလုံး၌ ပျံ့နှံ့သွားသည်။
“ထျန်းချန်ကမ္ဘာက ပုရွက်ဆိတ်တွေ။ ချက်ချင်း ကျုပ်ဆီမှာ အညံ့ခံကြ။ မဟုတ်ရင် အကျိုးဆက်ကို ခံစားရလိမ့်မယ်။”
ထိုအသံကို ကြားသောအခါ နဂါးနက်ခရိုင်ရှိ ကျင့်ကြံသူများ တုန်လှုပ်သွားကြသည်။ ပြောနေသူမှာ ဥပဒေ နိယာမ အလုံးစုံအဆင့် ကျင့်ကြံသူတစ်ဦးဟု ညွှန်ပြနေသည့် ဖိအားအဆင့်ကိုလည်း သူတို့ ခံစားလိုက်ရသည်။
ဤပုဂ္ဂိုလ်သည် ထျန်းချန်ကမ္ဘာရှိ လူတိုင်းကို ပုရွက်ဆိတ်များဟု ခေါ်ဝေါ်ခဲ့သည်။ သူက အခြားကမ္ဘာမှ ကျင့်ကြံသူတစ်ဦး ဖြစ်နိုင်လား။
နေပါဦး။
အဓိက ဂိုဏ်းကြီးများအားလုံးသည် တောင်ပိုင်းပင်လယ်ဘက်တွင် ခုခံကာကွယ်ရန် တပည့်များစွာကို စေလွှတ်ထားပြီး မဟုတ်လား။
ထိုကမ္ဘာမှ ကျင့်ကြံသူတစ်ဦးက ဤနေရာသို့ အဘယ်ကြောင့် ဤမျှ လျင်မြန်စွာ ရောက်ရှိလာနိုင်ခဲ့သနည်း။
ထျန်းချန်ကမ္ဘာသို့ ယခုလာရောက်ကြသော ကျင့်ကြံသူများ အလွန်ဝေးကွာသော နေရာမှ လာကြခြင်းဖြစ်သည်ကို နဂါးနက်ခရိုင်မှ ကျင့်ကြံသူများ သတိမပြုမိကြသေးပေ။ ယုလျှံစီနှင့် သူ၏အဖွဲ့သားများကို အိမ်နီးချင်း ကျင့်စဉ်ကမ္ဘာမှဟုသာ ထင်မှတ်နေကြဆဲ ဖြစ်သည်။
နဂါးနက်ခရိုင်မှ ကျင့်ကြံသူများ တစ်ခဏမျှ အလွန်အမင်း ထိတ်လန့်သွားကြသည်။ အမျိုးမျိုးသော ဂိုဏ်းများနှင့် ရှနိုင်ငံတော်ပင်လျှင် ထိုကမ္ဘာမှ ကျင့်ကြံသူများ သူတို့၏ကမ္ဘာကို ကျူးကျော်လာမည်ကို စိုးရိမ်ခဲ့ကြသည်။ ထို့ကြောင့်ပင် တောင်ပိုင်းပင်လယ်များကို ကာကွယ်ရန် လူများစွာကို စေလွှတ်ထားခဲ့ခြင်း ဖြစ်သည်။
ယခု ထိုကမ္ဘာမှ ကျင့်ကြံသူများက တိုက်ခိုက်လာပြီး နဂါးနက်ခရိုင်အထိပင် ရောက်ရှိလာခဲ့သည်။ ဒါက တောင်ပိုင်းပင်လယ်များတွင် ခုခံကာကွယ်နေသော သူတို့၏တပည့်များ လုံးဝ ချေမှုန်းခံလိုက်ရပြီဟု အဓိပ္ပာယ်သက်ရောက်နေသည်။
ရှနိုင်ငံတော်၏ စစ်တပ်လည်း ရှုံးနိမ့်သွားပြီဟု ဆိုလိုနေသည် မဟုတ်ပါလား။
ထိုအချက်ကို သဘောပေါက်သွားသောအခါ ကျင့်ကြံသူများ၏ မျက်နှာများ ဖြူဖျော့သွားကြသည်။ ရှနိုင်ငံတော်ပင် ရှုံးနိမ့်ခဲ့လျှင် သူတို့က ထိုကျင့်ကြံသူများကို မည်သို့ ယှဉ်ပြိုင်နိုင်မည်နည်း။
အကောင်းဆုံးက အညံ့ခံလိုက်ခြင်းပင်။
မည်သို့ပင်ဖြစ်စေ သူတို့အနေနှင့် ဤကမ္ဘာအပေါ် နက်ရှိုင်းသော တွယ်တာမှု မရှိကြ ပေ။ အင်အားကြီးများက အခြားအင်အားစုများကို သိမ်းသွင်းခြင်းမှာ ကျင့်စဉ်လောက၏ သာမန်ဖြစ်ရိုးဖြစ်စဉ်တစ်ခုသာ ဖြစ်သည်။
မကြာမီပင် အင်အားစုငယ်များမှ ခေါင်းဆောင် အမြောက်အမြား ယုလျှံစီ ထိန်းချုပ်ထားသော နတ်လှေထံသို့ ချဉ်းကပ်လာကြပြီး
“ကျွန်တော်တို့ အကြီးအကဲကို ဂါရဝပြုပါတယ်။”
ယုလျှံစီထံ လာရောက်ကြသော အင်အားစုများသည် အများအားဖြင့် ရှနိုင်ငံတော်ကို သဘောမကျပဲ ၎င်း၏ ထိန်းချုပ်မှုမှ လွတ်မြောက်လိုသူများ ဖြစ်ကြသည်။
များစွာသော အခြားအင်အားစုများကမူ စောင့်ကြည့်လျက်သာ ရှိနေကြသည်။ လုချန်း ပေါ်မလာသေးပါက တိုက်ပွဲ၏ ရလဒ် မသေချာပေ။
အကယ်၍ သူတို့ ယခု အခြားကမ္ဘာမှ ကျင့်ကြံသူများနှင့် ပူးပေါင်းလိုက်ပြီး နောက်ပိုင်းတွင် လုချန်းက ဤကျူးကျော်သူများကို အနိုင်ရသွားပါက မည်သို့လုပ်မည်နည်း။ ထိုအခါ ဆွမ်ဧကရာဇ်က သူတို့ကို သေချာပေါက် အရေးယူမည် ဖြစ်သည်။
အညံ့ခံရန် လာရောက်သူများကို မြင်သောအခါ ယုလျှံစီက ချက်ချင်းပင်
“ရှဧကရာဇ် ဘယ်မှာလဲ။ ကျေးဇူးပြုပြီး ထွက်တွေ့ပါ။”
ဆွမ်ဧကရာဇ်တွင် အစွမ်းအစ အချို့ရှိသည်ကို သိထားသောကြောင့် ယုလျှံစီ၏ လေသံက အလွန်အမင်း ခက်ထန်နေခြင်း မရှိပေ။
လုချန်းသည် နဂါးနက်ခရိုင်ရှိ အခြေအနေကို အစောကတည်းက အာရုံခံမိခဲ့ပြီး နဂါးနက်မြို့တော် နန်းတွင်းသို့ ချက်ချင်း ရောက်ရှိလာသည်။
ထိုအချိန်တွင် ယွမ်ရှန်ရှန်သည် ယုလျှံစီနှင့် သူ၏လူများကို ကိုယ်တိုင် ပျံတက်၍ မောင်းထုတ်ရန် ကြံရွယ်နေသော်လည်း ရုတ်တရက် လက်တစ်ဖက်က သူမ၏ ပခုံးကို ဆုပ်ကိုင်လိုက်သည်။
ယွမ်ရှန်ရှန် လှည့်ကြည့်လိုက်သောအခါ လုချန်းဖြစ်နေသည်ကို တွေ့လိုက်ရသည်။ သူမက
“ကျွန်မ ခုလေးတင် စစ်ဆေးကြည့်လိုက်တယ်။ လျှို့ဝှက်လဝန်းနန်းတော်က လာတဲ့သူတွေထဲမှာ ဥပဒေ နိယာမ အလုံးစုံအဆင့် ကျင့်ကြံသူ တစ်ယောက်ပဲ ပါတယ်။ ရှင်ဝင်စရာမလိုပဲ ကျွန်မတစ်ယောက်တည်း သူတို့ကို ဖြေရှင်းနိုင်တယ်။”
လုချန်းက ပြုံးပြီး
“စုဟန်ယန် ဘယ်လောက် အင်အားကြီးလဲ ဆိုတာ ကျွန်တော် မြင်ချင်လို့ပါ။”
ထိုသို့ ကြားသောအခါ ယွမ်ရှန်ရှန်လည်း လုချန်း၏ ရည်ရွယ်ချက်ကို ချက်ချင်း နားလည်သွားသည်။ စုဟန်ယန်သည် ရှန်ဟွေချပ်ဝတ်ကို ဝတ်ဆင်ထားသဖြင့် သူမ၏ အင်အားမှာ နတ်ဘဝပြောင်းလဲခြင်းအဆင့်နှင့် တူညီနေနိုင်နေပြီ ဖြစ်သည်။
ဤတစ်ကြိမ်တွင် လျှို့ဝှက်လဝန်းနန်းတော်မှ စေလွှတ်လိုက်သော အုပ်စု၌ ဥပဒေ နိယာမ အလုံးစုံအဆင့် ကျင့်ကြံသူ တစ်ဦးတည်းသာ ပါရှိသည်။ စုဟန်ယန် လှုပ်ရှားလာပါက ထိုသူများ သေချာပေါက် ခုခံနိုင်မည် မဟုတ်ပေ။
ထို့နောက် ယွမ်ရှန်ရှန်က
“ကျွန်မ နားလည်ပါပြီ”
လုချန်းက
“ဆရာမရဲ့ အငွေ့အသက်ကို ဖျောက်ပြီး ခဏလောက် ပုန်းနေသင့်တယ်။ ကျွန်တော် စုဟန်ယန်ဆီ သွားကြည့်လိုက်ဦးမယ်”
“ကောင်းပါပြီ။”
စကားသံဆုံးသည်နှင့် ယွမ်ရှန်ရှန်လည်း သူမ၏ အခန်းသို့ ပြန်သွားပြီး သူမ၏ အငွေ့အသက်ကို ဖျောက်ထားလိုက်သည်။
ထိုစဉ် လုချန်းသည် မြူခိုးမှော်ဂိုဏ်း၏ လက်ရှိတည်နေရာသို့ ရောက်ရှိရန် အလင်းအရိပ် ကျင့်စဉ်ကို ချက်ချင်း အသုံးပြုလိုက်သည်။
စုဟန်ယန်သည်လည်း ထျန်းချန်ကမ္ဘာအား ပြင်ပရန်သူများ ကျူးကျော်လာသည်ကို အာရုံခံမိသဖြင့် တိုက်ပွဲအတွက် ပြင်ဆင်ပြီးသား ဖြစ်သည်။ သူမသည် ခရမ်းရောင် တိမ်တိုက်ဝတ်ရုံကို ဝတ်ဆင်ကာ စိတ်ဝိညာဉ်ဓားတစ်လက်ကို ကိုင်ဆောင်ထားသည်။ ထို့နောက် တောင်ထိပ်တစ်ခုပေါ်တွင် ရပ်ကာ အဝေးရှိ လျှို့ဝှက်လဝန်းနန်းတော်၏ နတ်လှေကို ကြည့်နေသည်။
ထိုအခိုက်တွင် သူမ၏နောက်၌ ရင်းနှီးသော တည်ရှိမှုတစ်ခု ပေါ်လာသည်ကို အာရုံခံမိသော်လည်း တုံ့ပြန်ခြင်းမပြုပဲ အဝေးရှိ နတ်လှေကိုသာ ဆက်လက် စိုက်ကြည့်နေသည်။
ထို့နောက် လက်တစ်စုံက သူမ၏ သွယ်လျသော ခါးကို ပွေ့ဖက်လိုက်ပြီး လုချန်း၏ စနောက်သော အသံက သူမ၏ နားနားသို့ လျင်မြန်စွာ ရောက်ရှိလာသည်။
“ကိုယ့်ရဲ့အလှလေး။ မင်းက ကိုယ့်ကို ကာကွယ်ဖို့ အဆင်သင့် ဖြစ်နေလိမ့်မယ်လို့ ကိုယ်မထင်ထားဘူး။”
လုချန်း၏ စကားကို ကြားသောအခါ စုဟန်ယန်က နှာခေါင်းရှုံ့လိုက်ပြီး
“မင်းကြီးရဲ့ ကြောက်စရာကောင်းတဲ့ အင်အားနဲ့ဆိုရင် ကျွန်မ ဝင်ပါစရာမလိုပါဘူး။”
“ပြိုင်ဘက်မှာ ဥပဒေ နိယာမ အလုံးစုံအဆင့် ကျင့်ကြံသူ တစ်ယောက်တည်းပဲ ရှိတာ။ ဒါက မင်းကြီးရဲ့ မျက်စိထဲမှာ ထည့်တွက်စရာ ရန်သူတောင် မဟုတ်လောက်ပါဘူး။”
လုချန်းက
“ကိုယ်က ယင်ယန်အဆင့်ပဲ ရှိတာ။ ဥပဒေ နိယာမ အလုံးစုံအဆင့် ကျင့်ကြံသူကို ဘယ်လိုလုပ် သွားယှဉ်ပြိုင်နိုင်မှာလဲ။ ဒီကျူးကျော်မှုကို မင်းပဲ ဖြေရှင်းရမှာ။”
ထိုသို့ ကြားသောအခါ စုဟန်ယန် နောက်တစ်ကြိမ် နှာခေါင်းရှုံ့လိုက်သော်လည်း နောက်ထပ် ဘာမှ မပြောတော့ပေ။
ဥပဒေ နိယာမ အလုံးစုံအဆင့် ကျူးကျော်သူတစ်ဦး ပါလာသဖြင့် လုချန်း ကိုယ်တိုင် ဝင်ပါမည် မဟုတ်ဟု သူမ တွေးလိုက်သည်။ လုချန်းသည် အမျိုးသမီးများကို အနိုင်ကျင့်ရာတွင်သာ အထူးအစွမ်းထက်သူဖြစ်သည်။
သို့သော် ယခု ပြိုင်ဘက်က စစ်မှန်သော ဥပဒေ နိယာမ အလုံးစုံအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်သည်။ လုချန်း ရှန်ဟွေချပ်ဝတ်ကို ဝတ်ဆင်၍ ဥပဒေ နိယာမ အလုံးစုံအဆင့်၏ စွမ်းအားနှင့် တူညီသွားတောင်မှ ထိုစွမ်းအားကို အပြည့်အဝ ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးချနိုင်မည်ဟု မသေချာပေ။
လုံလောက်သော နားလည်သဘောပေါက်မှု မရှိပါက ဥပဒေ နိယာမ အလုံးစုံအဆင့်၏ စွမ်းအား ရှိနေလျှင်ပင် စိတ်ဝိညာဉ် စွမ်းအားကို ထိရောက်စွာ အသုံးပြုနိုင်မှုသည် ထိုအဆင့်ရှိ စစ်မှန်သော ကျင့်ကြံသူတစ်ဦးထက် နိမ့်ကျနေမည် ဖြစ်သည်။
ထိုအခိုက်တွင် ယနေ့ သူမကိုယ်တိုင် ဝင်ရောက်၍ ကျူးကျော်သူကို ဖြေရှင်းသင့် မသင့် စုဟန်ယန် စဉ်းစားနေသည်။
လုချန်း၏ နောက်ခံ မရိုးရှင်းဟု သူမ ပြန်လည် စဉ်းစားမိလိုက်သည်။ သူ့ထံ၌ ဖုံးကွယ်ထားသော အစီအစဉ်များ သေချာပေါက် ရှိလိမ့်မည်။ ထို့ကြောင့် သူမ ချက်ချင်း ဝင်မပါပဲ ထိုနေရာတွင်သာ ရပ်ကြည့်နေခြင်းဖြစ်သည်။
လုချန်းဆိုသော ထိုလူက သူမထံ ဆန္ဒအလျောက် လာရှာလိမ့်မည်ဟု စုဟန်ယန် မျှော်လင့်မထားခဲ့ပေ။
ထိုလူက သူမ၏ အကူအညီကို တောင်းခံရန် ဤနေရာသို့ ရောက်လာခြင်း ဖြစ်သည်ဟူသော အတွေးက စုဟန်ယန်၏ စိတ်နှလုံးထဲသို့ အောင်နိုင်သူတစ်ဦး၏ ခံစားချက်များ ယူဆောင်လာသည်။
သူမ စိတ်ထဲတွေးလိုက်သည်။
“သူက သိပ်စွမ်းတယ် မဟုတ်လား။ ဘယ်လိုဖြစ်လို့ ငါ့ရဲ့ အကူအညီ လာတောင်းရတဲ့ အခြေအနေထိ နိမ့်ကျသွားရတာတုန်း”
ထို့နောက် စုဟန်ယန်က
“ကျွန်မ ရှင့်ကိုယ်စား ဝင်တိုက်ပေးလို့ရသည်။ ဒါပေမဲ့ အဲ့ဒီအတွက် ကျွန်မ ဘာအကျိုးအမြတ် ရမှာလဲ။”
သူမ ကူညီရန် ရည်ရွယ်ထားသော်လည်း အကယ်၍ သူမ လုချန်းထံမှ အကျိုးအမြတ်များ ပိုမို ရယူနိုင်ခဲ့လျှင် ပို၍ပင် ကောင်းပေလိမ့်မည်။
လုချန်းက ပြုံးလျက်
“အကျိုးအမြတ် ဟုတ်လား။ အကျိုးအမြတ်တွေ ရှိမှာပေါ့။ ကိုယ်က ကိုယ့်ဇနီးကို အလကားသက်သက် ပင်ပန်းမခံခိုင်းပါဘူး။”
“ဒီလိုလုပ်ပါလား။ ဒီကျူးကျော်သူတွေကို ဖြေရှင်းပြီးသွားတာနဲ့ ကိုယ် မင်းကို နောက်တစ်လလုံး လျှို့ဝှက်ဆန်းကြယ်မိန်းမပျိုကျင့်စဉ် အတွက် ကူညီပေးမယ်။”
ထိုစကားကို ကြားသောအခါ စုဟန်ယန်၏ မျက်နှာ ချက်ချင်း တောင့်တင်းသွားပြီးနောက်
“ ရှင်ပြောတဲ့ အကျိုးအမြတ်ဆိုတာ အဲ့ဒါလား။”
လုချန်းက
“ဒါက အကျိုးအမြတ် မဟုတ်ဘူးလား။ ကိုယ်နဲ့ တစ်လလုံး အတူတူ နေရမယ့် အခွင့်အရေးက ကိုယ့်ရဲ့ မိဖုရားငယ်တွေအတွက် ဇိမ်ခံပစ္စည်းတစ်ခုပဲ။”
“ဒါ ကိုယ်ပေးနိုင်တဲ့ တစ်ခုတည်းသော အကျိုးအမြတ်ပဲ။ မင်း မကူညီချင်ဘူးဆိုရင်လည်း ထားလိုက်တော့။”
စုဟန်ယန်က အေးစက်စွာဖြင့်
“ရှင့်ရဲ့ အကျိုးအမြတ်ကို ကျွန်မ မလိုချင်ဘူး။ ကျွန်မ ရှင့်ကို ကူညီမယ်။”
ထိုသို့ ပြောပြီးသည်နှင့် စုဟန်ယန်ထံမှ စိတ်ဝိညာဉ် စွမ်းအားများ ပေါက်ကွဲထွက်လာပြီး တစ်ခဏအတွင်း သူမ၏ စိတ်ဝိညာဉ် စွမ်းအားများ ကောင်းကင်ယံသို့ တိုးတက်သွားသည်။
ယုလျှံစီသည် ဆက်လက် အော်ဟစ်ရန် ရည်ရွယ်ထားသော်လည်း စိတ်ဝိညာဉ် စွမ်းအား လှိုင်းလုံးတစ်ခုကြောင့် သူ လန့်သွားသည်။ ထိုလားရာသို့ သူ လှမ်းကြည့်လိုက်ရာ ဓားတစ်လက်ကိုင်ထားသော အမျိုးသမီးတစ်ဦး သူတို့၏ နတ်လှေကို စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။
ထိုအမျိုးသမီးထံမှ ထုတ်လွှတ်နေသော စိတ်ဝိညာဉ် ဖိအားကို ခံစားမိသောအခါ ယုလျှံစီ မျက်မှောင်ကြုတ်လိုက်သည်။
နောက်ထပ် ဥပဒေ နိယာမ အလုံးစုံအဆင့် တစ်ဦးပါလား။
အကယ်၍ ဆွမ်ဧကရာဇ်ကို ဥပဒေ နိယာမ အလုံးစုံအဆင့် တစ်ဦးအဖြစ် ထည့်တွက်ပါက ယခု နောက်ထပ်တစ်ဦး ထပ်ရှိနေသေးလျှင် နှစ်ယောက်ပေါင်းပါက ကိုင်တွယ်ရန် ခက်ခဲနိုင်သည်။
သို့သော်လည်း...
သူတို့၏ နတ်လှေမှာလည်း ကုန်ကျစရိတ် အများအပြားဖြင့် ဖန်တီးထားသော လက်နက်တစ်ခု ဖြစ်သည်ကို ယုလျှံစီ ရုတ်တရက် သတိရလိုက်သည်။ အကယ်၍ ၎င်းတို့၏ လှေပေါ်ရှိ နည်းဗျူဟာ ပုံစံဖြင့် တိုက်ခိုက်ခံရပါက ဥပဒေ နိယာမ အလုံးစုံအဆင့် ပထမအလွှာမှ ကျင့်ကြံသူတစ်ဦးကို မဆိုထားနှင့် နံပါတ်ငါး အလွှာမှ တစ်ဦးပင် ဒဏ်ရာရသွားနိုင်၏။
ထိုသို့ တွေးမိသဖြင့် ယုလျှံစီ ပို၍ ယုံကြည်မှု ရှိလာပြီး စုဟန်ယန်ဘက်သို့ လှည့်ကာ
“ကျင့်ကြံသူမိတ်ဆွေ။ ကျွန်တော်တို့ ထျန်းချန်ကမ္ဘာကို လူတစ်ယောက်ရှာဖို့ပဲ လာတာပါ။ ပဋိပက္ခတွေ ဖြစ်စေဖို့ ရည်ရွယ်ချက် မရှိပါဘူး။”
ထိုသို့ ကြားသောအခါ စုဟန်ယန်က မထီမဲ့မြင် ရယ်မောလိုက်ပြီးနောက်
“လူတစ်ယောက်ရှာဖို့ပဲ ဟုတ်လား။ အဲ့လိုသာဆိုရင် ရှင်က ထျန်းချန်ကမ္ဘာက ကျင့်ကြံသူတွေကို ပုရွက်ဆိတ်တွေလို့ ခေါ်မှာလား။”
“ရှင်တို့ရဲ့ ရည်ရွယ်ချက်က လူရှာရုံလောက်ပဲ လို့ ကျွန်မ မယုံဘူး။”
ယုလျှံစီက
“ခင်ဗျား ထျန်းချန်ကမ္ဘာမှာ ရှိနေမှန်း ကျွန်တော်တို့ မသိခဲ့ဘူး။ သိခဲ့ရင် ကျွန်တော်တို့ ဒီလို စကားမျိုး ပြောမှာ မဟုတ်ပါဘူး။”
“ခင်ဗျား ယွမ်ရှန်ရှန် ဆိုတာကို ကြားဖူးလား မသိဘူး။”
စုဟန်ယန်၏ ကြောက်မက်ဖွယ် အင်အားကို မြင်သောအခါ သူမနှင့် ယွမ်ရှန်ရှန် ဆက်စပ်မှု အချို့ ရှိနိုင်သည်ဟု ယုလျှံစီ ခံစားမိသည်။ မည်သို့ပင် ဆိုစေ ယွမ်ရှန်ရှန်သည် ဂိုဏ်းကြီးတစ်ခုမှ တပည့်တစ်ဦး ဖြစ်သည်။ သူမသည် ထျန်းချန်ကမ္ဘာကဲ့သို့ နိမ့်ကျသော ကမ္ဘာတစ်ခုတွင် ငြိမ်နေလိမ့်မည် မဟုတ်ပေ။
ယုလျှံစီက ယွမ်ရှန်ရှန်အကြောင်း မေးသည်ကို ကြားလိုက်ရသောအခါ လုချန်း၏ ဆံပင်ဖြူ ဆရာမ၏ ပုံရိပ် စုဟန်ယန်၏ စိတ်ထဲတွင် ချက်ချင်း ပေါ်လာသည်။ သို့ဆိုလျှင် ဤသူများသည် လုချန်း၏ ဆရာမကို ရှာဖွေရန် ဤနေရာသို့ ရောက်လာခြင်း ဖြစ်သည်။
လုချန်းက သူ၏ ဆရာမကို ကာကွယ်ရန် သူမကို အသုံးချနေသည်ဟူသော အတွေးက စုဟန်ယန်ကို အနည်းငယ် မသက်မသာ ခံစားရစေသည်။
သို့သော် ထိုအချိန်တွင် သူမက
“ကျွန်မ သူ့အကြောင်း တစ်ခါမှ မကြားဖူးဘူး။ အခု ရှင်တို့ ထျန်းချန်ကမ္ဘာကနေ ထွက်သွားလို့ ရပါပြီ။”
“ နောက်ပြီး ရှင်တို့ ထျန်းချန်ကမ္ဘာမှာ ဆက်နေဖို့ အတင်းအကျပ် လုပ်နေမယ်ဆိုရင်တော့ ကျွန်မ ညှာတာနေမှာ မဟုတ်ဘူး။”
စုဟန်ယန်၏ စကားကို ကြားသောအခါ ယုလျှံစီ၏ မျက်နှာ မည်းမှောင်သွားသည်။
ထွက်သွားရမည် ဟုတ်လား။
သူတို့၏ ပစ်မှတ်ကို အခုထိ မဖမ်းမိသေးပေ။
ဘာ့ကြောင့် ထွက်သွားနိုင်မည်နည်း။
ထို့ပြင် ဆွမ်ဧကရာဇ် ပေါ်မလာသေးသဖြင့် သူ၏ အင်အားကို မသိရသေးပေ။ အကယ်၍ ဥပဒေ နိယာမ အလုံးစုံအဆင့် ကျင့်ကြံသူ နှစ်ဦး အမှန်တကယ် ရှိနေပါက သူတို့၌ ထွက်ခွာရန်ဆိုသည့် ရွေးချယ်မှု တစ်ခုတည်းသာ ရှိနိုင်ပေသည်။
ချက်ချင်း တိုက်ခိုက်သင့်မသင့် စဉ်းစားရင်း ယုလျှံစီ စိတ်ရှုပ်ထွေးနေစဉ် လုချန်း စုဟန်ယန်၏ နောက်သို့ ရောက်လာပြီး သူမ၏ ဘေးတွင် ရပ်လိုက်သည်။
လုချန်းကို မြင်သောအခါ ယုလျှံစီဘက်သို့ ရပ်တည်ခဲ့သော ထျန်းချန်ကမ္ဘာမှ ကျင့်ကြံသူတစ်ဦးက ချက်ချင်းပင်
“အကြီးအကဲ။ အဲဒီလူက ဆွမ်ဧကရာဇ်ပဲ။”
ထိုသို့ ကြားသောအခါ ယုလျှံစီ အံ့အားသင့်သွားသည်။
ထို့နောက် လုချန်း၏ ကျင့်စဉ်အဆင့်ကို အာရုံခံရန် သူ၏ စိတ်ဝိညာဉ် စွမ်းအားကို ချက်ချင်း ထုတ်လွှတ်လိုက်ရာ လုချန်းသည် ယင်ယန်အဆင့် ဒုတိယအလွှာတွင်သာ ရှိနေသေးသည်ကို တွေ့ရှိလိုက်ရသည်။
ယင်ယန်အဆင့် ဒုတိယအလွှာပဲလား။
ဘာများ ကြောက်စရာ ရှိတော့လို့လဲ။
သူ၏ အစောပိုင်းက တွန့်ဆုတ်နေမှုများကို ပြန်တွေးမိသောအခါ ဤအမျိုးသမီး၏ လှည့်စားခြင်းကို ခံရလုနီးပါး ဖြစ်ခဲ့သောကြောင့် ယုလျှံစီ အလွန် ဒေါသထွက်လာသည်။
စုဟန်ယန်ကို လျစ်လျူရှုလျက် ယုလျှံစီက လုချန်းကို စေ့စေ့ စိုက်ကြည့်ကာ
“ခင်ဗျားရဲ့ မိဖုရားဆောင်ထဲက မိန်းမတွေအားလုံးက အချောအလှတွေချည်းပဲလို့ ကျွန်တော်ကြားတယ်။”
“သူတို့ထဲမှာ ယွမ်ရှန်ရှန် ဆိုတဲ့ နာမည်နဲ့ မိန်းမတစ်ယောက် ရော ပါလား။”
“ခင်ဗျား အမှန်အတိုင်း ပြောတာ ကောင်းလိမ့်မယ်။ လိမ်ဖို့ ကြိုးစားရဲရင်တော့ ခင်ဗျား သေရမယ်။”
ထိုသို့ ကြားသောအခါ လုချန်းက ရယ်မောလိုက်ပြီး
“ကျွန်တော်က မရှိဘူးလို့ ပြောလိုက်ရင် ခင်ဗျားတို့ ထျန်းချန်ကမ္ဘာကနေ ဒီအတိုင်း ထွက်သွားမှာလား။”
ယုလျှံစီက
“ထွက်မသွားဘူး။ ဒါပေမဲ့ ခင်ဗျားရဲ့ မိဖုရားတွေ အကုန်လုံးကို ကျွန်တော်တို့ စစ်ဆေးဖို့ ခေါ်ထုတ်လာရမယ်။ သူက သူတို့ထဲမှာ မပါဘူးဆိုရင် ကျွန်တော် ခင်ဗျားကို အခက်အခဲ မပေးတော့ပါဘူး။”