သူနဲ့ တွေ့ဖို့ အခု ခေါ်သွားပေးမယ်
Vol. 68 Ch. 1016
သူ့ရှေ့တွင် ဥပဒေ နိယာမ အလုံးစုံအဆင့် ကျင့်ကြံသူတစ်ဦး ရှိနေသောကြောင့် ယုလျှံစီ ချက်ချင်း အရေးယူရန် အစီအစဉ် မရှိခဲ့ ပေ။
သူ့ရှေ့မှ ဥပဒေ နိယာမ အလုံးစုံအဆင့် အမျိုးသမီးကို ယုလျှံစီ မကြောက်ပါ။ သို့သော် ယွမ်ရှန်ရှန်ကို ဆုံးရှုံးမှု အနည်းဆုံးနှင့် ဖမ်းဆီးနိုင်မည်ဆိုလျှင် သူ ပို၍ နှစ်သက်၏။ မလိုအပ်ပဲ တိုက်ခိုက်မှု မပြုလိုပေ။
အကယ်၍ တစ်ဖက်လူက များစွာ ပိုအားနည်းခဲ့ပါက သူ ဤနေရာတွင် ဆက်လက် စကားပြောနေမည် မဟုတ်ပါ။ ဆွမ်ဧကရာဇ်ကို ချက်ချင်း ဖမ်းဆီးပြီး နန်းတွင်းသို့ ဦးတည်လိုက်ရုံသာ ဖြစ်သည်။ ထိုအလုပ်သည် အချိန်များစွာ ကြာမြင့်မည် မဟုတ်ပေ။
နှစ်ဖက် အင်အားတူညီနေသည့်အခါ ကျင့်ကြံသူများသည် အရေးမယူမီ များစွာ ပို၍ သတိထားတတ်သည်။
ယုလျှံစီ၏ စကားများကို ကြားသောအခါ လုချန်းက ခပ်ပေါ့ပေါ့ပင်
“ကျွန်တော့်ရဲ့ မိဖုရားတွေကို ခင်ဗျားကြည့်ဖို့ ခေါ်လာစေချင်တာလား။ အဲဒါက ကျွန်တော့်ကို မျက်နှာငယ်စေမှာ မဟုတ်ဘူးလား။ ရှနိုင်ငံတော်ရဲ့ ဧကရာဇ်တစ်ပါးအနေနဲ့ ခင်ဗျားတို့လို ကျူးကျော်သူတွေကို အတင့်ရဲခွင့် ပေးရမှာလား”
ယုလျှံစီ မျက်မှောင်ကြုတ်လိုက်ပြီး လုချန်းထံ တိုက်ရိုက် ဦးတည်သော စိတ်ဝိညာဉ် စွမ်းအား လှိုင်းတစ်ခုကို ချက်ချင်း ထုတ်လွှတ်လိုက်သည်။ သို့သော် ထိုစွမ်းအား လုချန်း၏ ခန္ဓာကိုယ်သို့ မရောက်မီမှာပင် စုဟန်ယန်၏ ဓားအိမ်ဖြင့် အလွယ်တကူ တားဆီးခံလိုက်ရသည်။
ယုလျှံစီက အေးစက်စွာဖြင့်
“တော်တော်ရယ်စရာကောင်းတာပဲ။ နိမ့်ကျတဲ့ကမ္ဘာက ဧကရာဇ်တစ်ယောက်က ကျွန်တော့်ကို ဒီလို စကားပြောရဲတယ်။ ခင်ဗျားရှေ့က မိန်းမသာ မရှိရင် ခင်ဗျား အခုလောက်ဆို အလောင်းတစ်လောင်း ဖြစ်နေလောက်ပြီ။”
“ခင်ဗျားကို နောက်ဆုံးအခွင့်အရေး တစ်ခေါက် ပေးမယ်။ ခင်ဗျား သဘောမတူဘူးဆိုရင် ကျွန်တော်တို့ကို ရက်စက်တယ်လို့ အပြစ်မတင်နဲ့။”
ယုလျှံစီ အရေးယူရန် အသင့်ဖြစ်နေပုံရသည်ကို စုဟန်ယန် နားလည်လိုက်ပြီး သူမ၏ ဓားကို ချက်ချင်း ဆုပ်ကိုင်လိုက်ကာ
“ရှင် ဘယ်လောက်တောင် ရက်စက်နိုင်မလဲဆိုတာ ကျွန်မ တကယ်ပဲ မြင်ချင်မိတယ်။”
ယုလျှံစီက စုဟန်ယန်ကို လှမ်းကြည့်လိုက်ပြီး
“ကျင့်ကြံသူမိတ်ဆွေ။ ခင်ဗျားက ကျွန်တော်တို့ရဲ့ ရှာဖွေမှုကို တကယ်ပဲ ဟန့်တားဖို့ ရည်ရွယ်ထားတာလား။”
စုဟန်ယန်က
“ထျန်းချန်ကမ္ဘာက ရှနိုင်ငံတော်က ပိုင်ဆိုင်တာပါ။ ဒါက ရှင်တို့ရဲ့ နယ်မြေ မဟုတ်ဘူး။ ထျန်းချန်ကမ္ဘာကို စပ်စုဖို့ ရှင်တို့မှာ ဘာအခွင့်အာဏာမှ မရှိဘူး။ ရှင်တို့ လာခဲ့တဲ့ နေရာကိုပဲ ပြန်သွားလိုက်ပါ။”
စုဟန်ယန်၏ စကားဆုံးသည်နှင့် ယုလျှံစီ၏ ပတ်ပတ်လည်၌ စိတ်ဝိညာဉ် စွမ်းအားများ ပျံ့နှံ့သွားသည်။ သူက
“ ဒါဆို ဆွေးနွေးနေလို့ အသုံးမဝင်တော့ဘူး ပေါ့။ ခင်ဗျားတို့က ယွမ်ရှန်ရှန်ကို လက်လွှဲမပေးချင်မှတော့ စလိုက်ကြရအောင်။”
စုဟန်ယန်နှင့် ဆွမ်ဧကရာဇ်တို့က ယွမ်ရှန်ရှန် ရှိနေသည့်နေရာကို သိလိမ့်မည်ဟု ယုလျှံစီ ထင်လာသည်။ မဟုတ်ပါက သူတို့၏ တုံ့ပြန်မှုများ ဤမျှ ပြင်းထန်နေမည် မဟုတ်ပေ။
ပုံမှန်အားဖြင့် ကျင့်စဉ်လောကတွင် အစွမ်းထက်သော ပုဂ္ဂိုလ်များသည် ထိပ်တိုက် ပဋိပက္ခများကို မလွဲမရှောင်သာမှသာ ရင်ဆိုင်တတ်ကြသည်။
သူတို့သည် လူတစ်ဦးကိုသာ ရှာဖွေနေခြင်း ဖြစ်၏။ ထိုနှစ်ဦး အနေနှင့် ရိုးရှင်းစွာ ပူးပေါင်းဆောင်ရွက်နိုင်သည်။ သို့သော် သူတို့၏ ငြင်းဆန်နေပုံအရ ယွမ်ရှန်ရှန်သည် သူတို့နှင့် ဆက်နွှယ်မှု အချို့ရှိပြီး သူတို့က သူမကို ကာကွယ်ပေးနေကြောင်း ညွှန်ပြနေသည်။
ထိုအချိန်တွင် ယုလျှံစီ၏ လက်ထဲ၌ မည်သည့်နေရာမှ ပေါ်လာမှန်း မသိသော ယပ်တောင်တစ်ချောင်း ရောက်လာသည်။ သူ၏ ယပ်တောင်ကို ခါလိုက်သည်နှင့် မရေမတွက်နိုင်သော ဓားစွမ်းအား စီးကြောင်းများ စုဟန်ယန်နှင့် လုချန်းထံသို့ ပျံသန်းသွားသည်။
တိုက်ခိုက်နေစဉ်တွင် သူ၏ ညီငယ်တပည့်
ချန်ထျန်းကျုံးထံသို့ စိတ်ဖြင့် ဆက်သွယ် စကား ပြောလိုက်သည်။
“ညီလေးချန်။ ယွမ်ရှန်ရှန် ဘယ်မှာရှိလဲဆိုတာ ဆွမ်ဧကရာဇ် သိဖို့များတယ်။ ငါ ဒီမိန်းမကို ထိန်းထားပေးမယ်။ မင်းက ဆွမ်ဧကရာဇ်ကို ဖမ်းပြီး သူ့ဆီက သတင်းအချက်အလက်ကို အတင်းအကျပ် ထုတ်ယူလိုက်။”
စုဟန်ယန်ကို အနိုင်ယူနိုင် မနိုင် မသိသောကြောင့် ဖြစ်နိုင်ခြေ နှစ်ခုလုံးအတွက် ယုလျှံစီ ပြင်ဆင်ထားသည်။
အကယ်၍ ထိုအမျိုးသမီးသည် သူနှင့် တိုက်ပွဲတွင် နစ်မြောနေပါက သူမ ဆွမ်ဧကရာဇ်ကို မကာကွယ်နိုင်တော့ပေ။ ထိုအခါ သူ၏ တပည့်များတွင် တိုက်ခိုက်ရန် အခွင့်အရေး ရရှိမည် ဖြစ်သည်။
ချန်ထျန်းကျုံးသည်လည်း ယင်ယန်အဆင့် နဝမအလွှာ၏ အင်အားကို ပိုင်ဆိုင်ထားသည်။ ဆွမ်ဧကရာဇ်ကို ဖြေရှင်းဖို့က သု့အတွက် အခက်အခဲ ရှိမည် မဟုတ်ပေ။
ဆွမ်ဧကရာဇ်သည် အဆင့်မြင့် ကျင့်စဉ် ကမ္ဘာတစ်ခုမှ လာခဲ့လျှင်ပင် ဤနိမ့်ကျသော နေရာတစ်ခုတွင် ကြာရှည်စွာ နေထိုင်ခဲ့ရသည်။ ထို့ကြောင့် သူ၏ အင်အားလည်း ကျဆင်းသွားနိုင်၏။
ယုလျှံစီ၏ သတင်းပို့ချက်ကို ကြားသောအခါ ချန်ထျန်းကျုံးက
“နားလည်ပါပြီ အစ်ကိုကြီးယု”
ဟု စိတ်ဖြင့် ပြန်လည် ဖြေကြားလိုက်သည်။
ထို့နောက် ချန်ထျန်းကျုံး ဆွမ်ဧကရာဇ်ကို အသေအချာ စစ်ဆေးကြည့်ရှုလိုက်သည်။ သူ၏ အငွေ့အသက်အရ ဆွမ်ဧကရာဇ်သည် ယင်ယန်အဆင့် ပထမအလွှာတွင်သာ ရှိနေနိုင်ဖွယ် ရှိသည်။
ယင်ယန်အဆင့် နဝမအလွှာမှ ကျင့်ကြံသူတစ်ဦးက ပထမအလွှာမှ တစ်ဦးကို ဖြေရှင်းရာတွင် ပြဿနာတစ်ခု မဖြစ်သင့်ပေ။
သို့သော် သူတို့ ထျန်းချန်ကမ္ဘာသို့ ကနဦး ဝင်ရောက်ခဲ့စဉ်က အခြေအနေကို သူ ပြန်စဉ်းစားမိသည်။ ထိုကျင့်ကြံသူများက ဆွမ်ဧကရာဇ်တွင် ဥပဒေ နိယာမ အလုံးစုံအဆင့် နတ်ဆိုးကျင့်ကြံသူတစ်ဦးကို ရင်ဆိုင်နိုင်သော အင်အား ပိုင်ဆိုင်ထားကြောင်း အခိုင်အမာ ပြောဆိုခဲ့ကြသည်။
ဤအချက်ကို သူ နားမလည်နိုင်ခဲ့ပေ။
ထိုသူများက သူတို့ကို လှည့်စားခဲ့ခြင်းလား။
ဟုတ်လောက်သည်။
ထိုသူများသည် သူတို့ကို လှည့်စားရန် ဆွမ်ဧကရာဇ် စီစဉ်ထားသူများ ဖြစ်နိုင်သည်။ ၎င်းတို့ ထျန်းချန်ကမ္ဘာသို့ မဝင်ရောက်ရဲစေဖို့ ခြောက်လှန့်ရန် ရည်ရွယ်ခြင်း ဖြစ်နိုင်မည်။
ဤအတွေးနှင့်အတူ ချန်ထျန်းကျုံး နတ်လှေပေါ်မှ ခုန်ဆင်းလိုက်သည်။
သို့သော် သူ လုချန်းထံသို့ ချက်ချင်း ပြေးမသွားခဲ့ပေ။ နတ်လှေ၏ ဘေးတွင်နေ၍ အချိန်ကောင်းကို စောင့်ဆိုင်းနေခဲ့သည်။
ယုလျှံစီက ဥပဒေ နိယာမ အလုံးစုံအဆင့် အမျိုးသမီးကို ဆွဲထုတ်သွားသည်နှင့် တစ်ပြိုင်နက် သူ အရေးယူ လှုပ်ရှားမည် ဖြစ်သည်။
ထိုအချိန်တွင် စုဟန်ယန်သည် သူမထံ တည့်တည့်လာနေသော မရေမတွက်နိုင်သည့် ဓားစွမ်းအား အစီးကြောင်းများကို မြင်တွေ့လိုက်ရသဖြင့် သူမ၏ စိတ်ဝိညာဉ်ဓားကို ချက်ချင်း ဆွဲထုတ်လိုက်၏။ ထို့နောက် သူမ၏ လက်ညှိုးလက်ခလယ် နှစ်ချောင်းပူးလျက် ဝင်လာသော ဓားစွမ်းအားများကို ရင်ဆိုင်ရန် စိတ်ဝိညာဉ်ဓားကို ညွှန်ကြားလိုက်သည်။
ဓားစွမ်းအားများကို တားဆီးပြီးနောက် လက်ဟန်တစ်ခု ပြုလုပ်ကာ သူမ၏ စိတ်ဝိညာဉ် စွမ်းအားကို လည်ပတ်စေလိုက်သည်။ နောက်တစ်ခဏတွင် မရေမတွက်နိုင်သော ဓားစွမ်းအားများ ကောင်းကင်ယံ၌ ပေါ်ထွက်လာသည်။
ထျန်းချန်ကမ္ဘာသည် နိမ့်ကျသော ကမ္ဘာတစ်ခုသာ ဖြစ်သည်။ ဥပဒေ နိယာမ အလုံးစုံအဆင့် ပုဂ္ဂိုလ်တစ်ဦး နိမ့်ကျသော ကမ္ဘာတစ်ခုတွင် လှုပ်ရှားခြင်းက ကမ္ဘာကို သက်ရောက်မှု ရှိသွားနိုင်၏။ ထို့ကြောင့် စုဟန်ယန်လည်း ယုလျှံစီကို အစွမ်းကုန် တိုက်ခိုက်ခြင်း မပြုဝံ့ခဲ့ပေ။
နှစ်ဖက်စလုံး၏ တိုက်ခိုက်မှုများသည် ပြိုင်ဘက်၏ အင်အားအစစ်အမှန်ကို စမ်းသပ်ရန် ဖြစ်သည်။ ထို့ပြင် ကမ္ဘာ၏ ခံနိုင်ရည် အတိုင်းအတာကို တိုင်းတာရန်အတွက်လည်း ဖြစ်သည်။
စုဟန်ယန်က သူမ၏ အစွမ်းအပြည့် ချက်ချင်း အသုံးမပြုသည်ကို ယုလျှံစီ မြင်လိုက်ပြီး သူက
“ဒါက နိမ့်ကျတဲ့ ကမ္ဘာတစ်ခုဆိုတာ ခင်ဗျား သိသင့်တယ်။ ဥပဒေ နိယာမ အလုံးစုံအဆင့်မှာ ရှိတဲ့ ကျွန်တော်တို့ နှစ်ယောက်လုံးကသာ အစွမ်းအပြည့် ထုတ်သုံးလိုက်ရင် ဒီကမ္ဘာကြီး ပြိုကျသွားနိုင်ခြေ အရမ်းများတယ်။”
“မဆိုင်တဲ့ လူတစ်ယောက်အတွက်နဲ့ ဘာလို့ ဒီလောက်ထိ လုပ်နေရတာလဲ။”
ယုလျှံစီ၏ စကားများကို စုဟန်ယန် လျစ်လျူရှုလိုက်သည်။ နောက်တစ်ခဏတွင် သူမထံ၌ ရပ်တန့်ရန် အစီအစဉ် မရှိသည့်ပုံဖြင့် မရေမတွက်နိုင်သော ဓားပျံများကို ယုလျှံစီထံသို့ ဦးတည်စေလိုက်သည်။
ယုလျှံစီ ရယ်မောလိုက်၏။ တစ်ဖက်လူက တိုက်ခိုက်ရန် အတင်းအကျပ် တောင်းဆိုနေမှတော့ သူ့ကို အပြစ်တင်၍ မရတော့ပေ။
ဒါက နိမ့်ကျသော ကမ္ဘာတစ်ခုသာ ဖြစ်သည်။ ဒီကမ္ဘာ ပျက်စီးသွားလျှင်လည်း သူ ဂရုစိုက်မည် မဟုတ်ပေ။ အကြောင်းမှာ သူတို့သည် ထျန်းချန်ကမ္ဘာမှ မဟုတ်သောကြောင့် ဖြစ်သည်။
အရေးကြီးဆုံးအချက်က သူတို့ နတ်လှေပေါ်တွင် ရပ်နေခြင်း ဖြစ်၏။ အကယ်၍ အာကာသ အမှန်တကယ် ကွဲအက်သွားပါကသူ၏ နတ်လှေကို ထိန်းချုပ်၍ ထွက်ခွာသွားရုံသာ ဖြစ်သည်။
နတ်လှေသည် အာကာသ ပြိုကျမှုကို အတိုင်းအတာတစ်ခုအထိ ခုခံနိုင်စွမ်း ရှိ၏။ အာကာသ ပြိုကျသွားလျှင်ပင် နတ်လှေအတွင်းရှိ သူများကို သက်ရောက်မှု ရှိမည် မဟုတ်ပေ။
ယုလျှံစီသည် သူ၏ စိတ်ဝိညာဉ် စွမ်းအားအားလုံးကို စုစည်းလျက် သူ၏ ယပ်တောင်ကို ပစ်လိုက်သည်။ နောက်တစ်ခဏတွင် ပတ်ဝန်းကျင်ရှိ စိတ်ဝိညာဉ် စွမ်းအင်များသည်လည်း သူ၏ထံသို့ အရူးအမူး စီးဝင်လာသည်။
ထို့နောက် ယုလျှံစီ တစ်ချက် ဟိန်းဟောက်လိုက်သည်။
“လေပွေမုန်တိုင်း”
ချက်ချင်းပင် လေဆင်နှာမောင်းများ စုဟန်ယန်ထံသို့ တိုးဝင်သွားသည်။ ၎င်းတို့အတွင်း၌ မရေမတွက်နိုင်သော ဓားစွမ်းအားများ ဝေ့ဝဲနေပြီး ဖမ်းမိသမျှ အရာအားလုံးကို ချက်ချင်း အမှုန့်အဖြစ် ပြောင်းလဲပစ် နေသည်။
ယုလျှံစီက လေပွေမုန်တိုင်းကို အသက်သွင်းလိုက်သည့်အခိုက်တွင် ထျန်းချန်ကမ္ဘာသည် အမှန်တကယ်ပင် ပုံမှန်မဟုတ်သော လက္ခဏာများ ပြသလာသည်။ ကမ္ဘာ ပတ်လည်ရှိ အာကာသ စတင် ကွဲအက်လာသည်။ ထျန်းချန်ကမ္ဘာတစ်ခုလုံး အစိတ်စိတ်အမြွှာမြွှာ ကွဲထွက်သွားသကဲ့သို့ ဖြစ်နေသည်။
ထိုအချိန်တွင် ယုလျှံစီဘက်မှ ရပ်တည်ခဲ့သော ကျင့်ကြံသူများလည်း ထိုအာကာသ အက်ကွဲကြောင်းများထဲသို့ စုပ်ယူခံလိုက်ရသည်။ ၎င်းတို့၏ ကံကြမ္မာကို မသိနိုင်တော့ပေ။
ဤမြင်ကွင်းကို မြင်သောအခါ စုဟန်ယန်၏ မျက်ခုံးများ အနည်းငယ် တွန့်သွားသည်။ ထို့နောက် ပတ်ဝန်းကျင်ရှိ စိတ်ဝိညာဉ် စွမ်းအင်များကို လျင်မြန်စွာ စတင် စုပ်ယူလိုက်၏။ နောက်တစ်ခဏတွင် ကောင်းကင်ယံ၌ ကြီးမားလှသော အလင်းတန်းဓားကြီးတစ်လက် ပေါ်ထွက်လာသည်။
ကောင်းကင်ခွင်း ဓားချက်....
ဧရာမ ဓားကြီးသည် လေဆင်နှာမောင်းနှင့် တိုက်မိသွားသည်။ စွမ်းအင်လှိုင်းများ ပတ်ပတ်လည်သို့ ပျံ့နှံ့သွားပြီး အနီးအနားရှိ လူများကို ချက်ချင်း လွင့်စင်သွားစေသည်။
ထိုအခိုက်တွင် စုဟန်ယန်၏ ခန္ဓာကိုယ်သည် ထိုနေရာမှ ချက်ချင်း ပျောက်ကွယ်သွားသည်။
လှည့်စားမြူခိုး အရိပ်.....
ခရမ်းရောင် မြူတိမ်တိုက်တစ်ခုက ယုလျှံစီနှင့် ၎င်းတို့၏ နတ်လှေကို ချက်ချင်း ဖုံးလွှမ်းသွားသည်။ ဆွမ်ဧကရာဇ်က ငြိမ်သက်စွာ ရပ်နေစဉ် စုဟန်ယန်က သူတို့ကို ဦးဆောင် တိုက်ခိုက်နေသည်ကို ချန်ထျန်းကျုံး မြင်လိုက်ရသည်။ ထိုအခါ သူ၏ အခွင့်အရေး ရောက်လာပြီဟု သဘောပေါက်လိုက်ပြီး လုချန်းထံသို့ ချက်ချင်း တိုးဝင်သွားသည်။
ခရမ်းရောင် မြူခိုးအတွင်းမှ ယုလျှံစီလည်း စုဟန်ယန်၏ တည်နေရာကို အာရုံခံကြည််လိုက်သည်။ မြူခိုးတွင်း နေရာတိုင်း၌ စုဟန်ယန်၏ တည်ရှိမှုများဖြင့် ပြည့်နှက်နေပုံရသည်။ နေရာတစ်ခုချင်းစီတွင် တည်ငြိမ်သော စိတ်ဝိညာဉ် စွမ်းအား လှိုင်းများ ရှိနေသည်ကို သူ တွေ့ရှိရသည်။
ထိုနေရာများထဲမှ မည်သည့်နေရာတွင်မှ စုဟန်ယန် မရှိသကဲ့သို့ ဖြစ်နေသည်။ တချိန်တည်းမှာပင် သူမ နေရာတိုင်းတွင် ရှိနေနိုင်ဟု ထင်မှတ်ရစေကာ သူမ၏ တိကျသော တည်နေရာကို ခြေရာခံရန် ခက်ခဲစေသည်။
ယုလျှံစီ ရယ်မောလိုက်ပြီး
“လှည့်စားမှု သက်သက်ပဲ”
နောက်တစ်ခဏတွင် မြူခိုးများကို ဖယ်ရှားရန် ယုလျှံစီသည် ကျင့်စဉ်တစ်ခုကို ပြင်ဆင်ရင်း သူ၏ ယပ်တောင်ကို ပြန်သိမ်းလိုက်သည်။
ထိုစဉ် ချန်ထျန်းကျုံး လုချန်းရှိရာသို့ ရောက်ရှိသွားခဲ့သည်။ အခြေအနေကို စုဟန်ယန် သတိပြုမိသော်လည်း ယင်ယန်အဆင့် ကျင့်ကြံသူတစ်ဦးတည်းကသာ လုချန်းကို ဒုက္ခပေးရန် ကြံစည်နေသည်ကို မြင်သောအခါ သူမ များစွာ အာရုံမစိုက်ခဲ့ပေ။
ယင်ယန်အဆင့် ကျင့်ကြံသူတစ်ဦးတည်းနှင့် လုချန်းကို ဒုက္ခပေးခြင်းသည် သေလမ်းရှာခြင်းနှင့် တူညီသည်။
ချန်ထျန်းကျုံးက လုချန်းထံ ချဉ်းကပ်သွားပြီးနောက် ပြုံးလျက်
“ဆွမ်ဧကရာဇ်။ ခင်ဗျား အခု ယွမ်ရှန်ရှန်ရဲ့ တည်နေရာကို ကျွန်တော်တို့ကို ပြောပြရင် ကျွန်တော် ခင်ဗျားကို လွှတ်ပေးကောင်း လွှတ်ပေးနိုင်တယ်။ ဒါပေမဲ့ ခင်ဗျား ဆက်ပြီး ခေါင်းမာနေဦးမယ်ဆိုရင်တော့ ကျွန်တော့်ကို အပြစ်မတင်နဲ့။”
“အခု ခင်ဗျားကို ဘယ်သူမှ မကယ်နိုင်တော့ဘူး။”
လုချန်းက ခပ်ဖျော့ဖျော့သာ ပြုံးလိုက်ပြီး
“ခင်ဗျား ယွမ်ရှန်ရှန်ကို တွေ့ချင်တာလား”
“ အဲ့ဒါက မဖြစ်နိုင်တာတော့ မဟုတ်ဘူး။”
“ကျွန်တော် ခင်ဗျားကို သူ့ဆီ အခုပဲ ခေါ်သွားပေးမယ်။”
ထိုသို့ ကြားသောအခါ ချန်ထျန်းကျုံး တွန့်ဆုတ်သွား၏။ လုချန်းက ယွမ်ရှန်ရှန်ကို မသိဟု ယခုလေးတင် အခိုင်အမာ ပြောခဲ့သည်။ ထို့နောက် ဤမျှ လွယ်ကူစွာ သဘောတူလိမ့်မည်ဟု သူ မျှော်လင့်မထားခဲ့ပါ။
ချန်ထျန်းကျုံး သတိကြီးစွာ ထားလိုက်၏။ ဒါက အလွန် ရိုးရှင်းလွန်း နေသည်။ ဆွမ်ဧကရာဇ် တစ်စုံတစ်ခုကို ကြံစည်နေသည်ဟု သူ သံသယဝင်မိသည်။
ချန်ထျန်းကျုံး မည်သို့ တွေးနေသည်ကို
လုချန်းက ဂရုမစိုက်ပဲ သူ၏ စိတ်ဝိညာဉ်ဓားဖြင့် နဂါးနက်မြို့တော် နန်းတွင်းဆီသို့ ပျံသန်းသွားသည်။
လုချန်း ပျံသန်းထွက်သွားသည်ကို မြင်သောအခါ သူ ထွက်ပြေးရန် ကြိုးစားနေသည်ဟု ချန်ထျန်းကျုံး ထင်လိုက်သည်။ ထို့ကြောင့် သူ့နောက်မှ လျင်မြန်စွာ လိုက်ပါသွားသည်။
ထွက်ပြေးဖို့ ကြိုးစားနေတာလား။
ထို့နောက် လုချန်းကို တိုက်ခိုက်ရန် ဓားစွမ်းအားများ ထုတ်လွှတ်လိုက်သည်။ သို့သော် လုချန်းက ၎င်းတို့ကို အလွယ်တကူ ရှောင်တိမ်းနိုင်ခဲ့သည်။ သူသည် တစ်ခဏတွင် ဒီနေရာ၊ နောက်တစ်ခဏတွင် အခြားနေရာ၌ ပေါ်လာလိုက် ပျောက်သွားလိုက် လုပ်နေသဖြင့် ချန်ထျန်းကျုံး သူ့ကို လုံးဝ ထိမှန်အောင် မလုပ်နိုင်ခဲ့ပေ။
ထိုအရာကို မြင်သောအခါ ချန်ထျန်းကျုံး၏ စိတ်ထဲတွင် မကောင်းသော ခံစားချက်တစ်ခု ဖြစ်လာ၏။ ဆွမ်ဧကရာဇ်သည် ယင်ယန်အဆင့် ပထမအလွှာတွင်သာ ရှိသည်။
ဆွမ်ဧကရာဇ်က ဘယ်လိုလုပ် သူ၏ တိုက်ခိုက်မှုများကို ဤမျှ လွယ်ကူစွာ ရှောင်တိမ်းနေနိုင်သနည်း။
ထို့ပြင် သူ၏ လှုပ်ရှားမှုများသည် အာကာသကို ဖြတ်သန်းသွားလာနေသကဲ့သို့ ဖြစ်နေသည်။
ဒါက အာကာသ လမ်းစဉ်တစ်ခု ဖြစ်နိုင်လား။
မဖြစ်နိုင်ပါ။
ယင်ယန်အဆင့် ကျင့်ကြံသူတစ်ဦးက အာကာသ လမ်းစဉ်ကို မည်သို့ နားလည်နိုင်မည်နည်း။
ဒါဆို ဒါက အထူး ကျင့်စဉ်တစ်ခုခု ဖြစ်ရမည်။
မည်သို့ပင်ဖြစ်စေ ဤလူကို လွတ်မြောက်ခွင့် မပြုနိုင်ပါ။ ထို့ကြောင့် ချန်ထျန်းကျုံး ဆက်လက် လိုက်ပါသွားသည်။
မကြာမီပင် လုချန်း နဂါးနက်မြို့တော် နန်းတွင်းထဲ၌ ပေါ်လာသည်။ လုချန်းက အဆောင်တစ်ခုအတွင်းသို့ ဆင်းသက်ကာ ဆက်လက် ထွက်မပြေးတော့သည်ကို မြင်သောအခါ ချန်ထျန်းကျုံးလည်း အလျင်အမြန် ဆင်းသက်လိုက်သည်။
“ဘာလို့ ဆက်မပြေးတော့တာလဲ။”
လုချန်းက
“ပြေးတယ် ဟုတ်လား။ ကျွန်တော် ခင်ဗျားကို ယွမ်ရှန်ရှန်နဲ့ တွေ့ဖို့ ခေါ်လာမယ်လို့ ပြောခဲ့တယ်လေ။ ပြောတဲ့အတိုင်း ကျွန်တော် ကတိတည်ပါတယ်။ ခင်ဗျားက ကျွန်တော် တကယ်ပဲ ပြေးချင်တယ်လို့ ထင်နေတာလား။”
ဆွမ်ဧကရာဇ်က သူ့ကို ယွမ်ရှန်ရှန်နှင့် အမှန်တကယ် တွေ့ဆုံခွင့် ပြုလိမ့်မည်ဟု ချန်ထျန်းကျုံး မယုံကြည်နိုင်ပဲ သံသယဝင်နေဆဲ ဖြစ်သည်။
ထိုစဉ် အေးစက်သော အမျိုးသမီး အသံတစ်သံ အိပ်ဆောင်အတွင်းမှ ထွက်ပေါ်လာသည်။
“ မောင်လေးချန်။ မတွေ့ရတာ ကြာပြီ။”
ထိုအသံကို ကြားသောအခါ ချန်ထျန်းကျုံး အလွန် တုန်လှုပ်သွားသည်။
ဒါက...
ထိုအသံသည် သူ့အတွက် ရင်းနှီးလွန်း၏။ မည်သို့ပင် ဆိုစေ သူသည်လည်း လျှို့ဝှက်လဝန်းနန်းတော်၏ အတွင်းစည်းတပည့်တစ်ဦး ဖြစ်သည်။ သူသည် ယွမ်ရှန်ရှန်နှင့်အတူ တာဝန်များတွင် မကြာခဏ လိုက်ပါလေ့ရှိသူ ဖြစ်သည်။