သက်ဆိုင်ခြင်း မရှိတော့ပြီ
Vol. 68 Ch. 1017
အိပ်ဆောင်အတွင်းမှ အသံ ပဲ့တင်ထွက်ပြီး မကြာမီတွင် ရင်းနှီးသော ပုံရိပ်တစ်ခု အတွင်းမှ ဖြည်းညင်းစွာ ထွက်ပေါ်လာသည်။
ထိုသူ ယွမ်ရှန်ရှန် ဖြစ်သည်ကို မြင်သောအခါချန်ထျန်းကျုံး နောက်တစ်ကြိမ် ထပ်မံ မှင်သက်သွားသည်။
သူ မမျှော်လင့်ထားခဲ့ပါ။
ထိုသူမှာ အမှန်တကယ် ယွမ်ရှန်ရှန် ဖြစ်နေခဲ့သည်။
ဆွမ်ဧကရာဇ်က သူ့ကို ယွမ်ရှန်ရှန်နှင့် တွေ့ဆုံရန် အမှန်တကယ် ခေါ်ဆောင်လာခဲ့ခြင်းလား။
လုချန်း ထိုသို့လုပ်ရခြင်းက ဘာကို ဆိုလိုသည်ကို ချန်ထျန်းကျုံး ဇဝေဇဝါ ဖြစ်နေသည်။ ထိုစဉ် ယွမ်ရှန်ရှန်၏ အငွေ့အသက်က သူ၏ အငွေ့အသက်ထက် ပိုမို အားကောင်းနေပုံရသည်ကို သူ မကြာမီ သဘောပေါက်လိုက်သည်။ သူမ၏ ဖိအားပေးသော အငွေ့အသက်သည် ယင်ယန်အဆင့်မျှသာ ဖြစ်သည်။ သို့သော် သူမ၏ ဟန်ပန်မှာ အနည်းဆုံး ဥပဒေ နိယာမ အလုံးစုံအဆင့်သို့ ရောက်ရှိနေခဲ့သည်။
ဖြစ်နိုင်သည်မှာ...
ဆွမ်ဧကရာဇ်က သူအား ၎င်း၏ ပြိုင်ဘက် မဟုတ်သည်ကို သိနေသည်။ ထို့ကြောင့် ယွမ်ရှန်ရှန်က သူ့ကို အဆုံးသတ်စေရန် ဤနေရာသို့ ခေါ်ဆောင်လာခဲ့ခြင်း ဖြစ်နိုင်လား။
ချန်ထျန်းကျုံး ထိုသို့ တွေးလိုက်သည့် အခိုက်တွင် လုချန်းက ယွမ်ရှန်ရှန်အား
“ဆရာမ။ ဒီလူက ခင်ဗျားနဲ့ ပတ်သက်မှု နည်းနည်းရှိနေတာ တွေ့လို့ ကျွန်တော် သူ့ကို ခေါ်လာခဲ့တာ။”
ချန်ထျန်းကျုံး သူရှေ့တွင် ပေါ်လာခဲ့စဉ်က သူ၏ အချက်အလက်များမှတစ်ဆင့် သူသည် တစ်ချိန်က ယွမ်ရှန်ရှန်အပေါ် သစ္စာရှိသော တပည့်တစ်ဦး ဖြစ်ခဲ့ကြောင်း လုချန်း သိခဲ့သည်။
ထို့ကြောင့် သူ့ကို ချက်ချင်း တိုက်ခိုက်မည့်အစား နန်းတော်သို့ ခေါ်ဆောင်လာခဲ့သည်။ ယွမ်ရှန်ရှန်က သူ့ကို မည်သို့ ဖြေရှင်းရန် စီစဉ်ထားသည်ကို သူ ကြည့်ရှုလိုခြင်း ဖြစ်သည်။
ထိုအခိုက်တွင် ချန်ထျန်းကျုံးက
“အစ်မကြီးယွမ်။ လုယန်ဟွာက အခု လျှို့ဝှက်လဝန်းနန်းတော်ကို နှစ်တစ်ထောင်အတွင်း ခင်ဗျားကို လက်လွှဲပေးဖို့ အတင်းအကျပ် ဖိအားပေးနေတယ်။ ခင်ဗျား ပြန်မလာဘူးဆိုရင် လျှို့ဝှက်လဝန်းနန်းတော် လုယန်ဟွာ လက်ချက်နဲ့ ပျက်စီးသွားနိုင်တယ်။”
“လျှို့ဝှက်လဝန်းနန်းတော်အတွက်ရော ခင်ဗျားကိုယ်တိုင်အတွက်ပါ ကျွန်တော်တို့နဲ့အတူ ပြန်လိုက်ခဲ့ပါ။”
ယွမ်ရှန်ရှန်က
“ငါ ပြန်မလိုက်ဘူးဆိုရင် ဘာလုပ်ဖို့ စီစဉ်ထားလဲ”
ဟု အေးစက်စွာ တုံ့ပြန်လိုက်သည်။
ချန်ထျန်းကျုံးက အသက်ကို ပြင်းပြင်း ရှူလိုက်ပြီး
“အစ်မကြီးသာ ပြန်မလိုက်ဘူးဆိုရင်တော့ ခင်ဗျားရဲ့ မောင်လေးကို အရေးယူရတဲ့အတွက် အပြစ်မတင်ပါနဲ့။”
သူ၏ စကားသံဆုံးသည်နှင့် ချန်ထျန်းကျုံး သူ၏ ဓားကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လိုက်သည်။ ထို့အတူ သူ၏ စိတ်ဝိညာဉ် စွမ်းအားများလည်း မြင့်တက်လာသည်။ ယွမ်ရှန်ရှန်၏ အငွေ့အသက်သည် သူ့ထက် ပိုမို အားကောင်းနေသည်။ ထို့ကြောင့် သူ အလွန်အမင်း သတိထားရမည် ဖြစ်သည်။
ချန်ထျန်းကျုံးက သူမကို တိုက်ခိုက်တော့မည်ကို မြင်သောအခါ ယွမ်ရှန်ရှန်လည်း များများစားစား ဆက်ပြောရန် အစီအစဉ် မရှိ တော့ပေ။ သူမကို လျှို့ဝှက်လဝန်းနန်းတော်သို့ ပြန်ခေါ်သွားလိုသူ မည်သူမဆို သူမ၏ ရန်သူ ဖြစ်သည်။ ဤ မောင်ငယ်တပည့်သည် တစ်ချိန်က သူမ ကိုယ်တိုင် နန်းတော်သို့ ထည့်သွင်းခဲ့သူ ဖြစ်သည်။
သို့သော်လည်း သူမ သူ့အပေါ် သနားညှာတာမှု ပြသမည် မဟုတ်ပေ။
နောက်တစ်ခဏတွင် ယွမ်ရှန်ရှန်၏ ခန္ဓာကိုယ်မှ အအေးဓာတ်တစ်ခု ထွက်ပေါ်လာသည်။ ၎င်းက တစ်ဆောင်လုံးကို အေးစက်မှုဖြင့် ချက်ချင်း ဖုံးလွှမ်းသွား၏။ မြေပြင်ပေါ်တွင်လည်း ပါးလွှာသော ရေခဲလွှာတစ်ခု ဖြစ်ပေါ်လာသည်။
ချန်ထျန်းကျုံး မျက်မှောင်ကြုတ်လိုက်ပြီး ဆုတ်ခွာရန် တွေးတောမိသည်။ ယွမ်ရှန်ရှန်၏ ကျင့်စဉ်ကို ချိပ်ပိတ်ထားသည်ဟု သူအစက ထင်ခဲ့သည်။ သူမ၏ အငွေ့အသက် အားကောင်းနေလျှင်ပင် ၎င်းနှင့် ထိုက်တန်သော အင်အားကို ထုတ်ဖော်နိုင်မည် မဟုတ်ဟုလည်း ထင်ခဲ့သည်။
သို့သော် ယခု သူ မှားယွင်းခဲ့ပုံရသည်။ ထိုအခိုက်တွင် နတ်လှေဆီသို့ တိုက်ရိုက်ဆုတ်ခွာရန် ချန်ထျန်းကျုံး တွေးလိုက်သည်။ ထို့နောက်မှ အကူအညီ အချို့ ရှာဖွေခြင်းက ပိုကောင်းမည်ဟု သူ စဉ်းစားလိုက်သည်။
သို့သော် ယွမ်ရှန်ရှန်က သူ့ကို ထိုအခွင့်အရေး မပေးခဲ့ပါ။ တစ်ခဏအတွင်း သူမ၏ ခန္ဓာကိုယ်မှ အေးစက်သော လေထုများ လျင်မြန်စွာ ထွက်ပေါ်လာပြီး ချန်ထျန်းကျုံးကို တိုက်ရိုက် တိုက်ခိုက်လိုက်၏။
ချန်ထျန်းကျုံးလည်း မတတ်သာတော့ပဲ သူ၏ ဓားစွမ်းအားကို ချက်ချင်း လှုံ့ဆော်လိုက်ကာ မရေမတွက်နိုင်သော ဓားစွမ်းအား လမ်းကြောင်းများ သူ၏ စိတ်ဝိညာဉ်ဓားမှ ထုတ်လွှတ်လိုက်သည်။ ထိုအရာက နန်း တော်တစ်ခုလုံးတွင် ပြင်းထန်သော စွမ်းအင်လှိုင်းများကို ဖြစ်ပေါ်စေသည်။
ထိုမြင်ကွင်းကို မြင်သောအခါ ချန်ထျန်းကျုံးကို နန်းတွင်းထဲသို့ ခေါ်ဆောင်လာခဲ့မိသည့်အတွက် လုချန်း ရုတ်တရက် နောင်တရသွားသည်။
တိုက်ပွဲ ဆက်လက် ဖြစ်ပွားနေပါက နန်း တော်၏ နောက်ဘက်ခြမ်း တစ်ခုလုံး ပြန်လည် ပြုပြင်ရန် လိုအပ်နိုင်သည်။ သို့သော် ထိုပဋိပက္ခက ကြာရှည်မခံခဲ့ပေ။
ချန်ထျန်းကျုံးက မီတာအနည်းငယ် နောက်ဆုတ်လိုက်ပြီးနောက်
“အစ်မယွမ်။ အန္တရာယ် ပေါ်ပေါက်လာတဲ့အခါ လူတစ်ယောက်က ရှေ့ကို ထွက်ရပ်ရမယ်လို့ လျှို့ဝှက်လဝန်းနန်းတော်မှာ ကျွန်တော့်ကို သင်ပေးခဲ့တာ ခင်ဗျားပဲ။”
“အခု လျှို့ဝှက်လဝန်းနန်းတော် အကျပ်အတည်းနဲ့ ရင်ဆိုင်နေရချိန်မှာ ခင်ဗျား လုယန်ဟွာကို လက်ထပ်လိုက်ရုံနဲ့ အကျပ်အတည်းက ပြေလည်သွားမှာ။”
“ဒါပေမဲ့ ခင်ဗျားက ဒီအကျပ်အတည်းကနေ လျှို့ဝှက်လဝန်းနန်းတော်ကို ကူညီဖို့ ငြင်းဆန်နေတုန်းပဲ။”
“ခင်ဗျားက တကယ်ပဲ ဒီလောက် တစ်ကိုယ်ကောင်းဆန်ဖို့ ဆုံးဖြတ်ထားတာလား။”
ထိုသို့ ကြားသောအခါ ယွမ်ရှန်ရှန်က အေးစက်စွာ တုံ့ပြန်လိုက်သည်။
“ဆရာမ ငါ့ရဲ့ ကျင့်စဉ်ကို ချိပ်ပိတ်လိုက်တဲ့ အချိန်ကတည်းက ငါဟာ လျှို့ဝှက်လဝန်းနန်းတော်ရဲ့ တပည့်တစ်ယောက် မဟုတ်တော့ဘူး။ လျှို့ဝှက်လဝန်းနန်းတော် ဘာပဲဖြစ်ဖြစ် ငါနဲ့ ဘာမှမဆိုင်တော့ဘူး။”
သူပြောသမျှ အရာအားလုံး အသုံးမဝင်ဟု ချန်ထျန်းကျုံး တွေလိုက်ရပြီးနောက် ဦးစွာ တိုက်ခိုက်ပြီးနောက် ထွက်ပြေးဖို့ အခွင့်အရေး ရှာဖွေရန် ပြင်ဆင်လိုက်သည်။ ထို့နောက် သူ၏ ဓားစွမ်းအားကို နောက်တစ်ကြိမ် လှုံ့ဆော်လိုက်သည်။
ယွမ်ရှန်ရှန်ကို ဖမ်းဆီးခြင်းသည် သူတစ်ယောက်တည်း ကိုင်တွယ်နိုင်သည်ထက် ပိုနေ၏။ အခြားသူများ၏ အကူအညီ လိုအပ်မည်ဖြစ်သည်။
ချန်ထျန်းကျုံး ထိုသို့ တွေးလိုက်သည့် အခိုက်တွင် လုချန်းက
“ဆရာမ။ ဒီလူကို ခင်ဗျားရဲ့ မောင်ငယ်တပည့်အဖြစ် သတ်မှတ်လို့ ရသေးလား။”
ယွမ်ရှန်ရှန်က
“မရဘူး”
ဟု အေးစက်စွာ တုံ့ပြန်လိုက်ပြန်သည်။
လုချန်းက ပြုံးလိုက်ပြီး
“ဒါဆို။ သူက ရန်သူပေါ့”
“သူက ရန်သူ ဖြစ်မှတော့။ ကျွန်တော် သူ့ကို သတ်လိုက်ရင် ဘာပြဿနာမှ မရှိသင့်ဘူး မဟုတ်လား။”
အစက ချန်ထျန်းကျုံးသည် ယွမ်ရှန်ရှန်၏ မောင်ငယ်တပည့် ဖြစ်သည်ဟူသော အချက်ကို သူ ထောက်ထားခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် သူအား တိုက်ခိုက်ခြင်းမှ ရှောင်ကြဉ်ခဲ့၏။
သို့သော် ယခု ယွမ်ရှန်ရှန်က ချန်ထျန်းကျုံးကို ရန်သူအဖြစ် သတ်မှတ်လိုက်ပြီ ဖြစ်သည်။ ထို့ကြောင့် သူလည်း စိတ်သန့်သန့်နဲ့ တိုက်ခိုက်နိုင်ပြီ ဖြစ်သည်။
ယွမ်ရှန်ရှန်က အေးစက်စွာဖြင့်
“ပြဿနာ မရှိဘူး”
ယွမ်ရှန်ရှန်၏ ဆုံးဖြတ်ချက် ခိုင်မာမှုကို မြင်သောအခါ လုချန်းလည်း အချိန် ပိုမဖြုန်းတော့ရန် ဆုံးဖြတ်လိုက်သည်။ အကယ်၍ ချန်ထျန်းကျုံးနှင့် ယွမ်ရှန်ရှန်တို့ ဆက်လက် တိုက်ခိုက်နေပါက သူ၏ နန်းတော် ထိခိုက်သွားမည် ဖြစ်သည်။ ထို့ကြောင့် သူကိုယ်တိုင် ကိုင်တွယ်လိုက်ခြင်းက ပိုကောင်းသည်။
လုချန်းက သူ့ကို သတ်မည်ဟု ပြောသည်ကို ကြားသောအခါ ချန်ထျန်းကျုံးက ကျယ်လောင်စွာ ရယ်မောလိုက်ပြီး
“ခင်ဗျားက ကျုပ်ကို သတ်နိုင်မယ် ထင်နေတာလား။ ရယ်စရာကောင်းလိုက်တာ။”
အကယ်၍ ယွမ်ရှန်ရှန်သာ လှုပ်ရှားခဲ့သူ ဖြစ်ပါက သူ အရေးနိမ့်ပြီး သေဆုံးသွားနိုင်သည်။ သို့သော် ဆွမ်ဧကရာဇ်သည် ယင်ယန်အဆင့် ပထမအလွှာ ကျင့်ကြံသူမျှသာ ဖြစ်၏။ သူက သူ့ကို သတ်မည်ဟု မည်သို့ ပြောနိုင်သနည်း။
ဆွမ်ဧကရာဇ်က ကိုယ့်ကိုယ်ကိုယ်အထင်ကြီးလွန်းသည်။
လုချန်း ချန်ထျန်းကျုံး၏ စကားများကို လျစ်လျူရှုလိုက်သည်။ ထို့နောက် ကြီးမားသော ပုံစံတစ်ခုကို ချက်ချင်း အသက်သွင်းလိုက်၏။ နောက်တစ်ခဏတွင် ကြီးမားသော ပုံစံတစ်ခုသည် နဂါးနက်မြို့တော် အထက် ကောင်းကင်ယံ၌ ပေါ်လာသည်။
ထိုမြင်ကွင်းကို မြင်သောအခါ ချန်ထျန်းကျုံး၏ မျက်နှာအမူအရာသည် သိသိသာသာ ပြောင်းလဲသွားသည်။
ဒါကနည်းဗျူဟာ ပုံစံတစ်ခု ဖြစ်သည်။
နဂါးနက်မြို့တော်တွင် နည်းဗျူဟာ ပုံစံတစ်ခုတကယ်ပင် ရှိနေခဲ့သည်။
သူ မတွန့်ဆုတ်သင့်တော့ပါ။
ပုံစံ၏ ကြောက်မက်ဖွယ် စွမ်းအားကို အာရုံခံမိ၏။ အကယ်၍ သူ ဆက်နေပါက သေချာပေါက် သေဆုံးမည် ဖြစ်သည်။
ချက်ချင်းပင် ချန်ထျန်းကျုံးဘက်မှစ၍ ဦးစွာ တိုက်ခိုက်လိုက်သည်။
မျောလွင့်အလင်းဓား။
တစ်ခဏအတွင်း ဧရာမ အလင်းတန်းဓားကြီးတစ်လက် ချန်ထျန်းကျုံး၏ ဦးခေါင်းအထက်တွင် ပေါ်လာသည်။ အကယ်၍ ထိုဓား ကျလာပါက လုချန်းနှင့် အခြားသူများ လွတ်မြောက်နိုင်ဖွယ် ရှိသော်လည်း နန်း တော်တစ်ခုလုံး ပျက်စီးသွားနိုင်သည်။
ယင်ယန်အဆင့်မှ ကျင့်ကြံသူတစ်ဦး၏ တိုက်ခိုက်မှုသည် နန်းတော်တစ်ခုကို အလွယ်တကူ ဖျက်ဆီးနိုင်သည်။
ထို့ကြောင့် လုချန်း ချန်ထျန်းကျုံးကို အောင်မြင်ခွင့် မပြုနိုင်ပေ။ တွန့်ဆုတ်မှု မရှိပဲ သွေးကြောခုနှစ်ချက် ပုံစံကို တိုက်ရိုက် ထိန်းချုပ်လိုက်သည်။ ထိုအခါ ကောင်းကင်ယံရှိ ပုံစံ ချက်ချင်း ပြောင်းလဲသွားသည်။
ထို့နောက် အနီရောင် အလင်းတန်းတစ်ခု သွေးကြော ခုနစ်ချက် ပုံစံ၏ အလယ်ဗဟိုမှ ထွက်ပေါ်လာသည်။ အန္တရာယ်ကို အာရုံခံမိသောကြောင့် ချန်ထျန်းကျုံး လျင်မြန်စွာ ရှောင်တိမ်းလိုက်သည်။
ချန်ထျန်းကျုံးသည် အစောကတည်းက အန္တရာယ်ကို ကြိုတင် တွက်ဆမိခဲ့ သော်လည်း သွေးကြော ခုနစ်ချက် ပုံစံ၏ တိုက်ခိုက်မှုကို ရှောင်တိမ်းရန် ပျက်ကွက်ခဲ့၏။ ရလဒ် အနေနှင့် ပါးလွှာသော အနီရောင် အလင်းတန်းတစ်ခု ချန်ထျန်းကျုံး၏ ဦးခေါင်းကို တိုက်ရိုက် ထွင်းဖောက်သွားသည်။
ချက်ချင်းဆိုသလိုပင် ချန်ထျန်းကျုံး၏ ခန္ဓာကိုယ်လည်း ဖြည်းညင်းစွာ ပြိုလဲကျသွားသည်။ ချန်ထျန်းကျုံး သေဆုံးသွားသည်နှင့် သူ၏ မျက်ဆံများ ကျုံ့သွား၏။ ဤကဲ့သို့ သူ အမှန်တကယ် သေဆုံးသွားရသည်ကို မယုံနိုင်ခြင်းများဖြင့် သူ၏ မျက်လုံးများ ပြူးကျယ်နေခဲ့သည်။
သွေးကြော ခုနစ်ချက် ပုံစံသည် ကောင်းကင် အစီအရင်တစ်ခု ဖြစ်သည်။ ပုံစံကို ထိန်းချုပ်သူ ပိုအစွမ်းထက်လေလေ ၎င်း ထုတ်လွှတ်နိုင်သော စွမ်းအား ပိုမို ကြီးမားလေ ဖြစ်သည်။
လုချန်း၏ လက်ရှိ အင်အားဖြင့် သွေးကြောခုနစ်ချက် ပုံစံကို အသုံးပြုပါက ယင်ယန်အဆင့် ကျင့်ကြံသူတစ်ဦး ပင်မဟုတ် ဥပဒေ နိယာမ အလုံးစုံအဆင့် ကျင့်ကြံသူတစ်ဦး နဂါးနက်မြို့တော်သို့ မည်သည့် ရတနာပစ္စည်းမှ မပါပဲ ရောက်လာလျှင်ပင် ချက်ချင်း အသတ်ခံရမည် ဖြစ်သည်။
နတ်ဘဝပြောင်းလဲခြင်းနယ်ပယ်မှ ကျင့်ကြံသူတစ်ဦး နဂါးနက်မြို့တော်တွင် ပေါ်လာလျှင်ပင် လုချန်းထံ၌ ပြန်လည်တိုက်ခိုက်နိုင်သည့် စွမ်းအား ရှိနိုင်သည်။
ချန်ထျန်းကျုံး၏ အလောင်းကို မြင်သော်လည်း ယွမ်ရှန်ရှန်၏ မျက်နှာပေါ်တွင် မည်သည့် အမူအရာမှ မပြခဲ့ပေ။ ယခု သူမသည် လျှို့ဝှက်လဝန်းနန်းတော်ကို လုံးဝဆန့်ကျင်လိုက်ပြီ ဖြစ်သည်။ ထို့ကြောင့် ထိုအတိတ်က ဂိုဏ်းတူ မောင်နှမများသည် သူမ၏ ရန်သူများ ဖြစ်ကြသည်။
၎င်းတို့က သူမကို ဖမ်းဆီးလိုပါက သူမဘက်က ရက်စက်စွာ တုံ့ပြန် ချေမှုန်းမည် ဖြစ်သည်။
သူမသည် ထိုစဉ်က လုယန်ဟွာကို လက်မထပ်ခဲ့သလို အနာဂတ်တွင်လည်း သူ့ကို သေချာပေါက် လက်ထပ်မည် မဟုတ်ပေ။
ယခု သူမသည် လုချန်း၏ အမျိုးသမီး ဖြစ်သည်။ လုချန်း၏ ဘေးတွင် တစ်သက်လုံး နေထိုင်ရန် သူမ ဆုံးဖြတ်ထားပြီး ဖြစ်သည်။ သူမ ပြန်သွားစရာ အကြောင်း မရှိတော့ချေ။
ချန်ထျန်းကျုံးကို ဖြေရှင်းပြီးနောက် လုချန်း ယွမ်ရှန်ရှန်၏ ဘေးသို့ ချက်ချင်း ရောက်သွားသည်။ ယွမ်ရှန်ရှန်က အေးစက်စွာဖြင့်
“ရှင် သူ့ကို ဘာလို့ ဒီကို ခေါ်လာခဲ့တာလဲ။”
လုချန်း၏ စွမ်းအားဖြင့် သွေးကြော ခုနစ်ချက် ပုံစံကို အသက်မသွင်းလျှင်ပင် ချန်ထျန်းကျုံးကို အလွယ်တကူ ကိုင်တွယ်နိုင်မည် ဖြစ်သည်။
လုချန်းက ပြုံးလိုက်ပြီး
“သူက ဆရာမရဲ့ မောင်ငယ်တပည့် ဖြစ်နေတော့ ခင်ဗျားကို မပြောပဲ သူ့ကို တိတ်တိတ်လေး သတ်လိုက်ရင် ခင်ဗျားကို စိတ်မကောင်း ဖြစ်သွားမလားလို့ ထင်မိလို့ပါ။”
ယွမ်ရှန်ရှန်က
“လျှို့ဝှက်လဝန်းနန်းတော်နဲ့ ပတ်သက်သမျှ ကျွန်မနဲ့ ဘာမှမဆိုင်တော့ဘူး။ ဒီနေ့ကစပြီး ရှင်သတ်ချင်တဲ့ ဘယ်သူ့ကိုမဆို သတ်နိုင်တယ်။”
လုချန်းက
“ဟုတ်လား။ ဒါဆို ဆရာမရဲ့ ဆရာကိစ္စကရော။”
ထိုမေးခွန်းကို ကြားသောအခါ ယွမ်ရှန်ရှန် တောင့်တင်းသွားပြီး လုချန်းကို ပြန်မဖြေခဲ့ပါ။
ယွမ်ရှန်ရှန်တွင် သူမ၏ ဆရာမအပေါ် အထူး ချစ်ခင်တွယ်တာမှုများ ရှိခဲ့၏။ သူမ၏ ဆရာမသည် သူမကို ငယ်စဉ်ကတည်းက ကျွေးမွေးပြုစုခဲ့သည်။ သူမ ရရှိထားသမျှ အရာအားလုံးသည် သူမ၏ ဆရာမက ပေးအပ်ခဲ့ခြင်း ဖြစ်သည်။
သူမ၏ ဆရာမသာ မရှိပါက သူမဟူသော လူတစ်ယောက် တည်ရှိလာမည် မဟုတ်ဟု ဆိုနိုင်သည်။
သို့သော် သူမ၏ ဆရာမက သူမကို ကျင့်စဉ်မီးဖိုအဖြစ် အခြားအမျိုးသားတစ်ဦးထံ ပို့ဆောင်မည်ဟူသော အကြံအစည်ကတော့ သူမ လုံးဝ လက်ခံနိုင်ခြင်း မရှိသည့် အရာတစ်ခု ဖြစ်သည်။
ယွမ်ရှန်ရှန် စကားမပြောသည်ကို မြင်သောအခါ ယွမ်ရှန်ရှန် ယခုထိ ယွမ်ချင်းရှုကို မည်သို့ ရင်ဆိုင်ရမည်မှန်း မသိ ဖြစ်နေသည်ကို လုချန်း ရိပ်မိလိုက်သည်။