အခန်း (၅၁)
Vol. 6 Ch. 51
စူးယွင်သည် သူမခေါင်းအားနောက်သို့ယိမ်းကာ ဟာတာတာခံစားနေရသည်မှ အကွာအဝေးထားလိုက်၏။
"ကျွန်မ,မကြည့်ချင်ဘူး စိတ်လဲမဝင်စားဘူး"
"တစ်ကယ်လား"
နဉ်ကျင်းသည် သူမခေါင်းအား ထိန်းကိုင်ကာသူ့ရင်ဘတ်ပေါ် တင်ပေးလိုက်၏။
*ဒုတ် ဒုတ် ဒုတ်*
သူ့နှလုံးခုန်နှုန်းမှာ ပြင်းပြင်းထန်ထန်နှင့် စည်းချက်ကျကျ ခုန်နေလေသည်။
နဉ်ကျင်းသည် ခေါင်းငုံ့ကာ သူမမျက်နှာတစ်ဝက်အား သူ့လက်တစ်ဖက်ဖြင့် အုပ်ကိုင်လိုက်၏။
"အဲ့ဒါကပြောတာတော့ မင်းသွားကြည့်ချင်နေတယ်တဲ့"
စူးယွင်သည် မသိစိတ်အရလက်သီးဆုပ်လိုက်မိကာ သူ့အကြည့်အားဖယ်ရှောင်လိုက်၏။
"အပိုတွေပြောနေတယ်"
ကြည်လင်သောရယ်သံနိမ့်နိမ့်မှာ သူမခေါင်းထက်မှထွက်ပေါ်လာလေသည်။
"ဒါဆိုကိုယ့်ကိုပြောပြလေ ဘာကမှအပိုပြောတာမဟုတ်တာလဲလို့"
စူးယွင်သည် သုမနှုတ်ခမ်းအားကိုက်ကာ သူ့အားကြည့်ရန်စိုးထိတ်နေဆဲပင်။
"မှန်းကြည့်လေ"
နဉ်ကျင်းသည် မျက်လုံးများအား မှေးကျဉ်းကာ သူမနှုတ်ခမ်းထက်ရှိ ကိုက်ရာမှတ်လေးပေါ် စူးစိုက်ကြည့်နေလိုက်၏။
"ရှင်...."
ရုတ်ချည်းရီဝေမှုတစ်ခုမှာ သူမထံလွှမ်းခြုံသွားပြီး နောက်ခဏတွင်တော့ စူးယွင်၏ခါးမှာ စားပွဲစွန်းနှင့် ဖိမိသွားသည်။
စူးယွင်မှမေးလိုက်၏။
"ရှင်ဘာလုပ်နေတာလဲ"
နဉ်ကျင်းသည်ပြန်မဖြေခဲ့ပေ။သူ့ခေါင်းမှာ သူမခေါင်းနားငုံ့ကိုင်းလာပြီး သူ၏နှုတ်ခမ်းလွှာများမှာ သူမနှုတ်ခမ်းအစုံထက်ဖုံးအုပ်သွားလေ၏။
သူမနှုတ်ခမ်းထက်ရှိ မရင်းနှီးသောနွေးထွေးမှုမှာ စူးယွင်အားခဏတာထုံထိုင်းသွားစေသည်။သူမသည် မျက်လုံးပြူးလေးဖြင့်စိုက်ကြည့်ကာ ဘာလုပ်ရမည်ကိုပင်မသိတော့ချေ။
နဉ်ကျင်းသည် သူ၏လက်အားသူမကျောထက်တင်ကာ အားဖွဖွဖြင့် သူမခါးအားအသာပင့်မလိုက်သည်။သူ၏လက်သည် သူမကျောရိုးတစ်လျှောက်ဆင်းသွားပြီး သူမခါးနှင့် ခုံအစွန်းကြားတွင်ထားလိုက်၏။
သူ၏ကျန်လက်တစ်ဖက်မှာ သူမခေါင်းနောက်ဘက်အားအုပ်ကိုင်၍ သူ့နှုတ်ခမ်းပါးများမှာ အသာပွင့်ဟလာပြီး သူမ၏နှုတ်ခမ်းအနားစွန်းများကို ဖြည်းဖြည်းချင်းပုံဖော်ကာ အသာအယာဖိကပ်၍ တယုတယပွတ်တိုက်လိုက်သည်။
သူ၏အနမ်းမှာ သူ့လိုပင်ညင်သာ၍ဂရုတစိုက်ရှိလှရာ စူးယွင်အား မည်သည့်အမှားမှရှာမတွေ့အောင် ချန်ထားရစ်ခဲ့၏။
နဉ်ကျင်း၏မျက်လုံးအစုံမှာ သူမပေါ်စူးစိုက်ထားပြီး သူမမှမကျေနပ်သည့်လက္ခဏာမပြသည်ကို တွေ့လိုက်ရာ ဖြည်းညှင်းစွာပင် ပြင်းပြမှုအားတိုးလိုက်သည်။သူသည်သူမနှုတ်ခမ်းအနားစွန်းများကို လွှတ်ပေးကာ သူ့လျှာအားထုတ်၍ သူမနှုတ်ခမ်းပုံစံအရ အပေါ်မှအောက် ဘယ်မှညာ မည်သည့်နေရာမှမကျန်စေဘဲ ခြေရာကောက်နေတော့၏။
နောက်ဆုံးတွင်တော့ သူမနှုတ်ခမ်းထောင့်တွင် အနမ်းတစ်ပွင့်ချန်ခဲ့လေသည်။
"ဒါကရော ဟန်များနေတာများလား"
သူ၏လေသံမှာဩရှနေပြီး သူ၏တည်ကြည်သောအကြည့်မှာ ယခုအချိန်တွင် အလိုဆန္ဒတစ်ခုအရိပ်အယောင်ကို သယ်ဆောင်ထားလေ၏။
သူမခေါင်းအား အုပ်ကိုင်ထားသည့်လက်ကိုချကာ သူမ၏နီမြန်းနေသော နှုတ်ခမ်းများထက် သူ့လက်ချောင်းများတင်ကာ အသာအယာပွတ်သပ်နေလိုက်သည်။
ရီဝေနေခဲ့သောစူးယွင်မှာ နောက်ဆုံးအာရုံပြန်ရလာလေ၏။သူမသည် သူမနှုတ်ခမ်းအားပွတ်သပ်နေသော လက်အားဆုပ်ကိုင်ကာဖယ်လိုက်သည်။
အေးစက်စွာပင် သူမမှပြောလိုက်၏။
"ဒါကဟန်များတာမဟုတ်တော့ဘူး လူရမ်းကားဆန်တာဖြစ်နေပြီ"
နဉ်ကျင်းသည် နောက်ပြန်ဆုတ်ကာ သူမခါးအားပွေ့ဖက်ထားသည့်လက်သည်လဲ မသိစိတ်အရအားလျှော့လိုက်မိသည်။
သူမမှသူ့အားမငြင်းပယ်ခဲ့၍ သူမလဲဆန္ဒရှိသည်ဟု သူထင်ခဲ့သော်ငြား ယခုတော့....
သူသည်စိုးထိတ်သွားကာ ဘာလုပ်လို့လုပ်ရမည်ကိုပင် မသိတော့ချေ။
သူ၏အပေါ်ယံပြထားသည့် သိမ်မွေ့သောလူမှာ တောင်းပန်၍ အကွာအဝေးထားရန် သူ့အားပြောနေ၏။
သို့သော်အတွင်းစိတ်ထဲရှိလူမှာတော့ နောက်ပြန်မလှည့်ချင်ခဲ့ပေ။
သူသည်ရှုပ်ထွေး၍ကြောက်ရွံ့နေလေ၏။
သူသည် သူမအားသူ၏အစစ်အမှန်ဘက်ခြမ်းကို မသိစေချင်သော်ငြား တစ်ချိန်တည်းမှာပင် သူမကိုလဲလက်မလွှတ်ချင်ခဲ့ပေ။
စူးယွင်သည် သူမအားမရေမရာဟန်ဖြင့်ကြည့်နေသော သူ့အားကြည့်ကာဝေခွဲမရဖြစ်သွားရသည်။
သူဘာဖြစ်နေတာလဲ။
ခုနလေးကတောင် သူအဆင်ပြေနေတာပါ။
ငါပြောလိုက်တာ ကြမ်းများသွားလို့လား။
စူးယွင်သည် သိချင်စိတ်ဖြင့် ခေါင်းမော့ကာ သူ့ထံတစ်ချက်ခိုးကြည့်လိုက်၏။
"ရှင်...."
နဉ်ကျင်းမှာ သူမစကားအားဖြတ်ပြောလာ၏။
"ကိုယ်..."
သူဆက်ပြောမလာသေးသည်ကိုတွေ့လိုက်ရရာ စူးယွင်သည် ပိုအဆင်ပြေသွားသလိုခံစားလိုက်ရ၏။သူမသည် သူ့ကော်လံအားဆွဲကာ သူ့လုပ်ရပ်များအားအတုယူ၍ သူ့ကိုနမ်းရန်မှီချလိုက်သည်။
သူ့စိတ်ထဲရှိစကားများအားထုတ်မပြောနိုင်သေးခင် သူ့နှုတ်ခမ်းထက်ရှိနူးညံ့မှုလေးအားခံစားလိုက်ရ၏။
စူးယွင်သည်မကျွမ်းကျင်၍ သူမသွားဖြင့် သူ့နှုတ်ခမ်းကို ဖွဖွလေးတတိတိကိုက်နေလိုက်သည်။အနမ်းမှာတိုတောင်းလှကာ ခဏလေးမျှသာကြာပြီး နဉ်ကျင်းမှတုံ့ပြန်ရန်ပြင်လိုက်စဉ်တွင် သူမမှာဖယ်ခွာသွားပြီပင်။
"ဒါကရှင့်ကိုပြန်ပေးတာ"
သူမသည်မေးအားပင့်ကာ မျက်ဝန်းများထဲအထင်သေးမှုတစ်စွန်းတစ်စရှိနေပေသိ သေချာကြည့်ပါလျှင် ဖုံးကွယ်ထားသည့်အပြုံးကိုသတိပြုမိပေလိမ့်မည်။
ထိုအခိုက်တွင် နဉ်ကျင်းမှာပြုံးလိုက်ပြီး နှလုံးသားထဲရှိ မဝံ့မရဲဖြစ်မှုတို့သည်လည်း လွင့်စင်သွားတော့သည်။
သူသည်ရှေ့သို့ကိုင်း၍ သူမနှုတ်ခမ်းများအားနမ်းရှိုက်လိုက်၏။
ဤအကြိမ်တွင်တော့ အစောမှ ညင်သာသောအပြုအမူနှင်ကွာခြားသွားပြီပင်။အနမ်းမှာကြမ်းတမ်းလာပြီး သူ့လျှာသည် သူမနှုတ်ခမ်းများကြားတိုးဝင်၍ သူမအားမချင့်မရဲဖြစ်စေခဲ့သည်။
စူးယွင်သည် သူ့အင်္ကျီအားလက်နှစ်ဖက်ဖြင့်ဆုပ်ကိုင်ကာ လွတ်မြောက်စေရန်အလို့ငှာ သူမခေါင်းအားဖယ်ရန်လုပ်လိုက်၏။
"အွန်း.....နဉ်ကျင်း.....ရှင်..."
နဉ်ကျင်း၏လက်မှာ သူမမျက်နှာအားအသာအုပ်ကိုင်၍ သူမနားသန်သီးလေးပေါ် အနမ်းခြွေကာ တီးတိုးဆိုလိုက်သည်။
"မင်းကအရမ်းဆိုးတာပဲ။ကိုယ့်ကိုတောင် ကြောက်သွားအောင်လုပ်လိုက်တယ်"
"ဘာရယ်"
စူးယွင်သည် ပြန်ချေပရန်လုပ်လိုက်၏။
"ရှင်....အွန်း"
"တစ်ခါထပ်နမ်းကြစို့"
သူသည် တိုးဖွဖွလေးဖိအားပေးလာ၏။
"မင်းပါးစပ်ကိုဖွင့်ပေးနော်"
စူးယွင်သည် သူ့ဦးဆောင်မှုနောက်လိုက်ကာ နောက်ခဏမှာပင် သူ၏နူးညံ့သောလျှာထိပ်ဖျားလေးမှ သူမလျှာကိုကျီစယ်တို့ထိလာသည်။သူမသည် အနည်းငယ်မဝံ့မရဲဖြစ်သွားရရာ မသိစိတ်အရ သူမလျှာအားနောက်ပြန်ဆုတ်လိုက်မိ၏။
သူမ၏ကသိကအောက်ဖြစ်မှုကို သတိပြုမိ၍ နဉ်ကျင်းသည်အရှိန်လျှော့ကာ သူမအားခံစားချက်များအတိုင်း ညင်ညင်သာသာလမ်းပြခေါ်သွားလေသည်။
သတိမပြုမိပါဘဲ အချိန်မှာကုန်ဆုံးသွားပုံရပြီး သူတို့နှစ်ဦးသားမှာ အသက်ပြင်းပြင်းရှူလိုက်ကြ၏။
စူးယွင်၏မျက်ဝန်းများမှာ ရီဝေနေပြီး သူမတစ်ကိုယ်လုံးမှာ နဉ်ကျင်းရင်ခွင်တွင်း ပျော့ခွေကာမှီတွယ်နေရသည်။
နဉ်ကျင်းသည် သူတို့လုပ်ရပ်ကြောင့် မသေမသပ်ဖြစ်သွားရသည့် သူမဆံနွယ်များထက် ပွတ်သပ်ပေးကာ စနောက်လာ၏။
"မင်းရဲ့သက်လုံအားအတွက် လေ့ကျင့်ခန်းလုပ်ဖို့တစ်ကယ်လိုနေတာပဲ"
စူးယွင်သည် စိတ်အနှောင့်အယှက်ဖြစ်ဟန်ဖြင့် သူ့လက်မောင်းအားရိုက်ချလိုက်၏။
"ကျွန်မအဆင်ပြေပါတယ်နော်"
"တစ်ကယ်လား"
"ပါးစပ်ပိတ်ထား"
စူးယွင်သည် သူ၏ပွေ့ဖက်မှုတွင်းမှနေ ရုန်းထွက်လိုက်၏။
"ကျွန်မသွားတော့မယ်။ရှင်နဲ့မပက်သက်ချင်တော့ဘူး"
နဉ်ကျင်းသည် သူမလက်ကောက်ဝတ်အား ဆုပ်ကိုင်ကာ
"မင်းဘယ်သွားမှာလဲ"
"ရှင့်ရဲ့ခြံဝန်းထဲက သင်ယူမှုရလဒ်တွေကို စစ်ဆေးမလို့လေ"
"ပြီးရင်ပြန်လာမှာလား"
စူးယွင်သည် သူမလက်အားပြန်ဆွဲကာ သူ့ထံပြုံးပြလိုက်၏။
"မှန်းကြည့်လေ"
သူ့ထံစကားတစ်ခွန်း အကြည့်တစ်ချက်ပင်မပေးဘဲ သူမသည်လှည့်ထွက်သွားတော့၏။
နဉ်ကျင်းသည် ခေါင်းအားယမ်းကာ သူမအခန်းအားသန့်ရှင်းရေးလုပ်ဖို့ အစေခံများကို ညွှန်ကြားလိုက်သည်။
--------
စူးယွင်ထွက်သွားသည်နှင့် တုန့်စန်းသည် အခန်းထဲဝင်လာလေ၏။သူသည်စားပွဲထက်ရှိဒဏ်ရာလိမ်းဆေးကိုကြည့်လိုက်သော်ငြား ဘာမှမပြောခဲ့ပေ။
စူးယွင်ရောက်လာကြောင်း သူကြားသည်နှင့် နဉ်ကျင်းမှာ သူ့ကိုယ်ထက်ရှိ မရင်းနှီးသောသွေးနံ့ကို သူမရိပ်မိသွားမည်အား စိုးထိတ်၍ စားပွဲထက်ရှိဓားလေးအားကောက်ကာ တုံ့ဆိုင်းမနေဘဲ သူ့လက်မောင်းကို လှီးလိုက်လေ၏။
"တစ်ခုခုဖြစ်လို့လား"
သူ့လေသံမှာ အစောမှငြင်သာမှုတို့ရှိမနေတော့ဘဲ အေးစက်လှသည်။
"ဝူရုန်းအရှင်က တွေ့ခွင့်တောင်းနေပါတယ်"
"သူ့ကိုပြန်ပို့လိုက် အချိန်မရှိဘူး"
"ကောင်းပါပြီ သခင်"
စူးယွင်သည်အစေခံနောက်မှနေ အနောက်ဝင်းဆီလိုက်လာခဲ့၏။သူမသည် ရှောင်းယွင်အား အဝေးမှလှမ်းကြည့်လိုက်သည်။သူကောင်းကောင်းလုပ်နေသည်ကိုမြင်လိုက်ရ၍ သူမပြန်ထွက်လာလိုက်၏။
ထို့နောက် အားလပ်ချိန်အနည်းငယ်ရှိသေးပြီး ပျင်းလာ၍ စူးယွင်သည် နဉ်ကျင်းအားရှာရန် စာကြည့်ခန်းဆီလျှောက်လာလိုက်သည်။သို့သော်ငြား ထိုနေရာ၌သူရှိမနေသည်ကိုတွေ့လိုက်ရရာ သူမသည် စာကြည့်ခန်းအားလျှောက်ပတ်ကြည့်ရန်သာလုပ်လိုက်တော့၏။
သူမရှေ့ရှိ စာအုပ်စင်အားကြည့်ရင်း တတိယအထပ်ရှိ အနက်ရောင်စာအုပ်တစ်အုပ်သည် သူမအာရုံအားဆွဲဆောင်လိုက်လေသည်။သူမသည် ဘာစာအုပ်လဲသိရရန်ဆွဲထုတ်လိုက်၏။
နောက်ခဏတွင်ပင် စာအုပ်စင်မှ အသံသဲ့သဲ့ထွက်လာလေသည်။စာအုပ်စင်မှာ ဖြည်းဖြည်းချင်းရွေ့သွားပြီး လျှို့ဝှက်လမ်းကြောင်းတစ်ခုအား ဖော်ထုတ်ပြလာလေ၏။