အခန်း (၅၆)
Vol. 6 Ch. 56
သူမအသံအားကြားသော် စူးယွင်၏မရေမရာအကြည့်မှာ ရုတ်ချည်းရှင်းလင်းသွားလေသည်။
ထိုလူ၏မျက်နှာမှာ နက်ရှိုင်းသောဒဏ်ရာများဖြင့် ဝေခွဲရခက်စေကာ လောင်ကျွမ်းခံထားရသည့်နေရာများတွင်လည်း အသားနှင့်သွေးတို့ပေါ်နေ၏။
စူးယွင်သည်ဤကဲ့သို့မြင်ကွင်းမျိုးကို ဘယ်တုန်းမှမတွေ့ခဲ့ဖူးပေ။သူမသည်နောက်တစ်လှမ်းဆုတ်ကာ အန်ချင်စိတ်ကိုဖိနှိပ်၍ ပြောလိုက်သည်။
"ရှင့်မျက်နှာ....."
သုန်းကွေ့သည် သူမမျက်နှာထက်ရှိမီးလောင်ရာများကိုထိကာ ကိုယ့်ကိုကိုယ့်အပြစ်ဖို့ဟန်ဖြင့်ပြုံး၍
"ရုပ်ဆိုးနေတာမလား"
စူးယွင်သည်ခေါင်းငြိမ့်ပြလိုက်၏။
ဤသည်မှာ ရုပ်ဆိုးသည်ပင်မဟုတ်တော့ဘဲ ကြောက်စရာပင်ကောင်းနေသေးသည်။
စူးယွင်သည် နှုတ်ခမ်းအားကိုက်၍ သူမနှင့်အကြည့်ချင်းမဆုံရဲဘဲရှောင်လွှဲနေကာ
"ရှင်ကဘာလို့ဆေးပေးခန်းဆီမသွားတာလဲ"
သုန်းကွေ့က သူမမျက်နှာကိုပြေးမကုနိုင်ဘဲ အဲ့အစား သူမလမ်းကိုပိတ်ထားဖို့ရွေးချယ်ရလောက်တဲ့ထိ သူမကိုအရမ်းချစ်နေတာလား။
သုန်းကွေ့သည် ရပ်နေရာ၌ခဏတာမျှကြောင်အမ်းသွားရပြီး စူးယွင်၏အကြံကိုနားထောင်ဖို့လုပ်လိုက်စဉ် မှောင်မိုက်သောအခြေအနေများကို ပြန်အမှတ်ရလိုက်၏။
သူမသည် နဉ်ကျင်းမှသူမအားဘာကြောင့်လွှတ်လိုက်ရသည်ဆိုသည့်အကြောင်းပြချက်ကို အကြမ်းဖျင်းခန့်မှန်းနိုင်လေသည်။သူမသာ မျက်နှာအားကုသရန်သွားလိုက်ပါလျှင် သူ့အားသွားဆွမိပေလိမ့်မည်။
သုန်းကွေ့သည် ခါးသက်သက်ပြုံးလိုက်မိ၏။
"မလိုပါဘူး။ပျေက်မှာမှမဟုတ်တော့တာ"
စူးယွင်သည် သူမအကြံအားသဘောတူကာ ခေါင်းထပ်ငြိမ့်လိုက်၏။
ခေတ်သစ်တွင်တောင် ဤအဆင့်ဒဏ်ရာမျိုးမှာ ကုသနိုင်စွမ်းမရှိနိုင်ရာ ရှေးခေတ်တွင်ဆိုလျှင်တော့....
သို့သော်...
စူးယွင်သည် သွေးစို့နေသည့်ဒဏ်ရာများဖြင့် သုန်းကွေ့မျက်နှာကို သတိထားကြည့်လိုက်၏။
သူမသာကုသမှုအနည်းငယ်ခံယူခဲ့ပါလျှင် အနည်းငယ်တော့ ကြည့်ပျော်ရှုပျော်ရှိလာပေလိမ့်မည်။
သုန်းကွေ့မှာအလှကြိုက်သူဖြစ်ကြောင်းသူမအမှတ်ရသေး၏။သူမမှဝမ်ကောဆီပြဿနာလာရှာချိန်တိုင်း တောက်တောက်ပပလက်ဝတ်လက်စားများအမြဲဝတ်လာလေ့ရှိသည်။ယခုသူမပုံစံမှာ အတော်လေးဗရုတ်ကျနေလေ၏။
စူးယွင်သည် သုန်းကွေ့နှင့်ရင်းနှီးသည်ဟု မခံစားရ၍ စကားပေါမနေချင်တော့ပေ။သူမသည် ဒီအတိုင်းသာလှည့်ထွက်သွားတော့၏။
သုန်းကွေ့သည် စူးယွင်ထွက်သွားသည်ကိုကြည့်ကာ သူမမျက်လုံးများထဲရှိ အမုန်းတရားတို့မှာ လုံးဝပေါ်လွင်လာလေသည်။
နောက်ခဏတွင်ပင် သူမသည်နှုတ်ခမ်းအားကိုက်ကာ သူမဒေါသအားဖုံးကွယ်ဖို့ရုန်းကန်နေရ၏။
ထိုသည်မှာ ချုပ်တည်းမှု၊ကူကယ်ရာမဲ့မှု၊သဘောတူညီချက်နှင့်သူမ၏ကံကြမ္မာကို လက်ခံလိုက်ခြင်းပင်။
ဘဝမှာပျက်စီးလွယ်ကာ သေခြင်းတရားသည်ကျယ်ပြန့်လှပြီး လူသားတစ်ဦးစီတိုင်းမှာ သေခြင်းတရားရှေ့မှောက်၌ သေးငယ်သောဖြစ်တည်မှုလေးများပင်။
သူမ၏မလွဲမသွေသေခြင်းတရားဆီ လျှောက်သွားရင်း အထင်လွဲစေရန်၊စောင့်ကြည့်နေရန်နှင့် အလျှော့ပေးရန်မှတစ်ပါးရွေးချယ်စရာမရှိတော့ပေ။
-----------
စူးယွင်သည် ဝမ်ကောဆီပြန်သွားလေ၏။သူမမှထိုင်ပြီးနှစ်မိနစ်ပင်မကြာသေးချိန်တွင် ရှောင်ဟယ်မှ တစ်ခုခုကိုင်ကာ တောက်တောက်ပပပြုံးရင်းဝင်လာလေ၏။သူမမှပြောလာသည်။
"အခုလေးတင် သခင်လေးနဉ်က တစ်ယောက်ယောက်ကိုလွှတ်ပြီး အမှာစာတစ်ခုပို့လာတယ်။မြို့အနောက်ဘက်ဆိုင်က လွတ်သွားပြီတဲ့။အဲ့တော့အခု သူကသခင်မလေး စာချုပ်မှာလက်မှတ်ထိုးလို့ရပြီပြောတယ်"
စူးယွင်သည် ဝမ်းသာလုံးဆို့သွားရသည်။ဤဆိုင်မှာ သူမပန်းတိုင်ဆီ တစ်လှမ်းနီးကပ်သွားစေ၏။
သူမသည်ပြုံး၍ပြန်ဖြေလိုက်သည်။
"ကောင်းပြီလေ"
ရှောင်ဟယ်သည် စာရွက်စာတမ်းအား စူးယွင်ထံကမ်းပေးကာပြောလိုက်၏။
"သခင်လေးနဥ်ရဲ့သူငယ်ချင်းက စာချုပ်ပေါ်လက်မှတ်ထိုးပြီးပါပြီတဲ့။သခင်မလေး ကြည့်,ကြည့်ပါဦး။စာချုပ်မှာ ပြဿနာမရှိရင် နေရာလွတ်ပေါ်လက်မှတ်ထိုးလိုက်ရုံပဲတဲ့"
စူးယွင်သည် စာရွက်စာတမ်းအားယူကာ စာချုပ်ပါအကြောင်းအရာအား သာမန်ကာလျှံကာစစ်ကြည့်လိုက်ပြီးနောက် စုတ်တံအားမှင်ထဲနှစ်ကာ သူမနာမည်အား တုံ့ဆိုင်းမှုမရှိလက်မှတ်ထိုးလိုက်သည်။
သူမသည်ရှောင်ဟယ့်ထံပြန်ပေးကာ ညွှန်ကြားလိုက်၏။
"ပြီးရင် မန်ရှန်နဲ့ကျီယင်းကို ဆိုင်သစ်ဆီသန့်ရှင်းရေးလုပ်ဖို့ နင်နဲ့ခေါ်သွားချေ။ဆိုင်ခွဲကို ဒီအပတ်ထဲဖွင့်နိုင်အောင်လုပ်ကြ"
မန်ရှန်နှင့်ကျီယင်းသည် ကျွန်ဈေးမှသူမဝယ်ယူခဲ့သည့် ကောင်လေးနှစ်ယောက်ပင်။
"နားလည်ပါပြီ"
ရှောင်ဟယ်ထွက်သွားပြီးနောက် စူးယွင်သည်ငွေအားရေတွက်ကြည့်လိုက်ရာ နောက်ထပ်နှစ်ဆိုင် သုံးဆိုင်ထပ်ငှားလိုက်လျှင်ပင် အဆင်ပြေကြောင်းသိလိုက်၏။
ဖက်ရှင်ပြိုင်ပွဲအားအနိုင်ရသည်ကိုကျေးဇူးတင်ရပေမည်။ဝမ်ကော၏ဂုဏ်သတင်းမှာ ထိုးတက်သွားပြီး စီးပွားရေးဝင်ငွေမှာလည်း ယခုယှဉ်ပြိုင်စရာမရှိတော့ပေ။
ဖက်ရှင်ပြိုင်ပွဲအနိုင်ရခြင်း၏ကောင်းကျိုးများမှာ ဝမ်ကောအားပိုမိုချောမွေ့သွားစေကာ ကျန်းနန်မှအရည်အသွေးမြင့်ပိုးထည်အထောက်အပံ့နှင့်ပက်သက်ပြီးလည်း စိုးရိမ်စရာမရှိတော့ချေ။
စူးယွင်သည် လက်တွေ့သမားတစ်ဦးဖြစ်၏။သူမတွင်အကြံတစ်ခုရှိသည်နှင့် ချက်ချင်းပင် ဆိုင်များအားထွက်ရှာတော့သည်။
သူမသည်မြို့အရှေ့ဘက်မှနေ တောင်ဘက်ထိသွားခဲ့ပြီး နေရာကောင်းများအား မမောနိုင်မပန်းနိုင်ရှာခဲ့လေ၏။သူမ၏အားထုတ်မှုများမှာ ရလဒ်ကောင်းခဲ့ပြီး သင့်တော်သည့်နေရာတော်တော်များများကို အောင်အောင်မြင်မြင်ရှာတွေ့ခဲ့လေသည်။တုံ့ဆိုင်းမနေဘဲ သူမသည် ငွေချေကာမြေငှားစာချုပ်ချုပ်ဆိုခဲ့၏။
သူမ၏ဆိုင်အရေအတွက်တိုးလာသည်နှင့် စူးယွင်သည်လည်း ဝန်ထမ်းများအားပိုခန့်ရတော့သည်။သူမသည် ကျွန်ဈေးအားသွားကာ အစေခံအုပ်စုကြီးတစ်ခုအား ဝယ်ယူခဲ့ကာ ချည်ထိုးကျွမ်းကျင်သည့် အုပ်စုတစ်စုအားရှာရန် ပမာဏမြင့်မြင့်တစ်ခုပေးချေခဲ့၏။
အစေခံများမှာ ရှောင်းယွင်၏လမ်းညွှန်မှုအောက်တွင် မည်ကဲ့သို့စီမံအုပ်ချုပ်ရမည်အား သင်ကြားနေစဉ် လုပ်သက်ကြာသောချည်ထိုးသမများမှာ စူးယွင်၏တိုက်ရိုက်သင်ပြမှုအောက်တွင် အလုပ်လုပ်လေသည်။
စူးယွင်သည် သူမကိုယ်ကို သူတို့အားသင်ကြားရာတွင် နစ်မြှပ်ထားကာ ဆရာစားမချန်ပေ။
တစ်လကြာပြီးသော် စူးယွင်သည် သူမဆိုင်များအား ဖွင့်ပွဲကျင်းပရန် ရက်ကောင်းတစ်ရက်ရွေးကာ လမ်းအသီးသီးရှိဆိုင်တစ်ဆိုင်ဆီရှေ့တွင် ဗြောက်အိုးများနေရာချထားလေသည်။
ထိုနေ့တွင် တစ်ဆိုင်စီတိုင်း၏ဝင်ငွေမှာ ထူးထူးခြားခြားအထင်ကြီးစရာပင်။စူးယွင်သည် အပျော်လွန်သွားပြီး ပျော်ရွှင်သောကြောင့် သဘောထားကြီးကြီးဖြင့် လူတိုင်းကိုငွေဒင်္ဂါးများချီးမြှင့်ခဲ့၏။ပင်ပင်ပန်းပန်းလုပ်ကိုင်ခဲ့ကြပြီး၍ သူတို့အားနေ့တစ်ဝက်ခွင့်ပေးကာ အနားယူ၍စိတ်ကျေနပ်စေခဲ့သည်။
----------
စူးယွင်သည် လှုပ်ကုလားထိုင်ပေါ် ပျင်းရိလေးတွဲစွာထိုင်နေပြီး သူမခေါင်းထက်တွင်တော့ နေရောင်မှကာကွယ်ရန်တပ်ထားသည့် နေကာတစ်ခုရှိလေ၏။သူမသည် မျက်လုံးအားမှေးကျဉ်းကာ နဉ်ကျင်း၏ဥယျာဉ်အား နှစ်ခြိုက်နေတော့သည်။
"ဘယ်လိုနေလဲ"
နဉ်ကျင်းသည် သူမဘေးဝင်ထိုင်ကာ မေးထောက်၍ သူမအားမြတ်နိုးသောအကြည့်ဖြင့် စိုက်ကြည့်ရင်းမေးလိုက်၏။
"ရှုခင်းကကောင်းတယ်မလား"
နောက်ဆုံးအခေါက်၌ စူးယွင်မှသူ၏ဥယျာဉ်အား သဘောတွေ့သည်ဟုပြောသံကြားသည်နှင့် သူမရောက်လာချိန်တွင် အနားယူရန်နေရာမရှိမည်စိုး၍ သူသည်ဤနားနေရာအား ပြန်ပြင်ဆင်ရန် တစ်ယောက်ယောက်အားညွှန်ကြားခဲ့သည်။
စူးယွင်သည် သူမနဖူးအားလက်ဖြင့်ထောက်ကာသက်ပြင်းချရင်း
"မဆိုးပါဘူး"
နဉ်ကျင်းသည် ခေါင်းစောင်းကြည့်လိုက်ရာ သူမနှုတ်ခမ်းများနည်းနည်းခြောက်နေသည်ကို သတိပြုမိလိုက်၏။သူသည် သူမအတွက်ရေနွေးတစ်ခွက်ငှဲ့ပေးလိုက်သည်။
"မင်းသောက်ဦးမလား"
စူးယွင်သည် ပယင်းရောင်ရေနွေးအားကြည့်၍ နှုတ်ခမ်းသပ်လိုက်ပါမှ ရေဆာနေကြောင်းသိလိုက်ရ၏။သူမကိုယ်ကို လက်တစ်ဖက်ဖြင့်ထိန်းကာ နည်းနည်းမတ်၍ ရေနွေးအားယူပြီး အသာသောက်လိုက်သည်။
နဉ်ကျင်းသည် သူမ၏သိမ်မွေ့သောလှုပ်ရှားမှုကိုကြည့်ကာ မည်သည့်ခံစားချက်မှ မဖော်ပြဘဲအကြည့်လွဲလိုက်၏။သူမှမေးလာသည်။
"ဒီရက်တွေထဲမင်းအလုပ်ရှုပ်နေဦးမှာလား"
လတ်တလောတွင် စူးယွင်မှာ ဆိုင်အသစ်ဖွင့်ပွဲများနှင့် ပတ်ရှုပ်နေရသည်။နဉ်ကျင်းမှ သူမအားလာရှာချိန်တိုင်းတွင် သူမမှအသင့်ပြင်၍ အလုပ်ပြန်မလုပ်ခင် စကားအနည်းငယ်ပြောဖြစ်ရုံသာပင်။
သူတို့နှစ်ဦးသား ယခုကဲ့သို့အတူအချိန်မဖြုန်းရသည်မှာ အချိန်အတော်ကြာခဲ့လေပြီ။
စူးယွင်သည်ခဏလောက်တွေးပြီး မရေမရာပြန်ဖြေလိုက်၏။
"အချိန်ရလောက်ပေမယ့် ကျိန်းသေတော့မပြောနိုင်ဘူး"
ဆိုင်သစ်သည် ဖွင့်ကာစရှိသေးရာ ကိုင်တွယ်စရာများရှိနေသေး၏။ရှောင်ဟယ်မှ လုပ်ငန်းအများစုကို ကိုင်တွယ်ခဲ့ပေသိ သူမမှာအခြားလူလက်ထဲ အလုံးစုံအပ်လိုက်သည်နှင့်ပက်သက်၍ ကသိကအောက်ခံစားနေရဆဲပင်။
နဉ်ကျင်းအကြည့်မှာ မှောင်မိုက်သွားကာ သူသည်ခေါင်းငုံ့၍ တိုးတိုးလေးပြောလိုက်၏။
"အရမ်းအလုပ်မရှုပ်ပါနဲ့လား ကိုယ့်အတွက်အချိန်လေးပေးပါဦး"
စူးယွင်သည် သူ့အားကြည့်ကာ နဖူးအားအသာတောက်၍ သက်ပြင်းချကာ
"ကျွန်မကြိုးစားကြည့်ပါ့မယ်"
"ဒါဆိုလဲ ကောင်းပါပြီ"
စူးယွင်မှာ သူမအလုပ်အားအာရုံစိုက်တတ်သူမှန်း သိနေသည့်နဉ်ကျင်းသည် မျက်လွှာချလိုက်၏။ဆိုင်သည်ဝင်ငွေကောင်းကောင်းရနေပြီဖြစ်၍ သူနှင့်အချိန်ဖြုန်းရန်သဘောတူရမည်မှာ နည်းနည်းတော့ဖြစ်နိုင်ပါမည်လေ။