← Chapters

အခန်း (၅၇)

Vol. 6 Ch. 57

အခန်း (၅၇)

Vol. 6 Ch. 57

သူသည် သူမလက်လေးအားဆွဲ၍ လက်ချောင်းချင်းယှက်နွယ်ကာ ခပ်တင်းတင်းဆုပ်ကိုင်လိုက်သည်။

"ဒါဆို ဒီနေ့လည်ခင်းမှာ မင်းကကိုယ့်အပိုင်ပေါ့လေ ဟုတ်တယ်မလား"

စူးယွင်သည် နောက်ပြန်မှီကာ သူ့အားပြောစရာစကားရှာမရတော့ဟန်ဖြင့် ကြည့်လိုက်၏။

"ကျွန်မကဒီကိုရောက်နေပြီမဟုတ်ဘူးလား။ရှင်ဘယ်လိုထင်လဲ"

နဉ်ကျင်းသည် ငုံ့ကြည့်ကာပြုံး၍ သူမလက်အား‌ မြှောက်ကိုင်ကာ လက်ဖမိုးထက်အနမ်းခြွေလိုက်၏။

"ညနေကျ မြစ်ဘေးလမ်းလျှောက်ထွက်ကြရင် ဘယ်လိုလဲ"

သူမသည် သူ့၏ရုပ်ပန်းသွင်ပြင်ကိုကြည့်ကာ ခေါင်းငြိမ့်ပြလိုက်၏။

နဉ်ကျင်းသာ သူမအားအလိုရှိသည်မဟုတ်ပါဘဲ သူမသည်လဲ သူ့အားလွမ်းဆွတ်နေပါသည်။

ဤသည်မှာ အချစ်၏ပြင်းရှရှပြောင်းလဲမှုအဆင့်တွင် ခံစားရသည့်ပုံဖြစ်နိုင်လေ၏။

သူမသည် သူ၏ရှည်လျားသွယ်လျသောလက်ချောင်းများအား ညှစ်ကာပြောလိုက်သည်။

"ရှင်ကျွန်မအတွက် စကားချိုချိုလေးတွေပြောမပြချင်ဘူးလား။ကျွန်မသာစိတ်ကျေနပ်ရင် ဆက်နေဖို့စဉ်းစားမိမှာလဲ ဖြစ်နိုင်တာပဲလေ"

"တစ်ကယ်လား"

နဉ်ကျင်း၏မျက်ဝန်းများမှာ မျှော်လင့်ချက်တို့ဖြင့် တလက်လက်တောက်ပသွားတော့သည်။

သူသည်ခေါင်းငုံ့ကာ ရှေ့သို့မှီ၍ သူမပါးကိုအသာဆွဲလိုက်၏။

"မိန်းကလေးစူးကဘယ်လိုစကားမျိုးနားထောင်ချင်လဲဆိုတာ သိပါရစေဦး"

သူ၏လက်ညှိုးထိပ်များတွင် အသားမာထူထူများရှိနေ၍ သူ့လက်မှာ ပညာသင်သားတစ်ဦး၏လက်လို နူးညံ့မနေခဲ့ပေ။သူ့လက်မှ သူမမျက်နှာအားပွတ်သပ်လာသော် စူးရှရှခံစားချက်ကို ရစေ၏။

သူကဲ့သို့ စီးပွားရေးသမားတစ်ဦး၏လက်တွင် အဘယ်ကြောင့်ဤကဲ့သို့အသားမာထူထူများရှိနေရသည်ကို မသိ၍စူးယွင်မှာ ဝေခွဲရခက်သွားရသည်။ခဏတာမျှ သူမတွေးတောပြီးနောက်တွင်တော့ သူ၏စီးပွားရေးစတင်သည့်အချိန်မှဖိအားကြောင့် ဤကဲ့သို့ အမှတ်အသားများကျန်ရစ်ခဲ့ခြင်းဖြစ်နိုင်သည်ဟု ယူဆလိုက်၏။

သူမသည်အသာနောက်ပြန်ဆုတ်ကာ လုံခြုံသောအကွာအဝေးကိုထိန်းထားလိုက်သည်။သူမသည်နှုတ်ခမ်းစူ၍ ပြောလာ၏။

"ရှင့်ပါးစပ်ကရှင့်ဆီမှာလေ။အဲ့တော့ ရှင်ကြိုက်တာမှန်သမျှပြောလို့ရတယ်။ကျွန်မမှာရှင့်ကိုသင်ပေးဖို့ အရည်အချင်းမရှိပါဘူး"

နဉ်ကျင်းသည် သူ၏ညာလက်အားသူမနောက်ကျောထက်တင်ကာ သူမအားသူ့ဘက်ဆီအားဖြင့်ဆွဲခေါ်လိုက်၏။သူမ၏နူးညံ့သောကိုယ်လုံးလေးနှင့် သူ၏တောင့်တင်းသန်မာသောခန္ဓာတို့ တိုက်မိသွားရာ ခဏတာမျှ နှစ်ဦးသားတောင့်တင်းသွားရသည်။ထို့နောက် နဉ်ကျင်းအကြည့်မှာ သူမနောက်ကျောဘက်ရွေ့သွားပြီး သူ့အကြည့်တို့မှာ ညှို့မှိုင်းလာကာ လည်စိသည်လဲ အပေါ်အောက်ဆက်တိုက်ရွေ့လျားနေတော့၏။

သူသည် စူးယွင်၏မေးစေ့အားကိုင်ကာ ခေါင်းမော့စေပြီး အသက်ရှူသံနွေးနွေးလေးမှာ သူမမျက်နှာအား ပွတ်သပ်သွားလေသည်။

စူးယွင်မျက်လုံးများမှာ တောင်ကြည့်မြောက်ကြည့်လုပ်ရင်း နောက်ဆုံး သူ၏နှုတ်ခမ်းများထံ ဆင်းသက်သွားလေ၏။

သူမသည် ဖြည်းဖြည်းချင်း မျက်လုံးမှိတ်ကာ သုံးစက္ကန့်လောက်စောင့်နေလိုက်သည်။သူမထင်ထားသည့် ခံစားချက်ရမလာ၍ သူ့ထံရှုပ်ထွေးဟန်ဖြင့်ကြည့်လိုက်၏။

နဉ်ကျင်းသည် ဖွဖွရယ်ကာ သိချင်စိတ်ဖြင့်မေးလာသည်။

"ကိုယ်တွေးနေတာ မင်းဘာလုပ်နေတာလဲလို့"

စူးယွင် : "......"

သူမသည် သူ့လက်အားရိုက်ချကာ ခေါင်းလှည့်ပစ်လိုက်ပြီး သူ့ကိုမကြည့်တော့ပေ။

"ရှင်ကအစ်ကိုကြီးပါပဲ အရမ်းအံ့ဩစရာကောင်းချက်"

နဉ်ကျင်းသည် သူမခေါင်းထက်လက်တင်ကာ သူ့လက်ချောင်းများအားသုံး၍ သူနှင့်မျက်နှာချင်းဆိုင်ရန် သူမခေါင်းနောက်ဘက်ကိုကိုင်ပြီး အသာလှည့်လိုက်၏။

သူ့မျက်ဝန်းများထဲရှိ ရယ်စားလိုရိပ်တို့မှာ ပိုမိုပီသလာပြီး သူမမေးအားပင့်ကာ ခေါင်းမော့စေပြန်သည်။

လေညှင်းတစ်သုတ်တိုက်ခတ်လိုက်ရာ သူတို့ဆံနွယ်များသည် လေထုထဲလွှင့်ခါရစ်နှောင်သွားကာ ခွဲခြားမရနိုင်လောက်အောင် နီးကပ်သွားစေ၏။

စူးယွင်သည် မျက်လွှာချကာ သူမ၏ရှည်လျားထူထဲသော မျက်တောင်တို့‌ကြောင့် သူ့အားမကြည့်မိရန် ရှောင်လွှဲစေနိုင်ခဲ့သည်။

နဉ်ကျင်းနှုတ်ခမ်းတို့မှာ အပြုံးတစ်ခုအသွင်ကွေးတက်သွားပြီး သူ့လက်ချောင်းတို့အားမြှောက်၍ သူမ၏နှုတ်ခမ်းရဲရဲလေးများကို အသာပွတ်ဆွဲလိုက်၏။

သူ့မျက်ဝန်းများထဲရှိ ရယ်စားလိုရိပ်မှာ ဖြည်းဖြည်းချင်းလွင့်ပြယ်ကာ နက်ရှိုင်းသော်ငြား ရှင်းလင်းစွာရစ်ပတ်တက်နေသော နွယ်များအလား ချစ်ကြင်နာမှုတို့မှာ ကြီးထွားလာလေသည်။

သူသည် သူမအားချော့မော့နေသည့်အလား အပြင်လူမကြားနိုင်လောက်အောင် နီးကပ်စေပြီး ဖြည်းဖြည်းချင်းပြောလာ၏။

"စူးယွင် ကိုယ့်ရဲ့ချစ်ခြင်းက ဟောဒီညင်သာတဲ့လေပြည်ညှင်းလေးလိုပဲ မင်းတစ်ဘဝတာလုံးကို ဝန်းရံပေးထားမှာပါ"

ဘဝသည်တိုတောင်းပြီး လူတစ်ဦးမှာ အရာအချို့ကိုသာတွေ့ကြုံနိုင်မည်ပင်။မွေးဖွားခြင်း၊အရွယ်‌ရောက်ခြင်း၊ဖျားနာခြင်း၊သေဆုံးခြင်း၊ရန်ငြိုး၊ချစ်ခြင်း၊ကွဲကွာမှုနှင့် မပြည့်စုံသွားရသည့် စိတ်ဆန္ဒများ။

သို့သော် ဘဝ၏ပျော်ရွှင်မှုနှင့် ဝမ်းနည်းမှုကို ယူဆောင်လာပေးသည့် ချစ်ရသူနှင့် ငြိမ်းချမ်းသောနေရာအချို့ကို ဝေမျှနိုင်မည်ဆိုပါလျှင် ထိုအခွင့်အရေးတစ်ခုသာပေးလာပါ သူသည်တစ်ဦးထဲဖြင့် ထိုအရာများကိုရင်ဆိုင်နိုင်ပါသည်။

စူးယွင်၏နှာတံတစ်လျှောက် သူ့လက်ချောင်းများဖြင့် ခြေရာခံရင်း သူ့အမူအယာမှာ မှောင်မိုက်နေပေသိ လေးနက်သောချစ်ခင်တွယ်တာမှုတို့ဖြင့် ပြည့်နှက်နေလေ၏။

"ကိုယ်ကမပြည့်စုံလို့ တောက်ပနေတဲ့မင်းဘဝနဲ့မထိုက်တန်ဘူးဆိုပြီး ထင်မိပေမယ့် ကိုယ်က မင်းရဲ့‌တောက်ပတဲ့ဘဝလေးမှာ သတိပြုမိရုံလောက်ပဲရှိတဲ့ ကြယ်တစ်ပွင့်အနေနဲ့တော့ ဝမ်းပန်းတသာရှ်ိပေးနေမှာပါ"

လိုက်ဖက်ညီမှုသည် အချစ်၏အခိုင်မြဲဆုံးပုံစံဖြစ်သည်။

သူ၏စကားချိုချိုတို့မှာ တိုတောင်းပေသိ ပျော်ရွှင်မှုအား သယ်ဆောင်လာကာ စူးယွင်အား အတန်ငယ်ဆို့နင့်သွားစေခဲ့သေး၏။နဉ်ကျင်းသည် ဤအတိုင်းအမှန်တွေးနေမည်ကို သူမယုံကြည်သည်။

သူမသည် လက်အားဆန့်ကာ သူ့ကိုပွေ့ဖက်ရင်း သူ့ရင်ခွင်ထက်ခေါင်းမှီကာ သူမကြောင့် မြန်ဆန်နေသည့် သန်မာသောနှလုံးခုန်သံကိုနားဆင်နေလိုက်၏။

"နဉ်ကျင်း ရှင်ကလေ ညင်သာတဲ့လေပြည်ညှင်းနဲ့ တောက်ပတဲ့လဝန်းရယ် ကျယ်ပြောပြီး မရေမတွက်နိုင်လောက်တဲ့ ကြယ်စင်တွေပါပဲ"

စူးယွင်သည် သူမလက်မောင်းများထဲရှိ ကိုယ်၏တောင့်တင်းသွားမှုကို ခံစားမိလိုက်ရာ ပြုံး၍သူ့နောက်ကျောကို အသာပုတ်ပေးပြီး ဆက်ပြောလိုက်သည်။

"ကျွန်မနှလုံးသားထဲမှာတော့ ရှင်ကအရာရာတိုင်းပါပဲ။အရမ်း အရမ်းကိုများပြားလွန်းတော့ အခြားတစ်ယောက်ကိုတောင် ကျွန်မမြင်နိုင်စွမ်းမရှိတော့ပါဘူး"

ထိုသည်မှာ လေပြည်ညှင်းဖြစ်စေ ကြယ်စင်များဖြစ်စေ ထိုလူသားမှာသူသာဖြစ်နေသ၍ သူသည်သာ အကောင်းဆုံးဖြစ်ပေသည်။

နဉ်ကျင်းသည် သူ့လက်အားချကာ သူမအားတင်းတင်းပွေ့ဖက်၍

"စူးယွင် ပြောရရင် ကိုယ့်တစ်ဘဝတာလုံးမှာ မင်းကိုပဲကိုယ်စောင့်နေမိတာနေမယ်"

သူမွေးဖွားချိန်မှစ၍ သူ့ထံတွင် ကျောက်တုံးနှလုံးသား(ခံစားချက်မရှိ)တစ်ခုရှိခဲ့၏။သွေးရင်းသားရင်းချည်နှောင်မှုရှိသူဖြစ်စေ ကာလရှည်ကြာ မိတ်ဆွေများဖြစ်စေ သူ့နှလုံးသားထဲတွင် စည်းခြားထားလေ့ရှိသည်။

သူသည်တစ်ဦးတည်းအသက်ကြီးကာ အထီးကျန်စွာသေဆုံး၍ ကမ္ဘာအနှံ့ပြန့်ကျဲသွားမည်ဟုထင်ခဲ့၏။

သို့သော် ထင်မထားသည်မှာ မိုးသက်မုန်တိုင်းတစ်ခုသည် အရာရာတိုင်းအား ရှင်သန်စေခဲ့သလို သူ၏နှလုံးအိမ်တံခါးကိုပါ ဖွင့်ဟပေးခဲ့လေသည်။

စူးယွင်သည် ဖွဖွလေးပြုံး၍

"ကျွန်မလည်းပဲ ရှင့်ကိုစောင့်မျှော်နေခဲ့ရတာပါ"

ခေတ်သစ်ကာလတွင် သူမမှာနှစ်သက်ရသူမရှိခဲ့ဘဲ သူမအမြင်ကို ဖမ်းစားနိုင်သူလဲမရှိခဲ့ပေ။သို့သော်ငြား ရှေးခေတ်တွင်တော့ သူ၏သီးသန့်ဆန်သော်ငြား သိမ်မွေ့သောအရှိန်အဝါမှာ သူမအားပထမအကြည့်တစ်ချက်မှာပင် မှတ်ထင်စွဲကျန်ရစ်စေခဲ့၏။

ဤအချိန်ခရီးသွားမှုမှာ ကံတရား၏ဖန်တီးမှုဖြစ်နိုင်ပါသည်။

ထိုကံတရားမှာ သူမတို့အားတွေ့ဆုံစေကာ ချစ်ကျွမ်းဝင်စေခဲ့၏။

--------

ကုန်သွယ်အဖွဲ့အစည်း

မနက်စောစော ဝမ်ကောဆီစူးယွင်ရောက်,ရောက်ချင်း ရေနွေးတစ်ငုံပင်မသောက်ရသေးခင် ကျန်းကျင်းယွင်ထံမှ ကုန်သည်အသင်းဆီလာရန် သူမအားပြောလိုက်သည့်အမှာစကားကို လက်ခံရရှိခဲ့သည်။

သူမသည် အစေခံနောက်မှနေ ကျန်းကျင်းယွင်၏ရုံးခန်းဆီလိုက်လာလိုက်၏။

အစေခံမှာ တရိုတသေပြောလာသည်။

"သခင်မလေးစူး ဝင်သွားလိုက်ပါ"

"ရှင်ကကျွန်မနဲ့အတူမလိုက်ဘူးလား"

စူးယွင်မှာ ရှုပ်ထွေးဟန်ဖြင့်မေးလိုက်၏။

ကျင့်ဝတ်ထုံးတမ်းအ‌ကြောင်းအရာတို့ဖြင့်ရှေးခေတ်ကာလကြီးမဟုတ်ပေဘူးလား။အမျိုးသားတစ်ဦးနှင့်အမျိုးသမီးသာ တစ်ခန်းတည်းအတူရှိနေလျှင် လူများမှာမည်ကဲ့သို့ပြောလာကြမည်နည်း။

အစေခံသည် ပြန်မဖြေခဲ့ပေ။သူသည် စကားတစ်ခွန်းမဆိုဘဲ ဒီအတိုင်းသာလှည့်ထွက်သွားလေ၏။

စူးယွင်မှာ ကူကယ်ရာမဲ့ဟန်ဖြင့် တံခါးကိုအသာဖွင့်လိုက်ရုံသာ တတ်နိုင်တော့သည်။

All Chapters