← Chapters

အခန်း (၅၈)

Vol. 6 Ch. 58

အခန်း (၅၈)

Vol. 6 Ch. 58

ကျန်းကျင်းယွင်သည် မှင်နက်ရောင်ဝတ်ရုံရှည်အား ဝတ်ဆင်ထားကာ သူ့ဆံပင်များအားသပ်သပ်ရပ်ရပ်ထုံးဖွဲ့ထားပြီး ပြတင်းပေါက်နားတွင် စူးယွင်အားကျောပေးရပ်နေလေ၏။

တံခါးဖွင့်သံကြားသော် ကျန်းကျင်ယွင်သည် လှည့်ကြည့်လာပေသိ လိုရင်းအားပြောမလာခဲ့ပေ။

"မိန်းကလေးစူး ထိုင်ပါဦး"

စူးယွင်သည် စားပွဲထက်ရှိ မှင်နှင့်စုတ်တံအပြင် လတ်လတ်ဆတ်ဆတ်ပြင်ဆင်ထားသည့် ရေနွေးကိုပါ ကြည့်ပြီးအပြင်ဘက်ရှိ ဖြတ်သွားဖြတ်လာများ မြင်နိုင်စေရန်တံခါးအား ကျယ်ကျယ်ဖွင့်ထားလိုက်၏။ထို့နောက်တွင်မှ သူမသည်အခန်းထဲဝင်လာကာ ထိုင်လိုက်သည်။

သူမသည်စကားမပြောခဲ့သလို သူမရှေ့ရှိရေနွေးကိုလဲ မထိခဲ့ပေ။

ကျန်းကျင်းယွင်သည် ပြတင်းပေါက်အား ပိတ်ကာ သူမဘေးသို့လျှောက်လာပြီး ရပ်လိုက်၏။

"ကျန်းနန်ကလာတဲ့ ရေနွေးကို မိန်းကလေးစူး စမ်းသောက်ကြည့်ပါလား"

စူးယွင်သည် ရေနွေးအားကြည့်လိုက်၏။

သေးငယ်သောလက်ဖက်ရွက်လေးများ ပေါလောမြောနေသည့် အညိုဖျော့ဖျော့ ရေနွေးမှာ မွှေးရနံ့ကြိုင်လှ၏။အဝေးမှနေတောင် စူးယွင်သည်ရေနွေး၏ရနံ့ကို ခံစားမိနိုင်နေသည်။

သူမသည် လက်ဆန့်၍ ရေနွေးခွက်အားကိုင်ကာ သူမနှုတ်ခမ်းဆီမကပ်ခင် ခဏတာမျှရပ်တန့်လိုက်၏။

"ဒီရေနွေးက နှစ်လိုချိုမြိန်တဲ့အနံ့ရှိပြီး သောက်လိုက်ချိန်မှာ ခါးသက်သက်ဖြစ်ပေမယ့် နောက်ကျချိုမြိန်သွားတယ်။မိန်းကလေးစူးကတော့ ရေနွေးကိုနှစ်သက်လိမ့်မယ်ဆိုတာ ကျွန်တော်ယုံကြည်တယ်"

"အကြီးအကဲကျန်းဆီက ပစ္စည်းတွေက ကျိန်းသေပစ္စည်းကောင်းတွေဖြစ်မှာပါ"

ထိုစကားပြောပြီးသည်နှင့် စူးယွင်သည်အငုံလေးတစ်ငုံသောက်လိုက်သည်။

သူမသည် ရေနွေးခွက်အား ပြန်ချကာ သူ့ဘက်လှည့်ကြည့်၍ မေးလိုက်၏။

"အကြီးအကဲကျန်းက ဘာကိစ္စ‌နဲ့များကျွန်မကို ခေါ်လိုက်ရတယ်ဆိုတာ သိချင်ပါတယ်"

ကျန်းကျင်းယွင်သည် သူမထိုင်နေသည့်ခုံနောက်မှီပေါ် ဂရုမစိုက်ဟန်ဖြင့်လက်တင်လိုက်ပြီး ဖွဖွရယ်လာ၏။

"မိန်းကလေးစူး မင်းကအရမ်းစိမ်းကားနေတာပဲ။ကိုယ်က မင်းနဲ့ရှေးဟောင်းနှောင်းဖြစ်လေးတွေ ပြောဖို့ပဲခေါ်လိုက်လို့မရဘူးလား"

စူးယွင်သည် သူမအကြည့်အားရွှေ့ကာ ခုံကိုရှေ့နည်းနည်းတိုးလိုက်၏။

သူမသည်ကျန်းကျင်ယွင်နှင့် မရင်းနှီး၍ သူနှင့်အလ္လာဘသလ္လာဘပြောရန် မည်သည့်အကြောင်းအရင်းကိုမှ တွေးထုတ်မရခဲ့ပေ။

တစ်နည်းနည်းဖြင့် ပြောစရာစကားပျောက်ရှသွားသလို ခံစားနေရရာ သူမသည် သူနှင့်အချိန်ထပ်မဖြုန်းချင်တော့၍ မတ်တပ်ရပ်လိုက်သည်။

"အကြီးအကဲကျန်းမှာ ကျွန်မနဲ့ပြောစရာအကြောင်းအရာမရှိမှတော့ ကျွန်မပြန်သွားပါတော့မယ်"

"နေဦး"

ကျန်းကျင်းယွင်သည် စူးယွင်၏ပုခုံးများထက် လက်တင်ကာ သူမအားပြန်ထိုင်စေခဲ့၏။

"မိန်းကလေးစူးက ဘာလို့ဒီလိုလုပ်နေရတာလဲ"

သူမပုခုံးထက်ရှိ မရင်းနှီးသောလက်များမှာ သူမအားအလွန်သက်တောင့်သက်သာမဖြစ်စေသလို ခံစားနေရ၏။သူမသည် မျက်နှာထောက်ရန်ကိုပင် ဂရုမစိုက်တော့ဘဲ အေးစက်စက်ပြောလိုက်သည်။

"အကြီးအကဲကျန်း ကျေးဇူးပြုပြီးကောင်းကောင်းပြုမူပေးပါ"

ကျန်းကျင်းယွင်သည် သူမအားလွှတ်ပေးကာ သူမပုခုံးထက်သူ့လက်တင်သည်မှာ မှားယွင်းသည့်လုပ်ရပ်တစ်ခုမဟုတ်သည့်အလား တည်ငြိမ်နေလေ၏။

သူသည် ခုံအားပတ်သွားကာ သူမရှေ့မတ်တပ်ရပ်၍ပြုံးလိုက်ပြီး သူ့မျက်လုံးများမှာတော့ ကလူ၏သို့ မြှူ၏သို့ဟန်ရှိနေကာ ကျေနပ်သည့်အရာမှန်သမျှကို လုပ်နိုင်သည့်အလား ‌ဝင့်ကြွားသောလေထုကိုထုတ်လွှတ်နေလေသည်။

စူးယွင်သည် ကြိတ်ပြီးသက်ပြင်းချလိုက်မိ၏။သူကဲ့လူမှာ ခေတ်သစ်ကာလရှိ ဥပဒေကိုမလေးစားဘဲ ပြဿနာပတ်ရှာတတ်သည့် ကိုင်တွယ်ရန်ခက်ခဲသောလူများနှင့် သဏ္ဍာန်တူလေသည်။

"ကျွန်တော်က မိန်းကလေးစူးကို တစ်ကယ်လေးစားတာပါ"

ကျန်းကျင်းယွင်၏လေသံမှာ လေးနက်နေပေသိ ဖုံးကွယ်ထားသောရည်ရွယ်ချက်တစ်ခုကို သယ်ဆောင်ထားလေသည်။

"ကျွန်တော်က မင်းနဲ့တစ်ကယ်ကို မိတ်ဆွေဖြစ်ချင်တာပါ"

သူ၏စူးရှသော လင်းယုန်ကဲ့သို့အကြည့်သည် စူးယွင်ထံကျဆင်းလာကာ ထိုအကြည့်သည် သူ၏သားကောင်အားစောင့်ကြည့်နေသည့် သိမ်းငှက်တစ်ကောင်အလား သူမကို သက်တောင့်သက်သာမရှိအောင် လုပ်နေလေ၏။

စူးယွင်သည်အေးစက်စက်အမူအယာအား ထိန်းထားကာ သူမလေသံ၌လဲ ဒေါသသံပါနေလေသည်။

"မိတ်ဆွေလုပ်ကြဖို့ဆိုတာ စည်းမျဉ်းတွေရှိပါတယ်။အကြီးအကဲကျန်းလို စည်းလွတ်ဘောင်လွတ်နဲ့လူတစ်ယောက်က ကျွန်မသူငယ်ချင်းဖြစ်ဖို့ မသင့်တော်ပါဘူး"

ကျန်းကျင်းယွင်သည် မျက်လုံးများအားမှေးကျဉ်းကာ သူ့အကြည့်မှာ ပို၍စူးရှလာလေ၏။

သို့သော် စူးယွင်သည်သူ့အားထိတ်လန့်မနေပေ။သူသာသူမအားတစ်ခုခုလုပ်ဝံ့ပါက သူမသည်လဲ သူ့ကိုလွှတ်ပေးလိုက်မည်မဟုတ်ဟု သူမဘာသာတွေးနေမိသည်။

သူမ၏သတိကပ်နေသောအမူအယာအားတွေ့သော် ကျန်းကျင်းယွင်သည် ဖွဖွရယ်လိုက်၏။

"မိန်းကလေးစူး ဒီလိုသတိထားနေစရာမလိုပါဘူး။ကျွန်တော်က မင်းကိုဘာမှမလုပ်ဘူးလေ"

သူ့ထံ၌ မကောင်းသောအကြံအစည်များ အမှန်ရှိမနေသည်ကိုတွေ့မှ စူးယွင်မှာ စိတ်လွှတ်ချလိုက်ပေသိ သူမစကားများဖြင့် ပြန်ပက်လိုက်ပါသေးသည်။

"လူတစ်ယောက်က အခြားလူတွေအပေါ် အမြဲသတိထားနေသင့်တယ်"

"ကိုယ့်ကိုသတိထားရမယ်ပေါ့"

ကျန်းကျင်းယွင်၏နှုတ်ခမ်းမှာ ပင့်တက်သွားကာ သူ့ထံအတွေးတစ်ချက်ပေါက်သွားသည့်အတိုင်းပင်။

"မိန်းကလေးစူးရဲ့ ဆုံးဖြတ်မှုက မျက်နှာလိုက်တာပဲ။မင်းဘေးရှိနေတဲ့တစ်ယောက်ကိုသာ မင်းစိုးရိမ်ရမှာ။ကိုယ့်အနေနဲ့ကတော့ ပြောရရင် ရိုးသားတဲ့လူတစ်ယောက်ပါပဲ"

စူးယွင်သည် သူမည်သူ့အားရည်ညွှန်းနေသည်ကို သဘောပေါက်ရာ နှာမှုတ်လိုက်၏။

"ဟက် ကျွန်မလူတွေနဲ့ပက်သက်ပြီး ရှင်စိတ်ပူနေစရာမလိုပါဘူး။ကျွန်မက ကိုယ့်ဆုံးဖြတ်မှုကိုပဲ ကိုယ်လုပ်တယ်။အကြီးအကဲကျန်းအနေနဲ့ကတော့ ရှင့်ကိုယ်ရှင် *ရိုးသားတဲ့လူ*တစ်ယောက်ဆိုပြီး မြင်ကြည့်လို့မရပါဘူး"

နဉ်ကျင်းသည် သူမထံမှကိစ္စအချို့ဖုံးကွယ်ထားမှန်းသိပြီး သူမှအပေါ်ယံတွင် ထုတ်မပြချင်မှန်းလဲနားလည်ပေသည်။သို့သော်ငြား သူမနှင့်ပက်သက်လျှင်တော့ သူအမှန်ခံစားချက်ရှိသည်ကိုသူမခံစားနိုင်လေ၏။

သို့သော်ငြား သူမရှေ့ရှိ သူမအားကြင်နာဟန်ဖြင့်အကြံပြုနေသော ရိုးသားသည့်လူဆိုသူကိုတော့ သူမမယုံကြည်ပါပေ။

သူမသည် သူ၏ခုံနောက်မှီထက် ပျင်းတိပျင်းရွဲဟန်ဖြင့်မှီကာ အခန်းအားဟိုကြည့်ဒီကြည့်လုပ်ရင်း အကြီးအကဲတစ်ဦး၏ရှိသင့်သော တည်ငြိမ်မှုမျိုးပြမနေသည့် ကျန်းကျင်းယွင်ထံကြည့်လိုက်သည်။

သူ့အားပထမဆုံးတွေ့ချိန်တွင်လည်း သူသည်မည်သည့်စည်းမျဉ်းနှင့်မဆို သွေဖယ်ကာ သူ့ဘာသာသူကြိုက်ရာလုပ်နေတတ်သည်ကို သတိရသွားမိ၏။အဝတ်အထည်ပြိုင်ပွဲကဲ့သို့အခမ်းအနားများတွင်ပင်တောင် သူသည်လုပ်ရိုးလုပ်စဉ်များကို ယခင်အတိုင်းဥပေက္ခာပြုခဲ့သည်။

ကြည့်ရသည်မှာ သူထံတွင်အခြားသူများ၏အမြင်ကိုဂရုမစိုက်ဘဲ ထူးခြားသောကိုယ်ပိုင်လူနေမှုလမ်းကြောင်းရှိနေသည့်ပုံပင်။သူ့ကဲ့သို့လူများ အထူးသဖြင့် သူ့ကိုယ်သူ *ရိုးသားသည်*ဆိုသည့် လူများအပေါ် ယုံကြည်မှုအပ်မထားနိုင်ပေ။

"ကောင်းပြီလေ ဒီအကြောင်းကို ဆက်မပြောတော့ဘူး"

ကျန်းကျင်းယွင်သည် ထိုသို့ပြောကာ ခြေချထိုင်လိုက်ပြီး သူ့ဒူးခေါင်းများထက်လက်တင်လိုက်သည်။

"အလုပ်ကိစ္စပြောကြတာပေါ့"

စူးယွင် : "......"

သူကအရေးကြီးကိစ္စကို ရှောင်ပြီးအချိန်တွေပတ်ဖြုန်းနေတာပဲ။

ကျန်းကျင်းယွင်သည် သူမ၏အထင်သေးဟန်ကြည့်နေသည့်အမူအယာကို လျစ်လျူရှုကာ စားပွဲထက်ရှိ စာရွက်စာတမ်းတစ်ခုအား ကမ်းပေးလိုက်၏။

"ဒါကအသင်းဆီပူးပေါင်းဖို့ မင်းအတွက်ဖိတ်ကြားစာပဲ။မင်းစဉ်းစားကြည့်ချင်လား"

စူးယွင်သည် စာရွက်စာတမ်းအား ကြည့်လိုက်၏။

ယခုအချိန်တွင် ဝမ်ကောမှာ ဆိုင်ခွဲပေါင်းများစွာ ဖွင့်ထားပြီးဖြစ်ကာ ကုန်ကြမ်းများနှင့်ပက်သက်၍လဲ ကျိန်းသေလစ်ဟာမ‌နေပေသိ လက်မှုပညာနှင့်ဆိုင်လာလျှင်တော့ အနည်းငယ်မနိုင်ဝန်ထမ်းနေရသည်။ဤအတိုင်းသာ ဆက်သွားလျှင် ဆက်လက်ထိန်းထားနိုင်မည်မဟုတ်တော့ပေ။

အသင်းတွင်အ‌ရေးကိစ္စများစွာရှိနေပေသိ ကျွမ်းကျင်သောချည်ထိုးသမများလဲ ရှိနေလေရာ သူမသည်ခင်မင်ရင်းနှီးစွာ ဖလှယ်မှုများဖြင့် ငှားရမ်းနိုင်ပေလိမ့်မည်။

စူးယွင်သည် ကျန်းကျင်းယွင်ကမ်းပေးလာသည့် စာရွက်စာတမ်းအားယူကာ ဖွင့်ကြည့်လိုက်ရာ သူနှင့်ရုန်စာမှာ သဘောထားကြီးကြီးဖြင့် လက်မှတ်ထိုးထားပြီးဖြစ်သည်ကို တွေ့လိုက်ရ၏။

သူမသည် စာမျက်နှာထက်ရှိရေးထားသော အကြောင်းအရာတို့ကို ဂရုတစိုက်ဖတ်ရှုလိုက်သည်။

စာရွက်စာတမ်း၌ တင်ပြထားသည်မှာ အသင်းနှင့်ပူးပေါင်းပြီးပါက စူးယွင်သည် အငယ်တန်းအဖွဲ့ဝင်တစ်ယောက်ဖြစ်လာမည်ဖြစ်ကာ အသင်း၏အငယ်တန်းအဆင့်ရှိ ရပိုင်ခွင့်ရှိသောအရင်းအမြစ်တို့အား ရယူနိုင်ပေလိမ့်မည်။

အငယ်တန်းအဖွဲ့ဝင်ဖြစ်ရခြင်းအပေါ် ပြဿနာရှိသည်ဟု မထင်၍စူးယွင်မှာ ခေါင်းငြိမ့်လိုက်မိသည်။ပြောရလျှင် ခေတ်သစ်ကာလတွင်တောင် ရုပ်မြင်သံကြားဝန်ဆောင်မှုများအတွက် VIP နှင့် SVIPအဆင့်များပင် ရှိနေ၏။

သူမသည်ဆက်ဖတ်လိုက်သည်။

ရုတ်ချည်း သူမမျက်ဝန်းများ မှေးကျဉ်းသွားရ၏။

နောက်ဆုံးစာပိုဒ်မှ ရေးထားသည်မှာ :

စူးယွင်သာ ပိုကောင်းသော သို့မဟုတ် အောင်မြင်သော ထင်ရှားသည့်ထူးချွန်မှုများရှိလျှင် အသင်း၏အကြီးတန်းခေါင်းဆောင်ပိုင်းဆီ အဆင့်တိုးနိုင်ပေမည်။

စူးယွင်သည် ထိုစာကြောင်းပေါ် လက်ထောက်ပြ၍ သူ့ထံမျက်လုံးဝင့်ကြည့်လိုက်သည်။

"*ထူးခြားတဲ့ စွမ်းဆောင်ရည်*ဆိုတာကို ရှင်ဘယ်လိုအဓိပ္ပာယ်ကောက်လဲ"

သူမသည် *ထင်ရှားသည့် အောင်မြင်မှုများ* အကြောင်းမမေးခဲ့ပေ။

အဝတ်အစားလုပ်ငန်းရှိလူတစ်ယောက်အနေဖြင့် သူမမှာ ကြီးကျယ်သည့် ထူးခြားမှုတစ်စုံတစ်ရာကို မှတ်ကျောက်တင်ရန်အလားအလာမရှိဟု ခံစားရလေသည်။

"ကြပ်ကြပ်မတ်မတ်နဲ့ တန်ဖိုးဖြတ်တဲ့ဆုံးဖြတ်မှုတွေပါပဲ"

ကျန်းကျင်းယွင်သည် ဂရုမစိုက်ဟန်ဖြင့်ပြန်ဖြေလိုက်၏။

"အသေးစိတ်အချက်အလက်တွေအကြောင်းကို အကြီးအကဲရုန်ဆီ မင်းသွားမေးလို့ရတယ်"

ကုန်သည်အသင်း၏အကြီးအကဲအဖြစ် ကျန်းကျင်းယွင်သည် ငှာနများနှင့် အသင်းဆုံးဖြတ်ချက်များအားလုံးကို စီမံနေသော်ငြား ငှာနတစ်ခုချင်းစီ၏ အသေးစိတ်တန်ဖိုးဖြတ်မှုများကိုတော့ လုံးဝမသိပါပေ။

All Chapters