အခန်း (၅၉)
Vol. 6 Ch. 59
စူးယွင်သည် တည်ငြိမ်နေဆဲဖြစ်ကာ အဖြစ်သဘောဖြင့်ပြန်ပြောလိုက်၏။
"အိုး"
ကျန်းကျင်းယွင်သည် သူမအတွေးများအားမဖတ်နိုင်၍ သူမကိုထပ်မံဖျောင်းဖျရန်ပြင်လိုက်စဉ် သူမပြောလာသည်ကို ကြားလိုက်ရ၏။
"ပြဿနာမရှိပါဘူး ကျွန်မအခုချက်ချင်းလက်မှတ်ထိုးလို့ရတယ်မလား"
ကျန်းကျင်းယွင်သည် ခဏတာမျှကြောင်အမ်းသွားသော်လည်း သူ၏တည်ငြိမ်မှုကို အမြန်ပြန်ရလာကာ ပြုံးလိုက်ပြီး
"ကျေးဇူးပြုပြီး"
စူးယွင်သည် စုတ်တံအားမှင်ထဲနှစ်ကာ စားပွဲထက် ဘာကြောင့် စုတ်တံနှင့်မှင်ရှိနေရသည်ကို သဘောပေါက်သွားရသည်။
တုံ့ဆိုင်းမနေဘဲ သူမသည်နေရာလွတ်၌ သူမနာမည်ကိုလက်မှတ်ထိုးလိုက်၏။
ကျန်းကျင်းယွင်သည် မတ်တပ်ရပ်ကာ သူ၏သတ်မှတ်နေရာဆီလျှောက်သွားပြီး အံဆွဲတစ်ခုအားဖွင့်ကာ ဖဲပြားနီနှင့် အစောမှသူပြင်ဆင်ထားသည့် သစ်သားနာမည်ကတ်ကိုထုတ်ကာ သူမထံကမ်းပေးလိုက်သည်။
"အခုကစပြီး ကိုယ်တို့ကလုပ်ဖော်ကိုင်ဖက်တွေဖြစ်သွားပြီနော်"
စူးယွင်သည် ပစ္စည်းများအားယူကာ ပြောလိုက်၏။
"ကျေးဇူးပါပဲ"
------------
နှစ်ရက်ကြာပြီးသော် နဉ်ကျင်းသည် ဖဲပြားနီအားကိုင်၍ စူးယွင်လက်မောင်းများထက် ဖဲကြိုးပုံစံချည်ပေးလိုက်သည်။
"သခင်မလေးစူး ကံကောင်းပါစေ"
"ကံကောင်းတာ မကောင်းတာက အရေးမကြီးပါဘူး။လုပ်စရာကိစ္စတွေအများကြီးရှိမနေဖို့ပဲ မျှော်လင့်တယ်"
အဖွဲ့အစည်းနှင့်ပူးပေါင်းပြီးကာစရှိသေးချိန်တွင်ပင် သူမမှာအစည်းအဝေးတစ်ခု တက်ရပေတော့မည်။ဒေါသထွက်စရာကောင်းလိုက်တာ!
နဉ်ကျင်းသည် ဖွဖွရယ်ကာ သူမလက်အားအသာပွတ်ပေးလိုက်၏။
"မင်းက စိတ်မပါလက်မပါဖြစ်နေတာတောင် အဖွဲ့အစည်းနဲ့ ပူးပေါင်းလိုက်သေးတယ်နော်"
စူးယွင်သည် မျက်လုံးလှိမ့်လိုက်ကာ နှုတ်ခမ်းစူရင်းပြောလိုက်၏။
"ဝမ်ကောက ကြီးထွားဖို့လိုတယ်လေ"
ထိုသို့မဟုတ်ပါက သူမသည်ပထမရလျှင်ပင် ပူးပေါင်းချင်မည်မဟုတ်ပေ။
အေးအေးဆေးဆေးနဲ့ ဆိုင်လေးကိုစီစဉ်နေရတာက ပိုမကောင်းဘူးလား။
နဉ်ကျင်းသည် သူမလက်အားဆွဲကာ တံခါးဆီခေါ်သွားလေ၏။
"မင်းကဒီလမ်းကိုရွေးချယ်ပြီးပြီဆိုမှတော့ အကောင်းဆုံးအားထုတ်ကြိုးစားရမှာပေါ့"
စူးယွင်သည် သူမအားအလုပ်ကြိုးကြိုးစားစားလုပ်ခိုင်းရန် ဆုံးဖြတ်ချက်ချထားဟန်ပေါ်သည့် နဉ်ကျင်းအားဆူငေါက်ရန်ပြင်လိုက်စဉ် တည်ငြိမ်ပေသိ ဩဇာညောင်းသောလေသံမှာ သူမနားထဲဝင်လာလေ၏။
"ဒါပေမယ့် မင်းသာတစ်ကယ်မလုပ်ချင်ရင် ထွက်လာလိုက်တော့။ကိုယ်ဒီမှာရှိနေရင် မင်းကိုဘယ်သူမှပြဿနာရှာရဲမှာမဟုတ်ဘူး"
စူးယွင်သည် သူ့အားမော့ကြည့်လိုက်၏။သူသည်အရပ်ရှည်လွန်းလှပြီး သူမခေါင်းအားနောက်လှန်သည်ထိမော့ကြည့်လျှင်တောင် သူ၏ပေါ်လွင်သောနှာတံကိုသာ မြင်ရကာ လက်ရှိအချိန်၌သူ့မျက်ဝန်းများထဲ ထင်ဟပ်နေသော ခံစားချက်တို့ကို မဖမ်းဆုပ်နိုင်သည်ထိ အရပ်ရှည်လေသည်။
သူမသည် ခြေလှမ်းအားရပ်ကာ ရှေ့ဆက်မသွားတော့ပေ။
"ဘာဖြစ်လို့လဲ"
နဉ်ကျင်းမှမေးလာ၏။
"ဘာမှမဟုတ်ပါဘူး"
စူးယွင်သည် ရှေ့သို့ခြေလှမ်းလိုက်ပြန်ပေသိ တုံ့ဆိုင်းသွားကာ စိုးရိမ်တကြီးမေးလိုက်၏။
"ဒါပေမယ့် ပြောကြတာတော့ သာမန်လူတွေက ကုန်သည်တွေနဲ့စကားမများနဲ့ ပြီးရင် ကုန်သည်တွေက အရာရှိတွေကိုစိန်မခေါ်ကြနဲ့တဲ့။ဒါကြောင့်ရှင်ထိပ်တိုက်ရင်ဆိုင်လို့မရဘူး"
သူမ၏စိုးရိမ်သံအားကြားသော် နဉ်ကျင်းသည် မရယ်မိဘဲမနေတော့ပေ။
"စိတ်မပူပါနဲ့ ကိုယ်ကအရာရှိရာထူးတစ်ခုကိုလဲ ကိုင်ဆောင်ထားပါတယ်"
စူးယွင်မှာ ထိတ်လန့်သွားရ၏။
"ရှင်ကလေ"
ရက်ရှိသ၍ ငှားခများကောက်ကာ အခြားလုပ်စရာမရှိသည့်ပုံပေါ်သည့်လူတစ်ယောက်မှာ အရာရှိတစ်ဦးဖြစ်နေသည်လော။
ဖြစ်ရောဖြစ်နိုင်ပါ့မလား။နေဦး - တုန့်စန်းက အရေးကြီးကိစ္စတွေရှိတယ်ဆိုပြီး သူ့ဆီခဏခဏလာရှာတယ်လေ။
သူမသည်ဆိုင်ခန်းနှင့်ဆက်စပ်နေသည့် ကိစ္စများဟုသာ ထင်ခဲ့ပေသိ ယခုကြည့်ရသည်မှာတော့ ရုံးအလုပ်ကိစ္စများဖြစ်ပုံရလေသည်။
နဉ်ကျင်းသည် သူမအမူအယာအားမြင်သော် သူမမှာအတွေးလွန်နေပြီမှန်းသိလိုက်ရ၏။သူမှရှင်းပြလာသည်။
"အဲ့တာက အမည်ခံရာထူးတစ်ခုသာသာပါပဲ အရေးမကြီးပါဘူး"
စူးယွင်သည် သူ့စကားအား သာမန်ကာလျှံကာသာ သိကြောင်းပြောကာ ဖိအားထပ်မပေးတော့ပေ။သူမသည် နဉ်ကျင်း၏ရာထူး နိမ့်သည်မြင့်သည်ကို ဂရုမစိုက်ဘဲ သူမဂရုစိုက်သည့်အရာအားလုံးမှာ သူ၏ပင်ကိုယ်သဘာဝပင်ဖြစ်သည်။
ဝင်ပေါက်တွင် နဉ်ကျင်းမှာ သူမအားခပ်ဖွဖွပွေ့ဖက်၍ သတိပေးလိုက်၏။
"မင်းကစိမ်းသက်တဲ့နယ်မြေထဲ ခြေချထားတာနော်။မင်းကိုယ်မင်းဂရုစိုက်ဦး"
စူးယွင်သည် သူ့လက်မောင်းများကြားမှ ထွက်ကာသူမညာလက်အားမြှောက်၍ လက်မကိုကွေးပြီး လက်ညှိုးနှင့် လက်ခလယ်ကို ဖိကပ်၍ဆန့်ကာသူမနဖူးထက်တင်ပြီး အလေးပြုသည့်အမူအယာလုပ်ပြလိုက်သည်။သူမလေသံမှာ ယုံကြည်ချက်ရှိနေ၏။
"စိတ်မပူပါနဲ့ ဆိုင်ရှင်စူးခြေချလိုက်တာနဲ့ အောင်မြင်မှာသေချာပါတယ်"
နဉ်ကျင်းသည် သူမစကားကိုထောက်ခံသံပြုလာ၏။
"ဒါပေါ့"
အဖွဲ့အစည်းတွင်းတွင် စားပွဲရှည်ကြီးများနှင့် အတန်းလိုက်ခုံများကို စီထားကာ အရှေ့တွင် နာမည်ကတ်ပြားတစ်ခုဆီရှိနေသည်။စူးယွင်သည် သူမနာမည်ကတ်ပြားကိုတွေ့လိုက်ရာ ထိုနေရာတွင်ထိုင်လိုက်၏။
စူးယွင်သည် သူမအနားရှိလူများနှင့် သွားမရောဘဲ အဖွဲ့အစည်း၏အစည်းအဝေးစမည့်အချိန်ကို တိတ်တဆိတ်ထိုင်စောင့်နေလိုက်သည်။
ဆယ့်ငါးမိနစ်ကြာပြီးသော် ခရမ်းရောင်ချည်ထိုးဝတ်ရုံရှည်ဝတ်ဆင်ထားသည့် အမျိုးသမီးဦးဆောင်သော လူတစ်စုဝင်လာလေ၏။သူမဆံပင်များကို ကျက်သရေရှိသောသရဖူတစ်ခုနှင့် ထုံးဖွဲ့ထားကာ တစ်ဖက်တစ်ချက်စီ၌ ရှည်လျားသောအဆင်တန်ဆာကြိုးတစ်ချောင်းစီ တွဲလောင်းကျနေပြီး သူမခြေတစ်လှမ်း လှမ်းတိုင်းတချွင်ချွင်မြည်နေစေတော့သည်။
သူမမျက်နှာမှာ နုပျိုစိုပြည်နေပြီး ပင့်မြှောက်ထားသည့် သိမ်မွေ့သောမျက်ခုံးတန်းများနှင့် လက်တစ်ဖဝါးစာထက် မကြီးသည့် သေးငယ်နူးညံ့သောမျက်နှာကျရှိလေ၏။တော်ဝင်မျိုးရိုး၏ အမှတ်အသားဖြစ်သည့် မလွဲမှားနိုင်သောလှလှပပပန်းပွင့်အဆင်တန်ဆာတစ်ခုမှာ သူမနဖူးထက်တွင်ရှိနေသည်။
အစောမှဆူညံနေသောခန်းမမှာ ချက်ချင်းတိတ်ဆိတ်သွားလေ၏။လူတိုင်းမှာ မတ်တပ်ရပ်၍ အသာဦးညွှတ်ကာ သူမအားလေးလေးစားစား နှုတ်ဆက်လိုက်ကြသည်။
"နိမ့်ကျတဲ့ဒီလူက နဉ်အန်းမင်းသမီးကို နှုတ်ဆက်ပါတယ်"
ဤနေရာမှာ နန်းတော်ပြင်ပဖြစ်၍ မည်သူမှတခမ်းတနားဖြစ်သောလုပ်ထုံးလုပ်နည်းတို့ကို လုပ်မနေကြပေ။
နဉ်အန်းမင်းသမီးသည် သူမလက်အားယမ်းကာ ထနိုင်ပြီဖြစ်ကြောင်းအချက်ပြလိုက်ပေသိ သူမအကြည့်မှာ ထိုင်နေဆဲဖြစ်သော စူးယွင်ထံရောက်သွားလေသည်။
စူးယွင်မှာ မတိုင်မီက လူတိုင်း၏လှုပ်ရှားမှုကို သတိမပြုမိခဲ့ပေသိ အခြေအနေကိုသဘောပေါက်သွားလေပြီပင်။သူမမှထရပ်၍ အရိုအသေပေးရန်ပြင်လိုက်စဉ် နဉ်အန်းမင်းသမီးမှာ သူမထံလျှောက်လာပြီဖြစ်၏။
သူမသည်မေးအားအသာပင့်ကာ နှိမ့်ချဟန်ဖြင့်ကြည့်နေပြီး သူမအပြုအမူတွင်းရှိ တော်ဝင်မိသားစု၏ နန်းဆန်မှုကိုရုပ်လုံးပေါ်စေခဲ့သည်။သူမလေသံမှာ ဒေါသသံစွက်နေလေ၏။
"ဒီမင်းသမီးရှေ့မှာ မင်းကဘယ်လိုလုပ်ထိုင်နေရဲသေးတာလဲ။မင်းကျသင့်မယ့်ပြစ်ဒဏ်က ဘာလို့ထင်လဲ"
အစေခံတစ်ဦးမှာ ရှေ့တက်၍ ထပ်ပေါင်းပြောလာသည်။
"မင်းသမီးကိုမလေးစားတာက ပြစ်ဒဏ်သင့်ပါတယ်။အပေါ့ဆုံးပြစ်ဒဏ်က မျက်နှာကိုအချက်နှစ်ဆယ်ရိုက်ခံရတာဖြစ်ပြီး အကြီးလေးဆုံးပြစ်ဒဏ်ကတော့ တော်ဝင်မိသားစုရုံးတော်ဆီပို့ခံရမှာပါ"
တော်ဝင်မိသားစုရုံးတော်မှာ နန်းတော်၏မနာခံသည့်အစေခံများနှင့် အရာရှိများကို အပြစ်ပေးသောအဖွဲ့အစည်းဖြစ်သည်။ထိုနေရာဆီရောက်သည်နှင့် အသက်ရှင်လျက်ထွက်ရန်မှာ ရှားပါးပြီး ရှိခဲ့လျှင်တောင် ဒုက္ခိတဖြစ်သွားရသည်တို့ ချွတ်ယွင်းမှုတို့ရှိနေမည်ပင်။
စူးယွင်သည် ရှေးခေတ်တွင်တော်ဝင်အာဏာ၏သာမန်လူများအပေါ် တစ်ဖက်စောင်းနင်းပြုမူပုံအား ကောင်းကောင်းကြီးသိထားလေသည်။သူမသည် ခပ်သွက်သွက်မတ်တပ်ရပ်ကာ လေးလေးစားစားဖြင့် ဒူးညွှတ်လိုက်၏။
"ဒီသာမန်အမျိုးသမီး စူးယွင်က နဉ်အန်းမင်းသမီးကို နှုတ်ဆက်ပါတယ်။မင်းသမီးကို ကြီးမြတ်တဲ့ကျန်းမာရေးနဲ့ ကောင်းချီးတွေရရှိပါစေလို့ ဆုတောင်းပေးပါတယ်"
နဉ်အန်းမင်းသမီးမှာ သူမအားကြည့်ကာ တိတ်ဆိတ်နေ၏။
ပြန်ထရန်ခွင့်ပြုမိန့်မကြားရ၍ စူးယွင်သည် ဒူးတစ်ဝက်ညွှတ်အနေအထားဖြင့်ဆက်ရှိနေကာ မျက်လွှာချ၍ မင်းသမီး၏အကြည့်နှင့်မဆုံရဲဝံ့ပေ။
"စိတ်လျှော့တော်မူပါ မင်းသမီး ဒီသာမန်သူကမင်းသမီးရဲ့ စစ်မှန်တဲ့အသွင်အပြင်ကို ပထမဆုံးအကြိမ်တွေ့ဖူးတာမလို့ သင့်လျော်တဲ့အပြုအမူလုပ်ဖို့ရာ ခဏလောက်မေ့လျော့သွားခဲ့ပါတယ်။ကျွန်တော်မျိုးမရဲ့အမှားကို မင်းသမီးကခွင့်လွှတ်ပေးဖို့ တောင်းပန်ပါရစေ"
နဉ်အန်းမင်းသမီးသည် စိတ်သဘောထားသေးသိမ်သူမဟုတ်ရာ အသင်းအဖွဲ့ဝင်များကြားရှိ စူးယွင်၏စိမ်းသက်သောမျက်နှာကို သတိပြုမိရာ သူမ၏လျှောက်လဲချက်ကို လက်ခံလေ၏။
"ထနိုင်ပြီ"
"ကျေးဇူးတင်ပါတယ် မင်းသမီး"
စူးယွင်သည် မတ်တပ်ရပ်လိုက်ပေသိ အချိန်အတော်ကြာ ထိုအနေအထားမျိုးနေခဲ့သောကြောင့် သူမခြေထောက်များမှာ ထုံနေခဲ့သည်။သူမသည် ကိုယ်အားဖော့လိုက်ရာ သူမခြေဖဝါးများမှာ ကျဉ်နေတော့၏။သူမ၏ကြွေပန်းဆံထိုးမှာ ယမ်းခါသွားပြီး ကျယ်လောင်သောတချွင်ချွင်မြည်သံထွက်လာကာ မင်းသမီး၏အာရုံကို ဖမ်းစားသွားတော့သည်။
နောက်ခဏတွင် သူမအကြည့်ထဲရှိ မူလအထင်တသေးအကြည့်မှာ အံ့ဩထိတ်လန့်မှုအဖြစ်ပြောင်းသွားလေ၏။