← Chapters

အခန်း (၆၀)

Vol. 6 Ch. 60

အခန်း (၆၀)

Vol. 6 Ch. 60

သူမသည်နာမည်ကြီးနန်းတွင်းဒရာမာကားထဲရှိ လျှောက်လဲချက်ပေးပုံကိုတုပကာ သူမခေါင်းကိုငုံ့၍ မျက်လွှာချကာ နဉ်အန်းမင်းသမီးထံမကြည့်ခဲ့ပေ။

နဉ်အန်းမင်းသမီးသည် သူမထံဖြတ်ကနဲကြည့်ကာ

"မင်းခေါင်းကိုမော့လိုက်"

သူမစကားအားကြားသော် စူးယွင်သည် သူမခေါင်းအားမော့လိုက်ပေသိ မင်းသမီးအားမကြည့်သေးပါချေ။

နဉ်အန်းမင်းသမီးမှာ သူမအားစူးစမ်းကြည့်လိုက်၏။

သူမ၏နူးညံ့ဖြူစင်သော အသားအရေ၊ ဆောင်းဦးအလား ကြည်လင်လှသော မျက်ဝန်းတစ်စုံတွင် တက်ကြွနက်နဲမှုတို့ပြည့်နေ၏။သေးငယ်သော နှာတံမြင့်မြင့်နှင့် ချယ်ရီနီရောင် ဆီးပန်းနှုတ်ခမ်းလွှာတို့မှာ ဆွဲဆောင်မှုတို့ဖြင့် တောက်ပနေလေသည်။

သူမ၏ဆံနွယ်ရှည်တို့အား သပ်သပ်ရပ်ရပ်ဆံထုံးတစ်ခုအသွင် ထုံးဖွဲ့ထားကာ ဆံထိုးတစ်ချောင်းထိုးစိုက်ထားပြီး သူမ၏သွင်ပြင်ထဲ ကျက်သရေရှိမှုကိုပါ ဖြည့်စွက်ထား၍ ကျန်းနန်ဒေသရှိ အမျိုးသမီးတစ်ဦးနှင့် တူ‌နေလေ၏။

"မင်းအဲ့ပစ္စည်းကို ဘယ်ကရတာလဲ"

"ဟမ်"

စူးယွင်မှာရှုပ်ထွေးသွားရသည်။

သူမသည်အဆင်တန်ဆာတော်တော်များများဝတ်ထား၍ နဉ်အန်းမင်းသမီးမှ မည်သည်ကိုရည်ညွှန်းသည်အား မသေချာတော့ပေ။

နဉ်အန်းမင်းသမီးသည်လည်း သူမ၏မေးခွန်းမှာ ကျယ်ပြန့်လွန်းသွားသည်ကို သဘောပေါက်သွား၏။သူမမှရှင်းပြတော့မည့်အချိန်တွင် အပြင်ဘက်မှ ပြောလာသည့် လေးနက်သောအသံတစ်သံအား ကြားလိုက်ရသည်။

"လူတိုင်းပဲ ပြင်ဆင်ထားကြပါ အစည်းအဝေးစပါတော့မယ်"

ရင်းနှီးနေသောအသံအားကြားသော် နဉ်အန်းမင်းသမီးမှာ လှည့်ကြည့်လိုက်၏။

ခေါင်းထက်တွင် သစ်သားဆံထိုးတစ်ချောင်းသာ ပန်ဆင်ထားပြီး အရောင်ရင့်ရင့် လက်ဝကျဉ်း ဟန်ဖုဝတ်စုံအား ဝတ်ဆင်ထားရာ ရိုးရှင်း၍ ကျက်သရေရှိသောသွင်ပြင်ရှိနေသည့် ရုန်စာမှာ ဝင်လာလေသည်။သူမနောက်တွင်တော့ သက်တူရွယ်တူလောက်ရှိမည့် ညာဘက်လက်ကောက်ဝတ်တွင် ဖဲပြားနီတစ်ခုချည်ထားသော လူတစ်ယောက်ပါလာသေးရာ ထိုလူသည် သူမလက်ထောက်ဖြစ်ပေမည်။

နဉ်အန်းမင်းသမီးအားမြင်သော် ရုန်စာသည် ရိုသေသမှုဖြင့် သူမကိုယ်အားညွှတ်လိုက်ပေသိ အခြားလူများလိုမဟုတ်ဘဲ ခဏကြာပြီးသည်နှင့် သူမဘာသာတန်းရပ်လိုက်ကာ ပြောလိုက်သည်။

"နဉ်အန်းမင်းသမီး အ‌စည်းအဝေးကစပါတော့မယ်။ခုံမှာထိုင်လိုက်ပါဦး"

နဉ်အန်းမင်းသမီး၏အကြည့်မှာ ရုန်စာထံမှနေ စူးယွင်ဆီရောက်သွားပြီးပေသိ နောက်ဆုံးတွင် ဘာမှထပ်ပြောမနေဘဲ ပထမတန်းဘယ်ဘက်ရှိခုံသို့ လျှောက်သွားလိုက်သည်။

နဉ်အန်းမင်းသမီးနှင့် ရုန်စာတို့ထိုင်ပြီးသည်နှင့် အခြားသူများလည်းသူတို့ခုံတွင် ထိုင်လိုက်ကြသည်ကို စူးယွင်မြင်လိုက်ရာ သူမလည်း စိတ်အေးလက်အေးဖြင့် ထိုင်ချလိုက်၏။

ရုန်စာသည် အခန်းထဲရှိလူများအား စစ်ဆေးကြည့်ကာ အချိန်ကျလုပြီမှန်းသိလိုက်သည်။သူမသည်လည်ချောင်းရှင်း၍ ပြောလိုက်၏။

"ဒီနေ့ကတော့ ၂နှစ်တစ်ကြိမ်ကျင်းပတဲ့ နှစ်ချုပ်အစည်းအဝေးဖြစ်ပြီး အကြောင်းအရာက တော်တော်ရိုးရှင်းပါတယ်။အရင်ဆုံး လူတိုင်းကို လုပ်ဖော်ကိုင်ဖက်အသစ်တစ်ဦးနဲ့ မိတ်ဆက်ပေးပါရစေ ဝမ်ကောရဲ့ဆိုင်ရှင် စူးယွင်ပါ"

စူးယွင်သည် ဖွဖွပြုံး၍ တည်ငြိမ်ဟန်ဖြင့်ရပ်ကာ ပြောလိုက်သည်။

"ကျွန်မကစူးယွင်ပါ။အနာဂတ်မှာ လူတိုင်းရဲ့လမ်းညွှန်မှုကိုရနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်"

ပြောပြီးသည်နှင့် သူမမှာအဘက်ဘက်သို့ အရိုအသေပေးလိုက်၏။

အချင်းချင်းတီးတိုးဆိုနေကြ‌သည့် စကားသံတို့မှာ အခန်းတွင်းပျံ့နှံ့သွားလေ၏။သူတို့သည် ဖက်ရှင်ဒီဇိုင်းပြိုင်ပွဲ၏ ပထမဆုရှင်ကို အသင်းနှင့်ပူးပေါင်းရန် အထူးဖိတ်ကြားခဲ့သည်ဟူသောအကြောင်းအား ကြားဖူးခဲ့ပေသိ ယခုမတိုင်ခင်ထိ သူတို့မှာ သူမနှင့်လူချင်းမတွေ့ဖူးကြသေးရာ သူမအားတွေ့လိုက်ရသည်နှင့် အနည်းငယ်ကြောင်အမ်းကုန်ကြသည်။

ဒီလိုမျက်နှာလှလှလေးနဲ့ အသက်ငယ်ငယ်လေးက......တစ်ကယ်ကိုအံ့ဩစရာပဲ။

အမျိုးသမီးကြီးတစ်ဦးမှာ သူမဘေးရှိလူ၏အင်္ကျီလက်အားဆွဲကာ တီးတိုးပြောလိုက်၏။

"ဝမ်ကောကစူးယွင်ဆိုတာ ချုံဆမ်းတွေရောင်းတဲ့တစ်ယောက်မလား"

နောက်ခဏတွင်တော့ လူတိုင်းမှာခေါင်းငုံ့ထားကြပြီး သူတို့၏တည်ရှိမှုကို လျှော့ချရန်အသာလုပ်လိုက်ကြရာ ကသိကအောက်ဟန်ဖြင့် သူတို့နှာခေါင်းများအား ပွတ်နေကြ၏။

ရုန်စာသည် သူမရှေ့ရှိစာရွက်စာတမ်းများအားလှန်ကာ ပြောလိုက်သည်။

"လူတိုင်းလဲ မိတ်ဆက်ပြီးပြီဆိုတော့ အဓိကပြဿနာဆီသွားကြစို့"

"လတ်တလောနှစ်တွေမှာ ကျွန်မတို့အသင်းက အခြားအသင်းတွေနဲ့ ယှဉ်ပြိုင်ဖို့ ငြင်းပယ်ခဲ့ကြတယ်။ကျွန်မတို့ရဲ့ လက်မှုပညာနဲ့ ဖန်တီးမှုစွမ်းရည်‌တွေက ထိုးထွက်မှုမရှိဘဲ ရပ်တန့်နေခဲ့ပြီ"

"ဒါကအရေးကြီးတဲ့ကိစ္စပဲ။လူတိုင်းစိတ်ကြိုက်အသုံးပြုနိုင်ဖို့ အရင်းအမြစ်တွေ အသင်းမှာရနေပေမယ့် အရင်းအမြစ်တွေကိုလဲ ငွေထွက်လာဖို့သုံးကိုသုံးရမှာ"

"ဒါပေမယ့်ဒီနှစ်တွေမှာ အသင်းက ပြင်းပြတဲ့ဆန္ဒနဲ့ တိုးတက်မှုမရှိဘဲ ပျင်းရိလာကြတယ်။ကျွန်မတို့က ဒီလိုအနေအထားမျိုးမှာသာ ဆက်ရှိနေမယ်ဆိုရင် ကျွန်မတို့ရဲ့လက်ရှိနေရာကို မထိန်းထားနိုင်ရုံတင်မကဘူး ကျွန်မတို့‌‌အောက်မှာရှိနေတဲ့ အခြားအသင်းတွေရဲ့ ကျော်တက်ပြီး သူတို့ခြေထောက်အောက်တက်နင်းတာခံရလိမ့်မယ်"

လူအုပ်စုမှာ သူတို့ခေါင်းများအား ပိုငုံ့လိုက်မိကြပြီး ပါးများသည်လည်း အတန်ငယ်နီရဲလာကာ နှုတ်ခမ်းတင်းတင်းစေ့၍ စကားမပြောဝံ့ကြတော့ပေ။

စူးယွင်သည် အသင်းမှဆုံးဖြတ်ထားသော အဆင့်များနှင့် အတွင်းပိုင်းအရင်းအမြစ်တို့အကြောင်းကို မသိ၍ အသင်း၏လတ်တလောအခြေအနေကို လည်း နားမလည်ခဲ့ချေ။

သူမသည် နှုတ်ခမ်းစေ့ထားကာ စကားဝင်မပြောဝံ့ပေ။

ရုန်စာသည် စူးရှပေသိ ကူကယ်ရာမဲ့သောအကြည့်ဖြင့် လူတိုင်းပေါ်သိမ်းကျုံးကြည့်လိုက်သည်။သူမသည် လက်ဖဝါးထက်ရှိ စာရွက်စာတမ်းပေါ် လက်တင်ကာ ဆက်ပြောလာ၏။

"လူတိုင်းကစကားမပြောတာနဲ့ပဲ အကုန်အဆင်ပြေသွားမယ်မထင်ပါနဲ့။အထက်ပိုင်းက ဆုံးဖြတ်ပြီးသွားကြပြီ။အဝတ်အထည်အသင်းသာ ဒီနှစ်အတိုင်းဆက်ရှိနေရင် အရင်းအမြစ်တွေကို ထက်ဝက်လျှော့ချပစ်လိမ့်မယ်။အခြေအနေသာပြင်းထန်ရင် ဘဏ္ဍာငွေဖြတ်တောက်ခံရနိုင်တယ်"

ဘဏ္ဍာငွေဖြတ်တောက်မယ် -

စကားနှစ်ခွန်းမှာ တိတ်ဆိတ်နေသောအခန်းတွင်း အုတ်ခဲတစ်တန်ပစ်ချလိုက်သလိုပင်။

အသင်း၏အတွေ့အကြုံရင့် သက်ကြီးပိုင်းအဖွဲ့ဝင်မှာ လူတိုင်း၏အတွေးများအစား ပြောလာလေ၏။

"အကြီးအကဲ ဘာလို့ဒီလိုပြင်းပြင်းထန်ထန်အကဲဖြတ်နေရတာလဲ။ဒီမှာရှိတဲ့လူတိုင်းက သူတို့ရဲ့ကိုယ်ပိုင်အရည်အချင်းတွေပေါ်မူတည်ပြီး အသင်းထဲဝင်လာကြတာလေ။ပြီးတော့ သူတို့အရည်အချင်းတွေနဲ့စွမ်းရည်တွေကလဲ အသင်းရဲ့စံနှုန်းနဲ့မှီနေတာမလား"

လူတစ်ဦးပြောလိုက်သည်နှင့် အခြားသူများကပါ ချက်ချင်းထောက်ခံလာကြတော့၏။

"ဟုတ်ပါတယ် ကျွန်မတို့မှာ ပြောင်မြောက်တဲ့အောင်မြင်မှုတွေမရှိပေမယ့် အကုန်လုံးက အလုပ်ကြိုးစားခဲ့ကြတာပါ။ဒီနေ့ဒီနေရာဆီရောက်ဖို့ မလွယ်ကူခဲ့ကြပါဘူး"

"အကြီးအကဲရုန် လူတိုင်းက......"

ရုန်စာသည်လဲ သူတို့စိတ်ထဲရှိ ခါးသီးမှုကို နားလည်ပေသိ အထက်မှအမိန့်သည် သူမထိန်းချုပ်မှုနောက်တွင်ဖြစ်သည်။

သူမလက်အားမြှောက်ကာဝှေ့ယမ်း၍ လူတိုင်းအားတိတ်တိတ်နေရန် အချက်ပြလိုက်၏။

"လူတိုင်းအတွေးတွေကို ကျွန်မနားလည်ပေမယ့် ဧကရာဇ်အမိန့်ကို ငြင်းဆန်ဖို့က ခက်ခဲလွန်းတော့ ဒီကိစ္စမှာ ကျွန်မတစ်ကယ်အင်အားမရှိပါဘူး"

ကုန်သည်အသင်း၏တိုက်ရိုက်ကြီးကြပ်သူမှာ ဗျူရို၏လက်ရှိညွှန်ကြွားရေးမှူးထံ ဦးတည်သွားသည့် ကုန်သွယ်ရေး၏ ဗျုရိုကြီးကြပ်ရေးမှူးဖြစ်၏။ညွှန်ကြားရေးမှူးသည် အဝတ်အထည်အသင်း၏အခြေအနေကို အလွန်အမင်းစိတ်ပျက်‌နေပြီဖြစ်သောဧကရာဇ်ထံတင်ပြလေသည်။ဤသည်ကြောင့်ပင် ဧကရာဇ်မှ လက်ရှိအမိန့်ကို ထုတ်ပြန်ခဲ့ခြင်းပင်။

"ဒါက...."

လူတိုင်းသည် အကြည့်ချင်းဖလှယ်ကာ သူတို့ပါးစပ်များအားပိတ်၍ စကားဆက်ပြောရန်မလုပ်တော့ချေ။

ဧကရာဇ်၏စကားများမှာ အထွတ်အမြတ်ထားလေးစားရမည်ဖြစ်၍ မည်သူမျှအငြင်းမပွားနိုင်ပေ။

နဉ်အန်းမင်းသမီးသည် သူတို့အားကြည့်ကာ တင့်တယ်သောအမူအယာဖြင့် သူမရေနွေးခွက်အား ကိုင်ကာအငုံလေးတစ်ငုံသောက်လိုက်သည်။

ထို့နောက် ရေနွေးခွက်အားပြန်ချကာ သူမလက်ထဲရှိပုတီးစေ့လေးများအား လှိမ့်၍ကစားနေရင်း

"ဧကရာဇ်ကနေ ဒီကိစ္စအကြောင်းပြောခဲ့တာကို ကျွန်မလဲကြားမိပါတယ်။အဝတ်အစားနဲ့ အဆင်တန်ဆာတွေကို နှစ်ခြိုက်တဲ့ ဒီမင်းသမီးလိုလူမှာ အဝတ်ထည်အသင်းအတွက် နက်ရှိုင်းတဲ့ခံစားချက်တွေရှိနေတယ်လေ။ဒါကြောင့်ပဲ အသင်းရဲ့ကိုယ်စား ဒီမင်းသမီးက အရှင့်ဆီအထူးအခွင့်အရေးတစ်ခုတောင်းဆိုခဲ့တယ်"

"အရှင်က သနားကြင်နာတတ်သူဖြစ်လို့ ဘယ်လောက်သေးငယ်တဲ့တိုးတက်မှုဖြစ်စဉ်နေနေ ရှိခဲ့မယ်ဆိုရင် ထူးခြားမှုအ‌နေနဲ့ရာထူးတိုးဖို့အခွင့်အရေးတစ်ခုရှိနိုင်မယ်လို့ မိန့်ခဲ့ပါတယ်။ဒါပေမယ့် ရပ်တန့်နေဦးမယ် နောက်ပြန်ဆုတ်သွားမယ်ဆိုရင်တော့ သင့်တော်တဲ့ရာထူးတစ်နေရာစာလျှော့ချပါမယ်တဲ့။အဲ့တော့ လူတိုင်းက ဒီကိစ္စကိုအလေးအနက်ထား‌ကြဖို့နဲ့ မင်းတို့ရဲ့ ဂုဏ်သိက္ခာ အသင်းရဲ့ဂုဏ်သတင်းကို ဆုံးရှုံးမခံကြဖို့ မျှော်လင့်မိပါတယ်"

All Chapters