အဆင့်မဲ့ ဆေးလုံး၊ အားလုံးကို အံ့အားသင့်စေခြင်း
Vol. 51 Ch. 755
ထိုအသံသည် တည်ငြိမ်သော်လည်း အခြေအနေကို ပြန်လည် လှုပ်ခတ်သွားစေပြီး လူအုပ်ကြားထဲမှာ ဂယက်ထသွာ စေကာ တီးတိုးဆွေးနွေးသံများအား ဆူညံသွားစေသည်။
"ဘယ်သူ ပြောလိုက်တာလဲ"
"သခင်လေးလုနဲ့ ယှဉ်ပြီး ပစ္စည်းတစ်ခုကို လေလံဆွဲရဲတယ်၊ သူ့သတ္တိက ဘယ်လောက်တောင် ကြီးနေလို့လဲ"
လုကျင်းလုံ၏ မျက်နှာအမူအရာလည်း ရုတ်တရက် မည်းမှောင်သွားသည်။
အဘယ့်ကြောင့်ဆို ဘယ်သူကမှ သူ့ဆီက ပစ္စည်းတစ်ခုကို လုယူဖို့ ပြိုင်ရဲခဲ့ဖူးတာ မရှိသောကြောင့်ဖြစ်သည်။
ထိုအခိုက်အတန့်မှာပင် သီးသန့်အခန်းပေါ်ရှိ အတားအဆီးလည်း ထပ်မံပွင့်သွားပြီး ရွှယ်အန်းက အထဲကနေ လမ်းလျှောက် ထွက်လာသည်။
ထိုလူကို မြင်လိုက်ရသောအခါ လူတော်တော်များများလည်း နားမလည်နိုင်သော အကြည့်ဖြင့် ကြည့်မိကြသည်။
အဘယ့်ကြောင့်ဆို သူ ဘယ်သူလဲဆိုသည်အား မည်သူမှ မသိကြသောကြောင့်ဖြစ်သည်။
လုကျင်းလုံက အေးစက်စွာ နှာမှုတ်လိုက်သည်။
"တော်တော် သတ္တိရှိတဲ့ စကားပဲ၊ မင်းဆီမှာ တကယ်ပဲ အင်မော်တယ်ကျောက်သလင်း တစ်သန်း ရှိလို့လား"
ရွှယ်အန်းက ထိုစကားကိုကြားသောအခါ ပြုံးလိုက်သည်။
"အင်မော်တယ် ကျောက်သလင်းလား၊ ငါ့မှာ ဘာမှမရှိဘူး"
ထိုစကားသည် နေရာတစ်ခုလုံးကို လှုပ်ခတ်သွားစေသည်။
"သူ့မှာ ဘာမှမရှိဘဲ လေလံဆွဲရဲတယ်"
"ကျစ်ကျစ်.. သူက တကယ် သေဖို့ ကြိုးစားနေတာပဲ"
ပိုင်ချင်းအာ၏ မျက်နှာအမူအရာပင် မည်းမှောင်သွားပြီး ရွှယ်အန်းအပေါ် အလွန် မနှစ်မြို့သော ခံစားချက် ဖြစ်ပေါ်လာကာ သူသည် ပြဿနာရှာဖို့ လာသည်ဟု ခံစားလိုက်ရသည်။
"မင်းမှာ အင်မော်တယ် ကျောက်သလင်း မရှိဘဲ လေလံဆွဲရဲတယ်ပေါ့၊ ငါ့ကို လာနောက်နေတာလား"
လုကျင်းလုံက သတ်ဖြတ်လိုသော မျက်နှာထားနှင့် ပြောလိုက်သည်။
ရွှယ်အန်းက ခေါင်းခါလိုက်သည်။
"မဟုတ်ပါဘူး၊ ငါက အင်မော်တယ် ကျောက်သလင်းတွေ အများကြီး မထုတ်ပေးနိုင်ပေမယ့် ငါ့မှာ အင်မော်တယ် ကျောက်သလင်းတွေထက် အများကြီး ပိုတန်ဖိုးရှိတဲ့ အရာတွေ ရှိတယ်"
လူအုပ်ကြီး အားလုံး အံ့အားသင့်သွားကြသည်။
ထိုအချိန်တွင် ရွှယ်အန်းက သူ၏ သိုလှောင်လက်စွပ်ထဲမှ ကံကြမ္မာ ဆေးရ ရည်ကို ပေါ့ပေါ့ပါးပါး ထုတ်ယူလိုက်သည်။
ဖန်ပုလင်းငယ်လေးထဲမှာ ထည့်ထားပြီး စွဲမက်ဖွယ်ကောင်းသော အလင်းရောင်များ ထုတ်လွှတ်နေသော ဤဆေးရည်များ ပေါ်လာသည်နှင့် တစ်ပြိုင်နက် အခန်းထဲမှ လူအားလုံး၏ အာရုံကို ဖမ်းစားလိုက်သည်။
လူတော်တော်များများသည် အံ့အားသင့်နေကြပြီး ပိုင်ချင်းအာနှင့် ဝတ်ရုံစိမ်းအကြီးအကဲ နှစ်ယောက်လုံးမှာ တုန်လှုပ်သွားကြကာ သူတို့၏ မျက်လုံးထဲတွင် အံ့အားသင့်သေ အရိပ်အယောင်များ ပေါ်လာသည်။
အဘယ့်ကြောင့်ဆို ဤကံကြမ္မာ ဆေးရည်မှ ထုတ်လွှတ်နေသော ဝိညာဉ်စွမ်းအင်သည် အားနည်းသော်လည်း အလွန်တရာ သန့်စင်နေသောကြောင့်ဖြစ်သည်။
လုကျင်းလုံ၏ မျက်နှာအမူအရာလည်း ထိုဆေးရည်များကို မြင်လိုက်ရသောအခါ အကြိမ်များစွာ ပြောင်းလဲသွားပြီး အေးစက်စွာ ပြက်ရယ်ပြုလိုက်သည်။
"တော်တော် စိတ်ဝင်စားစရာကောင်းတဲ့ ကစားစရာလေးပဲ၊ ဒါပေမဲ့ ဒီအရာတွေက အင်မော်တယ် ကျောက်သလင်း တစ်သန်း လုံးဝ မတန်ဘူး"
လူတော်တော်များများလည်း သဘောတူညီစွာ ခေါင်းညိတ်ကြသည်။
ဤ ကံကြမ္မာဆေးရည်များသည် အတော်လေး ကောင်းပုံရကာ ရောင်းချပါက ဈေးကောင်းရနိုင်သော်လည်း အင်မော်တယ် ကျောက်သလင်း တစ်သန်းဖြငခ့ ရောင်းချဖို့ စိတ်ကူးသည်တော့ မဖြစ်နိုင်သော အိပ်မက်တစ်ခုနှင့်တူလှသည်။
သို့သော် ရွှယ်အန်းသည် အနည်းငယ် ပြုံးလိုက်သည်။
"မှန်တယ် သူတို့က လက်ရှိမှာတော့ အဲ့ဒီလောက် မတန်သေးဘူး၊ ဒါပေမဲ့ မကြာခင်မှာတော့ တန်သွားလိမ့်မယ်"
ရွှယ်အန်းသည် သူ့လက်ကို ဝှေ့ယမ်းလိုက်ချိန် ကံကြမ္မာ ဆေးရည်အားလုံးသညါ လေထဲကို ပျံတက်သွားသည်။
ထို့နောက် မီးတောက် တစ်မျှင်သည် သူတို့ကို ဖုံးလွှမ်းသွားပြီး ကံကြမ္မာ ဆေးရည်အားလုံးကို ရစ်ပတ်လိုက်သည်။
ကံကြမ္မာဆေးရည်များသည် တိတ်ဆိတ်စွာ ပြန်လည် ပေါင်းစပ်ကာ ပေါင်းခံ ကျိုချက်ခြင်း ခံလိုက်ရသည်။
"ဒါ... ဒီ ဆေးပညာက..."
ပိုင်ချင်းအာနှင့် တခြားသူများ၏ မျက်နှာအမူအရာများလည်း တစ်ပြိုင်နက်တည်း ပြောင်းလဲသွားသည်။
အဘယ့်ကြောင့်ဆို ရွှယ်အန်း အခု ပြသခဲ့သော နည်းစနစ်သည် ဆေးဖော်ပညာ၏ အမြင့်မားဆုံး အဆင့် ဖြစ်နေသောကြောင့်ဖြစ်သည်။
ပိုင်ချင်းအာတောင်မှ ထိုသည်ကို ကောလဟာလ အဖြစ်သာ ကြားဖူးပြီး ကိုယ်တိုင် မျက်စိနှင့် မမြင်ဖူးခဲ့ဘူးချေ။
သူမ ဒီနေ့ မျက်မြင်ကိုယ်တွေ့ မြင်လိုက်ရချိန် လူသိများသော ဆေးပညာရှင် ရှောင်တန်ချန်သည် အဘယ့်ကြောင့် ဤလူအပေါ်မှာ အလွန်လေးစားနေလဲဆိုတာကို ပိုင်ချင်းအာ ရုတ်တရက် နားလည်သွားသည်။
၎င်း၏ ဆေးဖော်ပညာ တစ်ခုတည်းနှင့်တင် ဒေသများကို ဖြတ်ကျော်သွားလာနိုင်ပြီး အင်အားကြီး အဖွဲ့အစည်း အားလုံးက လေးစားရသော ဧည့်သည်တော်အဖြစ် စာရင်းသွင်းခံရဖို့ ထိုက်တန်နေပြီဖြစ်သည်။
ယခုအချိန်မှာတော့ ကံကြမ္မာ ဆေးရည်များသည် ပြီးပြည့်စုံအောင် သန့်စင်ပြီးသွားခဲ့ပြီး လက်တစ်ဆုပ်စာ ပမာဏလောက်ရှိသော ရွှေရောင်အရည်သာ ကျန်တော့သည်။
ထို့နောက် မွှေးရနံ့တစ်ခု ပျံ့နှံ့လာပြီး ထိုအနံ့ကို ရှူရှိုက်မိသူတိုင်း၏ စိတ်ဝိညာဉ်များလည်း လန်းဆန်းသွားသည်။
တစ်ချိန်တည်းမှာပင် ရွှယ်အန်းက ခပ်အုပ်အုပ် အော်လိုက်သည်။
"ပေါင်းစပ်"
ရွှေရောင်အရည်များသည် ရုတ်တရက် ကိုးကြိမ်တိုင်တိုင် တုန်ခါသွားပြီး တောက်ပစွာ လင်းလက်နေဆသာ ရွှေရောင် ဆေးလုံးတစ်လုံးအဖြစ် ခဲသွားသည်။
ရွှေရောင်ဆေးလုံး ပေါ်လာသည်နှင့်အမျှ အစွမ်းထက်သော ဆေးလုံး စွမ်းလှိုင်းလုံးတစ်ခုသည် အခန်းထဲကို ဖြတ်သန်း တိုက်ခတ်သွားသည်။
ဆေးလုံးပညာလမ်းစဉ်အား ကျွမ်းကျင်သော ကျင့်ကြံသူများသည် ရွှယ်အန်းကို ဒူးထောက် အရိုအသ ပေးလိုက်ချင်စိတ်တောင် ပေါက်သွားသည်။
အဘယ့်ကြောင့်ဆို သူသည် လက်တစ်ဖက် ယမ်းယုံဖြင့် ဆေးလုံးတစ်လုံး ဖန်တီးနိုင်သော နည်းလမ်းမှာ အမှန်တကယ်ကို ကြောက်စရာ ကောင်းလွန်းလှသည်။
ရွှယ်အန်းသည် သူ့လက်ကို ဆန့်တန်းလိုက်ချိန် ရွှေရောင်ဆေးလုံးသည် သူ့လက်ဖဝါးပေါ်မှာ ဖြည်းညှင်းစွာ ပျံဝဲနေသည်။
"ကဲ... ဒီဆေးလုံးက လုံလောက်ရဲ့လား"
ဘယ်သူမှ စကားမပြောနိုင်ကြပေ။ လူတိုင်းသည် ရွှယ်အန်း၏ လက်ထဲမှ မှန်တစ်ချပ်ပမာ တောက်ပနေသော ရွှေရောင် ဆေးလုံးကိုသာ ကြောင်တောင်တောင် ကြည့်နေကြသည်။
ထိုအချိန်မှာ လုကျင်းလုံသည် ပြက်ရယ်ပြုလိုက်သည်။
"ဟက်... တော်တော် ခမ်းနားတဲ့ ပြကွက်ပဲ၊ ဒါပေမဲ့ ဆေးလုံး မိုးကြိုးအရိပ်အယောင် တစ်စက်မှတောင် မရှိဘူး၊ ဒီလို ဆေးလုံးမျိုးတွေ ငါ့အိမ်မှာ အများကြီး ရှိတယ်၊ ဘာကများ ဒီလောက် ထူးခြားနေလို့လဲ၊ ဈေးကြီးကြီးနဲ့ ရောင်းဖို့ ကြိုးစားနေတာလား၊ တကယ်ပဲ အရူးတစ်ယောက်ရဲ့ အိပ်မက်ပါကွာ"
ထိုသည်မှာ လူတော်တော်များများ၏ စိတ်ထဲက အတွေးလည်း ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ ရွှယ်အန်း ဆေးလုံး ဖော်စပ်နေတုန်း မည်သည့် လှုပ်ရှားမှု လက္ခဏာမှ မရှိခဲ့ပေ။
အဆင့်မြင့် ဆေးလုံးတစ်လုံး မွေးဖွားလာပါက ဆေးလုံး မိုးကြိုး ပေါ်ထွက်လာခြင်းနှင့် အတူတကွ ဖြစ်ပေါ်တတ်တယ်ဆိုတာ အားလုံး သိထားသော အသိဖြစ်သည်။
ထို့ကြောင့် သံသယများသည် မလွဲမသွေ ဖြစ်ပေါ်စေသည်။
ရွှယ်အန်းက တစ်ချက်ပြုံးလိုက်ပြီး အနီးအနားရှိ ရှောင်တန်ချန်ကို လှည့်မေးလိုက်သည်။
"မင်း ဒီဆေးလုံးကို သိလား"
ရှောင်တန်ချန်က အစပိုင်းမှာ ကြက်သေသေနေသော မျက်နှာထားဖြစ် ရှိနေသော်လည်း ရွှယ်အန်းက သူ့ကို မေးလာသောအခါ တုန်လှုပ်နေရာမှ တဖြည်းဖြည်း သတိပြန်ဝင်လာသည်။
ထို့နောက် ရှောင်တန်ချန်သည် စိတ်လှုပ်ရှားမှုကြောင့် တုန်ယင်နေပြီး သူ့သွားများကတောင် အချင်းချင်းရိုက်ခတ်နေမိသည်။
"ဆရာ... ဒါက ဒဏ္ဍာရီလာ အကန့်အသတ်မဲ့ ဆေးလုံးလား"
ရွှယ်အန်းက ခေါင်းညိတ်လိုက်သည်။
"မင်းရဲ့အမြင်က တကယ် မဆိုးဘူးပဲ"
အကန့်အသတ်မဲ့ ဆေးလုံး!
ထိုထူးဆန်းသောအသုံးအနှုန်းကြောင့် ကျင့်ကြံသူ တော်တော်များများ၏ မျက်နှာတွေပေါ်မှာ နားမလည်သော အမူအရာများပေါ်လာသည်။
သို့သော် ဆေးပညာရှင်များသည်တော့ ထိတ်လန့်တကြား အော်ဟစ်လိုက်ကြသည်။
"ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ၊ အကန့်အသတ်မဲ့ဆေးလုံးက တကယ် ရှိလို့လား"
ဝတ်ရုံစိမ်းနှင့် အကြီးအကဲသည် အလွန် စိတ်လှုပ်ရှားသွားပြီး ရှေ့ကို တိုးလာကာ ရွှယ်အန်းနားကို ချဉ်းကပ်လာပြီး လေးစားစွာ ဦးညွှတ်လိုက်သည်။
"အရှင်... ဒီအဘိုးကြီးကို ဆေးလုံးကို အကဲဖြတ်ခွင့် ပေးနိုင်မလား"
"ရတာပေါ့"
ရွှယ်အန်းသည် ပေါ့ပေါ့ပါးပါး ပစ်ပေးလိုက်သည်။
ဝတ်ရုံစိမ်းနှင့် အကြီးအကဲသည် အမြန် ဖမ်းလိုက်ပြီး ဂရုတစိုက် စစ်ဆေး ကြည့်ရှုသည်။
ထိုအချိန်မှာ ဆေးပညာ ကျွမ်းကျင်သူ အများအပြားလည်း ဝိုင်းအုံလာကြသည်။
သူတို့ ကြည့်လေလေ သူတို့၏ မျက်နှာအမူအရာများသည် ပိုလို့ပင် လေးနက်လာလေသည်။
ခဏအကြာမှာ ဝတ်ရုံစိမ်းနှင့် အကြီးအကဲသည် ရွှေရောင် ဆေးလုံးကို ရွှယ်အန်းဆီ ပြန်ပေးလိုက်သည်။
"ဘယ်လိုသဘောရလဲ၊ တစ်ခုခု ထူးခြားတာ တွေ့လား"
ရွှယ်အန်းက မေးလိုက်သည်။
ဝတ်ရုံစိမ်းနှင့် အကြီးအကဲက ရှောင်တန်ချန်ကို လှည့်ကြည့်ရင်း ခပ်ယဲ့ယဲ့ ပြုံးပြလိုက်သည်။
"မစ္စတာရှောင် ဒီကိစ္စတွေမှာ ခင်ဗျားက ကျွမ်းကျင်သူပဲ၊ ခင်ဗျားပဲ ပြောပြလိုက်ပါ"
ရှောင်တန်ချန်က အသက်ကိုပြင်းပြင်း ရှူလိုက်ပြီး ဖြည်းညှင်းစွာ ပြောလိုက်သည်။
"ဒီဆေးလုံးအတွက် ဆေးလုံး မိုးကြိုး မပေါ်လာရတဲ့ အကြောင်းရင်းက အရှင်ရွှယ်အန်းက သူ့ကို ဖော်စပ်တဲ့အခါ ဘယ်လို ကံမျိုးနဲ့မှ မညစ်ညမ်းတဲ့ ပစ္စည်းတွေနဲ့ နည်းစနစ်တွေကို သုံးခဲ့လို့ပဲ၊ ဒါကြောင့် ပြီးဆုံးသွားတဲ့အခါမှာ ဒီလို ငြိမ်သက်နေခဲ့တာ"
"ဒါပေမဲ့ အဲ့ဒါတစ်ခုတည်းဆိုရင်တော့ ဒါက ထူးခြားတယ်လို့ ပြောစရာ မရှိဘူး၊ အဓိက အချက်ကတော့ ဒီ အကန့်အသတ်မဲ့ ဆေးလုံ မှာ ဘယ်လို ဆိုးကျိုးမှမရှိဘူး"
ထိုစကားသည် လေလံရုံ တစ်ခုလုံးကို တိတ်ဆိတ်သွားစေသည်။ ကျင့်ကြံသူမျသည် ဆေးပညာ အသုံးအနှုန်းများကို နားလည်ချင်မှ နားလည်လိမ့်မည်။ ဆိုးကျိုးမရှိဘူးဆိုသည်မှာ ဘာကို ဆိုလိုသလဲဆိုတာကိုတော့ သူတို့အားလုံး ရှင်းရှင်းလင်းလင်း သိသည်။
ဆေးလုံးတစ်လုံးကို စားသုံးဖို့ဆိုပါက လူတစ်ယောက်သည် ပြင်ဆင်မှုများ လုပ်ရလိမ့်မည်။ ထိုသို့လုပ်ရင်တောင် ဆေးလုံး၏ စွမ်းအင်အားလုံးကို စုပ်ယူနိုင်လိမ့်မည်ဟု အာမမခံနိုင်ပေ။
ထို့အပြင် ဆေးလုံး တော်တော်များများမှာ ကျင့်ကြံမှုအဆင့် အကန့်အသတ်များလည်း ရှိသည်။
ဥပမာ အင်မော်တယ်အဆင့်မှာရှိသော လူတစ်ယောက်အတွက် သတ်မှတ်ထားသော ဆေးလုံးကို လွတ်မြောက်အင်မော်တယ်အဆင့်မှာရှိသော တစ်ယောက်မှ စားသုံးမိပါက ပေါက်ကွဲပြီး သေဆုံးသွားနိုင်သည်။
သို့သော် အကန့်အသတ်မဲ့ ဆေးလုံးမှာတော့ ဤအကန့်အသတ်များ တစ်ခုမှ မရှိပေ။
ထိုသည်မှာ ဘာကိုဆိုလိုလဲဆိုသည်မှာ ကျင့်ကြံမှုတစ်စက်မှ မရှိသော သာမန်လူတစ်ယောက်ဖြစ်စေ၊ အင်အားကြီးမားသော ရွှေအင်မော်တယ်တစ်ယောက်ဖြစ်စေ နှစ်ယောက်လုံး သောက်သုံးနိုင်သည်ဆိုခြင်းဖြစ်သည်။
ထို့အပြင် ဖြစ်ပေါ်လာဆသာ အကျိုးသက်ရောက်မှုများကလည်း အတူတူသာ ဖြစ်သည်။
ထိုသည်မှာ အလွန် ကြောက်စရာကောင်းသည်။
အဘယ့်ကြောင့်ဆို တစ်ကနေ တစ်ရာ ဖြစ်လာဖို့က အတော်လေး လွယ်ကူသော်လည်း တစ်ယောက်ယောက်က ရွှေအင်မော်တယ် ဖြစ်သွားပြီး တစ်သောင်းကို ရောက်ရှိသွားပြီဆိုပါက ရှေ့ဆက် တိုးတက်ရန် အလွန်တရာ ခက်ခဲသွားနိုင်သည်။
သို့သော် အကန့်အသတ်မဲ့ ဆေးလုံးသည် ဤအရာကိုဖယ်ရှားပေးနိုင်သည်။
ထို့ကြောင့်ပဲ ရှောင်တန်ချန်သည် ဤလောက်တောင် စိတ်လှုပ်ရှားနေခဲ့ခြင်းဖြစ်သည်။
ဤရှင်းပြချက်များကို ကြားပြီးနောက် လူတိုင်းသည်'အကန့်အသတ်မဲ့ ရွှေရောင် ဆေးလုံးကို ကြည့်နေသောအကြည့်များ ပြောင်းလဲသွားသည်။
ထိုအချိန်မှာ ရွှယ်အန်းက ပြောလိုက်သည်။
"ကဲ အခု ပြော၊ ဒီဆေးလုံးက လုံလောက်ရဲ့လား"