သုံးရက်ကြာပြီးနောက်
Vol. 52 Ch. 776
ပေါက်ကွဲစေတတ်သော သတင်းများ ဆက်တိုက်ထွက်ပေါ်လာခြင်းမှာ လက်ရှိရှိနေသူတိုင်းကို အံ့အားသင့်သွားစေပြီး စိတ်ထဲတွင် အနည်းငယ် ဗြောင်းဆန်သွားခဲ့သည်။
အထူးသဖြင့် လုပိုင်ယွဲ့သည် ကျွမ်းကျင်အဆင့်၏ အထွတ်အထိပ်တွင် တန့်နေခဲ့ကာ ကမ္ဘာမြေအဆင့် ဆေးဆရာအဆင့်သို့ အပြည့်အဝ မလှမ်းနိုင်ခဲ့သောကြောင့် ယခုအခါတွင် ရွှယ်အန်းကို လုံးဝ ထိတ်လန့်တကြားကြည့်နေသည်။ ဤလူက မည်မျှ အစွမ်းထက်မည်ကို သူမ မတွေးထားမိပေ။ မကြာသေးမီကအထိ သူသည် မည်သည့်အဆင့်မျှ မရှိသော သာမန်သူတစ်ဦးဖြစ်သော်လည်း မျက်စိတစ်မှိတ်အတွင်းတွင် အနက်ရောင်ဝတ်ရုံဝတ်ရသည့် ကြောက်မက်ဖွယ် ကမ္ဘာမြေအဆင့် ဆေးဆရာဖြစ်လာခဲ့သည်။ ဤပြောင်းလဲမှုသည် ရုတ်ချည်းဆန်လှသဖြင့် လုပိုင်ယွဲ့ပင် လက်ခံရန် ခဏတာ တုံ့ဆိုင်းနေမိသည်။
"အခု ငါ အရည်အချင်းပြည့်မီပြီလား" ရွှယ်အန်းသည် သူ့နောက်ကျောကို လက်နှစ်ဖက်ဖြင့်ရပ်ကာ တည်ငြိမ်စွာပြောလိုက်သည်။
ပရိတ်သတ်အားလုံး၏အကြည့်များသည် နတ်ဆေးဘိုးဘေးဆီသို့ရောက်ရှိသွားကြသည်။ နတ်ဆေးဘိုးဘေး၏ အသားအရောင်က မျက်လုံးဖြင့် မြင်နိုင်သောအတိုင်းအတာဖြင့် ပြောင်းလဲသွားသည်။ သူ့မျက်လုံးများသည် သိမ်းငှက်ကဲ့သို့ တောက်ပကာ ရှုပ်ထွေးသော စိတ်ခံစားမှုများဖြင့် တဖျပ်ဖျပ်ခတ်နေသည်။
သို့သော် မကြာမီ၌ပင် သူသည် စိတ်တည်ငြိမ်မှုကို ပြန်လည်ရရှိကာ ဆိုးယုတ်စွာပြုံးလိုက်၏။
“မောင်ရင် ငါမင်းကို တကယ်လျှော့တွက်ခဲ့မိပုံပဲ။ သုံးနာရီအတွင်း ဥပဒေဆေးကို ဖော်စပ်ပြီး ကမ္ဘာမြေအဆင့် ဆေးပညာရှင်တစ်ယောက် ဖြစ်လာတာဆိုတော့ ငါလေးစားမိပါတယ်”
သူ ဤသို့ပြောနေစဥ်၌ နတ်ဆေးဘိုးဘေးက တုန်ယင်နေသော ချောင်တုရှန်ဘက်သို့လှည့်ကာပြောလိုက်သည်။
“ဒူးထောက်ပြီး တောင်းပန်လိုက်”
ချောင်တုရှန်တုန်တုန်ယင်ယင် ခုခံရန် မဝံ့မရဲပေ။
“ဟုတ်…ဟုတ်”
ထို့နောက် မြေပြင်ပေါ်တွင် ဒူးထောက်ကာ တုန်တုန်ယင်ယင်ပြောသည်။
“ရွှယ်… သခင်ရွှယ်… အရာအားလုံးက ကျွန်တော့်အမှားတွေပါ။ ကျေးဇူးပြုပြီး ကျွန်တော့်ကို တစ်ခါလောက် သက်ညှာပေးပါ”
ထိုစကားကြောင့် ၎င်းတို့ယခင်က တင်းမာမှုများ ကင်းမဲ့သွားသည်။ ပတ်ဝန်းကျင်ရှိ လူအုပ်ကြီးလည်း ငြိမ်သွားသည်။ ဤအရာများအားလုံးသည် ရွှယ်အန်းက သူ၏ ကြောက်မက်ဖွယ် အစွမ်းသတ္တိကို သက်သေ ပြခဲ့ခြင်းကြောင့်ဖြစ်ကြောင်း ၎င်းတို့ ကောင်းစွာသိကြသည်။ ထို့အပြင် နတ်ဆေးဘိုးဘေး၏ လုပ်ရပ်သည် ရွှယ်အန်းကို ကြောက်ရန်မဟုတ်ဘဲ သန်မာသော သူများအပေါ် မှန်ကန်သည့် လေးစားမှုသာဖြစ်သည်။
ရွှယ်အန်းသည် ကမ္ဘာမြေအဆင့် ဆေးဆရာဖြစ်မလာခင်က နတ်ဆေးဘိုးဘေးသည် တပည့်ဖြစ်သူ ချောင်တုရှန်ကို သဘာဝအတိုင်း မျက်နှာသာပေးကာ ကာကွယ်ရမည်ဖြစ်သည်။ ယခုမူ ရွှယ်အန်းက နတ်ဆေးဘိုးဘေးနှင့် အဆင့်တူသွာားသဖြင့် သူ့တပည့်ကို ဒူးထောက်တောင်းပန်ခိုင်းရန် တုံ့ဆိုင်းမနေခဲ့ပေ။ သူ့အတွက် တပည့်မျှသာသည် ကမ္ဘာမြေအဆင့် ဆေးဆရာကို မစော်ကားထိုက်ပေ။
ထို့အပြင် လူများစွာကလည်း ဤအရာက စစ်မှန်သော လုပ်ရပ်ဖြစ်၍ မှားယွင်းသည်ဟု မထင်ကြပေ။ ထို့နောက် နတ်ဆေးဘိုးဘေးက ပြောလိုက်သည်။
“ရွှယ်အန်း မင်းရဲ့ ဆေးပညာတာအိုစွမ်းရည်တွေက တော်တော်ကောင်းတယ်။ ဒီအသေးအဖွဲ့ကိစ္စက ငါတို့ ကြား ရန်ငြှိုးဖွဲ့နေဖို့မလိုဘူး။ ငါ့အမြင်အရတော့ ဒီကိစ္စကို ဒီမှာပဲ ထားလိုက်ပါ”
ဤစကားကိုကြားလိုက်ကြရသောအခါ အားလုံးက တိတ်တဆိတ်သက်ပြင်းချလိုက်ကြသည်။
နောက်ဆုံးတွင်၊ နတ်ဆေးဘိုးဘေးဆီမှ ဤအမူအရာသည် လိုက်လျောမှုတစ်ခုဟု ယူဆနိုင်နေပြီဖြစ်သည်။ အမြဲတစေစ မာနကြီးနေတတ်သော သူ့အတွက် ဤအရာသည် အတော်အတန်ပင် မှတ်သားဖွယ်ကောင်းလွန်းလှသည်။ သို့သော် မမျှော်လင့်ထားသောအရာမှာ နောက်ထပ်ဖြစ်လာခဲ့သည်။
ဤစကားများကိုကြားသောအခါ စင်မြင့်ထက်ရှိ ရွှယ်အန်းက နှုတ်ခမ်းထောင့်များ တွန့်ကွေးသွားသည်အထိ ပြုံးလိုက်သည်။
"ဒီကိစ္စကို ဒီမှာထားရမယ်ဟုတ်လား… ကျုပ်က ဒီတိုင်းထားလိုက်မယ်လို့ ဘယ်သူပြောလဲ”
ဤစကားများကြားသောအခါ၊ နတ်ဆေးဘိုးဘေး၏အမူအရာက ဒေါသတကြီးဖြစ်လာပြီး သူ၏မျက်လုံးများက အေးစက်သောလူသတ်ချင်စိတ်ကို ထုတ်လွှတ်လိုက်သည်။
“ရွှယ်အန်း ငါမင်းကို ကြောက်နေတယ်လို့ တကယ်ထင်နေတာလား”
ရွှယ်အန်းက သူ့ခေါင်းကို ခါယမ်းလိုက်သည်။
"မင်း ငါ့ကို ကြောက်သည်ဖြစ်စေ မကြောက်သည်ဖြစ်စေ မသက်ဆိုင်ပါဘူး။ ငါပြောခဲ့တာတွေက အမှန်ပဲ၊ အဆင့်အတန်းမြင့်တဲ့ ဆေးဆရာက အဆင့်နိမ့်သူထက် အသက်နဲ့သေခြင်းရဲ့ စွမ်းအားရှိတယ်လို့ မင်းအခိုင်အမာပြောထားတာကြောင့် မင်းကို စိတ်ချယုံကြည်စွာ ဆုံးရှုံးသွားအောင်လုပ်ဖို့ ရည်ရွယ်ထားတယ်”
“ဒါဆို.. ငါ ကောင်းကင်ဘုံအဆင့် ဆေးဆရာအဆင့်ရောက်အောင်တက်မယ်”
ဆေးတာအိုအဖွဲ့အစည်းမှ ဆေးဆရာအကဲဖြတ် အကြီးအကဲများပင် အံ့သြကုန်ကြသည်။
ကောင်းကင်အဆင့် ဆေးဆရာအဆင့်သို့ တက်မည်။…
ဆေးတာအိုအဖွဲ့အစည်းတွင် ဤရိုးရှင်းသော စကားလုံး ထွက်မလာခဲ့သည်မှာ ကြာခဲ့ပြီဖြစ်သည်။ လူများက ကမ္ဘာမြေအဆင့် ဆေးဆရာများက အမြင့်ဆုံးတည်ရှိမှုဟုပင် ခံယူထားခဲ့ကြခြင်းဖြစ်သည်။ ထို့ကြောင့် နှစ်တစ်ထောင်ကျော်သည်အထိ မည်သူကမျှ ထိုခြေလှမ်းတစ်လှမ်းကို မလှမ်းနိုင်ခဲ့ကြပေ။
ကျရှုံး တိမ်မြုပ်ပျောက်ကွယ်သွားခဲ့သော ထူးချွန်ထက်မြက်သော ထူးကဲသော ပုဂ္ဂိုလ်အများအပြားသည် ကောင်းကင်အဆင့် ဆေးပညာရှင်တစ်ဦးဖြစ်ရန် လမ်းကြောင်းကို ဖြတ်တောက်ခဲ့ပြီး မည်သူမျှ ရှေ့မတိုးနိုင်တော့ကြောင်း ယုံကြည်သည့်တိုင်အောင် မျှော်လင့်ချက်များ တဖြည်းဖြည်း ဆုံးရှုံးစေခဲ့သည်။ ဤအကဲဖြတ်သော အကြီးအကဲများပင်လျှင် ကောင်းကင်အဆင့် ဆေးပညာရှင်ပေါ်ထွက်လာရန် မဖြစ်နိုင်တော့ကြောင်း ယုံကြည်လာခဲ့ကြသည်။
ထို့ကြောင့် ရွှယ်အန်းက ထိုစကားခြောက်ခွန်းကို ပြောသောအခါ အကြီးအကဲများအားလုံး ထိတ်လန့်သွားကြသည်။
သို့သော် ထိုအချိန်၌ နတ်ဆေးဘိုးဘေးထံမှ လှောင်ပြောင်သရော်သံအပြည့်နှင့် ရယ်သံကြီးတစ်ခု ထွက်ပေါ်လာသည်။ ရွှယ်အန်းက လက်ပိုက်လျက် ရယ်မော၍ ထိုနေရာတွင်ပင်ရပ်ကာ အေးဆေးစွာကြည့်နေသည်။
ခဏအကြာတွင် ရယ်မောသံများ လျော့ပါးသွားပြီးနောက် နတ်ဆေးဘိုဘေးက ပြောလိုက်သည်။
"ရွှယ်အန်း ဆေးပညာတာအို မှာ မင်းရဲ့ အရည်အချင်းက တော်တယ်လို့ ငါ ဝန်ခံပါတယ်၊ မဟုတ်ရင် မင်း ငယ်ငယ်ရွယ်ရွယ်နဲ့ ကမ္ဘာမြေအဆင့် ဆေးပညာရှင်ဖြစ်လာမှာ မဟုတ်ဘူး”
"ဒါပေမယ့် လုံလောက်ပြီ”
"ရှေးခေတ်ကတည်းက၊ လူတွေအများကြီးက ကောင်းကင်အဆင့်ရောက်ဖို့ ကြိုးပမ်းခဲ့ကြပေမယ့် မအောင်မြင်နိုင်ခဲ့ကြဘူး။ ဒါက သူတို့ ပင်ကိုယ်စွမ်းရည်မလုံလောက်တာကြောင့်တင်မကဘဲ ပိုအရေးကြီးတာက လွန်ခဲ့တဲ့ နှစ်တစ်ထောင်က ဆေးဘုရင် ကျရှုံးသွားပြီးတော့ သူ့ဘေးနားက ကောင်းကင်အဆင့် ဆေးမီးဖိုလည်း သဲလွန်စမကျန်ဘဲ ပျောက်သွားခဲ့တယ်”
"ဒါကလည်း ဒီကမ္ဘာမှာ နတ်ဆေးတွေကို ပုံတူလုပ်နိုင်တဲ့ ကောင်းကင်အဆင့် ဆေးမီးဖိုတွေ မရှိတော့ဘူးလို့ ဆိုလိုတယ်"
“ဆေးမီးဖိုမရှိရင် ကောင်းကင်အဆင့်ကို တက်လှမ်းဖို့ ဘာကိုသုံးမှာလဲ၊ မင်းရဲ့ မသိနားမလည်မှုနဲ့လား"
နတ်ဆေးဘိုးဘေး၏ မေးခွန်းများကို ကြားလိုက်ကြရသည်။ အခန်းထဲမှ ဆေးဆရာကြီးများက ရင်တစ်လှုပ်လှုပ်ဖြစ်နေကြသည်။ အများစုသည် ထိုအကြောင်းအရာများကို ပထမဆုံးအကြိမ် ကြားသိကြရသည်ဖြစ်၍ ၎င်းတို့၏ မျက်နှာတွင် ထိတ်လန့်မှုများ သိသိသာသာ ပေါ်နေကြသည်။ သို့သော် နတ်ဆေးဘိုးဘေးပြောသည့်စကားက လိမ်ညာခြင်းမဟုတ်ကြောင်း သိသူများလည်းရှိကြသည်။
နတ်ဆေးကို တုပလုပ်ရန် ဆေးညွှန်းတစ်ခုထက်ပို၍ ရှိရပေလိမ့်မည်ဖြစ်သည်။
နတ်ဆေး၏ စွမ်းအားသည် လွှမ်းမိုးလွန်းသောကြောင့် သာမန်ဆေးဖိုများသည် ၎င်းကို မခံနိုင်ကြသဖြင့် ကောင်းကင်အဆင့် မီးဖိုများကသာ ထိုသို့ လုပ်ဆောင်နိုင်မည်ဖြစ်သည်။ သို့သော် ဆေးဘုရင်ကျရှုံးခြင်းနှင့်အတူ လွန်ခဲ့သော နှစ်ပေါင်း ၁၂၀၀တွင် ကောင်းကင်အဆင့် ဆေးမီးဖိုလည်း ပျောက်ကွယ်သွားခဲ့သည်။ မရေမတွက်နိုင်အောင်များပြားသောလူများသည် ဤနှစ်များအတွင်း ၎င်းတို့ကို ရှာဖွေရန် ကြိုးစားခဲ့ကြသော်လည်း မအောင်မြင်ခဲ့ကြပေ။
“ပြီးပြီလား” ရွှယ်အန်းက ထူးမခြားနားပြောလိုက်သည်။
နတ်ဆေးဘိုးဘေးက ပြုံးသာပြုံး၍ တစ်ခွန်းမျှ ပြန်မပြောတော့ပေ။
ရွှယ်အန်းက ဆက်ပြောသည်။
"ဒါဟာ အရမ်းကျိုးကြောင်းဆီလျော်တဲ့ပုံပဲ။ ဒါပေမယ့် ကောင်းကင်အဆင့် ဆေးပညာရှင်တစ်ယောက်ဖြစ်ဖို့ ငါ့ရဲ့ ရည်ရွယ်ချက်ကို ကြေညာပြီးပြီဖြစ်တာကြောင့် ငါ့ရဲ့ ပြောဆိုချက်ကို ပြောင်းလဲဖို့ အကြောင်းပြချက် မရှိတော့ဘူး!"
နတ်ဆေးဘိုးဘေးက စကားပြောတော့မည့်အခိုက်တွင် ရွှယ်အန်းက သူ့လက်ကိုဝှေ့ယမ်းကာ ပေါ့ပေါ့ပါးပါးပြုံးလိုက်သည်။
"ဒီမှာ သုံးရက်လောက်ကြာရင် ငါ ကောင်းကင်အဆင့် ဆေးပညာရှင်တစ်ယောက်အနေနဲ့ မင်းကို ပြောစရာမရှိအောင် ငါသက်သေပြမယ်”
သူ့စကားက ဗုံးတစ်လုံးကဲ့သို့ ပေါက်ကွဲထွက်၍ လူတိုင်းကို ရင်သပ်ရှု့မောသွားစေသည်။
"ကောင်းပြီ၊ ဒါဆို မင်းကိုယ်မင်း ကောင်းကင်ဘုံအဆင့် ဆေးပညာရှင်တစ်ယောက်အနေနဲ့ သုံးရက်အတွင်း မင်းဘယ်လိုသက်သေပြမလဲဆိုတာ ငါကြည့်မယ်”
ထို့နောက် သူသည် အကြိမ်အနည်းငယ် လှောင်ရယ်ကာ လှည့်ထွက်သွားသည်။
ချောင်တုရှန်သည် ရွှယ်အန်းသည် မိမိသေခြင်းကို ရိုးရိုးရှင်းရှင်း ရှာဖွေနေသည်ဟု ထင်မြင်ကာ တိတ်တဆိတ် ဝမ်းသာသွားသော်လည်း ဆရာသခင် ထွက်သွားသည်ကို မြင်သောအခါ မြေပြင်မှ အမြန်ထကာ လိုက်သွားခဲ့သည်။ မကြာခင်၌ပင် ဤသတင်းက ဝမ်တန်မြို့တစ်ခွင်သို့ ပျံ့နှံ့သွားသည်။
"ဘာကြီး တစ်ယောက်ယောက်က ကောင်းကင်ဘုံအဆင့်တက်ပြပြီး သက်သေပြမယ်လို့ပြောတာလား။ ငါ့ကို နောက်နေတာလား၊ ဒီလူ ရူးသွားပြီလား"
“ဆေးတစ်ခုတည်းနဲ့ အဆင့်ခြောက်ဆင့်ဖြတ်ပြီး ကမ္ဘာမြေအဆင့် ဆေးဆရာဖြစ်လာတာ သူ့ထူးချွန်တဲ့စွမ်းရည်ကို ပြနေတာပဲ။ ဒါပေမယ့် ကောင်းကင်အဆင့် ဆေးဆရာဖြစ်ဖို့နဲ့ပတ်သက်ပြီးကျ … သူ့ကိုယ်သူ အလွန်အကျူးတွက်ဆလွန်းထားပြီ။.. သူတကယ်သွားပြီ”
လူများစွာက မဖြစ်နိုင်ဟု ယုံကြည်ကြကာ ဤကိစ္စကို လှောင်ပြောင်၍ ရွှယ်အန်းက ကြွားရုံသက်သက်ကြွားနေသည်ဟု ထင်ခဲ့ကြသည်။ ရှုပ်ယှက်ခတ်နေသော လူထုအမြင်များကြားတွင် ရွှယ်အန်းသည် တိတ်ဆိတ်နေခဲ့သည်။
မျက်စိတစ်မှိတ်အတွင်း သုံးရက်ကြသွားသည်။
ထို့နောက်.. လေးရက်မြောက်နေ့က… နောက်ဆုံးတွင် ရောက်လာသည်။