အခန်း (၃၄၈)
Vol. 25 Ch. 348
ရှမ့်လန်၏ အကြည့်ကို မြင်ရချိန်မှာတော့ နင်ယန်သည် အနည်းငယ် ကြောက်လန့်သွားခဲ့၏။ “နှာဗူး.. ငါ့ကို ဘာလို့ ဒီလိုမျိုးကြည့်နေရတာလဲ။ ငါအရင်တည်းက ပြောပြီးသားနော်။ အဲဒီနေ့က ကိစ္စက နောက်ဆုံးအကြိမ်ပဲ။ ဒီနေ့က စပြီး ငါတို့က ညီအစ်ကိုတွေပဲ။ ငါ့ကို ထပ်ပြီးတော့ မကောင်းတဲ့ အတွေးမျိုးတွေ မတွေးနဲ့တော့”
ရှမ့်လန်က ပြောလိုက်သည်။ “ခင်ဗျား ဘာတွေပြောနေတာလဲ။ ကြည့်... ကျုပ်က အဲလိုလူမျိုးလို့ ခင်ဗျား ထင်နေပြီလား။ ကျုပ် ရှမ့်လန်က ဂုဏ်သိက္ခာရှိတဲ့ လူတစ်ယောက်ပဲ။ ကျုပ်မိန်းမ စိတ်ဆင်းရဲအောင် ဘယ်တော့မှ လုပ်မယ့်လူမျိုး မဟုတ်ဘူး”
နင်ယန်က ပြောလိုက်၏။ “အင်း... အနည်းဆုံး မင်းဆီမှာ ဒီလိုစိတ်လေးတော့ ရှိသေးတာပဲ”
ရှမ့်လန်က ပြောလိုက်သည်။ “လာ.. သောက်ကြရအောင်။ ညီအစ်ကိုကောင်းတွေပဲ”
နင်ယန်က ပြောလိုက်၏။ “ကဲ .... သောက်ကြမယ်။ ညီအစ်ကိုကောင်းတွေပဲ”
သူတို့နှစ်ယောက်သည် တစ်ခွက်ပြီး တစ်ခွက် သောက်လျက် ရှိနေ၏။
ရှမ့်လန်သည် ဘာတစ်ခုမှ မလုပ်နိုင်တော့ချေ။ သူ၏ အရက်သောက်နိုင်စွမ်းက နိမ့်ပါးသည်။ ထို့ကြောင့် အနည်းငယ်သောက်ပြီးသည့်နောက် မူးနေပြီဖြစ်သည်။
အခြားတစ်ဖက်မှာရှိနေသည့် နင်ယန်ကတော့ မူးနေသည်ဆိုလျှင်တောင်မှ အနည်းဆုံး သူမ၏ အဝတ်အစားများ ကို ချွတ်ရန်တော့ အားအင်ရှိနေသေး၏။ ရှမ့်လန်၏ အဝတ်အစားများအားလုံးကိုလည်း သူမက ချွတ်ချနိုင်၏။
......
နောက်တစ်နေ့ နိုးထလာချိန်မှာတော့ နင်ယန်သည် အကြီးအကျယ် အံ့အားသင့်လျက် ရှိမိ၏။ အဘယ့်ကြောင့် သူတို့နှစ်ယောက် အတူတူ ထပ်အိပ်မိကြသနည်း။ ထို့အပြင် စောင်တစ်ခုထဲတွင် လုံးထွေးလျက်ရှိနေသေးသည်။
မိန်းမစိုးကြီး လီစွမ်းသည် ဤစုံတွဲအား စောင်နှင့် သွားရောက်ဖုံးပေးရန် နန်းတွင်းအစေခံများအား ခိုင်းစေခဲ့ခြင်း ဖြစ်၏။ ထို့အပြင် နင်ယန်၏ အသံက ကျယ်လွန်း၏။ အစောင့်များ၏ နားထဲကိုပင် လီစွမ်းက ဂွမ်းစို့ခိုင်းခဲ့သေး၏။
နင်ယန်သည် စောင်ကို အသာဟကာ ကြည့်လိုက်တော့ သူမ ကိုယ်လုံးတီး ဖြစ်ကြောင်း မြင်လိုက်ရသည်။ ရှမ့်လန်သည်လည်း ထိုနည်းလည်းကောင်းပင်။ သူတို့နှစ်ယောက် မနေ့ညက တစ်စုံတစ်ခု ဖြစ်သွားခဲ့ပုံ ပေါ်၏။ ရှမ့်လန်၏ မျက်နှာပေါ်တွင် သွားရာများပင် ရှိနေသေး၏။
ထိုအချိန်မှာပဲ အကျဉ်းထောင်တံခါးက ပွင့်လာခဲ့၏။ ဦးရီးတော်နင်ယုသည် အထဲသို့ လျှောက်ဝင်လာခဲ့သည်။ သူသည် ရှမ့်လန်နှင့် နင်ယန်တို့၏ ကိစ္စကို စစ်ဆေးရန် ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။ ဘုရင်မင်းမြတ်၏ အမိန့်အရ ဤနှစ်ယောက်သည် ဖြူစင်ပြီး ကင်းရှင်းကြသူများဖြစ်ကြောင်း သူ သက်သေပြုရပေမည်။ ထို့ကြောင့် လာရောက် စစ်ဆေးခြင်းပင်။
ဟုတ်ပေ၏။ သေချာပေါက် စစ်ဆေးမေးမြန်းနေစရာပင် မလိုချေ။ စစ်ဆေးမေးမြန်းမှုဆိုသည်မှာ ထုံးတမ်း စဉ်လာအရ ပြုလုပ်ခြင်းဖြစ်၏။ တော်ဝင်မိသားစုထဲတွင် ထိုကဲ့သို့သောကိစ္စရပ်များ တည်ရှိနေသည်ဟူ၍ မည်သို့ အသိပေးရမည်နည်း။
“ရှမ့်လန်... ထစမ်း။ ဦးရီးတော်က မင်းကို မေးစရာရှိလို့တဲ့” ဘေးတစ်ဖက်တွင် ရှိနေသည့် မိန်းမစိုးတစ်ယောက်က ပြောလိုက်၏။
စောင်အောက်ထဲမှာတော့ ရှမ့်လန်က တွေဝေငေးငိုင်လျက်ရှိနေသည်။ “မေးလေ”
ဦးရီးတော်က ပြောလိုက်၏။ “အရှင်မင်းကြီးက မေးခိုင်းလိုက်တယ်။ မင်း.. မင်းသမီးနင်ယန်နဲ့ ပုံမှန် မဟုတ်တဲ့ ဆက်ဆံရေးမျိုး ရှိနေလား"
"မရှိဘူး။ ကျုပ်တို့က ညီအစ်ကိုတွေပဲ။ ကျုပ်တို့က အပြစ်ကင်းစင်တဲ့ လူတွေ”
ရှမ့်လန်သည် အိပ်ချင်မူးတူးနှင့် ပြောလိုက်သည်။ “ကျုပ်က သန့်ရှင်းစင်ကြယ်တဲ့ လူတစ်ယောက်ပဲ။ ဘယ်လိုဖြစ်ပြီး ကျုပ်မိန်းမရဲ့ နောက်ကွယ်မှာ တစ်ခြားမိန်းမတစ်ယောက်နဲ့ ဒီလိုဖြစ်ရမှာလဲ။ ဒါက ကောလဟလ တွေပါ"
"မင်းအပြစ်ကင်းစင်တယ်ဆိုတာကို ဘယ်သူ သက်သေပြနိုင်လဲ” ဦးရီးတော် နင်ယုက မေးမြန်းလိုက်၏။
စောင်အောက်မှ အမျိုးသမီးတစ်ယောက်၏ အသံက ပေါ်ပေါက်လာသည်။ “ကျွန်မ သက်သေပြုနိုင်ပါတယ်”
တတိယမင်းသမီး နင်ယန်သည် စောင်အောက်ထဲမှ အသာခေါင်းပြူထွက်လာ၏။ ပြီးနောက် ပြောလိုက်၏။ “ရှမ့်လန်နဲ့ ကျွန်မတို့က အပြစ်ကင်းစင်တယ်။ ကျွန်မတို့ နှစ်ယောက်ကြားမှာ ဘာရှုပ်ရှုပ်ယှက်ယှက်မှ မရှိဘူး”
ထိုစကားကိုကြားရချိန်မှာတော့ ဦးရီးတော်နင်ယု၏ မျက်ခမ်းများက တဆတ်ဆတ်နှင့် တုန်ယင်သွားခဲ့၏။ "ဖယောင်းတိုင်မီး ထွန်းစမ်း"
ဖယောင်းတိုင်မီးများ လင်းလက်သွားခဲ့၏။ လူပေါင်းများစွာတို့သည် နင်ယန်နှင့် ရှမ့်လန်တို့ စောင်တစ်ခုအောက် ထဲတွင် အိပ်စက်ခဲ့ကြောင်း မြင်လိုက်ရ၏။ နင်ယန်သည် ရှမ့်လန်၏ကိုယ်ပေါ်သို့ပင် ရောက်နေ၏။ သူမသည် စောင်အောက်သို့ ရောက်နေသော်လည်း မည်သည့်အဝတ်အစားမှ မဝတ်ထားကြောင်း သိသာသည်။
ရှမ့်လန်၏ မျက်နှာတစ်ခုလုံးတွင်လည်း ကိုက်ရာများနှင့် ပြည့်နှက်နေ၏။
'ချီးတဲ့မှ... ဒါက အပြစ်ကင်းစင်တာလား။ ဒါက အရမ်းလွန်လွန်းတယ်။ ဒါထောင်ထဲမှာ မဟုတ်လား’
ဤကဲ့သို့သော ပုံစံမျိုးနှင့် လူနှစ်ယောက်သည် ရိုးရှင်းပြီး အပြစ်ကင်းစင်သည်ဟု အဘယ့်ကြောင့် ပြောရသနည်း။ ဘယ်အခွက်ကြီးနှင့် ပြောနေရသနည်း။
ဦးရီးတော်နင်ယုက ဒေါသထွက်သွားခဲ့၏။ သူသည် မျက်လုံးကို မှိတ်လိုက်၏။ ပြီးနောက် မျက်လုံးကို ပြန်ဖွင့်ပြီး စိတ်ကိုတည်ငြိမ်အောင် ထိန်းချုပ်လိုက်သည်။ “နင်ယန်... မင်းနဲ့ရှမ့်လန်က အပြစ်ကင်းစင်တဲ့ လူတွေ ဖြစ်ကြောင်း သက်သေပြနိုင်လား”
နင်ယန်က ပြောလိုက်၏။ “ပြနိုင်ပါတယ်။ ကျွန်မတို့ရဲ့ ရင်းနှီးပတ်သက်မှုက သန့်ရှင်းတယ်။ ကျွန်မတို့က ညီအစ်ကိုတွေလိုပါပဲ။ နှစ်ယောက်ကြားမှာ ချစ်ခြင်းမေတ္တာဆိုတာ မရှိပါဘူး”
ဦးရီးတော်နင်ယုက ပြောလိုက်သည်။ “ကောင်းပြီ။ ဒါဆိုရင် စုံစမ်းစစ်ဆေးမှုက ပြီးသွားပြီ”
သို့နှင့် ဦးရီးတော်နင်ယုသည် သက်ပြင်းချကာ ပြောလိုက်၏။ “အားလုံး လိုက်မှတ်ထား။ ရှမ့်လန်နဲ့ မင်းသမီးနင်ယန်တို့ရဲ့ ဆက်ဆံရေးက ရှင်းလင်းတယ်။ သူတို့ရဲ့နှစ်ယောက် ကြားမှာ အချစ်ရေးကိစ္စရပ် ရှိနေတယ်ဆိုတာ လျှောက်ပြောနေတာပဲ”
"ဟမ်”
ဘေးတစ်ဖက်တွင် ရှိနေသည့် မိန်းမစိုးသည် အံကိုကြိတ်ကာဖြင့် မှတ်တမ်းကို ရေးသားလျက် ရှိနေ၏။ ဤလောကကြီးသည် တကယ့်ကို နက်မှောင်လွန်း၏။ သူကဲ့သို့ ဖြူစင်သော လူမျိုးနှင့် ထိုက်တန်သည့် လောကမျိုး မဟုတ်ချေ။ မြင်နေရသည်ကို မျက်ကန်းတစ်ယောက်လို နေထိုင်နေရပြီး မဟုတ်သည့် အရာများကို ရေးသားနေရသည်။
တစ်နာရီခန့်ကြာမြင့်ပြီးနောက် မင်းသမီးနင်ယန်သည် တော်ဝင်ဘုံကျောင်းဆီသို့ မိမိ၏အမှားကို ပြန်လည် သုံးသပ်ရန် ခေါ်ဆောင်သွားခြင်း ခံရ၏။ သူမသည် တစ်လတိတိ နေအိမ်အကျယ်ချုပ်ချခြင်း ခံရ၏။ ၁၀ စတုရန်းမီတာခန့်ရှိသော ခြံဝင်းထဲတွင် သူမက နေထိုင်ခဲ့၏။ အပြင်သို့ တစ်လှမ်းမှ မထွက်ခိုင်းချေ။
ပြီးနောက် ရှမ့်လန်အား မြေအောက် ရေခဲအကျဉ်းထောင်ထဲတွင် ထပ်မံ ထိန်းသိမ်းထား၏။ သို့ပေမည့် သူသည် တစ်စုံတစ်ခု မှားယွင်းသလို ခံစားနေမိ၏။ သူ့ဆီသို့ လာပြီး အရက်မူးအောင်သောက်ခဲ့ သည်မှာလည်း နင်ယန်ပင် ဖြစ်၏။ သူတစ်ခုမှ မလုပ်ခဲ့ချေ။ သူသည် သန့်ရှင်းစင်ကြယ်သည့် လူတစ်ယောက် ဖြစ်၏။ အဘယ်ကြောင့် ဤကဲ့သို့သော ကံကြမ္မာဆိုးကြီးကို ခံစားနေရသနည်း။
ဘုရင်မင်းမြတ်သည် လက်ရှိအခြေအနေမှာတော့ အလွန်ခက်ခဲသည့် အခြေအနေမျိုးကို ရောက်ရှိနေ၏။ သူသည် တကယ်ပဲ ရှမ့်လန်ကို ရိုက်နှက်ချင်စိတ်ပေါက်နေ၏။ လွန်ခဲ့သည့်ညက အလွန်အမင်း ဒေါသထွက်ခဲ့သောကြောင့် သေချာ သတိပေးခဲ့ပြီးပြီ ဖြစ်၏။ နှစ်နာရီ မကြာခင်မှာပဲ နင်ယန်နှင့် တူညီသည့်အိပ်ရာထဲတွင် အိပ်စက်ခဲ့ သည်လား။ ဤအရာက သူ့ကို မျက်လုံးထဲ မထည့်ခြင်းပေလား။ သူ၏စကားကို ဘာမဟုတ်သည့် လူတစ်ယောက် အဖြစ် သတ်မှတ်ထားသည်လား။
မိန်းမစိုးကြီးလီစွမ်းသည် မင်းသမီးနင်ယန်မှာ ရှမ့်လန်ကို အစဦးဆုံး လာရောက်ရှာဖွေသူဖြစ်ပြီး နှစ်ယောက်သား အရက်သောက်ခဲ့ပြီး ဘာတစ်ခုမှ မဖြစ်ပွားခဲ့ကြောင်း ပြောခဲ့၏။
သို့ပေမည့် ဘုရင်မင်းမြတ်သည် ပိုမိုကာ ဒေါသထွက်လာ၏။ သူ၏သမီးက ဈေးပေါသွားခဲ့ပုံပေါ်၏။ ကိုယ်တိုင် တစ်ဖက်လူ၏ အခန်းထဲသို့ ရောက်ရှိသွားခဲ့၏။ ရှမ့်လန်သည် ဤမျှ ချောမော နေလေသည်လား။ သူ့အနေနှင့် ရှမ့်လန်ကို ချောမောသည်ဟု မမြင်ချေ။
မူလအားဖြင့် သူသည် တောင်ဘက်ပိုင်းဆီသို့ ဦးတည်လျက်ရှိနေသည့် ဝူဘုရင်၏ စစ်သည်တော် ၃၀၀၀၀ နှင့် ပတ်သက်၍ ရှမ့်လန်နှင့် ညှိနှိုင်းဆွေးနွေးချင်စိတ်ရှိ၏။ သို့ပေမည့် လက်ရှိအခြေအနေမှာ ညှိနှိုင်းဆွေးနွေးရန် မလိုအပ်တော့ချေ။ ဆက်လက်ကာ အကျဉ်းချထားရန်သာ ဆုံးဖြတ်လိုက်၏။ သို့ပေမည့် ဘုရင်မင်းမြတ်သည် ကိစ္စရပ်တစ်ခုကို အတည်ပြုနိုင်ခဲ့သည်။ ဟယ်ဝမ်ဝမ်ကိစ္စတွင် ရှမ့်လန်သည် အပြစ်ကင်းစင်သူ ဖြစ်ကြောင်းပင်။ မဟုတ်ပါက ထိုကဲ့သို့ မိန်းမရှုပ်ရင်း သေလမ်းရှာလိမ့်မည် မဟုတ်ပေ။
ရှမ့်လန်မှာတော့ သူ၏ သဘောမကျသည့် စိတ်ခံစားချက်အားလုံးကို ထိန်းချုပ်ထားခဲ့ရ၏။ ရက်အနည်းငယ်အတွင်း သူသည် အထူးတရားရုံး၏ ထောင်ထဲတွင် ချုပ်နှောင်ခြင်းကို ခံထားရ၏။ တစ်စုံတစ်ခု မှားယွင်းနေသကဲ့သို့ပင်။ အမှန်တရား ထွက်ပေါ်လာခဲ့ပြီးနောက် သူသည် အပြစ်ကင်းစင်သူ တစ်ယောက် ဖြစ်လာသည်။ ထို့ကြောင့် တကယ်ပင် မောက်မာလာခဲ့၏။ “ကျုပ်ကို အစားအစာပေးစမ်း။ အင်း... ခုတစ်လော သေမတတ် ဆာနေတာ”
ဘုရင်မင်းမြတ်အတွက် ဤကိစ္စမှာ သေးငယ်သည့် ကိစ္စရပ်လေးတစ်ခုသာ ဖြစ်၏။ ဘုရင်မင်းမြတ်သည် သူ၏ ရှိသမျှစွမ်းအင်အားလုံးကို အသုံးပြုပြီး လက်ရှိရင်ဆိုင်နေရသည့် အကျပ်အတည်းများကို ဖြေရှင်းရန် ကြိုးစားနေရ၏။
ဝူဘုရင် ဘာလုပ်ချင်နေသနည်း။ စစ်သည်တော်ပေါင်း ၃၀၀၀၀ ကျော်ကို တောင်ဘက်ပိုင်းဆီသို့ စေလွှတ်ပြီး သူ့ကို ခြိမ်းခြောက်ရန် ကြိုးစားနေသည်လား။ သို့မဟုတ် တကယ်တမ်း စစ်တိုက်ရန် ကြိုးစားနေသည်လား။
ထို့အပြင် စုနန် ဘာလုပ်ချင်နေသနည်း။ နင်ယွမ်ရှန်းသည် အန္တရာယ်၏ အငွေ့အသက်ကို စတင်ကာ ခံစားမိ၏။ ဤအရေးကြီးသည့် နိုင်ငံရေးကိစ္စရပ်များနှင့် နှိုင်းယှဉ်မည်ဆိုလျှင် ရှမ့်လန် သူ၏သမီးနှင့် အိပ်စက်သည့် ကိစ္စသည် ဘာမှ အရေးကြီးသည့် အရာမျိုးမဟုတ်ချေ။ ထို့အပြင် ပထမအကြိမ် အိပ်စက်ခဲ့ပြီးဖြစ်သောကြောင့် ဒုတိယ၊ တတိယ အိပ်စက်ခြင်းသည် ဘာကွာခြားတော့မည်နည်း။
စုနန်၏ ရည်မှန်းချက်က တကယ့်ကို ကြီးမားလွန်း၏။ ဘုရင်မင်းမြတ် ခန့်မှန်းထားသည်ထက်ပင် ပိုမိုကာ ကြီးမား၏။ ဤတစ်ကြိမ် သူ၏ ရည်ရွယ်ချက်သည် တကယ့် တကယ်ကို ကြီးမားလွန်းလှချေ၏။ မူလအားဖြင့် အချိန်ခဏတာ စောင့်စားချင်မိ၏။ သို့ပေမည့် မထင်မှတ်ထားလောက်အောင်ပဲ ဟယ်ဝမ်ဝမ်၏ ကိစ္စက မအောင်မြင်ခဲ့ချေ။
ထို့အပြင် ဘုရင်မင်းမြတ်၏ မြှားဦးက သူ့ဘက်သို့ လှည့်လာခဲ့၏။ ထို့ကြောင့် တခြားနည်းလမ်း မရှိချေ။ သူ ရှေ့သို့ လှမ်းတက်ရပေတော့မည်။ စုကလန်သာ တိုက်ခိုက်ခြင်းကို မပြုလုပ်ပါက ကျိန်းသေပေါက် အနာဂတ်တွင် မိသားစုတစ်လုံး သတ်ဖြတ်ခံရပေမည်။
သို့ပေမည့် လက်ရှိအခြေအနေ၌ စုကလန်သည် အကြီးမားဆုံးသော အခွင့်အရေးကို ရရှိနေ၏။ စုကလန်သည် ပြာပုံထဲမှ ထိုးထွက်လာခဲ့သော ဖီးနစ်ငှက်တစ်ကောင်ကဲ့သို့ပင် ပြောင်းလဲသွားရပေမည်။
ကျင်းမိသားစုတစ်ခုလုံးက ကျိန်းသေပေါက် ပြိုလဲသွားပေလိမ့်မည်။ ကံကောင်းစွာဖြင့် ရှမ့်လန် ဤခွေးကောင်လေး သည် အကျဉ်းထောင်ထဲသို့ ရောက်ရှိလျက် ရှိနေ၏။ မဟုတ်ပါက သူ့အတွက် အနည်းငယ် စိုးရိမ်စရာ ရှိနေသေးသည်။
ညီလာခံထဲတွင် ရှေ့ထွက်ကာ မင်းသမီးအကြောင်းပြောဆိုခဲ့သည့် လီပင်ကျုံးသည် သေဆုံးသွားခဲ့ပြီ ဖြစ်၏။ လွန်ခဲ့သည့် သုံးရက်က ရှမ့်လန်နှင့် နင်ယန်တို့၏ အကြောင်း ညီလာခံထဲတွင် ပြောခဲ့ပြီးနောက် သူသည် ရွှေဒင်္ဂါး တစ်ရာ နှင့် ရှစ်ပြားတိတိ အကျင့်ပျက်ခြစားခဲ့ကြောင်း ရှာဖွေတွေ့ရှိခဲ့၏။ ထို့ကြောင့် အထူးတရားတော်ရုံးဆီသို့ ခေါ်ဆောင်ခဲ့ပြီး တစ်ရက်နှင့် တစ်ညတိတိ နှိပ်စက်ခံခဲ့ရ၏။ ပြီးနောက် လီပင်ကျုံး မိမိကိုယ်ကို သတ်သေသွားသည်ဆိုသည့် သတင်း ထွက်ပေါ်လာခဲ့၏။
သို့ပေမည့် စုနန်က ဂရုမစိုက်ချေ။ သူက တခြားအရာကို စောင့်မျှော်လျက် ရှိနေ၏။ ချင်ဘုရင် စစ်သည်တော်ပေါင်း ၂၀၀၀၀ ကျော်ကို ခေါ်ဆောင်ပြီး ရွှဲ့ပြည်နယ်၏အနောက်ဘက်ပိုင်းကို တိုက်ခိုက်မည့်အချိန်အား သူ စောင့်မျှော်နေခြင်းဖြစ်သည်။
ဝူနိုင်ငံ၏ စစ်တပ်ကြီး ပေါ်ပေါက်လာမည်ကိုလည်း သူက စောင့်မျှော်နေ၏။
ဤတစ်ကြိမ်မှာတော့ နေရာအနှံ့တွင် စစ်မီးတောက်များနှင့် ပြည့်နှက်ပေလိမ့်မည်။ ဘုရင်မင်းမြတ် နင်ယွမ်ရှန်းသည် အရာအားလုံးတို့ကို ကြောက်လန့်တကြား ကြည့်ရှုရပေလိမ့်မည်။ စုကလန် ပိုင်ဆိုင်သည့် မြေပိုင်နက်တစ်ခုလုံးတွင် အကျင့်ပျက်ခြစားသည့် အမှုထမ်းများနှင့် ပြည့်နှက်လျက် ရှိနေပြီး ထိုသူတို့သည် သူ၏ ထိန်းချုပ်မှုအောက်တွင် တည်ရှိကြသည်။
စုကလန်၊ မျက်စိသုံးလုံးမိစ္ဆာတို့၏ ပူးပေါင်းမှုကြောင့် ချင်ဘုရင်ကို မည်သူက တားဆီးနိုင်တော့မည်နည်း။ လူပေါင်း သိန်းချီ သေဆုံးပေလိမ့်မည်။ အပြစ်ကင်းစင်သည့်လူအားလုံး သတ်ဖြတ်ခံရခြင်း၊ မုဒိမ်းကျင့်ခံရခြင်း၊ ကျေးကျွန်အဖြစ် ခေါ်ဆောင်ခံရခြင်းတို့ ဖြစ်ပေမည်။ မြေတည်နေရာ တော်တော်များများ မီးလောင်ပေလိမ့်မည်။ ထိုသို့အရာအားလုံးဖြစ်ပြီးနောက် ထိုအလောင်းကောင်များကို နင်းလျှောက်ကာဖြင့် စုကလန်သည် မြင့်မားသည့် နေရာဆီသို့ တက်လှမ်းရပေမည်။
ချင်ဘုရင် အနောက်ဘက်ပိုင်းဒေသကို ဝင်ရောက်တိုက်ခိုက်နေသည့်အချိန်၊ ချောင်နိုင်ငံ၏ စစ်တပ်ကြီး အနောက်ဘက်ပိုင်းဒေသဆီသို့ ချဉ်းကပ်လာသည့်အချိန်၊ ဝူဘုရင်၏ စစ်တပ်ကြီးက တောင်ဘက်ပိုင်းဆီသို့ ချဉ်းကပ်လာသည့်အချိန် ....
ထိုအချိန်တွင် သူသည် နင်ယွမ်ရှန်းဆီမှ အရာအားလုံးကို တောင်းဆိုရပေလိမ့်မည်။ ရှမ့်လန်ကို သတ်ဖြတ်ပစ်ဖို့ကိစ္စသည် သူတောင်းဆိုမည့်အရာ ဖြစ်၏။
"ရှမ့်လန်၊ ခွေးကောင်... အရာအားလုံးက မင်းကြောင့်ပဲ။ ငါမင်းကို အစိတ်စိတ်အပိုင်းပိုင်း ဖြတ်ပစ်မယ်"
ထိုအချိန်မှာပဲ သူ၏ ယုံကြည်ရသည့် အတိုင်ပင်ခံ စုရုံသည် လျင်လျင်မြန်မြန် လျှောက်ဝင်လာခဲ့၏။ မျက်နှာပြင် တစ်ခုလုံးက ဖြူလျော်လျက် ရှိနေပြီး ခန္ဓာကိုယ် တစ်ခုလုံးကလည်း တုန်ယင်နေခဲ့၏။
“သခင်ကြီး... ဆက်ခံသူဆီကနေပြီးတော့ လျှို့ဝှက်စာတစ်စောင် ရောက်လာပါတယ်။ အမြန်ဆုံး သတင်းပို့ လာခဲ့တာပါ။ လမ်းမှာ စစ်မြင်းတော်တော်များများ သေခဲ့တယ်”
စုနန်၏ နှလုံးခုန်နှုန်းများက မြန်ဆန်သွားခဲ့၏။ သူသည် မကောင်းသည့် ခံစားချက်များကို ရရှိနေ၏။ လျှို့ဝှက်စာကိုလှမ်းယူပြီး ဖတ်ရှုလိုက်သည်။
အထဲတွင် အနည်းငယ်သော စာလုံးများကိုသာ ရှင်းရှင်းလင်းလင်း ရေးထား၏။ ထိုအရာသည် ဝှက်စာကဲ့သို့ ရေးသားထားခဲ့ခြင်းဖြစ်ပြီး တခြားသောသူများ နားလည်လိမ့်မည် မဟုတ်ချေ။ သို့ပေမည့် စုနန်မှာတော့ ထိုအရာကို ချက်ချင်း ဖတ်ရှုနိုင်၏။
“ချင်ဘုရင် သေပြီ”
စုနန်သည် မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ပင် တွေတွေကြီး ရပ်တန့်နေမိ၏။ သူသည် တစ်ချက်ကလေးမှ မလှုပ်ရှားနိုင်တော့ချေ။
....
ချင်ဘုရင်က ရုတ်တရက် သေဆုံးသွားခဲ့ပြီ ဖြစ်၏။ ရှမ့်လန်က ထိုသို့ဖြစ်မည်မှန်း သိရှိပြီးသား ဖြစ်၏။ သို့ပေမည့် ချင်ဘုရင် မည်သည့်အချိန်တွင် သေဆုံးမည် ဖြစ်ကြောင်းကိုတော့ တိတိကျကျ မသိရှိချေ။
ရှမ့်လန်သည် ချင်ဘုရင် သေဆုံးမည့်အကြောင်းနှင့် ပတ်သက်၍ ဘုရင်မင်းမြတ်ကို ကြိုတင်ကာ သတင်းပေး ပြောဆိုနိုင်သည်လား။ လုံးဝပြော၍ ရမည် မဟုတ်ချေ။ ရှမ့်လန်သည် ဤကိစ္စနှင့် သူ ဘာမှမသက်ဆိုင်သလို နေထိုင်ရပေမည်။
သူသည် ကျွမ်းကျင်လွန်းသည့် သမားတော်တစ်ယောက် ဖြစ်၏။ သူ၏ ဆေးစွမ်းရည်သည် တော်ဝင် မိသားစု၏ အရေးကြီးသော လူများကိုပင် ကုသနိုင်စွမ်း ရှိ၏။
သို့ပေမည့် သတ်ဖြတ်ခြင်းနှင့် ဆေးပညာဆိုသည်ကို သီးခြား ခွဲခြားသိရှိရပေလိမ့်မည်။
ရှမ့်လန် လူများကို သတ်ဖြတ်ပစ်၍ ရ၏။ သို့ပေမည့် ကုသနေစဉ် သတ်ဖြတ်၍ မဖြစ်ပေ။ မဟုတ်ပါက တော်ဝင်မိသားစုသည် သူ့ကို ဆေးကုသခိုင်းရန် စဉ်းစားတော့ မဟုတ်ပေ။
ထို့အပြင် ရှမ့်လန် ချင်ဘုရင်ကို သတ်ဖြတ်ခြင်းဆိုသည်မှာ အချိန်နှောင့်နှေးပြီးမှ သေဆုံးစေရန် စီစဉ်ခဲ့ခြင်း ဖြစ်၏။ ကုသပေးမှု ပြုလုပ်ပြီး နှစ်လကြာချိန်တွင်မှ ရုတ်တရက် သေဆုံးသွားခဲ့ခြင်း ဖြစ်သည်။
ထိုအရာကို သူပြုလုပ်ခဲ့ကြောင်း ဘုရင်မင်းမြတ်ကို အသိပေးလိုက်မည် ဆိုပါက ဘုရင်မင်းမြတ်က ပျော်ရွှင်ပေလိမ့်မည်။ သို့ပေမည့် သူက ကြောက်စရာကောင်းသူဖြစ်ကြောင်း ဘုရင်မင်းမြတ် တွေးထင်သွားပေလိမ့်မည်။ ချင်ဘုရင်ကိုပင် ဤကဲ့သို့ ဆန်းကြယ်သည့် နည်းလမ်းမျိုးနှင့် တိုက်ခိုက်နိုင်သည်ဆိုလျှင် သူ့အတွက် မည်သို့ ဖြစ်မည်နည်း။ ထိုသို့သော အတွေး ခေါင်းထဲ ရောက်လာပေလိမ့်မည်။
ပြောရမည်ဆိုလျှင် ရှမ့်လန်သည် ချင်ဘုရင်ကို သတ်ဖြတ်ရာ၌ အချိန်အနည်းငယ်ကြာမြင့်မှ သေဆုံးသွားစေရန် အကွက်ချ သတ်ဖြတ်ခဲ့ခြင်း ဖြစ်၏။
ဥပမာအားဖြင့် စေတီတောင်သည် နတ်မိမယ်ရွှယ်ရင်ကို အဆိပ်ခတ်ခဲ့၏။ ထို့အတူ ကျင်းမင်းသားကလည်း မင်းသမီးနင်လော့ကို အဆိပ်ခတ်ခဲ့၏။ ထိုအဆိပ်များသည် ဖြည်းညင်းစွာ သေဆုံးသွားမည့် အဆိပ်များသာ ဖြစ်သည်။
ချင်ဘုရင် ရုတ်တရက် သေဆုံးခြင်းသည် ရှမ့်လန်နှင့် သက်ဆိုင်လိမ့်မည်ဟု မည်သူမှ တွေးလိမ့်မည် မဟုတ်ပေ။ ထိုအစား ချင်နိုင်ငံမှ တစ်စုံတစ်ယောက် သတ်ဖြတ်ပစ်သည်ဟု ထင်မှတ်မှားပေလိမ့်မည်။
လက်ရှိအခြေအနေတွင် ချင်ဘုရင်၏ သေဆုံးခြင်းကြောင့် မည်သူအကျိုးကျေးဇူး ရရှိနေမည်နည်း။ အကျိုးကျေးဇူး အကြီးမားဆုံးရရှိသူသည် သံသယရှိသူ ဖြစ်လာပေလိမ့်မည်။
...........