အခန်း (၃၃၇)
Vol. 25 Ch. 337
ရေနက်တပ်ဖွဲ့မှ စစ်သည်တော်သည် ဦးခေါင်းကို ငုံ့လိုက်၏။ သူက မည်သည့်စကားကိုမှ မဆိုချေ။ အရာအားလုံးက ဆိုးဆိုးရွားရွား ဖြစ်တည်ခဲ့၏။ ဤနေရာ၏ပတ်ဝန်းကျင်တွင် တခြားသော သဲလွန်စဟူ၍ မရှိချေ။ ထို့အတူ မီးရှို့သတ်ဖြတ်သွားသည့် အရိပ်အယောင်မျိုးလည်း မတွေ့ချေ။ မီးသည် ရုတ်တရက် ဖြစ်တည်သွားခဲ့ပြီး အရာအားလုံးကို ကျွမ်းလောင်သွားခဲ့သည့်ပုံပင်။
ထို့အပြင် ရုတ်တရက် ပေါ်ပေါက်လာခဲ့ မီးက အစိမ်းရောင်ဖြစ်၏။ ဝိညာဉ်ကဲ့သို့သော O ပုံစံ မီးညွှန့်လေး ပေါ်လာသောကြာင့် အိမ်နီးနားချင်းများက မီးမငြိမ်းရဲတော့ခြင်းပင်။ ကောင်းကင်၏ အပြစ်ပေးမှုသာ ဖြစ်ရမည်။ ထိုအရာကို သူတို့ဝင်ရှုပ်၍မဖြစ်ချေ။
ထို့အပြင် မိသားစုဝင် ၁၅ ယောက်လုံး သေဆုံးသွားခဲ့ပြီး တစ်ယောက်မှ မလွတ်မြောက်ခဲ့ချေ။ ထိုကိစ္စက အလွန့်အလွန် ထူးဆန်းလွန်း၏။ ရန်မိသားစုသည် ကောင်းကင်က သည်းမခံလောက်သည်အထိ ဆိုးဝါးသည့်အရာများကို ပြုလုပ်ခဲ့သောကြောင့် မကျေနပ်သော ဝိညာဉ်တစ်ကောင်ကောင်က လာရောက်ကာ လက်စားချေခဲ့ခြင်းလည်း ဖြစ်နိုင်သည်။
ထိုသူက အလွန်ပင် ဒေါသထွက်လျက် ရှိ၏။ သူသည် ကြာပွတ်ကိုကောက်ယူပြီး ရှမ့်လန်ကို လှမ်းကာ ရိုက်နှက်လိုက်၏။
“ဖြောင်း”
ကြာပွတ်သည် ရှမ့်လန်ပေါ်သို့ ကျဆင်းလာခဲ့၏။ ချက်ချင်းပင် သွေးနီရောင် အမှတ်ကြီး တစ်ခု ပေါ်ပေါက်လာခဲ့၏။ ရှမ့်လန်၏ ခန္ဓာကိုယ်က တုန်ယင်သွားခဲ့၏။ သူသည် သူ၏ မျက်လုံးများ စိမ်းပြာသွားသည်အထိ နာကျင်မှုကို ခံစားလိုက်ရ၏။ သူသည် လေအေးများကိုပင် ရှုရှိုက်လိုက်မိ၏။ ဘဝတစ်သက်တာလုံးတွင် ဤကဲ့သို့ ဆိုးဆိုးရွားရွား ရိုက်နှက်မှုမျိုးကို သူ တစ်ခါမှ မခံရဖူးချေ။ ဤအချိန်မှာတော့ နာကျင်မှုက အဆုံးစွန်အထိပင်။
သို့ပေမည့် အနည်းငယ်လေးသော နာကျင်မှုကို ခံစားရလျှင်ပင် ဆိုးဆိုးဝါးဝါး အော်ဟစ်တတ်သော ရှမ့်လန်သည် လက်ရှိအချိန်တွင်တော့ တစ်ချက်ကလေးမှ အသံမထွက်ချေ။ သူသည် တစ်ဖက်လူကို စူးစိုက်ကာ ကြည့်ရှုနေသည်။
“ဘာကြည့်နေတာလဲ။ ဘာကြည့်နေတာလဲ”
ရန်ခေါင်းဆောင်သည် တင်းမာခက်ထန်စွာ အော်ဟစ်လိုက်၏။ “မင်းရဲ့ မျက်လုံးတွေကန်းသွားအောင် ငါ မီးရှို့ပစ်မယ်။ မင်းက ငါ့မိသားစုတစ်ခုလုံးကို သတ်ရဲတယ် ဟုတ်လား။ မင်းငါ့ကို ဒီလို စူးစိုက်ကြည့်ရဲတယ်ဆိုရင် မင်းမျက်လုံးကို ကန်းအောင် ထိုးဖောက်ပစ်မယ်”
ဤအချိန်မှာပဲ ဘေးတစ်ဖက်တွင်ရှိနေသည့် ရေနက်တပ်ဖွဲ့စစ်သည်တော်က ပြောလိုက်သည်။ “ခေါင်းဆောင် ... တစ်စုံတစ်ယောက်ကို စေလွှတ်ပြီး ခေါင်းဆောင်ရဲ့ မိန်းမနဲ့ကလေးတွေကို ကာကွယ်ဖို့ လုပ်လိုက်ပါ့မယ်။ ဒါပေမဲ့ ခေါင်းဆောင်ရဲ့ မိန်းမနဲ့ သခင်လေး နှစ်ယောက်တို့က မနေ့နေ့လယ်ခင်းတည်းက အပြင်ဘက်ကို ထွက်သွားတာ အခုထိ ပြန်မရောက်သေးဘူး”
ထိုစကားကိုကြားရသည့် အချိန်မှာတော့ ရန်ခေါင်းဆောင်သည် တစ်ကိုယ်လုံး တုန်ယင်သွားခဲ့၏။
“ကျုပ် ဘာမှ မလုပ်ထားဘူးနော်”
ရှမ့်လန်က ပြောလိုက်သည်။ “ဒါပေမဲ့ နန်းမြို့တော်ဆိုတာ အရင်တည်းက ငြိမ်းချမ်းတဲ့နေရာမှ မဟုတ်တာ။ ခင်ဗျားရဲ့သားက ပြန်ပေးဆွဲခံရတာတို့ .... ဒါမှမဟုတ် အင်း.. တစ်ခုခုဖြစ်ရင်လည်း ဖြစ်နိုင်တယ်။ မကြာခင်မှာ ပြန်ပေးငွေ တောင်းရမ်းတာမျိုးလည်း ဖြစ်နိုင်တယ် မဟုတ်လား”
ရှမ့်လန်၏ လေသံသည် အလွန်အမင်း တည်ငြိမ်လျက် ရှိနေ၏။ သို့ပေမည့် သူသည် တစ်ဖက်လူ၏ မိသားစုတစ်ခုလုံးကို သတ်ဖြတ်ပစ်ရန် စိတ်ဆုံးဖြတ်ထားခဲ့ပြီးသား ဖြစ်၏။ ထိုသူ၏ ဆယ်ကျော်သက်အရွယ် သားနှစ်ယောက်ကိုပင် ကျင်းချန်ကျွန်းသို့ စေလွှတ်ပြီး မိုင်းတွင်းထဲ ခိုင်းစားရန် စဉ်းစားထား၏။
ထိုအချိန်မှာပဲ စစ်သည်တော်တစ်ယောက်သည် အလျင်အမြန် လှမ်းဝင်လာပြီး သေတ္တာတစ်လုံးကို ကမ်းပေး၏။ ထိုအရာကို ဖွင့်ကြည့်ရှုလိုက်ချိန်မှာတော့ လက်တစ်ဖက်ကို မြင်ရ၏။ အမျိုးသမီးတစ်ယောက်၏ လက်ဖြစ်၏။ ထို့အပြင် စာတစ်စောင်လည်း ပါသည်။
“ရန်ခေါင်းဆောင် .. ခင်ဗျားမိန်းမက စီးပွားရေးသောင်းကျန်းပြီး တနယ်တည်းသားတွေကို ဒုက္ခပေးခဲ့တယ်။ သားနှစ်ယောက်ကလည်း အသက် ၁၁ တည်းက အိမ်နီးနားချင်း မိန်းကလေးတစ်ယောက်ကို မတော်မတရား လုပ်ခဲ့သေးတယ်။ ဒါကြောင့် … ကျုပ် … နာကျည်းမှုက ခင်ဗျား မိန်းမနဲ့ ကလေး နှစ်ယောက်ကို ထိန်းသိမ်းထားတယ်။ ပြန်လိုချင်ရင် ရွှေဒင်္ဂါးသန်းတစ်ရာ ပြင်ဆင်ထားပါ”
ရန်ခေါင်းဆောင်သည် တစ်ကိုယ်လုံး တုန်ယင်သွားခဲ့၏။ သူသည် အငြိုးကြီးလွန်းသော သရဲတစ္ဆေတစ်ကောင်ကို သားရောက်ကာ စော်ကားမိခဲ့သည်လား။ ဓားပြကြီး နာကျည်းမှုဆိုသည်မှာ ထျန်းလန်စီရင်စုတွင်သာ လှုပ်ရှားသည့် လူတစ်ယောက် ဖြစ်၏။ အဘယ်သို့ နန်းမြို့တော်ဆီ ရောက်ရှိလာရသနည်း။
ပြန်လည်ရွေးချယ်ရန်အတွက် ရွှေဒင်္ဂါး သန်းတစ်ရာကို ပြင်ဆင်ထားရမည်လား။ အိမ်ရှေ့စံ မင်းသားကို ပြန်ပေးဆွဲမည် ဆိုလျှင်ပင် ဘုရင်မင်းမြတ်သည် ရွှေဒင်္ဂါး သန်းတစ်ရာ ပေးအပ်နိုင်လိမ့်မည် မဟုတ်ချေ။ ရွှေဒင်္ဂါး သန်းတစ်ရာကို မပြောနှင့် ဆယ်သန်းကိုပင် ပေးအပ်နိုင်လိမ့်မည် မဟုတ်ချေ။
ရန်ခေါင်းဆောင်သည် ရုတ်တရက် ဓားကိုဆွဲထုတ်ပြီး ရှမ့်လန်၏ လည်ပင်းပေါ်သို့တင်ကာ အော်ဟစ်လိုက်၏။ “ငါ့သား ဘယ်မှာလဲ။ သူ ဘယ်ရောက်သွားလဲ”
ရှမ့်လန်က ပြောလိုက်သည်။ “ဓားကို သတိထားအုံး။ ဒါက ဝဋ်လည်ခြင်း တစ်မျိုးပဲ။ ကျုပ်ရဲ့ ခန္ဓာကိုယ်ကို ခင်ဗျား ဘာပဲလုပ်လုပ်၊ ခင်ဗျားသားတွေ အဲလိုပဲ ပြန်ခံရလိမ့်မယ်”
ရန်ခေါင်းဆောင်သည် တင်းမာခက်ထန်စွာ ပြောလိုက်၏။ “ငါ့မိသားစုကို မထိနဲ့”
ရှမ့်လန်က ပြောလိုက်သည် “ခင်ဗျားတို့မိသားစုက ဆိုးဝါးတဲ့ကိစ္စတွေ လုပ်ခဲ့တာလေ။ ရွှဲ့ပြည်နယ်ရဲ့ စည်းမျဉ်းစည်းကမ်းအရဆိုရင် သေသင့်တာတောင် ကြာပြီ။ ဓားပြကြီးနာကျည်းမှုက ကောင်းကင်အစား တရားမျှတမှုကို ယူဆောင်ပေးခဲ့တာပဲ။ ကျုပ် သူ့အကြောင်း ကြားဖူးတယ်။ သူက ရက်စက်ပြီး ကြမ်းတမ်းလွန်းတဲ့ လူတစ်ယောက်တဲ့။ ဒါပေမဲ့ သူက အပြစ်ကင်းစင်တဲ့လူတွေကိုတော့ ဘယ်တော့မှ သတ်ဖြတ်တတ်တဲ့ လူ မဟုတ်ဘူး။ သူက သေဆုံးဖို့ ထိုက်တန်တဲ့ လူတွေကိုပဲ သတ်တာ”
“ချီးတဲ့မှ.. နာကျည်းမှု…”
ရန်ခေါင်းဆောင်သည် ဒေါသတကြီး အော်ဟစ်လိုက်၏။ သူသည် ရှမ့်လန်ကို အရေခွံခွာချင်၏။ ပြီးနောက် နှိပ်စက်နည်းပေါင်း တစ်ဒါဇင်ကျော်ကို အသုံးပြုကာ တစ်ဖက်လူကို နှိပ်စက်ပစ်ချင်၏။ သို့ပေမည့် သူ မလုပ်ရဲချေ။ သူ့၏ သားနှစ်ယောက်သည် တစ်ဖက်လူ၏ လက်ထဲတွင် ရှိနေကြောင်း သူက နားလည်လိုက်၏။
ရှမ့်လန်သည် အသာပင် ပြောလိုက်သည်။ “ကျုပ်ကို သတ်ချင်တာ စုနန်ပဲ။ ပြီးတော့ ခင်ဗျားတို့ ရေနက်တပ်ဖွဲ့ ဒါမှမဟုတ် ရွှယ်မိသားစုနဲ့ ဆိုင်တာမဟုတ်ဘူး။ ဒါပေမဲ့ ရန်ခေါင်းဆောင်က ကျုပ်ကို လက်လွှတ်မပေးခဲ့ဘူး။ ဘာဆိုင်လို့လဲ။ ဘာလို့ အေးအေးချမ်းချမ်း မနေချင်ရတာလဲ။
ခင်ဗျားက ရွှယ်လီရဲ့ဒေါသတရားတွေကို ကျုပ်အပေါ် ပုံချချင်တာ။ ရွှယ်လီ သဘောကျအောင် ပြုလုပ်ပေးချင်တာ။ ဒီကိစ္စထဲ ဝင်ပါတဲ့အတွက် ပေးဆပ်ရတဲ့ တန်ဖိုးက အရမ်းကြီးတယ်”
ဤအရာက အမှန်ပင် ဖြစ်၏။ ရွှယ်လီသည် နောက်ဆုံးအချိန်တုန်းက ဆိုးဝါးလွန်းသည့် နာကျင်မှုမျိုးကို ခံစားရဖူး၏။ သူမ၏ ပေါင်ခွကြား တည်နေရာတစ်ခုလုံးသည် ယောင်ကိုင်းနေခဲ့ပြီး သေသည်ထက် ဆိုးဝါးသော နာကျင်မှုမျိုးကို ရရှိခဲ့၏။ ထိုသို့ဖြစ်အောင် ရှမ့်လန် ပြုလုပ်ခဲ့ကြောင်း မည်သည့် သက်သေသာဓကမှ မရှိသော်လည်း ထိုအရာက ရှမ့်လန် ပြုလုပ်ခဲ့ခြင်း ဖြစ်လိမ့်မည်ဟု သူမက တပ်အပ်သိ၏။ ရှမ့်လန် ဟုတ်ဟုတ်၊ မဟုတ်ဟုတ် သူမက တန်ပြန်ကာ ဒုက္ခပေးရပေမည်။
“ကဲ... ကိုယ့်လူတို့ .... ဒီကိစ္စက ကျုပ်နဲ့ စုနန်တို့ရဲ့ ကြားမှာရှိတဲ့ စစ်ပွဲတစ်ခုပဲ။ ခင်ဗျားတို့ ဝင်ပါဖို့မလိုဘူး။ ပြီးတော့ ရွှယ်မိသားစုကလည်း ဝင်ပါဖို့ မလိုဘူး”
ရန်ခေါင်းဆောင်သည် မျက်လုံးကို မှိတ်၏။ ပြီးနောက် သူ၏ စိတ်ကို တည်ငြိမ်အောင် ထိန်းချုပ်နေ၏။ အချိန်ခဏ ကြာပြီးနောက် သူသည် မျက်လုံးကိုဖွင့်ကာ ပြောလိုက်၏။
“ရှမ့်လန်... ကျုပ်က ဘာမှ မဟုတ်ဘူး။ ကျုပ်ကို ပစ်မှတ်ထားလို့ အသုံးမဝင်ဘူး။ ခင်ဗျားသာ တကယ်တမ်း လုပ်နိုင်ကိုင်နိုင်စွမ်းရှိတယ်ဆိုရင် ဘာလို့ စုနန်ကို သွားမသတ်တာလဲ။ ခင်ဗျား ကျုပ်ရဲ့ မိသားစုကို သတ်ပစ်လို့လည်း အသုံးမဝင်ဘူး။ စုနန်ရဲ့ ဆံချည်တစ်မျှင်ကိုတောင်မှ ခင်ဗျား ထိနိုင်တာ မဟုတ်ဘူး။
ကျုပ် ခင်ဗျားကို နှိပ်စက်လို့ မရဘူး။ ဒါပေမဲ့ အသက်ရှင်လျက် ထွက်သွားဖို့ ခွင့်ပြုပေးလိမ့်မယ်လို့ မထင်နဲ့။ ခင်ဗျားက သေပြီးသားပဲ။ ပြီးတော့ ခင်ဗျားကို သတ်ချင်နေတဲ့လူက ကျုပ်မဟုတ်ဘူး။ ဘုရင်မင်းမြတ်ပဲ။ ခင်ဗျားက ဘုရင်မင်းမြတ်ကို လိမ်ညာလှည့်စားတဲ့ ပြစ်မှုကို ကျူးလွန်ခဲ့တယ်။ အထူးတရားရုံးက လူတွေ ... ဘယ်ရောက်သွားခဲ့တာလဲ။ ပြီးတော့ မှတ်တမ်းရုံးက လူတွေ ... ဘယ်ရောက်သွားခဲ့တာလဲ။ လာလေ၊ အတူတူ စစ်ဆေးကြမယ်”
ရေနက်တပ်ဖွဲ့မှ လူများသည် ထိပ်တန်းအာဏာပိုင်များဖြစ်သည်။ ထို့ကြောင့် မည်သူမှ မေးမြန်းခြင်းမပြုခင် သူတို့က အရင်ဦးဆုံး မေးမြန်းနေကြခြင်းဖြစ်သည်။
ခဏလောက်ကြာပြီးနောက် အထူးတရားရုံး၏ အငယ်တန်း ဝန်ထောက် ဝမ်ကျင်းလင်နှင့် မှတ်တမ်းရုံး၏ ညာလက်ရုံး ဝန်တော် ကျန်းချုံးတို့ လျှောက်ဝင်လာခဲ့၏။ သုံးဦးသုံးဖလှယ် အတူပူးပေါင်း စစ်မေးခြင်းဖြစ်၏။ အဆင့်အတန်းက တကယ့်ကို မြင့်မားလွန်း၏။ တကယ် ထိပ်တန်း အာဏာပိုင်များကိုသာ စစ်ဆေးသည့် အခြေအနေမျိုး ဖြစ်၏။ ရှမ့်လန်၏ ကိစ္စသည် မင်းပြစ်မင်းဒဏ် သင့်နေခြင်းပင်။
အထူးတရားရုံးအနေနှင့် ဤကဲ့သို့သော စစ်ဆေးမျိုးကို ဦးဆောင်ရမည်ဖြစ်ပြီး ရေနက်တပ်ဖွဲ့က ထိုအရာကို ကူညီရပေလိမ့်မည်။ မှတ်တမ်းရုံးမှာတော့ စောင့်ကြပ်ကြည့်ရှုရမည်။ ရှမ့်လန်သည် အထူးတရားရုံး တပ်ဖွဲ့သားများ၏ ခေါ်ဆောင်ခြင်းကို ခံခဲ့ရ၏။
သုံးဦးသုံးဖလှယ်အဖွဲ့များသည် ခန်းမတစ်ခုထဲတွင် ထိုင်လျက် ရှိနေသည်။
တရားဝင်စစ်ဆေးမှုကို ပြုလုပ်ကြမည် ဖြစ်၏။ စစ်သည်ပေါင်း ၁၀၀ ကျော်တို့သည် ခန်းမ၏ ဘေးတစ်ဖက် တစ်ချက်စီတွင် မတ်မတ်ရပ်လျက် ရှိနေပြီး အလွန်အေးစက်ပြီး ဟိတ်ဟန်များသည့် အခြေအနေကို ထုတ်ဖော်ပြသ၏။ တရားရုံးတစ်ခုကဲ့သို့ သူတို့သည် လက်ထဲတွင် တုတ်များကို ကိုင်ဆောင်ထားခြင်း မရှိချေ။ ဓားမော့များကိုသာ ကိုင်ဆောင်ထား၏။
“အင်း... မင်းက ရှမ့်လန်လား”
ရှမ့်လန်က ပြောလိုက်၏။ “ဂါရဝပြုပါတယ် အရာရှိတို့”
အထူးတရားရုံး၏ အငယ်တန်း ဝန်ထောက်က အေးစက်စက် ပြောလိုက်သည်။ “ရှမ့်လန်... မင်းက အရာရှိ မဟုတ်တော့ဘူး။ ဘာလို့ ဒူးမထောက်တာလဲ”
ဘေးတစ်ဖက်တွင် ရှိနေသည့် ကျန်းချုံးက ပြောလိုက်၏။ “အရှင်ဝမ်... ရှမ့်လန်က အရာရှိအဖြစ်ကနေ ဖြုတ်ချခံထားရတယ်ဆိုပေမဲ့ အဆင့်မြင့်ကျောင်းတော်သားဆိုတဲ့ ဂုဏ်ပုဒ်ကို ပိုင်ဆိုင်သေးတယ်”
အထူးတရားရုံး၏ အငယ်တန်း ဝန်ထောက်က ပြောလိုက်သည်။ “သူက အပြစ်ကြီးတစ်ခုကို ကျူးလွန်ခဲ့တာလေ။ ဘုရင်မင်းမြတ်ကိုတောင် လှည့်စားခဲ့တဲ့ လူတစ်ယောက်။ ဒီလိုလူမျိုးက ရှိရှိသမျှ ရာထူးရာခံအားလုံး ဖယ်ရှားရမဲ့ လူမျိုးပါ”
ကျန်းချုံးက ပြောလိုက်၏။ “ရှမ့်လန်က အခုချိန်မှာ သံသယ တရားခံပဲ ရှိပါသေးတယ်။ ဘုရင်မင်းမြတ်ကလည်း အမိန့်တော်ကို မထုတ်ပြန်သေးဘူး။ သူ့ရဲ့ ကျောင်းတော်သားဆိုတဲ့ ဂုဏ်သိက္ခာက ဒီမှာ ရှိနေသေးတယ်။ သူ့အနေနဲ့ ဒူးထောက်ဖို့ မလိုပါဘူး”
ပြောပြောပြီးချင်းမှာပဲအထူးတရားရုံး၏ အငယ်တန်း ဝန်ထောက်သည် ကျန်းချုံးကို စူးစိုက်ကာ ကြည့်ရှု လိုက်သည်။ “ကျန်းချုံး... ခင်ဗျား မကြာသေးခင်ကမှ ထောင်က ထွက်လာတာ။ ဘယ်လိုဖြစ်ပြီး ဟိတ်ကြီးဟန်ကြီး လုပ်နေရတာလဲ”
ရှမ့်လန်သည် ပြစ်မှုကြီးတစ်ခုကို ကျူးလွန်ခဲ့သူဖြစ်ကြောင်း အားလုံးသောသူတို့က သိရှိ၏။ မကြာခင် သေဆုံးရ ပေတော့မည်။ သို့ပေမည့် တစ်ဖက်လူသည် ဘေးမှ ကာဆီးပေးလို့နေသည်။ အတူတူ ငရဲပြည်သွားချင်နေသည်လား။
ကျန်းချုံးနှင့် အထူးတရားရုံးဆိုသည်မှာ သေမျိုးရန်သူများ ဖြစ်၏။ လွန်ခဲ့သည့်နှစ်ဝက်အတွင်း သူသည် အထူးတရားရုံး၏ အကျဉ်းထောင်ထဲတွင် နှိပ်စက်ခြင်း ခံခဲ့ရ၏။ အကျဉ်းထောင်ထဲတွင် သေဆုံးလုနီးပါးပင် ဖြစ်ခဲ့၏။
“ကောင်းပြီ။ ခင်ဗျား မလုပ်ချင်ဘူးဆိုလည်း ဒူးမထောက်နဲ့တော့”
အထူးတရားရုံး၏ အငယ်တန်း ဝန်ထောက်သည် အေးစက်စက်နှင့် ပြောလိုက်၏။ “ရှမ့်လန်... မင်း ဘယ်လို ပြစ်မှုမျိုးကို ကျူးလွန်ခဲ့လဲဆိုတာ သိတယ်မလား။ ဘုရင်မင်းမြတ်ကို လှည့်စားခဲ့တယ်။ အိမ်ရှေ့စံ မင်းသားကို ကျိန်ဆဲခဲ့တယ်။ ဘယ်လိုအရာပဲဖြစ်ဖြစ် မင်းအနေနဲ့ သေဆုံးဖို့ ထိုက်တန်တဲ့အရာတွေချည်းပဲ။ ဝန်ခံစမ်း။ မင်း... မင်းရဲ့ မိသားစုကို ဒုက္ခမပေးနဲ့တော့”
ထိုအချိန်မှာပဲ ရေနက်တပ်ဖွဲ့၏ စစ်သည်တော်အများအပြားသည် အထဲသို့ ဝင်ရောက်လာကာ ပြောလိုက်သည်။ “ခေါင်းဆောင်တို့... ကျင်းမိသားစုရဲ့စစ်သည်တော် သုံးယောက်က နန်းမြို့တော်ကနေ ထွက်ခွာပြီး ထျန်းလန်စီရင်စု ဆီ ဦးတည်နေပါတယ်။ ကျုပ်တို့ သူတို့ကို ဖမ်းထားခဲ့တယ်။ သူတို့က နယ်စားအိမ်တော်ကို ပြန်ပြီး သတင်းပို့ဖို့ ရည်ရွယ်ချက် ရှိနေတဲ့ပုံပဲ”
ထိုအချိန်မှာပဲ ကျင်းမိသားစု၏ စစ်သည်တော် သုံးယောက်သည် ဖမ်းဆီးခေါ်ဆောင်လာခြင်းကို ခံခဲ့ရသည်။ သူတို့ သုံးယောက်လုံးသည် ဒဏ်ရာဒဏ်ချက်များနှင့် ပြည့်နှက်လျက်ရှိနေပြီး သွေးများလည်း စွန်းထင်းနေ၏။ ကြမ်းတမ်းသည့် တိုက်ခိုက်မှုကို ရင်ဆိုင်ခဲ့ပြီးနောက်မှာမှ ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်ပုံပေါ်၏။
ခေါင်းဆောင်က ကျင်းဟန် ဖြစ်၏။ သူသည် ရွှမ်ဝူနယ်စားအိမ်တော်ဆီသို့သွားကာ သတင်းစကားပေးပို့ရန် တာဝန်ယူထားသည့် လူဖြစ်၏။ ရွှမ်ဝူနယ်စားကြီးအား နန်းမြို့တော်တွင် ဖြစ်သမျှအရာအားလုံး တင်ပြရန် ကျင်းမူကုန်း ခိုင်းစေခဲ့ခြင်း ဖြစ်ပြီး တစ်စုံတစ်ယောက်သာ ရှမ့်လန်ကို သတ်ဖြတ်ခဲ့ပါက သူ့၏ အဖေကို ပုန်ကန်ရန် မှာကြားခဲ့ခြင်းပင်။
ရှမ့်လန်သည် မည်သို့မှ မနေနိုင်ဘဲ သက်ပြင်းကိုသာ ချမိလိုက်၏။ သူသည် ကျင်းမူကုန်းကို ဘာတစ်ခုမှ မလုပ်ရန် မှာကြားထားခဲ့၏။ ငြိမ်ငြိမ်သက်သက်နှင့် စာကြည့်ခန်းထဲတွင် ထိုင်ပြီး စာရေးသားရန်သာ ခိုင်းစေထားသည်။ သို့ပေမည့် ဤဝတုတ်သည် ငြိမ်ငြိမ် မနေခဲ့ချေ။ ကလေးဆိုးလေး တစ်ယောက်ကဲ့သို့ပင်။
“မင်းရဲ့နာမည်က ဘာလဲ” အငယ်တန်းဝန်ထောက်က အေးစက်စက်နှင့် မေးမြန်းလိုက်သည်။
“ကျင်းဟန်ပါ”
“မင်းက ဘာလဲ”
“ကျင်းမိသားစုရဲ့ စစ်သည်တော်”
အငယ်တန်းဝန်ထောက်သည် အေးစက်စက်နှင့် မေးလိုက်၏။ “ဒီလိုအချိန်ကြီးမှာ ရွှမ်ဝူမြို့ဆီ အလောတကြီးနဲ့ ပြန်ရတာ ဘာလုပ်ချင်လို့လဲ။ မင်းကို တစ်စုံတစ်ယောက်က သတင်းစကားပေးဖို့ ခိုင်းလိုက်တာလား။ ရွှမ်ဝူနယ်စားကြီးကို ပုန်ကန်ဖို့ သွားပြောတာလား”
ကျင်းဟန်က ပြောလိုက်သည်။ “မဟုတ်ပါဘူး။ ကျုပ်တို့က ထုံးစံအတိုင်း အစောင့်ပြောင်းတာပါ။ ဆက်ခံသူရဲ့ သတိရကြောင်းစာကို နယ်စားကြီးဆီ ပေးပို့ပေးရပါတယ်။ မယုံရင် စစ်ဆေးလို့ရပါတယ်”
ပြီးနောက် ကျင်းဟန်သည် သူ့၏ အိတ်ကပ်ထဲမှ စာကို ထုတ်ယူကာ ပေးလိုက်၏။ အမှန်ပင် ကျင်းမူကုန်း ကျင်းကျိုးကို တောင်းပန်ထားသည့် စာဖြစ်ပြီး သူ့ကို အိမ်သို့ ပြန်ခေါ်ရန် ဂျီကျထားသည့်စာပင် ဖြစ်၏။
“ဘယ်လိုဖြစ်ရတာလဲ ကျင်းဟန်... မင်း စောစော ဒါမှမဟုတ် နောက်ကျမှ မသွားဘဲ ရှမ့်လန် အဖမ်းခံရတဲ့ အချိန်မှ ဘာလို့ အချိန်ကိုက် ပြန်တာလဲ”
အထူးတရားရုံး၏ အငယ်တန်း ဝန်ထောက်သည် အေးစက်စက်နှင့် မေးလိုက်ပြန်သည်။ “မင်းကို ဘာလုပ်ဖို့ တစ်စုံတစ်ယောက်က အမိန့်ပေးခဲ့သေးလဲ။”
ကြည့်ရသည်မှာ တစ်ဖက်လူသည် ရှမ့်လန်ကို သတ်ဖြတ်ချင်ရုံသာ မဟုတ်ချေ။ ကျင်းမူကုန်းနှင့် ကျင်းမိသားစု တစ်ခုလုံးကို ရှမ့်လန်နှင့်အတူ ခေါ်ဆောင်သွားစေချင်ပုံ ပေါ်၏။
ဘုရင်မင်းမြတ်သည် သံသယများသူ ဖြစ်၏။ ကျင်းမိသားစု ပုန်ကန်မည်ကို အစဉ်အမြဲ စိုးရိမ်နေ၏။ ထို့အတူ တကယ်တမ်း ပုန်ကန်သည်ဆိုပါက အရာအားလုံးကို အမြစ်ပြတ် သုတ်သင်မှာ သေချာသည်။
ကျင်းဟန်က ပြောလိုက်၏။ “ကျုပ်... အစောင့်ပြောင်းဖို့ ပြန်သွားခဲ့တာပါ။ ဆက်ခံသူက စာပေးဖို့လည်း မှာလိုက်ခဲ့တယ်။ တခြား ဘာမှ မဟုတ်ပါဘူး”
အထူးတရားရုံး၏ အငယ်တန်းဝန်ထောက် အကြည့်များသည် အေးစက်သွားခဲ့၏။ သူက ဖြည်းညှင်းစွာ ပြောလိုက်သည် “ကြည့်ရတာ နှိပ်စက်မခံရမချင်း စကားကောင်း ပြောမှာ မဟုတ်ဘူး။ ကိုယ့်လူတို့... သူ့ကို နှိပ်စက်တဲ့အခန်းထဲ ခေါ်သွားကြစမ်း”
အထူးတရားရုံးမှ စစ်သည်တော်များသည် ရှေ့သို့ လှမ်းတက်လာခဲ့ပြီး ကျင်းဟန်နှင့် အခြားနှစ်ယောက်ကို ဖမ်းချုပ်ကာ ခေါ်ဆောင်သွားခဲ့၏။
ကျင်းဟန်နှင့် အခြား စစ်သည်တော် နှစ်ယောက်တို့သည် အေးစက်စက် ရယ်မောပြီး သူတို့၏ ပါးစပ်ကို ခပ်တင်းတင်း ပိတ်ထားခဲ့၏။ ကျင်းမိသားစု၏စစ်သည်များသည် နှိပ်စက်ခံရမည်ကို ကြောက်လန့်မည်လား။ အိမ်မက်သာ မက်နေခြင်းသာ ဖြစ်ပေမည်။
ရှမ့်လန်က ပြောလိုက်သည်။ “ခေါင်းဆောင်ဝမ်... ကိုယ့်ကိုယ်ကိုယ် ဒီလောက်ကြီး နှိပ်စက်နေဖို့ မလိုပါဘူး။ ကျုပ် အစောကြီးတည်းက ပြောပြီးသားလေ။ ဘုရင်မင်းမြတ်အနားက ယုံကြည်ရတဲ့လူတွေလာပြီး စစ်ဆေးမေးမြန်းမှပဲ ကျုပ်စကားပြောမယ်လို့။ မဟုတ်ရင် ကျုပ် စကားတစ်ခွန်းမှ ပြောမှာ မဟုတ်ဘူး”
အထူးတရားရုံး၏ အငယ်တန်း ဝန်ထောက်သည် အရှက်ခွဲခံရသလိုပင် ခံစားလိုက်မိ၏။ “ရှမ့်လန်.. ငါက မင်းနဲ့ ညှိနှိုင်းဆွေးနွေးဖို့အတွက် အရည်အချင်းမရှိဘူးလို့ ပြောချင်နေတာလား။ ငါ မင်းကို မနှိပ်စက်ရဲဘူးလို့ ထင်နေတာလား”
ထိုအချိန်မှာပဲ ကျန်းချုံးက ဘေးတစ်ဖက်မှ ပြောလိုက်သည်။ “ရှမ့်လန်က အဆင့်မြင့် ကျောင်းတော်သား တစ်ယောက်ပဲ။ သူ့ကို နှိပ်စက်လို့မရဘူး။”
အထူးတရားရုံး၏အငယ်တန်း ဝန်ထောက်သည် နှာခေါင်းရှုံ့ကာ ပြောလိုက်၏။ “ကောင်းပြီ .... ကောင်းပြီ။ ဒီကိစ္စကို ငါ ဘုရင်မင်းမြတ်ဆီကို အကြောင်းကြားလိုက်မယ်။ ရှမ့်လန်ရဲ့ ရှိရှိသမျှဘွဲ့ထူးတွေ အကုန်လုံးကို ဖယ်ရှားပစ်ဖို့”
ကျန်းချုံးက ပြောလိုက်သည်။ “အင်း... ကျုပ်လည်း စာတစ်စောင် ပို့ရလိမ့်မယ်။ ရှမ့်လန် ပြောခဲ့တဲ့ အကြောင်းအရာကို ဘုရင်မင်းမြတ်ကို တင်ပြရမယ်”
အထူးတရားရုံး၏ အငယ်တန်း ဝန်ထောက်က ပြောလိုက်၏။ “ဒါဆိုရင်လည်း အတူတူ တင်ပြကြတာပေါ့”
ဘေးတစ်ဖက်တွင် ရှိနေသည့် ရေနက်တပ်ဖွဲ့ဆီမှ ရန်ခေါင်းဆောင်သည် အံကိုကြိတ်ကာ ပြောလိုက်သည်။ “ကျုပ်လည်း အတူတူ စာတင်ရမယ်။ ကျုပ်က ရှမ့်လန်ကို ဖမ်းခဲ့တဲ့ လူပဲ။ ဒါပေမဲ့ ကျုပ်ရဲ့ မိသားစု တစ်စုလုံး သေသွားခဲ့ပြီ။ ရေနက်တပ်ဖွဲ့ဝင်ရဲ့ မိသားစု သတ်ဖြတ်တယ်ဆိုတာ ဘုရင်မင်းမြတ်ရဲ့လူကို သတ်ဖြတ်ပစ်တာနဲ့ တူတူပဲ”