← Chapters

အခန်း (၃၃၉)

Vol. 25 Ch. 339

အခန်း (၃၃၉)

Vol. 25 Ch. 339

အထူးတရားရုံး၏ လျှို့ဝှက်စစ်ဆေးမေးမြန်းခန်းအတွင်းမှာတော့ ....

မိန်းမစိုးကြီးလီစွမ်းသည် ရှမ့်လန်ကို ဘုရင်မင်းမြတ်ကိုယ်စား ကိုယ်တိုင်ကိုယ်ကျ စစ်ဆေးလျက် ရှိနေ၏။ တတိယမင်းသားသည် အမှောင်အခန်းထဲတွင် တိတ်ဆိတ်ငြိမ်သက်စွာ ထိုင်ကာ ကြည့်ရှုနေပြီး မည်သည့် စကားမှ မဆိုချေ။

“ရှမ့်လန်.. ဘုရင်မင်းမြတ်က မေးခွန်း မေးလိုက်တယ်။ မိဖုရားခေါင်ကြီးရဲ့ မွေးနေ့မှာ မင်းကဗျာ တစ်ပုဒ်ကို တစ်စုံတစ်ယောက်ဆီကို ရောင်းချခဲ့ဖူးလား”

ဤအရာက ပြဿနာ ဖြစ်ခြင်း၏ အစပင် ဖြစ်၏။

“ရောင်းဖူးပါတယ်” ရှမ့်လန်က ပြန်ပြောလိုက်သည်။

ထိုစကားကိုကြားသည့်အချိန်မှာတော့ လီစွမ်း၏မျက်နှာပေါ်ရှိ ကြွက်သားများက တုန်ယင်သွားခဲ့၏။ ‘ကောင်လေး.. မင်း တကယ့်ကို သေချင်နေတာပဲ။ ငါ မင်းကို ကယ်တင်ချင်တယ်ဆိုရင်တောင် ကယ်တင်နိုင်မှာ မဟုတ်ဘူး’

မိန်းမစိုးကြီးလီစွမ်းက ထပ်မံကာ မေးမြန်းလိုက်သည်။ “ဒါဆိုရင် အဲဒီညတုန်းက ကချေသည်ဟယ် ဆီကို အဝတ်အစားတွေ ရောင်းခဲ့တာလည်း မင်းပဲမဟုတ်လား”

ရှမ့်လန်သည် ခေါင်းကိုခါယမ်းကာ ပြောလိုက်၏။ “မဟုတ်ပါဘူး။ ဒီကျောင်းတော်သားက ကဗျာတွေ ဘယ်လို ရေးရမလဲပဲ သိပါတယ်။ အဝတ်အစား ဘယ်လိုချုပ်ရမလဲ မသိပါဘူး”

မိန်းမစိုးကြီးလီစွမ်းက ထပ်မံကာ မေးမြန်းလိုက်သည်။ “တစ်စုံတစ်ယောက်က ဟယ်ဝမ်ဝမ်ကို သေသေချာချာ ပြင်ဆင်ပေးခဲ့ပြီး ဘုရင်မင်းမြတ်ရဲ့အာရုံစူးစိုက်မှုရအောင် လုပ်ခဲ့တယ်။ မင်း အဲဒီလူကို ညွှန်ကြားခဲ့သေးလား”

“မဟုတ်ပါဘူး” ရှမ့်လန်က ပြောလိုက်၏။

လီစွမ်းက ပြောလိုက်သည်။ “ဒါပေမဲ့ အဲဒီလူက ဝန်ခံခဲ့တယ်။ သူ့ကို ဒီအလုပ်လုပ်ဖို့ခိုင်းစေခဲ့တဲ့လူက ကျင်းမိသားစုကတဲ့”

ရှမ့်လန်က တွန့်ကနဲ ဖြစ်သွား၏။ သူသည် တုန်လှုပ်မှုကို ထုတ်ဖော်ပြသလိုက်၏။

မိန်းမစိုးကြီးလီစွမ်းက ပြောလိုက်သည်။ “လီဝမ်ကျန့်ရဲ့ အိမ်ထဲမှာ သွေးစွန်းနေတဲ့ ပိုးလက်ကိုင်ပဝါ တစ်ခုရှိတယ်။ ပြီးတော့ ဟယ်ဝမ်ဝမ်ရဲ့ လက်မှတ်တစ်ခုလည်း ရှိနေတယ်။ မင်းသူ့ကို ချောက်ချခဲ့တာလား”

ရှမ့်လန်က ပြောလိုက်၏။ “မဟုတ်ပါဘူး”

လီစွမ်းကထပ်ကာ မေးလိုက်သည်။ “အိမ်ရှေ့စံမင်းသားကို ကျိန်ဆဲတဲ့ စာကို လီဝမ်ကျန့်ရဲ့ အိပ်ယာအောက်မှာ ထားဖို့ တစ်စုံတစ်ယောက်ကို စေခိုင်းခဲ့တာလား။ ဒါက လီဝမ်ကျန့်ကို သတ်အောင် ဖန်တီးခဲ့တာလား။ ဒီကိစ္စကို မင်းလုပ်ခဲ့တာလား”

ရှမ့်လန်က ပြောလိုက်၏။ “မဟုတ်ပါဘူး”

လီစွမ်းက ဆက်လက်ကာ မေးလိုက်၏။ “လွန်ခဲ့တဲ့ ရက်အနည်းငယ်တုန်းက လျန်စီရင်စုကနေ မင်းဖြတ်သွားချိန်မှာ ဟယ်ဝမ်ဝမ်က မင်းတည်းခိုတဲ့အရာရှိရိပ်သာဆီလာပြီး မင်းနဲ့ တွေ့ခဲ့တယ်။ သူ ဘာလိုချင်ခဲ့ တာလဲ”

ရှမ့်လန်က ပြန်ပြောလိုက်သည်။ “အင်း.. အဲဒီ 'တောက်ပသည့် လကြီး ပေါ်လာချိန်' ဆိုတဲ့ ကဗျာကို ကျုပ် ရေးခဲ့တာလားဆိုပြီး လာမေးတာပါ”

လီစွမ်းက ပြန်လည်ကာ မေးမြန်းလိုက်၏။ “ဒါဆိုရင် မင်း ဘယ်လိုဖြေခဲ့တာလဲ”

ရှမ့်လန်က ပြောလိုက်သည်။ “ကျုပ် မဟုတ်ဘူးလို့ ပြောခဲ့တယ်။ ဘာလို့လဲဆိုတော့ ကျုပ် ပြဿနာ မတက်ချင်လို့ပါ။ တကယ်တော့ ဒီကဗျာကို ကျုပ်ရေးခဲ့တယ်။ ပြီးတော့ ဟယ်ဝမ်ဝမ်ကို ရောင်းချခဲ့တယ်”

မိန်းမစိုးကြီးလီစွမ်းသည် မျက်လုံး မှိတ်လိုက်၏။ လက်ရှိအချိန်မှာတော့ ရှမ့်လန်သည် ဆိုးဝါးသည့် အခြေအနေမျိုးသို့ ရောက်ရှိနေခဲ့၏။ 'တောက်ပသည့် လကြီး ပေါ်လာချိန်' ဆိုသည့် ကဗျာကို ရေးသားကြောင်း ဝန်ခံခဲ့ပြီး ဟယ်ဝမ်ဝမ်ကို ရောင်းချခဲ့ကြောင်းလည်း ဝန်ခံခဲ့၏။ ဤအမှုမှ သူ၏နာမည်ကို ရှင်းလင်းနိုင်တော့မည် မဟုတ်ပေ။

ဤအဘိုးကြီးက အကောင်းဆုံး ကြိုးစားခဲ့၏။ သို့ပေမည့် မတတ်နိုင်တော့ချေ။

လီစွမ်းက ပြောလိုက်သည်။ “ရှမ့်လန်.. ငါမေးစရာရှိတာ မေးပြီးသွားပြီ။ မကြာခင်မှာ မင်းရဲ့ ကျောင်းတော်သားဆိုတဲ့ ဘွဲ့ထူးအားလုံးကို ဖယ်ရှားပစ်ရမယ်။ မင်း အဖွဲ့ဌာနသုံးခုရဲ့ စစ်ဆေးမေးမြန်းမှုကို ခံရမယ်။ ပြီးတော့ အပြစ်ပေးခြင်း ခံရလိမ့်မယ်။ မင်း ပြောချင်တဲ့ ကိစ္စတစ်ခုခု ရှိသေးလား။ နောက်မကျသေးခင် ငါ့ကို ပြော။ အနှိပ်စက်ခံရရင် မင်းရဲ့ သေးငယ်တဲ့ ခန္ဓာကိုယ်လေးက ခံနိုင်မှာ မဟုတ်ဘူး”

ရှမ့်လန်က ပြောလိုက်၏။ “ဆရာကြီး.. ကျုပ်သိသလောက် အရာအားလုံးကို ပြောခဲ့ပြီးပြီ။ ဟယ်ဝမ်ဝမ် သေဆုံးခြင်းက ကျုပ်နဲ့ ဘာမှ မဆိုင်ဘူး”

လီစွမ်းက အသာပင် ပြောလိုက်သည်။ “ဒါဆိုရင် ဘယ်သူလဲ။ မင်းရဲ့ နာမည်ကို ရှင်းလင်းဖို့ ဒီကိစ္စကို ထုတ်ပြောဖို့ လိုတယ်”

လီစွမ်းသည် မျှော်လင့်တကြီးဖြင့် လှမ်းကာ ကြည့်ရှုလိုက်၏။

“အဟမ်း .. အဟမ်း ...”

ထိုအချိန်မှာပဲ တတိယမင်းသားသည် အသာပင် ချောင်းဟန့်လိုက်၏။ လီစွမ်းသည် ဘုရင်မင်းမြတ်၏ အစား မေးခွန်းမေးခြင်းကိုသာ ပြုလုပ်သင့်၏။ သူ့၏ ပုဂ္ဂိုလ်ရေးရာ ခံစားချက်များအတိုင်း နှပ်ကြောင်းပေး မေးမြန်း၍ မရချေ။

မိန်းမစိုးကြီးက သက်ပြင်းချလိုက်သည်။ “ကောင်းပြီ ရှမ့်လန်.. ဒါဆိုရင် ဂရုစိုက်ပါ။ ငါမေးစရာရှိတာတွေ အကုန်မေးပြီးပြီ။ ကျန်တဲ့ အဖွဲ့အစည်းသုံးခုက မင်းနဲ့ ဆက်ပြီး ညှိနှိုင်းဆွေးနွေးလိမ့်မယ်”

မကြာခင်မှာပဲ အထူးတရားရုံး၏ အငယ်တန်း ဝန်ထောက် ရောက်ရှိလာခဲ့၏။ “အရှင်မင်းသား၊ မိန်းမစိုးကြီး လီ။ ဘုရင်မင်းမြတ်က ရှမ့်လန်ရဲ့ ကျောင်းတော်သား ဘွဲ့ထူးအကုန်လုံးကို ဖယ်ရှားလိုက်ပြီ မဟုတ်လား။ ဒါဆိုရင် သူ့ကို ကျုပ်တို့ စပြီး စစ်ဆေးလို့ ရပြီလား”

လီစွမ်းသည် အကူအညီမဲ့စွာဖြင့် ခေါင်းညိတ်ရုံသာ တတ်နိုင်သည်။

ထိုအချိန်မှာပဲ ကျန်းချုံးက ထူးမခြားနားသလို ပြောလိုက်၏။ “အင်း.. မိန်းမစိုးကြီး၊ ဟယ်ဝမ်ဝမ်ရဲ့ အလောင်းက ဒီနေရာကို ရောက်မလာသေးဘူး။ ကျုပ်တို့ တစ်စုံတစ်ခုသော အသစ်ကို ရှာဖွေတွေ့ရှိတာမျိုး ဖြစ်နိုင်တယ်။ သူမက ကိုယ့်ကိုယ်ကိုယ် သတ်သေတာ မဟုတ်ဘဲ အသတ်ခံရတာဆိုရင် ဘယ်လိုလုပ်မလဲ”

ကျန်းချုံးသည် ရှမ့်လန်ကို လှမ်းကာ ကြည့်ရှုလိုက်၏။ ဤအချက်ပြမှုက ရှင်းလင်းလွန်း၏။ တန်ပြန် တိုက်ခိုက်မှု စတင်ပြီ ဖြစ်သည်။

………..

ရေနက်တပ်ဖွဲ့မှ‌ ခေါင်းဆောင်ရန်၏ မျက်နှာထားက ချက်ချင်းဆိုသလိုပဲ ပျက်ယွင်းသွားခဲ့၏။ “ဒါ လုံးဝ မဖြစ်နိုင်ဘူး။ ဟယ်ဝမ်ဝမ်ကို အသတ်ခံရတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး”

မိန်းမစိုးလီစွမ်းက မေးလိုက်သည် “ဘာကြောင့် မဖြစ်နိုင်ရတာလဲ ပြောပါအုံး”

ခေါင်းဆောင်ရန်က ဆက်လက်ကာ ပြောလိုက်၏။ “မိန်းမစိုးလီ... ဒီလိုလေ။ ခင်ဗျား သေသေချာချာ မသိဘူးနဲ့ တူတယ်။ ဟယ်ဝမ်ဝမ်ကို စောင့်ရှောက်ဖို့ ကျုပ်တို့ လူ ၂၀ ကျော်တောင်မှ အစောင့်ချထားခဲ့တာ။ အဲအထဲမှာ ယောကျာ်း၊ မိန်းမ အစုံအလင် ရှိတယ်။ ပြီးတော့ သူတို့ထဲက တစ်ယောက်ယောက်ကမှ ဟယ်ဝမ်ဝမ်နားကနေ ခြေတစ်လှမ်း မခွာခဲ့ကြဘူး”

ရှမ့်လန်က ပြောလိုက်သည်။ “အင်း… လျန်ခရိုင်ရဲ့ အရာရှိရိပ်သာမှာတုန်းက ဘာလို့ ကျုပ်ဆီကို ဟယ်ဝမ်ဝမ် က တစ်ယောက်တည်း သီးသန့်လာတွေ့ခဲ့တာလဲ။ အဲလူတွေ ဘယ်ရောက်နေလို့လဲ”

ခေါင်းဆောင်ရန်က ဆက်လက်ကာ ပြောလိုက်၏။ “အပြင်ဘက်မှာ မင်းရဲ့လူတွေ တားဆီးထားခဲ့လို့။ ဟယ်ဝမ်ဝမ် တစ်ယောက်တည်းကိုပဲ အထဲကို ဝင်ခွင့်ပြုခဲ့တာ မဟုတ်ဘူးလား”

လီစွမ်းက ဆက်လက်ကာ မေးမြန်းလိုက်သည်။ “ဆက်ပြော ဒါဆိုရင်”

ခေါင်းဆောင်ရန်က ပြောလိုက်၏။ “လွန်ခဲ့တဲ့ သုံးရက်တုန်းက ဟယ်ဝမ်ဝမ် ညစာ မစားဘူး။ လက်ဖက်ရည် အနည်းငယ်ကိုပဲသောက်ပြီး အခန်းထဲဝင် ... စာတစ်စောင် ရေးခဲ့တယ်။ သူက သုံးရက်တစ်ကြိမ် အရှင်မင်းကြီးဆီကို စာဆက်သတတ်တဲ့ မိန်းကလေးတစ်ယောက်ပဲ။ ကျုပ်တို့က စာကိုပေးပို့ဖို့ သက်သက်ပဲ တာဝန်ယူထားတာပါ။ အထဲမှာရှိတဲ့ စာတစ်လုံးကိုတောင်မှ ဖတ်ခွင့်ရှိတာ မဟုတ်ဘူး။ သူက စာရေးပြီးတဲ့ အချိန်မှာ အိပ်စက်ဖို့ လှဲလျောင်းခဲ့တယ်။ ဒါကြောင့် ကျုပ်တို့ရဲ့လူတွေက အပြင်ဘက်မှာ သေသေချာချာနဲ့ ကင်းစောင့်နေခဲ့တယ်”

လီစွမ်းက ပြောလိုက်သည်။ “ဒါဆိုရင် လစ်ကွက်၊ ဟာကွက်ဆိုပြီး တစ်ခုမှ မရှိဘူးလား။ သေချာစောင့်ကြည့် နေခဲ့လား”

ခေါင်းဆောင်ရန်က ဆက်လက်ကာ ပြောလိုက်၏။ “ဟုတ်ပါတယ်။ လစ်ကွက်၊ ဟာကွက်မျိုး လုံးဝ မရှိအောင်လို့ ကင်းစောင့်တာပါ။ တံခါးရဲ့ အပြင်ဘက်၊ ပြတင်းပေါက်ရဲ့ အပြင်ဘက်၊ ပြီးတော့ အမိုးပေါ်မှာတောင် လူရှိတယ်။ လူတစ်ယောက် ဝင်ဖို့ မပြောနဲ့၊ ယင်ကောင်တစ်ကောင်တောင် အထဲကို ပျံပြီး ဝင်လို့မရနိုင်ဘူး”

လီစွမ်းက ပြောလိုက်သည်။ “ဒါဆိုရင် သူဘယ်လိုနည်းနဲ့ ကိုယ့်ကိုယ်ကိုယ် သတ်သေသွားခဲ့တာလဲ”

ခေါင်းဆောင်ရန်က ဆက်လက်ကာ ဖြေဆိုလိုက်၏။ “အဆိပ်ပါ၊ စိန်အဆိပ်ပါ”

စိန်အဆိပ်က အလွန်အမင်း ပြင်းထန်လွန်း၏။ ၀.၁ ဂရမ်လောက် သောက်သုံးမိသည်ဆိုလျှင်တောင် အသက်သေဆုံးနိုင်သည်။

လီစွမ်းက ထပ်မံကာ ပြောဆိုလိုက်သည်။ “စစ်သည်တို .. နန်းတော်ထဲက သမားတော်မတစ်ယောက်ကို ခေါ်ခဲ့၊ အလောင်း စစ်ဆေးဖို့”

“ကောင်းပါပြီ” မိန်းမစိုးတစ်ယောက်သည် အလျင်အမြန် ထွက်ခွာသွားခဲ့၏။

ဟယ်ဝမ်ဝမ်သည် တစ်ချိန်က ဘုရင်မင်းမြတ်၏ အနားတွင် ခစားခဲ့သည့် လူတစ်ယောက်ဖြစ်သည်မို့ သူမ၏ အလောင်းကို အမျိုးသမီး သမားတော်များသာလျှင် စစ်ဆေးခွင့်ရှိသည်။

ဤလောကကြီးထဲတွင် သီးသန့်မှုခင်းဆရာဝန် သို့မဟုတ် အလောင်းစစ်ဆေးသူဟူ၍ မရှိချေ။ ထို့ကြောင့် အဆင့်အတန်းနိမ့်ပါးသူများ၏ အလောင်းကို သာမန်လူများက စစ်ဆေးကြပြီး အဆင့်အတန်း မြင့်မားသူများ၏ အလောင်းကိုတော့ သမားတော်များက စစ်ဆေးရ၏။

လီစွမ်းသည် ဟယ်ဝမ်ဝမ် အသတ်ခံရခြင်းဖြစ်ကြောင်း ကျန်းချုံးက အဘယ်ကြောင့် ကောက်ချက်ချ ရသနည်းဟု မမေးမြန်းခဲ့ပေ။ အလောင်းစစ်ဆေးမှု ပြီးဆုံးသွားသည်အထိ သေသေချာချာ စောင့်ရပေလိမ့်မည်။

“အင်း... သုံးပွင့်ဆိုင် စစ်ဆေးမှုကို ဆက်ပြီး ပြုလုပ်ကြမယ်” လီစွမ်းက အမိန့်ပေးလိုက်၏။

အငယ်တန်း ဝန်ထောက်က ပြောဆိုလိုက်သည်။ “ဒါဆို ရှမ့်လန်ရဲ့ ပညာရှိဘွဲ့ကို ရုပ်သိမ်းလိုက်ပြီဆိုတော့ ခြိမ်းခြောက် နှိပ်စက်ပြီး မေးမြန်းလို့ ရပြီလား”

လီစွမ်းက ပြောလိုက်၏။ “အလျင်စလို လုပ်စရာ မလိုဘူး။ တကယ်လို့ ဟယ်ဝမ်ဝမ်သာ အသတ်ခံရတာဆိုရင် ဒီအမှုနှစ်ခုက အမှုက အတူတူ မဟုတ်တော့ဘူး။ ရှမ့်လန်က အရှင်မင်းကြီးကို ဘယ်လိုလိမ်လည်ခဲ့တယ် ဆိုတဲ့ နေရာကနေ ပြန်ပြီး စစ်ဆေးရမယ်”

.........

သုံးပွင့်ဆိုင် စစ်ဆေးမေးမြန်းမှုကို ဆက်လက် ပြုလုပ်နေသည်။ အထူးတရားရုံးမှ အငယ်တန်း ဝန်ထောက်၊ ရေနက်တပ်ဖွဲ့မှ ခေါင်းဆောင်ရန် နှင့် တော်ဝင်စစ်ဆေးရေးမှ ကြီးကြပ်သူတို့လည်း ပါဝင်၏။ မိန်းမစိုးလီစွမ်းသည် ဘုရင်မင်းမြတ်ကိုယ်စား ကြီးကြပ်စောင့်ရှောက်သူအဖြစ် ဘေးနား၌ ထိုင်နေသည်။

သို့ပေမည့် တရားခွင်၏အပြင်ဘက်တွင် လူနှစ်ယောက် ထပ်မံကာ ရောက်ရှိနေ၏။ ထိုသူတို့မှာတော့ တတိယမင်းသမီး နင်ယန်နှင့် တော်ဝင်ရန်နိုင်ငံ၏ သံတမန် ယွမ်မင်ကျယ်ပင်ဖြစ်၏။ သူတို့နှစ်ယောက် အသည်းအသန် အပြေးအလွှားရောက်ရှိလာခဲ့ရသည့် အကြောင်းမှာတော့ ရှမ့်လန် ညှဉ်းပန်းနှိပ်စက်ခံရမှုမှ တားဆီးရန်ပင် ဖြစ်၏။ ကျန်သည့်အရာများကို သူတို့ ပြောင်းလဲနိုင်စွမ်း မရှိကြချေ။

အငယ်တန်း ဝန်ထောက်က မေးမြန်းလိုက်၏။ “ရှမ့်လန်... ‘တောက်ပသည့်လကြီး ပေါ်လာချိန်’ ဆိုတဲ့ ကဗျာကို မင်းကိုယ်တိုင် ရေးခဲ့တယ်ဆိုတာ ဝန်ခံပြီးပြီ မဟုတ်လား”

ရှမ့်လန်က ဖြေဆိုလိုက်သည်။ “ဟုတ်ပါတယ်”

ထိုဝန်ထောက်က ဆက်လက်ကာ မေးမြန်း၏။ “ဒါဆိုရင် ဘာလို့ ကဗျာကို ဟယ်ဝမ်ဝမ်ဆီကို ရောင်းခဲ့တာလဲ”

ရှမ့်လန်က ဖြေဆိုလိုက်သည်။ “ဖွန်ကြောင်ချင်လို့ပါ၊ မိန်းမလှလေးကို ပိုးပန်းချင်လို့၊ ပြီးတော့ လီဝမ်ကျန့်ကို လက်စားပြန်စေချင်လို့။”

အငယ်တန်းဝန်ထောက်သည် ပထမစကားလုံးနှစ်လုံးကို ကြားရသည့်အချိန်မှာတော့ ကြောင်အသွားခဲ့၏။ ဖွန်ကြောင်ခြင်း ဆိုသည်မှာ ဘာကိုဆိုလိုသနည်း။ သို့ပေမည့် ရှမ့်လန်ဆီမှာ နောက်ဆုံးအကြောင်းပြချက်ကို ကြားရချိန်မှာတော့ သူသည် အတိုင်းမသိ ဝမ်းသာသွားမိ၏။

‘ကောင်းပြီ၊ ရှမ့်လန်... မင်းနောက်ဆုံးတော့ ဝန်ခံပြီပေါ့’

ထိုအငယ်တန်း ဝန်ထောက်သည် တရားခွင် တူကို ရုတ်တရက် ထုချပြီး အော်ဟစ်လိုက်သည်။ “ရှမ့်လန်... မင်းနောက်ဆုံးတော့ ဝန်ခံပြီပေါ့။ ဒါက လီဝမ်ကျန့်ကို လက်စားချေဖို့ လုပ်ခဲ့တာပဲ”

ရှမ့်လန်က ပြန်လည်ကာ ဖြေဆိုလိုက်၏။ “ဟုတ်ပါတယ်၊ ကျုပ် လီဝမ်ကျန့်ကို လက်စားချေဖို့ လုပ်ခဲ့တာပါ”

အငယ်တန်းဝန်ထောက်က ဆက်လက်ကာ မေးမြန်းလိုက်သည်။ “ဒါဆို မင်း ဟယ်ဝမ်ဝမ်ကို ဘယ်လို ထောင်ချောက်ဆင်ခဲ့လဲ။ အိမ်ရှေ့စံမင်းသားကို ကျိန်စာတိုက်တဲ့ စာတွေကိုလည်း လီဝမ်ကျန့်ရဲ့ ကုတင်အောက်မှာ ဘယ်လိုနည်းလမ်းမျိုးနဲ့ မြှုပ်ထားတာလဲ။ အကုန်ပြောပြစမ်း”

ရှမ့်လန်က ပြောလိုက်၏။ “ကျုပ် မိန်းမလှလေးကို ပိုးပန်းချင်တယ်လို့ ပြောခဲ့ပြီးသားပါ။ ဟယ်ဝမ်ဝမ်က အရမ်းကို လှပတဲ့အတွက် ကျုပ် သူ့ကို သဘောကျခဲ့မိတယ်။ လီဝမ်ကျန့်ကို လက်စားချေချင်တယ် ဆိုတာကတော့ လီဝမ်ကျန့်က ဟယ်ဝမ်ဝမ်ကို အရမ်းသဘောကျနေမှန်း ကျုပ်သိတယ်။ ဒါကြောင့် သူ့လက်ထဲက ဟယ်ဝမ်ဝမ်ကို ကျုပ် လုယူချင်တယ်။ တောက်ပတဲ့လကြီးပေါ်လာချိန် ကဗျာကို ဟယ်ဝမ်ဝမ်ဆီ တစ်ဖက်လှည့်နဲ့ ရောက်အောင်ပို့ပေးခဲ့တယ်။ ကျုပ်ရဲ့ ကဗျာအရည်အသွေးကို ဖတ်ပြီးရင် သူ ကျုပ်ကို သဘောကျလာမယ် မဟုတ်လား။ ဒါဆိုရင် ဟယ်ဝမ်ဝမ်ကို ကျုပ်ပိုင်ပြီ။

လီဝမ်ကျန့်လည်း ဒေါသထွက်ပြီး သွေးအန်လိမ့်မယ်။ သူချစ်တဲ့ မိန်းကလေးလည်း ကျုပ်လက်ထဲ ရောက်လာမယ် မဟုတ်လား။”

ဤစကားကိုကြားရချိန်မှာတော့ လူတိုင်းသည် မှင်သက်အံ့ဩသွားခဲ့ကြသည်။

ရှမ့်လန်က ပြန်လည်ကာ မေးမြန်းလိုက်၏။ “လွတ်လပ်ပြီးသား မိန်းကလေးတစ်ယောက်ကို ဖွန်မကြောင်ရဘူးလို့ ဥပဒေရှိလား။ အဲဒီတုန်းက ဟယ်ဝမ်ဝမ်ကို အရှင်မင်းကြီး သိတောင် မသိသေးဘူးလေ။ ကျုပ် သူ့ကို ပိုးပန်းခွင့် မရှိဘူးလား”

သူ ဟယ်ဝမ်ဝမ်ကို ပိုးပန်းခဲ့ခြင်းဖြစ်၏။ ထိုနည်းဖြင့် လီဝမ်ကျန့်ကို လက်စားချေဖို့ ကြံစည်ခဲ့၏။ အရှင်မင်းကြီး သိတော့ ဘာဖြစ်သနည်း။ သူ ရှမ့်လန်သည် ဟယ်ဝမ်ဝမ်ကို တကယ် ပိုးပန်းခဲ့သည်။ ဤအရာက တရားဝန်သည်။

ထိုဝန်ထောက်က ဆက်လက်ကာ မေးမြန်းလိုက်၏။ “ရှမ့်လန်... မင်း အခုအချိန်ထိ ငြင်းနေတုန်းပဲလား။ မင်း လီဝမ်ကျန့်ကို သတ်ချင်လို့ ဟယ်ဝမ်ဝမ်ကို အသုံးချခဲ့တယ်။ ပြီးတော့ လီဝမ်ကျန့်ရဲ့ ကုတင်အောက်မှာ အိမ်ရှေ့စံမင်းသားကို ကျိန်စာတိုက်တဲ့စာ မြှုပ်ခဲ့သေးတယ်”

ရှမ့်လန်က ခွန်းတုံ့ပြန်လိုက်သည် “ဒါ အဓိပ္ပာယ် မရှိဘူး။ ကျုပ်က ဘာလို့ လီဝမ်ကျန့်ကို သတ်ချင်ရမှာလဲ”

ထိုအငယ်တန်း ဝန်ထောက်က ထပ်မံကာ ပြောဆိုလိုက်၏။ “ဘာကြောင့်လဲဆိုတော့ ကျန်းကျင်းရဲ့ စေ့စပ်ပွဲမှာတုန်းက လီဝမ်ကျန့်က မင်းကို တိုင်းပြည်ရဲ့ သစ္စာဖောက်ဆိုပြီး စွပ်စွဲခဲ့တယ်။ မင်းရဲ့ စာအုပ်ထဲမှာ မင်းသားကျင်းကို ကောင်းကင်ဘုံက ဒဏ်ခတ်လတ္တံ့ ဆိုပြီးတော့ စကားလုံးလေးလုံးကို လျှို့ဝှက်ကဗျာအဖြစ် ရေးသားခဲ့တယ်။ သူက မင်းကို သေစေချင်ခဲ့တယ်။ ဒါကြောင့် မင်းက လက်စားပြန်ချေခဲ့တာပေါ့”

ရှမ့်လန်က ပြောလိုက်သည်။ “မှန်ပါတယ်။ ဒါပေမဲ့ အဲဒီနေရာမှာ ကျုပ် ပြန်လက်စားချေပြီးသားလေ။ မင်းသားကျင်း ပုန်ကန်ခဲ့တယ်။ လီဝမ်ကျန့်က မင်းသားကျင်းနဲ့ ပူးပေါင်းခဲ့တယ်။ သူ အဲဒီနေရာမှာတင် ကြောက်လန့်ပြီး မေ့တောင် မေ့သွားခဲ့သေးတယ်။ ကျုပ်က သူ သေပြီလို့တောင် ထင်လိုက်သေးတာ။ ဘာပဲ ပြောပြော သူက တောင်ပိုင်းမင်းသားကျင်းနဲ့ ပူးပေါင်းတာလို့ ဝန်ခံပြီးသား မဟုတ်လား။ ဒီလိုအခြေအနေမျိုးမှာ ကျုပ်က ဘာလို့ အပိုအလုပ်တွေ ထပ်လုပ်ရမှာလဲ”

သူ၏ စကားက ယုတ္တိရှိ၏။ ထိုစဉ်က လီဝမ်ကျန့် သေချာပေါက် သေဆုံးတော့မည်ဟု လူအများက ထင်မှတ်ခဲ့၏။ အကြောင်းမှာ ထိုနေ့ညကပွဲက လီဝမ်ကျန့်သည် မင်းသားကျင်းနှင့် ရင်းနှီးကြောင်း လူသိရှင်ကြား ဝန်ခံခဲ့၏။ သို့ပေမည့် မထင်မှတ်ဘဲ အရှင်မင်းကြီးသည် ကျင်းမိသားစုကို ရှင်းလင်းချင်သောကြောင့် လီဝမ်ကျန့်ကို လစာဒဏ်ငွေရိုက်ရုံသာ အပြစ်ပေးခဲ့၏။

ယခုအခါမှာတော့ အမှုသည် လမ်းဆုံးသို့ ရောက်ရှိနေပြီ ဖြစ်သည်။ ရှမ့်လန်ပြောသမျှ စကားလုံးတိုင်းက အကျိုးအကြောင်း ဆီလျော်နေ၏။ သူ ဟယ်ဝမ်ဝမ်ကို ကဗျာရောင်းချခဲ့သည်မှာ ဖွန်ကြောင်ချင်၍၊ ထိုမိန်းကလေးကို ပိုးပန်းချင်၍ အဓိပ္ပါယ်ပေါက်၏။ ထိုအရာမှာ လီဝမ်ကျန့်၏ အချစ်ကို လုယူချင်၍ ဖြစ်သည်။

ထိုအရာက မှားယွင်းသည်လား။

ထို့အပြင် သူ ... ရှမ့်လန်သည် လူရှုပ်လူပွေ တစ်ယောက်မှန်း အားလုံးသောသူတို့ သိရှိပြီးဖြစ်၏။ တုနှိုင်းမမီအောင် ကြမ်းတမ်းလွန်းပါသည်ဆိုသော နတ်ဆိုးမ ချောင်ယောင်းအာကိုပင် ကိုယ်ဝန်ရအောင် ပြုလုပ်ခဲ့သူ ဖြစ်၏။ မဟာပညာရှင် ရွှယ်ရင်နှင့့်တောင်မှ ပတ်သက်လျက်သည်ဟု ကောလဟာလ ထွက်နေသေး၏။

ထို့အပြင် ကျားမ မင်းသမီးနင်ယန်သည် အပြင်ဘက်တွင် ထိုင်နေ၏။ ရှမ့်လန်အတွက် ထောင်ဖောက်ရန်ပင် ကြိုးစားခဲ့သေးသည်။

ဟုတ်ပေ၏။ ထိုမိန်းမ သုံးယောက်ထဲတွင် လူတိုင်း အလေးစားရဆုံးအချက်မှာတော့ ချောင်ယောင်းအာကို ကိုယ်ဝန်ရှိအောင် လုပ်နိုင်ခဲ့ခြင်းပင် ဖြစ်၏။ ချောင်ယောင်းအာသည် အံ့မခန်း ကြောက်မက်ဖွယ်ရာ ကောင်းသည့် လူတစ်ယောက်ဖြစ်၏။

ရွှယ်ရင်မှာတော့ ရွှဲ့ပြည်နယ်၏ မဟာပညာရှင် ခြောက်ဦးထဲမှ တစ်ယောက်သာရှိသေးသည်။

ချောင်ယောင်းအာမှာတော့ နောက်နှစ်အနည်းငယ်အတွင်း အရှေ့တိုင်းလောက၏ အတော်ဆုံးသော သိုင်းပညာရှင်တစ်ယောက် ဖြစ်လာမှာ သေချာ၏။ သူမသည် စစ်မြေပြင်၌ လုံးဝရှုံးနိမ့်မှု မရှိသည့် တပ်မှူးတစ်ယောက် ဖြစ်ပြီး တကယ်ထူးခြားသည့် နတ်ဆိုးမတစ်ယောက်ဖြစ်၏။

“အလောင်းစစ်ဆေးချက်ကို စောင့်ရအောင်” မိန်းမစိုး လီစွမ်းက လှမ်းကာ ပြောဆိုလိုက်သည်။

ဤအချိန်မှာတော့ အလောင်းစစ်ဆေးချက်က အရေးကြီးဆုံးအရာ ဖြစ်လို့လာခဲ့၏။ အကယ်၍ ဟယ်ဝမ်ဝမ် သည်သာ ကိုယ့်ကိုယ်ကို အဆုံးစီရင်ခဲ့လျှင် သူ၏ သေတမ်းစာက ဘာကို ညွှန်ပြနေသနည်း။ မိမိအပြစ်ကင်းစင်မှုကို သက်သေပြဖို့အတွက် အသေခံသွားသူတစ်ယောက်သည် လိမ်ညာမည် မဟုတ်ပေ။

ထိုသို့ဆိုလျှင် ရှမ့်လန် မည်မျှ ငြင်းဆန်နေပါစေ အပြစ်ကနေ လွတ်မှာ မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ဟယ်ဝမ်ဝမ်၏ သေတမ်းစာထဲတွင် အရာအားလုံးက ရှမ့်လန်၏အပြစ်များဖြစ်ကြောင်း ရေးသားထားခဲ့ သောကြောင့်ပင်။

အပြင်းထန်ဆုံး ရာဇဝတ်မှုမှာတော့ ရှမ့်လန်က လူလွှတ်ပြီး သူမ၏ အပျိုစင်ဘဝကို ဖျက်ဆီးခဲ့၏။ ထို့ကြောင့် အရှင်မင်းကြီး၏ ကုတင်ပေါ်သို့ ရောက်သည့်အချိန်တွင် သူမ၏ အပျိုသွေး ထွက်မလာခဲ့ခြင်းပင်။

All Chapters