← Chapters

အခန်း (၃၄၀)

Vol. 25 Ch. 340

အခန်း (၃၄၀)

Vol. 25 Ch. 340

ဤကဲ့သို့သော မေးခွန်းကို တရားခွင်တွင် မည်သူကမှ မေးမြန်းလိမ့်မည် မဟုတ်ချေ။ ထိုအရာမှာ လူသိရှင်ကြား ပြော၍မရသော အကြောင်းအရာ ဖြစ်သောကြောင့်ပင်။ လူတော်တော်များများ သိရှိကြသည် ဆိုသော်လည်း ထိုအရာကို ထုတ်၍ မပြောနိုင်ကြပေ။

ထို့ကြောင့် ဟယ်ဝမ်ဝမ်သည်သာ ကိုယ့်ကိုယ်ကိုယ်ယ် အဆုံးစီရင်ခဲ့သည်သာ သေချာလျှင် ရှမ့်လန်သည် အပြစ်မှ လုံးဝ လွတ်တော့မည်မဟုတ်ပေ။ ပင်လယ်ထဲ ခုန်ချခဲ့လျှင်တောင်မှ သူ၏အပြစ်ကင်းစင်မှုကို သက်သေပြနိုင်မည် မဟုတ်ပေ။

ဟယ်ဝမ်ဝမ် အသတ်ခံရသည်ဆိုလျှင်တော့ ဤအမှုမှ လွတ်မြောက်ဖို့ အခွင့်အရေး ရှိနိုင်သေး၏။

...............

ကျန်းယွမ်နယ်စားကြီး အိမ်တော်အတွင်း ....

စုနန်သည် အထူးတရားရုံး၏ စုံစမ်းစစ်ဆေးမေးမြန်းနေပုံများကို စောင့်ကြည့်လျက် ရှိ၏။ စစ်ဆေးမှု မှတ်တမ်း အပြည့်အစုံကို ရေးမှတ်ပြီး ကျန်းယွမ်နယ်စားကြီးအိမ်တော်ဆီသို့ ပို့ဆောင်မည့်လူများ ရှိနေသည်။

စစ်ဆေးချက်မှတ်တမ်း စာမျက်နှာ ဒါဇင်ပေါင်းများစွာကို ဖတ်ရှုပြီးစီးပြီးနောက်မှာတော့ သူက ပြောလိုက်၏။ “ကျန်းချုံးက ပြဿနာရှာနေတာပဲ”

“သူ့သားကို သတ်လိုက်မယ်။ သူ့မြေးကိုရော” စုကျန့်ထင်က မေးလိုက်၏။ သူ၏ လေသံမှာ အေးစက်တည်ငြိမ် လွန်း၏။ ခရိုင်အုပ်ချုပ်ရေးမှုးတစ်ယောက်ကိုပင် ဂရုမစိုက်သလိုဖြစ်နေသည်။ ထိုအရာမှာ ထိပ်တန်း မင်းမျိုးမင်းနွယ်များ၏ အမြင်ဖြစ်၏။ လူတို့၏ အသက်အား မြက်ပင်ကဲ့သို့ပင် သဘောထားသည်။

စုနန်က ခေါင်းခါယမ်းလိုက်၏။ “လောလောဆယ် မလိုသေးဘူး”

စုကျန့်ထင်က ပြောလိုက်သည်။ “ကျင်းမိသားစုရဲ့ ခြံဝန်းမှာ ရှမ့်လန်ရဲ့မိန်းမတစ်ယောက်ရှိတယ်။ သူက ကိုယ်ဝန် လွယ်ထားတယ်။ သူ့ကို သွားပြီး ထိလိုက်မယ်ဆိုရင်ရော”

စုနန်က ခေါင်းခါပြန်၏။ “ဟယ်ဝမ်ဝမ် ကိုယ့်ကိုယ်ကိုယ်ယ် အဆုံးစီရင်သွားတာကော သေချာရဲ့လား”

စုကျန့်ထင်က ပြောလိုက်သည်။ “လုံးဝ သေချာပါတယ်။ ကျုပ် သူ့ကို လက်ဖျားနဲ့တောင် မထိခဲ့ပါဘူး။ အဲဒီ သေတမ်းစာကိုလည်း သူကိုယ်တိုင် ကျုပ်ရှေ့မှာ ရေးသားခဲ့တာ။ စကားလုံးတိုင်းကို သူကိုယ်တိုင် ရေးထားတာ။ စိန်အဆိပ်ခတ်ထားတဲ့ လက်ဖက်ရည်ကိုလည်း သူကိုယ်တိုင် သောက်ခဲ့တာပဲ”

ဟယ်ဝမ်ဝမ်သည် စိန်အဆိပ်ခတ်ထားသည့် လက်ဖက်ရည်ကို အဘယ်ကြောင့် သောက်ခဲ့သနည်း။ အဘယ်ကြောင့်ဆိုသော် စိန်မှန်း မသိသောကြောင့်ပင် ဖြစ်၏။ စေတီတောင်၏ ဝိညာဉ်ကြွေပျက်ဆေးရည်ဟု ထင်မှတ်နေသောကြောင့် ဖြစ်၏။

ထိုအရာကလည်း အဆိပ်တစ်မျိုး ဖြစ်၏။ သောက်ပြီးလျှင် အိပ်ပျော်သွားပြီး နာကျင်မှုတစ်စက်မရှိဘဲ သေဆုံးသွားနိုင်၏။ တစ်စက်သောက်မည်ဆိုပါက အချိန်မီ ကုသမှုခံယူနိုင်လျှင် အသက်ရှင်နိုင်သေးသည်။

ဟယ်ဝမ်ဝမ်၏ ကိုယ့်ကိုယ်ကိုယ်ယ် သတ်သေမှုက စွန့်စားမှုတစ်ခုသက်သက်သာ ဖြစ်၏။ ပထမအချက်အနေနှင့် ရှမ့်လန်ကို လက်စားချေချင်၏။ ဒုတိယအချက်မှာတော့ ကိုယ့်ကိုယ်ကိုယ်ယ် သတ်သေချင်ဟန်ဆောင်ပြီး အရှင်မင်းကြီး၏ ယုံကြည်မှု၊ သနားကြင်နာမှုများကို ရယူချင်၏။ ပြီးနောက် သူမ၏ နာမည်ပျက်ကို ရှင်းလင်းချင်၏။

ထိုသို့ဆိုလျှင် အရှင်မင်းကြီး၏ ဘေးနားသို့ ပြန်ရောက်ပြီး စည်းစိမ်ချမ်းသာကို ခံစားနိုင်မှာ ဖြစ်သည်။

စုကျန့်ထင်သည် သူမ၏ ရှေ့မှ လက်ဖက်ရည်ထဲသို့ စေတီတောင်၏ ဝိညာဉ်ကျေပျက်ဆေးရည်တစ်စက်ကို ချပေးခဲ့၏။ သူက အချိန်မီ ကယ်တင်ပေးမည်ဟုလည်း ကတိသစ္စာဆိုခဲ့၏။

မိဖုရားကြီး စုဖေးကလည်း သူမကို မြို့တော်သို့ ပြန်လည်ရောက်ရှိနိုင်အောင် ကူညီပေးမည်ဟု ကတိပေးခဲ့၏။ ပြီးသည့်နောက် နှစ်ယောက်ပူးပေါင်းပြီး မိဖုရားကြီးပျံ့အား အတူတူ ထိန်းချုပ်ကြမည်ဟု ကတိစကား ရှိခဲ့ကြသည်။

ဟယ်ဝမ်ဝမ်သည် အရာအားလုံးကို ပုံအောပြီး စွန့်စားခဲ့ခြင်း ဖြစ်၏။ သူမသည် မုန်းတီးမှု၊ လောဘ ... ထိုအရာများအားလုံးကြောင့် မျက်စိကန်းခဲ့၏။ မထင်မှတ်ဘဲ စုမျိုးနွယ်နှင့် ပူးပေါင်းလိုက်မိခြင်းသည် ကျားဆီမှ မုန့်သွားတောင်းခြင်းကဲ့သို့ပင်။

လက်ဖက်ရည်ခွက်၏ နေရာတစ်ခုမှာတော့ စုကျန့်ထင်က စိန်အဆိပ် တစ်လွှာကို ကြိုတင်ကာ သုတ်လိမ်း ထားခဲ့ပြီးသားဖြစ်၏။ ထိုအရာက နည်းနည်းလောက် ထိမိရုံနှင့် သေစေနိုင်၏။ လက်ဖက်ရည်ကို သူမ၏ သဘောဆန္ဒအတိုင်း သောက်ပြီးသည့်နောက်မှာတော့ ဟယ်ဝမ်ဝမ်သည် အရှင်မင်းကြီး၏ ဘေးနားသို့ ပြန်လည် မရောက်ရှိနိုင်တော့ပေ။ ဘာမှန်းမသိစွာဖြင့် သေဆုံးသွားခဲ့၏။ ထို့ကြောင့်ပင်လျှင် စုကျန့်ထင်သည် မည်သည့်အမှားအယွင်းမှမရှိဟု ပြောနေခဲ့ခြင်း ဖြစ်၏။

“အဖေ.. ဒီတစ်ခါ ရှမ့်လန် သေချာပေါက် သေမှာပါ။ ဘယ်လိုပဲ စစ်ဆေးစစ်ဆေး ဟယ်ဝမ်ဝမ်က ကိုယ့်ကိုယ်ကိုယ်ယ် အဆုံးစီရင်ခဲ့တာလေ။ ရှမ့်လန်.... အဲဒီငတုံးက လီဝမ်ကျန့်ကိုသတ်ဖို့ အဲလောက် အားကုန်ခံပြီး ကြိုးစားခဲ့တယ်။ ကျုပ်တို့အတွက် ဒီလောက်ကြီးမားတဲ့ အားနည်းချက်ကြီးကို ချန်ထားခဲ့တယ်။ အခု သူက သူ့ကိုယ်သူ ဖျက်ဆီးပစ်ခဲ့တာပဲ။ ဒီတစ်ခါတော့ သူ သေပြီ။

ဘုရင် နင်ယွမ်ရှန်းကလည်း တစ်ကိုယ်ကောင်းဆန်ပြီး စိတ်ထားကလည်း ညံ့ဖျင်းလွန်းတယ်။ အရင်တည်းက ရှမ့်လန်ကို အဲလောက် သဘောကျခဲ့တာ မဟုတ်ဘူး။ အခု သစ္စာဖောက်ခံရတော့ သူ လုံးဝသည်းခံနိုင်မှာ မဟုတ်တာ သေချာတယ်။ ရှမ့်လန်ကို အပိုင်းပိုင်းဖြတ်ပြီးတော့ သေဒဏ်ပေးလိမ့်မယ်”

ဘေးတစ်ဖက်ဆီမှ ယုံကြည်ရသည့် စုရုံက ပြောလိုက်သည်။ “အင်း.. နုရှောင့်မြို့က ပင်လယ်ရပ်ခြားမှာ သီးခြားဖြစ်နေတာ။ တကယ်လို့ အရှင်မင်းကြီးကသာ ရှမ့်လန်ကို ကွပ်မျက်လိုက်မယ်ဆိုရင် ကျင်းမိသားစုက ပုန်ကန်မှာလား။ အရှင်မင်းကြီးက ဒီအချက်ကြောင့် ရှမ့်လန်ကို မသတ်ဘဲ နေအုံမှာလား မသိဘူး”

စုနန်က ပြောလိုက်၏။ “ကျင်းမိသားစု ပုန်ကန်တာကို ဂရုစိုက်စရာမလိုဘူး။ ကျင်းမိသားစုကို ဒုက္ခရောက် စေချင်တဲ့သူတွေက အများကြီးရှိတယ်။ သူတို့မိသားစု မကြာခင် ဒုက္ခရောက်တော့မှာပါ”

စုရုံက ပြောလိုက်သည်။ “ကျင်းမိသားစုဆိုတာ ဘယ်လိုအမှိုက်တွေလဲ။ ဘယ်လိုဖြစ်ပြီး ကျုပ်တို့ စုမိသားစုနဲ့ တန်းတူ ရှိနေရတာလဲ။ ဒါ အိပ်မက် မက်နေတာပဲ ဖြစ်မယ်”

စုနန်က ပြောလိုက်၏။ “လူနှစ်ဖွဲ့လွှတ်လိုက်။ တစ်ဖွဲ့က ဝူနိုင်ငံကို သွား။ နောက်တစ်ဖွဲ့ကတော့ ချောင်နိုင်ငံကို သွားလိုက်။ ဘာမဆို ကြိုတင်ကာကွယ်ထားတာ အကောင်းဆုံးပဲ”

“ကောင်းပါပြီ”

စုနန်က ပြောလိုက်သည်။ “ရှမ့်လန် အပြစ်ရှိတယ်ဆိုပြီး စီရင်ချက်ချရမယ်ဆိုရင်တောင် နင်ယွမ်ရှန်းက ကျင်းမိသားစုမျက်နှာကို ထောက်ထားပြီး ရှမ့်လန်ကို မသတ်ဘဲ နေရင် နေအုံးမှာပဲ။ အများဆုံး သင်းကွပ်ပစ်ရုံပဲရှိလိမ့်မယ်။ ငါတို့အတွက် ရှမ့်လန်က သေကိုသေရမယ်။ ကြိုတင်ပြင်ဆင်မှုတချို့ ငါတို့လုပ်ထားရမယ်။”

စုရုံက ပြောလိုက်၏။ “ကောင်းပြီ... နွားတွေ၊ မြင်းတွေ၊ ဝက်တွေ၊ သိုးတွေတောင် သေနိုင်သေးတာပဲ။ လူက ပြောစရာမလိုဘူး။ ရှမ့်လန်ရဲ့ အောက်ပိုင်းတစ်ခုလုံး ပုပ်ပွပြီး ဝေဒနာ အပြင်းအထန်ခံစားပြီး သေသွားအောင် သေချာပေါက် စီစဉ်ရမယ်”

.....

နန်းတော်ဆီမှ သမားတော် အမျိုးသမီးလေးဦးတို့ ရောက်ရှိလာခဲ့၏။ နောက်ဆုံးမှာတော့ မင်းသမီး နင်ကျဲ့ကိုယ်တိုင် ရောက်ရှိလာ၏။ သူမသည် ရှမ့်လန်ကို ကယ်တင်ရန် လာခြင်းမဟုတ်ချေ။ ရှမ့်လန်၏ အသက်ရှင်ခြင်း၊ သေဆုံးခြင်းဆိုသည်ကို သူမ စိတ်ဝင်စားလိမ့်မည် မဟုတ်ချေ။

အရှင်မင်းကြီး၏အမိန့်အရ နင်ကျဲ့သည် အလောင်းစစ်ဆေးမှုအား ကြီးကြပ်ရန် ရောက်ရှိလာခဲ့ခြင်း ဖြစ်၏။ နောက်တစ်ဆင့် အဓိကအချက်မှာတော့ ဟယ်ဝမ်ဝမ်သည် ကိုယ့်ကိုယ်ကိုယ်ယ် အဆုံးစီရင်ခြင်း ဟုတ်၊ မဟုတ် ဆုံးဖြတ်ရန်ပင် ဖြစ်၏။ အကယ်၍ သူမသာ အသတ်ခံရခြင်းဖြစ်လျှင် ရှမ့်လန်သည် အသက်ရှင်ရန် အခွင့်အလမ်း ရှိ၏။ ကိုယ့်ကိုယ်ကိုယ်ယ် အဆုံးစီရင်ခြင်းဖြစ်လျှင် ရှမ့်လန်သည် အပြစ်မှ လွတ်မြောက်နိုင်လိမ့်မည် မဟုတ်ချေ။

ဟယ်ဝမ်ဝမ်၏ အလောင်းပေါ်မှ အဝတ်အစားများကို ချွတ်ပစ်လိုက်၏။ ဆေးသမားတော် အမျိုးသမီး လေးယောက်တို့သည် မျက်မှောင်ကြုတ်လျက် သူမ၏ ခန္ဓာကိုယ်ကို သေသေချာချာ တစ်နေရာမှ မလွတ်အောင် စုံစမ်းစစ်ဆေးကြ၏။

မင်းသမီးကြီးနင်ကျဲ့က အရာအားလုံးကို ကြီးကြပ်လျက်ရှိနေသည်။

အပြင်ဘက်တွင် ရှိနေသည့် လူပေါင်းများစွာတို့သည် အသက်ရှူမှားမတတ်ပင် အဖြေရလဒ်ကို စောင့်စားလျက် ရှိနေကြ၏။ အလောင်းစစ်ဆေးမှု၏ ရလဒ်သည် လူပေါင်းများစွာတို့၏ ကံကြမ္မာကို အဆုံးအဖြတ် ပေးမည့် အရာပင် ဖြစ်၏။

နင်ယန်သည် စိတ်လှုပ်ရှားလွန်းသောကြောင့် လက်ဖဝါး၌ ချွေးများပင် စို့လျက်ရှိနေသည်။

ရှမ့်လန်ကမူ အလွန် တည်ငြိမ်နေပုံပေါ်၏။ မိန်းမစိုးကြီးလီစွမ်းသည် မျက်လုံးများကို မှိတ်ထားပြီး လက်ထဲမှ ပုတီးကို ဆက်တိုက်ဆိုသလို ပွတ်သပ်ကစားလျက်ရှိ၏။ ဤပုတီးသည် နန်းတော်မှ အပြင်ဘက်သို့ ထွက်သည့်အခါမျိုးတွင်သာ ထုတ်၍ ကိုင်ရဲ၏။ နန်းတော်၌ မကိုင်ရဲချေ။ သူသည် ညပေါင်းများစွာ မအိပ်စက်ခဲ့ရသဖြင့် အလွန် ပင်ပန်းနွမ်းနယ်လို့နေ၏။

အငယ်တန်း ဝန်ထောက်နှင့် ရေနက်တပ်ဖွဲ့၏ ခေါင်းဆောင်ရန်တို့သည် မျက်စိများ လင်းလက်စွာဖြင့် ရလဒ်ကို စောင့်မျှော်လျက်ရှိ၏။ ဟယ်ဝမ်ဝမ်သည်သာ ကိုယ့်ကိုယ်ကိုယ်ယ် အဆုံးစီရင်ခဲ့ကြောင်း အတည်ပြုနိုင်သည်ဆိုပါက ရှမ့်လန် သေပွဲဝင်ရပေလိမ့်မည်။ တခြားငြင်းဆန်ရန် အကြောင်းအရင်း မရှိတော့ချေ။ သေခါနီးလူတစ်ယောက်၏ စကားက အမှန်တရားဖြစ်သည်။

ဟယ်ဝမ်ဝမ်သည် ရှမ့်လန်ကို အပြစ်ပေးနိုင်ရန် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ခဲ့၏။ ဤတစ်ချက်တည်းနှင့်ပင် ရှမ့်လန်သည် သေဆုံးရန် လုံလောက်နေပြီဖြစ်၏။ ဤအမှုတွင် သက်သေအထောက်အထားဆိုသည်မှာ အရေးကြီးသည့်အရာ မဟုတ်ချေ။ အရှင်မင်းကြီး၏ ရည်ရွယ်ချက်ကသာလျှင် အရေးကြီးဆုံးဖြစ်၏။

ရေနက်တပ်ဖွဲ့မှ ခေါင်းဆောင်ရန်သည် စိတ်ထဲ၌ လှောင်ရယ်လျက် ရှိနေ၏။ ရေနက်တပ်ဖွဲ့သည် ဟယ်ဝမ်ဝမ်၏ အလောင်းကို အကြိမ်ပေါင်းများစွာ စစ်ဆေးခဲ့ပြီး ဤအရာမှာ ကိုယ့်ကိုယ်ကိုယ်ယ် သတ်သေမှုဟူ၍ ကောက်ချက်ချပြီးသား ဖြစ်၏။ အဘယ်သို့ လူသတ်မှုအဖြစ် ပြောင်းလဲရန် ကြိုးစားနေရသနည်း။ အိပ်မက်မက်နေခြင်းသာလျှင် ဖြစ်ပေလိမ့်မည်။

....

နာရီဝက်ခန့် ကြာမြင့်ပြီးနောက် ဆေးသမားတော် အမျိုးသမီးလေးယောက်တို့သည် ဟယ်ဝမ်ဝမ်၏ ခန္ဓာကိုယ် အစိတ်အပိုင်းတစ်ခုချင်းစီကို စစ်ဆေးပြီး ပြန်လည်ကာ ထွက်လာခဲ့ကြ၏။ “အမတ်မင်းတို့.. ဟယ်ဝမ်ဝမ်က ကိုယ့်ကိုယ်ကိုယ်ယ် အဆုံးစီရင်ခဲ့တာ သေချာပါတယ်”

ထိုစကားကိုကြားသည့်အချိန်မှာတော့ တချို့သောသူများသည် အံ့အားသင့်သွားပြီး တချို့သောသူများမှာတော့ ထိတ်လန့်သွားခဲ့ကြ၏။ နင်ယန်သည် အထဲသို့ ပြေးဝင်ချင်စိတ်ကို မနည်းပင် ထိန်းချုပ်ထားရ၏။

မည်ကဲ့သို့ ကိုယ့်ကိုယ်ကိုယ် သတ်သေခြင်းဖြစ်မည်နည်း။ ဟယ်ဝမ်ဝမ်သာ ကိုယ့်ကိုယ်ကိုယ်ယ် သတ်သေခဲ့သည် ဆိုလျှင် ရှမ့်လန် ပြီးဆုံးပေပြီ။

မိန်းမစိုးကြီး လီစွမ်းက ပြောလိုက်သည်။ “ဒီအမှုက အရမ်းကို အရေးကြီးတယ်။ သေသေချာချာ စစ်ဆေးကြရဲ့လား”

ဆေးသမားတော် အမျိုးသမီးလေးယောက်တို့က ပြောလိုက်၏။ “ဒါ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်မှုဖြစ်ကြောင်း အတည်ပြုနိုင်ပါတယ်။ သေဆုံးသူရဲ့ပါးစပ်ဆီက သတ္ထုနံ့ ရတယ်။ အစာပြွန်ကလည်း ပြင်းပြင်းထန်ထန် တိုက်စားခံထားရတယ်။ ဝမ်းသွားထားတဲ့ မစင်တွေထဲမှာ သွေးစသွေးနတွေ တွေ့ရပြီး စအိုဝမှာလည်း သိသိသာသာ သွေးယိုစိမ့်မှု ဖြစ်နေတယ်။ ဒါတွေအားလုံးက စိန်အဆိပ်သင့်ခြင်းရဲ့ လက္ခဏာပဲ။ ဒါတင်မကသေးဘူး။ သေဆုံးသူရဲ့ ခန္ဓာကိုယ်မှာ အတင်းအကျပ် ရုန်းကန်ထားတဲ့ လက္ခဏာတွေလည်း မရှိဘူး”

ရေနက်တပ်ဖွဲ့မှ တာဝန်ရှိသူက ပြောလိုက်သည်။ “ကျုပ်တို့ ဒါကို သေသေချာချာ စစ်ဆေးပြီးပါပြီ။ ဟယ်ဝမ်ဝမ်က သေတမ်းစာရေးပြီးတော့ အဆိပ်ခတ်ထားတဲ့ လက်ဖက်ရည် သောက်ခဲ့တာပဲ။ အရာအားလုံးက သူ့သဘောဆန္ဒအတိုင်း သတ်သေခဲ့တာပဲ။ အတင်းအကျပ် ဖိအားပေးခံလို့ ဒီအဆိပ်ကို သောက်ရတယ်ဆိုတဲ့ လက္ခဏာ တစ်ခုမှ မရှိခဲ့ဘူး။

ပြီးတော့ အဆိပ်လက်ဖက်ရည်ကို သောက်ပြီးတဲ့နောက်မှာ အိပ်ရာထက်မှာ ငြိမ်ငြိမ်သက်သက်နဲ့ လှဲလျောင်းပြီး သေဆုံးမှာကို စောင့်ဆိုင်းနေခဲ့တယ်။ သူ ဝတ်ဆင်ထားတဲ့ ဝတ်စုံကလည်း အရှင်မင်းကြီးနဲ့ ပထမဦးဆုံး တွေ့တုန်းက ဝတ်စုံပဲ။ ဒါ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်လိုတဲ့ ရည်ရွယ်ချက်ဖြစ်ကြောင်း ထင်ရှားလွန်းတယ် မဟုတ်လား”

မိန်းမစိုးကြီး လီစွမ်းက ပြောလိုက်၏။ “မင်းသမီးကြီး.. ဒီကိစ္စကို ဘယ်လိုသဘောရပါလဲ”

မင်းသမီးကြီးနင်ကျဲ့က ပြောလိုက်သည်။ “ကျွန်မကိုယ်တိုင် အလောင်းကို သေသေချာချာ စစ်ဆေးကြီးကြပ်ခဲ့တယ်။ ရလဒ်က မှန်ကန်ပြီး ဒါက ဖြစ်နိုင်ပါတယ်”

သူမ၏ စကားသည် ရှမ့်လန်ကို သေဒဏ်ပေးလိုက်ခြင်းနှင့် လုံးဝ မထူးခြားချေ။

နင်ယန်၏ မျက်နှာက ရုတ်တရက် ပြောင်းလဲသွား၏။ ဤအရာက သူမ၏အဒေါ် ဟုတ်ပါရဲ့လား။ သူမ အလေးစားရဆုံးနှင့် ချစ်မြတ်နိုးရဆုံးသော ဆရာသခင်ရော ဟုတ်ပါရဲ့လား။

သူမသည် ရှမ့်လန်ကို ကူညီချင်စိတ် တစ်စိုးတစ်ပါဒမှ မရှိခဲ့ချေ။ ထို့အပြင် ဟယ်ဝမ်ဝမ်က ကိုယ့်ကိုယ်ကိုယ် သေဆုံးခဲ့ကြောင်းလည်း အခိုင်အမာ ပြောလျက် ရှိနေ၏။ ထိုအရာက ရှမ့်လန်ကို သွယ်ဝိုက်သောနည်းနှင့် သေဆုံးစေချင်ခြင်းသာလျှင် ဖြစ်ပေလိမ့်မည်။

ရေနက်တပ်ဖွဲ့မှ ခေါင်းဆောင်ရန်သည် လှောင်ရယ် ရယ်လိုက်၏။ “ရှမ့်လန်.. အခု ဘာပြောစရာ ရှိသေးလဲ။ ဟယ်ဝမ်ဝမ်က ကိုယ့်ကိုယ်ကိုယ် သတ်သေခဲ့တာ။ ပြီးတော့ မင်းရဲ့ အပြစ်အားလုံးကို ထုတ်ဖော်ပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေခဲ့တာပဲ။ သူ့ရဲ့အပြစ်ကင်းစင်မှုကို သက်သေပြဖို့ အသက်ကိုတောင် စတေး သွားခဲ့ရတယ်။

သူ့မှာ မိဘလည်း မရှိဘူး။ ဒီလောကကြီးထဲမှာ သူ့ကို ခြိမ်းခြောက်နိုင်တဲ့သူ တစ်ယောက်မှ မရှိဘူး။ ဒါကြောင့် သေတမ်းစာထဲက စကားလုံး တစ်ခုချင်းစီတိုင်းက အမှန်တရားတွေချည်းပဲ။ သူ့သေတမ်းစာက ငြင်းလို့မရတဲ့ သက်သေတစ်ခုပဲ”

ပြီးနောက် သူသည် ကျန်းချုံးကို ကြည့်ကာ ပြောလိုက်၏။ “အုပ်ချုပ်ရေးမှုးကျန်း... ဒီဟယ်ဝမ်ဝမ်က ကိုယ့်ကိုယ်ကိုယ် သတ်သေခဲ့တယ်ဆိုတာ ရှင်းရှင်းလင်းလင်းဖြစ်နေပြီ။ ခင်ဗျားက လူသတ်မှုလို့ အခိုင်အမာ ပြောနေတာက ခင်ဗျား ရှမ့်လန်နဲ့ ပူးပေါင်းကြံစည်နေတာလား။

မင်းသမီးကြီး၊ မိန်းမစိုးလီ၊ ကျုပ် ခံစားမိတာကတော့ မှတ်တမ်းဠာနရဲ့ ညာလက်ရုံး အမတ်ကြီးကျန်းချုံးက သုံးပွင့်ဆိုင်စစ်ဆေးမှုကို ကြီးကြပ်ဖို့ အရည်အချင်း မရှိပါဘူး။ ပြီးတော့ သူက ရာဇဝတ်သားနဲ့ ပူးပေါင်း ကြံစည်တယ်လို့ သံသယရှိတယ်။ သူ့ကို အထူးတရားရုံးရဲ့ အချုပ်ထောင်ထဲကို ပြန်ပို့ဖို့ လိုအပ်ပါတယ်။ မိန်းမစိုးလီက အခု ရှမ့်လန်ရဲ့ ပညာရှိဘွဲ့အကုန်လုံးကို ရုပ်သိမ်းခိုင်းလိုက်ပြီ။ သူ့ကို ညှဉ်းပန်းနှိပ်စက်ပြီး အရာအားလုံး ဝန်ခံခိုင်းလို့ ရပါပြီ”

လီစွမ်း၏ မျက်လုံးများက လှုပ်ခါသွားခဲ့၏။ “ကျန်းချုံး... ခင်ဗျားက သမားတော်တစ်ယောက် မဟုတ်ဘူး။ ဘာလို့ ဟယ်ဝမ်ဝမ် အသတ်ခံရတယ်ဆိုပြီး အခိုင်အမာ ပြောနေရတာလဲ”

ရေနက်တပ်ဖွဲ့မှ ခေါင်းဆောင်ရန်က ပြောလိုက်သည်။ “အမတ်မင်းကျန်းချုံး.က ရှမ့်လန်ကို အပြစ်ကနေ လွတ်အောင် ကူညီနေတာပဲ။ သူတို့နှစ်ယောက် ပူးပေါင်းကြံစည်နေတာ ကြာပြီ။ သူတို့က ကြံရာပါပဲ။ မိန်းမစိုးလီ.. ကျေးဇူးပြုပြီး အရှင်မင်းကြီးကို စာဆက်သပြီး သူ့ကို ဖမ်းဆီးခိုင်းလိုက်ပါ”

ကျန်းချုံးက မတ်တပ်ထရပ်လိုက်၏။ “လူကြီးမင်းတို့.... စိန်အဆိပ်သောက်ပြီးရင် ဘယ်လိုဖြစ်သွားမလဲ”

“သေမှာပေါ့။ ရှင်းနေတာပဲ” တစ်ယောက်က ဝင်ဖြေသည်။

ကျန်းချုံးက ပြောလိုက်၏။ “သူမက အလွန်အမင် နာကျင်ခံစားရလိမ့်မယ်။ အစာအိမ်နဲ့ အစာပြွန်တစ်ခုလုံး မီးလောင်တိုက်သွင်းသလို ခံစားရလိမ့်မယ်။ ဝမ်းလွယ်လွယ်သွားရုံတင်မကဘူး၊ အန်ပါအန်လိမ့်မယ်။ ညှဉ်းပန်း နှိပ်စက်ခံရသလို သူ့ရဲ့ ခန္ဓာကိုယ်တစ်ခုလုံးက တွန့်လိမ်နေလိမ့်မယ်။ လူကြီးမင်းတို့အားလုံး သေချာကြည့်အုံး။ ဟယ်ဝမ်ဝမ်က နာကျင်မှု တစ်စုံတစ်ရာ မခံစားရဘဲ ငြိမ်းငြိမ်းချမ်းချမ်း သေဆုံးနေတယ်။ ပြီးတော့ အိပ်ပျော်ရင်း သေသွားသလိုပဲ။ ဘာကြောင့်လဲ”

ထိြစကားကို ကြားသည့်အချိန်မှာတော့ အားလုံးသောသူတို့က မှင်သက်သွားခဲ့၏။ ဆေးသမားတော် အမျိုးသမီးလေးယောက်တို့ကလည်း ခေါင်းညိတ်လိုက်ကြ၏။ စိန်အဆိပ်ကို သောက်ပြီးလျှင် အလွန်အမင်း နာကျင်စွာ ခံစားရ၏။ သာမန်လူပင်လျှင် သည်းမခံနိုင်ချေ။ ဟယ်ဝမ်ဝမ်ကဲ့သို့သော အားနည်းလွန်းသည့် မိန်းကလေး တစ်ယောက်ဆိုလျှင် ပြောနေစရာပင် မလိုအပ်ချေ။ သူမသည် ငြိမ်ငြိမ်သက်သက်နှင့် သေဆုံးနိုင်လိမ့်မည် မဟုတ်ချေ။ အော်ဟစ်လူးလိမ့်ပြီးမှသာ သေဆုံးပေလိမ့်မည်။

ကျန်းချုံးက ပြောလိုက်၏။ “လက်ဖက်ရည်ထဲမှာ အခြားအဆိပ်တစ်မျိုး ပါမနေရင်ပေါ့။ သောက်သုံးပြီးတာနဲ့ အာရုံခံစားမှုအားလုံးကို ပျောက်ကွယ်သွားစေနိုင်တဲ့ အဆိပ်မျိုးကို မေးကြည့်ပါရစေ။ အဲလို အဆိပ်မျိုး ရှိလား”

မင်းသမီးနင်ကျဲ့က ပြောလိုက်သည်။ “အင်း... စေတီတောင်ရဲ့ ဝိညာဉ်ကြွေပျက်ဆေးရည် ရှိတယ်”

အထူးတရားရုံး၏ လက်ထောက် ဝန်ထောက်က ပြောလိုက်၏။ “ဟယ်ဝမ်ဝမ်က အရမ်းကို အလှကြိုက်တဲ့သူ။ သေခါနီးမှာ အလှမပျက်စေဖို့ အဲဒီဝိညာဉ်ကြေပျက်ဆေးရည်ကို ထည့်သောက်တယ်ဆိုရင်ရော သဘာဝ မကျဘူးလား”

ရှမ့်လန်က ပြောလိုက်၏။ “ဒါပေါ့။ ဘယ်လိုလုပ် သဘာဝကျမှာလဲ။ တကယ်လို့ ကိုယ့်ကိုယ်ကိုယ် သတ်သေချင်ရင် အဲဒီဝိညာဉ်ကြေပျက်ဆေးရည်ကို သုံးလိုက်ရုံပဲလေ။ နှစ်စက်လောက် သုံးလိုက်ရင် မသေမှာ စိုးရိမ်လို့လား။ ဘာလို့ စိန်အဆိပ်ကို ထပ်သောက်ရတာလဲ”

ကျန်းချုံးက ပြောလိုက်သည်။ “ဝိညာဉ်ကြွေပျက်ဆေးရည်လို အဆိပ်မျိုးက ရှားလား”

နင်ကျဲ့က ခေါင်းညိတ်လိုက်၏။ “အင်း.... အရမ်းရှားပါတယ်”

ကျန်းချုံးက ပြောလိုက်သည်။ “ဟယ်ဝမ်ဝမ်က အကျဉ်းချခံထားရတယ်။ သူက ဘယ်လိုလုပ်ပြီးတော့ စေတီတောင်ရဲ့ ရှားပါးအဆိပ်ကို ရနိုင်မှာလဲ”

အထူးတရားရုံးဆီမှ လက်ထောက် ဝန်ထောက်က ပြောလိုက်၏။ “စေတီတောင်ရဲ့ ဝိညာဉ်ကြွေပျက်ဆေးရည် ဆိုတာ ခင်ဗျားရဲ့ ခန့်မှန်းချက်သက်သက်ပဲလေ။ ဒါ ဘာသက်သေ အထောက်အထားမှ မရှိဘူး”

ရေနက်တပ်ဖွဲ့မှ တာဝန်ရှိသူကလည်း ပြောလိုက်သည်။ “ကျုပ်တို့ ဟယ်ဝမ်ဝမ်ရဲ့ ခွက်ကို စစ်ဆေးပြီးပြီ။ အထဲမှာ စိန်အဆိပ်ပဲ ရှိတယ်။ စေတီတောင်ရဲ့ ဝိညာဉ်ကြွေပျက်ဆေးရည် လုံးဝမရှိဘူး”

ဤအရာက စေတီတောင်၏ စွမ်းအားပင် ဖြစ်၏။ ဝိညာဉ်ကြွေပျက်ဆေးရည်သည် အငွေ့ပျံလွယ်သော အရည်တစ်မျိုးဖြစ်၏။ ပုံမှန်အားဖြင့် အဖုံးပိတ်ထားရ၏။ လေနှင့် ထိတွေ့သည်နှင့် တစ်နာရီ၊ နှစ်နာရီအတွင်း လုံးဝအငွေ့ပျံပြီး ခြေရာလက်ရာဟူ၍ ဘာတစ်ခုမှ ကျန်ရစ်ခဲ့လိမ့်မည် မဟုတ်ချေ။

ကျန်းချုံးက ပြောလိုက်၏။ “ဟယ်ဝမ်ဝမ်ရဲ့ သေတမ်းစာကို ကျုပ် ကြည့်ခွင့်ရမလား”

မိန်းမစိုးလီစွမ်းသည် အချိန်ခဏကြာ တုံ့ဆိုင်းသွားခဲ့၏။ သေတမ်းစာတွင် မသင့်တော်သည့် အကြောင်းအရာ တချို့ ပါနေ၏။ နန်းတွင်းမှ တခြားအမတ်များကို ပေးဖတ်ဖို့ဆိုသည်မှာ သင့်တော်သည့် အရာမျိုး မဟုတ်ချေ။ သို့ပေမည့် သူက ထုတ်ပေးရန် ဆုံးဖြတ်လိုက်ပြီး ကျန်းချုံးလက်ထဲသို့ လွှဲပေးလိုက်၏။

‘ရှမ့်လန် ကောင်စုတ်လေး..... ငါ မင်းကို ရိုက်သတ်ပစ်ချင်လိုက်တာ။ မင်းကို ငါ ထပ်တလဲလဲ ကူညီနေရတယ်’

ကျန်းချုံးသည် သေတမ်းစာကို ဂရုစိုက် ဖတ်ရှုလိုက်၏။ “အကယ်၍ ဖြစ်နိုင်မယ်ဆိုရင် အရှင်မင်းကြီးက ကျွန်တော်မျိုးမ၏ ဝမ်းဗိုက်ကိုဖွင့်ပြီး ကျွန်တော်မျိုးမ၏ နှလုံးသားက မဲလား၊ ဖြူလားဆိုတာ ကြည့်ရှုတော်မူပါ”

ကျန်းချုံးသည် ထိုဝါကျကို ထပ်တလဲလဲ ဖတ်ရှုနေမိသည်။ “ဟယ်ဝမ်ဝမ်ရဲ့ ဒီဝါကျက တစ်စုံတစ်ခုကို ညွှန်းနေတာများလား”

“ဒီလို မဟုတ်ဘူး။ ဟယ်ဝမ်ဝမ်က အရှင်မင်းကြီးဆီကို စာရေးတဲ့ အချိန်တိုင်းမှာ ဒီလိုပုံစံစာမျိုး ရေးတတ်တယ်”

ကျန်းချုံးက ပြောလိုက်၏။ “ဒါပေမဲ့ ဒီသေတမ်းစာထဲမှာ ရှိနေတဲ့ ဝမ်းဗိုက်ဖွင့်ဆိုတဲ့နေရာမှာ လက်သည်းနဲ့ ကုတ်ပြီး အချက်ပြထားပုံပေါ်တယ်။ ဒီမှာ အနီရောင် အမှတ်အသားတွေလည်း ရှိတယ်။ တစ်စုံတစ်ခုကို သတိပေးနေတာ သေချာတယ်”

All Chapters