အခန်း (၃၄၂)
Vol. 25 Ch. 342
ထိုသို့ဆိုလျှင် စုနန်သည် ဟယ်ဝမ်ဝမ့်ကို အသုံးချပြီး သူ့ကို ဒုက္ခပေးတော့မည်ဟု ရှမ့်လန်က အဘယ်နည်းဖြင့် သိရှိသနည်း။ သူ ချင်နိုင်ငံဆီမှ ပြန်လာရာလမ်း ... လျန်ခရိုင်ကို ဖြတ်သန်းစဉ်က ဟယ်ဝမ်ဝမ်သည် မတွန့်မဆုတ်ဖြင့် မူလန်နောက်မှ လိုက်ပါလာခဲ့ပြီး သူတည်းဆိုရာနေရာဆီသို့ ရောက်ရှိနေခဲ့၏။ ရှမ့်လန်သည် သူမကို ရှောင်ရှားရန် အဒေါ်ရွှယ်ရင်၏ အိပ်ရာပေါ်သို့ပင် တက်ခဲ့ရ၏။
မူလန်ကပင် ထိုကိစ္စကို ဖမ်းမိခဲ့သည်။
ဤအမျိုးသမီးသည် အပြင်ဘက်တွင် တစ်နာရီကျော် စောင့်နေခဲ့၏။ ဤအရာက သာမန် မဟုတ်ချေ။ ရှမ့်လန်၏ ထက်ရှလွန်းသည့် အသိအာရုံအရ မကောင်းသော အငွေ့အသက်များကို အာရုံခံမိ၏။
ထို့အပြင် ဟယ်ဝမ်ဝမ်သည် သူ၏ အကြီးမားဆုံးသော ပြစ်ချက်ကြီးတစ်ခု ဖြစ်သည်။ စုနန်ကဲ့သို့သော ရန်သူတစ်ယောက်နှင့် သူ့ကို အဘယ်သို့ လက်လွှတ်ထားမည်နည်း။
ထို့ကြောင့် ဤပြစ်ချက်ကို သူ ပြန်လည် ပြင်ဆင်ခဲ့ခြင်း မရှိချေ။ ပိုမိုကြီးမားသည့် အရာကြီးတစ်ခုဖြစ်အောင် ဖန်တီးသည်သာမက အဆိပ်ပင်ကိုပင် ရေလောင်းခဲ့သေး၏။
ထိုကိစ္စသည် ရန်သူကို ကိုယ့်ရှုးကိုယ်ပတ်စေနိုင်သည့် ကိစ္စဖြစ်ပြီး ကြီးမားသည့်ကိစ္စကြီး ပေါ်ပေါက်လာက သူ၏ အပြစ်ဟူသမျှ ပျောက်ကွယ်သွားမှာ ဖြစ်သည့်အပြင် သူလည်း အောင်ပွဲရပေမည်။
ကိုယ့်ကိုယ်ကိုယ် သိရှိခြင်းနှင့် ရန်သူကို သိရှိခြင်းဆိုသည်မှာ အောင်မြင်မှုကို ရရှိနိုင်မည့် အရာမျိုးပင်။
ကျန်းချုံး ပါဝင်ပတ်သက်လာသည်မှာတော့ မမျှော်လင့်ထားသည့် အံ့အားသင့်စရာဖြစ်၏။ မူလအားဖြင့် များပြားသည့် အခန်းကဏ္ဍအားလုံးကို ရှမ့်လန်က ကိုယ်တိုင်ပြုလုပ်ရန် စဉ်းစားထားခဲ့၏။ သို့ပေမည့် ကျန်းချုံး ရောက်ရှိလာသည့် အချိန်မှာတော့ ရှမ့်လန်သည် ဘာတစ်ခုကိုမှ ပြုလုပ်ရန် မလိုအပ်တော့ချေ။
ဤအံ့အားသင့်စရာကောင်းသည့် ကျန်းချုံးသည် အရာအားလုံးကို အစီအစဉ်တကျ ဖြစ်အောင် ပြုလုပ်ပေးခဲ့၏။ သူသည် ရှမ့်လန်ကိုယ်တိုင် ပြုလုပ်သည်ထက်ပင် ပိုမိုကောင်းမွန်သည့် အရာများကို ဖန်တီးခဲ့၏။
ဤအရာက တန်ပြန် တိုက်ခိုက်မှုတစ်ခု ဖြစ်၏။ ရှမ့်လန်က စီစဉ်ဆောင်ရွက်သူဖြစ်ပြီး ရွှယ်ရင်နှင့် ကျန်းချုံးတို့မှာတော့ အကောင်အထည်ဖော်သူများ ဖြစ်၏။ သူတို့သုံးယောက်သည် ထိပ်တန်း ကျွမ်းကျင်သူများ ဖြစ်၏။
ထို့ကြောင့် စုနန်၏ ရှုံးနိမ့်မှုဆိုသည်မှာ မမျှတခြင်းမဟုတ်တော့ပေ။
..................
အလှည့်အပြောင်းကို မြင်ရချိန်မှာတော့ အားလုံးသောသူတို့သည် အံ့အားသင့်လျက် ရှိနေ၏။ ရေနက် တပ်ဖွဲ့၏ ခေါင်းဆောင်ရန်သည် ရုတ်တရက် ပေါက်ကွဲတော့မတတ် ဖြစ်နေ၏။ အထူးတရားရုံးဆီမှ လက်ထောက်ဝန်ထောက် ဝမ်ကျင်းလွမ်ကလည်း အံ့အားသင့်နေသည်။
အဘယ်သို့ ဖြစ်နိုင်မည်နည်း။ စောဏကလေးတင် ရှမ့်လန်က သေဆုံးတော့မှာ ဖြစ်၏။ အဘယ်ကြောင့် ချက်ချင်းဆိုသလို ပြောင်းပြန်လှန်သွားရသနည်း။
အပြစ်အားလုံးက စုနန်၏ ခေါင်းပေါ်သို့ အဘယ်ကြောင့် ရောက်ရှိသွားရသနည်း။
“သောက်ကျိုးနည်း။ ဘာတွေဖြစ်ကုန်ပြီလဲ”
နင်ယန်ကလည်း အံ့အားသင့်လျက် ရှိနေ၏။ သူမသည် ဘေးတစ်ဖက်ရှိ ယွမ်မင်ကျယ်ဆီသို့ လှည့်ကာ ပြောလိုက်၏။ “အစ်ကိုကြီး... အမ်၊ မဟုတ်ဘူး။ တဏှာရူး ... အခု ဘာဖြစ်တာလဲ”
ကျားမက ဤကဲ့သို့ပင် ဖြစ်၏။ သူမ ဝမ်းနည်းပြီး အားနည်းသော အခြေအနေမျိုးတွင် တစ်ဖက်လူအား အစ်ကိုကြီးဟု ခေါ်တတ်၏။ သို့ပေမည့် အခြေအနေကောင်းပြီး အဆင်ပြေနေ ချိန်မှာတော့ ချက်ချင်းပဲ နှာဗူး၊ တဏှာရူးဟု ပြောင်းလဲခေါ်ဆိုလျက် ရှိနေသည်။
ဟုတ်ပေ၏။ တော်ဝင်ရန်နိုင်ငံ၏ သံတမန် ယွမ်မင်ကျယ်ကလည်း ထိုကိစ္စနှင့် ပတ်သက်၍ ဘယ်လိုမှ သဘောမထားချေ။ သူ၏ စိတ်ထဲတွင် စကားလုံးနှစ်ခုတည်းသာ ရှိ၏။
သောက်ရမ်းမိုက်တယ်။
သူ၏ညီငယ်သည် သောက်ရမ်းမိုက်၏။
သူသည် ရှမ့်လန်ဆီမှ ထိုစကားစုကို သင်ယူထားခဲ့ခြင်း ဖြစ်၏။ ချက်ချင်းဆိုသလို အခြေအနေတစ်ခုလုံး ပြောင်းလဲသွားသည်ကို မြင်ရချိန်မှာတော့ ယွမ်မင်ကျယ်က အံ့အားသင့်လို့နေခဲ့သည်။
ကျန်းချုံးကလည်း အနည်းငယ် အံ့အားသင့်လို့ နေ၏။ သူသည် နှလုံးသားထဲတွင် ဖြစ်စဉ်တစ်ခုလုံးကို သေသေချာချာ သိရှိနေသော်လည်း တကယ်ဖြစ်လာချိန်မှာတော့ တကယ့်ကို အံ့အားသင့်စရာကောင်းသည့် ကိစ္စကြီး ဖြစ်နေသည်။ ထိုအရာကို ပါးစပ်ကပင် ထုတ်ဖော်ကာ ချီးကျူးချင်စိတ် ပေါက်နေ၏။
သောက်ကျိုးနည်းရှမ့် ....။
အစီအစဉ်တစ်ခုလုံးသည် အခက်အခဲမရှိဘဲ အောင်မြင်ခဲ့ပြီ ဖြစ်၏။ ကြိုတင်မှန်းဆခဲ့သည် ဆိုလျှင်တောင်မှ ရှေ့သို့ တစ်လှမ်း လှမ်းနိုင်ဖို့ဆိုသည်မှာ လွယ်ကူသည့် အရာမျိုး မဟုတ်ချေ။ သို့ပေမည့် ရှမ့်လန်ကတော့ အချိန်တိုင်း အံ့အားသင့်စရာများကို ပြုလုပ်ခဲ့လေသည်။
..................
ရေနက်တပ်ဖွဲ့၏ ခေါင်းဆောင်ရန်က ရုတ်တရက် ထအော်လိုက်သည်။ “မဟုတ်သေးဘူး။ ဒါတွေအားလုံးက ရှမ့်လန်ရဲ့ ဇာတ်ကွက်တွေပဲ ဖြစ်ရမယ်။ သခင်လေး စုကျန့်ထင်အနေနဲ့ ဟယ်ဝမ်ဝမ်ကို မုဒိန်းကျင့်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ဒီကိစ္စက ဘယ်လိုမှ မဖြစ်နိုင်ဘူး”
ထိုစကားစုကို ထွက်ပေါ်လာချင်းချင်းမှာပဲ အားလုံးသောသူတို့၏ မျက်လုံးအကြည့်များက သူ့ဆီသို့ ရောက်ရှိ လာ၏။ “အရူး... ဒီအရူးကတော့ သေပြီပဲ”
ဤအရာက အားလုံးသောသူတို့၏ စိတ်ထဲပေါ်ပေါက်လာသည့် စကားဖြစ်သည်။
ခေါင်းဆောင်ရန်သည် ထိုစကားကိုပြောခဲ့ပြီးသည့်နောက် ချက်ချင်းပဲ သူ၏ပါးစပ်ဆီမှ အမှားအယွင်း ထွက်ပေါ်သွားခဲ့ပြီဖြစ်ကြောင်း နားလည်လိုက်မိ၏။ သာမန်တုံ့ပြန်မှုအရဆိုလျှင် သူသည် ‘သခင်လေး စုကျန့်ထင်က ဟယ်ဝမ်ဝမ်ကို မသတ်ခဲ့ပါဘူး’ ဟု ပြောရပေမည်။ သို့ပေမည့် သူပြောခဲ့သည်မှာ ‘စုကျန့်ထင်က ဟယ်ဝမ်ဝမ်ကို မုဒိန်း မကျင့်ခဲ့ပါဘူး’ ဆိုသည့် အရာပင် ဖြစ်၏။ ကြည့်ရသည်မှာ သူသည် တော်တော်များများကို သိရှိထားခဲ့ပြီး စုနန်နှင့် ပူးပေါင်းဆောင်ရွက်ခဲ့သည့်ပုံပင်။
လီစွမ်း၏ တစ်ဖက်လူမှာ သေဆုံးတော့မည်လူ ဖြစ်ကြောင်း နားလည်လိုက်မိ၏။ ပြီးနောက် သူ ... မိန်းမစိုးကြီးသည် ရုတ်တရက်မတ်တတ်ထရပ်ကာဖြင့် အသာပင် ပြောလိုက်၏။ “ဒီကိစ္စက တော်တော်ကြီးကို ရှုပ်ထွေးတဲ့ ကိစ္စကြီးပဲ။ အမှန်တရားကက ဘာလဲဆိုတာ ပြောဖို့ခက်တယ်။ အားလုံးပဲ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘာသတင်းကောလဟာလမှ အပြင်ဘက်ဆီ မထွက်စေနဲ့။ ရှိသမျှလူတွေအားလုံး ဘာသတင်းမှ မထွက်ဖို့ တာဝန်ယူရမယ်”
လီစွမ်း၏ စကားလုံးများက လှပ၏။ သူ၏ စိတ်ထဲမှာတော့ အမှန်တရားက ပေါ်ပေါက်နေပြီ ဖြစ်၏။ ဤကိစ္စ တကယ့်ကို ကြောက်မက်ဖွယ်ရာကောင်းပြီး အပြင်လောကမှ လူများ တစ်ယောက်မှ မသိလျှင် အကောင်းဆုံး ဖြစ်သည်။
“ကျုပ် အရှင်မင်းကြီးဆီကို သတင်းပို့လိုက်အုံးမယ်။ ပြီးတော့ နောက်ဆုံး ဆုံးဖြတ်ချက်ကို ဘယ်လို ချမလဲ ဆိုတာ မေးရမယ်”
ပြီးနောက် သနားစရာကောင်းလှသည့် မိန်းမစိုးကြီး လီစွမ်းသည် အပြင်ဘက်သို့ ထပ်မံကာ သွားရပြန်၏။
ဤအချိန်မှာတော့ မင်းသမီး နင်ယန်၏ လှုပ်ရှားမှုကို မစောင့်ခဲ့ချေ။ ယွမ်မင်ကျယ်က ရှေ့ဆီသို့ သွားပြီး ထိုမိန်းမစိုးကြီးကို မြင်းပေါ်သို့ ချီကာတင်ပေးလိုက်သည်။ “ကျေးဇူးပါပဲ၊ သခင်လေးယွမ်”
ယွမ်မင်ကျယ်က ပြောလိုက်၏။ “မိန်းမစိုးလီက တကယ့်ကို သစ္စာရှိတဲ့ ကျေးကျွန်တစ်ယောက်ပဲ။ ကျုပ်အနေနဲ့ ခင်ဗျားလိုလူတစ်ယောက်ကို ကူညီဆောင်မပေးရတာ ကောင်းချီးတစ်ခုပါပဲ”
ယွမ်မင်ကျယ်၊ သခင်လေး ပြောသည့် စကားလုံးကို သေသေချာချာ ကြည့်ရှုသင့်သည်။ စကားအသွားအလာ လိမ်မာ ယဉ်ကျေး၍ မည်မျှကောင်းမွန်လိုက်သနည်း။ နင်ယန် သင်ယူထားသင့်သည်။
လီစွမ်းသည် လက်သီးကိုဆုပ်ကာ နှုတ်ဆက်ပြီး မြောက်ဘက်ပိုင်းဆီသို့ အသော့နှင်ပြန်၏။ တစ်နာရီခန့် ကြာမြင့့်ပြီးနောက် လီစွမ်းသည် ဘုရင်မင်းမြတ်၏ ရွေ့လျားနန်းတော်ဆီသို့ ရောက်ရှိလာခဲ့၏။ သူသည် အသာပင် ဒူးထောက်ထိုင်ချကာ ပြောလိုက်၏။ “အရှင်မင်းကြီး... ဟယ်ဝမ်ဝမ်ရဲ့ ဝမ်းဗိုက်ထဲကနေ ဒီအရာ ထွက်ပေါ်လာခဲ့ပါတယ်”
ဘုရင်မင်းမြတ်က မျက်မှောင်ကုတ်လိုက်၏။ သူသည် လက်ကို အသာဆန့်တန်းပြီး ထိုအရာကို လှမ်းယူကာ ကြည့်ရှုလိုက်၏။ မျက်နှာပြင်ထက်တွင် ရွံရှာသည့် အရိပ်အာဝါသများကို မဖုံးဖိနိုင်ခဲ့ချေ။
“အရှင်မင်းကြီး... စုကျန့်ထင်က ကျွန်မကို သတ်ဖြတ်တော့မယ်။ ပြီးတော့ ရှမ့်လန်ကို သေအောင် ကျွန်မကို အတင်း တွန်းအားပေးနေတယ်”
ထိုစာကို ဖတ်ပြီးသည့်နောက် ဘုရင်မင်းမြတ်၏ မျက်နှာပေါ်ရှိ ကြွက်သားများက တုန်ယင်သွားခဲ့၏။ “ဘယ်လိုဖြစ်တာလဲ”
မိန်းမစိုးကြီး လီစွမ်းက ပြောလိုက်သည်။ “ဟုတ်ပါတယ်... ဟယ်ဝမ်ဝမ်ရဲ့ အနောက်ဘက်လမ်းကြောင်းမှာ စုတ်ပြဲနေတဲ့ ဒဏ်ရာ ရှိတယ်။ အမျိုးသမီးသမားတော်တွေက ပထမ သတိမပြုမိခဲ့ဘူး။ စိန်အဆိပ်ကြောင့် ဒီအရာက စုတ်ပြဲသွားခဲ့တယ်လို့ ထင်ခဲ့တာ။ ဒါပေမဲ့ တကယ်တော့ စုကျန့်ထင် လုပ်ခဲ့တာ ဖြစ်နေတယ်”
ဘုရင်မင်းမြတ်၏ မျက်လုံးများက ကျဉ်းမြောင်းသွားခဲ့၏။ “ဟား ဟား ဟား”
“ဟား ဟား ဟား ဟား”
သူသည် အကြီးအကျယ် ဒေါသမထွက်ခဲ့ချေ။ ထိုအစား ရယ်မောလျက် ရှိနေ၏။ သူ၏ အသံသည် တကယ်ပင် စူးရှနေ၏။ တစ်စုံတစ်ယောက်သည် သူ့ကို နွားကျအောင် ပြုလုပ်ခဲ့၏။ ထိုစုကျန့်ထင် ဤမျှရဲတင်းလိမ့်မည်ဟု သူ မထင်မှတ်ခဲ့ချေ။ တကယ့်ကို စိတ်လှုပ်ရှားစရာ ကောင်းလွန်းနေခဲ့၏။ သူ၏ မိန်းကလေးကိုပင် သွားရောက်ကာ အရသာခံနေလေသည်လား။
ဘုရင်မင်းမြတ်က မျက်လုံးကို မှိတ်လိုက်၏။ ထိုသို့ဆိုလျှင် လီဝမ်ကျန့်၏ အိပ်ရာအောက်တွင် ရှိနေသည့် အိမ်ရှေ့စံမင်းသားအား ကျိန်ဆိုထားသည့် စာကလည်း စုနန် စီစဉ်ထားသည့် အရာများသာ ဖြစ်ပေလိမ့်မည်။
ဟုတ်ပေ၏။ အိမ်ရှေ့စံမင်းသားနှင့် တတိယမင်းသားတို့၏ ကြားထဲတွင် ပြိုင်ပွဲတစ်ခု ဖြစ်တည်လျက် ရှိနေ၏။ ထိုပြိုင်ပွဲသာ ပြင်းထန်လာပါက မည်သူ အကျိုးကျေးဇူးရှိမည်နည်း။ ဟုတ်ပေ၏။ ကြားနေအဖွဲ့အစည်း၏ ခေါင်းဆောင် စုနန် ဖြစ်၏။ ထိုအချိန်သို့ရောက်လျှင် စုနန်သည် ညီလာခံဆီသို့ ပြန်လာပြီး ကြားနေအဖွဲ့အစည်း၏ ဩဇာအာဏာကို ပိုမိုကြီးမားအောင် ကြိုးစားပေလိမ့်မည်။ မှန်ပေ၏။ ဤအရာက ကျိုးကြောင်းဆီလျော်၏။
ရှမ့်လန်မှာတော့ သေးငယ်လွန်းသည့် သမက်တော် တစ်ယောက်သာလျှင် ဖြစ်၏။ သူ့၌တခြား ကြီးမားသည့် ရည်မှန်းချက်ဟူ၍ မရှိချေ။ အိမ်ရှေ့စံမင်းသားနှင့် တတိယမင်းသားတို့ ကြားထဲ ပဋိပက္ခများ ဖြစ်ပွားအောင် ပြုလုပ်တော့ရော ဘာအကျိုးရှိမည်နည်း။ အိမ်ရှေ့စံမင်းသားနှင့် တတိယမင်းသားတို့ အားပြိုင်နေသည်ကိုပင် သိရှိလိမ့်မည် မဟုတ်ချေ။ ဝင်ရောက်ရှုပ်ထွေးဖို့ ဆိုသည်မှာ ဝေးလာဝေးပင် ဖြစ်ပေမည်။
ဟယ်ဝမ်ဝမ်ဆီသို့ ကဗျာရောင်းချခြင်းဆိုသည်မှာ မိန်းကလေးတစ်ယောက်ကို ပိုးပန်းရန် ကြံစည်ခဲ့ခြင်း ဖြစ်သည်ဟု ပြောခဲ့ပြီးသား ဖြစ်၏။ ဤအရာက ရှမ့်လန်၏ အမူအကျင့်နှင့်လည်း တကယ့်ကို ကိုက်ညီ၏။ ရှမ့်လန်သည် သူ၏ မိန်းမဟောင်း ရှစ်ချင်းချင်းကို ဒုက္ခပေးနိုင်ရန်အတွက် လိင်စာအုပ်တစ်အုပ်ကိုပင် ရေးသားခဲ့သူ ဖြစ်၏။ ယခု ရှစ်ကွမ်းယွမ်မိသားစုတစ်ခုလုံး သေဆုံးခဲ့ပြီး ရှစ်ချင်းချင်းပင်လျှင် သူ့၏ မယားငယ်များထဲမှ တစ်ယောက် ဖြစ်လုနီးပါးပင်။ ထို့ကြောင့်ပင်လျှင် မာယာမျဉ်းပြိုင်စာအုပ်ကို ထပ်မံကာ မရေးသားခဲ့ခြင်းသာ ဖြစ်၏။ စကားကြုံ၍ ပြောရမည်ဆိုလျှင် သူ ထိုစာအုပ်အဆက် ကို ဖတ်ချင်သေးသည်။
သို့နှင့် ဘုရင်မင်းမြတ်က ရုတ်တရက်ပြောလိုက်၏။ “ဒါတွေအကုန်လုံးက ရှမ့်လန်ဖန်တီးထားတဲ့ အရာတွေ ဖြစ်နိုင်လား”
ဘုရင်မင်းမြတ်က အမှတ်မထင် မေးလိုက်ခြင်းသာ ဖြစ်၏။ ဤလူသည် တကယ့်ကို သံသယများလွန်းသည့် လူတစ်ယောက်ဖြစ်၏။ အားလုံးသောသူတို့အပေါ်တွင် သံသယစိတ်ရှိသည်။
မိန်းမစိုးကြီး လီစွမ်းက ပြောလိုက်၏။ “ရှမ့်လန်က အထူးတရားရုံးမှာ ရိုက်နှက်ခံခဲ့ရတယ်။ သူက ပြင်းပြင်းထန်ထန် အပြစ်ပေးမှုကို ခံရလုနီးပါးပဲ”
ဤစကားစု၏ အဓိပ္ပာယ်မှာ ရှင်းလင်းလွန်းလှ၏။ ရှမ့်လန်သည် နာကျင်ရမည်ကို ကြောက်လန့်တတ်သည့် လူတစ်ယောက်ဖြစ်သည်။
လီစွမ်းက ဆက်လက်ကာ ပြောလိုက်၏။ “ပြီးတော့ ဒီဖယောင်းထုတ်လေး ထွက်လာတဲ့အချိန်မှာ ရေနက်တပ်ဖွဲ့ရဲ့ ခေါင်းဆောင်ရန်က တစ်စုံတစ်ခု ပြောခဲ့တယ်။ အဲစကားက အရမ်းထူးခြားတယ်။ ဒီကိစ္စတွေ အကုန်လုံးက ရှမ့်လန်လုပ်ခဲ့တာတဲ့။ ဆက်ခံသူ စုကျန့်ထင်က ဟယ်ဝမ်ဝမ်ကို မုဒိန်းကျင့်ခဲ့မှာ မဟုတ်ဘူးတဲ့”
ဘုရင်မင်းမြတ်၏ မျက်လုံးများက ရုတ်တရက် ကျုံ့ဝင်သွားခဲ့၏။ ဤစကားစု၏ သာမန်မဟုတ်ပုံကို သူ ကောင်းကောင်း ကြားလိုက်ရသည်။ စုကျန့်ထင်သည် ဟယ်ဝမ်ဝမ်ကို သတ်ဖြတ်ချင်ခြင်း မဟုတ်ဟု ပြောရမှာ ဖြစ်၏။ သို့ပေမည့် ထိုသူသည် အဘယ်ကြောင့် စုကျန့်ထင်က ဟယ်ဝမ်ဝမ်ကို မုဒိန်းမကျင့်ဟု ပြောရသနည်း။
ထိုသူသည် စုကလန်နှင့် ပူးပေါင်းကာ ဆောင်ရွက်နေခြင်းဖြစ်နိုင်သည်။ အရာအားလုံးက အရေးကြီးလာခဲ့၏။ ထိုအရာအားလုံးသည် စုကလန် စီစဉ်ထားသည့် ဇာတ်ကွက်များသာ ဖြစ်ပေလိမ့်မည်။ ဟယ်ဝမ်ဝမ်သည် စုကျန့်ထင်၏ သတ်ဖြတ်ခြင်းကို ခံရ၏။ ထိုအရာမှာ ရှမ့်လန် သတ်ဖြတ်သည်ဟု ထင်မှတ်မှားရအောင် ပြုလုပ်ခဲ့ခြင်းပင်။
ဘာကြောင့်လဲတော့ သူ မသိရှိချေ။ ဘုရင်မင်းမြတ်၏ နှလုံးသားတစ်ခုလုံးက သက်သာရာ ရသွား၏။ သူ ယခင်တုန်းကလောက် စိတ်မဆိုးခြင်း မရိှတော့ချေ။ ရှမ့်လန် သူ့ကို လှည့်စားခဲ့ပြီး ဟယ်ဝမ်ဝမ့်ကို ဒုက္ခပေးခဲ့၏။ ထို့အပြင် အိမ်ရှေ့စံမင်းသားကို ဆဲခဲ့ကြောင်း သိရစဉ်က သူသည် တစ်ခါမှ မကြုံဖူးသလိုပင် ဒေါသထွက်ခဲ့၏။ သူသည် သစ္စာဖောက်ခြင်း ခံခဲ့ရသကဲ့သို့ပင် ခံစားခဲ့၏။
ယခုအရာအားလုံးသည် စုကလန်ပြုလုပ်သည့် အရာဖြစ်ကြောင်း ပေါ်ပေါက်လာခဲ့သည်။ ထို့ကြောင့် သူ ဒေါသ မထွက်တော့ချေ။ ထိုအရာမှာ ကျိုးကြောင်းဆီလျော်သည်ဟု သူက ခံစားမိ၏။ အဘယ်ကြောင့်ဆိုသော် သူသည် ဤကလေး ရှမ့်လန်ကို နှစ်သက်၏။ သူ အရင်းနှီးဆုံးဟု သတ်မှတ်ထားခဲ့သည့်လူ၏ သစ္စာဖောက်ခြင်းကို ခံရခြင်းသည် အကြီးအကျယ် ဒေါသထွက်သင့်သည့် ကိစ္စရပ် မဟုတ်ပါလား။ သို့ပေမည့် ရန်သူက ထိုကိစ္စကို ပြုလုပ်သည်ဆိုခြင်းမှာတော့ ဖြစ်သင့်၍ ဖြစ်သည့်အရာဟု သူ သတ်မှတ်ထားနိုင်သည်။
ဘုရင်မင်းမြတ်၏ နှလုံးသားထဲတွင် စုနန်ဆိုသည်မှာ သူ၏ ပြိုင်ဘက်တစ်ယောက် ဖြစ်သည်ဟု အစောကြီးတည်းက သတ်မှတ်ထားခဲ့ပြီး ဖြစ်၏။
ဟုတ်ပေ၏။ စုကျန့်ထင်တစ်ယောက် ဟယ်ဝမ်ဝမ်ကို မုဒိန်းကျင့်ခဲ့ခြင်းနှင့် ပတ်သက်၍ သူ အလွန်အမင်း ဒေါသထွက်မိ၏။ တစ်စစီ စုတ်ဖြဲရန်ပင် စဉ်းစားလျက် ရှိနေသည်။
သို့ပေမည့် ရှမ့်လန်သစ္စာဖောက်သည်ကို ကြားရစဉ်ကလောက် ဒေါသ မထွက်ခဲ့ချေ။ သူသည် ချက်ချင်း ဆိုသလိုပဲ အဖြေတစ်ခုကို နားလည်ခဲ့၏။ သူ၏ စိတ်ထဲတွင် ဟယ်ဝမ်ဝမ်ကို တန်ဖိုးထားခြင်း မရှိခဲ့ချေ။
“အင်း.. အဆုံးအသတ်က ရောက်လာခဲ့ပြီပဲ။ ဒါဆိုရင် ခုဏက ရေနက်တပ်ဖွဲ့က ခေါင်းဆောင်ရန်ရဲ့ မိသားစုတွေ သေသွားကြပြီလား” ဘုရင်မင်းမြတ်က မေးမြန်းလိုက်၏။
မိန်းမစိုးကြီး လီစွမ်းက ပြောလိုက်သည်။ “ဟုတ်ပါတယ်... အကုန်လုံး သေကုန်ပါပြီ။ ဒါပေမဲ့ သူ့ရဲ့ တခြား မိသားစု ရှိနေသေးတယ်။ သူ့ရဲ့ မိန်းမနဲ့ သားတွေပါ ...”
ဘုရင်မင်းမြတ်က ပြောလိုက်၏။ “သူတို့အားလုံးကို ဖမ်းလိုက်။ ပြီးရင် သတ်ပစ်လိုက်တော့။ ခုဏက ခေါင်းဆောင်ရန် ဆိုတဲ့ကောင်ကို စစ်ဆေး။ သူ စုကလန်နဲ့ ပူးပေါင်းဆောင်ရွက်နေတယ်ဆိုတဲ့ အဖြေရမလား မသိဘူး။
ပြီးတော့ ရေနက်တပ်ဖွဲ့ထဲမှာ ဘယ်လောက်များများက အဲလို ပူးပေါင်းဆောင်ရွက်နေလဲ သိချင် သေးတယ်။ သူ့ကို မေး။ အဖြေရပြီဆိုတာနဲ့အရေခွံချွတ်။ သူ့ရဲ့ အရေခွံကို ရေနက်တပ်ဖွဲ့ရဲ့ အလံထိပ်ပေါက်ဝမှာ ချိတ်ထားလိုက်”
“ကောင်းပါပြီ” လီစွမ်းက ပြောလိုက်၏။
ဘုရင်မင်းမြတ်က ထပ်မံကာ ပြောလိုက်သည်။ “စုကျန့်ထင်က အနောက်တိုင်းက စစ်သည်တော်တွေကို ဦးဆောင်ပြီး ရွှမ်ဝူအိမ်တော်ကို တိုက်ခိုက်ခဲ့တယ် မဟုတ်လား”
လီစွမ်းက ပြောလိုက်၏။ “ဟုတ်ပါတယ်”
ဘုရင်မင်းမြတ်သည် ဒေါသတကြီးနှင့် ပြောလိုက်သည်။ “ဒါ အရမ်းကို ဆိုးယုတ်လွန်းတယ်။ နယ်စားကြီး အိမ်တော်ကိုတောင် ဝင်ပြီး တိုက်ခိုက်ရဲတယ်။ ပြီးတော့ ကိုယ့်အဒေါ်ကိုတောင်မှ သတ်ဖြတ်ဖို့ ကြိုးစားချင်ခဲ့တယ်။ တကယ့်ကို လူမဆန်တဲ့ ကိစ္စပဲ”
ချီးတဲ့မှ.. ဤကိစ္စကို အစောကြီးတည်းက သိရှိပြီး ဖြစ်၏။ စုနန် ထိုကိစ္စကို ဝန်ခံခဲ့စဉ်က ဘုရင်မင်းမြတ်သည် စုနန်ကို သာမန်ကာလျှံကာ ဆိုသလို ဆူငေါက်ခဲ့ခြင်းသာ ရှိ၏။ သို့ပေမည့် လက်ရှိအချိန်တွင်မှာတော့ ထိုအရာက အရေးကြီးလာခဲ့ပြန်၏။
“ကဲ... သွားပြီး စုကျန့်ထင်ကို ဖမ်းလိုက်။ ငါသိချင်တာ သူ ဘာလုပ်ဖို့ ကြိုးစားခဲ့တာလဲ။ ပြီးတော့ ကိုယ့်အဒေါ်ကိုသတ်ဖို့တောင် ကြိုးစားခဲ့တယ်ဆိုတော့ အရေးကြီးတဲ့ လျှို့ဝှက်ကိစ္စတစ်ခုခု ရှိမလား စစ်ဆေးရမယ်”
“ကောင်းပါပြီ” မြင်းသည်တော်တစ်စုသည် ထွက်ခွာသွားခဲ့သည်။
“ရှမ့်လန်ကရော.... သူက နင်ယန်နဲ့ ဘာဖြစ်နေပြီလဲ” ဘုရင်မင်းမြတ်က မေးမြန်းလိုက်၏။
လီစွမ်းက ပြန်လည်ကာ ဖြေဆိုလိုက်သည်။ “ဒီအစေခံအိုကြီး မသိပါဘူး”
ဘုရင်မင်းမြတ်က ပြောလိုက်၏။ “အဲဒီ တဏှာရူးကောင်ကို ဖမ်းထားလိုက်။ ပြီးတော့ နန်းတော်ထဲမှာ ချုပ်ထားလိုက်။ သူ့ကို ကြိမ်ဒဏ် သုံးချက်လောက် ရိုက်မှ ဖြစ်လိမ့်မယ်။ တစ်စုံတစ်ယောက်ရဲ့ သမက်တော် ဖြစ်နေတာတောင်မှ အနီးပတ်ဝန်းကျင်က မိန်းကလေးတွေကို ပရောပရီနဲ့ ကလူကျီစယ် လုပ်ခဲ့တယ်။
ဒီလိုမျိုး မြာပွေတတ်တဲ့ ကိုယ်ရည်ကိုယ်သွေးနဲ့ဆိုရင် နောင်လည်း ပြဿနာရှာမယ့် ကောင်မျိုးပဲ။ ဟယ်ဝမ်ဝမ်ကိုတောင် သွားပြီးပိုးပန်းခဲ့သေးတယ် မဟုတ်လား။ အထူးတရားရုံးရဲ့ အကျဉ်းထောင်ထဲမှာ သုံးရက်လောက် ထားရုံနဲ့ မလုံလောက်ဘူး။ သူ့ကို တစ်နှစ်၊ တစ်နှစ်ခွဲလောက် ထိန်းသိမ်းထားမှ လိမ္မာမယ့်ပုံ ပေါ်တယ်”
လီစွမ်းက ပြောလိုက်သည်။ “အရှင်မင်းကြီး ပြောတာ မှန်ပါတယ်။ ဒီကောင်လေးက အရမ်းကို မြာပွေပြီး သုတ်ပိုးက ငယ်ထိပ်ရောက်နေတာပါ။ နန်းမြို့တော်ထဲမှာလည်း ရူးကြောင်ကြောင်ကိစ္စရပ်ကို ပြုလုပ်ခဲ့သေးတယ်”
ဘုရင်မင်းမြတ်က မေးမြန်းလိုက်၏။ “ဘယ်လို ရူးကြောင်ကြောင်လဲ”
လီစွမ်းက ပြောလိုက်သည်။ “သူက သူ့မိန်းမနဲ့ အဝေးမှာ နေနေတာလေ။ ပြီးတော့ သူ့ရဲ့ ကိုယ်လုပ်တော် လေးကလည်း ကိုယ်ဝန်ရှိနေတယ်။ ဒါကြောင့် ကြာကြာ တောင့်မခံနိုင်တော့ဘူးထင်တယ်။ ဆောင်ကြာမြိုင်ကို သွားခဲ့သေးတယ်။ ရုပ်ဖျက်ပြီးတော့ သွားခဲ့တာ။ ဒါပေမဲ့ အထဲကို မဝင်ရဲဘူး။ ဝင်လိုက်၊ ထွက်လိုက်နဲ့ လေး၊ ငါးခေါက်လောက် လုပ်ပြီးတာတောင် အထဲကို မရောက်ခဲ့ဘူး။ အဆုံးသတ်မှာတော့ မင်းသမီးနင်ယန်က သူ့ရဲ့ ကျောကိုမြင်ပြီး မှတ်မိသွားခဲ့တယ်။ ပြီးတော့ ရှမ့်လန် ဆောင်ကြာမြိုင် သွားတယ်ဆိုတဲ့ သတင်းက နန်းမြို့တော်ထဲမှာ ပျံ့နှံ့သွားခဲ့တာပဲ”
“ဟား ဟား ဟား”
ဘုရင်မင်းမြတ်က မည်သို့မှ မနေနိုင်ခဲ့ချေ။ ရှမ့်လန်၏ ရှက်ရွံ့စရာကောင်းသည့် ဇာတ်လမ်းကို ကြားရသည့် အချိန်မှာတော့ ထကာ ရယ်မောလိုက်မိ၏။ “ဒီကြောင်တောင်တောင် ကောင်လေးကတော့ ... ကျင်းကျိုးကတော့ ဒီလိုကောင်မျိုးကို သမက်တော်အဖြစ် တော်ထားရတာ မျက်ခုံးလှုပ်နေလောက်ပြီ”
လီစွမ်းက ပြောလိုက်သည်။ “အဲလို ဖြစ်နေလောက်ပါတယ်။ ဒီကောင်လေးရဲ့ မျက်နှာက အရည်ထူလွန်း တယ်။ အမူအကျင့်ကလည်း ရှက်ရွံ့ဖွယ်ရာပဲ။ ဒီလိုလူမျိုးကို ကျုပ် တစ်ခါမှ မမြင်ခဲ့ဖူးပါဘူး”
မိန်းမစိုးကြီးသည် ရှမ့်လန်ကို နှိမ့်ချစွာဖြင့် ပြောဆိုလျက် ရှိနေ၏။ သူ၏ စကားလုံးများသည် တကယ့်ကို အဓိပ္ပာယ် ရှိလှ၏။ ရှမ့်လန်သည် နှာဗူး၊ တဏှာရူးတစ်ယောက် ဖြစ်လေပြီး မိန်းကလေးများနှင့်သာ ပျော်ရွှင်နေချင်သည့် လူတစ်ယောက်ဖြစ်၏။ အိမ်ရှေ့စံမင်းသားနှင့် တတိယမင်းသားတို့၏ ကြားမှ ပဋိပက္ခများကို ဘယ်တော့မှ စိတ်ဝင်စားလိမ့်မည် မဟုတ်ဟု ဘုရင်မင်းမြတ်သိရှိအောင် တစ်ဖက်လှည့်ဖြင့် ပြောနေခြင်း ဖြစ်၏။ ထိုကဲ့သို့ ပြောလေ ရှမ့်လန်က အပြစ်ကင်းစင်လေပင်။