← Chapters

မူလအပျက်အဆီးရွှေအမြုတေကို စမ်းသပ်ခြင်း

Vol. 4 Ch. 43

မူလအပျက်အဆီးရွှေအမြုတေကို စမ်းသပ်ခြင်း

Vol. 4 Ch. 43

ကျန်းယန် စာစဉ် (၄)

ဘာသာပြန် စာရေးသူ Cosmo မှ အထူးဘာသာပြန်ဆိုသည်။ ဆရာ Zeus မှ စာစစ်ကာတည်းဖြတ်ပေးသည်။

ကြေညာချက်

လေးစားရပါသော စာဖတ်ပရိသတ်ကြီးခင်ဗျာ၊

ဦးစွာပထမအနေနဲ့ "ကျန်းယန်" စာစဉ် ၄ ထွက်ရှိဖို့ နှောင့်နှေးသွားခဲ့ရတဲ့အတွက် Zeus Translation Group ကနေ အထူးတလည် အနူးအညွတ် တောင်းပန်အပ်ပါတယ်ခင်ဗျာ။

ဒီတစ်ကြိမ် ဒီလိုကြန့်ကြာသွားရတာကတော့ ကျွန်တော်တို့ရဲ့ ဘာသာပြန်စာရေးသူ ဆရာ Cosmo တစ်ယောက် ရာသီတုပ်ကွေး ပြင်းထန်စွာခံစားရပြီး ဆေးရုံကို အရေးပေါ်တက်ရောက် ကုသမှုခံယူခဲ့ရတာကြောင့် ဖြစ်ပါတယ်ခင်ဗျာ။

အမှန်တကယ်တော့ ကျွန်တော်တို့အဖွဲ့သားတွေအနေနဲ့ စာဖတ်သူတွေကို အချိန်အကြာကြီး မစောင့်စေချင်တဲ့စိတ်၊ အားနာတဲ့စိတ်တွေကြောင့် ဆရာ Cosmo ကို "ဆရာ့အနေနဲ့ သက်သာသလောက်လေးပဲ" ကြိုးစားပြီး ရေးပေးဖို့ မေတ္တာရပ်ခံခဲ့မိပါတယ်။ ဆရာ Cosmo ကလည်း စာဖတ်သူတွေအပေါ် တာဝန်သိစိတ်အပြည့်နဲ့၊ နေမကောင်းဖြစ်နေတဲ့ကြားက ဆေးရုံကုတင်ပေါ်မှာပင် အားတင်းပြီး ဒီစာစဉ်ကို တဖြည်းဖြည်းချင်း ကြိုးစားရေးသားပေးခဲ့တာပါခင်ဗျာ။

ဆရာ့ရဲ့ ဒီလိုကြိုးပမ်းအားထုတ်မှုသာ မရှိခဲ့ရင်၊ ဒီစာစဉ်က စာဖတ်သူတွေလက်ထဲရောက်ဖို့ ဒီထက်မက အများကြီး ပိုကြာသွားမှာ အမှန်ပါပဲ။

ဖြစ်ပျက်ခဲ့တဲ့ အခြေအနေအရပ်ရပ်ကြောင့် နှောင့်နှေးသွားခဲ့ရတာကို နောက်တစ်ကြိမ် ထပ်မံတောင်းပန်ရင်း၊ ဒီလိုအခြေအနေမှာတောင် နားလည်မှုအပြည့်နဲ့ သည်းခံစောင့်ဆိုင်းပေးခဲ့ကြတဲ့ စာရှုသူပရိသတ်တစ်ယောက်ချင်းစီကို ကျွန်တော်တို့အဖွဲ့သားများက လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိသလို၊ အရမ်းလည်း ချစ်ခင်လေးစားရပါတယ်ခင်ဗျာ။

နောက်ထပ် နှောင့်နှေးမှုတွေ ထပ်မံမရှိစေဖို့လည်း ကျွန်တော်တို့ဘက်က အစွမ်းကုန် ကြိုးစားသွားပါ့မယ်။

အခုတော့ ဆရာ Cosmo ရဲ့ ကြိုးပမ်းမှုရလဒ်ဖြစ်တဲ့ "ကျန်းယန်" စာစဉ် ၄ ကို ခံစားဖတ်ရှုနိုင်ကြပါပြီ။

စာဖတ်သူများကို အစဉ်လေးစားလျက်

- Zeus (Zeus Translation Group)

***************

“ရွှေအမြုတေထဲမှာ တစ်ခုခုပြောင်းလဲသွားတာမရှိဘူးလား” ချင်းယွင်ကျိ စိတ်၀င်တစားမေးလိုက်သည်။

သူ့တာအိုစွမ်းအားကိုစုပ်ယူပြီးချိန်တွင် ထိုအရာက တစ်ခုခုတော့ တုန့်ပြန်သင့်သည် မဟုတ်ပါလော။

“မရှိဘူး” ကျန်းယန် ခေါင်းခါပြလိုက်၏။

“ဆက်လုပ်ကြမလား” ချင်းယွင်ကျိ ထပ်မေးလိုက်သည်။

သူမူလအပျက်အဆီးရွှေအမြုတေကို သူ့တာအိုစွမ်းအားအနည်းငယ်ထပ်သုံး၍ စမ်းသပ်ချင်နေခဲ့၏။ သူမူလအပျက်အဆီးရွှေအမြုတေ၏ အမှန်တရားကိုဖော်ထုတ်နိုင်ခဲ့လျှင် သူ့တာအိုစွမ်းအားအနည်းငယ် ကုန်သွားမည်ဆိုလျှင်တောင် တန်ပေသည်။

ကျန်းယန်လည်း တစ်ခါလောက်တော့ စမ်းကြည့်သင့်သေးသည်ဟု ခံစားလိုက်ရ၏။ အကယ်၍ ချင်းယွင်ကျိ၏ တာအိုစွမ်းအားကသာ သူ့အဖြူထည်ရွှေအမြုတေကို ရှေးဦးတာအိုပုံစံတစ်မျိုးဖြစ်သွားအောင် ကူညီပေးနိုင်လိုက်လျှင် သူ့ကျင့်ကြံခြင်းကများစွာပိုပြီး လွယ်ကူသွားပေလိမ့်မည်။

ထို့နောက်တွင်တော့ သူတို့နှစ်ယောက်နောက်တစ်ကြိမ် စမ်းသပ်‌ကြလေတော့သည်။

ဤတစ်ကြိမ်တွင်တော့ ချင်းယွင်ကျိ ပိုများများထည့်ဖို့ ဆုံးဖြတ်ထားခဲ့၏။

အကယ်၍ တာအိုစွမ်းအားနည်းနည်းလောက်က သက်ရောက်မှုမရှိနိုင်ဘူးဆိုလျှင် နောက်ထပ်နည်းနည်း နည်းနည်းချင်း ထပ်ထည့်သွားမည်ဆိုပါလျှင်ရော သက်ရောက်မှုရှ်ိလာနိုင်ပါမည်လော။

ထိုစဉ် ကျန်းယန်ကတော့ သူ့ရွှေအမြုတေအတွင်းပိုင်းကိုသာ အာရုံစိုက်နေခဲ့သည်။

သူ့ရွှေအမြုတေထဲသေချာအာရုံစိုက်နေလေရာ နောက်ဆုံးတွင် ချင်းယွင်ကျိ၏တာအိုစွမ်းအားများ သူ့ရွှေအမြုတေထဲ ၀င်ရောက်လာသည်ကို ခံစားလိုက်ရ၏။

တဖြည်းဖြည်းနှင့် သူ့ရွှေအမြုတေအခွံက ပိုပိုထူလာခဲ့ပြီး ထိုအကျိုးသက်ရောက်မှုက သူစိတ်ဝိညာဉ်ကျောက်တုံး သိန်းချီစုပ်ယူတုန်းကထက်ပင် ပိုပြီး အကျိုးသက်ရောက်မှု ရှိနေသေးသည်။

တိုးတက်မှုက လျင်မြန်လွန်းသောကြောင့် သူစိတ်လှုပ်ရှားနေခဲ့၏။

ထိုစဉ် ရုတ်ချည်းဆိုသလို ချင်းယွင်ကျိ၏ ဝာာအိုစွမ်းအားစီး၀င်နေမှုက ရပ်တန့်သွားခဲ့လေသည်။

“ဆရာ ဆက်လုပ်လေ” ကျန်းယန် မျက်လုံးဖွင့်ကာ ချင်းယွင်ကျိကို ပြောလိုက်၏။

“သေစမ်းကွာ!”

ချင်းယွင်ကျိ မဆဲဘဲ‌မနေနိုင်တော့ဘဲ ရုတ်တရက် ထိုနေရာမှ ပျောက်ကွယ်သွားခဲ့သည်။

သူသည် အနည်းဆုံးဝိညာဉ်အခြေတည် အထွတ်အထိပ်အဆင့်လောက်ရှ်ိသော တာအိုစွမ်းအားပမာဏကို ထည့်သွင်းခဲ့ခြင်းဖြစ်သော်လည်း မလုံလောက်သေးပေ။

သူ့ဆီထည့်လိုက်တဲ့ တာအိုစွမ်းအားတွေက အလကားရတာလို့ ထင်နေတာလားဟ!

ကျန်းယန်ကတော့ သူ့ဆရာအခုလို သရုပ်ပျက်သွားတာမျိုးကို တစ်ခါမှမမြင်ဖူးသောကြောင့် ကြောင်အနေခဲ့၏။

တခဏအကြာတွင် နောက်ဆုံး၌ သူသိသွားခဲ့သည်။

“စိတ်ဝိညာဉ်ကျောက်တုံးတွေ ဆေးဝါးတွေနဲ့ယှဉ်ရင် လူတွေဆီကစုပ်ယူရတာက ကျင့်ကြံခြင်းအတွက် အမြန်ဆုံးနည်းလမ်းပဲ”

အဖြူထည်ရွှေအမြုတေက တာအိုစွမ်းအားကိုစုပ်ယူနိုင်တာကိုလည်း သူအတည်ပြုနိုင်သွားခဲ့၏။

တကယ်တော့ အသုံးမ၀င်သော ရွှေအမြုတေဆိုတာ မရှိဘဲ အသုံးမ၀င်သောလူများသာ ရှိခြင်း ဖြစ်ပေသည်။

“ငါ့ကျင့်ကြံခြင်းအောင်မြင်သွားရင် ငါတောင်အောက်ကိုဆင်း မိစ္ဆာတွေကိုသတ်ပြီး‌တော့ သူတို့တာအိုစွမ်းအားကို စုပ်ယူရမယ် ‌ဒါဆိုငါအရမ်းကြိုးစားကျင့်ကြံနေစရာ မလိုတော့ဘူး” ကျန်းယန် စိတ်ထဲတွေးထားလိုက်၏။

ဒါပေါ့ သူအခုတော့ ထိုမိစ္ဆာများကို သွားမသတ်ရဲသေးပေ။

ရွှေအမြုတေအဆင့်တစ်ယောက်သာဖြစ်သော သူ့ခွန်အားက လက်ရှိတွင် အဝောာ်လေး အားနည်းနေခဲ့သည်။ အခုချိန်တောင်အောက်ဆင်းသွားလျှင် မိစ္ဆာများအတွက် အစာသွားကျွေးသလိုသာ ဖြစ်သွားပေလိမ့်မည်။

ထို့အပြင် သူသည် အဇူရာတိမ်ဂိုဏ်းပြုပြင်ပြောင်းလဲရေးကို ဦးဆောင်နေရသူဖြစ်ပြီး တပည့် ၈၇ ယောက်ကိုလည်း တာ၀န်ယူနေခဲ့ရသည်။ ထိုတပည့်များထဲတွင် သူလျှိုများလည်းပါနေသောကြောင့် ထိုကိစ္စကို သူကိုင်တွယ်ရပေဦးမည်။ ထိုကိစ္စများမပြီးခင်အထိကတော့ သူတောင်အောက်ဆင်း၍ ဖြစ်မည် မဟုတ်ပေ။

ထို့နောက် ကျင့်ကြံခြင်းကိုရပ်လိုက်ပြီး အဇူရာတိမ်ဂိုဏ်းကိစ္စများကို စတင်စီမံလေတော့သည်။

သူ့အတွက်တော့ တရားထိုင်ကာချီသန့်စင်ရခြင်းက အကျိုးအနည်းငယ်သာရှိခြင်းဖြစ်ပြီး အရင်းအမြစ်များကသာ သူ့အသက်ဖြစ်၏။

သူအဇူရာတိမ်ဂိုဏ်းကို စတင်စစ်ဆေးခဲ့သည်။

ဆောက်လုပ်ရေးလုပ်သား ၃၀၀၀ ၏ ဆောက်လုပ်ရေးပြီးသည့်နောက် အဇူရာတိမ်ဂိုဏ်းက သိသိသာသာပြောင်းလဲသွားခဲ့၏။ ဂိုဏ်း၏ နေရာအနှံ့ တောင်ထွတ်ခုနှစ်ခုလုံးတွင် ခြံ၀န်းများစွာ ပြန့်ကျဲတည်ရှိနေခဲ့ကြသည်။

ခြံ၀န်းအရေအတွက်က အဇူရာတိမ်ဂိုဏ်းတွင်ရှိသော လူအရေအတွက်ထက်ပင် ပိုများ၏။

ထိုအရာများအားလုံးက ကျန်းယန်အစီအစဉ်များသာ ဖြစ်သည်။ အနာဂတ်တွင် အဇူရာတိမ်ဂိုဏ်းက ထိုခြံ၀န်းများတွင်‌ေနထိုင်မည့် တပည့်များစွာရှိလာဦးမည်ဖြစ်၏။

ထိုတပည့်များ၏ သင်ကြားရေးအတွက်ကတော့ ယခုအချိန်အထိ ဦးလေးများက တပည့်ရင်းခေါ်ယူလိုချင်စိတ်မရှိသေးသောကြောင့် သင်ကြားရေးအတွက် သင်ခန်းစာခန်းမတစ်ခုဆောက်လုပ်ဖို့သာ ဆုံးဖြတ်ခဲ့သည်။

ထိုတပည့် ၈၇ယောက်လုံး၏ စိတ်ဓာတ်များက လုံး၀ပြောင်းလဲသွားခြင်းမျိုးမရှိသေးသောကြောင့် ဦးလေးများအတွက် တပည့်ရင်းခေါ်ယူဖို့ကလည်း မသင့်တော်သေးပေ။

အဇူရာတိမ်ဂိုဏ်းကိုစစ်ဆေးနေရင်း ကျန်းယန် တပည့်များစွာ၏ အမူအရာများကိုလည်း အကဲခတ်နေခဲ့၏။

‌နဂါးပျံအစောင့်တပ်၏ တိုက်ခိုက်မှုဖြစ်ပွားသွားပြီးသည့်နောက်တွင် တပည့်များက ယေဘုယျအားဖြင့် နှစ်မျိုးနှစ်စား ကွဲပြားသွားခဲ့သည်။

တစ်ဖွဲ့က ကျင့်ကြံခြင်းအတွက် အားအပြည့်ဖြစ်နေကြသော အဖွဲ့ဖြစ်ပြီး ထိုအဖွဲ့က ဂိုဏ်းဝေယျာ၀စ္စများလုပ်နေရချိန်မှာပင် အားအပြည့်ဖြစ်နေခဲ့ကြ၏။ ထိုအဖွဲ့ကို ကိုယ်စားပြုသူကတော့ ၀မ်ပေ့လဲ့ ဖြစ်ပေသည်။

တစ်ဖွဲ့ကတော့စိတ်ဓာတ်ကျနေခဲ့ပြီး အမြဲခေါင်းငိုက်စိုက်ကျနေကာ ဘာလုပ်လုပ်စိတ်မပါတော့ဘဲ ကျင့်ကြံခြင်းမှာပင် ပျင်းရိနေခဲ့ကြ၏။ ထိုအဖွဲ့ကိုတော့ ချောင်ယင်က ကိုယ်စားပြုသည်။

အဘယ်ကြောင့်ထိုကဲ့သို့သောအခြေအနေမျိုး ဖြစ်နေရသလဲဆိုတာကိုလည်း ကျန်းယန်နားလည်နေခဲ့၏။

သူထိုပျင်းရိနေသောသူများကိုလည်း တွန်းအားမပေးခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် သူတို့စိတ်ပိုင်းဆိုင်ရာပြဿနာများကို မဖြေရှင်းနိုင်လျှင် ထိုသူများသည် ကျင့်ကြံခြင်းတွင် လုံး၀ အာရုံစိုက်နိုင်ကြမည် မဟုတ်ပေ။

ကျန်းယန် ဦးလေးများ၏အခြေအနေကိုလည်း စစ်ဆေးခဲ့ပြီး ဦးလေးများကတံခါးပိတ်ကျင့်ကြံခြင်း၀င်နေတာသိသောအခါမှသာ သူတို့ကိုမနှောင့်ယှက်တော့ဘဲ ထိုအစား အဇူရာတိမ်ဈေးဆီသို့သာ ဦးတည်သွားခဲ့သည်။

သူထွက်ခွာပြီးမကြာခင် စစ်ထူမင်ယွဲ့သူ့ကိုလိုက်မီသွားခဲ့၏။

“စီနီယာအစ်ကိုကြီး ဒါညီမလေးရဲ့ မိုးပြာလမင်းကုန်သွယ်သမဂ္ဂအတွက် အကြံပြုချက်ပါ တစ်ချက်လောက်ကြည့်ပါဦး”

ကျန်းယန် စစ်ထူမင်ယွဲ့၏ ဂုဏ်ယူနေသောမျက်နှာထားကို ကြည့်လိုက်သည်။ ထိုကောင်မလေးသည် သူ့အကြံပြုချက်နှင့်ပတ်သက်ပြီး အဝောာ်လေး ကျေနပ်နေပုံပင်။

သူစာမျက်နှာအနည်းငယ်လှန်ကြည့်လိုက်ပြီး အသေးစိပ်ရေးသားထားသော အကြံပြုချက်များကို တစ်ချက်ကြည့်လိုက်၏။ သူမအကြံပြုချက်က သမဂ္ဂတွင် များစွာသော အထပ်များခွဲထားကာ အထပ်တစ်ထပ်ချင်းဆီသို့ ရောက်လာနိုင်သူများကို မတူညီသော ဆက်ဆံမှုများဖြင့် ဆက်ဆံမည့် အကြံသာဖြစ်နေခဲ့သည်။ ထိုသို့လုပ်လိုက်ခြင်းအားဖြင့် ကုန်သွယ်သမဂ္ဂ၏ အထက်တန်းဆန်မှုကို ဖော်ပြရာရောက်သလို သူတို့ခွန်းအားနှင့်ခမ်းနားမှုကိုလည်း ပြသရာရောက်၏။

ကျန်းယန် စာအုပ်ကိုစစ်ထူမင်ယွဲ့ဆီပြန်ပေးလိုက်ပြီး ပြုံးကာပြောလိုက်သည်။

“အဲ့တာက ယွင်ထန့်ကုန်သွယ်သမဂ္ဂမှာသုံးတဲ့ နည်းစနစ်ပဲမဟုတ်လား နောက်ပြီး ဒီနည်းစနစ်ကိုပဲ ကုန်သွယ်သမဂ္ဂအကုန်လုံးနီးနီးက သုံးနေကြတာမဟုတ်လား”

ဤအရာက သူဟုန်ချင်းမျှော်စင်တွင် နောက်ဆုံးတစ်ခေါက်က ကြုံခဲ့ရသော နည်းစနစ်ပင် မဟုတ်ပါလော။

“အဲ့တာကဘာဖြစ်လို့လဲ” စစ်ထူမင်ယွဲ့ မေးကိုမော့ထားလိုက်ကာ

“လူတိုင်းလုပ်နေတာဆိုရင် ညီမလေးတို့က သူတို့ထက်ပိုကောင်းအောင် လုပ်သင့်တယ်”

ကျန်းယန်ခပ်ဟဟရယ်မောလိုက်ကာ

“လူတိုင်းလုပ်နေတဲ့အတွက် ငါတို့ကမလုပ်သင့်ဘူး ငါတို့သာ ဒီပြိုင်ပွဲထဲ ၀င်သွားမယ်ဆိုရင် သူတို့နဲ့ယှဉ်ပြီး ရင်းနှီးမြှုပ်နှံထားဖို့ အရင်းအမြစ်ဘယ်လောက်တောင်လိုမှာလဲ နောက်ပြီး အဲ့ဒီရင်းနှီးမြှုပ်နှံထားတာတွေကိုရော ပြန်ရဖို့ ဘယ်လောက်ကြာအောင် စောင့်ရမှာလဲ”

“စီးပွားရေးလုပ်တဲ့နေရာမှာ အရင်းအမြစ်ကတော့လိုမှာပဲ မရင်းနှီးမမြှုပ်နှံချင်ရင် ဘာလို့ ကုန်သွယ်သမဂ္ဂဖွင့်‌နေရတာလဲ” စစ်ထူမင်ယွဲ့ သရော်လိုက်သည်။

“စိတ်မပူပါနဲ့ အစ်ကိုကြီးမွဲနေတာကို ညီမလေးသိပါတယ် အချိန်ကျလာရင် ဒီညီမလေးက ချေးမှာပါ”

ကျန်းယန်ခေါင်းယမ်းလိုက်ကာ

“အဲ့တာက ရင်းနှီးမြှုပ်နှံတဲ့အကြောင်းမဟုတ်ဘူး ကုန်ကျစားရိတ်အကြောင်းပဲ”

“ဒါဆို ဘယ်လိုလုပ်သင့်လဲ အစ်ကိုကြီးအကြံပေးကြည့်လေ” စစ်ထူမင်ယွဲ့ ကျန်းယန်ကို စိန်ခေါ်ဟန်ဖြင့်ကြည့်ကာ ပြောလိုက်၏။

ကျန်းယန်‌လမ်းလျှောက်နေခြင်းကို ရပ်လိုက်ပြီး စစ်ထူမင်ယွဲ့ကို လေးလေးနက်နက်ပြန်ကြည့်လိုက်ကာ

“ကုန်သွယ်ရေးဆိုတာ တကယ်တော့ လူတွေအကြောင်းပါပဲ အဲ့လိုဆိုမှ‌ေတာ့ ငါတို့ကလူတွေကို သူတို့ကိုယ်တိုင်ဆုံးဖြတ်ခိုင်းရမယ် ငါမေးပါရစေဦး ကုန်သွယ်သမဂ္ဂကနေ ဘယ်လိုလူတွေက ပို၀ယ်ကြမှာလဲ ကျင့်ကြံသူကြီးတွေလား ကျင့်ကြံသူလေးတွေလား သေချာတာပေါ့ ကျင့်ကြံသူလေးတွေပဲ မဟုတ်လား

အခုထပ်မေးမယ် မင်းသာကျင့်ကြံသူလေးတစ်ယောက်ဆိုရင် အပေါ်ထပ်က ပစ္စည်းတွေကဈေးကြီးတယ် မင်းပိုက်ဆံမရှိရင် ကြည့်ခွင့်တောင်မရှိဘူးလို့ ပြောတဲ့ ကုန်သွယ်သမဂ္ဂတစ်ခုကိုသွားမလား အဲ့ဒီလိုသာအပြောခံရရင် မင်းဘယ်လိုခံစားရမလဲ

အဆင့်သတ်မှတ်တာက မှန်ကန်တဲ့အကွက်ပါပဲ နောက်ပြီး မတူညီတဲ့ဆက်ဆံမှုတွေပေးတာလည်း မှန်သေးတယ် ဒါပေမယ့် အဲ့တာတွေကို အရမ်းသိသာနေအောင်လုပ်လို့မရဘူး အဲ့ဒီကျင့်ကြံသူလေးတွေကိုလည်း ကြည့်ဖို့ အခွင့်အရေးလေးတစ်ခုတော့ ပေးလိုက်

ဒီနေ့ကျင့်ကြံသူလေးဖြစ်ခဲ့တဲ့သူတစ်ယောက်က နောက်တစ်နေ့မှာ ကျင့်ကြံသူကြီးတစ်ယောက်ဖြစ်သွားနိုင်တယ် တကယ်လို့ သူတို့ကသာ တန်ဖိုးကြီးပစ္စည်းတစ်ခုကို ‌တွေ့ခဲ့ဖူးရင် အနာဂတ်မှာသူတို့ပိုက်ဆံရှိလာတဲ့အခါ အဲ့ဒီပစ္စည်းကို၀ယ်ဖို့ အရင်လာမှာမဟုတ်ဘူးလား

နောက်တစ်ချက်ကတော့ လူတွေကို မိုးပြာလမင်းကုန်သွယ်သမဂ္ဂမှာပစ္စည်းတွေကို ဈေးချိုချိုနဲ့၀ယ်လို့ရတယ်ဆိုတဲ့ ခံစားချက်မျိုးပေးရမယ် အဲ့တာကြောင့် လူတွေကိုဆွဲဆောင်နိုင်အောင် အရင်ဆုံး အချိန်ကာလတစ်ခုထိ ငါတို့က ပစ္စည်းတွေကို လျှော့ဈေးနဲ့ရောင်းပေးရမယ် ကာလပေါက်ဈေးအောက်နိမ့်တဲ့ဈေးမျိုးပေါ့

ငါမင်းကို လှည့်ကွက်နှစ်ခုသင်ပေးပြီးပြီနော် အခု အဖွဲ့၀င်စနစ်လို့‌ေခါ်တဲ့ နောက်တစ်ခုသင်ပေးမယ်

၀ယ်သူတွေကို ငါတို့ မိုးပြာလမင်းကုန်သွယ်သမဂ္ဂမှာအဖွဲ့၀င်ဖြစ်လာဖို့ စိတ်ဝိညာဉ်ကျောက်တုံး ပမာဏတစ်ခုပေးရင် ရနိုင်တယ်လို့ ပြောလိုက် အဖွဲ့၀င်တွေမှာ ငါတို့ကုန်ပစ္စည်းတွေကို အထူး၀ယ်ယူခွင့်ရရှိမယ် နောက်ပြီး အချိန်ကာလတစ်ခုကို အဖွဲ့၀င်နေ့တွေအဖြစ်သတ်မှတ်ပေးပြီး အဲ့ဒီနေ့တွေမှာ ပစ္စည်းတွေကို အဖွဲ့၀င်တွေအတွက် လျှော့ဈေးနဲ့ရောင်းချပေးမယ်”

ကျန်းယန် လူသိများသော စီးပွားရေးနည်းစနစ်အချို့အား စစ်ထူမင်ယွဲ့ကို မျှဝေပေးလိုက်၏။

စစ်ထူမင်ယွဲ့၏ကြောင်အအမျက်နှာထားကိုကြည့်ပြီး သူအတော်လေး ကျေနပ်နေခဲ့မိသည်။

စစ်ထူမင်ယွဲ့သည် စီးပွားရေးမိသားစုတစ်ခုမှလာသူဖြစ်သောကြောင့် ကျန်းယန်နည်းစနစ်များ၏ နောက်ကွယ်က စွမ်အားကိုအလျင်အမြန်ပင် ဖမ်းဆုပ်မိသွားခဲ့၏။

မိုးပြာလမင်းကုန်သွယ်သမဂ္ဂသည် အောင်မြင်တော့မည်ဆိုတာ သူမသေချာသိနေခဲ့သည်။

သူမမျက်လုံးများ ပြူးကျယ်နေကာ အားကျဟန်ဖြင့် ပြောလိုက်၏။

“စီနီယာအစ်ကိုကြီး နောက်ပြီးတော့ရော”

ကျန်းယန် လက်ကာပြလိုက်ကာ

“ဒီသုံးချက်က အခုလောလောဆယ်တော့ လုံလောက်နေပြီ ဒါပေမယ့် မကြာခင်အခြားကုန်သွယ်သမဂ္ဂတွေကလည်း ငါတို့နည်းလမ်းကိုအတုလိုက်ခိုးမယ်ဆိုတာ သေချာတယ် အဲ့ဒီအခါကျမှ ငါမင်းကိုနောက်နည်းစနစ်တွေ ထပ်သင်ပေးမယ် စကားမစပ် မိုးပြာလမင်းကုန်သွယ်သမဂ္ဂကို အုပ်ချုပ်ဖို့က ဘယ်သူ့ကိုစီစဉ်ထားလဲ”

စစ်ထူမင်ယွဲ့ စိတ်ရှုပ်ထွေးနေဟန်ဖြင့် ပြောလိုက်၏။

“အဲ့တာက ညီမလေးစိတ်ဒုက္ခရောက်နေရတဲ့ ကိစ္စပဲ”

အဇူရာတိမ်ဂိုဏ်းတွင် ထိုနေရာအတွက်သင့်တော်သူတစ်ယောက်မှမရှိဘဲ သူမကလည်း ကျင့်ကြံရဦးမည် ဖြစ်သည်။

ကျန်းယန်အသာအယာပြုံးလိုက်ကာ

“စီနီယာချင်ဆိုရင်ရော”

အကယ်၍ ချင်ယွီရှု၏ ခွန်အားကြောင့်သာ မဟုတ်လျှင် သူအဘယ်ကြောင့် စစ်ထူမင်ယွဲ့နှင့် ပူးပေါင်းပါမည်နည်း။

ထိုအရာက အလကားရသော အလုပ်သမားသာ မဟုတ်ပါလော။

“ဟုတ်တယ် ဦးလေးချင်က အကောင်းဆုံးဖြစ်လိမ့်မယ်…ဒါပေမယ့် သူ့ကိုအဲ့ဒီအကြောင်းပြောရမှာက နည်းနည်းတော့ အားနာစရာကောင်းတယ်မဟုတ်လား” စစ်ထူမင်ယွဲ့ ပြောလိုက်သည်။

ဝိညာဉ်အခြေတည်အဆင့်တစ်ယောက်က သူ့ကိုကာကွယ်ပေးနေရခြင်းသည် ကျေးဇူးတရားကြောင့်သာဖြစ်ပြီး ထိုသူ့ကို အခုလို နောက်အလုပ်တစ်ခုခိုင်းဖို့ကတော့ အားနာစရာကောင်းလွန်းလှ၏။

ကျန်းယန်အသာအယာပြုံးလိုက်ကာ

“ဒီနေရာမှာ တာ၀န်ခံတစ်ယောက်ရဲ့ အခန်းကဏ္ဍက အရေးပါလာတာပဲ ငါတို့ စီနီယာချင်ကို မိုးပြာလမင်းကုန်သွယ်သမဂ္ဂရဲ့ အဓိကအရာရှိအဖြစ် ခန့်အပ်ပြီး သူတို့ အကျိုးအမြတ်ခွဲပေးရမယ် ဒါဆို သူသဘောတူလောက်မှာပါ”

“ညီမလေးလည်း သူသဘောတူမယ်လို့ထင်ပါတယ် ဒါပေမယ့် သူ့ကိုတော့ အရင်ဆုံးမေးကြည့်ရမယ်” စစ်ထူမင်ယွဲ့ခေါင်းညိတ်ပြလိုက်ပြီးနောက် ရုတ်တရက်ခေါင်းယမ်းလိုက်ပြန်ကာ ကျန်းယန်ကိုကြည့်လိုက်ပြီး

“စီနီယာအစ်ကိုကြီး ညီမလေးရဲ့ပိုက်ဆံနဲ့ညီမလေးရဲ့လူကိုသုံးပြီး အစ်ကိုကြီးအတွက်ပိုက်ဆံရှာပေးနေရတာကြီးက အစ်ကိုကြီး ကလိမ်ကကျစ်ကျလွန်းနေရာ မကျဘူးလား”

သူမက ဘယ်လိုရောင်းစားခံလိုက်ရပြီး အဘယ်ကြောင့်သူများအတွက် ပိုက်ဆံရေပေးနေရသည့်အခြေအနေဖြင့် အ‌ဆုံးသတ်သွားရပါသနည်း။

ကျန်းယန် စစ်ထူမင်ယွဲ့ကို လေးလေးနက်နက်ကြည့်လိုက်ကာ

“အဇူရာတိမ်ဂိုဏ်းရဲ့ ဒုတိယမျိုးဆက်တပည့်တွေထဲမှာ ဦးဆောင်နိုင်တဲ့သူက အစ်ကိုကြီးတို့နှစ်ယောက်ပဲရှိတာ ဒုတိယမျိုးဆက်ရဲ့ စီနီယာအစ်မတစ်ယောက်အနေနဲ့ ညီမလေးက ဂိုဏ်းရဲ့တည်ဆောက်မှုမှာ အကျိုးမဆောင်သင့်ဘူးလား နောက်ပြီး အဇူရာတိမ်ဂိုဏ်းတိုးတက်ကြွယ်၀လာတဲ့အခါ ညီမလေးလည်း အကျိုးအမြတ်ဝေစုတစ်ခု ရလာလိမ့်မယ် ပြီးရင် ညီမလေးနာမည်က နှောင်းလူတွေ လေးစားအားကျရမယ့် ဂိုဏ်းသမိုင်းမှတ်တမ်းမှာ ရေးထိုးခံရလိမ့်မယ်”

စစ်ထူမင်ယွဲ့အကြိမ်ကြိမ်ခေါင်းညိတ်လိုက်ပြီး သူရဲကောင်းလုပ်လိုစိတ်က သူမရင်ထဲလိမ့်တက်လာခဲ့၏။

သို့သော် သူမတစ်ခုခုမှားနေသလိုတော့ ခံစားမိနေပြီး ဘာမှားနေသလဲဆိုတာတော့ တွေးမရခဲ့ပေ။

(ဒါက ပိပိရိရိ ဂျင်းထည့်နည်းလို့ ခေါ်တယ်။ စာဖတ်သူများ အတုယူကြပါ။ အပြင်လောကမှာ ပြန်သုံးကြပါ။)

All Chapters