← Chapters

ကြောက်စရာကောင်းသော အဆက်အသွယ်၏ကဏ္ဍ

Vol. 4 Ch. 44

ကြောက်စရာကောင်းသော အဆက်အသွယ်၏ကဏ္ဍ

Vol. 4 Ch. 44

ကျန်းယန် စစ်ထူမင်ယွဲ့ကို အဇူရာတိမ်ဈေးဆီ ခေါ်လာခဲ့၏။

စစ်ထူမင်ယွဲ့က မိုးပြာလမင်းကုန်သွယ်သမဂ္ဂကိစ္စဆွေးနွေးဖို့ ချင်ယွီရှုကိုသွားရှာခဲ့ပြီး ကျန်းယန်ကတော့ ကျန်းကျစ်ချိုးဆီ ရောက်လာခဲ့သည်။

“စီနီယာအစ်ကိုကြီး!”

ကျန်းကျစ်ချိုး ခေါင်းညိတ်ကာပြုံး၍ ပြောလိုက်၏။

“ဂျူနီယာညီလေးကျန်း မင်းပြင်ဆင်ထားရမယ့် အရာတစ်ခုရှိနေတယ်”

“ဘာများလဲ” ကျန်းကျစ်ချိုး မေးလိုက်သည်။

အဇူရာတိမ်ဂိုဏ်း၏နောက်ဆုံးတိုက်ပွဲပြီးသည့်နောက် သူသည် ဂိုဏ်း၏အင်အားကိုယုံကြည်သွားပြီး ဂိုဏ်းအပေါ်ပိုပြီး သစ္စာရှိလာခဲ့၏။

“ဘာရယ်တော့ မဟုတ်ပါဘူး အဇူရာတိမ်ဂိုဏ်းက မကြာခင်လျှို့ဝှက်နယ်မြေတစ်ခုဖွင့်ဖို့ စီစဉ်နေတာလေ နောက်ပြီး အထဲကိုရွှေအမြုတေအဆင့်တွေ ၀င်နိုင်တယ် အဇူရာတိမ်ဂိုဏ်းရဲ့ ရွှေအမြုတေအဆင့်တစ်ယောက်အနေနဲ့ မင်းလည်း လျှို့ဝှက်နယ်မြေထဲ ၀င်နိုင်လိမ့်မယ် အဲ့တာကြောင့် မင်းမရှိတဲ့အခါ အဇူရာတိမ်‌‌ေစျးဖရိုဖရဲဖြစ်မသွားအောင် စီစဉ်စရာရှိတာ စီစဉ်ထားခဲ့”

ကျန်းကျစ်ချိုး စိတ်ဓာတ်တက်ကြွသွားပြီး

“ကျွန်တော်လည်း လျှို့ဝှက်နယ်မြေထဲ ၀င်နိုင်မှာလား”

ကျန်းယန်အံ့အားသင့်သွားခဲ့သည်။

“မင်းက အဇူရာတိမ်ဂိုဏ်းရဲ့ ရွှေအမြုတေအဆင့်တစ်ယောက်ပဲလေ ဘာလို့မ၀င်နိုင်ရမှာလဲ နောက်ပြီး ဒီတစ်ကြိမ် လျှို့ဝှက်နယ်မြေဖွင့်တာက အဇူရာတိမ်ဂိုဏ်းအတွက်ပဲ မဟုတ်ဘူး အခြားဂိုဏ်းတွေလည်း ပါ၀င်ဖို့ ဖိတ်ကြားထားတယ် မင်းကငါတို့အဇူရာတိမ်ဂိုဏ်းရဲ့ အဓိက ရွှေအမြုတေအဆင့် ၃ ယောက်ထဲကတစ်ယောက်လေ မင်းမပါလို့ ဘယ်ဖြစ်မလဲ”

ကျန်းကျစ်ချိုးကြောင်အသွားကာ အနည်းငယ်ရှက်သွားခဲ့၏။

ဂိုဏ်းထဲတွင် ဝိညာဉ်အခြေတည်အဆင့်များရှိနေချိန်တွင် အဓိကရွှေအမြုတေအဆင့်သုံးယောက်ဟု ပြောရသည်မှာ အနည်းငယ်တော့ ရှက်စရာကောင်းလှသည်။

သို့သော် ဂိုဏ်းက အခြားဂိုဏ်းများကိုပါ ဖိတ်ခေါ်ထားမည်လို့တော့ သူမျှော်လင့်မထားခဲ့ပေ။

လျှို့ဝှက်နယ်မြေများတွင် မကြာခဏဆိုသလို ကောင်းကင်ရတနာများနှင့်များစွာသောအခွင့်အရေးများ ပါ၀င်တတ်၏။

ထို့ကြောင့် လျှို့ဝှက်နယ်မြေဆိုသည်မှာ အင်အားစုများ ဂိုဏ်းများအတွက် အရေးအကြီးဆုံးနေရာတစ်ခုသာ ဖြစ်သည်။

လျှို့ဝှက်နယ်မြေတစ်ခုသို့ ၀င်ဖို့က ပိုင်ရှင်၏ခွင့်ပြုချက်လိုအပ်ပြီး သူစိမ်းများလုံး၀၀င်ခွင့်ရမည် မဟုတ်ပေ။

အကယ်၍ ပိုင်ရှင်မဲ့လျှို့ဝှက်နယ်မြေတစ်ခုပေါ်လာလျှင်တော့ ပိုပြီးပင် ပြဿနာများရှုပ်ထွေးလာတတ်ပြီး ထိုထဲကကောင်းကင်ရတနာများအတွက် ကျင့်ကြံသူများက သေသည်အထိပင် တိုက်ခိုက်တတ်ကြ၏။

ထို့ကြောင့် လျှို့ဝှက်နယ်မြေထဲ ၀င်ခွင့်ရမည်ဟုကြားလိုက်ရသောအခါ ကျန်းကျစ်ချိုး အလွန်ပျော်သွားခဲ့ခြင်း ဖြစ်သည်။

“စိတ်ချပါ စီနီယာအစ်ကိုကြီး ကျွန်တော် သေချာစီစဉ်ခဲ့ပါ့မယ် ကျွန်တော်မရှိလို့ အဇူရာတိမ်ဈေးရဲ့ လုပ်ငန်းဆောင်တာတွေ နှောင့်နှေးသွားတာမျိုး လုံး၀မဖြစ်စေရပါဘူး” ကျန်းကျစ်ချိုး ပြတ်ပြတ်သားသား ပြောလိုက်၏။

လျှို့ဝှက်နယ်မြေသို့ ဝင်ခွင့်ရသောအခါ ရလာမည့်အကျိုးအမြတ်ကို သူကောင်းကောင်းကြီးနားလည်ပြီး ထိုအခွင့်အလမ်းကို ဖမ်းဆုပ်ထားတော့မည်ဟု သူဆုံးဖြတ်ထားခဲ့သည်။

“စီနီယာအစ်ကိုကြီး လျှို့ဝှက်နယ်မြေက ဘယ်တော့ဖွင့်မှာလဲ” ကျန်းကျစ်ချိုး မေးလိုက်၏။

“နှစ်၀က်အတွင်း” ကျန်းယန်ဖြေလိုက်သည်။

“အခြားဂိုဏ်းတွေကို ဖိတ်ဖို့ အချိန်ယူရဦးမယ် နောက်ပြီးငါတို့လည်း ပြင်ဆင်ဖို့လိုသေးတယ် အထူးသဖြင့် အဇူရာတိမ်ဈေးပဲ ငါတို့ဒီနေရာကို သေချာပြင်ဆင်ထားဖို့လိုတယ် ငါတို့ဂိုဏ်းအပြင်ကလူတိုင်းကို တောင်ပေါ်တက်ခွင့်ပေးလို့ မဖြစ်ဘူး အဲ့တာကြောင့် အဇူရာတိမ်ဈေးမှာ အနားယူခိုင်းရမှာ သူတို့အတွက် နေရာထိုင်ခင်းကောင်းကောင်းစီစဉ်ထားဖို့ လိုတယ်”

ကျန်းကျစ်ချိုး အမြန်ပြောလိုက်၏။

“စိတ်ချပါ စီနီယာအစ်ကိုကြီး အဇူရာတိမ်ဈေးမှာ ဧည့်သည်တွေ ဇိမ်ကျကျနေနိုင်အောင် ကျွန်တော်အခုကစပြီး ပြင်ဆင်ထားလိုက်ပါ့မယ်”

ကျန်းကျစ်ချိုး သူဆိုလိုချင်သည်ကိုအခုထိသဘောမပေါက်သေးသောကြောင့် ကျန်းယန် လေးလေးနက်နက်ပြောလိုက်သည်။

“ဂျူနီယာညီလေးကျန်း အဲ့ဒီဂိုဏ်းတွေက ရွှေအမြုတေအဆင့်တွေကို အဇူရာတိမ်ဂိုဏ်းဆီ ဘယ်သူတွေက ဦးဆော‌င်‌ေခါ်လာမယ်ထင်လဲ”

“အဲ့တာက ဝိညာဉ်အခြေတည်အဆင့်တွေဖြစ်လောက်တယ်မလား ဂိုဏ်းကြီးတွေဆိုရင် နတ်ဝိညာဉ်အဆင့်တစ်ယောက်ယောက် ဦးဆောင်လာတာတောင် ဖြစ်နိုင်တယ်”

“ဒါဆို ငါမင်းကိုမေးပါရစေ သူတို့မှာပိုက်ဆံတွေအများကြီး ပါလာမယ်လို့ မင်းထင်လား”

ကျန်းကျစ်ချိုး ကြက်သေသေသွားပြီး တောင့်တင်းစွာ ပြန်မေးလိုက်၏။

“စီနီယာအစ်ကိုကြီး အစ်ကိုကြီးဆိုလိုတာက…ဝိညာဉ်အခြေတည်အဆင့်တွေ နတ်ဝိညာဉ်အဆင့်တွေကို ပစ်မှတ်ထားတာက အန္တရာယ်မများလွန်းဘူးလား”

ကျန်းယန် ပြောစရာစကားပျောက်သွားခဲ့ရသည်။ ခြေသလုံးအိမ်တိုင်ကျင့်ကြံသူများ၏ အတွေးများက အမှန်တကယ်ပင် သူများနှင့်မတူကြပေ။

သူခေါင်းယမ်းလိုက်ကာ

“မေ့လိုက်ပါတော့ ပြီးမှဂျူနီယာညီမလေးကိုခေါ်ပြီး ဒီကိစ္စကိုအတူတူဆွေးနွေးကြတာပေါ့”

ထိုစဉ် စစ်ထူမင်ယွဲ့ ချင်ယွီရှုနှင့်မိုးပြာလမင်းကုန်သွယ်သမဂ္ဂအကြောင်းဆွေးနွေးနေရင်း ချင်ယွီရှုကို ရှက်ရွံ့စွာကြည့်လိုက်ကာ

“ဦးလေးချင် သမီးတို့မိုးပြာလမင်းကုန်သွယ်သမဂ္ဂမှာ ပထမဆုံးခန့်အပ်မယ့် အထွေထွေတာ၀န်ခံ လိုနေတာလေ အဲ့တာဦးလေးချင်များ လုပ်ချင်မလားလို့”

ချင်ယွီရှု ခေါင်းယမ်းကာ ခြောက်ကပ်ကပ်ပြုံးလိုက်ပြီး

“သခင်မလေး တိမ်တောင်အင်ပါယာကိုလာခဲ့တာက အမှားတစ်ခုလို့ ကျွန်တော်ထင်လာပြီ ကျွန်တော်တို့နောက်ပြန်ဆုတ်လို့မရတော့ဘူး”

စီးပွားရေးမိသားစုတစ်ခုကသခင်မလေးသည် အဇူရာတိမ်ဂိုဏ်းကို၀င်ခြင်းက ပြဿနာတစ်ခုမဟုတ်သေးပေ။ နောက်ဆုံးတွင် အဇူရာတိမ်ဂိုဏ်း၌ နက်ရှိုင်းသောအုတ်မြစ်ရှိပြီး ချင်ယွင်ကျိလိုဆရာတစ်ယောက်လည်းရှိနေလေရာ ထိုအရာက ကံကောင်းမှုတစ်ခုသာ ဖြစ်၏။

သို့သော် ကုန်သွယ်သမဂ္ဂတစ်ခုတည်ထောင်ခြင်းကတော့…မင်းကမင်းအဖေဘာအလုပ်လုပ်လဲဆိုတာ မသိဘူးလားဟ သူ့ကိုဆန့်ကျင်ဖို့ ကုန်သွယ်အပြိုင်ကုန်သွယ်သမဂ္ဂတစ်ခု တည်ထောင်မလို့လားကွာ!

စစ်ထူမင်ယွဲ့ အူလည်လည်ပြုံးလိုက်ကာ

“ဘာပဲဖြစ်ဖြစ် ပြဿနာကိုမဖြေရှင်းနိုင်သေးသရွေ့ သမီးတို့ ပြန်သွားလို့ရမှာမှမဟုတ်ဘဲ”

“ဆိုတော့ ကျွန်တော်တို့ ဘာလုပ်သင့်လဲ” ချင်ယွီရှု အကူအညီမဲ့စွာ မေးလိုက်သည်။

အခုလိုတိုက်ရိုက်မေးရုံမှလွဲ သူဘာလုပ်နိုင်ပါဦးမည်နည်း။

စစ်ထူမင်ယွဲ့လေးလေးနက်နက်ပြောလိုက်၏။

“မိုးပြာလမင်းကုန်သွယ်သမဂ္ဂအတွက် ယေဘုယျအစီအစဉ်ကတော့ ဒီအတိုင်းပဲ”

ထို့နောက် သူမကျန်းယန်ပြောခဲ့သော အကြံညဏ်များကို သူမနားလည်သည့်အတိုင်း ပြန်ရှင်းပြခဲ့လေသည်။

စစ်ထူမိသားစုတွင် နှစ်ပေါင်းများစွာကြာ နေထိုင်လာသောကြောင့် ချင်ယွီရှု စီးပွားရေးအကြောင်းများကို အလိုလိုနားလည်နေခဲ့၏။

ထို့အပြင် သူသည်အသက်ရာချီရှိသော ဝိညာဉ်အခြေတည်အဆင့်တစ်ယောက်ဖြစ်သောကြောင့် အတွေ့အကြုံကြွယ်၀သူတစ်ယောက်လည်း ဖြစ်ပေသည်။

ထို့ကြောင့် စစ်ထူမင်ယွဲ့အစီအစဉ်များကိုကြားရုံနှင့် မိုးပြာလမင်းကုန်သွယ်သမဂ္ဂသည် ‌ပိုက်ဆံရှာနိုင်မှာသေချာကြောင်း သူသိသွားခဲ့၏။

“သခင်မလေး သခင်မလေးရဲ့ ကုန်သွယ်သမဂ္ဂအပေါ်နားလည်မှုက သခင်ကြီးထက်တောင်ကျော်လွန်နေမယ်လို့ ကျွန်တော်ထင်မထားခဲ့မိဘူး” ချင်ယွီရှုချီးကျူးလိုက်သည်။

စစ်ထူမင်ယွဲ့ခေါင်းယမ်းလိုက်ပြီး

“ဒါတွေက စီနီယာအစ်ကိုကြီးရဲ့ဗျူဟာတွေပါ သမီးရဲ့ စီးပွားရေးအမြင်က စီနီယာအစ်ကိုကြီးနဲ့ယှဉ်ရင် အဝေးကြီးလိုပါသေးတယ် သူက အဇူရာတိမ်ဂိုဏ်းကို ကြွယ်၀လာအောင်ဦးဆောင်ပေးနိုင်ပြီးတော့ မိုးပြာလမင်းကုန်သွယ်သမဂ္ဂကလည်း အောင်မြင်လိမ့်မယ်လို့ သမီးယုံကြည်တယ် ဦးလေးချင်အတွက်ကတော့ ဦးလေးသာအစီအစဉ်ထဲပါမယ်ဆိုရင် အကျိုးအမြတ်ရဲ့ ၂၀ရာခိုင်နှုန်းကိုပေးမယ် ကုန်သွယ်သမဂ္ဂကဘယ်လောက်ပဲရှာနိုင် ရှာနိုင်နော်”

ချင်ယွီရှုကြောင်သွားခဲ့၏။ အစကတော့ သူက သခင်မလေးအတွက် အလုပ်လုပ်ပေးရမည်ဟု ထင်ခဲ့သော်လည်း အခုတော့ ကြည့်ရသည်မှာ သူ့ကိုယ်သူအတွက်သာ အလုပ်လုပ်တော့မည့်ပုံပင်။

သူတခဏတွေးတောကာ ပြောလိုက်သည်။

“ပြဿနာမရှိပါဘူး ကျွန်တော်သဘောတူတယ်”

“ဒါပေမယ့် ကျွန်တော်သခင်မလေးကို အကူအညီတောင်းစရာတစ်ခုတော့ရှ်ိတယ်” ချင်ယွီရှုအနည်းငယ်ရှက်ရွံ့နေဟန်ဖြင့် ပြောလိုက်၏။

“ကျွန်တော် ဝိညာဉ်အခြေတည်အဆင့်မှာပိတ်မိနေတာကြာပြီလေ အဆင့်ချိုးဖြတ်ဖို့ကလည်း ခက်ခဲတယ် အဲ့တာကြောင့် ကျွန်ဝောာ့်အတွက် လမ်းပြပေးမယ့်သူလိုနေခဲ့ပေမယ့် ဘယ်သူမှမရှိခဲ့ဘူး တကယ်လို့ သခင်မလေးကသာ သခင်မလေးရဲ့ဆရာ ချင်းယွင်ကျိနဲ့ကျွန်ဝောာ့်ကို မိတ်ဆက်ပေးခဲ့မယ်ဆိုရင် ကျွန်တော်သူ့ဆီက လမ်းပြမှု ခံယူချင်ပါတယ်”

တန်ချိုးရွှေကိုပင် ရိုက်နှက်နိုင်ခဲ့သူတစ်ယောက်ယောက်သည် တာအိုပေါင်းစည်းခြင်းအဆင့် ဟုတ်လျှင်ဟုတ် မဟုတ်လျှင် ထိုထက်မြင့်သော အဆင့်ဖြစ်နေမည်မှာ သေချာလှပေသည်။

ထိုသို့သောသူဆီမှလမ်းပြမှုကိုရဖို့ထားဦး ထိုသို့သောသူတစ်ယောက်ယောက်ကို တွေ့ဖို့ကပင် အတော်လေးခက်ခဲသော အရာဖြစ်၏။

ချင်းယွင်ကျိသည် ချင်ယွီရှုဘ၀တစ်လျှောက်လုံး၌ ပထမဆုံးနှင့်နောက်ဆုံးအကြိမ်တွေ့ရသော တာအိုပေါင်းစည်းခြင်းအဆင့်တစ်ယောက် ဖြစ်ကောင်းဖြစ်သွားနိုင်ပေသည်။ ထို့ကြောင့်လည်း သူထိုပုဂ္ဂိုလ်ဆီမှ လမ်းညွှန်မှုခံယူလိုနေခြင်း ဖြစ်၏။

စစ်ထူမင်ယွဲ့ စိတ်ညစ်သွားဟန်ဖြင့်

“ဦးလေးချင် သမီးတောင်ဆရာ့ကိုနှစ်ခါပဲတွေ့ဖူးတာ ဒါတောင်တစ်ခါကတပည့်လက်ခံပွဲမှာ သမီးကူညီမပေးချင်တာမဟုတ်ပါဘူး ဒါ‌ေပမယ့် သမီးတောင် ဆရာ့ကိုကိုယ်တိုင်တွေ့ခွင့်မရဘူး”

ချင်ယွီရှု အသာအယာချောင်းဟမ့်လိုက်ကာ

“သခင်မလေးရဲ့ စီနီယာအစ်ကိုကြီးမှာတော့ အခြားနည်းလမ်းတွေ ရှိကောင်းရှိနေနိုင်တယ်လေ”

စစ်ထူမင်ယွဲ့အလျင်အမြန်ပင် သဘောပေါက်သွားခဲ့ပြီး ပြောလိုက်သည်။

“သူ့ကိုသွားရှာရအောင် သူ့မှာနည်းလမ်းတစ်ခုခုရှိနေမှာ သေချာတယ်”

သူမချင်ယွီရှုကိုခေါ်ကာ ကျန်းယန်ဆီ တိုက်ရိုက်သွားရှာခဲ့၏။

“စီနီယာအစ်ကိုကြီး ညီမလေးရဲ့ဦးလေးချင်က ကူညီဖို့ သဘောတူလိုက်တယ် ‌ဒါပေမယ့် သူကဆရာနဲ့တွေ့ချင်နေတယ် အစ်ကိုကြီးအဲ့တာကိုတော့ စီစဉ်ပေးဖို့လိုတယ် ဦးလေးချင်က ဝိညာဉ်အခြေတည်အဆင့်နော် သူသာကူညီရင် ညီမလေးတို့ အများကြီး….”

“ပြဿနာမရှိပါဘူး” ကျန်းယန် သဘောတူလိုက်လေသည်။

ဒါက တွေ့ပေးဖို့လေးတစ်ခုပဲမလား ဘာပြဿနာရှိလို့လဲ!

စစ်ထူမင်ယွဲ့ ကျန်းယန်၏ တိုက်ရိုက်သဘောတူလိုက်မှုကြောင့် ကြောင်အသွားခဲ့၏။ သူမအခြား‌အကြောင်းပြချက်များ ပေးဖို့ပင် စဉ်းစားနေခဲ့ခြင်း ဖြစ်သည်။

“သဘောမတူခင် ဆရာ့ကိုအရင်မမေးတော့ဘူးလား” စစ်ထူမင်ယွဲ့ ကျန်းယန်ကိုကြည့်လိုက်ကာ

“အစ်ကိုကြီးသဘောတူပြီးမှ မလုပ်နိုင်ဘူးဆိုရင် ရှက်စရာကြီးမဟုတ်ဘူးလား”

ကျန်းယန် ပိုင်‌နိုင်နေဟန်ဖြင့် ပြောလိုက်၏။

“ဆရာကတောင်ပေါ်မှာလေ သူကထွက်ပြေးမှာမှမဟုတ်တာ တွေ့ဖို့အချိန်နည်းနည်းလောက်ပေးရတာဘာဖြစ်သွားမှာမလို့လဲ စိတ်မပူပါနဲ့ ကိစ္စအားလုံးစီစဉ်ပြီးတာနဲ့ အစ်ကို ဦးလေးချင်ကိုတောင်ပေါ်ခေါ်သွားလိုက်မယ်”

စစ်ထူမင်ယွဲ့နှင့်ချင်ယွီရှုတို့ ကြောင်အသွားခဲ့ကြသည်။ သူသည် တာအိုပေါင်းစည်းခြင်းအဆင့်ပညာရှင်တစ်ယောက်ကို ဘာမှမဟုတ်ဟန်ဖြင့် ပြောနေခြင်းပေလော။

ယခုမှ အဆက်အသွယ်ဆိုသောအရာ၏ အရေးပါမှုကို သူတို့နားလည်သွားခဲ့ကြသည်။ အရင်ကတော့ အခြားသူများက သူတို့အဆက်အသွယ်များအပေါ်တွင် အားကိုးခဲ့ရသော်လည်း အခုတော့ သူတို့က ကျန်းယန်အဆက်အသွယ်များအပေါ် ပြန်ပြီး မှီခိုနေခဲ့ရချေပြီ။

All Chapters