ငွေအားလုံးထုတ်အောင်လုပ်
Vol. 4 Ch. 45
“အခုကနေ နှစ်၀က်အတွင်းမှာ အဇူရာတိမ်ဂိုဏ်းရဲ့ လျှို့ဝှက်နယ်မြေကို ဖွင့်မယ်!” ကျန်းယန် မိုးပြာလမင်းကုန်သွယ်သမဂ္ဂအကြောင်းဆွေးနွေးပြီးနောက် နောက်ဆုံးတွင် အဇူရာတိမ်ဈေးအကြောင်း ဆွေးနွေးခဲ့၏။
“နှစ်၀က်မတိုင်ခင် အဇူရာတိမ်ဈေးက ကြီးကြီးမားမား တိုးတက်ပြောင်းလဲဖို့ လိုတယ်
အဲ့တာကြောင့် ငါတို့နောက်လာမယ့်လတွေအတွင်း အဇူရာတိမ်ဈေးအတွက် အစီအစဉ်တွေချရလိမ့်မယ်”
ကျန်းကျစ်ချိုးသည် လျှို့ဝှက်နယ်မြေဖွင့်မည့်အကြောင်း သိရှိပြီးဖြစ်သောကြောင့် သူစောင့်မျှော်နေသည်မှာလည်း အဇူရာတိမ်ဈေးအတွက် ဘယ်လိုအစီအစဉ်တွေချမလဲဆိုသည့်အကြောင်းသာ ဖြစ်သည်။
စစ်ထူမင်ယွဲ့ အမြန်မေးလိုက်သည်။
“ဘယ်ကျင့်ကြံခြင်းအဆင့်တွေ ၀င်ခွင့်ရမှာလဲ”
“ရွှေအမြုတေအဆင့်နဲ့အောက်”
“အာ ဒါဆိုညီမလေးလည်း ၀င်နိုင်တယ်လား” စစ်ထူမင်ယွဲ့ စိတ်လှုပ်ရှားစွာ မေးလိုက်၏။
“ညီမလေးအတွက် တစ်နေရာစာရှိတယ်မဟုတ်လား နောက်ပြီး ချွန်းရှောင်အတွက်ရောပဲ သူ့ကိုလည်း ၀င်ခွင့်ပေးရမယ်…စီနီယာအစ်ကိုကြီး ညီမလေးတို့နှစ်နေရာစာလောက်ကတော့ ပြဿနာမရှ်ိသင့်ဘူးမဟုတ်လား”
သူမနောက်ဆုံးအခေါက် အစည်းအဝေးပွဲတက်ခဲ့စဉ်က ချင်းယွင်ကျိက လျှို့ဝှက်နယ်မြေအကြောင်းမပြောခဲ့သောကြောင့် သူမထိုအရာအပေါ် အာရုံသိပ်မထားခဲ့မိပေ။
ယခုတော့ ကျန်းယန်ပြောခဲ့သည်များက အမှန်ဖြစ်နေပြီး ဂိုဏ်းထဲတွင် လျှို့ဝှက်နယ်မြေများ အမှန်တကယ် တည်ရှိနေခဲ့သည်။
လျှို့ဝှက်နယ်မြေထဲ၀င်နိုင်သည်ဟူသောအတွေးက သူမကို စိတ်လှုပ်ရှားသွားစေခဲ့၏။
ကျန်းယန်ပုံမှန်အတိုင်း ပြောလိုက်သည်။
“ငါတို့အရင်ဆုံး ငါတို့အဇူရာတိမ်ဂိုဏ်းသားတွေကို စိတ်ကျေနပ်အောင် အရင်လုပ်ရမယ် ငါတို့အကုန်၀င်နိုင်ရုံတင်မဟုတ်ဘဲ စိတ်ဝိညာဉ်ပင်လယ်ဖွင့်နိုင်တဲ့ တပည့်တွေကိုလည်း ၀င်ခွင့်ပေးရမယ် အဲ့ဒီအခွင့်အရေးက လူတိုင်းအတွက်ဖြစ်နေရမယ် ငါတို့အခုဆွေးနွေးရမယ့်ကိစ္စက အဇူရာတိမ်ဈေးကို ဘယ်လိုစီစဉ်ရမလဲ ဆိုတာပဲ ဒီတစ်ကြိမ်မှာ ငါအခြားဂိုဏ်းတွေကိုလည်း အဇူရာတိမ်ဂိုဏ်းရဲ့ လျှို့ဝှက်နယ်မြေထဲ ၀င်ခွင့်ပေးဖို့ စီစဉ်ထားတယ်”
စစ်ထူမင်ယွဲ့ ချက်ချင်းဆိုသလို ကျန်းယန်၏ အဇူရာတိမ်ေစျးအစီအစဉ်က ဘယ်လောက်အရေးကြီးသလဲ နားလည်သွားခဲ့သည်။
ထိုအခြားဂိုဏ်းများမှလာသော သူများသည် အဇူရာတိမ်ဈေးတွင်နေမှာ သေချာ၏။
အဇူရာတိမ်ဈေးကဂိုဏ်း၏ ရှေ့ပြေးစခန်းတစ်ခုနှင့်တူနေပြီး ထိုအရာက ဂိုဏ်း၏ဂုဏ်သိက္ခာနှင့်လည်းသက်ဆိုင်နေသောကြောင့် သေချာပြင်ဆင်ထားဖို့ လိုအပ်ပေသည်။
ထိုအကြောင်းတွေးလိုက်မိသည်နှင့် သူမအဇူရာတိမ်ဂိုဏ်းဆီပထမဆံုးအကြိမ်ေရာက်ခဲ့စဥ်က ကျန်းယန်သူမကိုပြောခဲ့သောစကားများကို ပြန်မတွေးဘဲမနေနိုင်ခဲ့ပေ။
သူမအသက်ပြင်းပြင်းတစ်ချက်သာ ရှူလိုက်မိ၏။ အဇူရာတိမ်ဂိုဏ်း၏ ကံကြမ္မာ အမှန်တကယ်ပင် အလှည့်အပြောင်းတစ်ခုသို့ ရောက်ရှိလာပေတော့မည်။
“စီနီယာအစ်ကိုကြီး အစ်ကိုကြီးရဲ့အစီအစဉ်ကဘာလဲ” စစ်ထူမင်ယွဲ့ မေးလိုက်သည်။
ကျန်းယန်ပြုံးကာ ပြောလိုက်၏။
“အဲ့ဒီဝိညာဉ်အခြေတည်အဆင့်တွေ နတ်ဝိညာဉ်အဆင့်တွေမှာ စိတ်ဝိညာဉ်ကျောက်တုံးတွေ အရင်းအမြစ်တွေပါလာမှာ သေချာတယ် ငါတို့က သူတို့မှာပါလာတာတွေကို သုံးပစ်မိအောင် ဘယ်လိုလုပ်ရမလဲဆိုတဲ့ နည်းလမ်းကို စဉ်းစားရမှာ”
စစ်ထူမင်ယွဲ့ ပြောစရာစကားမဲ့သွားခဲ့သည်။ ဤစီနီယာအစ်ကိုကြီးက ငွေအကြောင်းပြောတိုင်း အလွန်စိတ်လှုပ်ရှားနေတတ်သည်ကို သူမသတိထားမိသွားခဲ့၏။
သို့သော်လည်း ဤအချိန်က ပိုက်ဆံရှာဖို့အကောင်းဆုံးအချိန်ဖြစ်မှန်း သူမလည်း လက်ခံပေသည်။
ပညာရှင်အများစုတွင် ငွေမရှားကြပေ။ ထိုသူများဆီက ငွေကို ဘယ်လိုသုံးစွဲပစ်အောင်လုပ်ရမလဲဆိုတာကသာ အရေးအကြီးဆုံးအရာ ဖြစ်၏။
“ညီမေလးတို့အ၀တ်အစား အစားအသောက် နေရာထိုင်ခင်းနဲ့ သယ်ယူပို့ဆောင်ရေးတွေမှာ အာရုံစိုက်ထားရမယ်” စစ်ထူမင်ယွဲ့ ချက်ချင်း အကြံတစ်ခုရသွားခဲ့သည်။
“ရွှေအမြုတေအဆင့်နဲ့အထက်အများစုက အာဟာရသိဒ္ဓိပြီးပြီးသားဆိုတော့ အစားအစာကို လျစ်လျူရှုထားလို့ရတယ် အဲ့ဒီလူတွေက ပျံလည်းပျံသန်းနိုင်တော့ သယ်ယူပို့ဆောင်ရေးကိုလည်း လျစ်လျူရှုထားရမယ် အဲ့တော့ နေရာထိုင်ခင်းပဲကျန်လိမ့်မယ် ညီမလေးတို့ တည်းခိုခန်းတွေဖွင့်ရမယ် အဆင့်မြင့်တည်းခိုခန်းတွေပေါ့”
ကျန်းယန်တခဏတွေးပြီးနောက် ပြောလိုက်၏။
“တတိယဆရာဦးလေးထွက်လာရင် ငါသူ့ကို ဝိညာဉ်အခြေတည်အဆင့်တွေ နတ်ဝိညာဉ်အဆင့်တွေအတွက်တောင် အကျိုးရှိနိုင်မယ့် လက်ဖက်ရည်မျိုးကို သုတေသနလုပ်ခိုင်းရမယ် အဲ့တာဆို သူတို့က အာဟာရသိဒ္ဓိပြီးထားတယ်ဆိုရင်တောင် အဲ့ဒီလက်ဖက်ရည်အတွက် ငွေသုံးချင်ကြလိမ့်မယ် နောက်ပြီး ငါတို့က ဒီတစ်ကြိမ် အခြေခံတည်ဆောက်ခြင်းအဆင့်တွေကိုလည်း ဖိတ်ခေါ်ထားတာဆိုတော့ သူတို့အတွက်က စားသောက်ဖို့လိုသေးတယ် သူတို့ကိုရောင်းဖို့ စိတ်ဝိညာဉ်ပစ္စည်းအချို့ပြင်ဆင်ထားလိုက်ပါ”
စစ်ထူမင်ယွဲ့မျက်လုံးများ တောက်ပသွားကာ
“အဲ့ဒီပစ္စည်းတွေကို မိုးပြာလမင်းကုန်သွယ်သမဂ္ဂကတစ်ဆင့်ရောင်းရမယ် အဇူရာတိမ်ဈေးမှာ မိုးပြာလမင်းကုန်သွယ်သမဂ္ဂဖွင့်ကြရအောင်”
မိုးပြာလမင်းကုန်သွယ်သမဂ္ဂ ချက်ချင်းနာမည်ကြီးလာမှာကို သူမစိတ်ကူးယဉ်နေခဲ့မိ၏။
“ပြီးတော့ရော” ကျန်းယန် ဖြည်းဖြည်းချင်းမေးလိုက်သည်။
“ဂျူနီယာညီလေးကျန်း ခဏနေရင်တောင်ပေါ်က ငါ့အိမ်ကိုတစ်ချက်သွားကြည့်လိုက် ပြီးရင် အဲ့ဒီအိမ်ပုံစံကိုယူပြီး အဇူရာတိမ်ဈေးက ရှုခင်းကောင်းတဲ့နေရာတွေမှာ ဒါဇင်နဲ့ချီတဲ့ အိမ်တွေဆောက်ရမယ် အဲ့ဒီအိမ်ယာတွေကို ရောင်းလို့လည်းရတယ် ငှားလို့လည်းရတယ် ဈေးနှုန်းကအဆင်ပြေနေသေးသရွေ့ ကျန်တာအကုန်လုံးကို ညှိနှိုင်းလို့ရတယ်”
“ဟုတ်ကဲ့ပါ စီနီယာအစ်ကိုကြီး” ကျန်းကျစ်ချိုး စိတ်အားထက်သန်စွာ ပြောလိုက်၏။
ကျန်းယန် သူ့အတိတ်က ငွေရှာခဲ့သောအကြံဉာဏ်များကို အမတကျင့်ကြံခြင်းကမ္ဘာနှင့်ပေါင်းစပ်ပြီး ကျင့်ကြံသူများကို ဘယ်လိုဆွဲဆောင်ရမလဲဆိုတာ စဉ်းစားနေခဲ့သည်။
ဇိမ်ခံပစ္စည်းများအပေါ်သာ ဦးတည်ပြီးစဉ်းစားနေခြင်းက မှန်ကန်သောနည်းလမ်းတော့ ဟုတ်ပုံမပေါ်ပေ။
အ၀တ်အစား အစားအသောက် နေရာထိုင်ခင်းနှင့် သယ်ယူပို့ဆောင်ရေး ထိုအရာများထဲက အချို့အရာများကိုတော့ သူ့ဖြေရှင်းပြီး ဖြစ်၏။
အဝတ်အစား….မှော်ရတနာတွေထွင်းထုခြင်းနဲ့ ဖက်ရှင်ကိုပေါင်းစပ်လိုက်ရင်ရော!
သူဆရာဦးလေး ၅၊ဆရာဦးလေး ၆ တို့နှင့်တိုင်ပင်ဖို့ တွေးနေခဲ့သည်။ သူတို့နှစ်ယောက်တွင် တစ်ယောက်က အ၀တ်အစားများတွင် မှော်ကဗ္ဗည်းများထိုးကာ တစ်ယောက်က အ၀တ်အစားများတွင်မှော်ရတနာများထည့်ပြီး ပူးပေါင်းနိုင်လောက်ကြ၏။
အဲ့ဒီကျင့်ကြံသူတွေအတွက် ဖျော်ဖြေရေးအချို့ ထည့်ပေးလိုက်ရမလား!
မာကျောက်ကစားတာ ပိုကာကစားတာ…အားလုံးကို စီစဉ်လို့ရတယ်!
ထိုအရာများနှင့်ဆိုလျှင် ဝိညာဉ်အခြေတည်အဆင့်များနှင့် နတ်ဝိညာဉ်အဆင့်များထံမှ လုံလောက်သောငွေပမာဏကိုတော့ သဲ့ယူနိုင်လောက်ပေသည်။ ထိုလူများသည် အဇူရာတိမ်ဈေးကို စိတ်ကျေနပ်သွားကာ မခွာနိုင်တာမျိုးပင် ဖြစ်သွားနိုင်သေး၏။
ထိုစဉ် ကျန်းကျစ်ချိုးကတော့ အဇူရာတိမ်ဈေးမြေပုံကိုထုတ်ကာ ကျန်းယန်အစီအစဉ်ကို အကောင်အထည်ဖော်ဖို့ ပြင်ဆင်နေခဲ့သည်။
ဆွေးနွေးမှုများစွာ လုပ်ပြီးသည့်နောက် အဇူရာတိမ်ဈေးအတွက် လုပ်ငန်းစဉ်များကို နောက်ဆုံးတွင် အပြီးသတ်နိုင်သွားခဲ့၏။
ထိုအခိုက်တွင် ကျန်းကျစ်ချိုး တစ်စုံတစ်ခုကို စိတ်ပူသွားခဲ့မိသည်။
“စီနီယာအစ်ကိုကြီး ကျွန်တော်တို့မှာ လူအင်အားလုံလုံလောက်လောက်မရှိဘူး…နောက်ပြီး ကျွန်တော့်မှာ ပိုက်ဆံလည်းလုံလုံလောက်လောက်မရှိတော့ဘူး”
အဇူရာတိမ်ဈေးတွင် လူအင်အားအနည်းငယ်သာရှိပြီး အခုလို ပရောဂျက်မျိုးကိုလအနည်းငယ်အတွင်း အပြီးသတ်ဖို့က သူတို့အတွက် မလွယ်လှပေ။
ကျန်းယန်လည်း သက်ပြင်းချလိုက်မိပြီး နဂါးပျံအစောင့်သုံးထောင်ကို ပြန်တွေးမိသွားခဲ့သည်။
ကောင်းလိုက်တဲ့ ဆောက်လုပ်ရေးအဖွဲ့ကွာ!
သူထိုသူများကို ပရောဂျက်အားလုံးပြီးမှ လွှတ်ပေးလိုက်သင့်သည်ဟုပင် တွေးမိသွားခဲ့၏။
“အနီးအနားရွာတွေက လူအင်အားခေါ်ဖို့ကြိုးစားကြည့် လုပ်အားခကိုများများပေး ပိုက်ဆံသုံးဖို့မကြောက်နဲ့” ကျန်းယန် ပြတ်ပြတ်သားသားပြောလိုက်သည်။
“ငါမင်းကို စိတ်ဝိညာဉ်ကျောက်တုံး ၂သိန်းပေးထားမယ် ဒါပေမယ့် ဒါကဂိုဏ်းရဲ့လုပ်ငန်းဆိုတော့ လုပ်ငန်းပြီးရင် မင်းအကျိုးအမြတ်အများကြီးတော့မရဘူး ဝေစုနည်းနည်းပဲရမယ်”
ကျန်းကျစ်ချိုးပြုံးကာ ပြောလိုက်၏။
“ကျွန်တော်က ဂိုဏ်းရဲ့တစ်စိတ်တစ်ပိုင်းပါ ဘာအကျိုးအမြတ်မှမရဘူးဆိုရင်တောင် ဂိုဏ်းအတွက်အကျိုးဆောင်ဖို့က ကျွန်တော့်တာ၀န်ပါပဲ”
ကျန်းယန်လက်ကာပြလိုက်ကာ
“မင်းရသင့်တဲ့ အကျိုးအမြတ်ကိုတော့ ငြင်းစရာမလိုပါဘူး မင်းမရသင့်တာကိုတော့ မယူနဲ့ စိတ်ချပါ ဂိုဏ်းက မကြာခင် အလျင်အမြန်တိုးတက်လာတော့မှာ ရွှေအမြုတေအဆင့်တစ်ယောက်အနေနဲ့ မင်းက မြန်နှုန်းမြင့်လှေပျံတစ်စင်းပေါ်ရောက်နေပြီလို့ ပြောလို့ရတယ် အနာဂတ်အကျိုးအမြတ်တွေက မင်းစိတ်ကူးထားတာထက်အများကြီး ကြီးမားလိမ့်မယ် မင်းမမေ့ရမှာတစ်ခုက တစ်နေ့မင်းအမြင့်တစ်နေရာကိုရောက်တဲ့အခါ မင်းမူရင်းရည်ရွယ်ချက်ကို မမေ့ဖို့ပဲ”
“ဟုတ်ကဲ့ပါ ကျွန်တော်စီနီယာအစ်ကိုကြီးရဲ့ ဆုံးမမှုကို လိုက်နာပါ့မယ်” ကျန်းကျစ်ချိုးခေါင်းညိတ်ပြလိုက်၏။
သူကအသက်ပိုကြီးသော်လည်း သူ့အတွေးအခေါ်အမျှော်အမြင်များက သူ့စီနီယာအစ်ကိုကြီးအောက်အများကြီးနိမ့်ကျသည်ဟု သူခံစားနေခဲ့ရသည်။
အဇူရာတိမ်ဈေးအတွက် အစီအစဉ်များကိုအပြီးသတ်ပြီးနောက် ကျန်းယန်နှင့်စစ်ထူမင်ယွဲ့ ကျန်းကျစ်ချိုးနှင့် ချင်ယွီရှုကိုခေါ်ကာ အဇူရာတိမ်ဂိုဏ်းဆီ ပြန်လာခဲ့၏။
ကျန်းကျစ်ချိုး ကျန်းယန်၏ ကြီးမားလှသောဗီလာကြီးကိုတွေ့သောအခါ အနည်းငယ်ထူးဆန်းသည်ဟု ခံစားလိုက်ရသည်။ စီနီယာအစ်ကိုကြီး၏ အိမ်ကြီးက ကြီးမားလွန်းသည့်အပြင် တောင်အတုများနှင့် ရေကန်ပင် ပါနေသေး၏။ဤအရာက အမတကျင့်ကြံခြင်းအတွက်ပေလော ဇိမ်ခံဖို့အတွက်ပေလော။
“တစ်ချက်ကြည့်ပြီး ပုံကြမ်းဆွဲသွားလိုက် ပြီးရင် ဒီအိမ်ပုံစံအတိုင်းဆောက်ရမယ် ငါတို့အဓိက အာရုံစိုက်ရမှာက အိမ်ယာတွေက အဆင့်မြင့်ရမယ် ခမ်းနားရမယ် ထည်ဝါရမယ် ကဗ္ဗည်းတွေအတွက်ကတော့ ပိုပြီးရိုးရှင်းတဲ့ပုံစံပဲ သုံးရမယ် အဲ့တာတွေက ငါ့အိမ်လောက်ကောင်းနေလို့တော့ လုံး၀မဖြစ်ဘူး” ကျန်းယန် ကျန်းကျစ်ချိုးအား လိုအပ်သည်များကိုညွှန်ကြားပြီးနောက် ချင်ယွီရှုကိုနှုတ်ဆက်ကာ တစ်ယောက်တည်း အဇူရာတိမ်ေတာင်ထွတ်ဆီ ထွက်ခွာလာခဲ့၏။
တကယ်တော့ သူသူ့ဆရာကိုဒီတိုင်းအော်ခေါ်လိုက်၍လည်း ရသည်။
သို့သော် သူသာထိုကဲ့သို့လုပ်လိုက်လျှင် ချင်ယွီရှုအတွက် တာအိုကိုရှာဖွေဖို့ အလွန်လွယ်ကူမသွားဘူးပေလော။
ထို့ကြောင့် သူချင်ယွီရှုကို သင်ခန်းစာကောင်းတစ်ခုပေးဖို့ စီစဉ်ထားကာ ဤတစ်ကြိမ်အခွင့်အရေးက ဘယ်လောက်ရှားပါးသလဲ ပြသဖို့ စဉ်းစားထားခဲ့၏။