ဂုဏ်သရေ
Vol. 4 Ch. 46
ကျန်းယန် အဇူရာတောင်ထွတ်ဆီရောက်လာခဲ့ပြီး ချင်းယွင်ကျိ ရှိမရှိဂရုမစိုက်ဘဲ ချင်းယွင်ကျိအခန်းထဲ ၀င်လာခဲ့၏။
ချင်းယွင်ကျိကတော့ တရားထိုင်ဖျာပေါ်တွင်ထိုင်နေရင်း ကျန်းယန်ကိုဘာမှမပြောဘဲ ကြည့်နေခဲ့သည်။
အတိတ်တုန်းက ကျန်းယန်သည် သူ့အခန်းဆီမကြာခဏရောက်လာတတ်ခဲ့ပြီး ရွှေအမြုတေအဆင့်သို့ရောက်ပြီးနောက်ပိုင်းတွင်တော့ အရင်လို ခဏခဏလာခြင်းမျိုး မရှိတော့ပေ။
သူလာတိုင်း အခန်းထဲတွင် လှည့်ပတ်ကြည့်ကာဟိုရှာဒီရှာရှာတတ်သော်လည်း ချင်းယွင်ကျိအခန်းက ကြွက်တစ်ကောင်ပင်ထိုင်ငိုသွားရလောက်အောင် ပြောင်သလင်းခါနေသောကြောင့် ကျန်းယန် ဘာမှရှာမတွေ့ခဲ့ပေ။ ထို့ကြောင့် နောက်ဆုံးတွင် ကျန်းယန် ချင်းယွင်ကျိအခန်းသို့မလာတော့ဘဲ လိုတာတစ်ခုခုရှိမှ အပြင်ကသာ လှမ်းခေါ်တော့သည်။
ယခုတော့ သူကိုယ်တိုင်လာနေပြီဖြစ်လေရာ ကိစ္စကြီးတစ်ခုခုရှိနေခြင်းပေလော။
ချင်းယွင်ကျိ တိတ်တဆိတ်တွေးနေရင်း စိတ်ထဲတော့ အနည်းငယ်လန့်နေခဲ့၏။
“ဆရာ ဆရာကဒီမှာပဲ” ကျန်းယန်ရယ်မောကာ ချင်းယွင်ကျိရှေ့တွင် ထိုင်ချလိုက်ပြီး ကျွမ်းကျင်စွာပင် အခန်းထဲတစ်ချက်ဝေ့ကြည့်လိုက်လေသည်။ ထို့နောက်တွင်တော့ သူကြိတ်၍ သက်ပြင်းချလိုက်မိ၏။
ဒီနေရာမှ ဘာမှမရှိသေးဘူးပဲ!
“ဆရာ ဆရာ့မှာစိတ်ဝိညာဉ်ကျောက်တုံးတွေအများကြီးရှိတာ အခန်းကို အလှမဆင်သေးဘူးလား ဒီအခန်းကြီးကြည့်ရတာ ပြောင်သလင်းကိုခါနေတာပဲ” ကျန်းယန် မှတ်ချက်ပေးလိုက်သည်။
ချင်းယွင်ကျိ တိတ်ဆိတ်နေပြီး မျက်တောင်ပင်မခတ်ခဲ့ပေ။
ဒီကလေး သူ့ကိုစမ်းသပ်နေတာလားဆိုတာကိုသာ သူသိချင်နေခဲ့၏။
ကျန်းယန်ကတော့ သူ့ဆရာတုန့်ပြန်မပြန်ကိုစိတ်မ၀င်စားဘဲ ဆက်ပြောလိုက်သည်။
“ဆရာ နောက်ရက်အနည်းငယ်အတွင်း ကျွန်တော်ဆရာ့အခန်းကိုအလှဆင်ဖို့ ပစ္စည်းတွေရှာလာပေးမယ်”
“မလိုပါဘူး ငါကဒါနဲ့ကျင့်သားရနေပါပြီ” ချင်းယွင်ကျိ နောက်ဆုံးတွင် အသံထွက်လာခဲ့၏။
“ကျင့်ကြံသူတွေအတွက် အန္တိမပန်းတိုင်က တာအိုကိုရှာဖွေခြင်းပဲ အခြားအရာတွေအားလုံးက အပိုတွေပါပဲ မင်းလည်းအဲ့လိုအခြားအရာတွေကြောင့် မင်းကျင့်ကြံခြင်းကို မနှောင့်နှေးစေနဲ့”
အခန်းအလှဆင်ခြင်းဆိုသည်မှာ သူ့အတွက် မလိုအပ်သောအရာသာဖြစ်ပြီး အကယ်၍ သူအလှဆင်လိုက်ရင်လည်း ထိုပစ္စည်းကမကြာခင် ကျန်းယန်ဆီပါသွားမည်သာ။
ကျန်းယန်ပြုံးလိုက်သည်။
“ဆရာ ဆရာ့သင်ကြားမှုတွေက ပညာရှိလှပါတယ်”
သူပိုပြီးယဉ်ကျေးနေလေလေ ချင်းယွင်ကျိ၏သူ့အပေါ်သံသယက တိုးလာလေလေပင်။
“တစ်ခုခုဖြစ်ခဲ့လို့လား” ချင်းယွင်ကျိ သတိထား၍ မေးလိုက်၏။
“မဟုတ်ပါဘူး” ကျန်းယန် ခေါင်းယမ်းပြလိုက်သည်။
“အခုအားလုံးအဆင်ပြေနေပါတယ် ကျွန်တော့်ကျင့်ကြံခြင်းမှာလည်း ပြဿနာမရှိဘူး ကျွန်တော်က ဒီကိုဆရာနဲ့စကားပြောဖို့သက်သက်လာခဲ့တာပါ စကားမစပ် ဆရာမနက်ဖြန်အလုပ်ရှုပ်မှာလား တကယ်လို့မရှုပ်ဘူးဆိုရင် တစ်ယောက်ယောက်က ဆရာနဲ့တွေ့ချင်နေတယ်”
ချင်းယွင်ကျိ ကြိတ်၍ နှာခေါင်းရှံု့လိုက်မိသည်။ ဤကလေး အကြောင်းပြချက်တစ်ခုခုမရှိဘဲ လာမည်မဟုတ်မှန်း သူသိနေခဲ့၏။
ဤတစ်ကြိမ်ကရော တပည့်လက်ခံဖို့ပေလော။
“ပြောပါဦး ဒီတစ်ခါရော ဘယ်သူ့ကို တပည့်လုပ်ခိုင်းဖို့ ခေါ်လာပြန်ပြီလဲ” ချင်းယွင်ကျိ မေးလိုက်သည်။
ဤတစ်လအတွင်း သူကျန်းယန်ေကြာင့် လက်ခံခဲ့ရသော တပည့်က နောက်ဆုံးနှစ်ပေါင်းတစ်ရာအတွင်း လက်ခံခဲ့သော တပည့်ပမာဏထက်ပင် များနေခဲ့ပြီ ဖြစ်၏။
“တပည့်ကိစ္စမဟုတ်ပါဘူး” ကျန်းယန်ခေါင်းယမ်းလိုက်ကာ
“အဲ့တာက ဝိညာဉ်အခြေတည်အဆင့်မှာပိတ်မိနေပြီး အဆင့်မချိုးဖြတ်နိုင်တဲ့ စီနီယာချင်ကိစ္စပါ သူကဆရာ့ဆီက လမ်းညွှန်မှုခံယူချင်နေတယ်လေ ဆရာ ဆရာသူ့ကိုငြင်းလို့မရဘူးနော် သူကဂိုဏ်းအတွက်ငွေရှာပေးဖို့ ကူညီထားတာ အဲ့တာကြောင့် ကျွန်တော်တို့က သူ့ကိုအကျိုးအမြတ်နည်းနည်း ပြန်ပေးဖို့လိုတယ်”
ချင်းယွင်ကျိ စိတ်သက်သာရာရသွားဟန်ဖြင့် သက်ပြင်းချလိုက်ပြီး
“အဲ့တာပဲလား သူ့ကိုလာခိုင်းလိုက်လေ ငါကဒီမှာအမြဲရှိနေတာပဲ”
ဝိညာဉ်အခြေတည်အဆင့်လေးတစ်ယောက်ကို လမ်းညွှန်ပေးရခြင်းက သူ့အတွက် ဘာကိစ္စကြီးမှ ဟုတ်မနေပေ။
ကျန်းယန် ခေါင်းယမ်းလိုက်ပြန်ကာ
“ဆရာ အဲ့လိုလုပ်လို့ရတာကို ကျွန်တော်သိပါတယ် ဒါပေမယ့် ဆရာက အဇူရာတိမ်ဂိုဏ်းရဲ့ ဂိုဏ်းသခင်လေ ကျွန်တော်တို့ဂိုဏ်းရဲ့ သမိုင်းအစဉ်အလာတွေအရ ဆရာ့ရာထူးအနေအထားက အမြင့်ကြီးမှာ ရှိနေရမှာ နောက်ပြီးတော့ ဆရာ ဆရာတာအိုပေါင်းစည်းခြင်းအဆင့်ကို ရောက်ပြီလား”
“ငါ့ကို တာအိုပေါင်းစည်းခြင်းအဆင့်လို့သာ သတ်မှတ်ထားလိုက်” ချင်းယွင်ကျိ သာမန်အတိုင်း ပြောလိုက်သည်။
“ဟုတ်ကဲ့ပါ ဒါဆို ဆရာက ကမ္ဘာပေါ်က ထိပ်တန်းလူနည်းစုထဲကတစ်ယောက်ဖြစ်တဲ့ တာအိုပေါင်းစည်းခြင်းအဆင့် ပညာရှင်လေ” ကျန်းယန် ချင်းယွင်ကျိကိုလေးလေးနက်နက်ကြည့်ကာ ပြောလိုက်၏။
“အဲ့ဒီလို ဆရာသခင်တစ်ယောက်အနေနဲ့ ဆရာ့မှာ ဂုဏ်သေရမရှိသင့်ဘူးလား”
“ဘယ်လို”
ချင်းယွင်ကျိ ကျန်းယန်ကိုရှုပ်ထွေးစွာ ကြည့်လိုက်ကာ
“ဂုဏ်သေရဆိုတာ ဘာလဲ”
ကျန်းယန်ကြောင်သွားခဲ့သည်။ သူထိုအရာကို မည်ကဲ့သို့ရှင်းပြရပါမည်နည်း။
“အဲ့တာက ဟန်ပန်အမူအရာ အရည်အချင်းတွေနဲ့ ဆရာသခင်တစ်ယောက်ရဲ့ ပုံစံမျိုးရှိတာကိုပြောတာ အဲ့တာတွေအားလုံးကိုပေါင်းပြီး ဂုဏ်သရေလို့ခေါ်တာ” ကျန်းယန် လေးလေးနက်နက်ရှင်းပြလိုက်၏။
“ဆရာ ဆရာကအဲ့လိုအဆင့်မြင့်ပုဂ္ဂိုလ်ကြီးတစ်ယောက်ဖြစ်ပေမယ့် လမ်းဘေးကအဖိုးကြီးတစ်ယောက်လို ဆရာ့ဆီကလမ်းညွှန်မှုလာတောင်းတိုင်း ဒီတိုင်းလက်ခံလိုက်တော့မလို့လား ဆရာ ဆရာအဆင့်မြင့်ပြည့်တန်ဆာအိမ်တွေကို သိတယ်မဟုတ်လား အဲ့ဒီကမိန်းကလေးတွေတောင် ငွေပေးမှ….”
ချင်းယွင်ကျိ ခပ်တင်းတင်းမေးလိုက်သည်။
“မင်းဘာပြောဖို့ ကြိုးစားနေတာလဲ”
သူ့ကို ပြည့်တန်ဆာအိမ်က မိန်းကလေးများနှင့်နှိုင်းခြင်းမှာ သည်းမခံနိုင်စရာသာ ဖြစ်၏။
အကယ်၍ ကျန်းယန်သာ သူ့တပည့်ဟုတ်မနေလျှင် သူထိုကောင့်ကို အမှုန့်ချေပစ်လိုက်ပြီသာ။
ကျန်းယန်မကြောက်မရွံ့ ခပ်တိုးတိုးပြောလိုက်သည်။
“ဆရာ့ကို ကျွန်တော်ဖျောင်းဖြပြီးတဲ့နောက် ဆရာက သူ့ကိုလမ်းညွှန်ပေးဖို့ သဘောတူလိုက်တယ်လို့ ကျွန်တော်က စီနီယာချင်ကိုသွားပြောလိုက်မယ် ဒါပေမယ့် မနက်ဖြန်သူလာတဲ့အခါ ဆရာကသူ့ကိုအနည်းဆုံး ၁နာရီလောက်တော့ အပြင်မှာ စောင့်ခိုင်းထားလိုက် ဆရာ့ဆီက လမ်းညွှန်မှုကို အလွယ်တကူမရနိုင်ဘူးဆိုတာ သူသိနေဖို့လိုတယ် နောက်ပြီး သူကကျွန်တော်တို့ အဇူရာတိမ်ဂိုဏ်းကို ကျေးဇူးတင်နေသင့်တယ်”
အကယ်၍ ချင်ယွီရှုကသာ အဇူရာတိမ်ဂိုဏ်းနှင့်အခုလောက် ရင်းနှီးကျွမ်း၀င်မနေလျှင် ကျန်းယန် အခုလောက်ထိ လုပ်မည်မဟုတ်ပေ။
ချင်ယွီရှုသည် စစ်ထူမိသားစုမှဖြစ်ပြီး သူ့တာဝန်က စစ်ထူမင်ယွဲ့ကိုကာကွယ်ရန်ဖြစ်သည်။ သို့သော်လည်း သူဘယ်အချိန်စစ်ထူမိသားစုကို ပြန်မလဲဆိုတာ ဘယ်သူမှသေချာမသိကြပေ။
ယခုအခါ စစ်ထူမင်ယွဲ့က အဇူရာတိမ်ဂိုဏ်းထဲရောက်နေပြီဖြစ်ပြီး သူ့အတွက် လတ်တလောခြိမ်းခြောက်နိုင်သည့် အန္တရာယ်မျိုးလည်း ရှိမနေတော့ပေ။
ထို့အပြင် ချင်ယွီရှုက မိုးပြာလမင်းကုန်သွယ်သမဂ္ဂကိုဦးစီးမည့်သူဖြစ်ပြီး ကုန်သွယ်သမဂ္ဂ၏လျှို့ဝှက်ချက်များကိုလည်း သိရှိသွားမည့်သူ ဖြစ်နေခဲ့သည်။ အကယ်၍ သူသာ အနာဂတ်တွင် စစ်ထူမိသားစုသို့ပြန်သွားပြီး ထိုလျှို့ဝှက်ချက်များကိုလည်း ယူဆောင်သွားခဲ့လျှင် စစ်ထူမိသားစုက သူတို့ကုန်သွယ်သမဂ္ဂအတွက် ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာပေလိမ့်မည်။
စစ်ထူမင်ယွဲ့က စစ်ထူမိသားစုကဖြစ်နေလျှင်တောင်မှ ထိုမိသားစုကလည်း ကုန်သွယ်သမဂ္ဂတစ်ခုဖြစ်နေသောကြောင့် ပြိုင်ဘက်များဖြစ်လာရမည့်အဖြစ်ကို ရှောင်လွှဲနိုင်မည် မဟုတ်ပေ။
ထို့ကြောင့်လည်း ကျန်းယန် သတိထားနေရခြင်း ဖြစ်၏။
ချင်းယွင်ကျိ၏ ချင်ယွီရှုကိုလမ်းပြပေးမှုက သူ့ကိုမျက်နှာသာပေးခြင်းသာဖြစ်ပြီး ထိုအဖြစ်ကြောင့် အနာဂတ်တွင် သူဆုံးဖြတ်ချက်များ ပြုလုပ်သည့်အခါ အဇူရာတိမ်ဂိုဏ်းအပေါ် အများကြီးပိုပြီး ထည့်တွေးရပေလိမ့်မည်။
ထို့ကြောင့်လည်း ကျန်းယန် ချင်းယွင်ကျိကိုခေါ်ရမည့်အစား သူကိုယ်တိုင်တောင်ပေါ်တက်လာခဲ့ခြင်း ဖြစ်သည်။
ချင်းယွင်ကျိ စိတ်မရှည်ဟန်ဖြင့် ပြောလိုက်၏။
“မင်းက သူ့ကိုလမ်းပြပေးဖို့တောင်းဆိုလာလို့လေ မဟုတ်ဘဲ အခြားဝိညာဉ်အခြေတည်အဆင့်တွေသာဆိုရင် ငါ့ကိုမြင်ရဖို့တောင် အရည်အချင်းမရှိဘူး”
သူအမှန်တရားကို ပြောနေခြင်းဖြစ်သည်။
ကျန်းယန် မျက်လုံးများတောက်ပလာကာ
“ဟုတ်တယ် ဟုတ်တယ် ဆရာ အဲ့တာက ဂုဏ်သရေဆိုတာပဲ ဆရာအဲ့ဒီဟန်ပန်မျိုးကို ထိန်းထားဖို့လို ဆရာ့တာအိုကနက်နဲပြီး အလွယ်တကူမြင်တွေ့ခွင့်ရနိုင်တာမျိုး မဟုတ်ဘူးဆိုတာ သူတို့ကို သိအောင်လုပ်လိုက်စမ်းပါ စကားမစပ် ဆရာအခန်းကိုလည်း နည်းနည်းအလှဆင်ဖို့လိုတယ် အဲ့တာဆို ကျွန်တော်တို့အဇူရာတိမ်ဂိုဏ်းက အရမ်းဆင်းရဲနေပုံလည်း မပေါ်ဝောာ့ဘူးပေါ့”
“သိပြီ သိပြီ” ချင်းယွင်ကျိ စိတ်မရှည်ဟန်ဖြင့် လက်ကာပြလိုက်ကာ
“မင်းရွှေအမြုတေကိုသာ သွားဖြည့်ပါတော့ ငါ့ကိုဒီလိုကိစ္စလေးတွေကအစ သင်ပေးနေဖို့ လိုလို့လား”
ထိုအခါ ကျန်းယန်လည်းလှည့်ထွက်လာခဲ့လိုက်၏။ သို့သော် သူထွက်မသွားခင်တွင် သတိပေးသွားလိုက်သေးသည်။
“ဆရာ ဂုဏ်သရေနော်”
ချင်းယွင်ကျိ အကြိမ်ကြိမ်ခေါင်းယမ်းလိုက်မိပြီး ယခုလိုတပည့်မျိုးရှိနေခြင်းက အဇူရာတိမ်ဂိုဏ်းအတွက် ကမ္မအကြွေးပဲဟု တွေးနေခဲ့၏။
သို့သော် ကျန်းယန်ရောက်လာပြီးကတည်းက အဇူရာတိမ်ဂိုဏ်းက အရင်လိုအသက်မဲ့မနေတော့တာကို တွေးလိုက်မိပြီး သူမပြုံးဘဲ မနေနိုင်ခဲ့ပေ။
“ငါတို့အဇူရာတိမ်ဂိုဏ်းက နောက်ဆုံးတော့ အမြင့်နေရာသစ်တစ်ခုကို ရောက်တော့မှာပဲ နှစ်ပေါင်းများစွာ ကျဆင်းလာပြီးတဲ့နောက် ငါတို့ပြန်ပြီးမြင့်တက်လာတော့မယ် ဒီကလေး ကြီးပြင်းလာတာနဲ့ အဇူရာတိမ်ဂိုဏ်းအနာဂတ်က တောက်ပလာမှာ သေချာတယ်”
ထို့နောက် သူချင်ယွီရှုကို လက်ခံတွေ့ဆုံမည့်အကြောင်း စဉ်းစားလိုက်လေသည်။
“ဂုဏ်သရေ…”
ချင်းယွင်ကျိ အသာအယာပြုံးလိုက်ပြီးနောက် ရုတ်ချည်းဆိုသလို ကောင်းကင်နှင့်မြေပြင်၏ ဥပဒေသများ ပေါ်ထွက်လာပြီး တာအိုစွမ်းအားများက ရိုးရှင်းသော အခန်းလေးကိုဖုံးအုပ်သွားလေတော့သည်။
ထိုအရာက အခန်းငယ်လေးတစ်ခုသာ ဖြစ်သော်လည်း ကမ္ဘာငယ်လေးတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည့်ပုံပင်။
ကျန်းယန် သူ့ဗီလာဆီပြန်လာပြီးနောက် ချင်ယွီရှုကိုသွားရှာခဲ့ပြီး ပြောလိုက်၏။
“စီနီယာချင် ကျွန်တော်တောင်းဆိုပြီးတဲ့နောက် ဆရာက စီနီယာချင်နဲ့တွေ့ဖို့ သဘောတူလိုက်တယ် မနက်ဖြန် အရုဏ်တက်ချိန် ကျွန်တော်စီနီယာ့ကို ဆရာနဲ့တွေ့ဖို့ ခေါ်သွားမယ်”
“ကျေးဇူးတင်ပါတယ်” ချင်ယွီရှု အမြန်ကျေးဇူးတင်ကြောင်း ပြောလိုက်လေသည်။
စစ်ထူမင်ယွဲ့လည်း အမြန်ပြောလိုက်၏။
“ကျေးဇူးတင်ပါတယ် စီနီယာအစ်ကိုကြီး”
ကျန်းယန် ခေါင်းယမ်းလိုက်ကာခံစားချက်အပြည့်ဖြင့် ပြောလိုက်သည်။
“အရိုးသားဆုံးပြောရရင် အခုနောက်ပိုင်းဆရာဘာတွေအလုပ်ရှုပ်နေလဲ ကျွန်တော်လည်းသေချာမသိဘူး သူက တွေ့ဖို့ကိုတောင် တွန့်ဆုတ်နေတာ ဒါပေမယ့် ကျွန်တော်က စီနီယာချင်ဆိုတာ ကျွန်တော်တို့ကုန်သွယ်သမဂ္ဂကို ကူညီပေးနေပြီး အရေးကြီးတဲ့လူတစ်ယောက်ဖြစ်ကြောင်း အတင်းငြင်းလိုက်လို့သာ ဆရာက မတွေ့ချင်တွေ့ချင်နဲ့ လက်ခံခဲ့တာ”
“ကံကောင်းစွာနဲ့ပဲ ကျွန်တော်စီနီယာချင့်ကို စိတ်မပျက်စေခဲ့ဘူး”
“ကျေးဇူးတင်ပါတယ်” ချင်ယွီရှုနောက်တစ်ကြိမ်ထပ်ပြီး ကျေးဇူးတင်လိုက်ပြန်သည်။
သူကျန်းယန်၏စကားများကိုတော့ လုံး၀သံသယရှိမနေခဲ့ပေ။ တာအိုပေါင်းစည်းခြင်းအဆင့်ကျင့်ကြံသူတစ်ယောက်အနေနှင့် အခုလို ဟန်ပန်မျိုးရှိနေခြင်းက သာမန်သာဖြစ်၏။
မနက်ဖြန်တွင် တာအိုပေါင်းစည်းခြင်းအဆင့်တစ်ယောက်၏ လမ်းပြမှုကို ခံရတော့မည်ဖြစ်သောကြောင့် သူ့နှလုံးသားထဲ ကံကောင်းမှုတစ်ခုကိုပင် ခံစားမိနေသေးသည်။