← Chapters

သိမ်မွေ့သောယင်ပညာရပ်

Vol. 4 Ch. 48

သိမ်မွေ့သောယင်ပညာရပ်

Vol. 4 Ch. 48

ကျန်းယန် အလျင်အမြန်ပင် စစ်ထူမင်ယွဲ့ကို ကျမ်းစာတိုက်ဆီ ခေါ်လာခဲ့လိုက်သည်။

ကျမ်းစာတိုက်၏အခြားတစ်ဖက်တွင် ဘာတွေရှိနေမလဲဆိုတာ သူအတော်လေး သိချင်နေခဲ့၏။

ကျမ်းစာတိုက်ထဲ ၀င်၀င်ချင်းပင် သူဂိုဏ်းချုပ်တံဆိပ်ပြားကို ပထမထပ်တွင် အသက်သွင်းလိုက်လေသည်။

စိတ်ဝိညာဉ်စွမ်းအားများ တံဆိပ်ပြားထဲ၀င်သွားသည်နှင့် တံဆိပ်ပြားမှ လှိုင်းများထွက်ပေါ်လာပြီး ကျမ်းစာတိုက်ကလည်း တုန့်ပြန်မှုများ ရှိလာခဲ့၏။ ကျမ်းစာတိုက်သည် သူ၏အပြင်ဘက်အခွံများကို ခွာချလိုက်ကာ သူ့ဧရိယာကပိုပြီးနက်ရှိုင်းလာသလိုပင်။

အံ့အားသင့်နေသော ကျန်းယန်လည်း အရင်ကသူတစ်ခါမှမ၀င်ခဲ့ဖူးသော ကျမ်းစာတိုက်၏ဧရိယာအသစ်ထဲသို့ ၀င်သွားကာ ကျောက်စိမ်းပြားတစ်ပြားကိုယူ၍ အထဲရှိ ကျင့်စဉ်ကို စစ်ဆေးကြည့်လိုက်သည်။

စစ်ထူမင်ယွဲ့ကတော့ထို‌နေရာထဲ၀င်ဖို့ တခဏ တွန့်ဆုတ်သွားခဲ့၏။ ထို့နောက်မှ ကျန်းယန်နောက်ကလိုက်၀က်သွားခဲ့သည်။

အထဲသို့ရောက်သောအခါတွင် သူမ ကျင့်စဉ်များစွာကိုမြင်နေရသော်လည်း တစ်ခုမှမထိရဲခဲ့ပေ။

ကျန်းယန်နှင့်သူသည် အဇူရာတိမ်ဂိုဏ်းသားချင်းအတူတူဖြစ်သော်လည်း အခြေအနေကလုံး၀ကွာခြားမှန်း သူမသိ၏။

သံသယကင်းစွာပင် ကျန်းယန်သည် နောက်တက်မည့်ဂိုဏ်းချုပ်ဖြစ်အောင်ပျိုးထောင်ခံထားရသူဖြစ်မှန်း သိသာလှသည်။

သူမကိုဒီနေရာထဲ၀င်ခွင့်ပေးလိုက်ခြင်းကပင် ချင်းယွင်ကျိ၏ သူမအပေါ်မျက်နှာသာပေးမှုဖြစ်ပြီး သူမက အလိုက်မသိဘဲ ထိုကျင့်စဉ်များကိုလျှောက်ကြည့်လိုက်၍ ချင်းယွင်ကျိ မကျေမနပ်ဖြစ်သွားခဲ့လျှင် သူမအတွက် အကျိုးဆက်ကကောင်းမည်မဟုတ်ပေ။

အထူးသဖြင့် သူမဆရာ၏အခြားတစ်ဖက်ကိုမြင်တွေ့ခဲ့ရပြီးသည့်နောက် သူမဆရာကို ပေါ့ပေါ့တန်တန်သဘောမထားရဲတော့ပေ။

ဖုံးကွယ်ထားသောနယ်မြေထဲတွင် သိမ်းထားသော ကျင့်စဉ်များက အပြင်ပိုင်းတွင်ပြသထားသော ကျင့်စဉ်များလောက် မများပြားပေ။

ကျန်းယန် ကျောက်စိမ်းပြားများကို လှန်လှောရှာဖွေနေရင်း နောက်ဆုံးတွင် သူရှာဖွေနေသော ကျောက်စိမ်းပြားကို တွေ့ရှိသွားခဲ့၏။

“ဒါက နင်လိုချင်တဲ့ သိမ်‌မွေ့သောယင်ပညာရပ်ပဲ” ကျန်းယန် ကျောက်စိမ်းပြားကိုစစ်ထူမင်ယွဲ့ဆီ ပေးလိုက်လေသည်။

“ဒါပေမယ့် ဆရာက ဒီကျင့်စဉ်နဲ့ပတ်သက်နေတဲ့ ပြဿနာကို‌ပြောထားပြီးသားနော် နင်မကျင့်ကြံခင် သေချာစဉ်းစားဦး”

“ဘာတွေးနေစရာလိုလဲ အဲ့တာက အခြေခံအုတ်မြစ်လေးပဲမဟုတ်လား” စစ်ထူမင်ယွဲ့ ကျောက်စိမ်းပြားကိုယူလိုက်ကာ

“ဆရာက အစ်ကိုကြီးဆီကနေ အခြေခံခိုင်အောင်ဘယ်လိုလုပ်ရမလဲ သင်ခိုင်းလိုက်တယ်နော် အဲ့တာကြောင့် ပေါ့ပေါ့တန်တန်သဘောမထားပါနဲ့”

ကျန်းယန် စိတ်ဆိုးမာန်ဆိုးပြန်ပြောလိုက်၏။

“ဆရာပြောတာက ဒီကျင့်စဉ်ကိုကျင့်ရင် နောက်ဆုံးမှာ ပြဿနာကြီးနဲ့ကြုံရနိုင်တယ်လို့ ပြောတာနော် နောက်ပြီး ဆေးပေါင်းအိုးအဖြစ်နဲ့လည်း အဆုံးသတ်မသွားစေနဲ့ဦး”

“ဟမ့်!”

စစ်ထူမင်ယွဲ့အေးစက်စက်ထေ့ငေါ့လိုက်ကာ

“ဆရာရှိနေရင် ဘယ်သူက လုပ်ရဲမှာလဲ”

ကျန်းယန်ခေါင်းသာယမ်းလိုက်မိ၏။

“အခြေခံတည်ဆောက်ခြင်းအပိုင်းကို အမြန်မှတ် ငါတို့ ရွှေအမြုတေအပိုင်းဆီ သွားရဦးမှာ”

အခြေခံအုတ်မြစ်ခိုင်ခံ့ဖို့ အတွက်လား!

သူ့အတွက်ကတော့ အဆင့်မချိုးဖြတ်ဘဲ စိတ်ဝိညာဉ်စွမ်းအင်များ ဆက်ပြီးစုပ်ယူနေရုံသာ ဖြစ်သည်။

စစ်ထူမင်ယွဲ့ အခြေခံတည်ဆောက်ခြင်းအဆင့်ကျင့်စဉ်ကို အမြန်မှတ်လိုက်ပြီး ကျောက်စိမ်းပြားကို ကျန်းယန်ဆီ ပြန်ပေးလိုက်၏။

“စီနီယာအစ်ကိုကြီး ညီမလေးကို ရွှေအမြုတေအဆင့်အပိုင်းဆီ အမြန်ခေါ်သွားပေးတော့”

သူမအခြေခံတည်ဆောက်ခြင်းအပိုင်းကို ဖတ်ရှုပြီးနောက် ထိုကျင့်စဉ်သည် သူမကျင့်ကြံနေသော ကျင့်စဉ်နှင့် လုံး၀ကွဲပြားနေသည်ကို သိလိုက်ရသည်။ သူမ ထိုကျင့်စဉ်ကိုလည်ပတ်ကြည့်သောအခါ သူမရွှေအမြုတေက တုန်ခါလာပြီး သိမ်မွေ့သောယင်ပညာရပ်က သူမနှင့်လုံး၀သင့်တော်မှန်း ညွှန်ပြနေခဲ့သည်။

ထို့ကြောင့် ရွှေအမြုတေအဆင့်အပိုင်းကို သူမအတော်လေး ကြည့်ချင်နေခဲ့၏။

လက်ရှိအခြေအနေအရ သူမသာ ကြိုးစားကျင့်ကြံနေသ၍ သူမအတွက် ဝိညာဉ်အခြေတည်အဆင့်ကို ရောက်ဖို့ဆိုတာ လေပြေလေးတိုက်ခတ်သလို ဖြစ်နေသင့်ပေသည်။

ကျန်းယန် ကျောက်စိမ်းပြားကိုပြန်ထားပြီးနောက် စစ်ထူမင်ယွဲ့ကို ဒုတိယထပ်သို့ခေါ်လာပြီးနောက် တံဆိပ်ပြားကိုအသက်သွင်းလိုက်ရာ ဒုတိယထပ်ကလည်း ပိုကျယ်လာပြီး ကျောက်စိမ်းပြားများ ပေါ်လာခဲ့ပြန်၏။

“ဒီကျင့်စဉ်တွေက ငါတို့အရင်ကမြင်ဖူးတဲ့ကျင့်စဉ်တွေထက် အများကြီးပိုပြီး စွမ်းအားကြီးတယ်” ကျန်းယန် အနည်းငယ်စိတ်လှုပ်ရှားနေခဲ့သည်။

“ငါဒါတွေအကုန်လုံးကို အလွတ်ကျက်ပြီး နောက်ကျရင် ကျင့်ကြံကြည့်ရမယ်”

သူသည် ကျင့်ကြံရန်ချမှတ်ပေးထားသော လမ်းစဉ်မရှိသည့် အဖြူထည်ရွှေအမြုတေပိုင်ရှင်သာဖြစ်သောကြောင့် သူ့အတွက် အခြားကျင့်စဉ်များကို ကျင့်ကြံလျှင်လည်း ပြဿနာရှိမည် မဟုတ်ပေ။

ထို့အပြင် ထိုကျင့်စဉ်များကိုကျင့်ကြံခြင်းဖြင့် သူ့လမ်းကြောင်းကိုရှာတွေ့ကာ ကြီးကြီးမားမားချိုးဖြတ်မှုတစ်ခုပင် ဖြစ်ကောင်းဖြစ်သွားနိုင်ပေသည်။

မကြာခင်တွင် သူရွှေအမြုတေအဆင့် သိမ်မွေ့သောယင်ပညာရပ်ကိုရှာတွေ့သွားပြီး ကျောက်စိမ်းပြားကို စစ်ထူမင်ယွဲ့လက်ထဲထည့်လိုက်၏။

စစ်ထူမင်ယွဲ့ ကျင့်စဉ်ကိုမှတ်ပြီးသောအခါ သူတို့ကျမ်းစာတိုက်ထဲမှ ထွက်လာခဲ့ကြသည်။

“စီနီယာအစ်ကိုကြီး ကျေးဇူးတင်ပါတယ် ညီမလေးသွားလေ့ကျင့်ဖို့လိုနေပြီ” စစ်ထူမင်ယွဲ့ ကျန်းယန်ကိုနှုတ်ဆက်ကာ ထွက်သွားခဲ့၏။

သူမအတွက် အသင့်တော်ဆုံးကျင့်စဉ်ကို တွေ့ရှိထားသောကြောင့် သူမချက်ချင်းကျင့်ကြံချင်နေခဲ့သည်။

ကျန်းယန် အဇူရာတောင်ထွတ်သို့ပြန်လာခဲ့သောအခါ ချင်ယွီရှုသည် တရားထိုင်နေသောအခြေအနေတစ်ရပ်တွင် ကျရောက်နေသည်ကို တွေ့လိုက်ရ၏။

“ဆရာ သူ…”

ချင်းယွင်ကျိ ပြုံး၍ ခေါင်းညိတ်ပြလိုက်သည်။ “သူကောင်းကောင်းလုပ်နေတာပါ တာအိုကိုစပြီး နားလည်သဘောပေါက်နေပြီ ဒီအခြေအနေကို ကျော်ဖြတ်ပြီးတာနဲ့ သူနတ်ဝိညာဉ်အဆင့်ကို ရောက်နိုင်သွားသင့်တယ်”

“ဆရာ သူ…”ကျန်းယန် ချင်ယွီရှုကိုတစ်ချက်ကြည့်လိုက်ပြီး ဘာမှ ဆက်မပြောခဲ့ပေ။

ချင်းယွင်ကျိ သူဆိုလိုချင်သည်ကိုနားလည်ကာ ခေါင်းညိတ်ပြလိုက်၏။

“လွတ်လွတ်လပ်လပ်ပြောပါ သူအခုဘာမှမကြားနိုင်ဘူး သူ့တာအိုဆင်ခြင်နေတဲ့အချိန်မှာ ဘာအနှောင့်အယှက်မှမရှိအောင် ငါသူ့ကို စည်းခတ်ပေးထားတယ်”

ကျန်းယန်မေးလိုက်သည်။

“တကယ်လို့ သူကဆရာ့ဆီက အကျိုးအမြတ်အများကြီးရသွားပြီး ကျွန်တော်တို့ကို မကူညီတော့ရင်ရော ဒါမှမဟုတ် သူတစ်နေ့ကျ အရမ်းသန်မာသွားတဲ့အခါ ကျွန်တော်တို့ အဇူရာတိမ်ဂိုဏ်းအပေါ် မကောင်းတဲ့အတွေးတွေ ရှိလာရင်ရော…”

ချင်းယွင်ကျိ အသာအယာပြုံးလိုက်ကာ

“အခုကစပြီး သူပိုပြီးအဆင့်မြင့်လာလေလေ ငါ့ကိုပိုပြီးကြောက်လာလေလေပဲ ငါအဇူရာတိမ်ဂိုဏ်းမှာရှိနေသေးသရွေ့ သူငါတို့ဂိုဏ်းကိုဆန့်ကျင်မယ့် ဘယ်အတွေးမှ တွေးရဲမှာမဟုတ်ဘူး”

“ဒါဆို ကျွန်တော်စိတ်အေးရပါပြီ”

“မင်းဂျူနီယာညီမလေးရော….”

ချင်းယွင်ကျိ ပြောဖို့ပြင်လိုက်သော်လည်း စကားကိုရပ်လိုက်၏။

ကျန်းယန် အံ့အားသင့်သွားဟန်ဖြင့် မေးလိုက်သည်။

“ဂျူနီယာညီမလေး ဘာဖြစ်လို့လဲ”

ချင်းယွင်ကျိ ခေါင်းယမ်းလိုက်ကာ

“မင်းစိုးရိမ်ရမယ့်ကိစ္စမဟုတ်ပါဘူး သွားကျင့်ကြံတော့ မင်းကျင့်ကြံခြင်းအဆင့်က အရေးအကြီးဆုံးအရာပဲ”

သူဖြေရှင်းမရသော ကိစ္စများရှိနေသေးသောကြောင့် သူဆက်မပြောခဲ့ပေ။

ကျန်းယန်လည်း ချင်းယွင်ကျိသည် ဒီနေ့အနည်းငယ်ထူးဆန်းနေသည်ဟု ခံစားလိုက်ရသည်။ သို့သော် သူအများကြီးတွေးမနေတော့ဘဲ ထွက်ခွာသွားခဲ့၏။

သူ့ကို စောင့်ဆိုင်းနေသော စီမံစရာကိစ္စများစွာ အဇူရာတိမ်ဂိုဏ်းတွင် ရှိနေသေးပေသည်။

နေ့၀က်ခန့်တရားထိုင်ပြီးနောက် ချင်ယွီရှုနိုးလာကာ ချင်းယွင်ကျိကိုလေးစားစွာ ဦးသုံးကြိမ် ချလိုက်၏။

“လမ်းပြပေးမှုအတွက် ကျေးဇူးတင်ပါတယ် စီနီယာ”

အရိုးသားဆုံးဆိုရလျှင် သူ့ဆရာပင် သူ့ကိုဤကဲ့သို့သင်မပေးဖူးဘူးဟု သူခံစားနေခဲ့ရသည်။ ဒါပေါ့ သူ့ဆရာတွင် ချင်းယွင်ကျိလိုတာအိုကိုလွှဲပြောင်းပေးနိုင်စွမ်း ရှိမည် မဟုတ်ပေ။

ဤတစ်ခေါက် လမ်းပြပေးမှုက သူ့အတွက်အတော်လေးအကျိုးရှိသွားခဲ့ပြီး သူ့အတွက် နတ်ဝိညာဉ်အဆင့်ကိုရောက်ဖို့က သေချာသောအရာ ဖြစ်သွားခဲ့ချေပြီ။

ချင်းယွင်ကျိ အသာအယာခေါင်းညိတ်ပြလိုက်ပြီး ချင်ယွီရှု၏လေးစားမှုကို ခံယူလိုက်ကာ

“ငါကျန်းယန်ဆီကကြားတာ မင်းသူတို့ကိုကူညီနေတယ်ဆို အနာဂတ်မှာ သူတို့ကိုကောင်းကောင်းကူညီပြီး ကြိုးစားပါ”

“စိတ်ချပါစီနီယာ ကျွန်တော်ဒီကြင်နာမှုကို မေ့မှာမဟုတ်ပါဘူး” ချင်ယွီရှု လေးလေးစားစား ပြောလိုက်သည်။

ချင်းယွင်ကျိ သက်ပြင်းချလိုက်ကာ

“ငါဆိုလိုချင်တာက မင်းသူတို့ကိုလေးလေးနက်နက်ကူညီပေးရင် အနာဂတ်မှာ မင်းလည်းအကျိုးအမြတ်ကြီးကြီးမားမားရလိမ့်မယ်လို့ ဆိုလိုချင်တာက ငါက ငါ့ဆက်ဆံသူကို ပေါ့ပေါ့တန်တန်ရွေးချယ်ထားတာမဟုတ်ဘူး သူ့အနာဂတ်အောင်မြင်မှုတွေက ငါ့ထက်တောင် သာလွန်နေလိမ့်မယ်”

ချင်ယွီရှု တုန်လှုပ်သွားခဲ့သည်။ ချင်းယွင်ကျိသည် ကျန်းယန်ကိုထိုမျှမြင့်မြင့်တွေးထားလိမ့်မည်ဟု သူထင်မထားခဲ့မိပေ။

သူ့ကိုသင်ပြပေးခဲ့မှုများအရ သူချင်းယွင်ကျိ၏စွမ်းအားကို အတော်လေးနားလည်နေပြီဖြစ်ပြီး ချင်းယွင်ကျိကို ကောင်းကင်ဘုံကတည်ရှိမှုကြီးတစ်ခုလို လေးစားနေပြီဖြစ်၏။

သို့သော်လည်း ချင်းယွင်ကျိက ကျန်းယန်သည် သူ့ထက်ပင်သာလွန်ဦးမည်ဟု ပြောနေလေရာ ကျန်းယန်ကမည်မျှကြောက်စရာကောင်းနေပါသနည်း။

“စိတ်ချပါ စီနီယာ ကျွန်တော်စီနီယာရဲ့လမ်းညွှန်ပေးမှုနဲ့ ကျန်းယန်ရဲ့ ထောက်ခံပေးမှုကို အမြဲသတိရနေမှာပါ” ချင်ယွီရှု ထပ်ပြောလိုက်သည်။

ထို့နောက်ချင်းယွင်ကျိလည်း လက်ကာပြလိုက်၏။

“သွားတော့”

သူချင်ယွီရှုကို ထွက်သွားခွင့်ပေးလိုက်လေသည်။

ချင်ယွီရှုလည်း နောက်တစ်ကြိမ်အရိုအသေပေးလိုက်ပြီးနောက် ထွက်ခွာသွားခဲ့၏။

သူအဇူရာတိမ်တောင်ထွတ်မှ ထွက်ခွာလာကာ ကျန်းယန်ကိုသွားရှာခဲ့ပြီး ပြောလိုက်သည်။

“ငါနတ်ဝိညာဉ်အဆင့်ရဲ့ ဆန်းကြယ်မှုတွေကိုနားလည်အောင်လုပ်ဖို့ အဇူရာတိမ်ဈေးကိုပြန်တော့မယ် ဒါပေမယ့် တံခါးပိတ်ကျင့်ကြံတာတော့ မဟုတ်ဘူး အဲ့တာကြောင့် မင်းတစ်ခုခုလိုတာရှိရင် ငါ့ကိုလာရှာလို့ရတယ်”

“ကျေးဇူးတင်ပါတယ် စီနီယာ” ကျန်းယန် ပြုံးကာပြောလိုက်၏။

ချင်ယွီရှုလည်း ပြုံးလိုက်ပြီး

“ငါက မင်းဆရာဦးလေးတွေနဲ့ မျိုးဆက်အတူတူဖြစ်ပြီးတော့ ဒီတစ်ခေါက်မင်းကြောင့် မင်းဆရာဆီကလမ်းညွှန်မှုရခဲ့ပြီး အကျိုးအမြတ်အများကြီးရခဲ့တယ်လေ ငါတို့ဆက်ဆံရေးက အရမ်းကြီး ယဉ်ကျေးနေစရာမလိုပါဘူး ငါကမင်းထက်အသက်အများကြီးပိုကြီးတယ်ဆိုတော့ မင်းသာဆန္ဒရှိရင် ငါ့ကို ဦးလေး လို့ခေါ်နိုင်တယ် မင်းအဆင်မပြေရင်လည်း ရပါတယ်”

ကျန်းယန် ချောချောမွေ့မွေ့ပဲ ပြန်ပြောလိုက်သည်။

“ဦးလေးချင် ဘာတွေပြောနေတာလဲ ဦးလေးကမကြာခင် နတ်ဝိညာဉ်အဆင့်ကိုရောက်တော့မှာလေ ဒီအချိန်မှာ ကျွန်တော်ကဦးလေးချင်ကိုကပ်မထားရင် နောင်တစ်ချိန်ဒီအခွင့်အရေးမျိုး ရပါတော့မလား”

“ဟားဟား” ချင်ယွီရှု အားရပါးရရယ်မောလိုက်၏။

“ကောင်းပြီ ကောင်းပြီ ငါအဇူရာတိမ်ဈေးကိုပြန်တော့မယ်”

“ခရီးလမ်းချောမွေ့ပါစေ ဦးလေးချင်”

ကျန်းယန် ချင်ယွီရှုတစ်ယောက်အဇူရာတိမ်တောင်ထွတ်မှ ဆင်းသွားသည်ကို ကြည့်ရှုနေခဲ့လေသည်။

All Chapters