← Chapters

အဇူရာတိမ်ဂိုဏ်း၏ ခံစစ်

Vol. 4 Ch. 49

အဇူရာတိမ်ဂိုဏ်း၏ ခံစစ်

Vol. 4 Ch. 49

ကျန်းယန် အဇူရာတိမ်ဂိုဏ်း၏ ပင်မခန်းမရှေ့က မြေကွက်လပ်ဆီ ရောက်ရှိလာခဲ့ပြန်သည်။ ခုနှစ်ရက်တာကာလကုန်ဆုံးသွားပြန်ပြီဖြစ်သောကြောင့် အစားအစာခွဲဝေပေးဖို့ အချိန်သို့ ရောက်ရှိလာခဲ့ပြန်ချေပြီ။

အဇူရာတိမ်ဂိုဏ်းတစ်ခုလုံးတွင် သူတစ်ယောက်တည်းကသာ ထိုကဲ့သို့သောဂိုဏ်းကိစ္စများကို ကိုင်တွယ်ရသူဖြစ်၏။

စစ်ထူမင်ယွဲ့ကသူမရောက်လာပြီးကတည်းက ဂိုဏ်း၏မည်သည့်ကိစ္စတွင်မှ ၀င်မပါခဲ့ပေ။ ကံကောင်းစွာဖြင့် သူမခေါ်လာသော အစေခံမလေး ချွန်းရှောင်ကတော့ အချို့ကိစ္စများတွင် ၀င်ပြီး ကူညီရှာသည်။

သူမသည် ဂိုဏ်း၏တရား၀င်တပည့်မဟုတ်မှန်းသိသောကြောင့် ချွန်းရှောင်သည် သူမကူညီရသည့် တာ၀န်များကို အလွန်တက်ကြွစွာ လုပ်တတ်၏။

သူမသည်လည်း အခြေခံတည်ဆောက်ခြင်းအဆင့်သာဖြစ်သော်လည်း သူမပါရမီကထိုပါရမီရှင်တပည့်များနှင့်ယှဉ်ပါက အတော်လေး နောက်ကျ၍ ကျန်ခဲ့ပေသည်။

“သခင်လေးကျန်း အနာဂတ်မှာဒီကိစ္စတွေကို ကျွန်မနဲ့လွှဲခဲ့လို့ ရပါတယ်” ချွန်းရှောင်ပြုံးကာ ပြောလိုက်၏။

“သခင်လေးဒီအချိန်တွေကိုဒီနေရာမှာသုံးမယ့်အစား ကျင့်ကြံခြင်းမှာပဲ အာရုံစိုက်ထားလို့ရတယ်”

ကျန်းယန်ခေါင်းယမ်းလိုက်ကာ

“အဆင်ပြေပါတယ် အစ်ကိုကကျင့်ကြံဖို့ အလျင်လိုမနေပါဘူး”

သူ့ကျင့်ကြံခြင်းတိုးတက်ဖို့က အရင်းအမြစ်များသာလိုခြင်းဖြစ်ပြီး ဒီနေ့တွင် အစားအစာခွဲပေးခြင်းအပြင် ဦးနှောက်ဆေးရန်အစီအစဉ်လည်းရှိနေသေးသောကြောင့် သူရောက်နေခြင်း ဖြစ်၏။

ဤအရာက သူတစ်ယောက်တည်းသာကိုင်တွယ်နိုင်သောအရာ ဖြစ်ပေသည်။

ကျန်းယန် မြေကွက်လပ်ထဲရှိ လူအုပ်ကြီးကိုတစ်ချက်ကြည့်လိုက်၏။ နဂါးပျံအစောင့်များ အဇူရာတိမ်ဂိုဏ်းကိုတိုက်ခိုက်ခဲ့သည့်ဖြစ်ရပ်မှာ လ၀က်ကြာသွားခဲ့ပြီဖြစ်ပြီး ယခုအခါတွင် စိတ်လှုပ်ရှားနေသောသူများလည်း အေးဆေးဖြစ်နေပြီဖြစ်သလို စိတ်ဓာတ်ကျနေသောသူများ၏ ခံစားချက်များလည်း တည်ငြိမ်နေပြီ ဖြစ်သည်။

ထို့ကြောင့်ယနေ့တွင် ထိုတပည့်များကို ဦးနှောက်ဆေးရပေတော့မည်။

“လွန်ခဲ့တဲ့ လ၀က်တုန်းက အဇူရာတိမ်ဂိုဏ်းက အန္တရာယ်ရှိတဲ့အခြေအနေတစ်ရပ်နဲ့ ကြုံတွေ့ခဲ့ရတယ်”

ကျန်းယန်လူအုပ်ကြီးကိုကြည့်လိုက်ကာ

“ငါတို့မှာ တိမ်တောင်အင်ပါယာနဲ့အထင်လွဲမှား‌မှုတွေ ရှိခဲ့တယ်

အဲ့ဒီပဋိပက္ခကို ညှိနှိုင်းမှုတွေလုပ်ပြီး ဖြေရှင်းပြီးပြီဆိုပေမယ့် အနာဂတ်မှာ ဒီလိုအန္တရာယ်နဲ့ထပ်ကြုံတွေ့လာခဲ့ရရင် ဘယ်လိုလုပ်မလဲ”

ကျန်းယန် တိမ်တောင်အင်ပါယာနှင့်ပဋိပက္ခအကြောင်းကိုပြောလိုက်သောအခါ ဂိုဏ်းထဲစိမ့်၀င်လာသောသူလျှိုများ သောကရောက်သွားခဲ့ကြသည်။

အဇူရာတိမ်ဂိုဏ်းအပေါ်အမှန်တကယ်သစ္စာရှိသူများကတော့ စိတ်လှုပ်ရှားကုန်ကြ၏။

ကျန်းယန် ဆက်မပြောခင် တမင်တကာရပ်လိုက်ပြီးမှ ဖြည်းဖြည်းချင်းဆက်ပြောလိုက်သည်။

“အဇူရာတိမ်ဂိုဏ်းက ရပ်တည်လာခဲ့တာ နှစ်ပေါင်း ၅၀၀၀ ရှိသွားပြီ အဲ့ဒီပဋိပက္ခလို ပဋိပက္ခပေါင်းများစွာကိုရင်ဆိုင်ခဲ့ပြီးပြီ ပိုပြီးအန္တရာယ်များတဲ့ အခြေအနေတွေကိုတောင် ရင်ဆိုင်ခဲ့ဖူးသေးတယ်

ဒါပေမယ့် အဇူရာတိမ်ဂိုဏ်းကပျက်ဆီးမသွားခဲ့ဘဲ အခုထိရပ်တည်နေနိုင်တာက မျိုးဆက်အဆက်ဆက်ရဲ့ အားထုတ်မှုတွေကြောင့်ပဲ အခုတော့ ငါတို့အဇူရာတိမ်ဂိုဏ်းပြန်လည်ရှင်သန်လာဖို့တာ၀န်က ငါတို့ပုခုံးတွေပေါ် ကျလာခဲ့ပြီ

အလားတူပဲ အဇူရာတိမ်ဂိုဏ်းအပေါ်သက်ရောက်မယ့်အန္တရာယ်တွေကလည်း ငါတို့ပုခုံးပေါ်ကို ရောက်လာပြီ

ဒီတစ်ကြိမ် အန္တရာယ်ကိုကျော်လွှားဖို့ ငါတို့အကြီးအကဲတွေက ကူညီပေးခဲ့တယ်

အနာဂတ်မှာရော ငါတို့က သူတို့အပေါ်ပဲ မှီခိုနေမှာလား

ငါတို့တွေ စိန်ခေါ်မှုတွေနဲ့ရင်ဆိုင်ရတဲ့အခါ ရှေ့တက်ပြီး ရဲရဲကြီး တာ၀န်ယူမှာလား ဒါမှမဟုတ် အန္တရာယ်တွေကိုရှောင်ပြီး ဘေးကရပ်ကြည့်နေမှာလား ဒါမှမဟုတ် အရှုံးပေးလိုက်မှာလား အဆိုးဆုံးကတော့ ရန်သူနဲ့လျှို့ဝှက်ပူးပေါင်းပြီး အဇူရာတိမ်ဂိုဏ်းကိုသစ္စာဖောက်ကြမှာလား”

လူတိုင်းတိတ်ဆိတ်သွားခဲ့ကြသည်။

ဂိုဏ်းထဲစိမ့်၀င်လာကြသူများ ခေါင်းများကိုငုံ့ထားကြပြီး ကျန်းယန်အကြည့်ကို ရင်မဆိုင်ရဲခဲ့ကြပေ။

“စီနီယာအစ်ကိုကြီး ကျွန်တော်တို့ ရန်သူတွေနဲ့နောက်တစ်ကြိမ်ရင်ဆိုင်ရခဲ့ရင် အတူတူတိုက်ခိုက်ကြစို့ဗျာ!” ၀မ်ပေ့လဲ့ အော်ပြောလိုက်၏။

“ဟုတ်တယ် သူတို့ကို တိုက်ခိုက်ကြမယ်!”

ကျန်းယန် ခေါင်းယမ်းလိုက်ကာ

“မင်းတို့က အသုံး၀င်တဲ့နည်းလမ်းမပါတဲ့ သတ္တိသက်သက်ကိုပဲ သုံးနေရင် ဘာအသုံး၀င်မှာလဲ ဥပမာပြောရရင် ၀မ်ပေ့လဲ့ မင်းကအခြေခံတည်ဆောက်ခြင်းအဆင့်ပဲ တကယ်လို့ မင်းဝိညာဉ်အခြေတည်အဆင့်တစ်ယောက်နဲ့ ရင်ဆိုင်ရရင် မင်းဘယ်လောက်ကြိုးစား တိုက်ခိုက်ခိုက် အသုံး၀င်မှာလား အဲ့တာကြောင့် ငါတို့က ငါတို့ဦးနှောက်ကိုသုံးပြီး နည်းလမ်းရှာရမယ်

ဒီတစ်ကြိမ် ငါမင်းတို့ကို တာ၀န်တစ်ခုပေးလိုက်မယ် တကယ်လို့များ အဇူရာတိမ်ဂိုဏ်းကနောက်တစ်ကြိမ် နောက်ဆုံးတစ်ခေါက်ကလို အန္တရာယ်နဲ့ကြုံလာခဲ့ရရင် ငါတို့ဂိုဏ်းအတွက်ဘာလုပ်ပေးနိုင်မလဲ အဲ့ဒီလိုရန်သူမျိုးကို ခုခံဖို့ ငါတို့ဘယ်လိုနည်းလမ်းတွေကို အသုံးပြုလို့ရမလဲ

ကျေးဇူးပြုပြီး သေချာတွေးတောပြီး တာ၀န်ကို နောက်စုဝေးပွဲမတိုင်ခင်ပြီးမြောက်အောင် လုပ်ပေးခဲ့ကြပါ

တာ၀န်တစ်ခုချင်းစီက မင်းတို့ကို တာ၀န်အမှတ်တွေ ပေးလိမ့်မယ် အဲ့ဒီတာ၀န်အမှတ်တွေက အခုအသုံးမ၀င်ပေမယ့် အနာဂတ်မှာ အဖိုးတန်လာလိမ့်မယ်

ခြောက်လအတွင်း အဇူရာတိမ်ဂိုဏ်းက အဖွဲ့တစ်ဖွဲ့၀င်ခွင့်ပြုမယ့် လျှို့ဝှက်နယ်မြေတစ်ခုဖွင့်လိမ့်မယ် တကယ်လို့ မင်းတို့အားလုံးသာ ဝိညာဉ်ပင်လယ်ကိုဖွင့်လှစ်နိုင်ခဲ့မယ်ဆိုရင် အဲ့ဒီအဆင့်ထဲကမှ တာ၀န်အမှတ်အများဆုံးသူတွေကို ရွေးချယ်ပြီး လျှို့ဝှက်နယ်မြေထဲ ၀င်ခွင့်ပေးမယ် အဲ့တာကြောင့်တာ၀န်တစ်ခုချင်းစီတိုင်းကို ကြိုးကြိုးစားစား လုပ်ကြပါ”

လူအုပ်ကြီးထံမှ တုန့်ပြန်မှုမျိုးစုံ ထွက်ပေါ်လာခဲ့‌၏။ အချို့က လျှို့ဝှက်နယ်မြေဆိုတာ ဘာလဲမသိသောကြောင့် ရှုပ်ထွေးနေကြသည်။ သို့သော် လူတိုင်းတာ၀န်ကိုပြီးမြောက်အောင်လုပ်ရမည်ကိုတော့ သူတို့ သိကြ၏။

လျှို့ဝှက်နယ်မြေအကြောင်းသိသူများကတော့ အလွန်ပျော်ရွှင်နေခဲ့ကြသည်။

ကျန်းယန် ဤလူအုပ်ကြီး၏ အမူအရာများကို သတိထားမိခဲ့၏။

အစည်းအဝေးပွဲပြီးဆုံးသည့်နောက်တွင်တော့ လူတိုင်း သူတို့ရိက္ခာများကိုယူကာ ခြံ၀န်းများဆီပြန်ပြီး တာ၀န်ပြီးဆုံးဖို့ အသည်းအသန်ကြိုးစားကြ‌တော့သည်။

“ကောင်စုတ်လေး မင်းဒီကလေးတွေကို ဆက်တိုက်တွန်းအားပေးနေတဲ့ ရည်ရွယ်ချက်က ဘာလဲ” ဟွာလင်းကျိ ကျန်းယန်ဘေးတွင်ပေါ်လာကာ ပြုံး၍ မေးလိုက်၏။

(Translator note: ဒီနေရာကစ ဟော်လင်းကျိကို ဟွာလင်းကျိ လို့ပြောင်းသုံးပါမယ်)

ကျန်းယန် လန့်သွားပြီး အမြန်ပြန်မေးလိုက်၏။

“ဆရာဦးလေး ၅ နတ်ဝိညာဉ်အဆင့်ကိုရောက်သွားပြီလား”

သူ့ဆရာဦးလေးအားလုံး တံခါးပိတ်ကျင့်ကြံနေကြခြင်းဖြစ်ပြီး နတ်ဝိညာဉ်အဆင့်ကိုမချိုးဖြတ်နိုင်သေးလျှင် ထွက်လာကြမည်မဟုတ်ပေ။

ဟွာလင်းကျိ ခပ်ဟဟရယ်မောလိုက်ကာ ပြောလိုက်သည်။

“ငါဝိညာဉ်အခြေတည်အဆင့်မှာ ပိတ်မိနေတာ ဆယ်စုနှစ်တွေနဲ့ချီနေပြီ ငါကနတ်ဝိညာဉ်အဆင့်ကို မချိုးဖြတ်သင့်ဘူးလား မင်းယူလာတဲ့ စိတ်ဝိညာဉ်ဆေးပင်တွေကို စီနီယာအစ်ကို၃ ကသန့်စင်ပြီး ငါတို့အတွက် ဆေးဖော်ပေးခဲ့တယ်လေ နောက်ပြီး စိတ်ဝိညာဉ်ကျောက်တုံးတွေရဲ့အကူအညီနဲ့ ငါအဆင့်ချိုးဖြတ်နိုင်သွားတာ”

သူပြောမပြခဲ့သော အကြောင်းပြချက်တစ်ခုလည်း ရှိနေသေး၏။ လတ်တလောတွင် အဇူရာတိမ်ဂိုဏ်းရှိလူတိုင်း သက်တောင့်သက်သာဖြစ်နေကာ သူတို့နှလုံးသားထဲရှိ ၀န်တစ်ချို့ပေါ့နေခဲ့ကြသည်။ ကျန်းယန်၏လက်ထဲက အဇူရာတိမ်ဂိုဏ်း၏အနာဂတ်ကို စိတ်ချရပြီဖြစ်သောကြောင့် သူတို့စိတ်လက်ပေါ့ပါးကာ အလွယ်တကူ အဆင့်ချိုးဖြတ်နိုင်ခဲ့ကြခြင်း ဖြစ်၏။

“ကောင်းတယ် ကောင်းတယ်” ကျန်းယန် အလွန်ပျော်သွားခဲ့သည်။

ဂိုဏ်းတွင် ပညာရှင်တွေများလာလေလေ သူတို့အတွက် အနာဂတ်တွင်ကြောက်ရမည့်အရာ နည်းလာလေလေပင်။

“ဆရာဦးလေး ၅ လာလာလာ ကျွန်တော့်အိမ်ကိုသွားရအောင်” ကျန်းယန် ဟွာလင်းကျိကိုနွေးနွေးထွေးထွေး ဖိတ်ခေါ်လိုက်၏။

“ဆရာဦးလေး တံခါးပိတ်ကျင့်ကြံခြင်းမ၀င်ခင်က ကျွန်တော့်အတွက် ဆွဲ‌ေပးလို့ပြီးမသွားခဲ့တဲ့ ကဗ္ဗည်းတွေရှိသေးတယ် အခုဆရာဦးလေးက နတ်ဝိညာဉ်အဆင့်ရောက်နေပြီဆိုတော့ အခုဆွဲတဲ့ကဗ္ဗည်းတွေက ပိုပြီး စွမ်းအားကြီးနေမှာပဲ”

ဟွာလင်းကျိရယ်မောလိုက်ကာ ဆူငေါက်လိုက်သည်။

“ကောင်စုတ်လေး ငါအခုမှအဆင့်ချိုးဖြတ်လာတာလေ မင်းကငါ့ကိုဂုဏ်ပြုလက်ဆောင်တောင်မပေးဘဲ မင်းအတွက် ကဗ္ဗည်းလာဆွဲခိုင်းနေတာလား”

သူထိုသို့ပြောခဲ့သော်လည်း ကျန်းယန်စကားကိုမငြင်းခဲ့ဘဲ ကျန်းယန်အတွက် ကဗ္ဗည်းများ လိုက်ဆွဲပေးခဲ့၏။

“ငါတို့ အဇူရာတိမ်ဂိုဏ်းရဲ့ ကာကွယ်ရေးကိစ္စတွေကို ကိုင်တွယ်တော့မှာပါ သာမန်လူတွေ ငါတို့ကိုစော်ကားရဲမှာမဟုတ်တော့ဘူး” ဟွာလင်းကျိ ကဗ္ဗည်းရေးဆွဲနေရင်း ပြောလိုက်သည်။

“ဆိုတော့ အဲ့ဒီကလေးကို ဂိုဏ်းကာကွယ်ရေးအစီအစဉ်အကြောင်း စဉ်းစားခိုင်းတာက ဘာအကျိုးမှမရှ်ိဘူး”

ကျန်းယန်ပြုံးလိုက်၏။

“ဆရာဦးလေး ၅ အဲ့ဒီကလေးတွေကို ဂိုဏ်းကိုကာကွယ်မယ့်အစီအစဉ်အကြောင်းစဉ်းစားခိုင်းတယ်ဆိုတာ သူတို့ကို ဂိုဏ်းကိုပိုပြီးတွယ်တာစေဖို့နဲ့ သူတို့ရည်ရွယ်ချက်ကို တီးခေါက်ကြည့်ဖို့ပါ

သူတို့က ဆယ်ကျော်သက်လေးတွေပါပဲ သူတို့နည်းစနစ်တွေက အသုံးမ၀င်နိုင်တာကို ကျွန်တော်မသိဘူးထင်လို့လား

ဒါပေမယ့် သူတို့နည်းစနစ်တွေထုတ်ပြလာတဲ့အခါ သူတို့အတွေးတွေကလည်း တစ်စိတ်တစ်ပိုင်းပေါ်လွင်လာလိမ့်မယ်”

ကျန်းယန်ခဏရပ်လိုက်ပြီးမှ ခပ်အေးအေးဆက်ပြောလိုက်သည်။

“အဲ့ဒီအကြံညဏ်တွေကနေတစ်ဆင့် ကျွန်တော်တို့က သူတို့ရဲ့အဇူရာတိမ်ဂိုဏ်းဆီရောက်လာရတဲ့ ရည်ရွယ်ချက်ကို ခန့်မှန်းနိုင်တယ် အနည်းဆုံးတော့ သူတို့လားရာကို သိနိုင်လိမ့်မယ်”

“အို့” ဟွာလင်းကျိ ကျန်းယန်ကိုအံ့အားသင့်သွားဟန်ဖြင့် ကြည့်လိုက်၏။

“မင်းဒီလှည့်ကွက်တွေကို ဘယ်ကသင်လာတာလဲ”

သူသည်လည်း ကျောင်းတော်သားတစ်ယောက်သာဖြစ်ပြီး ကျန်းယန်နှင့်မကြာခဏဆိုသလို စာအကြောင်းပေအကြောင်းပြောလေ့ရှိပေသည်။ သူတို့နှစ်ယောက်ဆက်ဆံရေးတွင် ဆရာဦးလေးနှင့်တူတပည့်ဆိုသည်က အမည်ခံဆက်ဆံရေးသာဖြစ်ပြီး တကယ်တော့ ညီအစ်ကိုများလို ရင်းနှီးကြသူများ ဖြစ်ကြ၏။

ထို့ကြောင့်လည်း သူတံခါးပိတ်ကျင့်ကြံလို့ပြီးပြီးချင်း ကျန်းယန်ကိုလာရှာခဲ့ခြင်း ဖြစ်သည်။

ကျန်းယန် သက်ပြင်းချလိုက်၏။

“ဆရာဦးလေးတို့အကုန်လုံးက ဂိုဏ်းကိစ္စတွေကိုဘာမှမတွေးတော့ ကျွန်တော်ကပဲ ပိုတွေးရတော့တာပေါ့ ကျွန်တော်တို့ သူတို့ကို လုံး၀မပြောင်းလဲနိုင်ခင်မှာ သတိထားရမယ် ကျွန်တော့် စီနီယာအစ်ကိုနှစ်ယောက်လိုအဖြစ်မျိုး ထပ်ပြီးအဖြစ်ခံလို့ မဖြစ်ဘူး တကယ်‌လို့တစ်ယောက်ယောက်က ကျွန်တော်ပျိုးထောင်ထားတဲ့လူတွေကို အဆင်သင့်လာယူသွားရင် ကျွန်တော်အတော်စိတ်ဆိုးမိမှာပဲ”

ဟွာလင်းကျိ သက်ပြင်းချလိုက်သည်။

“ငါတို့လည်း စိတ်မဆိုးဘူးထင်လို့လား ဒါပေမယ့် အချို့ကိစ္စတွေက အဲ့လောက်မရိုးရှင်းဘူး ဘာပဲဖြစ်ဖြစ်ပါ စီနီယာအစ်ကိုကြီးက မင်းကိုနောက်တက်မယ့်ဂိုဏ်းချုပ်ဖြစ်စေချင်မှတော့ ဒီကိစ္စတွေကို မင်းပဲဆက်ပြီးစိတ်ပူရမှာ ဒီကဗ္ဗည်းတွေပြီးသွားရင် ဘယ်လိုကဗ္ဗည်းပုံစံတွေ ထပ်လိုချင်လဲ”

ကျန်းယန်ခေါင်းညိတ်ကာ အမြန်မေးလိုက်၏။

“ဆရာဦးလေး ပုံရိပ်တွေကို ထိန်းထားနိုင်မယ့် ကဗ္ဗည်းတွေကို ဘယ်လိုဆွဲရမလဲသိလား အဖြစ်အပျက်တွေကို မှတ်တမ်းတင်ထားနိုင်တာမျိုးလေ…ပုံမှန်ပုံရိပ်ယောင်တွေနဲ့တူတယ် ဒါပေမယ့် ပုံရိပ်တွေကိုဆက်ပြီး မှတ်တမ်းတင်‌နေနိုင်ရမှာ ပြီးတော့ အဲ့ဒီမှတ်တမ်းတင်ထားတဲ့ပုံရိပ်‌ေတွကိုလည်း ပြန်ပြီး ပြသနိုင်ရမယ်”

ဟွာလင်းကျိ ကြက်သေသေသွားခဲ့သည်။ တခဏအကြာတွင်တော့ သူထခုန်လိုက်၏။

“မင်းငါ့ကိုလာနောက်နေတာလား ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲဟ တကယ်လို့ ငါသာအဲ့လိုကဗ္ဗည်းမျိုးဆွဲနိုင်ရင် အခုချိန် အမတဘုံရောက်နေလောက်ပြီ”

ထိုကဲ့သို့သော ကဗ္ဗည်းမျိုးကိုသာဆွဲနိုင်လျှင် ထိုအရာက ကမ္ဘာတစ်ခုဖန်တီးခြင်းနှင့်တူနေလိမ့်မည်ဟု သူတွေးလိုက်မိသည်။

ထိုအရာကိုအောင်မြင်ဖို့ထားဦး စိတ်ကူးကြည့်ဖို့ပင် မလွယ်လှပေ။

“အခြားမှော်ရတနာတွေအကူအညီနဲ့ဆိုရင်ရော ဖြစ်နိုင်လောက်လား” ကျန်းယန် စိတ်အားတက်ကြွစွာ မေးလိုက်၏။

“အဲ့ဒီအကြောင်းကတော့ မင်းဆရာဦးလေး ၆ ဆီသွားမေးချည်”

ကျန်းယန် မျက်မှောင်ကြုံ့သွားခဲ့သည်။

“ဆရာဦးလေး ၆ တံခါးပိတ်ကျင့်ကြံရာကထွက်လာရင် ကျွန်တော်တို့ အဲ့အကြောင်းဆွေးနွေးကြမယ် ဖန်တီးလို့ရမရကြည့်ကြတာပေါ့”

ကျန်းယန် အိမ်သုံးပစ္စည်းများကို အမတကျင့်ကြံခြင်းပုံစံဖြင့် ပြုပြင်ဖန်တီးဖို့ စီစဉ်နေခြင်း ဖြစ်၏။ ကျန်းယန်တစ်ယောက်က စီစီတီဗီတပ်ရန်ကြံရွယ်နေခြင်းပင်။

All Chapters