မင်းကစန်းထုံကလား
Vol. 4 Ch. 50
“ဆရာဦးလေး ၅ ဒါကျွန်တော်ပုံစံထုတ်ထားတဲ့ အ၀တ်အစားတွေပါ ဆရာဦးလေး ဒီအ၀တ်အစားတွေရဲ့ ခုခံနိုင်စွမ်းပိုတိုးလာအောင် အပေါ်မှာ ကဗ္ဗည်းတွေထိုးပေးလို့ရလောက်လား” ကျန်းယန် သူဆွဲထားသော ပုံကြမ်းများကိုထုတ်ပြကာ မေးလိုက်သည်။
ဟွာလင်းကျိပုံကြမ်းများကိုကြည့်ကာ ထူးဆန်းသောအမူအရာဖြင့် မေးလိုက်၏။
“ဒီအ၀တ်အစားတွေက ဘယ်ကဟာတွေလဲ”
ကျန်းယန် တည်တည်ငြိမ်ငြိမ်ပြန်ဖြေလိုက်သည်။
“ကျွန်တော်အရင်တစ်ခါတုန်းက အချို့လူတွေဒါမျိုးအ၀တ်အစားတွေ၀တ်ပြီးသွားနေတာကို အဝေးကနေ မြင်လိုက်ရလို့ပါ အဲ့ဒီတုန်းကသူတို့၀တ်ထားတာက အတော်လေး၀တ္ထုဆန်တယ်လို့ ခံစားရတာနဲ့ ကျွန်တော်လည်း မှတ်ထားလိုက်တာ”
သူသားရေဂျာကင်နှင့်ဘောင်းဘီများကို ပုံစံထုတ်ထားခြင်းဖြစ်ပြီး ထိုအ၀တ်အစားများက တိရစ္ဆာန်သားရေမှ ချုပ်ရခြင်းဖြစ်သောကြောင့် အပေါ်တွင် ကဗ္ဗည်းထိုး၍လည်း ရလောက်၏။
ဟွာလင်းကျိမျက်မှောက်ကြုံ့ကာ တွေးဆ၍ပြောလိုက်သည်။
“ကဗ္ဗည်းထိုးရတာက ပြဿနာမရှိပါဘူး ဒါပေမယ့်သားရေရဲ့အရည်အသွေးကအတော်လေးမြင့်နေမှရမယ် အနည်းဆုံးတော့ ရွှေအမြုတေအဆင့်သားရဲရဲ့ သားရေဖြစ်ရမယ် မဟုတ်ရင် ကဗ္ဗည်းထိုးလည်း အဓိပ္ပာယ်ရှိမှာမဟုတ်ဘူး”
သူအရင်ဆုံးလိုအပ်သည်က ခုခံကာကွယ်နိုင်စွမ်းဖြစ်ပြီး ဖက်ရှင်ပုံစံ မဟုတ်ပေ။
ရွှေအမြုတေအဆင့်သားရဲသားရေဟူသောစကားကိုကြားလိုက်ရသောအခါ ကျန်းယန် စိတ်၀င်စားမှုပျောက်ဆုံးသွားခဲ့၏။ ကြည့်ရသည်မှာ ဤအကြံအစည်က ယခုတော့ အကောင်အထည်ဖော်၍ ရဦးမည့်ပုံမပေါ်ပေ။
အဇူရာတိမ်ဂိုဏ်းအနီးတွင် ရွှေအမြုတေအဆင့်သားရဲအနည်းငယ်သာ ပေါ်လာတတ်ပြီး ထိုအဆင့်သားရဲ၏ သားရေဖြင့်ပြုလုပ်ရလျှင်လည်း ဈေးကအဆမတန်မြင့်နေမည်ဖြစ်ကာ ရောင်းဖို့မတန်သေးပေ။
ထို့ကြောင့် ခုခံကာကွယ်ရေးမပါသည့် အချို့လူကြိုက်များနိုင်သော ဖက်ရှင်များကိုသာ လာမည့်အဇူရာတိမ်ဈေးပြပွဲ၌ ပြသဖို့ ဆုံးဖြတ်လိုက်၏။
“စီနီယာအစ်ကိုကြီး ဘာတွေအလုပ်ရှုပ်နေတာလဲ” စစ်ထူမင်ယွဲ့ စပ်စုဖို့ ရောက်လာခဲ့သည်။
ကျန်းယန် သူ့ကိုမော့ပင်မကြည့်ဘဲ ပြောလိုက်၏။
“အဇူရာတိမ်ဈေးအတွက် ပြင်ဆင်နေတာပါ လူတိုင်းကတံခါးပိတ်ကျင့်ကြံနေကြတော့ ငါပဲလုပ်နေရတော့တာပေါ့”
စစ်ထူမင်ယွဲ့ပြုံးကာပြောလိုက်သည်။
“ညီမလေးက သိမ်မွေ့သောယင်ပညာရပ်ကိုအခုမှရထားတာဆိုတော့ တံခါးပိတ်ကျင့်ကြံဖို့လိုတယ်လေ အနာဂတ်ကျရင်တော့ အလွယ်တကူတံခါးပိတ်ကျင့်ကြံခြင်းမ၀င်တော့ပါဘူး”
“နင်လေ့ကျင့်ပြီးသွားပြီလား” ကျန်းယန်နောက်ဆုံးတွင် စစ်ထူမင်ယွဲ့ကို မော့ကြည့်ကာ မေးလိုက်၏။
ထိုအခါ သူ့အကြည့်များ အေးခဲသွားခဲ့ရသည်။ ကျန်းယန်လို နှစ်ဘဝသမားတောင်မှ တချက်ငေးသွားရသည်ကို ထောက်ရှုခြင်းအားဖြင့် ထိုကောင်မလေးက မည်မျှလှပသည်ကို စာဖတ်သူများ တွေးမိလိမ့်မည်ဟု ထင်ပါသည်။
စစ်ထူမင်ယွဲ့သည် အရင်ကတည်းက မင်သက်ရှုမောရလောက်အောင်လှပသောသူဖြစ်ပြီး ယခု သိမ်မွေ့သောယင်ပညာရပ်ကိုလေ့ကျင့်ပြီးသောအခါတွင်တော့ သူ့အသားအရေက ၀င်းလက်တောက်ပနေကာ စိတ်ဝိညာဉ်ကိုဖမ်းစားနိုင်လောက်သော တုနှိုင်းမဲ့အလှပိုင်ရှင်မျိုး ဖြစ်လာခဲ့၏။
“စီနီယာအစ်ကိုကြီး ညီမလေးလေ့ကျင့်မှုနဲ့ပတ်သက်ပြီး တစ်ခုခုမှားနေလို့လား”
ကျန်းယန် သတိပြန်၀င်သွားပြီး အမြန်ပြောလိုက်လေသည်။
“ပြဿနာမရှိပါဘူး ဒါပေမယ့် ဂျူနီယာညီမလေး မင်းမျက်နှာကိုကာထားတာ ပိုကောင်းလိမ့်မယ် ကံကောင်းတာက မင်းစီနီယာအစ်ကိုကြီးက ကိုယ့်ကိုကိုယ်ထိန်းချုပ်နိုင်စွမ်းအားကောင်းလို့သာပေါ့ မဟုတ်ရင် မင်းဖမ်းစားတာခံသွားရနိုင်တယ်”
စစ်ထူမင်ယွဲ့အမူအရာထူးဆန်းသွားပြီး ကျန်းယန်ကိုတစ်ချက်ကြည့်လိုက်သော်လည်း သူ့စကားလုံးများကို စိတ်တော့မရှိခဲ့ပေ။
သူမကျန်းယန်၏ အ၀တ်အစားဒီဇိုင်းများကို ငုံ့ကြည့်လိုက်၏။
“ဒီအ၀တ်အစားတွေကို အစ်ကိုကြီးပုံစံထုတ်ထားတာလား”
“တစ်ယောက်ယောက်ဒါတွေကို ကြိုက်မယ်လို့ နင်ထင်လား” ကျန်းယန် စိတ်၀င်တစားမေးလိုက်သည်။
သူအတိတ်က ဖက်ရှင်များအပေါ်အခြေခံပြီး အ၀တ်အစားဒီဇိုင်းများစွာ ထုတ်ထားခဲ့၏။ ဘာပဲဖြစ်ဖြစ်သာမန်ချည်များကိုသာအသုံးပြုထားခြင်းဖြစ်သောကြောင့် ငွေကြေးအကုန်အကျလည်း မများပေ။
သို့သော် သူရောင်းသောအခါတွင်တော့ ထိုအ၀တ်အစားများကို စိတ်ဝိညာဉ်ကျောက်တုံး ၁၀၀အောက်နှင့်ရောင်းမည်မဟုတ်ပေ။ ဤကမ္ဘာကြီးပေါ်တွင် သာမန်လူများအသုံးပြုသောရွှေနှင့်ငွေများလည်းရှိကြပေသည်။ အကြမ်းဖျင်းအားဖြင့် စိတ်ဝိညာဥ်ကျောက်တုံးတတုံးကို ရွှေ ၁ တေးနှင့် လဲလှယ်၍ ရ၏။
အရိုးသားဆုံးပြောရလျှင် ဤပစ္စည်းများမှာ အတော်လေးဈေးကြီးလွန်းသည်ဟု ကျန်းယန်တွေးမိသည်။
သို့သော်လည်း ဤပစ္စည်းများက ချမ်းသာသော ဝိညာဉ်အခြေတည်အဆင့်များ ရွှေအမြုတေအဆင့်များအတွက်ဖြစ်ပြီး တော်ရုံချမ်းသာသူများကိုပစ်မှတ်ထားခြင်း မဟုတ်ပေ။
စစ်ထူမင်ယွဲ့ ခေါင်းတဆတ်ဆတ်ညိတ်ရင်း ပြောလိုက်၏။
“တစ်ယောက်ယောက်ကတော့ ကြိုက်လောက်ပါတယ် ဒါပေမယ့် ဒါကိုဘယ်နေရာမှာသုံးရမှာလဲ”
စစ်ထူမင်ယွဲ့ အမျိုးသမီးအတွင်းခံတစ်စုံကို လက်ညှိုးထိုးပြ၍ မေးလိုက်သည်။
“နင်အဲ့တာကို ဒီနေရာမှာ သုံးရမှာ” ကျန်းယန် သူ့ရင်ဘတ်ကိုလက်ညှိုးညွှန်ပြ၍ ဖြေလိုက်၏။
စစ်ထူမင်ယွဲ့ တခဏကြောင်သွားပြီးနောက် ချက်ချင်းနားလည်သွားခဲ့သည်။ ထိုအခါ သူမမျက်နှာနီရဲသွားပြီး ကျန်းယန်ကို မျက်စောင်းတစ်ချက်ဒိုင်းကနဲထိုးကာ လှည့်ထွက်ပြေးသွားလေတော့သည်။
ကျန်းယန်ကေတာ့ သူမကိုစိတ်မရှိပေ။ သူ့ဒီဇိုင်းများကိုသာ ဆက်ဆွဲနေခဲ့၏။
သူတခဏတွေးတောလိုက်ပြီး တစ်ယောက်တည်းရေရွတ်နေခဲ့သည်။
“အချို့ကျင့်ကြံသူတွေမှာ မိန်းမတွေရှိကြတော့ သူတို့အတွက် ဆွဲဖြဲပစ်ဖို့လွယ်တဲ့ ကဗျာဆန်တဲ့ဒီဇိုင်းလေးတွေ ထုတ်ပေးရမယ်…”
သူဖက်ရှင်ဒီဇိုင်နာတစ်ယောက်အဖြစ်ပြောင်းလဲသွားကာ ကြိုးကြိုးစားစား အလုပ်လုပ်နေခဲ့၏။
မကြာခင်တွင် စစ်ထူမင်ယွဲ့တစ်ယောက် မျက်နှာနီနီနှင့် ပြန်ရောက်လာခဲ့သည်။ ဒီဇိုင်းဆွဲနေဆဲဖြစ်သော ကျန်းယန်ကိုကြည့်ကာ သူမစိတ်အနှောင့်အယှက်ဖြစ်ဟန်ဖြင့် ပြောလိုက်၏။
“အစ်ကိုကြီး တိမ်တောင်အင်ပါယာက မြောက်ပိုင်းဘုရင်ရောက်နေတယ် အခု တောင်ဂိတ်တံခါးမှာ တွေ့ခွင့်တောင်းနေတယ်”
“အို့” ကျန်းယန်သတိ၀င်သွားပြီး အမြန်ပြောလိုက်သည်။
“သူက ငါတို့အတွက်ပိုက်ဆံယူလာတာပဲ ငါသူ့ကိုတွေ့မှဖြစ်မယ်”
သူချုပ်လက်စ အင်္ကျီပုံကြမ်းကိုချကာ ပျံသန်းထွက်ခွာသွားခဲ့၏။
စစ်ထူမင်ယွဲ့ဟိုဟိုဒီဒီကြည့်ကာ အနားမှာဘယ်သူမှမရှိတာ သေချာသောအခါ ကျန်းယန်၏တီထွင်မှုကို ခိုး၀တ်ကြည့်လိုက်လေသည်။ သူမ၀တ်ကြည့်လိုက်သည်နှင့် သူမအသွင်အပြင်ကချက်ချင်းပြောင်းလဲသွားသောကြောင့် စစ်ထူမင်ယွဲ့မျက်လုံးများ တောက်ပသွားခဲ့၏။
ကုန်သွယ်မိသားစု၏ အကြီးဆုံးသမီးဖြစ်သောကြောင့် ဤပစ္စည်းက ဈေးကွက်တွင်တွင်ကျယ်လာလိမ့်မည်ဟု သူမသိလိုက်သည်။
ဤအရာက ရင်စည်းထက်အများကြီးပိုကောင်းနေခဲ့၏။
ထိုအခိုက်တွင် သူမစီနီယာအစ်ကိုကြီးက အတော်လေးဆန်းကြယ်တာပဲဟု သူမခံစားလိုက်ရသည်။ သူသည် ဤကဲ့သို့သောအကြံညဏ်မျိုးကို ဘယ်ကရလာခဲ့ပါသနည်း။
ဂိတ်၀တွင် တောင်ပိုင်းဘုရင် အစောင့်အနည်းငယ် ကလေးသုံးယောက်နှင့်အတူ စောင့်ဆိုင်းနေခဲ့၏။
ကျန်းယန် ပျံသန်းလာသည်ကိုမြင်သောအခါ တောင်ပိုင်းဘုရင် အားရပါးရ ရယ်မောလိုက်လေသည်။
“နှုတ်ဆက်ပါတယ် ဂိုဏ်းသခင်ကျန်း”
“အမည်ခံဂိုဏ်းသခင်ပါ!” ကျန်းယန် ခပ်ဟဟရယ်မောလိုက်၏။
“ကျွန်တော့်ဆရာကမှ ဂိုဏ်းသခင်အစစ်ပါ ကျွန်တော့်ကိုက ကျန်းယန်လို့ပဲခေါ်လို့ရပါတယ် အသိအကျွမ်းတွေပဲလေ ယဉ်ကျေးနေစရာမလိုပါဘူး”
တောင်ပိုင်းဘုရင် ဤအခွင့်အရေးကိုယူကာ ပိုပြီးနီးကပ်အောင်လုပ်ဖို့ ကြံလိုက်သည်။ သူပြုံးကာပြောလိုက်၏။
“ဒါဆိုရင်လည်း ပေါ့ပေါ့ပါးပါးဖြစ်သွားအောင် ညီလေးကျန်း လို့ပဲခေါ်တော့မယ်”
“ပြဿနာမရှိပါဘူးအစ်ကိုရှန်း ကျေးဇူးပြုပြီးတောင်ပေါ်လိုက်ခဲ့ပါ” ကျန်းယန် နွေးထွေးစွာ ဖိတ်ခေါ်လိုက်လေသည်။
တောင်ပိုင်းဘုရင် အစောင့်များကိုနေခဲ့ဖို့ အချက်ပြလိုက်ပြီး ကလေးသုံးယောက်နှင့်အတူ ကျန်းယန်နောက်သို့ လိုက်သွားခဲ့၏။
“အစ်ကိုက ဒီကိုညီလေးကျန်းဆီကတောင်းဆိုစရာလေးရှိလို့ လာခဲ့တာပါ အစ်ကို့မှာ အလားအလာရှိတဲ့ မျိုးဆက်လေးတွေရှိနေတယ်လေ သူတို့ကိုလေ့ကျင့်ပေးဖို့ အဇူရာတိမ်ဂိုဏ်းဆီ ပို့ထားချင်လို့ပါ ညီလေးကျန်းဘယ်လိုသဘောရလဲ”
သူအပြင်ပန်းတွင်သာ ထိုသို့ပြောခဲ့ခြင်းဖြစ်သော်လည်း ကျန်းယန်ကို လျှို့ဝှက်စွာ အသံကူးပြောင်းပြီးလည်း ပြောလိုက်သေးသည်။
“ကျေးဇူးပြုပြီးခွင့်လွှတ်ပါ ညီလေးကျန်း သူတို့ထဲက တစ်ယောက်ကပဲ ငါ့မြေးပါ ကျန်တဲ့နှစ်ယောက်က ဧကရာဇ်အတင်းထည့်ခိုင်းလို့ ခေါ်လာရတာ ငါ့မှာလည်းရွေးချယ်စရာမရှိဘူးလေ ငါညီလေးကျန်းကိုလည်း မလှည့်စားရဲပါဘူး တကယ်လို့များ အခက်အခဲတစ်ခုခုရှ်ိရင် မင်းသူတို့အားလုံးကို လတ်တလောနောက်ပို့ထားပြီး နောက်မှငါတို့ပြန်ဆွေးနွေးလို့လည်း ရပါတယ်”
“ပြဿနာမရှိပါဘူး”
ကျန်းယန် လျှို့ဝှက်အသံပြန်ပို့လိုက်ပြီး အပြင်ပန်းတွင်တော့ ပြုံးပြလိုက်ကာ
“အဇူရာတိမ်ဂိုဏ်းက ဂိတ်တံခါးကိုတရား၀င်ဖွင့်လိုက်ပြီးကတည်းက ပါရမီရှင်တပည့်တွေကိုရှာဖွေနေတာပါ သူတို့က အစ်ကိုရှန်းရဲ့ဂျူနီယာတွေဖြစ်ပြီးတော့ ပါရမီလည်းကောင်းတယ်ဆိုမှတော့ ကျွန်တော်တို့က လေ့ကျင့်ပေးရမှာပေါ့ ဒါပေမယ့် သူတို့က အဇူရာတိမ်ဂိုဏ်းရဲ့ ဂိုဏ်းသားတွေဖြစ်သွားတာနဲ့ ဂိုဏ်းစည်းကမ်းတွေကိုတော့ လိုက်နာရမယ်နော်”
“ကျေးဇူးတင်ပါတယ် ညီလေးကျန်း” တောင်ပိုင်းဘုရင် အမြန်ပင်ကျေးဇူးတင်ကြောင်းပြောလိုက်၏။
“သူတို့က အဇူရာတိမ်ဂိုဏ်းမှာ လေ့ကျင့်မှတော့ ဂိုဏ်းရဲ့စည်းကမ်းတွေကိုလည်း လိုက်နာကျမှာပါ စကားမစပ် အခြားကိစ္စတစ်ခုလည်း ရှိသေးတယ် မိုင်းတွင်းတွေမှာ ပူးပေါင်းလုပ်ကိုင်ဖို့ ငါဆောက်လုပ်ရေးအဖွဲ့တစ်ဖွဲ့ခေါ်လာခဲ့တယ် ငါတို့စာချုပ်မှာလက်မှတ်ထိုးပြီးတာနဲ့ အလုပ်စလို့ရပြီ”
ကျန်းယန် အမြန်ပြန်မေးလိုက်သည်။
“အစ်ကိုရှန်း ဆောက်လုပ်ရေးအဖွဲ့ခေါ်လာတာလား လူဘယ်လောက်များလဲ”
တောင်ပိုင်းဘုရင် ကျန်းယန်၏တုန့်ပြန်မှုကြောင့် အနည်းငယ်အံ့အားသင့်သွားသော်လည်း ခေါင်းညိတ်ပြလိုက်၏။
“ညီလေးကျန်း နောက်ဆုံးအခေါက်ကပြောခဲ့တဲ့အတိုင်းပဲ ပြင်ဆင်လာတာလေ ငါအားလံုးေခါ်လာခဲ့တယ် အဲ့တာကြောင့်လည်း လမ်းခရီးက နှောင့်နှေးနေခဲ့ရတာ အခုသူတို့အဇူရာတိမ်ဈေးမှာ စောင့်နေကြတယ် အားလုံးပေါင်း လူသုံးရာကျော်တော့ရှိတယ်”
“ကောင်းတယ်!” ကျန်းယန် လက်ခုပ်တီးလိုက်ကာ စိတ်လှုပ်ရှားစွာ ပြောလိုက်လေသည်။
“အစ်ကိုရှန်း အစ်ကိုကတကယ့်ကိုကောင်းချီးမင်္ဂလာတစ်ပါးပဲ အစ်ကိုက ကျွန်တော်လိုနေတာကိုအတိအကျကို ယူလာပေးလိုက်တာပဲ ကျွန်တော်အဲ့ဒီဆောက်လုပ်ရေးအဖွဲ့ကို ခဏလောက်ငှားလို့ရမလား”
တောင်ပိုင်းဘုရင်မည်သို့ငြင်းနိုင်ပါမည်နည်း။
သို့သော်လည်း အူလည်လည်ခံစားလိုက်ရသောကြောင့် သူ့အမူအရာကတော့ အနည်းငယ်မူမမှန်ဖြစ်သွားခဲ့၏။
အရင်တစ်ခေါက်က စိတ်ဝိညာဉ်ကျောက်တုံးများ ယူလာခဲ့သလို အခုတစ်ခေါက်လည်း ဆောက်လုပ်ရေးအဖွဲ့ကို ခေါ်လာသူ သူသည် အမှန်တကယ်ပင် အဇူရာတိမ်ဂိုဏ်းအတွက် ပစ္စည်းပို့သမား ဖြစ်နေခြင်းပေလော။