လျှို့ဝှက်နယ်မြေဖွင့်သည့် သတင်းများ
Vol. 4 Ch. 51
“ဆောက်လုပ်ရေးအဖွဲ့ကို ငါ့ညီဆီငှားပေးလိုက်လို့ရပါတယ်” တောင်ပိုင်းဘုရင်တွန့်ဆုတ်စွာ သဘောတူလိုက်သည်။
“ဒါပေမယ့် သူတို့နှောင့်နှေးနေတာကြာသွားရင်တော့ မိုင်းတွင်းလုပ်ငန်းတွေ နောက်ကျကုန်လိမ့်မယ်နော်”
မိုင်းတွင်းလုပ်ငန်းနောက်ကျလျှင် သူတို့နှစ်ဖက်လုံး ဆုံးရှုံးမှုများဖြစ်ပေါ်သွားမည်ဖြစ်သောကြောင့် တောင်ပိုင်းဘုရင်သတိပေးလိုက်၏။
ကျန်းယန်အားရပါးရရယ်မောလိုက်ကာ
“စိတ်မပူပါနဲ့ အကြာကြီးမဟုတ်ပါဘူး အများဆုံးမှ ၂လ ၃လလောက်ပဲငှားမှာပါ နောက်ပြီးဒီကာလအတွင်းလည်း သူတို့ကို လုပ်ခလစာပေးမှာပါ”
“ဒါဆိုရင်တော့ ပြဿနာမရှိပါဘူး” တောင်ပိုင်းဘုရင် စိတ်အေးသွားခဲ့သည်။
“ငါသူတို့ကိုခေါ်ဖို့ တစ်ယောက်ယောက်လွှတ်လိုက်ရမလား”
သူ့အမြင်တွင် ကျန်းယန်သည် အဇူရာတိမ်ဂိုဏ်းထဲတွင် တစ်ခုခုလုပ်ဖို့ ကြံစည်နေတာ သေချာ၏။ နောက်ဆုံးတွင် နဂါးပျံအစောင့်တပ်များသည်လည်း ယခုကဲ့သို့ပင် လုပ်ခဲ့ရသည် မဟုတ်ပါလား။
“မလိုပါဘူး မလိုပါဘူး သူတို့အဇူရာတိမ်ဈေးမှာပဲနေလို့ရပါတယ်” ကျန်းယန် လက်ကာပြလိုက်ကာ
“သူတို့အလုပ်ရမယ့်နေရာကလည်း အဇူရာတိမ်ဈေးမှာပဲလေ ဒီတစ်ကြိမ် ကျွန်တော်အဇူရာတိမ်ဈေးမှာ ဧည့်သည်တွေအတွက် နေရာထိုင်ခင်းစီစဉ်ပေးဖို့ ခြံ၀န်းတွေဆောက်ဖို့ ပြင်နေတာ ဒါေပမယ့် ကျွန်တော့်မှာလည်းလူအင်အားကနည်းနေတယ်လေ အခုလို အစ်ကိုလာလိုက်တဲ့အခါကျ အံကိုက်ဖြစ်သွားတာပေါ့”
“ဟီးဟီး!” တောင်ပိုင်းဘုရင် ခြောက်ကပ်ကပ်ရယ်ပြလိုက်၏။
ကျန်းယန်တောင်ပိုင်းဘုရင်ကိုတစ်ချက်ကြည့်လိုက်ကာ ပြုံး၍ဆက်ပြောလိုက်သည်။
“နှစ်၀က်အတွင်း အဇူရာတိမ်ဂိုဏ်းက လျှို့ဝှက်နယ်မြေဖွင့်တဲ့အခါ အနယ်နယ်အရပ်ရပ်က ဧည့်သည်တွေကို ကြိုဆိုရတော့မယ်လေ ရွှေအမြုတေအဆင့်အောက်အားလုံးလည်း လျှို့ဝှက်နယ်မြေထဲ ၀င်နိုင်တယ် ကျွန်တော့် အစ်ကိုကလည်း ရွှေအမြုတေအဆင့်ပဲဆိုတာ ကျွန်တော်သိပါတယ် ဆိုတော့ ကျွန်တော်အစ်ကို့ကို တစ်နေရာစာ ပေးနိုင်ပါတယ်”
“ဘယ်လို” တောင်ပိုင်းဘုရင်မယုံကြည်နိုင်မှုကြောင့် အလိုလိုရေရွတ်လိုက်မိသည်။
အဇူရာတိမ်ဂိုဏ်းက လျှို့ဝှက်နယ်မြေဖွင့်မည်ဆိုသောကြောင့် သူအံ့အားသင့်သွားပြီး သူလည်း၀င်ခွင့်ရမည်ဆိုသောကြောင့် ၀မ်းသာသွားခဲ့၏။
“ငါတကယ်၀င်နိုင်တာလား” တောင်ပိုင်းဘုရင်စိတ်အားထက်သန်စွာ ပြန်မေးလိုက်လေသည်။
သူထိုအရာကိုမယုံကြည်နိုင်သေးဘဲ ကျန်းယန်ကိုနောက်တစ်ကြိမ်ထပ်ပြီး အတည်ပြုပေးစေချင်နေခဲ့၏။
“ကျွန်တော်တို့ကရွှေအမြုတေအဆင့်အားလုံးကို၀င်ခွင့်ပေးထားတာပဲလေ အစ်ကိုနဲ့ကျွန်တော်တို့ကလည်းရင်းနှီးနေမှတော့ အစ်ကို့အတွက်တစ်နေရာစာပေးရတာ ဘာမှအပန်းမကြီးပါဘူး” ကျန်းယန်အသာအယာပြုံးလိုက်ကာ
“ဒါပေမယ့် ဒါကအဇူရာတိမ်ဂိုဏ်းရဲ့ လျှို့ဝှက်နယ်မြေလေ နောက်ပြီးအထဲမှာလည်းတန်ဖိုးကြီးရတနာတွေရှိတယ်ဆိုတော့ ဂိုဏ်းက၀င်ကြေး စိတ်ဝိညာဉ်ကျောက်တုံးတစ်ေသာင်းတော့ကောက်ခံတယ် ဒါပေါ့ လျှို့ဝှက်နယ်မြေထဲမှာရတဲ့ ရတနာတွေကတော့ ရခဲ့တဲ့သူအပိုင်ပဲ”
“ငါပေးမယ်!” တောင်ပိုင်းဘုရင် တုန့်ဆိုင်းခြင်းမရှိ သဘောတူလိုက်ပြီး ကျန်းယန်လက်ကိုကိုင်လိုက်ကာ ကျေးဇူးတင်ကြောင်းပြောလိုက်၏။
“ကျေးဇူးတင်ပါတယ်ငါ့ညီ ငါဒီကြင်နာမှုကိုဘယ်တော့မှမေ့မှာ မဟုတ်ပါဘူးကွာ”
တောင်ပိုင်းဘုရင်တစ်ပါးအနေနှင့် လျှို့ဝှက်နယ်မြေတစ်ခု၏ အကျိုးအမြတ်ကို သူမည်သို့မသိဘဲ နေပါမည်နည်း။
လျှို့ဝှက်နယ်မြေတစ်ခုထဲသို့သာ ၀င်ရောက်နိုင်လျှင် စိတ်ဝိညာဉ်ကျောက်တုံးတစ်ေသာင်းလောက်က ဘာဟုတ်ပါသနည်း။
စိတ်ဝိညာဉ်ကျောက်တုံးတစ်သိန်းဆိုလျှင်တောင် သူ၀င်ဦးမည်ဖြစ်သည်။
ကျန်းယန်အားရပါးရရယ်မောလိုက်ကာ တောင်ပိုင်းဘုရင်၏လက်ကို ပြန်ပုတ်လိုက်ပြီး
“ယဉ်ကျေးနေစရာမလိုပါဘူး အစ်ကိုရာ ဒီတစ်ကြိမ်ကျွန်တော်တို့က မိုးကောင်းကင်အောက်က အင်အားစုအကုန်လုံးအတွက် လျှို့ဝှက်နယ်မြေကို ဖွင့်ပေးထားတာ စိတ်ဝိညာဉ်ကျောက်တုံးတစ်သောင်းပေးနိုင်တဲ့လူတိုင်း လျှို့ဝှက်နယ်မြေထဲကို ၀င်နိုင်တယ်
ကျွန်တော်တို့လျှို့ဝှက်နယ်မြေက အကန့်အသတ်တော့ရှိတယ် အများကြီး၀င်လို့တော့မရဘူး အဲ့တာကြောင့် အင်အားစုတစ်ခုက အခြေခံတည်ဆောက်ခြင်းအဆင့် ၃ယောက်နဲ့ ရွှေအမြုတေအဆင့် ၃ယောက်အထိ ၀င်နိုင်တယ်လို့ သတ်မှတ်ထားတယ်
တိမ်တောင်အင်ပါယာကလည်း အင်အားစုတစ်ခုပဲဆိုတော့ ကျေးဇူးပြုပြီး ဧကရာဇ်ကိုအကြောင်းကြားလိုက်ပါ သူလည်းပါ၀င်ချင်တယ်ဆိုရင် လူတွေပို့လိုက်လို့ရတယ်
ဒါပေါ့ ကျွန်တော်ကအစ်ကို့ကို ကတိပေးထားပြီးပြီဆိုတော့ အစ်ကို့နေရာကိုတော့ ဧကရာဇ်ရဲ့ ၀င်ခွင့်နေရာထဲ ထည့်မတွက်ဘူး
ကျွန်တော်တို့ အဇူရာတိမ်ဂိုဏ်းက လျှို့ဝှက်နယ်မြေမဖွင့်တာလည်း ကြာပြီဆိုတော့ လျှို့ဝှက်နယ်မြေဖွင့်တဲ့သတင်းကို ဖြန့်ပေးဖို့ အစ်ကို့အကူအညီတော့လိုတယ်နော် အဲ့တာဆို သူတို့တွေလည်း ဒီအခွင့်အရေးကို လွတ်မသွားကြတော့ဘူးပေါ့”
ဤကိစ္စတွင် သူ့ကိုကူညီပြီး သတင်းဖြန့်ပေးရန် တစ်ယောက်ယောက်လိုအပ်နေခဲ့သည်။
တောင်ပိုင်းဘုရင်ကလည်း သူ့ကိုကူညီတာများပြီဖြစ်သောကြောင့် ထိုလူ့ကို နေရာတစ်နေရာစာလောက်ပေးလိုက်ခြင်းက မှန်ကန်သည်ဟု သူထင်၏။
တောင်ပိုင်းဘုရင်အလွန်စိတ်လှုပ်ရှားနေခဲ့ပြီး မျက်နှာပင် နီရဲလာခဲ့သည်။ ဤသတင်းကို ဧကရာဇ်ဆီသို့ ယူသွားလျှင် ဧကရာဇ်အလွန်ပျော်သွားမှာကို သူစိတ်ကူးကြည့်ရုံဖြင့် သိနိုင်၏။
ဤနှစ်များတွင် တိမ်တောင်အင်ပါယာသည် အင်ပါယာပိုင်ကျွမ်းကျင်သူများ မွေးထုတ်နိုင်ဖို့ ကြိုးစားခဲ့သည်။
သို့သော် သူတို့တွင် အရင်းအမြစ်များသာရှိပြီး ဆရာကောင်းများမရှိသောကြောင့် ပါရမီရှင်များကို မဆွဲဆောင်နိုင်ခဲ့ပေ။
စစ်မှန်သောပါရမီရှင်များသည် ဂိုဏ်းကြီးများကိုသာ သွားကြပြီး မည်သူက တိမ်တောင်အင်ပါယာကို ထည့်တွက်ပါမည်နည်း။
ယခုအခါ ကျန်းယန်က တိမ်တောင်အင်ပါယာကိုလည်း လျှို့ဝှက်နယ်မြေအတွက် တစ်နေရာပေးပြီဖြစ်လေရာ ထိုအရာက အနာဂတ်တွင် တိမ်တောင်အင်ပါယာ၌ထိုပါရမီများကြီးပြင်းလာဖို့ လမ်းကြောင်းတစ်ခုပွင့်လာပြီဟု ဆိုလိုနေခြင်း ဖြစ်သည်။ ဤသို့ဖြင့်အနာဂတ်တွင် ပါရမီရှင်များသည် တိမ်တောင်အင်ပါယာကိုလည်း ရွေးချယ်ကောင်းရွေးချယ်လာမည် ဖြစ်၏။
ထိုကဲ့သို့သော အခြေအနေမျိုးနှင့်ကြုံတွေ့ရချိန်တွင် ဧကရာဇ်မည်ကဲ့သို့ စိတ်မလှုပ်ရှားဘဲ နေနိုင်ပါမည်နည်း။
ထို့အပြင် တောင်ပိုင်းဘုရင်ကလည်း ထိုကိစ္စအတွက် ချီးမြှောက်ခံရမှာ သေချာပေသည်။
ထိုအရာကြောင့် အနာဂတ်တွင် တောင်ပိုင်းဘုရင်၏ရာထူးပင် ပိုပြီးမြင့်လာနိုင်သေး၏။
“စိတ်ချပါ ငါ့ညီ အစ်ကိုအခုပဲဒီကိစ္စကို ကိုင်တွယ်လိုက်မယ် ဆောက်လုပ်ရေးအဖွဲ့ကိုတော့ မင်းနဲ့ပဲထားခဲ့လိုက်မယ် တကယ်လို့ သူတို့ကမလုံလောက်သေးရင် ငါအင်ပါယာကနေ နောက်တစ်သုတ်ထပ်ပို့လိုက်ဦးမယ် …သူတို့အန်းချင်းမြို့ကို ရောက်ဖို့က သိပ်မကြာလောက်ပါဘူး” တောင်ပိုင်းဘုရင်ကျန်းယန်ကို အတတ်နိုင်ဆုံး အကောင်းဆုံးကူညီဖို့ ကြိုးစားနေခဲ့လေသည်။
ကျန်းယန် အားရပါးရရယ်မောလိုက်ကာ
“ကျေးဇူးတင်ပါတယ် အစ်ကို”
ဆောက်လုပ်ရေးအဖွဲ့များပိုများလာလျှင် အိမ်များကိုပိုမြန်မြန်တည်ဆောက်နိုင်မည်ဖြစ်ပြီး သူ့အတွက်ပြင်ဆင်ချိန်လည်းပိုပြီး ရလာပေလိမ့်မည်။
တောင်ပိုင်းဘုရင် အဇူရာတိမ်ဂိုဏ်းတွင်အကြာကြီးမနေခဲ့ပေ။ ကလေးသုံးယောက်ကို ကျန်းယန်နှင့်ထားခဲ့ပြီးသည့်နောက် သူအလျင်အမြန်ပင် ထွက်ခွာသွားခဲ့၏။
ကျန်းယန်ကောင်လေးသုံးယောက်ကိုကြည့်ကာ ညွှန်ကြားလိုက်သည်။
“ဒီနေ့ကစပြီး မင်းတို့ အခြားဂိုဏ်းထဲ၀င်ပြီးသားဂိုဏ်းသားတွေနဲ့ ပူးပေါင်းရမယ် ဂိုဏ်းထဲမှာအိမ်တွေအများကြီးရှိတယ် မင်းတို့နေဖို့ သုံးလုံးရွေးလိုက် မင်းတို့ ခန္ဓာကိုယ်သန့်စင်ခြင်းအောင်မြင်သွားရင်တော့ ဂိုဏ်းကနေ ကျင့်စဉ်တွေရွေးချယ်ခွင့်ရှိမယ်”
သူကောင်လေးသုံးယောက်ကို ပါရမီရှင်များကြားတိုက်ရိုက်ပင် နေရာချထားပေးလိုက်၏။
နောက်ဆုံးတွင် သူတို့ကြားထဲ၌ အသိအကျွမ်းများပင် ရှိနေပြီးဖြစ်သောကြောင့် ထင်မှတ်မထားသော ရလဒ်များပင် ထွက်ပေါ်ကောင်းထွက်ပေါ်လာနိုင်ပေသည်။
ထို့နောက် ကျန်းယန် အဇူရာတိမ်ဈေးကို ပြန်အာရုံစိုက်လိုက်၏။
ယခုအခါသူ့တွင်ဆောက်လုပ်ရေးအဖွဲ့ရှိနေပြီဖြစ်သောကြောင့် အဇူရာတိမ်ဈေးကအလုပ်များကို အင်တိုက်အားတိုက်လုပ်နိုင်ခဲ့ချေပြီ။
“ညီမလေး ကျေးဇူးပြုပြီး ညီလေးကျန်းကို သတင်းသွားပေးလိုက်ပါဦး ဆောက်လုပ်ရေးအဖွဲ့ကို အရှိန်တင်ပြီးသုံး ကုန်ကျစရိတ်ကိုစိတ်ပူစရာမလိုဘူးလို့” ကျန်းယန် စစ်ထူမင်ယွဲ့ကိုပြောလိုက်သည်။
“အစ်ကိုသတင်းဖြန့်ပြီးသွားပြီ မကြာခင် အဇူရာတိမ်ဈေးကို လူတွေရောက်လာကြတော့မယ်
နင်လည်းမိုးပြာလမင်းကုန်သွယ်သမဂ္ဂကိစ္စကို အမြန်စီစဉ်သင့်တယ်”
စစ်ထူမင်ယွဲ့စိတ်၀င်စားစွာ မေးလိုက်၏။
“ဒီအ၀တ်အစားတွေကိုရော”
“ဒါတွေကို တစ်ယောက်ယောက်၀ယ်လိမ့်မယ်လို့ နင်ထင်လား” ကျန်းယန်ပြန်မေးလိုက်သည်။
“အခြားဟာတွေအကြောင်းတော့ ညီမလေးလည်းသေချာမသိဘူး ဒါပေမယ့် ဒီထဲကအချို့ကိုတော့ ၀ယ်ကြမှာသေချာတယ်” စစ်ထူမင်ယွဲ့ စိတ်အေးအေးထားနိုင်အောင်ကြိုးစားပြီး ပြန်ပြောလိုက်၏။
ကျန်းယန်လည်း စိတ်အေးသွားသလိုခံစားလိုက်ရသော်လည်း အနည်းငယ်တော့ ပြဿနာရှိနေသေးဟန်ဖြင့် ပြောလိုက်သည်။
“ငါတို့အထည်ချုပ်ဖို့အလုပ်သမားတွေလည်း မရှာနိုင်သေးဘူး”
စစ်ထူမင်ယွဲ့ပြုံးကာပြောလိုက်သည်။
“ညီမလေးမှာ အကြံတစ်ခုရှိတယ် ဒီကိစ္စကို ယွင်ထန့်ကုန်သွယ်သမဂ္ဂကိုကိုင်တွယ်ခိုင်းလိုက်ရင်ရော တကယ်လို့ အစ်ကိုကြီးသဘောတူရင် ညီမလေး ဦးလေးချင်ကို ယွင်ထန့်အင်ပါယာဆီခရီးတစ်ခေါက်လောက် ထွက်ခိုင်းလိုက်မယ်”
ကျန်းယန်မဆုံးဖြတ်မီ တခဏတွေးတောလိုက်ပြီး ပြောလိုက်၏။
“တကယ်လို့ နင်တို့စစ်ထူမိသားစုက ငါ့ကိုလူတစ်စုလောက်ငှားချင်ရင်တော့ ငါတို့ပူးပေါင်းလို့ရပါတယ် ဒါပေမယ့် အဲ့ဒီလူစုက စစ်ထူမိသားစုကိုမပြန်ခင် အနည်းဆုံးဒီမှာ ၂နှစ်နေရမယ်”
သူစစ်ထူမိသားစုကို ဤအခွင့်အရေးကိုမပေးလိုက်ခင် အရင်ဆုံး အကျိုးအမြတ်ကြီးကြီးရအောင်လုပ်ထားဖို့ လိုပေသည်။
“ပြဿနာမရှိဘူး” စစ်ထူမင်ယွဲ့ခေါင်းညိတ်၍ သဘောတူလိုက်၏။
သူမအဖေတွင်လည်း ရေရှည်ကိုမြင်နိုင်စွမ်းမျိုးရှိလိမ့်မည်ဟု သူမယုံကြည်ပေသည်။
ထို့နောက်တွင်တော့ သူမအဇူရာတိမ်ဈေးသို့သွားကာ ချင်ယွီရှုကိုရှာ၍ အခြေအနေများကို ရှင်းပြလိုက်၏။
တခဏအကြာတွင် ချင်ယွီရှု ယွင်ထန့်အင်ပါယာသို့လျင်မြန်စွာ ပျံသန်းထွက်ခွာသွားခဲ့လေသည်။
ထိုစဉ် စစ်ထူမင်ယွဲ့ကတော့ မိုးပြာလမင်းကုန်သွယ်သမဂ္ဂဌာနချုပ်တည်ဆောက်နေမှုကို ကိုယ်တိုင်ကြီးကြပ်နေပြီး ကျန်းကျစ်ချိုးနှင့်အတူ အဇူရာတိမ်ဧည့်ရိပ်သာတည်ဆောက်မှုတွင်လည်း ပါ၀င်ပေးနေခဲ့၏။
အဇူရာတိမ်ဈေးတစ်ခုလုံးသည် လှုပ်ရှားသွားလာမှုများဖြင့် စည်ကားသိုက်မြိုက်နေခဲ့သည်။
အထူးသဖြင့် အန်းချင်းမြို့မှ တည်ဆောက်ရေးအဖွဲ့သစ်ထပ်မံရောက်ရှိလာသောအခါ အဇူရာတိမ်ဈေးထဲရှိ ရောက်ရှိပြီးသားအလုပ်သမားများနှင့်ပေါင်းပြီး ထောင်ချီသောလူအုပ်ကြီးက အဇူရာတိမ်ဈေးကို နေ့စဉ် မနားမနေ ပြောင်းလဲကြတော့၏။
“နှစ်လ နှစ်လအတွင်းအားလုံးပြီးစီးနေရမယ်” ကျန်းယန်အဇူရာတိမ်ဈေးကို လာရောက်စစ်ဆေးချိန်၌ တင်းကြပ်သောအမိန့်တစ်ခု ချသွားခဲ့သည်။
“အပြင်လူတွေအဇူရာတိမ်ဈေးကိုရောက်လာတဲ့အခါ ငါတို့ သူတို့ကို အဇူရာတိမ်ဈေးရဲ့အခုလိုရှုပ်ပွနေတဲ့အခြေအနေကို မြင်ခွင့်ပေးလို့မဖြစ်ဘူး နောက်လအနည်းငယ်အတွင်း လူတိုင်းမှာ စိတ်ဝိညာဉ်ကျောက်တုံးတွေ ချမ်းသာကြွယ်၀လာရလိမ့်မယ်လို့ ငါအာမခံတယ်”