← Chapters

တည်ဆောက်ရေးအဟုန်

Vol. 4 Ch. 52

တည်ဆောက်ရေးအဟုန်

Vol. 4 Ch. 52

တောင်ပိုင်းဘုရင်သည် ကျန်းယန်အတွက် အန်းချင်းမြို့တွင်ဆောက်လုပ်ရေးအဖွဲ့တစ်ဖွဲ့စီစဉ်ပေးပြီးနောက် မြို့တော်ဆီ ပြန်သွားခဲ့သည်။

သို့သော်လည်း သူမပြန်ခင်တွင် အဇူရာတိမ်ဂိုဏ်းကလျှို့ဝှက်နယ်မြေတစ်ခုဖွင့်မည့်အကြောင်း ရှောင်မိသားစုကို သတင်းပေးခဲ့၏။

သူထိုသတင်းကိုဖြန့်ချင်နေပြီး ရှောင်မိသားစုက အဇူရာတိမ်ဂိုဏ်းနှင့်ပူးပေါင်းထားသောကြောင့် ရှောင်မိသားစုမှစပြီး သတင်းဖြန့်ခဲ့ခြင်းဖြစ်သည်။

ထိုသတင်းကြောင့် ရှောင်ကျန်းချွန်အံ့အားလည်းသင့်သွားသလို ၀မ်းလည်းသာသွားခဲ့၏။

ခြေသလုံးအိမ်တိုင်ကျင့်ကြံသူသာသာ သူတို့လို မိသားစုသေးသေးလေးများအတွက် ဤအရာက အခွင့်အလမ်းတစ်ခု မဟုတ်ပါလော။

ရှောင်ကျန်းချွန်တခဏစဉ်းစားအပြီးတွင် ထိုသတင်းကို သန့်ရှင်းသောလေဂိုဏ်းဆီသို့လည်း မျှဝေပေးဖို့ ဆုံးဖြတ်လိုက်သည်။

ရှောင်မိသားစု၏လက်ရှိအခြေအနေသည် သန့်ရှင်းသောလေဂိုဏ်းနှင့်ကင်းကွာ၍ မရသေးပေ။

အရင်တစ်ခေါက်က အဇူရာတိမ်ဂိုဏ်းနှင့်ညှိနှိုင်းမှု၌ သန့်ရှင်းသောလေဂိုဏ်းကလည်း လျော်ကြေးကို မျှဝေပေးခဲ့၏။ ထို့ကြောင့် ယခုလိုအကျိုးအမြတ်ရှိလာသောအခါတွင်လည်း သူတို့နှင့်မျှဝေသင့်ပေသည်။

ထိုသတင်းကိုကြားသောအခါ သန့်ရှင်းသောလေဂိုဏ်းလည်း အံ့အားသင့်သွားခဲ့၏။

သူတို့သည် ဂိုဏ်းတစ်ဂိုဏ်းဖြစ်သော်လည်း ဝိညာဉ်အခြေတည်အဆင့်တစ်ယောက်ကထောက်ပံ့ပေးထားသော တတိယအဆင့်ဂိုဏ်းလေးတစ်ဂိုဏ်းသာဖြစ်သည်။

ထို့ကြောင့် အကယ်၍များ ရွှေအမြုတေအဆင့်များ၀င်လို့ရသည့် လျှို့ဝှက်နယ်မြေမျိုးရှိနေလျှင် သန့်ရှင်းသောလေဂိုဏ်းက စိတ်အားထက်သန်စွာ ပါ၀င်မည်သာ။

သို့သော်လည်း အဇူရာတိမ်ဂိုဏ်းက ငြိမ်သက်နေတာကြာပြီးမှ ရုတ်တရက်ကြီး အခုလိုလျှို့ဝှက်နယ်မြေထဖွင့်ခြင်းက ထူးတော့ထူးဆန်းနေပေသည်။

နောက်ပြဿနာတစ်ခုမှာ သူတို့သည် အရင်ကအဇူရာတိမ်ဂိုဏ်းနှင့် ပဋိပက္ခဖြစ်ခဲ့ဖူးသောကြောင့် အဇူရာတိမ်ဂိုဏ်းကသူတို့ကို အခွင့်အရေးပေးပါ့မလားဆိုတာ ဖြစ်၏။

အများကြီး စဉ်းစားတွေးတောပြီးနောက် လျန်ဖန့် ရှောင်ကျန်းချွန်ကိုပြောလိုက်သည်။

“မင်းတို့ရှောင်မိသားစုက အဇူရာတိမ်ဂိုဏ်းနဲ့ ပူးပေါင်းထားတာမဟုတ်လား ပူးပေါင်းထားတာက နှစ်လ သုံးလလောက်ရှိနေပြီနော် ကြေးနီရိုင်းအချို့တောင် တူးဖော်ပြီးပြီမဟုတ်လား ဆိုတော့ ကြေးနီရိုင်းလာပို့တာဆိုတဲ့ အကြောင်းပြချက်ကိုသုံးပြီး အဇူရာတိမ်ဂိုဏ်းဆီ တစ်ခေါက်လောက်သွားစစ်ဆေးကြည့်ပါလား တကယ်လို့ သူတို့လျှို့ဝှက်နယ်မြေဖွင့်တာတကယ်ဆိုရင် ငါတို့လည်း ပြင်ဆင်ချိန်ရတာပေါ့”

သူတို့သည် အဇူရာတိမ်ဂိုဏ်းနှင့်နီးသောကြောင့် ရွှေအမြုတေအဆင့်တစ်ယောက်အနေနှင့် ဂိုဏ်းကိုနေ့ချင်းပြန်သွား၍ ရပေသည်။ ထို့ကြောင့် သူတို့အတွက် တိုက်ရိုက်သွားကြည့်လိုက်ခြင်းက အကောင်းဆုံး ဖြစ်၏

ရှောင်ကျန်းချွန်လည်း ထိုအကြံကိုသဘောတူလိုက်ပြီး ကြေးနီရိုင်းများနှင့်အတူ အဇူရာတိမ်ဂိုဏ်းဆီသွားဖို့ ပြင်ဆင်လေတော့သည်။

သူအဇူရာတိမ်ဈေးသို့ရောက်သောအခါ ဈေးကြီးတစ်ခုလုံးက ဆောက်လုပ်ရေးများဖြင့်စည်ကားနေသည်ကိုကြည့်ပြီး ငေးကြောင်သွားခဲ့ဧ။။်

ကြည့်ရသည်မှာ အဇူရာတိမ်ဂိုဏ်းသည် အမှန်တကယ်ပင် ပြောင်းလဲသွားခဲ့သည့်ပုံပင်။

ထို့နောက် ရှောင်ကျန်းချွန် အဇူရာတိမ်ဂိုဏ်း၏ တောင်ဂိတ်တံခါးတွင် နေ့၀က်ခန့်စောင့်ခဲ့ရပြီး လာကြိုမည့်သူဘယ်သူမှပေါ်မလာသောကြောင့် အတော်လေး မကျေမနပ်ဖြစ်လာရသည်။

အတန်ကြာမှ ကျန်းယန် အလောတကြီးရောက်လာခဲ့၏။ သူရောက်လာခဲ့သည်မှာလည်း ချင်းယွင်ကျိက ကြည့်မနေနိုင်တော့၍ ရှောင်ကျန်းချွန်စောင့်နေတာကြာပြီဖြစ်ကြောင်း ကျန်းယန်ကို သတင်‌းပေးလိုက်၍ အလောတကြီးရောက်လာခဲ့ခြင်း ဖြစ်သည်။

“ဆရာရှောင် ကျွန်တော်တကယ်ကိုတောင်းပန်ပါတယ် အဇူရာတိမ်ဂိုဏ်းက အခုနောက်ပိုင်းအရမ်းကိုအလုပ်ရှုပ်နေတော့ ဧည့်ကြိုကိစ္စမှာ လစ်ဟင်းမိသွားတယ် ကျေးဇူးပြုပြီး ကျွန်တော်တို့ကို ခွင့်လွှတ်ပေးပါ” ကျန်းယန် တောင်းပန်စကားပြောလိုက်၏။

တောင်ဂိတ်တံခါးတွင် ဧည့်ကြိုကိစ္စစီစဉ်ဖို့ တပည့်များထားသင့်ကြောင့်လည်း သူနားလည်သွားခဲ့သည်။

ရှောင်ကျန်းချွန် သိပ်မကျေနပ်သော်လည်း အဇူရာတိမ်ဈေးက အခြေအနေများကိုတွေ့ရှိထားပြီးဖြစ်သောကြောင့် ဘာမှတော့မပြောခဲ့ပေ။ သူလွန်ခဲ့‌သောနှစ်လစာတူးဖော်ထားသည့် ကြေးနီရိုင်းများကိုလာပို့ခြင်းဖြစ်သည် ဟူ၍သာ ပြောလိုက်၏။

“အို့ ဒီလိုကိစ္စလေးလောက်နဲ့ ဆရာရှောင်ကိုယ်တိုင်လာစရာမလိုပါဘူး” ကျန်းယန်ပြုံး၍ ပြောလိုက်ကာ

“နောက်ပြီး ခြောက်လတစ်ခါမှလာပို့လို့ရပါတယ်”

ရှောင်ကျန်းချွန်ပြုံး၍ပြန်ပြောလိုက်သည်။

“အခုက ကျွန်တော်တို့ရဲ့ ပထမဆုံးပူးပေါင်းမှုဆိုတော့ ကျွန်တော်လည်းအခြေအနေကို သေချာမသိလို့ပါ အနာဂတ်မှာတော့ ခြောက်လတစ်ခါပဲ လာပို့ပါတော့မယ် စကားမစပ် အမည်ခံဂိုဏ်းသခင်ကျန်း ကျွန်တော်ကြားတာ အဇူရာတိမ်ဂိုဏ်းက လျှို့ဝှက်နယ်မြေတစ်ခု ဖွင့်မလို့ဆို အဲ့မှာ အပြင်လူတွေကိုရော ၀င်ခွင့်ပေးမှာလား”

ကျန်းယန် ရှောင်ကျန်းချွန်ဘာကြောင့်ရောက်လာသလဲ‌နားလည်သွားပြီး ပြုံးကာခေါင်းညိတ်၍ ပြောလိုက်၏။

“ကျွန်တော်တို့ လျှို့ဝှက်နယ်မြေတစ်ခုဖွင့်ဖို့ စီစဉ်ထားပါတယ် ဒါပေမယ့် အစကတော့ ဂိုဏ်းတွေနဲ့တော်၀င်အင်အားစုတွေကိုပဲ ပါ၀င်ခိုင်းဖို့ ကန့်သတ်ထားတယ် အင်အားစုတစ်ခုစီက အခြေခံတည်ဆောက်ခြင်းအဆင့် ၃ ယောက်နဲ့ ရွှေအမြုတေအဆင့် ၃ယောက် ပါ၀င်ခွင့်ရမယ် တကယ်လို့ ၀င်ခွင့်နေရာတွေပိုနေသေးရင်တော့ ခြေသလုံးအိမ်တိုင်ကျင့်ကြံသူတွေကိုလည်း ပါ၀င်ခွင့်ပေးမှာပါ”

ထိုစကားကိုကြားသောအခါ ရှောင်ကျန်းချွန် ၀မ်းသာသွားခဲ့သည်။ အမှန်တကယ်ပင် အခွင့်အလမ်းတစ်ခု ရှိနေခဲ့ချေပြီ။

ရှောင်မိသားစုနှင့်‌သန့်ရှင်းသောလေဂိုဏ်း၏ ကောင်းမွန်သောဆက်ဆံရေးအရ သူ့အတွက်တစ်နေရာစာလောက်တောင်းဖို့က မခက်သင့်ပေ။

သူမရဲတရဲ မေးလိုက်၏။

“ကျွန်တော်တို့မိသားစုနဲ့ သန့်ရှင်းသောလေဂိုဏ်းနဲ့ကဆက်ဆံရေးကောင်းရှ်ိတယ်လေ နောက်ဆုံးအခေါက် ကျွန်တော်တို့အဇူရာတိမ်ဂိုဏ်းနဲ့ပဋိပက္ခလေးတွေဖြစ်တုန်းကလည်း သူတို့က ကျွန်တော်တို့ကို အတော်လေးကူညီထားတယ်….အဲ့တာကြောင့် တကယ်လို့ သူတို့များလျှို့ဝှက်နယ်မြေမှာပါ၀င်ချင်ရင် ဖြစ်နိုင်လောက်လား အမည်ခံဂိုဏ်းသခင်ကျန်း”

“ရတာပေါ့” ကျန်းယန် ချက်ချင်းသဘောတူလိုက်သည်။

“၀င်ကြေးက တစ်ယောက်ကို စိတ်ဝိညာဉ်ကျောက်တုံး တစ်သောင်းပါ ၀င်ကြေးပေးတာနဲ့ ဘယ်ဂိုဏ်းပဲဖြစ်ဖြစ် ဘယ်အင်အားစုပဲဖြစ်ဖြစ် ပါ၀င်လို့ရတယ် ငြိမ်နေတာလည်းကြာပြီဆိုတော့ အခုက အဇူရာတိမ်ဂိုဏ်းအတွက် စိတ်လှုပ်ရှားစရာလေးတွေ ပြန်ရဖို့ အချိန်ရောက်ပြီလေ

နောက်ပြီးတော့ သန့်ရှင်းသောလေဂိုဏ်းနဲ့ နားလည်မှုလွဲတဲ့ကိစ္စကိုလည်း ဖြေရှင်းပြီးတာကြာပါပြီ ကျွန်တော်တို့က သန့်ရှင်းသောလေဂိုဏ်းကိုလည်း လျှို့ဝှက်နယ်မြေမှာ ပါ၀င်ဖို့ ကြိုဆိုပါတယ်”

“ကျေးဇူးတင်ပါတယ် အမည်ခံဂိုဏ်းသခင်ကျန်း” ရှောင်ကျန်းချွန် အမြန်ပြောလိုက်သည်။

“ဒါဆို ကျွန်တော်သန့်ရှင်းသောလေဂိုဏ်းကို အခုပဲ သတင်းသွားပေးလိုက်တော့မယ်နော် သူတို့လည်း ပြင်ဆင်ချိန်ပိုရတာပေါ့”

စကားအနည်းငယ်ပြောပြီးသည့်နောက်တွင် ရှောင်ကျန်းချွန် ထွက်ခွာသွားခဲ့၏။

သန့်ရှင်းသောလေဂိုဏ်းလည်း သတင်းလက်ခံရရှိပြီးသောအခါ သူတို့ကိုယ်တိုင်ပြင်ဆင်သည့်အပြင် သူတို့မဟာမိတ်ဂိုဏ်းများကိုလည်း ဤသတင်းပေးလိုက်လေသည်။

ဤသို့ဖြင့် သတင်းက လျင်မြန်စွာ ပျံ့နှံ့သွားခဲ့၏။

အဇူရာတိမ်ဂိုဏ်းက လျှို့ဝှက်နယ်မြေတစ်ခုဖွင့်မှာလား!

ဂိုဏ်းများ အင်အားစုများက ထိုသတင်းအကြောင်း စတင်ပြောဆိုကုန်ကြတော့သည်။

သို့သော် အသေးစိပ်အချက်အလက်များကိုတော့ မသိခဲ့ကြပေ။

“အဇူရာတိမ်ဂိုဏ်းဆီ စပ်စုဖို့ လူလွှတ်လိုက်ကြတာပေါ့ ခရီးတစ်ခုလောက်က အရမ်းလည်းမကြာပါဘူး လိုအပ်ရင် ပြင်ဆင်ဖို့ ငါတို့မှာလအနည်းငယ်လည်း အချိန်ရှိနေသေးတာပဲ”

ဂိုဏ်းပေါင်းများစွာက ထိုသတင်းကိုအတည်ပြုရန် အဇူရာတိမ်ဂိုဏ်းဆီ လူတစ်သုတ်စီ လွှတ်ခဲ့ကြ၏။

‌တိမ်တောင်အင်ပါယာမြို့တော်တွင် ဧကရာဇ်လီရှီချင်း တောင်ပိုင်းဘုရင်ဆီမှ ထိုသတင်းကိုကြားရသောအခါ အံ့အားတကြီး ပြန်မေးလိုက်သည်။

“ဒီသတင်းက အမှန်ပဲလား”

“အရှင်မင်းကြီး သတင်းကိုအတည်ပြုပြီးပါပြီ သတင်းကမှန်ပါတယ်” တောင်ပိုင်းဘုရင် အမြန်ပြောလိုက်၏။

“ကျွန်တော်တို့တိမ်တောင်အင်ပါယာလည်း သုံးနေရာစာ ရခဲ့ပါတယ်”

“အံ့ဖွယ်ပဲ!” ဧကရာဇ်စိတ်လှုပ်ရှားစွာ ထရပ်လိုက်လေသည်။

“ငါကိုယ်တော်ဒီသတင်းကို ချက်ချင်း ထုတ်ပြန်ရမယ် ဒီတစ်ကြိမ်ငါတို့ ခြေသလုံးအိမ်တိုင် ကျွမ်းကျင်သူအချို့ကိုခေါ်နိုင်ဖို့ ဒီအခွင့်အရေးကို အသုံးချလို့ရတယ်”

သူတခဏတွန့်ဆုတ်သွားပြီးနောက် တောင်ပိုင်းဘုရင်ကိုတစ်ချက်ကြည့်ကာ

“မင်းကောင်းကောင်းလုပ်ခဲ့တာဆိုတော့ ဒီတစ်ကြိမ် သုံးနေရာထဲကတစ်နေရာက မင်းအတွက်ပါပဲ စိတ်မပူပါနဲ့”

တောင်ပိုင်းဘုရင် ရှက်ကိုးရှက်ကန်းပြုံးလိုက်ကာ

“အရှင်မင်းကြီး ကျွန်တော်မျိုးနဲ့ အဇူရာတိမ်ဂိုဏ်းနဲ့ပူးပေါင်းထားမှုကြောင့် အဇူရာတိမ်ဂိုဏ်းက ကျွန်တော့်ကို ဒီသတင်းကို လွှင့်ခိုင်းပြီး တစ်နေရာစာလည်း ပေးခဲ့ပါတယ် ကျွန်တော်သာလက်ခံလိုက်ရင် ကျွန်တော်တို့အင်ပါယာအတွက် တစ်နေရာစာပိုရလာလိမ့်မယ်လို့ တွေးမိပြီး ကျွန်တော်လည်း လက်ခံခဲ့ပါတယ်”

ဧကရာဇ်တောင်ပိုင်းဘုရင်ကိုအဓိပ္ပာယ်ပါပါတစ်ချက်ကြည့်လိုက်ပြီး အားရပါးရရယ်မောလိုက်လေသည်။

“အပိုတစ်နေရာစာ ရတာက ငါတို့အင်ပါယာအတွက် ကောင်းချီးပါပဲ ငါကမင်းကိုဘာလို့အပြစ်တင်ရမှာလဲ”

“စိတ်ချပါ အရှင်မင်းကြီး ကျွန်တော်မျိုးက အမြဲတိမ်တောင်အင်ပါယာကိုပဲ သစ္စာရှိနေမှာပါ” တောင်ပိုင်းဘုရင် အမြန်စိတ်ချဖို့ ပြောလိုက်၏။

“စိတ်အေးအေးထားပါ ငါမင်းကိုယုံပါတယ်” ဧကရာဇ်ပြန်ထိုင်လိုက်ကာ ပြောလိုက်သည်။

“‌ဒီသတင်းကို အခြားဂိုဏ်းတွေဆီလည်းရောက်အောင်ဖြန့်ပြီးရင် ပြင်ဆင်ကြစို့ အချိန်ကျလာရင် ငါတို့အဇူရာတိမ်ဂိုဏ်းဆီ သွားကြမယ်”

“ဟုတ်ကဲ့ပါ အရှင်မင်းကြီး” တောင်ပိုင်းဘုရင်လည်း ပြောပြီး ထွက်ခွာလာခဲ့၏။

ဧကရာဇ် ထွက်ခွာသွားသောတောင်ပိုင်းဘုရင်၏နောက်ကျောကိုကြည့်ကာ အတန်ကြာဘာမှမပြောဘဲ အတွေးနွံထဲ နစ်နေခဲ့လေသည်။

ကောင်းကင်ဒဏ္ဍာရီဂိုဏ်းတွင် စုမင်ယန် မျက်မှောင်ကြုံ့နေခဲ့ကာ

“အဇူရာတိမ်ဂိုဏ်းက လျှို့ဝှက်နယ်မြေတစ်ခု ဖွင့်တာလား သူတို့ရဲ့ရည်ရွယ်ချက်က ဘာများလဲ”

“ကျွန်တော်ထင်တာတော့ သူတို့က သူတို့လွှမ်းမိုးမှုကို တိုးတက်အောင်ကြိုးစားနေတာထင်တယ်” တုန်လု တွေးဆကာ ပြောလိုက်၏။

“အဇူရာတိမ်ဂိုဏ်းက လူတွေရဲ့အမြင်ကနေ ပျောက်နေတာကြာပြီဆိုတော့ သူတို့က ဒီတစ်ကြိမ်လျှို့ဝှက်နယ်မြေဖွင့်ပြီး လူတိုင်းရဲ့အာရုံကို ပြန်ဆွဲဆောင်လိုက်တဲ့ပုံပဲ ကြည့်ရတာ အကြာကြီးငြိမ်နေတဲ့ အဇူရာတိမ်ဂိုဏ်းက ပြန်လာပြီထင်တယ်”

စုမင်ယန် အေးစက်စက်နှာခေါင်းရှုံ့လိုက်ကာ

“ပါရမီရှင်တွေ ဒါဇင်နဲ့ချီပြီး ‌ခေါ်ထားလိုက်နိုင်တာက သူတို့ကို ယုံကြည်မှုပြန်ရှိသွားစေတာနေမှာပေါ့ ဒါပေမယ့် အဲ့ဒီပါရမီရှင်တွေထဲက အချို့က ငါတို့လူတွေဆိုတာ သူတို့မသိရှာဘူး”

တုန်လု ခပ်ဟဟရယ်မောလိုက်ကာ

“အချိန်ကျလာရင် အဇူရာတိမ်ဂိုဏ်းကထပ်ပြီး ပြိုကွဲသွားဦးမှာပါ ဒီတစ်ကြိမ်တော့ ကျွန်တော်တို့ ပြဿနာမရှိဘဲ အဇူရာတိမ်ဂိုဏ်းနဲ့ပူးပေါင်းပြီး သူတို့ကို တောက်ပခိုင်းလိုက်တာပေါ့ နှစ် ၂၀ ဒါမှမဟုတ် နှစ်၃၀ လောက်ကြာလို့ ကျွန်တော်တို့လူတွေက အဇူရာတိမ်ဂိုဏ်းရဲ့ ကျောရိုးတွေဖြစ်လာတဲ့အချိန်ကျမှ ကိစ္စကြီးတွေ ဖြစ်လာလိမ့်မယ် ကျွန်တော်တို့ အဲ့လောက်ကြာတဲ့ထိ စောင့်နိုင်ပါတယ်”

သူတို့ဆွေးနွေးတိုင်ပင်ပြီးသည့်နောက် ကောင်းကင်ဒဏ္ဍာရီဂိုဏ်းက အဇူရာတိမ်ဂိုဏ်းနှင့်ပူးပေါင်းဖို့ဆုံးဖြတ်လိုက်ပြီး အဇူရာတိမ်ဂိုဏ်းသတင်းကို အဝေးရှိနေရာများသို့ပင် ဖြန့်ပေးလိုက်လေသည်။

All Chapters