← Chapters

လူချေးငှားခြင်း

Vol. 4 Ch. 53

လူချေးငှားခြင်း

Vol. 4 Ch. 53

ယွင်ထန့်အင်ပါယာတွင်

ချင်ယွီရှု စစ်ထူမိသားစုသို့ပြန်လာခဲ့ပြီး မိသားစုခေါင်းဆောင် စစ်ထူဟောင်နန်နှင့်တွေ့ဆုံခဲ့၏။

“ဆရာချင် ဘာလို့ပြန်လာတာလဲ” စစ်ထူဟောင်နန် ချင်ယွီရှုကိုကြည့်ကာ အံ့အားသင့်သွားဟန်ဖြင့် မေးလိုက်သည်။

“ကျွန်တော့်သမီးတစ်ခုခုဖြစ်လို့လား”

တကယ်လို့ စစ်ထူမင်ယွဲ့တစ်ခုခုဖြစ်မသွားလျှင် အဘယ်ကြောင့် ချင်ယွီရှုကခွင့်ပြုချက်မရှိဘဲ သူမကိုတစ်ယောက်တည်းထားခဲ့ကာ ထွက်လာရပါမည်နည်း။

“သခင်မလေးရဲ့လုံခြုံရေးကိုစိတ်ပူစရာမလိုတော့ပါဘူး” ချင်ယွီရှု ပြုံးကာ ပြောလိုက်၏။

“သူကအခုအဇူရာတိမ်ဂိုဏ်းထဲ၀င်သွားပြီ အဲ့ဒီမှာတပည့်တစ်ယောက်ဖြစ်နေပြီ”

စစ်ထူဟောင်နန်မျက်မှောင်ကြုံ့သွားခဲ့သည်။ ခွန်အားအကန့်အသတ်ရှိသော အဇူရာတိမ်ဂိုဏ်းက တကယ်ပဲ သူ၏သမီးကိုကာကွယ်ပေးနိုင်ပါမည်လော။

သူ့သမီး၏အန္တရာယ်က လန်ကျားအထွတ်အမြတ်မြေမှလာခြင်း ဖြစ်၏။

လန်ကျားအထွတ်အမြတ်မြေက ကောင်လေးသည် လူကောင်းတစ်ယောက်မဟုတ်သောကြောင့် သူသူ့သမီးကို လန်ကျားအထွတ်အမြတ်မြေသို့ မပို့ချင်ခဲ့ပေ။ သို့သော် သူ့ခွန်အားဖြင့် လန်ကျားအထွတ်အမြတ်မြေကိုလည်း မဆန့်ကျင်နိုင်သောကြောင့် အခုလို သူ့သမီးကိုထွက်ပြေးခိုင်းလိုက်ရခြင်း ဖြစ်ပေသည်။

အခုတော့ မျှော်လင့်မထားဘဲ စစ်ထူမင်ယွဲ့က အဇူရာတိမ်ဂိုဏ်းထဲ၀င်သွားခဲ့သည်တဲ့လား။

အဇူရာတိမ်ဂိုဏ်းသည် လွန်ခဲ့သောနှစ်တစ်ထောင်တုန်းက အလွန်စွမ်းအားကြီးခဲ့တာကိုတော့ သူ၀န်ခံရပေမည်။

သို့သော်လည်း အခုက လွန်ခဲ့သောနှစ်တစ်ထောင်မဟုတ်တော့ပေ။ နှစ်ပေါင်းများစွာ ကျဆင်းပြီးနောက် ယခုအခါအဇူရာတိမ်ဂိုဏ်းသည် ဒုတိယတန်းစားဂိုဏ်းတစ်ခုဟုပင် သတ်မှတ်၍မရတော့ပေ။

သူစိတ်မကျေမနပ်ဖြစ်သွားပြီး ပြောလိုက်၏။

“ဆရာချင် ကျွန်တော့်သမီးကိုကာကွယ်ဖို့ပြောခဲ့တုန်းက သူ့အနားကလုံး၀မခွာဖို့ ကျွန်တော်ပြောခဲ့တယ်မဟုတ်လား အခုတော့ အားလုံးက ကျွန်တော်တို့နဂိုအစီအစဉ်ကနေ သွေဖယ်ကုန်ပြီ”

ချင်ယွီရှု စစ်ထူဟောင်နန်၏ မကျေနပ်မှုကို သတိပြုမိပေသည်။ စစ်ထူဟောင်နန် သူ့သမီးကိုအစိုးရိမ်လွန်နေသောကြောင့်သာ ယခုလိုဖြစ်နေမှန်းသိသောကြောင့် သူစိတ်ထဲမထားခဲ့ပေ။ ထို့နောက် သူဆန်းကြယ်စွာပြုံးကာ ပြောလိုက်၏။

“သခင်ကြီး ကျွန်တော်နတ်ဝိညာဉ်အဆင့်ကိုရောက်သွားပြီ!”

“ဟမ်” စစ်ထူဟောင်နန်ကြောင်အသွားခဲ့သည်။

ချင်ယွီရှုသည် ဝိညာဉ်အခြေတည်အဆင့်တွင် နှစ်ပေါင်းများစွာကြာအောင်ပိတ်မိနေတာကို သူသိ၏။ အခုတော့ ဘယ်လိုလုပ် နတ်ဝိညာဉ်အဆင့်ကို ရောက်သွားရပါသနည်း။

ထို့အပြင် ထိုအကြောင်းကိုထုတ်ပြောလိုက်ခြင်းက သူ့ကိုခြိမ်းခြောက်လို၍ပေလော။

သူချင်ယွီရှုကိုကြည့်လိုက်ကာ မထူးခြားဟန်ဖြင့် ပြောလိုက်၏။

“ဒါဆိုရင်တော့ ဆရာချင်ကိုဂုဏ်ပြုရမှာပဲ နှစ်ပေါင်းများစွာကြာပြီးတဲ့နောက် ဆရာချင်ရဲ့ဆန္ဒတွေပြည့်၀သွားပြီပေါ့”

“ကျွန်တော်ဘာလို့ နတ်ဝိညာဉ်အဆင့်ကိုရောက်သွားလဲ သခင်ကြီးစိတ်မ၀င်စားဘူးလား” ချင်ယွီရှုပြုံးကာ မေးလိုက်သည်။

“ဘာလို့လဲ” စစ်ထူဟောင်နန် စိတ်ရှည်လက်ရှည်မေးလိုက်၏။

ချင်ယွီရှုလည်း တခဏရပ်လိုက်ပြီးမှ ပြန်ဖြေလိုက်သည်။

“ဒီတစ်ကြိမ် သခင်မလေးက အဇူရာတိမ်ဂိုဏ်းထဲ၀င်သွားတော့ သူ့ကျေးဇူးနဲ့ကျွန်တော်လည်း အဇူရာတိမ်ဂိုဏ်း ဂိုဏ်းသခင်နဲ့တွေ့ခွင့်ရခဲ့တယ် သူ့လမ်းညွှန်မှုအောက်မှာ ကျွန်တော်နတ်ဝိညာဉ်အဆင့်ကိုရောက်သွားတာပဲ သခင်မလေးဆရာကလည်း သူကလွဲပြီးအခြားမဟုတ်ဘူး”

စစ်ထူဟောင်နန် ပင့်သက်မရှိုက်ဘဲ မနေနိုင်ခဲ့ပေ။ ဝိညာဉ်အခြေတည်အဆင့်တစ်ယောက်ကို နတ်ဝိညာဉ်အဆင့်သို့ရောက်အောင်လမ်းပြနိုင်သူက နတ်ဝိညာဉ်အဆင့်အောက်မနိမ့်နိုင်ကြောင်း သူသိ၏။ ထိုသူက ပိုပြီးပင်မြင့်နေနိုင်သေးသည်။

သူ့သမီးက ထိုကဲ့သို့သောပုဂ္ဂိုလ်ကြီးတစ်ယောက်၏တပည့်ဖြစ်လာခြင်းမှာ ကောင်းသောအရာသာဖြစ်၏။

နှစ်ပေါင်းများစွာ ကျဆင်းပြီးချိန်မှာပင် အဇူရာတိမ်ဂိုဏ်း၌ ထိုကဲ့သို့သောခွန်အားမျိုး ကျန်ရှိနေသေးခြင်းပေလော။

ချင်ယွီရှုပြုံးကာ ပြောလိုက်သည်။

“သခင်မလေးက တပည့်တစ်ယောက်ဖြစ်လာဖို့ကို အလောတကြီးဆုံးဖြတ်ခဲ့တာမဟုတ်ပါဘူး လွန်ခဲ့တဲ့ ဆယ်စုနှစ်အနည်းငယ်တုန်းက အဇူရာတိမ်ဂိုဏ်းမှာ တိုက်ပွဲတစ်ခုဖြစ်ခဲ့တယ် အဇူရာတိမ်ဂိုဏ်းသခင် ချင်းယွင်ကျိနဲ့ လန်ကျားအထွတ်အမြတ်မြေက အကြီးအကဲ တန်ချိုးရွှေတို့ကြားကတိုက်ပွဲပဲ

အဲ့ဒီတိုက်ပွဲအကြောင်း အပြင်လူတွေမသိရတဲ့ အကြောင်းအရင်းက အဲ့ဒီတိုက်ပွဲမှာ ချင်းယွင်ကျိက တန်ချိုးရွှေကို ချေမွပစ်လိုက်တဲ့အပြင် သူ့ကို အဇူရာတိမ်ဂိုဏ်းရဲ့ မိုင်တစ်သောင်းနယ်မြေအတွင်း၀င်မလာအောင်တောင် နှင်ထုတ်ခဲ့လို့ပဲ

အဲ့တာကြောင့် သခင်မလေးက အဇူရာတိမ်ဂိုဏ်းကို၀င်ဖို့ ဆုံးဖြတ်ခဲ့တာပါ

အဲ့ဒီလို၀င်ဖို့ သူမက စိတ်ဝိညာဉ်ကျောက်တုံးတစ်သန်းတောင်ပေးခဲ့ရသေးတယ်”

“ကောင်းတယ်!” စစ်ထူဟောင်နန် ထရပ်ကာ ကျယ်လောင်စွာမချီးကျူးဘဲ မနေနိုင်ခြဲပေ။ သူခန်းမထဲတွင် စိတ်လှုပ်ရှားစွာ လမ်းထလျှောက်လိုက်ပြီးမှ ပြန်ထိုင်လိုက်ပြီး ပျော်ရွှင်စွာ ပြောလိုက်၏။

“အဲ့ဒီလိုပုဂ္ဂိုလ်ကြီးတစ်ယောက်ရဲ့ တပည့်ဖြစ်ဖို့အတွက်ဆို စိတ်ဝိညာဉ်ကျောက်တုံးတစ်သန်းလောက်သုံးရတာက ဘာအရေးလဲ စစ်ထူမိသားစုအတွက် အဲ့လောက်ကဘာမှမဟုတ်ဘူး

ငါနောက်ဆုံးတော့ ငါ့နှလုံးသားထဲက ၀န်ထုပ်၀န်ပိုးကြီးကိုပယ်ထုတ်နိုင်ခဲ့ပြီ သူမအတွက်စိတ်ပူစရာမလိုတော့ဘူး”

အဇူရာတိမ်ဂိုဏ်းတွင် ထိုကဲ့သို့သော ခွန်အားမျိုးရှိနေလိမ့်မည်ဟု သူတကယ်ထင်မထားခဲ့မိပေ။

ထိုအရာက တန်ချိုးရွှေ ဖြစ်၏။

ထိုသူပင် တိုက်ပွဲတွင် တိုးတိုးတိတ်တိတ်ချေမွပစ်ခံခဲ့ရသည်။

ထိုကိစ္စသက်သက်ပဲဆိုရင်တောင် သူအဇူရာတိမ်ဂိုဏ်း၏ခွန်အားအပေါ် သံသယရှိကောင်းရှိနေပေးဦးမည်။

သို့သော် နှစ်ပေါင်းများစွာ ဝိညာဉ်အခြေတည်အဆင့်တွင်ပိတ်မိနေသော ချင်ယွီရှုက ချင်းယွင်ကျိ၏လမ်းပြပေးမှုဖြင့် နတ်ဝိညာဉ်အဆင့်သို့ ရောက်ရှိသွားခဲ့၏။

ထိုအခါတွင်တော့ သူ့တွင်သံသယလုံး၀မရှိတော့ပေ။

အတန်ကြာသောအခါ စစ်ထူဟောင်နန်‌ စိတ်အေးအေးထားကာ ပြောလိုက်သည်။

“ဆရာချင် အဇူရာတိမ်ဂိုဏ်း ဂိုဏ်းသခင်နဲ့တွေ့ပြီးပြီလား”

ချင်ယွီရှု ခေါင်းညိတ်ပြလိုက်ကာ ခံစားချက်အပြည့်ဖြင့် ပြောလိုက်၏။

“သခင်မလေးကိုကာကွယ်ရင်း ဒီလိုအခွင့်အလမ်းမျိုးနဲ့ကြုံရလိမ့်မယ်လို့ ကျွန်တော်တစ်ခါမှ တွေးမထားခဲ့ဖူးဘူး”

“သူကဘာနဲ့တူလဲ” စစ်ထူဟောင်နန် စိတ်၀င်တစား မေးလိုက်သည်။

“ကမ္ဘာမြေပေါ်ဆင်းသက်လာတဲ့ တကယ့်အမတတစ်ပါးလိုပဲ” ချင်ယွီရှု ပြတ်ပြတ်သားသားပြောလိုက်၏။

“သခင်ကြီး ကျွန်တော်တို့တွေ အရင်က တာအိုပေါင်းစည်းခြင်းအဆင့်ကျင့်ကြံသူကို တွေ့ဖို့အခွင့်အရေးမရခဲ့ဖူးဘူး အဝေးကနေပဲ မြင်ခဲ့ဖူးတာ

ဒါပေမယ့် အဇူရာတိမ်ဂိုဏ်း ဂိုဏ်းသခင်က အခြားတာအိုပေါင်းစည်းခြင်းအဆင့်တွေထက်ကို အများကြီး သာလွန်တယ် သူ့သင်ကြားမှုကို ခံလိုက်ရရုံနဲ့ ကျွန်တော်သူ့ကိုဆန့်ကျင်ဖို့ လုံး၀မတွေးရဲတော့ဘူး သူနဲ့ရန်သူဖြစ်ဖို့တော့ ပြောစရာတောင်မလိုဘူး သူ့ဆီမှာ ကောင်းကင်တွေအရောင်ပြောင်းပြီး ပင်လယ်တွေက ရွှံ့တောကြီးတွေဖြစ်သွားတာမျိုးကို ကျွန်တော်မြင်ခဲ့ရတယ် အဲ့ဒီမြင်ကွင်းက စိတ်ကူးကြည့်လို့တောင်မရဘူး”

စစ်ထူဟောင်နန်အတွေးနွံနစ်သွားပြီး တစ်ယောက်တည်းတီးတိုးရေရွတ်လိုက်၏။

“အဲ့တာက တကယ်ပဲကြောက်စရာကောင်းတာပဲ”

အတန်ကြာသောအခါမှ သူသတိပြန်၀င်သွားပြီး ပြုံးကာပြောလိုက်သည်။

“ကြောက်စရာကောင်းလေ ကောင်းလေပဲ အခုသူကငါ့သမီးရဲ့ဆရာဆိုတော့ ငါတို့အတွက်ကောင်းတာပဲ စကားမစပ် ဆရာချင်လည်း နတ်ဝိညာဉ်အဆင့်ကိုရောက်သွားပြီဆိုတော့ ကျွန်တော်တို့ဘက်က ဆရာချင့်အတွက် ထောက်ပံ့ကြေးကို တိုးပေးရမှာပေါ့ အခုကစပြီး နှစ်စဉ်ထောက်ပံ့ငွေကို စိတ်ဝိညာဉ်ကျောက်တုံး ၂သိန်းအထိတိုးပေးလိုက်မယ် မိသားစုက ဆရာချင့်အတွက် အကောင်းဆုံးဆိုတဲ့ အရင်းအမြစ်တွေသုံးပြီး ထောက်ပံ့ပေးမယ်”

“ကျေးဇူးတင်ပါတယ် သခင်ကြီး ဒါပေမယ့် ကျွန်တော်အနာဂတ်မှာ စစ်ထူမိသားစုမှအကြာကြီးမနေနိုင်မှာတော့ ကြောက်မိပါတယ်” ချင်ယွီရှု ခြောက်ကပ်ကပ်ပြုံးကာ ပြောလိုက်လေသည်။

“ဟမ်” စစ်ထူဟောင်နန် အမြန်ပြန်မေးလိုက်၏။

“ခင်ဗျား ထွက်သွားတော့မှာလား”

ချင်ယွီရှု သက်ပြင်းချလိုက်ကာ စစ်ထူဟောင်နန်ကိုအကူအညီမဲ့စွာ ပြန်ကြည့်လိုက်ပြီး

“သခင်ကြီး သခင်ကြီးရဲ့သမီးက ကုန်သွယ်သမဂ္ဂတစ်ခုထောင်ထားတယ် ပြီးတော့ သူကအဲ့ဒီကုန်သွယ်သမဂ္ဂကို မကြီးကြပ်နိုင်ဘူးဆိုတော့ ကျွန်တော်ကတာ၀န်ယူပေးရမယ် အဲ့တာကြောင့် ကျွန်တော်ပြန်လာလို့မရနိုင်တာပါ”

စစ်ထူဟောင်နန်ရယ်မောလိုက်လေသည်။

“အဲ့တာအတူတူပဲမဟုတ်ဘူးလား စိတ်မပူပါနဲ့ ကုန်သွယ်သမဂ္ဂကိုကြီးကြပ်ဖို့ ငါဒီကနေ လူနည်းနည်းပို့ပေးလိုက်မယ်”

“မတူပါဘူး” ချင်ယွီရှု ခေါင်းယမ်းလိုက်ကာ

“အဲ့ဒီကုန်သွယ်သမဂ္ဂကို မိုးပြာလမင်းကုန်သွယ်သမဂ္ဂလို့ခေါ်ပါတယ် အဇူရာဂိုဏ်းနဲ့သခင်မလေးတို့ ပူးတွဲပိုင်ကြတာပါ တကယ်တော့ အဇူရာတိမ်ဂိုဏ်းက အဓိကအပိုင်းတွေကို ပိုင်တာပါ”

“ဘယ်လို” ဤအချိန်ခဏအတွင်း အံ့အားသင့်ရမှုများက သူ့တစ်ဘ၀လုံးအံ့အားသင့်ခဲ့ရသည်များထက်ပင် များနေပြီဟု စစ်ထူဟောင်နန်ခံစားလိုက်ရသည်။

သူမပြုံးဘဲ မနေနိုင်တော့ဘဲ ပြောလိုက်၏။

“ဒီကောင်မလေးက စီးပွားရေးအကြောင်းနည်းနည်းပဲသိတာပါ သူအာရုံစိုက်နိုင်မှာလည်းမဟုတ်ဘူး သူကဘာတွေများသိနေလို့လဲ အဇူရာတိမ်ဂိုဏ်းကတကယ်ကြီး သူမကို အဲ့လိုကစားခွင့်ပေးထားတယ်လား”

ချင်ယွီရှုပြုံးလိုက်သည်။

“သခင်ကြီး သခင်ကြီးဂရုစိုက်သင့်တယ်နော် နှစ်အနည်းငယ်အတွင်း ကျွန်တော်တို့က ပြိုင်ဘက်တွေဖြစ်လာနိုင်တယ် အို့ ကျွန်တော်မပြောရသေးတာ ကျန်သေးတယ် သခင်မလေးမှာ စီနီယာအစ်ကိုတစ်ယောက်ရှိတယ် သူကလည်း ဂိုဏ်းသခင်ရဲ့တပည့်ပဲ အဲ့ဒီကောင်က….အတော်လေး ဆန်းကြယ်တယ်”

စစ်ထူဟောင်နန်ခပ်ဟဟရယ်မောလိုက်ပြီး ထိုကိစ္စကို အလေးအနက်မထားခဲ့ပေ။

ယွင်ထန့်ကုန်သွယ်သမဂ္ဂသည် ကုန်သည်လောကကိုလွှမ်းမိုးလာတာ နှစ်တစ်ရာရှိပြီဖြစ်ပြီး ဘယ်သူကသူတို့နှင့်အလွယ်တကူယှဉ်ပြိုင်နိုင်ပါမည်နည်း။

အဇူရာတိမ်ဂိုဏ်းကတပည့်က ပါရမီကောင်းလောက်မှာကို သူ၀န်ခံသော်လည်း စီးပွားရေးဆိုသည်မှာ စွမ်းအားကြီးရုံနဲ့ အောင်မြင်နိုင်သောအရာမဟုတ်ပေ။

“ဆရာချင် ဒီတစ်ခေါက်ပြန်လာတာ လိုအပ်တာတစ်ခုခုရှိလို့လား” စစ်ထူဟောင်နန် ပြိုင်ဘက်အကြောင်းမပြောချင်သောကြောင့် စကားလမ်းကြောင်းပြောင်းလိုက်၏။

ချင်ယွီရှုလည်း သူ့ရည်ရွယ်ချက်ကို ထုတ်ပြောလိုက်သည်။

“ဒီတစ်ခေါက်ပြန်လာတာမှာ ကိစ္စနှစ်ခုပါလာခဲ့ပါတယ် တစ်ခုကတော့ လူချေးငှားဖို့ပါ မိုးပြာလမင်းကုန်သွယ်သမဂ္ဂက စစ်ထူမိသားစုဆီကနေ ကျွမ်းကျင်စက်ချုပ်သမားတစ်ဖွဲ့လောက်ကို နှစ်နှစ်လောက်ငှားချင်နေပါတယ် တန်ဖိုးအနေနဲ့ကတော့ စက်ချုပ်သမားတစ်ယောက်ကို စိတ်ဝိညာဉ်ကျောက်တုံး ၁သိန်းပေးမှာပါ”

စစ်ထူဟောင်နန် လက်ကာပြလိုက်ကာ

“ငါစက်ချုပ်သမားနည်းနည်းပို့ပေးလိုက်မယ် ပိုက်ဆံကိစ္စကတော့ မေ့ထားလိုက် စစ်ထူမိသားစုက ပိုက်ဆံမရှားဘူး”

ချင်ယွီရှု လေးလေးနက်နက်ပြောလိုက်၏။

“ကျွန်တော်တို့မှာ ဆက်ဆံရေးကောင်းရှိတယ်ဆိုပေမယ့် ငွေကြေးကိစ္စတွေဆိုတာက ရှင်းလင်းထားမှသာ မိတ်ဆွေကောင်းတွေဖြစ်စေနိုင်တာပါ ပိုက်ဆံကိုတော့ ချေကိုချေရမယ် နောက်ပြီး ကျွန်တော်တို့က စက်ချုပ်သမား ၃၀ လိုချင်တာပါ တိုးလည်းမတိုးဘူး လျော့လည်းမလျော့ဘူး”

“သုံးဆယ်လား”

ထိုအရာက စိတ်ဝိညာဉ်ကျောက်တုံး သုံးသန်းမဟုတ်ပါလော။

ဤသို့ဆိုလျှင်တော့ စစ်ထူဟောင်နန်ပေါ့ပေါ့တန်တန်သဘောထား၍ မဖြစ်တော့ပေ။ သူ့အတွက် စိတ်ဝိညာဉ်ကျောက်တုံး သုံးသန်းက မများလှသော်လည်း အလုပ်ကအလုပ်သာ ဖြစ်၏။

သူတခဏတွေးတောလိုက်ပြီးနောက် ပြောလိုက်သည်။

“ငါစက်ချုပ်သမားတွေ ပိုပေးလို့ရတယ် ဒါပေမယ့် ငါတို့စာချုပ်တော့ ချုပ်ရမယ် စက်ချုပ်သမားတွေကို ၂နှစ်အတွင်းပြန်ပို့ရမယ်”

“ပြဿနာမရှိပါဘူး” ချင်ယွီရှု စာချုပ်တစ်စောင် ထုတ်လိုက်၏။

“စာချုပ်ကပြင်ပြီးသားပါ သခင်ကြီးတစ်ချက်လောက်ကြည့်လိုက်ပါဦး ဒါပေမယ့် ပိုက်ဆံကိုတော့ အခုမချေနိုင်သေးဘူး နောက်ခြောက်လအတွင်း ချေပေးပါ့မယ်”

စစ်ထူဟောင်နန် ပြောစရာစကားမဲ့သွားခဲ့ရသည်။

သို့သော် သူတွက်ကပ်မနေတော့ပေ။ နောက်ဆုံးတွင် ဤကိစ္စ၌ သူ့သမီးလည်းပါနေသည် မဟုတ်ပါလော။

“ဒုတိယကိစ္စကရော” စစ်ထူဟောင်နန် ဆက်မေးလိုက်၏။

“အဇူရာတိမ်ဂိုဏ်းက လျှို့ဝှက်နယ်မြေတစ်ခုဖွင့်ဖို့ စီစဉ်နေပြီးတော့ ရွှေအမြုတေအဆင့်နဲ့အောက်တွေကို ၀င်ခွင့်ပေးထားပါတယ်” ချင်ယွီရှု လေးလေးနက်နက်ပြောလိုက်၏။

“သူတို့က မိုးကောင်းကင်အောက်က ဘယ်အင်အားစုကိုမဆို လျှို့ဝှက်နယ်မြေထဲ၀င်ဖို့ ဖိတ်ခေါ်ထားပါတယ် ‌ဒါပေမယ့် အင်အားစုတစ်ခုကို အဆင့်တစ်ဆင့်စီမှာ သုံးယောက်ပဲခေါ်လာခွင့်ပြုထားပါတယ် ပြီးတော့ ၀င်ကြေးကလည်းတစ်ယောက်ကို စိတ်ဝိညာဉ်ကျောက်တုံးတစ်သောင်းပါ”

ငွေကိုအဘယ်ကြောင့် နောက်ခြောက်လအတွင်းမှ ချေမှာလဲဆိုတာကို စစ်ထူဟောင်နန် နားလည်သွားခဲ့သည်။ သူတို့သည် ထိုအချိန်ဆိုလျှင် ၀င်ကြေးဖြင့် ချမ်းသာနေလောက်ချေပြီ။

“ငါတို့လည်း သွားလို့ရလား” စစ်ထူဟောင်နန် မေးလိုက်၏။

“ရတာပေါ့” ချင်ယွီရှု ခေါင်းညိတ်ပြလိုက်သည်။

“ကျွန်တော်တို့ ယွင်ထန့်တော်၀င်မိသားစုနဲ့ အခြားအင်အားစုတွေကိုတောင် ပါ၀င်ဖို့ဖိတ်လို့ရသေးတယ်”

“‌ကောင်းပြီ ဒါဆိုငါသတင်းဖြန့်လိုက်မယ် ပြီးတော့ ခြောက်လအတွင်း ယွင်ထန့်ကုန်သွယ်သမဂ္ဂကလည်း ပါ၀င်ဖို့လူလွှတ်လိုက်မယ်”

စစ်ထူဟောင်နန်ပြန်ပြောလိုက်၏။

သူတို့ဘာဖြစ်ချင်နေသလဲဆိုတာကိုသိဖို့ စစ်ထူဟောင်နန်သူကိုယ်တိုင်သွားကြည့်ဖို့ ဆုံးဖြတ်ထားခဲ့သည်။

All Chapters