လူအုပ်ကြီးဖြစ်လာခြင်း
Vol. 4 Ch. 54
ယွင်ထန့်အင်ပါယာ၏ အနောက်ဘက်မိုင်သုံးထောင်အဝေးတွင် လန်ကျားအထွတ်အမြတ်မြေရှိရာ လန်ကျားတောင်ကြီးရှိပေသည်။
မိုင်ပေါင်းဒါဇင်နှင့်ချီ၍မြင့်မားသော လန်ကျားတောင်ကြီးမှ ထည်ဝါလွန်းသောအရှိန်အဝါများ ထွက်ပေါ်နေပြီး ထိပ်တန်းဂိုဏ်းကြီးများထဲမှ တစ်ဂိုဏ်းဟုခေါ်တွင်ဖို့ အမှန်တကယ်ပင် ထိုက်တန်လှ၏။
အဇူရာတိမ်ဂိုဏ်း လျှို့ဝှက်နယ်မြေဖွင့်သည့်သတင်းက လန်ကျားအထွတ်အမြတ်မြေသို့လည်း ရောက်ရှိလာခဲ့သည်။
လန်ကျားအထွတ်အမြတ်မြေက အငယ်တန်းတပည့်လေးများက အဇူရာတိမ်ဂိုဏ်းတွင် ဖွင့်လှစ်စရာ လျှို့ဝှက်နယ်မြေရှိနေ၍ အံ့အာ့းသင့်သွားရုံသာ ဖြစ်သွားကြ၏။
သို့သော်လည်း လန်ကျားအထွတ်အမြတ်မြေ၏ အထက်လူကြီးများကတော့ ထိုကိစ္စအကြောင်း ပင်မခန်းမထဲတွင် ခေါင်းချင်းရိုက်၍ ဆွေးနွေးနေခဲ့ကြသည်။
“အဇူရာတိမ်ဂိုဏ်းကကောင်တွေ ရူးသွားတာလား”
“သူတို့မှာ ဖွင့်စရာ ဘာလျှို့ဝှက်နယ်မြေရှိလို့လဲ အဲ့ဒီတစ်ခုပဲရှိတာမဟုတ်လား ဒါပေမယ့် အဲ့ဒီလျှို့ဝှက်နယ်မြေကိုဖွင့်လို့ရလို့လား”
“အဇူရာတိမ်ဂိုဏ်းက တကယ်ပဲ ဘာဖြစ်ချင်နေတာလဲ”
“လျှို့ဝှက်နယ်မြေဖွင့်တာက ဖွင့်လို့ရပါတယ် ဒါပေမယ့် အထဲကအန္တရာယ်ရှိတဲ့တစ်ခုခုထွက်လာရင်တော့ ကမ္ဘာကြီးတစ်ခုလုံး ဖရိုဖရဲဖြစ်ကုန်လိမ့်မယ် အဇူရာတိမ်ဂိုဏ်းက ဒီအခြေခံသဘောတရားလေးကိုတောင် နားမလည်ဘူးလား”
လူတိုင်းအဇူရာတိမ်ဂိုဏ်း၏ အပြုအမူနှင့်ပတ်သက်ပြီး ဝေဖန်နေခဲ့ကြသည်။
ခန်းမထဲရှိ ဆူညံနေမှုကိုကြည့်ကာ လန်ကျားအထွတ်အမြတ်မြေ၏ သူတော်စင်သခင် မျက်မှောင်ကြုံ့နေခဲ့၏။ သူလည်း အဇူရာတိမ်ဂိုဏ်း၏လုပ်ရပ်နှင့်ပတ်သက်ပြီး ပဟေဠိဖြစ်နေခဲ့သည်။
ထိုအခိုက်တွင် လူအုပ်ကြီး သူတော်စင်သခင်၏အမူအရာကိုသတိထားမိသွားကြပြီး တိတ်ဆိတ်သွားခဲ့ကာ အကြည့်ကို သူ့ဆီသို့သာ လွှဲထားလိုက်ကြ၏။
“သူတော်စင်သခင် ကျွန်တော်တို့ ဒီကိစ္စကို အဇူရာတိမ်ဂိုဏ်းနဲ့ ညှိသင့်လား” အကြီးအကဲတစ်ယောက် ပြောလိုက်သည်။
လန်ကျားသူတော်စင်သခင် ခပ်ဖြည်းဖြည်းပြန်ပြောလိုက်၏။
“အဓိကပြဿနာက အဇူရာတိမ်ဂိုဏ်းက အဲ့ဒီလျှို့ဝှက်နယ်မြေကိုဖွင့်မှာလားဆိုတာ ငါတို့သေချာမသိတာပဲ တကယ်လို့ အဲ့ဒီတစ်ခုဟုတ်မနေခဲ့ရင် ငါတို့မှာ ပြောစရာရှိမှာမဟုတ်ဘူး”
လူအုပ်ကြီး တိတ်ဆိတ်သွားခဲ့သည်။
ထိုစဉ် တစ်ယောက်ယောက်ရုတ်တရက်ထပြောလိုက်၏။
“အဇူရာတိမ်ဂိုဏ်းက ကမ္ဘာပေါ်ကလူတိုင်းပါ၀င်နိုင်တယ်လို့ ပြောခဲ့တယ်မလား
ဒီလိုဆို ကျွန်တော်တို့လည်း လူလွှတ်လိုက်လို့ရတာပဲ
တကယ်လို့ အဲ့တာက အဲ့ဒီလျှို့ဝှက်နယ်မြေသာဆိုရင် အဲ့ဒီအခါကျွန်တော်တို့ အဇူရာတိမ်ဂိုဏ်းနဲ့ ညှိနှိုင်းလို့ရတယ်
တကယ်လို့ မဟုတ်ဘူးဆိုရင်လည်း ကျွန်တော်တို့ကိုယ်စားလှယ်တွေက လျှို့ဝှက်နယ်မြေထဲက အခွင့်အလမ်းတွေကို ရိတ်သိမ်းခဲ့လိုက်လို့ရတာပဲ အဲ့တာက ခဲတစ်လုံးတည်းနဲ့ငှက်နှစ်ကောင်ပစ်တာပဲလေ”
အကြီးအကဲတစ်ဦးလည်း လိုအပ်ချက်ကို ၀င်ထောက်လိုက်၏။
“အဇူရာတိမ်ဂိုဏ်းက ငြိမ်နေတာကြာပြီ ဒီတစ်ကြိမ်သူတို့က တမင်သက်သက်လျှို့ဝှက်နယ်မြေတစ်ခုဖွင့်ပြီး သူတို့ ဂုဏ်သတင်းပြန်တက်အောင်လုပ်နေတာ တကယ်လို့ ငါတို့သာ လူတွေပို့ပြီး လျှို့ဝှက်နယ်မြေထဲ၀င်ခိုင်းလိုက်ရင် သူတို့ကိုကူညီလိုက်သလို ဖြစ်မသွားဘူးလား
အဇူရာတိမ်ဂိုဏ်းက အဲ့ဒီလျှို့ဝှက်နယ်မြေကို မဖွင့်ရဲဘူးဆိုတာ ငါလောင်းရဲတယ် အဲ့တာက သူတို့လွှမ်းမိုးမှုကိုပြန်ရဖို့ ကြိုးစားနေတဲ့ လှည့်ကွက်လေးတစ်ခုပဲ အဇူရာတိမ်ဂိုဏ်းက ထိပ်တန်းဂိုဏ်းအဖြစ်က လျှောကျသွားတာကြာပြီ သူတို့အတွက် လွှမ်းမိုးမှုပြန်ရဖို့က လွယ်မှာမဟုတ်ဘူး”
သေချာတွေးကြည့်ပြီးနောက် ဤအရာက လှည့်ကွက်သာဖြစ်ရမည်ဟု လူတိုင်းခံစားလိုက်ရ၏။
ထိုအရာက ကျန်းယန်၏ ပိုက်ဆံရှာမည့်အကြံမှန်းတော့မသိဘဲ ထိုကိစ္စနှင့်ပတ်သက်ပြီး သူတို့အတွေးလွန်နေခဲ့ကြသည်။
အဇူရာတိမ်ဂိုဏ်း၏ ရည်ရွယ်ချက်အစစ်ကိုမသိရသောကြောင့် လန်ကျားအထွတ်အမြတ်မြေကလူများ အနည်းငယ် ဒုက္ခရောက်နေခဲ့ကြ၏။
အခြားအကြီးအကဲတစ်ယောက် မတ်တပ်ထရပ်လိုက်ကာ ပြောလိုက်ပြန်သည်။
“ဒါပေမယ့် အဇူရာတိမ်ဂိုဏ်းကဘာဖြစ်ချင်နေလဲဆိုတာ ဘယ်သူကသေချာသိလို့လဲ
ဘယ်လျှို့ဝှက်နယ်မြေကိုဖွင့်တာပဲ ဖြစ်ဖြစ် ငါတို့ရလဒ်ကိုကြည့်ဖို့ လူအချို့တော့ ပို့ကိုပို့ရမယ်
ကျွန်တော်အကြံပြုချင်တာကတော့ လန်ကျားအထွတ်အမြတ်မြေရဲ့ နာမည်အောက်ကနေ ပါ၀င်မယ့်အစား အခြားဂိုဏ်းတစ်ခုခုအနေနဲ့ ပါ၀င်ကြဖို့ပဲ
ကျုပ်တို့ လန်ကျားအထွတ်အမြတ်မြေမှာ လက်အောက်ခံဂိုဏ်းတွေအများကြီးရှိနေတာပဲလေ ဂိုဏ်းတစ်ဂိုဏ်းဂိုဏ်းကိုရွေးပြီး သူတို့သရုပ်ကို သုံးလိုက်လို့ရတာပဲ”
“သင့်တော်တယ်” လန်ကျားသူတော်စင်သခင် ခေါင်းညိတ်ပြလိုက်၏။
“အဲ့လိုပဲ စီစဉ်လိုက်ကြတာပေါ့”
လန်ကျားအထွတ်အမြတ်မြေတွင် ရွှေအမြုတေအဆင့်များစွာ ရှ်ိနေသောကြောင့် ရွှေအမြုတေအဆင့်အချို့ရွေးပြီး နတ်ဝိညာဉ်အဆင့်တစ်ယောက်ကို ဦးဆောင်ခိုင်းလိုက်လျှင် လုံလောက်ပြီဖြစ်သည်။
ထိုအခိုက်တွင် ကမ္ဘာပေါ်ရှိ အခြားထိပ်တန်းဂိုဏ်းများလည်း လန်ကျားအထွတ်အမြတ်မြေလိုပင် ပဟေဠိဖြစ်နေခဲ့ကြ၏။
သို့သော် ဂိုဏ်းအတော်များများကတော့ အဇူရာတိမ်ဂိုဏ်းက ထိုမျှအဆင်အခြင်မဲ့မလုပ်လောက်ဘူးဟု ယုံကြည်ကြသည်။ လန်ကျားအထွတ်အမြတ်မြေလို ကိုယ်တိုင်လာကြည့်ကြသည့် ဂိုဏ်းအချို့လည်းရှိ၏။
အဇူရာတိမ်ဂိုဏ်း၏နောက်ခံနှင့်မရင်းနှီးသောအချို့ဂိုဏ်းများကတော့ အဇူရာတိမ်ဂိုဏ်းကို မကောင်းကြံဖို့ ကြံစည်နေခဲ့ကြသည်။
ဂိုဏ်းအသေးလေးများကတော့ ထိုအရာကို အခွင့်အလမ်းတစ်ခုဟုမှတ်ကာ ပါ၀င်ဆင်နွှဲဖို့ စိတ်လှုပ်ရှားနေခဲ့ကြ၏။
၀င်ခွင့် စိတ်ဝိညာဉ်ကျောက်တုံးတစ်သောင်းဆိုသည်မှာလည်း ခြောက်ယောက်လုံး၀င်မှ စိတ်ဝိညာဉ်ကျောက်တုံးခြောက်သောင်းသာ ကျသင့်ခြင်းဖြစ်သည်။
ထိုမျှပမာဏလောက်က ဂိုဏ်းငယ်လေးများပင်တတ်နိုင်သောပမာဏ ဖြစ်၏။
သို့သော် လျှို့ဝှက်နယ်မြေက ကောင်းကင်ရတနာတစ်ခုခု ရိတ်သိမ်းလာနိုင်ခဲ့လျှင်တော့ တန်ကြေးက စိတ်ဝိညာဉ်ကျောက်တုံးခြောက်သောင်းထက် အများကြီး ပိုသွားပေလိမ့်မည်သာ။
ထိုကဲ့သို့သောအခြေအနေတွင် မရေတွက်နိုင်သောလူပေါင်းများစွာက အဇူရာတိမ်ဂိုဏ်းဆီ ချီတက်လာနေခဲ့ကြသည်။
သူတို့အဇူရာတိမ်ဂိုဏ်းနှင့်နီးလာလေလေ လူအုပ်ကြီးတစ်ခုအဖြစ်စုဝေးနေတာကို ခံစားလို့ရလာကြလေလေပင်။
အန်းချင်းမြို့သည် အဇူရာတိမ်ဂိုဏ်းနှင့်သိပ်မဝေးလှသောမြို့ဖြစ်၏။
ထို့အပြင် အဇူရာတိမ်ဂိုဏ်း၏အရင်တစ်ခေါက် အပြုအမူများကြောင့် အန်းချင်းမြို့သားများ အဇူရာတိမ်ဂိုဏ်းကို ပိုသတိထားမိသွားခဲ့ကြသည်။
ယခုအခါ အဇူရာတိမ်ဂိုဏ်းကလျှို့ဝှက်နယ်မြေဖွင့်နေပြီဖြစ်လေရာ ၀င်ခွင့်မရသော မိသားစုများက ထိုကိစ္စနှင့်ပတ်သက်ပြီး စိတ်ပျက်လက်ပျက်ဖြစ်နေခဲ့ကြ၏။
သို့သော် မိသားစုများစွာက အလျင်အမြန်ပင် နားလည်သဘောပေါက်သွားခဲ့ကြသည်။
လျှို့ဝှက်နယ်မြေထဲ ၀င်ခွင့်မရဘူးဆိုလျှင်တောင် သူတို့အဇူရာတိမ်ဂိုဏ်းသို့သွား၍ ငွေရှာနိုင်သည် မဟုတ်ပါလော။
အရင်ကတော့ အဇူရာတိမ်ဈေးကို ဘယ်သူကအာရုံမစိုက်ကြဘဲ အန်းချင်းမြို့တွင် မယှဉ်ပြိုင်နိုင်သည့် မိသားစုအချို့သာ အဇူရာတိမ်ဈေးလို့နေရာမျိုးတွင် အခြေချကြခြင်းဖြစ်၏။
သို့သော် ယခုတော့ ကမ္ဘာကြီးတစ်ခုလုံး အဇူရာတိမ်ဂိုဏ်းဆီ လာနေပြီဖြစ်လေရာ အဇူရာတိမ်ဈေးတွင် အခွင့်အလမ်းကြီးများရှိနေမှာကို ဘယ်သူက မသိဘဲနေပါမည်နည်း။
ထို့ကြောင့် မိသားစုများစွာက ငွေထုပ်ပိုက်၍ အဇူရာတိမ်ဈေးဆီ အပြေးအလွှားရောက်လာကြကာ အရောင်းအ၀ယ်ကြီးများလုပ်ဖို့ အသင့်ဖြစ်နေခဲ့ကြသည်။
ထိုအချိန်တွင် အဇူရာတိမ်ဈေး၌ လူအုပ်ကြီးနှင့်စည်ကားနေခဲ့၏။
အဇူရာတိမ်ဂိုဏ်း၏ လျှို့ဝှက်နယ်မြေသတင်းထွက်သွားတာလည်း တစ်လခန့်ကြာခဲ့ပြီ ဖြစ်သည်။
ဤလအတွင်း အဇူရာတိမ်ဈေးတစ်ခုလုံးက ဆောက်လုပ်ရေးဟူသောအရာတစ်ခုတည်းတွင်သာ အာရုံစိုက်ထားခဲ့၏။
အနားယူခြင်းမရှိသော ဆောက်လုပ်ရေး!
“အမြန်လုပ်ကြ လူတိုင်းပဲ အမြန်လုပ်ကြမယ် ဒီကာလပြီးသွားတာနဲ့ မင်းတို့ကောင်းကောင်းအနားယူလို့ရပြီ မင်းတို့ဒီတစ်ကြိမ်ရမယ့် ဆုလဒ်က မင်းတို့ဘ၀တစ်၀က်စာလောက် အေးဆေးထိုင်စားလို့ရစေရမယ်လို့ ငါအာမခံတယ်
မင်းတို့နားလည်ရမှာက ဒီလုပ်ငန်းခွင်ပြီးသွားတာနဲ့ မင်းတို့ရမှာက ရွှေတွေမဟုတ်ဘူး စိတ်ဝိညာဉ်ကျောက်တုံးတွေ အလုပ်သမားတိုင်းက တစ်ရာထက်မနည်းတဲ့ စိတ်ဝိညာဉ်ကျောက်တုံးတွေရလိမ့်မယ် အဲ့တာက ရွှေတေးတစ်ရာနဲ့ညီတယ်ကွ အဲ့လောက်ဆိုမင်းတို့အတွက် တစ်ဘ၀လုံးထိုင်စားလို့ရပြီ”
အဇူရာတိမ်မြို့၏ အုပ်ချုပ်သူအနေနှင့် ရွှေအမြုတေအဆင့်ဖြစ်သော ကျန်းကျစ်ချိုးတစ်ယောက် သူကိုယ်တိုင် ကြီးကြပ်နေခဲ့ရ၏။
သူ့တွင် ရွေးချယ်စရာမရှိခဲ့ပေ။ ကျန်းယန်က ထိုလုပ်ငန်းခွင်ကို ဘယ်လောက်အချိန်ကာလအတွင်းပြီးရမည်ဟု အမိန့်ချမှတ်သွားသောကြောင့် နောက်ဆုံးတွင် ထိုတာ၀န်က သူ့ပုခုံးပေါ်ကျရောက်လာခဲ့သည်။
ကျန်းကျစ်ချိုး မြင့်မားသောလုပ်ခလစာကိုသုံးကာ ဆောက်လုပ်ရေးအဖွဲ့ကို ဖိအားပေးဖို့သာ တတ်နိုင်ခဲ့ဧ။။
သူဆေးအချို့ကို ရေထဲထည့်ဖျော်ပြီးပင် တိုက်ခဲ့ပြီး အလုပ်သမားများကို အားပြန်ဖြည့်ဖို့ ကြိုးစားခဲ့ရသည်။
အခြားနည်းလမ်းလည်းမရှိတော့ပေ။ ထိုသို့မှမလုပ်လျှင် အလုပ်က အချိန်မီပြီးမည် မဟုတ်ပေ။
အဇူရာတိမ်ဈေး၏ အလယ်တွင် သုံးထပ်မြင့်နေပြီဖြစ်သော အဆောက်အဦးကြီးတစ်ခုရှိနေပြီး ဆောက်လုပ်ရေးကို အရှိန်အပြည့်ဖြင့် ဆက်လုပ်နေခဲ့ကြသည်။
ဤအဆောက်အဦးက မိုးပြာလမင်းကုန်သွယ်သမဂ္ဂ၏ဌာနချုပ်သာ ဖြစ်၏။
နတ်ဝိညာဉ်အဆင့်ဖြစ်သော ချင်ယွီရှုကိုယ်တိုင် ထိုဆောက်လုပ်ရေးကို ကြီးကြပ်နေခဲ့သည်။
သူ့တာ၀န်က မိုးပြာလမင်းကုန်သွယ်သမဂ္ဂအဆောက်အဦးကို နှစ်လအတွင်းအပြီးဆောက်ဖို့ ကြီးကြပ်ပေးရမှာ ဖြစ်၏။
အလုပ်သမားများကို တွန်းအားပေးနေရင်း ချင်ယွီရှု ခြောက်ကပ်ကပ်မပြုံးဘဲ မနေနိုင်ခဲ့ပေ။
သူသည် နတ်ဝိညာဉ်အဆင့်ကျင့်ကြံသူတစ်ယောက် ဖြစ်ပေသည်။
ယခုတော့ ထိုကဲ့သို့သောကျင့်ကြံသူက တံခါးပိတ်ကျင့်ကြံခြင်း၀င်နေရမည့်အစား ဆောက်လုပ်ရေးလုပ်သားများကို ကြီးကြပ်နေခဲ့ရ၏။
ကမ္ဘာကြီးက ဘာတွေဖြစ်ကုန်ပါသနည်း။