စစ်ထူဟောင်နန်ကိုတုန်လှုပ်သွားစေသော အရာများ
Vol. 4 Ch. 56
စစ်ထူဟောင်နန် အဇူရာတိမ်ဂိုဏ်းဆီ အစောကြီးရောက်လာရခြင်းမှာ တစ်ချက်က သူ့မတွေ့ရတာကြာနေပြီဖြစ်သော သမီးလေးကိုတွေ့ဖို့ဖြစ်ပြီး နောက်တစ်ချက်ကတော့ ချင်ယွီရှုပြောသည့် ယွင်ထန့်ကုန်သွယ်သမဂ္ဂနှင့်ယှဉ်နိုင်သည်ဟူသော မိုးပြာလမင်းကုန်သွယ်သမဂ္ဂကိုကြည့်ချင်၍ ဖြစ်သည်။
သို့သော်လည်း သူအဇူရာတိမ်ဂိုဏ်းသို့ရောက်ရောက်ချင်းပင် သင်ခန်းစာတစ်ခုပေးခံလိုက်ရ၏။
ကျန်းယန်၏ ကြေငြာနည်းစနစ်များက သူ့ကိုအနည်းငယ်အရှက်ရသွားစေခဲ့သည်။
ထိုသို့ခံစားလိုက်ရသော်လည်း ကြေငြာဆိုင်းဘုတ်များပေါ်က စာလုံးများက လူ့စိတ်ကိုတိုက်ရိုက်ထိုးဖောက်နိုင်နေသလိုပင်။
မိုးပြာလမင်းကုန်သွယ်သမဂ္ဂ၊ အဇူရာတိမ်ဧည့်ဂေဟာ၊ စိတ်ဝိညာဉ်တစ်ရာဆေး….ပြီးတော့ ဇာပန်းအ၀တ်အစားဆိုတာ ဘာကြီးလဲ!
သူ့တွင်မေးခွန်းများစွာ ရှိနေခဲ့၏။
ထိုကဲ့သို့သော မေးခွန်းများ၏လွှမ်းမိုးခြင်းကိုခံထားရပြီး သူအဇူရာတိမ်မြို့ထဲ ၀င်ရောက်လာခဲ့သည်။
သူမြို့ထဲရောက်သည်နှင့် တစ်ယောက်ယောက်ချဉ်းကပ်လာပြီး မေးလိုက်၏။
“ဂုဏ်သရေရှိ ဧည့်သည်တော်ကြီးခဗျား တည်းခိုဖို့ နေရာရှာနေတာလား ကျွန်တော်တို့ ဖူလိုင်တည်းခိုခန်းမှာ အဆင့်မြင့်အခန်းတွေရှိပါတယ် လူကြီးမင်းစိတ်ကျေနပ်စေဖို့ အာမခံပါတယ်”
စစ်ထူဟောင်နန်စိတ်၀င်စားသွားပြီး မေးလိုက်သည်။
“အဇူရာတိမ်ဧည့်ဂေဟာကရော ဘယ်မှာလဲ”
“ဆရာ အဇူရာတိမ်ဧည့်ဂေဟာက အတော်ကြီးဈေးကြီးလွန်းပါတယ် သာမန်လူတွေမတတ်နိုင်ဘူး ဆရာအဲ့နေရာကိုမသွားသင့်ဘူးနော် ကျွန်တော်တို့ ဖူလိုင်တည်းခိုခန်းမှာ တည်းလိုက်ရရင်ရော ထိပ်တန်းအဆင့်အခန်းတစ်ခန်းကို တစ်နေ့မှ စိတ်ဝိညာဉ်ကျောက်တုံး ၁၀၀ ပဲကျသင့်တာပါ…ကျေးဇူးပြုပြီး အဲ့လောက်ကိုဈေးကြီးတယ် မထင်လိုက်ပါနဲ့ အခုက အဇူရာတိမ်မြို့ဆီလူတွေအများကြီးလာနေတာဆိုတော့ကျွန်တော်တို့မှာလည်း ရွေးချယ်စရာမရှိဘူးလေ အရိုးသားဆုံးပြောရရင် ဈေးတွေက နောက်ရက်နည်းနည်းနေရင် ပိုတောင်တက်သွားဦးမှာ”
“အဇူရာတိမ်ဧည့်ဂေဟာက ဘယ်မှာလဲဆိုတာသာ ပြောပါ” စစ်ထူဟောင်နန် ပြုံးကာ ပြောလိုက်သည်။
သူ့တွင် ငွေမရှားပေ။
ထို့အပြင် အဇူရာတိမ်ဧည့်ဂေဟာက အဇူရာတိမ်ဂိုဏ်းပြင်ဆင်ထားသောအရာဖြစ်သောကြောင့် သူတစ်ချက်လောက် သွားစစ်ဆေးကြည့်ချင်နေခဲ့၏။
ဖူလိုင်တည်းခိုခန်းက ၀န်ထမ်းလေး တွန့်ဆုတ်စွာဖြင့်သာ အဇူရာတိမ်ဧည့်ဂေဟာရှိရာ အနောက်ဘက်ယွန်းယွန်းသို့ ညွှန်ပြလိုက်လေသည်။
စစ်ထူဟောင်နန်လည်းအသာအယာပြုံးပြလိုက်ပြီး အဇူရာတိမ်ဧည့်ဂေဟာရှ်ိရာ ဘက်သို့ ထွက်လာခဲ့၏။
အဇူရာတိမ်ဧည့်ဂေဟာသို့ရောက်သောအခါ ဧည့်ကြိုကောင်တာတွင် ချွန်းရှောင်ကိုတွေ့လိုက်ရသောကြောင့် သူအံ့အားသင့်သွားခဲ့ပြီး အမြန်မေးလိုက်လေသည်။
“ချွန်းရှောင် နင့်သခင်မလေးရော ဘယ်မှာလဲ”
“သခင်ကြီးလား” ချွန်းရှောင် စစ်ထူဟောင်နန်ကိုမြင်လိုက်ရသောကြောင့် အံ့အားသင့်သွားပြီး ဒူးထောက်မလိုပင် ဖြစ်သွားခဲ့၏။ သို့သော် ကျန်းယန်၏ ညွှန်ကြားချက်ကို ပြန်သတိရသွားပြီး သူမအူလည်လည်ပြုံးလိုက်ကာ ပြောလိုက်သည်။
“သခင်ကြီး ချွန်းရှောင်တောင်းပန်ပါတယ် ချွန်းရှောင်ကအခု အဇူရာတိမ်ဧည့်ဂေဟာရဲ့ ဧည့်ကြိုကောင်တာကိုတာ၀န်ယူထားရလို့ပါ…ဒါနဲ့သခင်ကြီး နေမှာလား”
စစ်ထူဟောင်နန် ချွန်းရှောင်ကိုထူးဆန်းစွာ ကြည့်လိုက်ပြီး ပြောလိုက်၏။
“အင်း ငါတို့အတွက်တစ်ခုခုစီစဉ်ပေး”
“ဒါဆို သခင်ကြီးကို ခြံ၀န်း ၉ မှာနေဖို့ အကြံပေးချင်ပါတယ် အဲ့ဒီနေရာက အကောင်းဆုံး နေရာပဲ ဒါပေမယ့် နည်းနည်းတော့ဈေးကြီးတယ် တစ်ရက်ကို စိတ်ဝိညာဉ်ကျောက်တုံး ၂၀၀၀ ကျသင့်ပါတယ်” ချွန်းရှောင် အားနာနေဟန်ဖြင့် ပြောလိုက်သည်။
“ဘယ်လောက်!” စစ်ထူဟောင်နန် လုံး၀တုန်လှုပ်သွားပြီး ပြန်မေးလိုက်၏။
စိတ်ဝိညာဉ်ကျောက်တုံး နှစ်ထောင်လား!
ဤလူများသည် ဘယ်လိုလုပ် ထိုမျှပမာဏအထိ တောင်းရဲနေရပါသနည်း။
သူ့တွင်စိတ်ဝိညာဉ်ကျောက်တုံးမရှားပါသော်လည်း ထိုအရာများက ကောင်းကင်ပေါ်က ကျလာခြင်းမဟုတ်ပေ။
“စိတ်ဝိညာဉ်ကျောက်တုံး ၂၀၀၀ ပါ” ချွန်းရှောင် စစ်ထူဟောင်နန်ကိုအူကြောင်ကြောင်ပြန်ကြည့်ကာ ပြောလိုက်၏။
“အဲ့တာက နေ့တိုင်းမပြောင်းလဲတဲ့ဈေးနှုန်းပါ နည်းနည်းဈေးကြီးပေမယ့် တန်ပါတယ် သခင်ကြီးတစ်ခါလောက်နေကြည့်လိုက်ရင် နားလည်သွားလိမ့်မယ်”
စစ်ထူဟောင်နန် အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်သည်။ ငွေကြေးလေးသက်သက်ပါပဲလေ!
ဒီလောက်တန်ရအောင် ထိုနေရာက ဘယ်လိုနေရာလဲဆိုတာ သူသိချင်သွားခဲ့၏။
“စိတ်ဝိညာဉ်ကျောက်တုံး ၆၀၀၀၀ ငါအရင်ဆုံးတစ်လနေမယ်!” စစ်ထူဟောင်နန် ချွန်းရှောင်ကို စိတ်ဝိညာဉ်ကျောက်တုံးများပေးကာ ပြောလိုက်သည်။
ချွန်းရှောင် စိတ်ဝိညာဉ်ကျောက်တုံးများကိုလက်ခံလိုက်ကာ ပြောလိုက်၏။
“သခင်ကြီး ခြံ၀န်း ၉ မှာက အခန်းသုံးခန်းရှိပါတယ် အဲ့တာကြောင့် သခင်ကြီးနဲ့ ဧည့်သည်တော်နှစ်ယောက်ပဲနေလို့ရမှာပါ အခြားဧည့်သည်တော်တွေကိုတော့ အပြင်က အဆင့်မြင့်အခန်းတွေမှာပဲ ထားရမှာပါ အပြင်က အဆင့်မြင့်အခန်းတွေကတော့ တစ်ရက်ကို စိတ်ဝိညာဉ်ကျောက်တုံး တစ်ရာကျသင့်ပါတယ် တစ်ခန်းကို လူနှစ်ယောက်နေနိုင်ပါတယ်”
စစ်ထူဟောင်နန် ဒေါသကိုမြိုသိပ်ထားလိုက်ပြီး ပြောလိုက်သည်။
“အားလုံးပေါင်း ဘယ်လောက်ကျသလဲသာ ငါ့ကိုပြော”
“သခင်ကြီးတို့က လူအရမ်းများတော့ တစ်လကိုစိတ်ဝိညာဉ်ကျောက်တုံး တစ်သိန်းကျသင့်ပါတယ်” ချွန်းရှောင်အားနာဟန်ဖြင့် ပြောလိုက်၏။
ကျန်းယန်၏ ဧည့်ဂေဟာကအတော်လေးဈေးကြီးသည်ဟု သူမလည်းခံစားနေရသော်လည်း သူမသည်ဤနေရာတွင် တာ၀န်ကျနေသောကြောင့် ရိုးရိုးသားသားပြောရုံကလွဲ သူမတွင်ရွေးချယ်စရာမရှိခဲ့ပေ။
စစ်ထူဟောင်နန် လှောင်ရယ်ရယ်မောလိုက်လေသည်။ အဇူရာတိမ်ဂိုဏ်းသည် မည်မျှထိအောင် ဆင်းရဲနေပါသနည်း။
သူချွန်းရှောင်ကို စိတ်ဝိညာဉ်ကျောက်တုံးတစ်သိန်းပေးလိုက်ပြီး အခြားအစောင့်များကို အမိန့်ပေးလိုက်၏။
“မင်းတို့ အပြင်မှာနေရမယ်!”
ထို့နောက်တွင်တော့ သူ့အရေးကြီးအစောင့်နှစ်ယောက်နှင့်အတူ ခြံ၀န်း ၉ ထဲ၀င်သွားခဲ့လိုက်သည်။
ခြံ၀န်း ၉ ထဲရောက်လာသောအခါ ဤခြံ၀န်းနှင့်အခြားခြံ၀န်းများကို နံရံများ စည်းများ ၀င်္ကပါများဖြင့်ခြားထားသည်ကို တွေ့လိုက်ရ၏။ သို့သော် ဤစည်းများ ၀င်္ကပါများက သန်မာခြင်းမရှိဘဲ အခြေခံတည်ဆောက်ခြင်းအဆင့်တစ်ယောက်ပင် ချိုးဖြတ်ပစ်နိုင်ပေသည်။ ဤသို့ဆိုလျှင် ထို၀င်္ကပါများကို အဘယ်ကြောင့် ထားရှိထားရပါသနည်း။
စစ်ထူဟောင်နန် စိတ်ရှည်ရှည်ထားကာ ခြံ၀န်း ၉ ထဲ၀င်လာခဲ့၏။
သူတံခါးကိုဖွင့်လိုက်သည်နှင့် ၀င်ပေါက်ရှိ ကဗ္ဗည်းများအသက်၀င်သွားကာ သာယာသောကြိုဆိုသံတစ်သံ ထွက်ပေါ်လာခဲ့လေသည်။
“အဇူရာတိမ်ဧည့်ဂေဟာမှ ကြိုဆိုပါတယ် ဧည့်သည်တော်တို့ သာယာတဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်”
“အဲ့တာ မင်ယွဲ့အသံမဟုတ်လား” စစ်ထူဟောင်နန် တုန်လှုပ်သွားခဲ့၏။
“မင်ယွဲ့ သမီးဘယ်မှာလဲ”
ချွန်းရှောင် အမြန်ပြောလိုက်သည်။
“သခင်ကြီး သခင်မလေးကဒီမှာမရှ်ိပါဘူး အဲ့တာက ဧည့်သည်တွေကိုကြိုဆိုဖို့ သူ့အသံကို အသံသွင်းထားတာပါ”
စစ်ထူဟောင်နန်ကြောင်အသွားကာ ရုတ်တရက် ဒေါသထွက်သွားခဲ့၏။
“တယ် အတင့်ရဲလိုက်လေခြင်း….သူတို့က ငါ့သမီးကိုဒါမျိုးလုပ်ခိုင်းရဲတယ်လား”
သူ့သမီးသည် စစ်ထူမိသားစု၏ မြင့်မြတ်သောသခင်မလေးဖြစ်ပြီး ဂုဏ်သိက္ခာကြီးမြင့်သူ မဟုတ်ပါလော။
သူမအသံကို ဒီလိုတော့ အသုံးမပြုသင့်ပေ။
“သခင်မလေးကိုယ်တိုင်လုပ်ချင်ခဲ့တာပါ” ချွန်းရှောင် မအူမလည်ပြုံးကာ ပြောလိုက်သည်။
“သခင်ကြီး သူမကိုတွေ့ရင် နားလည်သွားမှာပါ”
“ဒါဆို သူ့ကိုငါ့ဆီခေါ်လာခဲ့” စစ်ထူဟောင်နန် ချက်ချင်း အမိန့်ပေးလိုက်၏။
ချွန်းရှောင်ခေါင်းယမ်းလိုက်ကာ
“သခင်မလေးက မိုးပြာလမင်းကုန်သွယ်သမဂ္ဂကိစ္စတွေနဲ့ အလုပ်ရှုပ်နေပါတယ် သခင်ကြီး သူလာနိုင်မှာမဟုတ်ဘူး
ဒါပေမယ့် သူပြန်ရောက်ရင်တော့ သခင်ကြီးရောက်နေတာကို ချွန်းရှောင်အသိပေးလိုက်ပါ့မယ်”
စစ်ထူဟောင်နန် သည်းမခံနိုင်တော့ပေ။ သူ့သမီးသည် အန္တရာယ်မှ ထွက်ပြေးခဲ့ခြင်းဖြစ်သော်လည်း အဘယ်ကြောင့် သူမကို ယောကျ်ားပေးစားလိုက်ပြီးနောက် ဆုံးရှုံးသွားရသလို သူခံစားနေခဲ့ရပါသနည်း။
သူအခန်းထဲဒေါသတကြီး၀င်လာပြီး မကြာခင်တွင် ကဗ္ဗည်းများထပ်မံလင်းလက်လာခဲ့ပြီး အခန်းထဲတွင် ရှီဟယ်အလင်းများတောက်လာခဲ့သောကြောင့် စစ်ထူဟောင်နန် ရပ်တန့်သွားခဲ့၏။
သူ့ဘေးမှ ဝိညာဉ်အခြေတည်အဆင့်တစ်ယောက် လေးလေးနက်နက်ပြောလိုက်သည်။
“သခင်ကြီး ဒီကဗ္ဗည်းတွေက အဆင့်မြင့်လက်ရာတွေပဲ ဒီအဆောင်ကဗ္ဗည်းပညာအရဆိုရင် ဆွဲတဲ့လူက အနည်းဆုံး ဝိညာဉ်အခြေတည်အဆင့်လောက်ရှိရမယ်”
ထိုအခိုက်တွင် စစ်ထူဟောင်နန်လည်း မရိုးရှင်းသည်ကို သတိထားမိသွားခဲ့၏။ သူစိတ်အေးအေးထားလိုက်ပြီး အခန်းထဲရှိ အရာမှန်သမျှကို စတင်လေ့လာတော့သည်။
ခြံ၀န်း ၉ ထဲတွင် အခန်းသုံးခန်းရှိခဲ့ပြီး သူကတစ်ခန်းယူလိုက်ကာ အစောင့်နှစ်ယောက်ကို တစ်ခန်းစီ ပေးလိုက်၏။
သူ့အခန်းထဲ၀င်လိုက်သည်နှင့် စစ်ထူဟောင်နန် လန်းဆန်းမှုကို ခံစားလိုက်ရသည်။
နောက်ဆုံးတွင် သူသည်လည်း ကျင့်ကြံသူတစ်ယောက်ဖြစ်သောကြောင့် အရည်အသွေးကို သိနိုင်၏။
“အာရုံစုစည်းအဆောင်!”
ပြတင်းတံခါးကိုဖွင့်လိုက်သည်နှင့် လေပြေလေညှင်းလေးများ အလိုလိုတိုး၀င်လာကာ သူ့မျက်နှာဆီ တိုးဝေ့တိုက်ခတ်သွားခဲ့သည်။
“လေစိတ်ဝိညာဉ်အဆောင်!”
အခန်းထဲတွင် ရေကန်တစ်ကန်လည်းရှိနေပြီး ကြည်လင်နေသောသလင်းကျောက်ရေကန်မျက်နှာပြင်တွင် စိတ်ဝိညာဉ်ချီအငွေ့များက ရစ်သိုင်းနေခဲ့၏။
“စိတ်ဝိညာဉ်စုစည်းကဗ္ဗည်း စိတ်ဝိညာဉ်သန့်စင်ကဗ္ဗည်း!”
“တစ်ရက်ကို စိတ်ဝိညာဉ်ကျောက်တုံး ၂ထောင်ပေးရတာ မဆန်းတော့ပါဘူး” စစ်ထူဟောင်နန် တီးတိုးရေရွတ်လိုက်သည်။
ကုန်သည်မိသားစု၏ မိသားစု၀င်တစ်ယောက်ဖြစ်သောကြောင့် စစ်ထူဟောင်နန်တွင်လည်း ဇိမ်ခံအိမ်တစ်လုံးရှိပြီး ဇိမ်ခံပစ္စည်းများဖြင့်လည်း အလှဆင်ထားခဲ့၏။
သို့သော်လည်း အဇူရာတိမ်ဧည့်ဂေဟာနှင့်ယှဉ်လျှင်တော့ သူ့ကိုယ်ပိုင်အိမ်က ဂိုထောင်တစ်လုံးလိုပင် ခံစားလိုက်ရသည်။
သူ့အိမ်များအားလုံးအပါအ၀င် သူနေခဲ့ဖူးသမျှနေရာအားလုံးက ဤနေရာနှင့် ယှဉ်လျှင်တော့ ဂိုထောင်များသာ ဖြစ်၏။
“ငါတို့ ယွင်ထန့်ကုန်သွယ်သမဂ္ဂကလည်း ဒါမျိုးလုပ်နိုင်တယ်!” စစ်ထူဟောင်နန် စိတ်အေးသွားပြီးေနာက်တွင်ေတာ့ ချက်ချင်းဆိုသလို သူ့မျက်နှာတွင် ခါးသက်သက်အပြုံးတစ်ပွင့် ပေါ်လာခဲ့သည်။
သူတို့ ဤအရာမျိုးတကယ်လုပ်နိုင်ပါသလော။
မဖြစ်နိုင်ပေ။
ဤကဲ့သို့သော ကဗ္ဗည်းများထိုးနိုင်သောဆရာသခင်မျိုးကို သူဘယ်မှာသွားရှာရမည်နည်း။ သူတို့ရှာနိုင်ခဲ့လျှင်တောင် ကဗ္ဗည်းဖိုးက တည်းခိုခန်းခထက် ကျော်လွန်နေလိမ့်မည်။
သူ့စိတ်ထဲ မကျေနပ်မှုများ ဆက်ရှိမနေတော့ပေ။
အာရုံစုစည်းအဆောင်၏ လွှမ်းမိုးမှုအောက်တွင် သူစတင်စိတ်တည်ငြိမ်လာခဲ့ပြီး အဇူရာတိမ်မြို့ဆီ ၀င်ခဲ့စဉ်က မြင်တွေ့ခဲ့သော မြင်ကွင်းများကို ပြန်မြင်ယောင်လာခဲ့၏။
အဇူရာတိမ်မြို့သည် အမှန်တကယ်ပင် အံ့ဩစရာကောင်းလှပြီး တကယ်ပင် သာမန်မဟုတ်လှပေ။
ဤအရာသည် စီနီယာအစ်ကိုချင်ယွီရှုပြောခဲ့သောလူ၏ လုပ်ဆောင်ချက်များပေလော။
ထိုသို့တွေးမိပြီး သူအဇူရာတိမ်ဂိုဏ်း၏ စီနီယာအစ်ကိုကြီးဟုခေါ်သောသူကို သူအလွန်တွေ့ချင်လာခဲ့လေသည်။
စာစဉ်ပြီး၏