တပိုင်၏ ခွေးစာ
Vol. 33 Ch. 460
အန်လင်းနှင့် စုရှောင်လန်တို့က ပဲနွယ်ပင်များ စိုက်ပျိုးထားသော နောက်ဖေးခြံထဲသို့ လျှောက်လာခဲ့၏။ အဝေးမှ ကြည့်ရှုပါက ထိုပဲနွယ်ပင်များက ခြံဝန်းတစ်ခုလုံးကို ခရမ်းရောင်တိမ်တိုက်ပြင်များ ကဲ့သို့ ပုံပေါက်နေစေ၏။
ဤသည်မှာ ဗာမီလီဟမ်ငှက်ဂိုဏ်းရှိ စုရှောင်လန်၏ နေအိမ်ဖြစ်ပြီး ထိုသည်က စံအိမ်ကြီးဟု ယူဆနိုင်လေ၏။
ဥတုလေးယောက်မှာ ရှုပ်ထွေးပွေလီလှသော အဆင်အယင်များ၊ လှပသော ပန်းပွင့်များနှင့် ကြည်လင်ပြီး ကြေးမှုန်ကဲ့သို့ ရေအိုင်ကိုတွေ့ပြီးနောက် ဤနေရာအား ချက်ချင်းပင် သဘောကျသွားလေ၏။ သူတို့လေးဦးမှာ အတူတကွ စုစည်းပြီး အချင်းချင်း တီးတိုပြောဆိုနေလေ၏။
အန်လင်းက စိတ်အပန်းပြေစွာ မျက်လုံးများမှိတ်ထားလိုက်ပြီး ပလက်ကုလားထိုင်ပေါ်တွင် ပျင်းရိစွာ လှဲနေပြီး ညင်သာသော နေရောင်အောက်တွင် နေပူဆာလှုံ့နေလေ၏။
ထိုအချိန်မှာပင် တပိုင်က ရွှေရောင် ဆန်မုန့်လုံးကဲ့သို့သော အရာဝတ္ထုများကို ထုတ်ကာ သူ့ပါးစပ်ထဲသို့ ထိုးသွပ်နေသည်ကို မြင်လိုက်ရလေ၏။
"တပိုင်၊ မင်းဘာတွေ စားနေတာလဲ။" အန်လင်းက မေးလိုက်၏။
"ခွေးစာလေ။ ဝုတ်..." တပိုင်က စားနေရင်း ပြန်ဖြေလိုက်၏။
အန်လင်း : "..."
အန်လင်း၏ အမူအရာကို မြင်ပြီးနောက် တပိုင်က ဆက်ရှင်းပြလိုက်၏။ "ငါ ခရမ်းကြယ်စင်ရဲ့ ခွေးစာအမွေအနှစ်ကို ရတာမှတ်မိသေးလား။ အဲ့ အမွေအနှစ်ထဲမှာပါတဲ့ နည်းလမ်းအတိုင်း ခွေးစာ စမ်းပြီးလုပ်ကြည့်တာ။ အဲဒါက တကယ်ပဲ အရသာကောင်းတဲ့ ခွေးစာပဲ။ အဲဒါအပြင် ချစ်ခင်ကြည်နူးနေတဲ့ အတွဲတွေမြင်ရင် အထီးကျန်တယ်လို့ ခံစားရပြီး ရလာဒ်အနေနဲ့ ခွေးစာ စားနိုင်သွားတာ။ အဲဒါက စိတ်ခံစားချက်ကို ချက်ချင်း မြှင့်တင်ပေးတယ်လေ။"
"တပိုင်... ငါ့ကြောင့် ဝမ်းနည်းနေတာလား။" အန်လင်းက ကိုယ်ချင်းစာသော အမူအရာဖြင့် မေးလိုက်လေ၏။
တပိုင်က သူ့၏ ကြီးမားပြီး မျက်ရည်ဝိုင်းနေသော မျက်လုံးများဖြင့် အန်လင်းဘက်သို့ လှည့်လိုက်၏။ "အစ်ကိုကြီး အန်၊ နင်က နောက်ဆုံးတော့ ငါဘယ်လိုခံစားရလဲဆိုတာ နားလည်သွားပြီပဲ။ နင်က ရှောင်လန်နဲ့ အရမ်းချစ်ကြည်နူးပြနေတာ။ နင်က ငါ့ကို မေ့သွားပြီလို့ ငါထင်နေတာ။ ဝါးး... ဝုတ်..."
"မင်းဘယ်လို ခံစားရမလဲ ငါနားလည်ပါတယ်။ ဒါပေမဲ့ မင်း နေသားကျသွားမှာပါ..." အန်လင်းက တပိုင်၏ ခေါင်းကို သနားသောအမူအရာဖြင့် နှစ်သိမ့်ပွတ်ပေးလိုက်၏။
တပိုင်က ထိုသည်ကိုကြားပြီးနောက် တုံ့ဆိုင်းသွားပြီး ဒေါသတကြီး ခွေစာများ ကုန်းစားနေတော့သည်။
အန်လင်းက ရွှေရောင် ဆန်မုန့်သဏ္ဍာန် ခွေးစာပုံကြီးကိုကြည့်ကာ စိတ်ဝင်တစား မေးလိုက်၏။ "အဲ့ခွေးစာက တကယ်ကြီး အရသာရှိလား။ ငါ တစ်ခုလောက် မြည်းကြည့်ရအောင်။"
"ငါ့မှာ ခွေးစာပဲ ရှိတော့တာ...။ အဲဒါပါ လုယူချင်သေးလို့လား။ ကောင်မလေးရှိတဲ့လူတွေက ခွေစာစားဖို့ မထိုက်တန်ဘူး။ ဝုတ်..." တပိုင်က ဝမ်းနည်း နာကြည်းစွာဟောင်လိုက်လေ၏။
အန်လင်းက အပြုံးလေးနှင့် ပြန်ဖြေလိုက်၏။ "မင်းမှာ ချင်ဟွားရှိတယ်မဟုတ်ဘူးလား။ ဘာလို့ ခွေးစာစားနေတာလဲ။"
"ချင်ဟွားက ငါ့ကောင်မလေးမဟုတ်ဘူး။ နင်ကရော ခွေးမလေးကို ရည်းစားတော်ရမယ်ဆိုရင် လက်ခံမှာလား။" တပိုင်က ရွံရှာစွာ မျက်လုံးလှန်လိုက်၏။
"ဟုတ်သားပဲ...။" အန်လင်းက သဘောတူညီမှုဖြင့် ခေါင်းငြိမ့်ပြလိုက်၏။
ထို့နောက် သူက ရုတ်တရက် သဘောပေါက်သွား၏။
ငါ့-င်ကြီးကို ဟုတ်တာလား။ ငါက ခွေးမှ မဟုတ်တာ။
အကြေးခွံဖြူ ဝံပုလွေ နတ်ဘုရားမှာလည်း သူတို့ဆီသို့လာနေလေ၏။ သူ့အမူအရာမှာ အနည်းငယ်တောင့်တင်းကာ ရိုကျိုးနေပုံရ၏။
သူ့၏ အရေပြားမှာ ယခင်က အဖြူရောင်ကြေးခွံများဖြင့် လုံးဝ ဖုံးကွယ်ထားခဲ့၏။ သို့သော် သူက အချိန်အတော်ကြာသည်အထိ တိုက်ပွဲမဆင်နွှဲရသည်မို့ သူ့၏ အဖြူရောင်အမွှေးများက တစ်ကိုယ်လုံးတွင် အပြည့်ပေါက်လာပြီး သူ့အား ဝတုတ်တစ်ကောင်နှင့် တူနေစေ၏။
အကြေးခွံဖြူ ဝံပုလွေနတ်ဘုရားက ရိုသေစွာဖြင့် မြေကြီးပေါ်တွင် တစ်ဝက်ဒူးထောက်ကာ "သခင်၊ ကျွန်တော့ကို ခိုင်းချင်တာ ရှိပါသလား။ ဥပမာ လက်ရှိ နယ်မြေကို စောင့်ရှောက်တာ ဒါမှမဟုတ် အိမ်နီးချင်း မြေတွေကို ချဲ့ထွင် သိမ်းပိုက်တာမျိုးပေါ့။ သခင်ပြောတာ အကုန်လုပ်ပေးပါ့မယ်။"
အန်လင်းက သူ့စကားများကြောင့် ကြောင်အသွားလေ၏။
လက်ရှိနယ်မြေကို စောင့်ရှောက်တာ...။ ငါ့မှာ လက်ရှိကိုယ်ပိုင်နယ်မြေ ရှိလို့လား...။
နယ်မြေ ချဲ့ထွင်တယ်ဆိုတာကရော ဘာကြီးလဲ။ ငါ့မှာ တပ်လဲ မရှိတာကို ဘယ်လိုလုပ်ပြီးတော့ ငါ့ရဲ့ "ပိုင်နက်"ဆိုတာကြီးကို သွားချဲ့ထွင်ရမှာလဲ။
"အဟမ်း... လျန်လေး ငါတို့က လောလောဆယ် သိုသိုသိပ်သိပ် နေဖို့ ကြိုးစားနေတာ။ အဲ့တော့ တိုက်ပွဲတွေမှာ ပါဖို့အရမ်းကြီး အားသန်မနေနဲ့။" အန်လင်းက တည်ငြိမ်စွာ ပြောလိုက်၏။ "အခုလောလောဆယ် မင်းရဲ့ ပထမဦးစားပေးက ကျင့်ကြံခြင်းအခြေခံ တိုးတက်လာဖို့ပဲ။"
အကြေးခွံဖြူ ဝံပုလွေ နတ်ဘုရား၏ မျက်လုံးများက တောက်လောက်သော စိတ်ဆန္ဒများဖြင့် လင်းလက်လာလေ၏။ "ကျွန်တော့်လို ရှေးဟောင်းလူသား မျိုးနွယ်စုအဖွဲ့ဝင်တွေက တိုက်ပွဲတွေတိုက်ပြီး ရန်သူ့သွေးကို သောက်ပြီးတော့မှပဲ ကျင့်ကြံခြင်း အခြေခံတွေ တိုးတက်လာနိုင်တာ။"
အန်လင်း : "..."
ဒီဝံပုလွေက ဘာဖြစ်နေတာလဲ။ သူက စိတ်ဝိညာဉ်သားရဲအဖွဲ့၏ ပုံမှန်ပုံစံနှင့် လုံးဝမလိုက်ဖက်ပါပေ။
အမှန်အတိုင်းဆိုရပါက အန်လင်းမှာ ဤဝံပုလွေကို တောထဲသို့ ပြန်ပို့ရန်အတွက် စဉ်းစားနေခြင်းဖြစ်၏။
"အစ်ကိုကြီး အန်၊ ငါမှာ မေးရခက်နေတဲ့ ပြဿနာတစ်ခုရှိသေးတယ်။ လျန်လေးက အဆင့်ဘယ်လောက်မှာလဲ။ လေးလား။ ငါးလား။ ခြောက်လား။ ဝုတ်..." တပိုင်က သူ့၏ လက်ထဲမှ ခွေးစာကို လျက်လိုက်ပြီးနောက် ဤမေးခွန်းကို မေးလိုက်၏။
အကြေးခွံဖြူ ဝံပုလွေနတ်ဘုရားက သူ့ဆီသို့ စိတ်ရှုပ်ထွေးသော အမူအရာဖြင့် လှည့်လာလေ၏။ "ကျွန်တော်ကလွဲလို့ စိတ်ဝိညာဉ်သားရဲက သုံးကောင်ပဲ ရှိတာမဟုတ်ဘူးလား။"
"အတိအကျတော့မဟုတ်ဘူး...။ ငါတို့က နံပါတ်လေးကို မတော်တဆ စားလိုက်မိပြီး နံပါတ်ငါးက အစ်ကိုကြီး အန်ကြောင့် ပေါက်ကွဲပြီးသေသွားတာ။ ဝုတ်..." တပိုင်က ဝမ်းပန်းတနည်းအမူအရာဖြင့် ပြန်ဖြေလိုက်၏။
အကြေးခွံဖြူ ဝံပုလွေနတ်ဘုရားက ထိုသည်ကိုကြားပြီးနောက် အလန့်တကြား ဖြစ်သွား၏။ သူက အန်လင်းကို ထိတ်လန့် တုန်လှုပ်စွာ ကြည့်လိုက်၏။
စားလိုက်တယ်...။ ပေါက်ကွဲပြီး သေသွားတယ်...။
ငါ့ရဲ့ ရှေ့က တစ်ယောက်က ဘာဖြစ်သွားတာလဲ။
ယခုအခါမှသာ သူ့၏ ပိုင်ရှင်က မည်မျှအထိ ကြောက်မက်ဖွဟ်ကောင်းသည်ကို အကြေးခွံဖြူ ဝံပုလွေ နတ်ဘုရားက သဘောပေါက်သွားလေ၏။
ထိုသည်ကို စိတ်ထဲတွင် တွေးကာ သူက ချက်ချင်းပင် ပို၍ ရိုသေလာပေ၏။ သူက မျက်လုံးကြီးများကို ပြူးပြလိုက်ကာ မျက်နှာသာရစေရန် လျှာထုတ်၍ ယမ်းပြလိုက်လေ၏။
"သခင်၊ ဘယ်နေရာဖြစ်ဖြစ်ရပါတယ်။ လျန်လေးက နည်းနည်းလေးတောင် စိတ်မရှိပါဘူး။"
အန်လင်းသည် သက်ပြင်းမောတစ်ခုကို ချလိုက်၏။ “နံပါတ်လေး နေရာကို လန်လေး အတွက် အမြဲတမ်း သီးသန့်ထားထားတာမို့ သူကတော့ ငါတို့ရဲ့ မှတ်ဉာဏ်တွေထဲမှာ ထာဝရရှိနေမှာ။ အဲဒီနဂါးနဲ့ ပတ်သတ်တာကတော့… အဲဒါက မတော်တဆတစ်ခုပါပဲ။ စိတ်ဝိညာဉ် သားရဲ စာချုပ်တွေနှင့် ကျေးကျွန်စာချုပ်တွေက မတူဘူးဆိုတော့ မင်းက အခုကနေစပြီးတော့ ကျေးကျွန်တွေထဲမှာ နံပါတစ်ဖြစ်မယ် လျန်လေး။"
"သခင်က အကောင်းဆုံးပဲ!" အကြေးခွံဖြူ ဝံပုလွေ နတ်ဘုရားက စိတ်လှုပ်ရှားစွာ ကြွေးကြော်လိုက်၏။ "သခင့်ရဲ့ ခွဲခြမ်းစိတ်ဖြာချက်က အရမ်းတိကျပြီး သက်သေကို အခြေခံထားတာပဲ...။ လျန်လေးက အကြွင်းမဲ့ သဘောတူပါတယ်။ လျန်လေးက သစ္စာစောင့်သိပြီး သခင့်ရဲ့ ကွပ်ကဲမှုအောက်မှာ အစွမ်းကုန် တိုက်ပွဲဝင်ပေးပါ့မယ်။ သခင့်ရဲ့ ဂုဏ်သရေရှိတဲ့ အမည်ကို သေချာပေါက်ကို ကျော်ကြားစေရပါ့မယ်။”
အန်လင်း : "..."
"အဲဒါဆိုလဲ ဟုတ်ပါပြီ။ အခု သွားလို့ရပြီ။" အန်လင်းက လက်ဝှေ့ယမ်းပြကာ ပြောလိုက်လေ၏။
"ဟုတ်ကဲ့ သခင်။ လျန်လေးကို တစ်ခုခု ခိုင်းဖို့လိုရင် ပြောပါနော်။ လျန်လေးရဲ့ အကြိုက်ဆုံး ဝါသနာက သခင့်ကို ကူညီပြီးတော့ ထောက်ပံ့ပေးရတာပါ။" အကြေးခွံဖြူဝံပုလွေက ရိုရိုသေသေ ဦးညွတ်ကာ တဖြည်းဖြည်း နောက်သို့ ဆုတ်သွားလေ၏။
တပိုင်က အကြေးခွံဖြူ ဝံပုလွေ ထွက်သွားသည်ကို ကြည့်ကာ မှတ်ချက်ပြု၏။ "လျန်လေးက တစ်ခုခုကို ကြောက်နေတယ်လို့ ငါခံစားတယ်။"
အန်လင်းက မျက်လုံးလှန်လိုက်ကာ "အဲဒါက မင်းပြောလိုက်တာကြောင့်လေ။ လျန်လေးက အကြောက်လွန်သွားတာ။"
"ဒါပေမဲ့ ငါက အမှန်ပဲ ပြောတာလေ။ ဝုတ်..." တပိုင်က တရားမျှတာမှုအပြည့်ဖြင့် ပြန်ဖြေလိုက်၏။
အန်လင်းက ပြန်မပြောချင်တော့ကာ နေရောင်အောက်တွင် နေပူဆာလုံနေပြီး ပလက်ကုလားထိုင်ပေါ်တွင် ချမ်းသာပြီး အေးဆေးလှသော အမျိုးသားတစ်ဦးကဲ့သို့ လှဲနေလိုက်လေ၏။
...
နေမင်းက ဝင်ရိုးစွန်းအောက်ခြေသို့ တဖြည်းဖြည်း ဝင်ရောက်သွားကာ ကောင်းကင်တွင် မရေမတွက်နိုင်သော ကြယ်ပွင့်များ ပေါ်လာလေ၏။
ဗာမီလီယမ်ငှက်ဂိုဏ်း၏ အံ့ဖွယ်သစ်ပင်၏ အမိုးတွင် ကျယ်လောင်လှသော လေတိုးသံများ ရုတ်တရက် ထွက်ပေါ်လာလေ၏။
အဖြူရောင် ဗာမီလီယမ်ငှက် သဏ္ဍာန် မီးတောက်တစ်ခုက ကောင်းကင်တွင် ပျံသန်းနေကာ အိမ်ပြန်လာရသော ပျော်ရွှင်မှုကို ဖော်ပြနေသကဲ့သို့ ပျော်ရွှင်ဖွယ် ငိုကြွေးသံကို ထုတ်လွှတ်လိုက်လေ၏။
ထိုအချိန်၌ပင် ဗာမီလီယမ်ငှက် ဂိုဏ်းတပည့်များ အားလုံးက မီးတောက်၏ ကောင်းချီးကို လက်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရ၏။
ဤ ကောင်းချီးမှာ ရေကဲ့သို့ ညင်သာပြီး တောက်ပသောနွေဦးနေ့ရက်ရှိ နေမင်းကဲ့သို့ နွေးထွေးလေ၏။ ကောင်းချီး၏ စွမ်းအင်က သူတို့၏ ခန္ဓာကိုယ်ကို လှည့်ပတ်ကာ သူတို့အပေါ်သို့ နွေးထွေးမှုနှင့် လုံခြုံမှုခံစားချက်များ ပေးစွမ်းနေလေ၏။
ဂိုဏ်းတစ်ခုလုံးက ရွှင်မြူးနေကြ၏။ မရေမတွက်နိုင်သော တပည့်များက မြင့်မြတ်ဗာမီလီယမ် မီးတောက်ကို သူတို့၏ မျက်လုံးများမှ မျက်ရည်များ စီးကျနေကာ ငေးကြည့်နေကြပြီး အများအပြားသည် ၎င်းတို့၏ ကျယ်လောင်စွာ အားပေးလိုက်ကြပြီး ပွေ့ဖက်ထားကြလေ၏။
တချို့သော တပည့်များက လေထဲသို့ မီးတောက် ဒြပ်စင် မန္တန်နည်းစနစ်များ ထုတ်လွတ်နေကြ၏။
မီးတောက် ဥက္ကာခဲများ၊ မီးတောက် နဂါးများ၊ မီးတောက် ဇာမဏီများနှင့် မီးကွင်းများ...
အရောင်စုံပြီး တောက်ပနေသော မီးတောက် မန္တန်နည်းစနစ်များက လေထုထဲသို့ ပျံသန်းသွားပြီး ကြည့်ရှုဖွယ် ပုံရိပ်များအဖြစ် ပြသနေကြပေ၏။
အန်လင်းက မနေနိုင်တော့ပဲ တက်ကြွနေသော မန္တန်နည်းစနစ်များကို ငေးကြည့်နေလေတော့၏။
"လှလိုက်တဲ့ မီးပန်းတွေ...။"
မိုးပြာရောင် ဝတ်ရုံနှင့် အမျိုးသမီးတစ်ဦးက အပြုံးလေးနှင့် အန်လင်းဆီသို့ လျှောက်လာလေ၏။
စုရှောင်လန်က ညကောင်းကင်ယံတွင် ဖူးပွင့်နေသော မီးပန်းများ၏ တောက်ပမှုအောက်တွင် အသက်ရှုမှားလောက်အောင် လှပနေလေ၏။
"ဟုတ်တယ်... ဒီည မီးပန်းတွေက တကယ်ကို လှတယ်...။"
အန်လင်းက စုရှောင်လန်ဆီသို့ သူ့မျက်နှာကို တိုးကပ်သွားကာ သူ့၏ နှုတ်ခမ်းများကို သူမ၏ နူးညံ့ပျော့ပြောင်းလှသော နှုတ်ခမ်းများဆီသို့ ဖိကပ်လိုက်လေ၏။
ပျော်ရွှင်မှု၏ ချိုအီအီ ခံစားချက်များက လေထုထဲတွင် ပျံ့နှံ့နေလေ၏။
တပိုင်က အနမ်းပေးနေသော အတွဲကို ငေးကြည့်ကာ ရွှေရောင် ထမင်းလုံးများကိုသာ ပါးစပ်ထဲသို့ တိတ်တဆိတ် ထိုးထည့်နေလေတော့သည်။
------------