မိစ္ဆာနှလုံးသားဆင့်ခေါ်ခြင်းကျင့်စဉ်၊ ယန်မိုဂိုဏ်း၏ အမြင့်ဆုံးအမွေအနှစ်။
Vol. 10 Ch. 138
သို့သော် ဆရာသခင်ဝမ်လျူ မည်သို့ပင် မျှော်လင့်ထားစေကာမူ၊ သူ၏ယန်မိုဂိုဏ်းမှ အရေးကြီးဆုံး အမွေအနှစ် ကျောက်စိမ်းမှတ်တမ်းသည်၊ ချီသန့်စင်ခြင်းအဆင့်တွင်သာ ရှိသေးသော ကျင့်ကြံသူငယ်လေးတစ်ဦး၏ လက်ထဲသို့ ကျရောက်သွားလိမ့်မည်ဟု သူ ဘယ်တော့မှ တွေးထင်ထားခဲ့မည်မဟုတ်ပေ။
ဤလူငယ်သည် မှတ်တမ်းကို သူ၏ ဝိညာဉ်အာရုံဖြင့် စစ်ဆေးရန် မကြိုးစားခဲ့ရုံသာမက၊ သူသည် အမွေအနှစ် ကျောက်စိမ်းမှတ်တမ်းကို ဝါးမျိုရန် ထူးဆန်းသော ပိုးကောင်တစ်ကောင်ကိုပင် အသုံးပြုခဲ့သေးသည်။
ထို့ကြောင့် အသဲအသန် ကြောက်ရွံ့ထိတ်လန့်သွားကာ၊ သူသည် ဆက်လက်ပုန်းအောင်းမနေနိုင်တော့ဘဲ ကပျာကယာ အော်ဟစ်ပြောဆိုလိုက်ရတော့သည်။
ကံမကောင်းစွာဖြင့်၊ သူသည် စံနှုန်းအားလုံးကို လျစ်လျူရှုသော ကျိုးစွေ့နှင့် တွေ့ဆုံခဲ့ရခြင်းပင် ဖြစ်သည်။
ဆရာသခင်ဝမ်လျူအား တုံ့ပြန်ရန် မည်သည့်အခွင့်အရေးမျှ မပေးဘဲ၊ ကျိုးစွေ့သည် သူ၏ 'စာအုပ်ကူ'ကို အမွေအနှစ် ကျောက်စိမ်းမှတ်တမ်းအား ဝါးမျိုရန် အမိန့်ပေးခဲ့သည်။
ထိုသို့ဖြင့် ဆရာသခင်ဝမ်လျူ၏ဘဝသည် ဤနေရာတွင်ပင် ကြေကွဲဖွယ်ရာ အဆုံးသတ်သွားခဲ့ပြီး၊ သူ၏တည်ရှိမှုမှာ 'စာအုပ်ကူ'၏ ဖျက်ဆီးခြင်းကို ခံလိုက်ရသည်။
ထို့ကြောင့်၊ သေဆုံးခြင်းနှင့်ရင်ဆိုင်ရချိန်တွင် ဆရာသခင်ဝမ်လျူသည် ရွှေအမြုတေဆရာသခင်တစ်ဦးဖြစ်သော သူ့အပေါ် ဤသို့သော ကံဆိုးမိုးမှောင်ကျမှုက မည်သို့ ကျရောက်ခဲ့သည်ကို မညည်းညူဘဲ မနေနိုင်တော့ပေ။
"ဒီကျင့်ကြံခြင်းလောကက အရမ်းအန္တရာယ်များလွန်းတယ်... အမွေအနှစ် ကျောက်စိမ်းမှတ်တမ်းတစ်ခုကို ကြည့်ရှုရုံနဲ့တင် သေစေနိုင်တယ်လား..."
ကျိုးစွေ့ အနည်းငယ် မှင်တက်သွားသည်။
အမွေအနှစ် ကျောက်စိမ်းမှတ်တမ်းတစ်ခုကို ကြည့်ရှုခြင်းက သေရေးရှင်ရေး အကျပ်အတည်းတစ်ခုသို့ ဦးတည်သွားနိုင်သည်ကို သူ လုံးဝ မသိခဲ့ပေ။ ၎င်းသည် ဤလောကရှိ ကျင့်ကြံသူများ မည်မျှ နည်းလမ်းစုံလင်ကာ ကောက်ကျစ်စဉ်းလဲနိုင်သည်ကို သက်သေပြနေပြီး လှုပ်ရှားမှုတိုင်းကို ကြိုတင်ခန့်မှန်းနိုင်ရန်မှာ မဖြစ်နိုင်ပေ။
အလွန်အကျွံသတိထားခြင်းပင်လျှင် တန်ကာကျရုံဟုသာ ဆိုရပေမည်။
ကံကောင်းစွာဖြင့်၊ သူ၌ 'စာအုပ်ကူ'ရှိနေပြီး အမွေအနှစ် ကျောက်စိမ်းမှတ်တမ်းကို ကိုယ်တိုင် ကြည့်ရှုစစ်ဆေးရန် မလိုအပ်စေခဲ့သောကြောင့်သာ၊ ဖြစ်နိုင်ခြေရှိသော ခြိမ်းခြောက်မှုကိ ရှောင်ရှားနိုင်ခဲ့သည်။
မှန်ပေသည်၊ ဆရာသခင်ဝမ်လျူသာ သူ့ကို အမှန်တကယ် သိမ်းပိုက်ရန် ကြိုးစားခဲ့လျှင်ပင် သူ၏ကြိုးပမ်းမှုမှာ အောင်မြင်နိုင်ခြေမရှိပေ။
သူ၏ဝိညာဉ်ကို အမြင့်မြတ်ဆုံးသော 'ကူနတ်ဘုရားပန်းကန်'က အကာအကွယ်ပေးထားသည်။ ဆရာသခင်ဝမ်လျူ၏ ကြိုးပမ်းမှုမှာ ကိုယ့်သေလမ်းကိုယ် ရှာဖွေခြင်းမျှသာ ဖြစ်၏။
သို့တိုင် ဤအဖြစ်အပျက်သည် သူ့အတွက် သတိပေးချက်တစ်ခု ဖြစ်သည်။
ဤကျင့်ကြံခြင်းလောကသည် နေရာတိုင်းတွင် အန္တရာယ်များ ပြည့်နှက်နေသည်။ မရင်းနှီးသော ကျင့်ကြံသူများထံမှ ပစ္စည်းများသာမက၊ နှစ်ပေါင်းများစွာက သေဆုံးသွားခဲ့သူများ၏ပစ္စည်းများတွင်ပင် လျှို့ဝှက်ထောင်ချောက်များနှင့် အထူးနည်းလမ်းများ ချန်ထားခဲ့နိုင်သေးသည်။
"ဒါပေမဲ့ ဒီအမွေအနှစ် ကျောက်စိမ်းမှတ်တမ်းက တကယ်ပဲ အရမ်းထူးခြားတယ်.. ဒါက ယန်မိုဂိုဏ်းရဲ့ အထွတ်အထိပ် ကျင့်ကြံခြင်းနည်းစနစ် 'မိစ္ဆာနှလုံးသားဆင့်ခေါ်ခြင်း'ပဲ...”
ကျိုးစွေ့၏ မျက်လုံးများက အရောင်တစ်ချက် လင်းလက်သွားသည်။
လူတိုင်း သိကြသည့်အတိုင်း ယန်မိုဂိုဏ်းသည် နတ်ဘုရားအသွင်ပြောင်းအဆင့် ဂိုဏ်းတစ်ခု ဖြစ်သည်။ ဒဏ္ဍာရီလာ ‘မိစ္ဆာနှလုံးသားဆင့်ခေါ်ခြင်း’မှာ မိစ္ဆာလမ်းစဥ်၏ ပိုမိုမြင့်မားသော ဘုံလောကတစ်ခုမှ လာသည်ဟု ယူဆရသော လျှို့ဝှက်ဆန်းကြယ်သည့် ကျင့်ကြံခြင်းနည်းစနစ်တစ်ခုဖြစ်ပြီး ဂိုဏ်း၏ အမြင့်ဆုံး ပညာရပ်ဖြစ်သည်။
အမည်မသိ အကြောင်းရင်းတစ်ခုခုကြောင့် ဤကျင့်ကြံခြင်းနည်းစနစ်သည် ဤလောကတွင် ထွက်ပေါ်လာခဲ့သည်။
ထို့နောက် ၎င်းကို ယန်မိုဂိုဏ်းတည်ထောင်သူက ရရှိခဲ့ပြီး၊ ဂိုဏ်း၏ အထွတ်အထိပ် ကျင့်ကြံခြင်းနည်းစနစ် ဖြစ်လာခဲ့သည်။
ဤကျင့်ကြံခြင်းနည်းစနစ်၏ အစွမ်းထက်ဆုံးအချက်မှာ မိစ္ဆာမျိုးစေ့များကို ပျိုးထောင်နိုင်ပြီး၊ အခြားသူများ၏ မိစ္ဆာနှလုံးသားကို နှိုးဆွနိုင်သောအစွမ်းပင် ဖြစ်သည်။
အခြားသူများနှင့် ပတ်သက်ဆက်ဆံမှုများ ရှိသရွေ့ သူတို့ထဲတွင် မိစ္ဆာမျိုးစေ့တစ်ခုကို စိုက်ပျိုးနိုင်သည်။
လူတစ်ဦးသည် ရိုးသားစွာ နေထိုင်ပြီး သူတို့၏သစ္စာကတိများကို မဖောက်ဖျက်ပါက၊ မည်သည့်အရာမျှ ဖြစ်ပွားမည်မဟုတ်ဘဲ မိစ္ဆာမျိုးစေ့မှာလည်း အသက်ဝင်မည်မဟုတ်ပေ။
သို့သော် ကတိဖောက်ဖျက်သည်နှင့်တစ်ပြိုင်နက် မိစ္ဆာမျိုးစေ့သည် အသက်ဝင်လာမည်ဖြစ်ပြီး၊ ထိုသူ၏ ဝိညာဉ်နှင့် အတွင်းစွမ်းအင်ကို ချက်ချင်း ဝါးမျိုကာ သူတို့၏စွမ်းအားကို ခိုးယူပေလိမ့်မည်။
သတိပင်ပြုလိုက်မိမည်မဟုတ်ဘဲ၊ သူတို့သည် အထိန်းချုပ်ခံ ရုပ်သေးရုပ်တစ်ရုပ်အဖြစ်သို့ ပြောင်းလဲသွားနိုင်သည်။
ယခင်က ယန်မိုဂိုဏ်းတည်ထောင်သူသည် ဤကျင့်ကြံခြင်းနည်းစနစ်ကို အသုံးပြု၍ နေရာတိုင်းတွင် ပျက်စီးမှုများကို ဖြစ်ပေါ်စေခဲ့သည်။ သူသည် တစ်ကိုယ်တော်ကျင့်ကြံသူတစ်ဦးအဖြစ် မကြာခဏ ဟန်ဆောင်ပြီး အခြားသူများနှင့် သဘောတူညီမှုများ ပြုလုပ်လေ့ရှိသည်။
ကျင့်ကြံသူများစွာ ဘာကိုမျှမသိလိုက်ဘဲ သူတို့ထဲတွင် မျိုးစေ့များ စိုက်ပျိုးခြင်း ခံခဲ့ရသည်။
ကျင့်ကြံခြင်းလောကဟူသည်မှာ နဂိုကတည်းက သစ္စာဖောက်ခြင်း၊ နောက်ကျောဓါးထိုးခြင်းများဖြင့်သာ ပြည့်နှက်နေပြီး ကတိသစ္စာဟူသည်မှာ စကားလုံးသပ်သပ်သာ ဖြစ်၏။
ယုံကြည်မှုဟူသည်မှာ မရှိသလောက်ပင် ဖြစ်သည်။
ဤအကြောင်းကြောင့်ပင် ယန်မိုဂိုဏ်းတည်ထောင်သူမှာ လက်တွေ့တွင် မတားဆီးနိုင်သောသူ ဖြစ်ခဲ့သည်။
‘မိစ္ဆာနှလုံးသားဆင့်ခေါ်ခြင်း’ နည်းစနစ်ကို အသုံးပြု၍ သူသည် မရေမတွက်နိုင်သော ကျင့်ကြံသူများကို သိပင်မသိလိုက်စေဘဲ၊ လှည့်ဖြားသတ်ဖြတ်ခဲ့ပြီး ကြီးမားသော ဓနဥစ္စာကို စုဆောင်းခဲ့သည်။
ထို့ကြောင့် သူသည် လျင်မြန်စွာ ထွန်းတောက်လာပြီး ယန်မိုဂိုဏ်းကို တည်ထောင်နိုင်ခဲ့သည်။
ထိုအချိန်မှစ၍ ယန်မိုဂိုဏ်း၏ အမည်နာမသည် ကျင့်ကြံခြင်းလောကတစ်ခွင်တွင် ပဲ့တင်ထပ်သွားပြီး၊ မရေမတွက်နိုင်သော ကျင့်ကြံသူများအား ကြောက်ရွံ့တုန်လှုပ်စေခဲ့သည်။
ယန်မိုဂိုဏ်းမှ ကျင့်ကြံသူများနှင့်ရင်ဆိုင်ရသည့်အခါတိုင်း၊ လူတိုင်းသည် သူတို့၏သေခြင်းရှင်ခြင်းကို ထိန်းချုပ်သွားနိုင်သော မိစ္ဆာမျိုးစေ့ စိုက်ပျိုးခံရမည်ကို ကြောက်ရွံ့ကြကာ ၎င်းတို့အား ရှောင်ရှားရန်သာ ကြိုးပမ်းကြသည်။
ထိုသို့သော ယန်မိုဂိုဏ်း၏ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားနှင့် ၎င်း၏ ဆိုးရွားလှသော ရက်စက်ကြမ်းကြုတ်မှုများကြောင့်ပင် သူတို့သည် လူတိုင်း၏ ဘုံရန်သူ ဖြစ်လာခဲ့သည်။
၎င်းတို့၏ နတ်ဘုရားအသွင်ပြောင်းအဆင့် အကြီးအကဲ သေဆုံးပြီးနောက်တွင် ဂိုဏ်းမှာ ဆုတ်ယုတ်ကျဆင်းသွားသည်။
ရလဒ်အနေဖြင့် သူတို့သည် ဂိုဏ်းများစွာ၏ ဝန်းရံတိုက်ခိုက်ခြင်းကို ခံရပြီး နောက်ဆုံးတွင် ပျက်စီးခဲ့ရတော့သည်။
မှန်ပေသည်၊ ဆရာသခင်ဝမ်လျူသည် ယန်မိုဂိုဏ်း၏ တစ်ဦးတည်းသော နောက်ဆုံးတပည့် မဟုတ်ခဲ့ချေ။
တကယ်တော့ ယန်မိုဂိုဏ်းမှ တပည့်အတော်များများ လွတ်မြောက်နိုင်ခဲ့ပြီး၊ တစ်ဦးချင်းစီက ဂိုဏ်း၏ အမွေအနှစ်များကို သယ်ဆောင်သွားကြသည်။
သို့သော် ဆရာသခင်ဝမ်လျူသည် သူတို့အားလုံးထဲတွင် ‘မိစ္ဆာနှလုံးသားဆင့်ခေါ်ခြင်း’ နည်းစနစ်ကို ရရှိခဲ့သည့် အထူးခြားဆုံးသူဖြစ်သည်။
"ဒါက အရမ်းအန္တရာယ်များတဲ့ နည်းစနစ်တစ်ခုပဲ..."
"ခြေတစ်လှမ်းမှားလိုက်ရုံနဲ့ လမ်းစဉ်ဖောက်ပြန်နိုင်ပြီးတော့... သေသွားနိုင်တယ်..."
ကျိုးစွေ့ မျက်လုံးများ မှေးကျဉ်းသွားသည်။
မှန်ပေသည်၊ ဤကျင့်ကြံခြင်းနည်းစနစ်မှာ နက်နဲပြီး လျှို့ဝှက်ဆန်းကြယ်လှသည်။ ၎င်း၏စွမ်းရည်များမှာ အကန့်အသတ်မဲ့ဖြစ်ပြီး၊ ၎င်း၏နက်ရှိုင်းမှုများမှာ မခန့်မှန်းနိုင်ပေ။
၎င်းမှာ ကျင့်ကြံရန် အလွန်ခက်ခဲရုံသာမက၊ အောင်မြင်လျှင်ပင် သိသာထင်ရှားသော အန္တရာယ်များကို သယ်ဆောင်လာသေးသည်။
အကြောင်းမှာ မိစ္ဆာမျိုးစေ့သည် အခြားကျင့်ကြံသူတစ်ဦး၏ ဝိညာဉ်၊ မှတ်ဉာဏ်များနှင့် စွမ်းအင်များကို ဝါးမျိုပြီးသည်နှင့်တစ်ပြိုင်နက်၊ ကြီးမားသော မှတ်ဉာဏ်စီးကြောင်းကြီးတစ်ခုသည် ကျင့်ကြံသူ၏ဝိညာဉ်ထဲသို့ လွှမ်းမိုးဝင်ရောက်လာသောကြောင့် ဖြစ်သည်။
အလွန်အကျွံ ဝါးမျိုမိပါက မှတ်ဉာဏ်များမှာ ကမောက်ကမ ဖြစ်လာပေလိမ့်မည်။
ဤသည်မှာ ကျင့်ကြံသူကို ရှင်းလင်းသော ကိုယ်ပိုင်အသိစိတ် ပျောက်ဆုံးစေနိုင်သည်။ သူတို့၏ စရိုက်လက္ခဏာများ ပြောင်းလဲသွားပြီး၊ ပူးကပ်ခြင်းခံရသည့်နှယ် အခြားလူတစ်ဦးအဖြစ်သို့ ပြောင်းလဲသွားနိုင်သည်။
မှတ်ဉာဏ်များ ပိုမို ဝါးမျိုလေလေ၊ ဤအခြေအနေမှာ ပို၍ ဆိုးရွားလေလေဖြစ်သည်။
ယန်မိုဂိုဏ်းမှ ပင်မတပည့်များစွာ ထိုပြဿနာအား ကြုံတွေ့ခဲ့ရသည်။
သူတို့သည် ‘မိစ္ဆာနှလုံးသားဆင့်ခေါ်ခြင်း’၏ စွမ်းအားကို အလွဲသုံးစားလုပ်ခဲ့ပြီး၊ အခြားကျင့်ကြံသူများ၏ မှတ်ဉာဏ်များစွာကို ဝါးမျိုခဲ့ကြသည်။
အဆုံးသတ်တွင် သူတို့သည် အမှန်တရားကို မခွဲခြားနိုင်တော့သည့် အခြေအနေသို့ ရောက်ရှိသွားကြသည်။
သူတို့၏စိတ်များသည် မိစ္ဆာပူးကပ်ခြင်းကို ခံလိုက်ရပြီး၊ ရန်သူမိတ်ဆွေ မခွဲခြားနိုင်ဘဲ သတ်ဖြတ်ပွဲကြီးများကို ဖန်တီးခဲ့သည်။
ယန်မိုဂိုဏ်း၏ နာမည်ဆိုးဖြင့် ကျော်ကြားသော လုပ်ရပ်များစွာသည် ထိုတပည့်များက ကျူးလွန်ခဲ့ကြခြင်းပင် ဖြစ်၏။
ယန်မိုဂိုဏ်းတည်ထောင်သူပင်လျှင် ဤစွမ်းအားကို အလွဲသုံးစားလုပ်ရန် မဝံ့ရဲခဲ့ပေ။
သူသည် ကျင့်ကြံမှုအဆင့်တစ်ခုသို့ ရောက်ရှိသည့်အခါ၌၊ ၎င်းအားအသုံးပြုခြင်းကို ရပ်တန့်ခဲ့ပြီး အခြားကျင့်ကြံခြင်းနည်းစနစ်များကို စတင်ကျင့်ကြံခဲ့သည်။
မည်သို့ပင်ဖြစ်စေ၊ ဤနည်းစနစ်၏ ဘေးထွက်ဆိုးကျိုးများမှာ အလွန်ပင် ပြင်းထန်လှသည်။
ဤနည်းစနစ်သည် လူသားများကျင့်ကြံရန်အတွင်ပင် မသင့်တော်ဟု ဆိုနိုင်ပေသည်။
"အံ့ဩစရာပဲ.. ဒီကျင့်ကြံခြင်းနည်းစနစ်က အသုံးချတတ်ရင် အသုံးဝင်မှုက အကန်အသတ်မဲ့ပဲ.."
"ဘေးထွက်ဆိုးကျိုးတွေက ငါ့အတွက်တော့ ဘာမှအရေးမပါဘူး..."
"ငါသာ ဒီနည်းစနစ်ကို ကျွမ်းကျင်အောင်လုပ်နိုင်ခဲ့ရင်.. ဘယ်သူက ငါနဲ့ပေးထားတဲ့ ကတိတွေကို ဖောက်ဖျက်ဝံ့မှာလဲ..."
"လူတိုင်းက ရိုးသားပြီး သူတို့ရဲ့စကားကို တည်ရလိမ့်မယ်... "
ကျိုးစွေ့၏ မျက်လုံးများ ရုတ်တရက် တောက်ပသွားပြီး အလွန်စိတ်လှုပ်ရှားသွားသည်။
ဤကျင့်ကြံခြင်းနည်းစနစ်သည် သူ့အား သိသာထင်ရှားသော အကူအညီကို ပေးစွမ်းမည်ဖြစ်ပြီး၊ ကျားတစ်ကောင်အား အတောင်ပံတပ်ပေးသကဲ့သို့ဖြစ်သည်ဟု သူခံစားလိုက်ရသည်။
မှန်ပေသည်၊ အခြားကျင့်ကြံသူများ၏ မှတ်ဉာဏ်များကို ဝါးမျိုခြင်းက သူ၏ကိုယ်ပိုင် စိတ်ဝိညာဉ်မှတ်ဉာဏ်ကို ပြိုကျစေနိုင်သည်။
အလွန်များပြားသော မတူညီသည့် မှတ်ဉာဏ်များနှင့် စိတ်ခံစားမှုများ ပေါ်ပေါက်လာသည်နှင့်၊ ၎င်းမှာ သူ၏အစစ်အမှန်နှင့်နှင့် ဆင်ခြင်တုံတရားအပေါ် ရှုပ်ထွေးမှုကို ဖြစ်ပေါ်စေနိုင်သည်။
သို့သော် သူ၌ အံ့ဩဖွယ်ကောင်းသော ကူပိုးကောင်တစ်ကောင်ဖြစ်သည့် 'အိပ်မက်ဝိညာဉ်ကူ'ကို ပိုင်ဆိုင်ထားသည် မဟုတ်လော။
၎င်းတွင် အခြားသတ္တဝါများ၏ စိတ်ဝိညာဉ်မှတ်ဉာဏ်များကို ဝါးမျိုနိုင်စွမ်း ရှိ၏။
၎င်းသည် ယခင်ကတည်းက ကျင့်ကြံသူများစွာ၏ ဝိညာဉ်များကို ဝါးမျိုခဲ့ပြီး၊ သူတို့၏ စိတ်ဝိညာဉ်မှတ်ဉာဏ်အမြောက်အမြားကိုပင် သိမ်းပိုက်ခဲ့ပြီးဖြစ်သည်။
သို့တိုင် ၎င်းမှာ သူ့အပေါ် အနည်းငယ်မျှပင် သက်ရောက်မှုမရှိခဲ့ပေ။
အကြောင်းမှာ 'အိပ်မက်ဝိညာဉ်ကူ'သည် အိပ်မက်ကမ္ဘာတစ်ခု၏ စီမံခန့်ခွဲရေးတစ်ဦးကဲ့သို့ လုပ်ဆောင်ပေးသောကြောင့် ဖြစ်သည်။
၎င်းအတွက်မူ ဝိညာဉ်တစ်ခုချင်းစီ၏ မှတ်ဉာဏ်မှာ မတူညီသော အိပ်မက်များသာ ဖြစ်၏။
ကျင့်ကြံသူတစ်ဦး၏ စိတ်ဝိညာဉ်မှတ်ဉာဏ်ကို ဝါးမျိုခြင်းသည် အိပ်မက်ကမ္ဘာတစ်ခုကို ရရှိခြင်းသာဖြစ်သည်။
အနှစ်သာရအားဖြင့်၊ ၎င်းမှာ အိပ်မက်ကမ္ဘာများအတွက် ကြီးမားသော ထိန်းချုပ်ရေးဗဟိုကွန်ရက် တစ်ခုကဲ့သို့ ဖြစ်သည်။
အိပ်မက်ကမ္ဘာများ အလွန်အကျွံ မသိုလှောင်ထားသရွေ့ ထိန်းချုပ်ရေးဗဟိုကွန်ရက်မှာ ပြိုကျမည်မဟုတ်ပေ။
ထို့အပြင် ၎င်း၏ကျင့်ကြံမှု ကြီးထွားလာသည်နှင့်အမျှ ၎င်းအတွင်းရှိ စွမ်းဆောင်ရည်မှာလည်း ဆက်လက်တိုးပွားလာဦးမည် ဖြစ်သည်။
ကျိုးစွေ့အတွက်မူ 'အိပ်မက်ဝိညာဉ်ကူ'၏ သခင်အနေဖြင့်၊ သူသည် ဤအိပ်မက်ကမ္ဘာများကို တိုက်ရိုက် ဝင်ရောက်စရာမလိုဘဲ ထိန်းချုပ်ရေးဗဟိုကွန်ရက်၏ အမြင့်ဆုံးအာဏာရှိ စီမံခန့်ခွဲသူတစ်ဦးကဲ့သို့ ဖြစ်သည်။
သူသည် ဤမှတ်ဉာဏ်များ၏ မည်သည့်သက်ရောက်မှုမျှမရှိဘဲ လိုအပ်သည့်အချိန်တိုင်းတွင်၊ အိပ်မက်ကမ္ဘာများမှ မှတ်ဉာဏ်များကို ဆင့်ခေါ်နိုင်ပြီး သက်ဆိုင်ရာ သတင်းအချက်အလက်များကို ရယူနိုင်သည်။