အခြေတည်အဆင့် ရုပ်ခန္ဓာကျင့်ကြံသူနှင့် နှိုင်းယှဉ်နိုင်ခြင်း၊ နှစ်၃၅၀ရှိ သက်တမ်း။
Vol. 10 Ch. 143
"ငါ့ရဲ့ ရုပ်ပိုင်းဆိုင်ရာ အဆင့်တက်မှုကနေ ဒီလောက်ကြီးမားတဲ့ အကျိုးကျေးဇူး ရလိုက်တာလား… ငါ့ရဲ့ သက်တမ်းက နှစ်၃၅၀အထိ ရောက်သွားပြီတဲ့လား…"
ကျိုးစွေ့သည် မျက်တောင်ကိုပင် တဖျပ်ဖျပ်ခတ်လိုက်မိပြီး အတိုင်းမသိ အံ့ဩသွားသည်။
သူ၏ စွမ်းအား၊ ကာယကြံ့ခိုင်မှု၊ အခြားစွမ်းရည်မျိုးစုံတို့နှင့် နှိုင်းယှဉ်လျှင် ဤသက်တမ်း တိုးလာခြင်းက သူ့ကို ပို၍ စိတ်လှုပ်ရှားစေသည်။ မည်သို့ပင်ဖြစ်စေ၊ ကျင့်ကြံသူများသည် နည်းလမ်းပေါင်းစုံ၊ ပညာရပ်မျိုးစုံကို သင်ယူနေခြင်းသည် သက်တမ်းရှည်ရှည် နေထိုင်နိုင်ရေးအတွက် မဟုတ်ပါလော။
ကျင့်ကြံသူများစွာသည် အင်မော်တယ်ဖြစ်လိုသော ရည်ရွယ်ချက်ဖြင့် ကျင့်ကြံခြင်းလမ်းစဉ်ပေါ်သို့ ခြေချခဲ့ကြသည်။
နှစ်၃၅၀ ဟူသော သက်တမ်းသည် အခြေတည်အဆင့် ကျင့်ကြံသူများ၏ အခြေခံအကန့်အသတ်ကို ချိုးဖျက်လိုက်ခြင်းပင် ဖြစ်၏။
အမှန်စင်စစ်၊ အခြေတည်အဆင့် ကျင့်ကြံသူများသည် အများဆုံး နှစ်၂၅၀သာ အသက်ရှင်နိုင်သည်။
သက်တမ်းတိုးဆေးလုံးများ သောက်သုံးလျှင်ပင်၊ နှစ်၂၆၀ သို့မဟုတ် နှစ်၂၇၀သာ နေထိုင်နိုင်သည်။ ၎င်းသည် အမြင့်ဆုံး ကန့်သတ်ချက် ဖြစ်၏။
သို့သော် ယခုမူ သူသည် အခြေတည်အဆင့် နယ်ပယ်သို့ အမှန်တကယ် မတက်လှမ်းရသေးဘဲ နှစ်၃၅၀သက်တမ်းကို ပိုင်ဆိုင်နေပြီ ဖြစ်သည်။
၎င်းသည် သာမန် ချီသန့်စင်ခြင်းအဆင့် ကျင့်ကြံသူများ၏ သက်တမ်းထက် သုံးဆနီးပါး ဖြစ်သည်။
ဤသတင်းသာ ပြင်ပသို့ ပေါက်ကြားသွားပါက၊ ချီသန့်စင်ခြင်းအဆင့် ကျင့်ကြံသူများစွာကို ကြောက်လန့်တကြား ဖြစ်သွားစေလိမ့်မည်။
အကယ်၍ သူသာ အခြေတည်အဆင့် နယ်ပယ်သို့ တက်လှမ်းနိုင်ခဲ့သည့်အခါတွင်၊ သူ၏ သက်တမ်း မည်မျှ တိုးလာမည်ကို မည်သူ သိနိုင်မည်နည်း။
ဖြစ်နိုင်သည်မှာ သူသည် ရွှေအမြုတေ ကျင့်ကြံသူများ၏ သက်တမ်းကိုပင် အလွယ်တကူ ကျော်လွန်သွားနိုင်ပေသည်။
"ဒါက 'နဂါးဆင်ကူ’ရဲ့ စွမ်းအားပဲလား… နဂါးဆင် ရုပ်ခန္ဓာကိုဖန်တီးပြီး ထူးကဲတဲ့ ဘဝတစ်ခုကို ရရှိစေတာပဲ…"
"အခုဆိုရင် ငါက လူသားစစ်စစ် မဟုတ်တော့ဘူး…"
"ဒါကြောင့် ငါ့ရဲ့ သက်တမ်းက သာမန်လူတွေထက် အများကြီး ကျော်လွန်နေတာ သဘာဝကျပါတယ်…"
ကျိုးစွေ့သည် အံ့ဩမှုများဖြင့် ပြည့်နှက်သွားသည်။
ရိုးရိုးသားသား ပြောရလျှင်၊ လူသားတို့၏ဘဝသည် ထူးဆန်းသော သက်ရှိပုံစံများ၊ ယောင်သားရဲများနှင့် နှိုင်းယှဉ်လျှင် အမှန်တကယ်ပင် တိုတောင်းလှပြီး ခဏတာ တည်ရှိမှုမျှသာ ဖြစ်သည်။
သို့သော် ယခုအခါ သူသည် လူသားတို့၏ သက်တမ်းကန့်သတ်ချက်ကို ချိုးဖျက်ခဲ့ပြီး လူသားမဟုတ်သော နယ်ပယ်သို့ ဝင်ရောက်သွားခဲ့ပြီ ဖြစ်သည်။
ထို့အပြင် ၎င်းသည် အစမျှသာ ရှိသေးသည်။ 'နဂါးဆင်ကူ'၏ သန့်စင်ပေးမှု အာနိသင် ဆက်လက် အားကောင်းလာသည်နှင့်အမျှ သူ၏ သက်တမ်းသည်လည်း ဆက်လက် တိုးပွားလာနိုင်သည်။
ထိုအချိန်ကျလျှင် သူသည် နှစ်တစ်ထောင်သက်တမ်းရှိ လိပ်ကြီးတစ်ကောင်ထက်ပင် ပို၍ အသက်ရှည်ပေလိမ့်မည်။
သံသယဖြစ်ဖွယ်မရှိ၊ 'ချစ်ခြင်းမေတ္တာကူ'မှလွဲလျှင် 'နဂါးဆင်ကူ'သည် သူ၏အပေါ်၌ သက်ရောက်မှု အကြီးမားဆုံး ဖြစ်သည်။
ဤကူပိုးကောင်သည် ခွန်အားဖြစ်စေ၊ သက်တမ်းဖြစ်စေ ကဏ္ဍပေါင်းစုံမှ သူ့ကို မြှင့်တင်ပေးသည်။ ၎င်း၏ အကျိုးသက်ရောက်မှုများမှာ အဆုံးမရှိပေ။
"အခု ငါ့ရဲ့ ချီနဲ့သွေး.. ရုပ်ခန္ဓာနဲ့ ဝိညာဉ်စွမ်းအားတွေက အခြေခံအားဖြင့် ပြီးပြည့်စုံမှုအဆင့်နဲ့ အခြေတည်အဆင့် နယ်ပယ်အထိတောင် ရောက်နေပြီ…"
"ငါ့ရဲ့ အစစ်အမှန်ချီကပါ ပြီးပြည့်စုံသွားရင်.. အခြေတည်ဆေးလုံးကို သောက်ဖို့တောင် မလိုတော့ဘူး…"
"ငါ ကိုယ်ပိုင် အုတ်မြစ်ကို တိုက်ရိုက် စတင်နိုင်ပြီ…"
ကျိုးစွေ့သည် သူ၏ မေးစေ့ကို ပွတ်သပ်လိုက်သည်။
အမှန်အတိုင်းဆိုရလျှင် လန်ယွဲ့ရှီနှင့် တူနှစ်ကိုယ်ကျင့်ကြံခဲ့ပြီး၊ သူမ၏ ကြီးမားသော ကျင့်ကြံမှု အတွေ့အကြုံများမှ အကျိုးကျေးဇူးများ ရရှိခြင်းတို့ကြောင့် အခြေတည်ခြင်း လုပ်ငန်းစဉ်အား နက်ရှိုင်းစွာ နားလည်သဘောပေါက်ခဲ့သည်။
သာမန် ချီသန့်စင်ခြင်း ပြီးပြည့်စုံခြင်းအဆင့် ကျင့်ကြံသူများ အခြေတည်ရန် ကြိုးစားသောအခါ၊ သူတို့၏ ချီနှင့်သွေး၊ ဝိညာဉ်အာရုံ၊ သို့မဟုတ် အစစ်အမှန်ချီတို့သည် ပြီးပြည့်စုံမှု မရှိသောကြောင့် အခြေတည်အဆင့် နယ်ပယ်သို့ မရောက်ရှိနိုင်ကြပေ။
၎င်းက သူတို့၏ ခန္ဓာကိုယ်အတွင်းရှိ အစစ်အမှန်ချီနှင့် အသက်စွမ်းအားတို့၏ လည်ပတ်မှုကို ကမောက်ကမ ဖြစ်စေသည်။
ထိုသို့ဖြင့်၊ သူတို့အတွင်း၌ စွမ်းအင်တစ်ခု ပေါက်ကွဲထွက်သကဲ့သို့ဖြစ်ပြီး၊ သူတို့၏ သွေးကြောများနှင့် ဒန်တျန်ကို ချက်ချင်းပင် ကွဲကြေသွားစေသည်။
ထို့ကြောင့်ပင်၊ အခြေတည်ခြင်း မအောင်မြင်ပါက ချီသန့်စင်ခြင်းအဆင့် ကျင့်ကြံသူများ သေချာပေါက် သေဆုံးရသည်ဟူသော ဆိုစကား ရှိနေခြင်း ဖြစ်သည်။
အခြေတည်ဆေးလုံးများ၏ စွမ်းအားကသာ ကျင့်ကြံသူတစ်ဦး၏ ခန္ဓာကိုယ်အတွင်းရှိ သွေးကြောများနှင့် ဒန်တျန်ကို ကာကွယ်ပေးနိုင်သည်။
ထို့ကြောင့် သူတို့၏ အခြေတည်ခြင်း မအောင်မြင်လျှင်ပ၊င် ကျင့်ကြံသူများသည် သေဆုံးသွားမည် မဟုတ်ဘဲ ဒုတိယ၊ တတိယအကြိမ် အခြေတည်ရန် ကြိုးစားနိုင်သည်။
အခြေတည်ဆေးလုံးကို တီထွင်နိုင်ခဲ့ခြင်းသည် သာမန်ပြည်သူများအတွက် ကောင်းကင်ဘုံမှ ပေးသနားသော ဆေးလုံးတစ်လုံးနှင့် တူသည်ဟု ဆိုနိုင်ပေသည်။
အခြေတည်ဆေးလုံးများ မပေါ်ပေါက်မီက၊ ထိပ်တန်းပါရမီရှင်များသာ အခြေတည်ခြင်းကို အောင်မြင်စွာ တည်ထောင်နိုင်ပြီး ကျင့်ကြံခြင်း လမ်းကြောင်းပေါ်သို့ ခြေချနိုင်ခဲ့သည်။
သို့သော် ယခုအခါ အခြေတည်ဆေးလုံးများ ရှိနေခြင်းကြောင့် အောက်ခြေအဆင့် စိတ်ဝိညာဉ်အမြစ် ရှိသူများပင်လျှင် အခြေတည်ခြင်းအား အောင်မြင်နိုင်ခြေ ရှိလာသည်။
အလယ်အလတ်တန်းစား စိတ်ဝိညာဉ်အမြစ်နှင့် အထက်တန်းစား စိတ်ဝိညာဉ်အမြစ် အတွက်မူ အောင်မြင်နိုင်ခြေသည် ပို၍ပင် ကြီးမားပေသည်။
ဤအကြောင်းကြောင့်ပင်၊ ယခုအခါ သူ၏ ခန္ဓာကိုယ် အခြေတည်ခြင်းကို အောင်မြင်စွာ တည်ဆောက်ပြီးဖြစ်သော ကျိုးစွေ့သည် မယုံနိုင်လောက်အောင် အစွမ်းထက်နေသည်။
ကိုယ်ပိုင် အခြေတည်ခြင်းတွင် သူ ကျရှုံးခဲ့လျှင်ပင် သူ သေဆုံးသွားမည် မဟုတ်ပေ။ သူ၏ ခန္ဓာကိုယ်သည် နောက်ဆက်တွဲ တန်ပြန်သက်ရောက်လာမည့် ဒဏ်ကို အပြည့်အဝ ကြံ့ကြံ့ခံနိုင်စွမ်း ရှိသည်။
"အကယ်လို့ ကိုယ်ပိုင် အခြေတည်ခြင်းသာ အောင်မြင်ခဲ့ရင်.. အကျိုးကျေးဇူးက အခြေတည်ဆေးလုံးတွေ သုံးပြီး ရလာတာထက် ပိုကြီးမားလိမ့်မယ်…"
ကျိုးစွေ့သည် သူ၏ မျက်လုံးများကို ကျဉ်းမြောင်းလိုက်သည်။
သူသည် သက်ဆိုင်ရာ အချက်အလက်များစွာကိုလည်း ရရှိထားသည်။ ကိုယ်ပိုင် အခြေတည်ခြင်း ပြုလုပ်ခဲ့သော ထိုပါရမီရှင်များ၏ မှော်စွမ်းအားသည် အခြေတည်ဆေးလုံးများ အသုံးပြု၍ တက်လှမ်းခဲ့သော အခြား အခြေတည်အဆင့်ကျင့်ကြံသူများထက် နှစ်ဆ ပို၍ သန့်စင်သည်။
ရလဒ်အနေဖြင့်၊ ကိုယ်ပိုင် အခြေတည်ခြင်း ပြုလုပ်ခဲ့သော ပါရမီရှင်များသည် အနာဂတ်တွင် ရွှေအမြုတေအဆင့်သို့ တက်လှမ်းနိုင်ခြေ ပိုများသည်။
အောင်မြင်မှုနှုန်းသည် အနည်းဆုံး နှစ်ဆယ်ရာခိုင်နှုန်း တိုးလာသည်။
ထို့ကြောင့်၊ ဖြစ်နိုင်ပါက သူသည် ပြီးပြည့်စုံသော တာအိုအခြေခံ အုတ်မြစ်တစ်ခု ချမှတ်ရန်အတွက် ကိုယ်ပိုင် အခြေတည်ခြင်းကို သဘာဝအတိုင်း ကြိုးစားလိုသည်။
၎င်းသည် သူ၏ အနာဂတ် အမြုတေဖွဲ့စည်းခြင်းလမ်းကြောင်းနှင့်လည်း သက်ဆိုင်နေသည်။
ခြေတစ်လှမ်း အမြဲတမ်း သာနေခြင်း၊ ၎င်းသည် ကျင့်ကြံခြင်း၏ အခြေခံသဘောတရား ဖြစ်၏။
"လက်ရှိမှာ ငါ့ရဲ့ ခန္ဓာကိုယ်က အခြေတည်အဆင့် ရုပ်ခန္ဓာကျင့်ကြံသူတစ်ယောက်နဲ့ နှိုင်းယှဉ်နိုင်နေပြီ.. ကျရှုံးခဲ့ရင်တောင် ဘာမှဖြစ်မှာ မဟုတ်ဘူး…"
"ဟုတ်တယ်.. ငါ ဒါကို ကြိုးစားကြည့်နိုင်တယ်…"
မေးစေ့ကို ပွတ်သပ်ရင်း ကျိုးစွေ့ ချက်ချင်း ဆုံးဖြတ်ချက် ချလိုက်သည်။
မည်သို့ပင်ဖြစ်စေ၊ သူ၏ ခန္ဓာကိုယ်သည် အခြေတည်ခြင်း ကျရှုံးမှု၏နောက်ဆက်တွဲဒဏ်ကို ကြံ့ကြံ့ခံနိုင်သည်။ အကယ်၍ အမှန်တကယ် အဆင်မပြေပါက သူသည် နောက်ပိုင်းတွင် အခြေတည်ဆေးလုံးကို အသုံးပြုနိုင်သည်။
သူ့ထံတွင် ဝှက်ထားသော အားသာချက်များစွာ ရှိနေသေးသည်။
...
သူ၏ ကျင့်ကြံမှုကို ခဏတာ ခိုင်မာအောင် ပြုလုပ်ပြီးနောက် ညရောက်သွားခဲ့သည်။
သူ၏ ဇနီးသုံးယောက်သည် သူ့အတွက် ညစာအသင့်ပြင်ဆင်ထားပြီး ဖြစ်ကာ အရသာရှိသော အစားအစာ မျိုးစုံဖြင့် ပြည့်နှက်နေသည်။
မည်သို့ပင်ဖြစ်စေ၊ တိမ်မြူခိုးတောင်တန်းတွင် သားရဲများ ရှားပါးခြင်း မရှိပေ။ အစွမ်းရှိသရွေ့ အသားများစွာ ရရှိရန် သားရဲများကို အလိုရှိသလို အမဲလိုက်နိုင်သည်။
ဂျလွတ်…။
ထိုအချိန်တွင် ကျိုးစွေ့သည် ကျင့်ကြံရေးအခန်းမှ ထွက်လာပြီး ထမင်းစားပွဲတွင် ညင်သာစွာ နေရာယူလိုက်သည်။ သစ်သားထိုင်ခုံသည် သူ၏ ရုပ်ခန္ဓာခွန်အားကို မခံနိုင်ဘဲ ချက်ချင်းပင် သစ်သား အပိုင်းအစများအဖြစ်သို့ ကြေမွသွားသည်။
"ယောက်ျား.. ရှင့်ရဲ့ ခန္ဓာကိုယ်က အခြေတည်အဆင့်ကို အောင်မြင်သွားပြီလား…"
ထိုအခိုက်အတန့်တွင် ကျိပင်းယွီသည် ကျိုးစွေ့၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော ကြီးမားလှသည့် စွမ်းအားကို ပထမဆုံး အာရုံခံမိလိုက်သည်။
၎င်းသည် မီးဖိုကြီးတစ်ခုနှင့် တူပြီး ကြောက်မက်ဖွယ် သားရဲကြီးတစ်ကောင်ကဲ့သို့ ထင်ရသည်။ သူ၏ သွယ်လျသော ခန္ဓာကိုယ်လေးထဲတွင် ကြောက်မက်ဖွယ် ခွန်အားများ ပါဝင်နေသည်။
"ဟုတ်တယ်… ယွီအာ က တကယ်ပဲ အကင်းပါးတယ်.. ငါ ခုဏက ကျင့်ကြံနေတုန်း မတော်တဆ ခန္ဓာကိုယ် အခြေတည်အဆင့်ကို အောင်မြင်သွားတယ်…"
"ငါ့ရဲ့ ခွန်အားက ရုတ်တရက် တိုးလာတော့ ခန္ဓာကိုယ်ထဲက စွမ်းအားကို လောလောဆယ် ကောင်းကောင်း မထိန်းချုပ်နိုင်သေးဘူး…"
ကျိုးစွေ့သည် အတော်လေး အကူအညီမဲ့သလို ခံစားလိုက်ရသည်။
အမှန်တကယ်တော့ ၎င်းသည် ပထမဆုံးအကြိမ် မဟုတ်ပေ။ 'နဂါးဆင်ကူ'ဖြင့် လစဉ် သန့်စင်မှုတိုင်းသည် သူ၏ ခွန်အားကို ရုတ်တရက် တိုးလာစေပြီး ထိုအချိန်အတွင်း သူ၏ ခန္ဓာကိုယ်ခွန်အားကို မထိန်းချုပ်နိုင် ဖြစ်ခဲ့သည်။
သူသည် အိမ်ရှိ အိုးခွက်ပန်းကန်များနှင့် ဇွန်းများကို မကြာခဏ ချိုးဖဲ့မိသည်။
တံခါးဘောင်များနှင့် အခြား ပရိဘောဂများပင် သူ၏ ညင်သာသော ရိုက်ပုတ်မှုကြောင့် ကြေမွသွားတတ်သည်။
ယခု သူ၏ရုပ်ခန္ဓာသည် အခြေတည်အဆင့်သို့ အောင်မြင်သွားပြီ ဖြစ်ပြီး၊ သူ၏ ခန္ဓာကိုယ်အတွင်း ဂျင်သိန်းပေါင်းများစွာရှိသော ခွန်အားကို ပိုင်ဆိုင်ထားသောကြောင့်၊ သူ၏ ခွန်အားကို ထိန်းချုပ်ရန် ပို၍ပင် ခက်ခဲနေသည်။
ပေါက်ကွဲထွက်မတတ် တိုးလာသော ခွန်အားနှင့် လိုက်လျောညီထွေဖြစ်ပြီး သာမန်နေ့စဉ်ဘဝသို့ ပြန်လည်ရောက်ရှိရန် အနည်းဆုံး ရက်ပေါင်းများစွာ ထပ်မံ လိုအပ်ဦးမည် ဖြစ်သည်။
"တကယ်ကို ကျွန်မရဲ့ ယောက်ျား ပီသပါပေတယ်… ရှင့်ရဲ့ ရုပ်ခန္ဓာက အခြေတည်အဆင့် ရုပ်ခန္ဓာကျင့်ကြံသူတစ်ယောက်နဲ့ တန်းတူ ဖြစ်နေပြီ… ဒီတော့ အခြေတည်အဆင့်ကို သေချာပေါက် အောင်မြင်တော့မှာ မဟုတ်လား…"
မုဇီယန်၏ မျက်လုံးများ အရောင်တောက်လာပြီး အတော်လေး စိတ်လှုပ်ရှားနေသည်။
အကယ်၍ တစ်စုံတစ်ဦးသည် သူတို့၏ ရုပ်ခန္ဓာအား အခြေတည်အဆင့်သို့ ကြိုတင် တည်ဆောက်ထားပြီး၊ အခြေတည်ဆေးလုံးများကို အားဖြည့်အထောက်အကူအနေဖြင့် အသုံးပြုပါက အခြေတည်ခြင်း အောင်မြင်မှုနှုန်းသည် အနည်းဆုံး ရှစ်ဆယ်ရာခိုင်နှုန်း ရှိမည်ကို သူမ သိသည်။
သို့သော်၊ ရုပ်ခန္ဓာကို အခြေတည်အဆင့်သို့ အောင်မြင်ရန်မှာ ချီ အခြေတည်ခြင်းတွင် အောင်မြင်ခြင်းထက်ပင် ပို၍ ခက်ခဲသည်။
လိုအပ်သော အရင်းအမြစ်များသည် သာမန် ကျင့်ကြံသူများ တတ်နိုင်သည့် အရာ မဟုတ်ပေ။
"ဒါက မသေချာသေးပါဘူး.. ဒါပေမဲ့ ယုံကြည်မှု နည်းနည်းပိုရှိလာတယ်လို့ပဲ ပြောရမယ်…"
ကျိုးစွေ့က နှိမ့်ချစွာ ပြောလိုက်သည်။
"ကျွန်မရဲ့ ယောက်ျားက ကျွန်မတို့ရဲ့ ကျင့်ကြံမှုအဆင့်တွေကို ဒီလောက် မြန်မြန်ကြီး လိုက်မီလာလိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ… ယောက်ျားနဲ့ ပထမဆုံး တွေ့တုန်းကဆို သူက ချီသန့်စင်ခြင်း ပထမအလွှာက ကျင့်ကြံသူလေး တစ်ယောက်ပဲ ရှိသေးတာကို.. ကျွန်မဖြင့် မှတ်မိသေးတယ်…"
ရှားကျင်းယန်သည်လည်း အလွန် စိတ်လှုပ်ရှားနေသည်။
လွန်ခဲ့သော နှစ်အနည်းငယ် သူတို့ စတင်ဆုံစည်းခဲ့စဉ်က၊ သူမကိုယ်တိုင် အခြေတည်အဆင့်ကို ဤမျှ လျင်မြန်စွာ အောင်မြင်လိမ့်မည်ဟု မထင်ထားခဲ့သလို၊ သူမယောက်ျားကလည်း သူတို့၏ ကျင့်ကြံမှုအဆင့်များကို ဤမျှ လျင်မြန်စွာ လိုက်မီလာလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။