သွေးဗီဇစွမ်းအား မြှင့်တင်ခြင်း
Vol. 96 Ch. 946
ပင်လယ်သားရဲလှိုင်းကား ကပ်ဆိုးနှင့် ကြုံတွေ့သွားလေပြီ။
ထိုနေ့ညမှာပင် ထာဝရကြည်လင်ကျွန်း၌ ကြီးကျယ်ခမ်းနားသော အောင်ပွဲခံအခမ်းအနားကြီးတခုကို ကျင်းပခဲ့ကြ၏။
ပင်လယ်လူသားမျိုးစိတ်များ ဤသို့ ပျော်ပွဲရွှင်ပွဲ မကျင်းပနိုင်သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။
တကယ်တော့ ပင်လယ်သားရဲလှိုင်းကို တနည်းမဟုတ် တနည်းနှင့် အနိုင်ယူနိုင်မည်ကိုတော့ သူတို့ မျှော်လင့်ထားပြီးသားပင်။
သို့သော် ဤတကြိမ် အနိုင်ယူနိုင်ခြင်းကတော့ ထူးခြားနေ၏။ သူတို့ဘက်မှ နက်ပ်ကျွန်းခံတပ်သို့မဟုတ် ပုံရိပ်တထောင်ကျွန်း၏ အကူအညီမပါခဲ့သလို ပေးဆပ်မှုအနည်းဆုံးနှင့် အောင်ပွဲခံနိုင်ခဲ့သည် မဟုတ်ပါလား။
ဤသည်မှာ ပင်လယ်သားရဲများ၏ ထိုးစစ်ကို ပို၍ လွယ်ကူစွာ ဖြေရှင်းနိုင်မည့် နည်းလမ်းတခု ရှိနေသေးကြောင်း စုချန်းက ပင်လယ်လူသားများအား သသက်သေပြလိုက်သည်နှင့် အတူတူပင်။
ထိုနည်းလမ်းမှာ တောက်ပခြင်းနဂါးသွေးဗီဇ၏ စွမ်းအားပင် ဖြစ်လေသတည်း။
ဤတစ်ကြိမ် ပင်လယ်သားရဲလှိုင်းကို အနိုင်ယူလိုက်နိုင်ရာတွင် ကုချိန်းလွှာ၏ အကူအညီများစွာ ပါဝင်နေသည်ဟုဆိုလျင် မှားလိမ့်မည်မဟုတ်ချေ။ သူမ၏ မူလသားရဲသွေးဗီဇသာ မရှိခဲ့လျင် ပင်လယ်သားရဲများအနေနှင့် ဖွဲ့စည်းပုံပျက်သွားလိမ့်မည်မဟုတ်။ သို့ဆိုလျင် ရေတပ်အုပ်စုဘက်မှ ပင်လယ်သားရဲလှိုင်း၏ ထိုးစစ်ကို ရပ်တန့်နိုင်ခဲ့လျင်ပင် ပေးဆပ်မှုကြီးမားလိမ့်မည်မှာ သေချာနေ၏။ ထို့ကြောင့် ကုချိန်းလွှာတယောက်တည်းက နက်ပ်ကျွန်းခံတပ်တခုလုံးကို အစားထိုးနိုင်ခဲ့သည်ဟုပင် အခြေခံအားဖြင့် ဆိုနိုင်သည်။
သို့သော် ကုမျိုးနွယ်တိုင်း ဤသို့ စွမ်းဆောင်နိုင်သည်တော့ မဟုတ်ချေ။ အကြောင်းမှာ ကုမျိုးနွယ်ထဲတွင် သွေးဗီဇသန့်စင်မှု လေးဆယ် ရာခိုင်နှုန်းထိ ယခင်က မည်သူမျှ ရောက်ရှိခဲ့ဖူးခြင်း မရှိသောကြောင့်ပင် ဖြစ်သည်။
ထို့ကြောင့် သွေးဗီဇသန့်စင်မှု လေးဆယ် ရာခိုင်နှုန်းဟူသည်မှာ စိတ်ကူး၍ပင် မရနိုင်သော ပမာဏမျိုး ဖြစ်သည်။ ထိုသို့သော စွမ်းအားမျိုးကို ရရှိနိုင်သည့် နည်းလမ်းရှိကြောင်း ယခင်ကတည်းက သိရှိကြသည့်တိုင် လက်ရှိအချိန်တွင် ကုချိန်းလွှာတဦးတည်းသာ ဤစွမ်းဆောင်ရည်မျိုးကို ပြသနိုင်သေး၏။
သို့သော် ဤယနေ့တွင် ကုချိန်းလွှာတဦးတည်းသာ ရှိနေ၍ နောင်တွင်လည်း ကုချိန်းလွှာတဦးတည်းသာ ရှိနေအုံးမည်ဟုတော့ ယတိပြတ်ဆို၍မရချေ။
စုချန်း၏ ရည်ရွယ်ချက်ကိုက အံ့ဖွယ်ဖြစ်ရပ်တခုကို ဖန်တီးပြီး ထိုအံ့ဖွယ်ကို သာမန်ဖြစ်ရပ် ဖြစ်လာစေရန် ထပ်မံပြုပြင်လိုက်ရန်ပင် မဟုတ်ပါလား။
ကုချိန်းလွှာ၏ ထူးခြားလှသော စွမ်းဆောင်ရည်ကို မြင်တွေ့ပြီးနောက် လူအများအပြား ဤသို့ တွေးလာကြတော့မည်မှာ သေချာနေခဲ့ပေပြီ။
အောင်ပွဲခံအခမ်းအနားကား စည်ကားလှ၏။ လူတိုင်း ရယ်မောပျော်ရွှင်ကာ သောက်စားပျော်ပါးနေကြလေသည်။
ထိုအချိန်မှာပင် ကျုံးကျန်းကျွန်က ဝိုင်ခွက်တခွက်ကို ကိုင်ဆောင်လျက် စုချန်းထံ လျှောက်လာပြီး ပြောလိုက်၏။
“ညီလေးစု ကျုပ်ရဲ့ဂါရဝပြုမှုကို လက်ခံတဲ့အနေနဲ့ ဒီဝိုင်ကို သောက်လိုက်ပါ ကျုပ် အရင်တုန်းက ဘယ်သူ့ကိုမှ ဒါမျိုး မတိုက်ဖူးဘူး ဒါ ပထမဆုံးပဲ"
စုချန်းက ရယ်မောရင်း ဝိုင်ခွက်ကို လက်ခံလိုက်၏။
“တပ်မှူးရဲ့ ဒီလိုဂါရဝပြုမှုက ကျုပ်နဲ့ မထိုက်တန်ဘူး ထင်ပါတယ်”
“အို... မင်းနဲ့ အရမ်းကို ထိုက်တန်တာပေါ့ကွာ”
ကျုံးကျန်းကျွန် ဆက်ပြောလိုက်၏။
“မင်းဟာ သွေးဗီဇမပိုင်ဆိုင်တဲ့လူတွေအတွက် အလင်းတုန်ခါခြင်းနယ်ပယ် ကို ရောက်နိုင်အောင် ဖန်တီးပေးခဲ့သလို ခုလဲ သွေးဗီဇပိုင်ရှင်တွေရဲ့ စွမ်းအားကို မြှင့်တင်ပေးလိုက်ပြန်ပြီ ဒါကြောင့်လူသားမျိုးနွယ်အနေနဲ့ မင်းအပေါ်မှာ ကျေးဇူးကြွေးအများကြီး တင်နေပြီ တကယ်လို့ လူသားတိုင်းရဲ့ သွေးဗီဇစွမ်းအားကိုသာ နောက်ထပ် တဆင့်မြှင့်တင်နိုင်ခဲ့မယ်ဆိုရင်...”
ကျုံးကျန်းကျွန် စကားကို ဆုံးအောင်မပြောပဲ သက်ပြင်းချလိုက်၏။ သူ၏ မျက်လုံးထဲတွင်ကား တစုံတရာကို တောင့်တလိုလားဟန် အရိပ်အယောင်များ ယှက်သန်းနေလေသည်။
ကျုံးကျန်းကျွန် ဘာကိုဆိုလိုမှန်း စုချန်း ချက်ချင်းနားလည်လိုက်၏။
တကယ်တော့ သူ၏ သွေးဗီဇစွမ်းအားကို မြှင့်တင်ပေးရာတွင် စုချန်း ကူညီပေးရန် ကျုံးကျန်းကျွန် အလိုရှိနေခြင်းပင်။
ကျုံးကျန်းကျွန်၏ သွေးဗီဇမှာ နတ်ဆိုးဧကရာဇ်သားရဲသွေးဗီဇဖြစ်သည့် ဟိန်းသံတထောင်သွေးဗီဇပင် ဖြစ်သည်။
သူ့ သွေးဗီဇသန့်စင်မှုမှာလည်း ကန့်သတ်ချက်ဖြစ်သော ငါးဆယ် ရာခိုင်နှုန်းအထိပင် နိုးကြားနေခဲ့လေပြီ။ ထိုအချက်က သူ အလွန်အင်အားကြီးမားရခြင်း၏ တစ်စိတ်တစ်ပိုင်းဟု ဆိုနိုင်၏။ သူ အင်ပြည့်အားပြည့် တိုက်ခိုက်လိုက်တိုင်း ဟိန်းသံတထောင်သားရဲ၏ ပုံစံကို အပြည့်အဝ ယူနိုင်ပြီး အင်အားမှာလည်း ဆထက်တံပိုး မြှင့်မားလာတတ်၏။ သို့သော် ကန့်သတ်ချက်သို့ ရောက်နေပြီဖြစ်၍ ကျုံးကျန်းကျွန်အနေနှင့် သူ့သွေးဗီဇကို ထပ်မံ နိုးကြားစေနိုင်ခြင်း မရှိတော့ပေ။ အကြောင်းမှာ သူ့သွေးဗီဇသာ နောက်တကြိမ်နိုးထလာပါက ကျုံးကျန်းကျွန်၏ လူသားဗီဇ လုံးဝပျောက်ကွယ်သွားမည် ဖြစ်သောကြောင့်ပင်တည်း။
သို့သော် ကုချိန်းလွှာ၏ အဖြစ်အပျက်က သဘာဝတရားမှ ချမှတ်ထားသော ကန့်သတ်ချက်များစွာကို ချိုးဖျက်နိုင်သောနည်းလမ်းများ ရှိနေသေးကြောင်း သူ့ကို သဘောပေါက်သွားစေ၏။
စုချန်းသာ ကုချိန်းလွှာ၏ ကန့်သတ်ချက်ကို မြှင့်တင်ပေးနိုင်ခဲ့လျင် သူ့ကို ကူညီပေးနိုင်မည်မှာလည်း မုချပင်။
ကျုံးကျန်းကျွန်အဖို့ မည်မျှပင် မာနကြီးစေကာမူ အကျိုးအမြတ်က အလွန်တန်ဖိုးကြီးမားနေသည့်အခါ ခေါင်းကို နှိမ့်ထားရမည်သာ။
စုချန်း ရယ်မောရင်း ပြန်ပြောလိုက်၏။
“သီအိုရီအရတော့ ဖြစ်နိုင်ပါတယ် ဒါပေမဲ့ အချိန်နဲ့ စွမ်းအားတွေ အများကြီး လိုတယ်ဗျ လက်ရှိမှာ နက်ရှိုင်းပင်လယ်ဝမ်းနည်းခြင်းကသာ အဓိကဆိုတော့ ကျုပ်အနေနဲ့ လောလောဆယ် တခြားအရာတွေကို အချိန်မပေးနိုင်သေးဘူး"
စုချန်း ဆိုလိုသည်ကို ကျုံးကျန်းကျွန်ကလည်း ချက်ချင်း သဘောပေါက်လိုက်၏။
“ဒါဆို နက်ရှိုင်းပင်လယ်ဝမ်းနည်းခြင်းပြဿနာ ဖြေရှင်းပြီးတဲ့နောက် မင်းအနေနဲ့ စဥ်းစားပေးမယ်ပေါ့"
စုချန်း ခေတ္တမျှ စဉ်းစားပြီးနောက် ခေါင်းခါလိုက်သည်။
“တပ်မှူးကျုံးကို အမှန်အတိုင်း ပြောရရင် ဒါဟာ ရိုးရှင်းတဲ့ ကိစ္စလို့ ထင်ရပေမဲ့ သွေးဗီဇမဲ့နည်းစနစ်တွေ သုတေသနပြုတာနဲ့ လက်ရှိသွေးဗီဇကို အဆင့်မြှင့်တင်ဖို့ဆိုတာ အတော်လေး ကွဲပြားတယ်ဗျ သွေးဗီဇမဲ့နည်းစနစ်တွေဟာ လူတိုင်းအတွက် အသုံးဝင်ပေမဲ့ သွေးဗီဇကို အဆင့်မြှင့်တင်ဖို့ကတော့ တိကျတဲ့ ချဉ်းကပ်မှု လိုအပ်တယ် ဒီကမ္ဘာကြီးပေါ်မှာ မရေမတွက်နိုင်တဲ့ သွေးဗီဇတွေရှိနေပြီး တခုချင်းစီမှာလဲ ထူးခြားတဲ့ ကိုယ်ပိုင်ဝိသေသလက္ခဏာတွေ ရှိကြတယ် ဒါ့အပြင် သွေးဗီဇအတူတူဆိုရင်တောင် ဇီဝပိုင်းဆိုင်ရာ ကွဲပြားမှုတွေ ရှိသေးတယ် ဒီလူတွေကို တဦးချင်း လေ့လာဖို့ဆိုတာ ကျုပ်အတွက် ဘယ်လိုမှ မလွယ်ကူဘူး”
စုချန်း ပြောလိုက်သည့် စကား၏ အဓိပ္ပါယ်ကို ကျုံးကျန်းကျွန် နားလည်ပုံရသည်။
“ဒါဆို ညီလေးစုက လူအနည်းငယ်ကို ပဲ ရွေးပြီး အဆင့်မြှင့်တင်ပေးနိုင်မယ်ပေါ့ ဟုတ်လား"
“မှန်ပါတယ် တပ်မှုးကျုံး”
စုချန်းက ပြန်ဖြေလိုက်လေသည်။
ဤနေရာတွင် စုချန်းအနေနှင့် သွေးဗီဇစွမ်းအားကို မြှင့်တင်ရန်အတွက် သွေးဗီဇတခုချင်းစီကို သီးခြားခွဲခြမ်းစိတ်ဖြာရန် တကယ်ကြီး လိုအပ်နေသလားဟု မေးရန်ရှိသည်။
အဖြေမှာကား မလိုအပ်ပါ။ သူ့အနေနှင့် ဘုံအခြေအနေတခုကို ရှာဖွေပြီး လူတိုင်း၏ သွေးဗီဇစွမ်းအားကို မြှင်တင်နိုင်မည့် နည်းလမ်းတမျိုးကို ရှာဖွေကောင်း ရှာဖွေနိုင်ချေရှိ၏။
သို့သော် ဤတစ်ကြိမ်တွင် ထိုသို့လုပ်ချင်စိတ် စုချန်းတွင် မရှိချေ။
အကြောင်းမှာ လူသားမျိုးနွယ်၏ အခြေခံအင်အားကိုမြှင့်တင်မည့် သူ့ရည်မှန်းချက်တွင် တော်ဝင်မျိုးနွယ်စုများ ရယူထားသည့် တဦးတည်းမောင်ပိုင်စီးမှုကို ပျက်ပြားစေမည့် အဓိပ္ပာယ်တချို့ ပါဝင်နေသောကြောင့်ပင်။
နှစ်ဦးနှစ်ဖက် အကျိုးဖြစ်ထွန်းစေရန်အတွက် တော်ဝင်မျိုးနွယ်စုတချို့အား သွေးဗီဇစွမ်းအင် မြှင့်တင်ပေးလိုက်ခြင်းသည် အထူးအထွေ ပြသနာမရှိလှ။ သို့သော် သူ့အာရုံကို တော်ဝင်မျိုးနွယ်စုဝင်တိုင်း၏သွေးဗီဇစွမ်းအားကို မြှင့်တင်မည့်ဘက်သို့ ဦးလှည့်လိုက်ပါက စုချန်း၏ မူလရည်ရွယ်ချက်နှင့် သွေဖီသွားပေလိမ့်မည်။
ထို့ကြောင့် စုချန်းတွင် ထိုသို့လုပ်ချင်စိတ် လားလားမျှ မရှိ။
သူ မျှော်မှန်းထားသည့် အနာဂတ်တွင် သွေးဗီဇများသည် အရန်စွမ်းအားသာ ဖြစ်ရပေလိမ့်မည်။ ခွန်အား၏ အဓိကရင်းမြစ် မဟုတ်နိုင်တော့။
တော်ဝင်မျိုးနွယ်စုများအနေနှင့် ဆက်လက်တည်ရှိနိုင်မည်ဖြစ်သော်လည်း ၎င်းတို့၏ မြင့်မြတ်သောအဆင့်အတန်းကိုတော့ တနေ့မဟုတ်တနေ့ လက်လွှတ်ရလိမ့်မည်သာ။
ထို့နောက် မူလကမ္ဘာကြီး၏ အနာဂတ်တွင်လည်း သွေးဗီဇမဲ့ကျင့်ကြံသူများကသာ ကျင့်ကြံခြင်းလောကကို လွှမ်းမိုးသွားပေလိမ့်မည်။
ဤသည်မှာ စုချန်း အနာဂတ်အတွက် ရေးဆွဲထားသည့် ပုံကြမ်းဖြစ်သော်လည်း ကျုံးကျန်းကျွန်ကိုတော့ စုချန်းက အာညောင်းခံကာ ရှင်းပြနေလိမ့်မည်မဟုတ်။
သို့သော် စုချန်း၏ စကားကို ကျုံးကျန်းကျွန် နားလည်မှုလွဲသွား၏။ သူ့စိတ်ထဲတွင် စုချန်းဘက်မှ တန်ရာတန်ကြေး တောင်းဆိုနေသည်ဟုသာ တထစ်ချယူဆလိုက်လေသည်။
ထိုအခါ သူက ရယ်မောရင်း အောက်ပါအတိုင်း ပြောလိုက်၏။
“ညီလေးစု စီးပွားရေးအမြင် တော်တော်ရှိတာပဲ ကျုပ်ကလဲ သဘောတူပါတယ်ဗျာ"
ကျုံးကျန်းကျွန် နားလည်မှုလွဲသွားမှန်းသိသော်လည်း စုချန်း ဘာမှပြန်ပြောမနေတော့ပဲ လက်ခံလိုက်၏။
အထက်ပါအတိုင်း စကားပြောနေကြရင်း သူ့ကိုစောင့်နေသော ကျန့်စီချွေ့ကိုမြင်သော် ကျုံးကျန်းကျွန် ရယ်မောလိုက်ပြန်သည်။
“ဟော တယောက်တော့ သူ့အလှည့်ရောက်အောင်စောင့်နေပုံပဲ ကဲ ဒါဆိုလဲ ကျုပ်ကို ခွင့်ပြုပါအုံးညီလေးစု”
ထို့နောက် သူက စုချန်းကို အရိုအသေပေးပြီး ထိုနေရာမှ ထွက်ခွာသွား၏။ ကျုံးကျန်းကျွန် ထွက်ခွာသွားသည်နှင့် ကျန့်စီချွေ့နှင့် ဂျီဟန်းယင်တို့နှစ်ယောက် စုချန်းဘေးနားသို့ ရောက်လာကြပြန်သည်။
ဂျီဟန်းယင်က စကားစလိုက်၏။
“စုချန်း ရှင် လူတစ်ယောက်ရဲ့ သွေးဗီဇသန့်စင်မှု ကန့်သတ်ချက်ကို မြှင့်တင်နိုင်တယ်ဆိုတာ ကျွန်မတို့ကို ဘာလို့ မပြောခဲ့တာလဲ ကဲ ပြောစမ်းပါအုံး ကျွန်မနဲ့ စီချွေ့အတွက် ရှင် ဘာလုပ်ပေးမှာလဲ”
စုချန်း ရယ်မောလိုက်လေသည်။
"ကျုပ်ကို သိပ်လဲအထင်ကြီးမနေကြနဲ့လေ တကယ်တော့ ချိန်းလွှာ အောင်မြင်သွားတယ်ဆိုတာ ကျုပ် သူ့ရဲ့တောက်ပခြင်းနဂါးသွေးဗီဇကို လေ့လာနေတာ ကြာလှပြီကိုးဗျ ပြီးတော့ သူက ကျုပ်ရဲ့ ဇနီးလည်း ဖြစ်နေတယ်လေ ခုနေများ တခြားကုမျိုးနွယ်ဝင်တယောက်ကို ချိန်းလွှာလို အောင်မြင်အောင်လုပ်ပေးပါဆိုရင် ကျုပ် ယတိပြတ်ကတိမပေးနိုင်ဘူး"
“ဒါဆို ဒီနည်းလမ်းက တခြားကုမျိုးနွယ်ဝင်တွေအတွက်တောင် အသုံးမတည့်တဲ့သဘောပေါ့ ဟုတ်လား”
ဖရော့စ်ပွိုင့်က အမှတ်မထင် ဝင်မေးလိုက်၏။
ဖရော့စ်ပွိုင့် ဤသို့ မေးရခြင်းကလည်း အကြောင်းရှိသည်။ သူသည် ပင်လယ်လူသားမျိုးစိတ်ဝင်ဖြစ်လေရာ သွေးဗီဇစွမ်းအားသည် သူတို့အတွက် လုံးဝ အသုံးမဝင်ချေ။ သို့သော် သွေးဗီဇသန့်စင်မှု လေးဆယ်ရာခိုင်နှုန်းထိ ရှိနေသော တောက်ပခြင်းနဂါးသွေးဗီဇ၏ သားရဲလှိုင်းကို နှိမ်နင်းနိုင်သည့် စွမ်းအားကတော့ သူတို့အတွက် အလွန်အသုံးဝင်နေ၏။
ဖရော့စ်ပွိုင့်အနေနှင့် ကုချိန်းလွှာကို နက်ပ်ကျွန်းခံတပ်တွင် အမြဲတမ်း နေထိုင်ရန် မည်သို့မျှ တောင်းဆိုရဲခြင်းမရှိ။ သို့သော် တခြားကုမျိုးနွယ်ဝင်တဦးကို ခံတပ်တွင် ဂုဏ်သရေရှိဧည့်သည်အဖြစ် ဖိတ်ခေါ်ထားနိုင်ရန်တော့ မျှော်လင့်နေမိ၏။
သူ့အကြံသာ အောင်မြင်သွားလျင် နက်ရှိုင်းပင်လယ်ဝမ်းနည်းမှုစီမံကိန်း ကျရှုံးသွားခဲ့လျင်ပင် သိပ်ပြသနာမရှိလှတော့ချေ။
သို့သော် ဤနေရာတွင်လည်း လိုအပ်ချက် နှစ်ခု ရှိနေသေး၏။ ပထမတချက်မှာ ကုမျိုးနွယ်တွင် အလားတူ အဆင့်အတန်းသို့ ရောက်ရှိနိုင်သူတစ်ဦး ရှိရန် လိုအပ်နေခြင်းပင် ဖြစ်သည်။ ဒုတိယအချက်မှာကား ထိုသူသည်လည်း ဟာလာဟင်းလင်းတောင်မှ ထွက်ခွာနိုင်ရန် လိုအပ်သေး၏။
ဤလိုအပ်ချက်နှစ်ခုလုံးကို ဖြည့်ဆည်းပေးနိုင်သူမှာ လက်ရှိအချိန်တွင် စုချန်းမှအပ တခြားမရှိချေ။
ထိုကြောင့်လည်း ဖရော့စ်ပွိုင့်က ဤမေးခွန်းကို အလောတကြီးနှင့် ဖြတ်မေးလိုက်ခြင်းပင် ဖြစ်သည်။
စုချန်း ရယ်မောလိုက်ပြန်၏။
“ကြည့်ရတာ အရှင်မင်းသားက နက်ရှိုင်းပင်လယ်ဝမ်းနည်းမှုပြသနာကို ဖြေရှင်းမဲ့ကျုပ်စွမ်းရည်ကို သံသယဖြစ်နေပုံပဲ"
ဖရော့စ်ပွိုင့်၏ မျက်နှာ နီရဲသွား၏။
သို့သော် စုချန်းက ဖရော့စ်ပွိုင့်၏ သံသယကို စိတ်မကွက်ပဲ အောက်ပါအတိုင်း ရှင်းပြလိုက်လေသည်။
“ချိန်းလွှာ အောင်မြင်ခဲ့တယ်ဆိုတာ အကြောင်းရင်းတွေ အများကြီးရှိတယ်ဗျ ဒီလိုအကြောင်းရင်းတွေသာမရှိရင် ကုမျိုးနွယ်ဝင် တချို့တလေလောက်ပဲ သူ့လိုအောင်မြင်မှုမျိုး ရနိုင်လိမ့်မယ်"
“ဘယ်လိုအကြောင်းရင်းတွေများလဲ”
ဖရော့စ်ပွိုင့်နှင့် ဝက်စ်မင်စတာတို့က ပြိုင်တူပင် မေးမြန်းလိုက်ကြ၏။
စုချန်း မသိမသာ ပြုံးလိုက်သည်။
“ကမ္ဘာဦးမတိုင်မီသားရဲသွေးနဲ့ မူလသားရဲအဆီအနှစ်ပဲ"
ဟင်!!!
စုချန်း၏ စကားက သူတို့နားအနီး ဗုံးတစ်လုံး ကပ်၍ ဖောက်ခွဲလိုက်သလို ဖရော့စ်ပွိုင့်နှင့် ဝက်မင်စတာတို့ ခံစားလိုက်ရ၏။ သူတို့ အကြီးအကျယ် ထိတိလန့်သွားကြလေပြီ။
သို့သော် စုချန်းက လိမ်ညာနေခြင်း မဟုတ်။
ကုချိန်းလွှာ၏ ခွန်အား မည်သည့်နည်းနှင့် ဤမျှ မြန်မြန်ဆန်ဆန် တိုးပွားလာရသနည်း။
စုချန်းသည် အနီရောင်နှလုံးသားထံမှ ကမ္ဘာဦးမတိုင်မီသားရဲကြီး၏ သွေးကို ရရှိခဲ့၏။ ထို့နောက် သတ္တုစားမျောက်ဝံကြီးထံမှ မူလသားရဲသွေးအဆီအနှစ်ကို ထပ်မံ ရရှိခဲ့၏။ ဤရတနာနှစ်မျိုးသည်ပင် ကုချိန်းလွှာ၏ တိုးတက်မှုအတွက် အဓိကသော့ချက်များ ဖြစ်ခဲ့သည် မဟုတ်ပါလား။
ရှင်းရှင်းပြောရလျင် ကနဦးတွင် ကုချိန်းလွှာ သောက်ခဲ့သည့် အနီရောင် အရည်မှာ ကမ္ဘာဦးမတိုင်မီသားရဲ၏ သွေးမှ ထုတ်ယူဖော်စပ်ထားခြင်းပင် ဖြစ်သည်။ ဤနှစ်မျိုးသာ မပါဝင်ခဲ့လျင် ကုချိန်းလွှာ၏ ခွန်အား မည်သည့်နည်းနှင့်မျှ ဤအခြေအနေထိ တိုးပွားလာစရာမရှိပေ။
နောက်ဆုံးတော့ ပင်လယ်လူသားမောင်နှမနှစ်ယောက် စိတ်ပျက်လက်ပျက်နှင့် သက်ပြင်းချကုန်ကြ၏။
စုချန်းက စကားဆက်လိုက်ပြန်သည်။
“မူလသားရဲသွေးဗီဇစွမ်းအားကို မြှင့်တင်ဖို့ဆိုတာ အလွန်ခက်ခဲတယ် ဒါပေမဲ့ ကိုယ်ပိုင်ဆိုင်ထားတဲ့ သွေးဗီဇအဆင့်အတန်း နိမ့်ကျလေလေ ကုန်ကျစရိတ်နဲ့ အခက်အခဲ နည်းလေလေပဲ...”
စုချန်း၏ ဤစကားကတော့ ကျန့်စီချွေ့နှင့် ဂျီဟန်းယင်တို့ကို ရည်ရွယ်နေ၏။
ဂျီဟန်းယင် ပြုံးစေ့စေ့ ဖြစ်သွားလေသည်။
“ဒါဆို ကျွန်မရဲ့အရည်အသွေးနိမ့်သွေးဗီဇက အသုံးဝင်သေးတယ်ပေါ့လေ ဒါပေမဲ့ ရှင် ဘယ်လိုအဆင့်အတန်းအထိ မြှင့်တင်ပေးနိုင်မလဲဆိုတာတော့ ကျွန်မက သိချင်သေးတယ်"
စုချန်း အားရပါးရ ရယ်မောလိုက်၏။
"မင်းယောကျာ်းကို အနိုင်ကျင့်ဖို့လောက်ကတော့ လုံလောက်တာထက်တောင် ပိုနေအုံးမှာကွာ"
ဂျီဟန်းယင် လက်ခုပ်လက်ဝါးတီးရင်း တခစ်ခစ် ရယ်မောလိုက်လေသည်။