← Chapters

ကြံစည်မှု

Vol. 96 Ch. 947

ကြံစည်မှု

Vol. 96 Ch. 947

ထာဝရကြည်လင်ကျွန်း၌ ဖြစ်ပွားခဲ့သော တိုက်ပွဲသည် သမိုင်းတလျှောက် ဖြစ်ပွားခဲ့သော တိုက်ပွဲများအနက်မှ တခုမျှသာ ဖြစ်သော်လည်း ၎င်း၏ သက်ရောက်မှုများမှာကား သိသာလှ၏။

ဤတိုက်ပွဲသည် လူသားများနှင့် ပင်လယ်လူသားများ ပင်လယ်သားရဲကို ခံစစ်အနေအထားနှင့် ခုခံခြင်းမပြုခဲ့ရသည့် ပထမဆုံးသော တိုက်ပွဲ ဖြစ်သည်။ ဤတိုက်ပွဲမှ အစပြု၍ သူတို့အနေနှင့် ခံစစ်မှ ထိုးစစ်သို့ မဟာဗျူဟာ ပြောင်းလဲရန်လည်း အသိဝင်စပြုလာကြ၏။

ထိုမျှသာမကသေး ဤတိုက်ပွဲသည် စုချန်းအပေါ် လူတိုင်း၏ ယုံကြည်မှုကို များစွာ ခိုင်မာသွားစေ၏။ သူ ကတိပေးခဲ့သည့်အရာကို စုချန်း အမှန်တကယ်ပင် လုပ်ဆောင်နိုင်လိမ့်မည်ဟု လူတိုင်း စတင်ယုံကြည်လာကြသည်။

ထိုးစစ်ကား စတင်ခဲ့လေပြီ။ တချိန်တည်းမှာပင် စုချန်း စမ်းသပ်ရန်အလို့ငှာ ပင်လယ်သားရဲများသည်လည်း ထာဝရကြည်လင်ကျွန်းသို့ တကောင်ပြီးတ​ကောင် ရောက်လာနေကြ၏။

ပင်လယ်ချောက်နက်မှာ အားကောင်းသောသားရဲကြီးများ၏ ဘူမိနက်သန်မြေဟုပင် ဆိုရမည်ထင်သည်။ ​ချောက်နက်အတွင်း နေထိုင်သော သားရဲအများစုသည် တကောင်ပြီးတကောင် သုတ်သင်ခံနေရသော်လည်း အခြားနေရာများမှ သားရဲများ ချောက်နက်အတွင်း အဆက်မပြတ် ဝင်ရောက်နေကြလေရာ သားရဲအရေအတွက်မှာ နည်းမသွားပဲ ပို၍ပင် အင်အားများလာကြသေး၏။ ထို့ကြောင့် အမဲလိုက်ခရီးစဉ်များအတွက် ရွေးချယ်စရာပစ်မှတ် ပြတ်လတ်သွားသည်ဟူ၍ တကြိမ်မျှပင် မရှိခဲ့ဖူးချေ။

တကယ်လည်း ချောက်နက်ကို သားရဲများ၏ သန့်ရှင်းသော နယ်မြေဟု ခေါ်ရပေလိမ့်မည်။ ချောက်နက်ဧရိယာထဲ ဝင်လိုက်မ်ိရုံဖြင့် ပိုမို အားကောင်းလာနိုင်သည်ကိုကြည့်လျင် သန့်ရှင်းသောနယ်မြေဟူသော ဂုဏ်ပုဒ်မှာ ချောက်နက်အတွက် ထိုက်တန်နေ၏။ သို့သော် တဖက်တွင်လည်း ချောက်နက်၏ အကျယ်အဝန်းကန့်သတ်ချက်ကြောင့် သားရဲအရေအတွက်တခုအထိ ရောက်သွားသည်နှင့် နောက်ထပ်သားရဲများ ဝင်ရောက်နိုင်မည့်အခြေအနေမရှိတော့ချေ။ ထို့ကြောင့် ပင်လယ်ချောက်နက်အတွင်းရှိ သားရဲများ များလွန်းနေမည် သို့မဟုတ် နည်းသွားမည်ကို စိုးရိမ်နေစရာမလိုပဲ ချောက်နက်နယ်​မြေသည် အမဲလိုက်အဖွဲ့အတွက် ပြီးပြည့်စုံသော အမဲလိုက်ကွင်းသဖွယ် ဖြစ်နေတော့သည်။

ထို့ကြောင့် အချိန်ကြာလေလေ ဤနယ်မြေနှင့် ရင်းနှီးလာလေလေ ဖြစ်သော ရေတပ်အဖွဲ့ဝင်များသည် ပင်လယ်သားရဲများ ပေါ်ထွက်လာမည့် အချိန်ကို သုံးသပ်ဆုံးဖြတ်နိုင်စွမ်း ရှိလာကြ၏။ ဤအချက်သည်ပင် ပင်လယ်သားရဲများကို ဖမ်းဆီးရာတွင်အမဲလိုက်အဖွဲ့အတွက် အကြီးမားဆုံးသော အားသာချက် ဖြစ်လာတော့သည်။

ဤသို့နှင့် ရေတပ်အုပ်စုသည် အမဲလိုက်ခရီးစဥ်တိုင်းတွင် အနည်းဆုံး လူအင်အားကိုသာ အသုံးပြုတော့သည်အထိ ဤအလုပ်တွင် ကျွမ်းကျင်ပေါက်မြောက်လာကြလေသည်။

ဤယနေ့တွင်လည်း ပုံမှန်အတိုင်းရေပြင်တွင် လှေအုပ်စုတစု ကင်းလှည့်နေကြ၏။

သူတို့အုပ်စုတွင် စုစုပေါင်း တိုက်ခိုက်ရေးလှေ ခြောက်စင်းပါဝင်ပြီး တစ်စင်းမှာ အချုပ်အနှောင်မဲ့ဂိုဏ်းမှ ဖြစ်သည်။ နှစ်စင်းမှာ အနက်ရောင်ရေတပ်ဖွဲ့မှ ဖြစ်ပြီး ကျန်သုံးစင်းမှာ ပင်လယ်ထိန်းချုပ်ရေးဌာနခွဲမှ ဖြစ်ကြသည်။ ထ်ို့ပြင် ပင်လယ်လူသားများ၏ ပင်လယ်နွားစီး မြင်းစီးတပ်ဖွဲ့တဖွဲ့ကလည်း သူတို့နှင့်အတူ ရှိနေကြသေး၏။

သူတို့အုပ်စု၏ အင်အားအရဆိုလျင် နတ်ဆိုးဧကရာဇ်သားရဲအများစုကို ရင်ဆိုင်နိုင်သော အနေအထားမျိုး ဖြစ်သည်။ သားရဲမဟာဧကရာဇ်များ ပေါ်မလာသရွေ့ သူတို့အဖွဲ့အနေနှင့် တော်ရုံတန်ရုံ သားရဲများလောက်ကို ကြောက်စရာမလိုချေ။

လှေဦးထိပ်တွင် လင်ရှောက်တယောက် မားမားကြီးရပ်လျက်ရှိ၏။

“ကပ္ပတိန် အဝေးဆုံးထိပ်ဖျားကပြောနေပါတယ် ရှေ့မှာ တောင်ပံခြောက်ဖက်ပင်လယ်ဝံပုလွေတကောင် တွေ့နေရတယ်တဲ့”

အချုပ်အနှောင်မဲ့ဂိုဏ်းမှ တပည့်တစ်ဦးက လင်ရှောက်ကို အစီရင်ခံလိုက်၏။

“နတ်ဆိုးသခင်အဆင့် သားရဲလား”

လင်ရှောက် မျက်မှောင်ကြုတ်လိုက်သည်။

“အဆင့်နိမ့်လွန်းတယ် အဲဒီကောင်ကို လွှတ်ထားပြီး တခြား ပစ်မှတ် ရှာဖို့ သူ့ကို ပြောလိုက်ပါ တစ်နေ့ကို သုံးကောင်ပဲ ဖမ်းရမယ်ဆိုတဲ့ စည်းမျဉ်းက တကယ် စိတ်ပျက်စရာပဲ ဘာကြောင့်များ ဒီစည်းမျဉ်းကို ထုတ်ထားရတာလဲ မသိပါဘူး”

ကင်းလှည့်သူများကို အဆင့်မြင့် သို့မဟုတ် ထို့ထက် ပိုမြင့်သော သားရဲသုံးကောင်ထက် ပိုမဖမ်းရန် အမိန့်ထုတ်ပြန်ထားရခြင်းမှာ ၎င်းတို့၏ ဘေးကင်းရေးအတွက်သာ ဖြစ်သည်။ သို့သော် အထက်မှလာသောအမိန့်များနှင့် အောက်ခြေအဆင့်များ၏ ဆန္ဒအကြား ပဋိပက္ခ ဖြစ်လေ့ရှိသည်မှာ ဓမ္မတာသာ။

အမဲလိုက်ခြင်း၏ စိတ်လှုပ်ရှားမှုကို တောင့်တနေကြသောသော စစ်သားများအတွက်တော့ သားရဲသုံးကောင်သာ ဖမ်းခွင့်ရှိသည်ဟူသော ကန့်သတ်ချက်မှာ တကယ်ပင် သည်းမခံနိုင်စရာ ဖြစ်နေတော့၏။ စစ်သားများအနေဖြင့် အထက်လူကြီးများ၏ အမိန့်များကို ဆန့်ကျင်၍ မရချေ။ သို့သော် ထိုအမိန့်များကို မည်သို့မည်ပုံ လိုက်နာမည်ကတော့ ၎င်းတို့အပေါ်တွင်သာ မူတည်နေ၏။

သားရဲသုံးကောင်သာ အမဲလိုက်ခွင့်ရှိသည်ဆိုလျင် အဘယ်ကြောင့် အားကောင်းသော ပစ်မှတ်များကို မရှာဖွေပဲ နေရမည်နည်း။ ထို့ကြောင့် ယခုနောက်ပိုင်းတွင် အဆင့်နိမ့်သားရဲများအား လျစ်လျူရှုခြင်းသည် အမဲလိုက်အဖွဲ့များအတွက် အလေ့အကျင့်တခုပင် ဖြစ်လာခဲ့လေပြီ။

ယခင်က စုချန်း နောက်ကိုလိုက်ခဲ့သည့် ဓားအစေခံဆယ့်နှစ်ဦးထဲမှ တဦးဖြစ်သည့် လင်ရှောက်သည် အတော်လေး အားကောင်းသော အဖွဲ့ကို ဦးစီး၏။ ယခုဆိုလျင် သူကိုယ်တိုင်ပင် ဝိညာဉ်လောင်ကျွမ်းနယ်ပယ် ချီစွမ်းအားပညာရှင်တဦး ဖြစ်နေခဲ့ပြီ ဖြစ်သည်။

မှန်ပါသည်။ လင်ရှောက်ကား ဝိညာဉ်လောင်ကျွမ်းနယ်ပယ်သို့ ချည်းနင်းဝင်ရောက်နိုင်ခဲ့လေပြီ။

ဤနှစ်ပိုင်းတွင် အချုပ်အနှောင်မဲ့ဂိုဏ်းမှ တပည့်များသည် ခုန်ပျံကျော်လွှား တိုးတက်လာကြပြီး အောင်မြင်မှုများ အများအပြား ရရှိခဲ့ကြ၏။ စုချန်းနောက်သို့ အကြာဆုံးလိုက်ခဲ့ကြသူများ၏အောင်မြင်မှုများမှာကား ပို၍ပင် သိသာလှသည်။ ထိုအထဲတွင်မှ လင်ရှောက်သည် ပင်ကိုစွမ်းရည်ကလည်း မခေလှပေရာ အလင်းတုန်ခါခြင်းနယ်ပယ်သို့ အမြန်ဆုံးဝင်ရောက်နိုင်ခဲ့ရုံတင်မကပဲ ဝိညာဉ်လောင်ကျွမ်းနယ်ပယ်သို့ပါ ထပ်မံ ချိုးဖျက်ဝင်ရောက်နိုင်ခဲ့၏။ ဤနည်းအားဖြင့် လင်ရှောက်သည် အချုပ်အနှောင်မဲ့ဂိုဏ်း၏ အစောဆုံး ဝိညာဉ်လောင်ကျွမ်းနယ်ပယ် ကျင့်ကြံသူများအနက်မှ တဦး ဖြစ်လာခဲ့လေသည်။

ထိုအတွက်ကြောင့်လည်း လင်ရှောက်ဦးဆောင်သည့်အဖွဲ့က အမဲလိုက်ခရီးစဉ်များကို ဦးဆောင်ရန် တာဝန်ပေးအပ်ထားခြင်း ဖြစ်လေသည်။

လင်ရှောက်၏ အမိန့်ကို ကြားသောအခါ လှေများသည် နတ်ဆိုးသခင်သားရဲကို ရှောင်ကွင်းပြီး တခြားနေရာသို့ ဦးတည်လိုက်တော့သည်။

“သူတို့ နတ်ဆိုးသခင်သားရဲကိုတောင် မလိုချင်ဘူးလား တော်တော်မောက်ကြွားတာပဲ”

အဝေးဆုံးထိပ်ဖျားလှေပေါ်တွင် ရပ်နေသည့် လူသားအရာရှိတဦးက မြင်ကွင်းကိုကြည့်ရင်း ရေရွတ်လိုက်သည်။

“မင်းဘာများတတ်နိုင်မှာမို့လို့လဲ သူတို့က အချုပ်အနှောင်မဲ့ဂိုဏ်းကပဲလေကွာ သူတို့အင်အားကိုလဲ မင်းသိတဲ့အတိုင်းပဲ မောက်ကြွားသင့်တာပေါ့”

အနက်ရောင်ရေတပ်ဖွဲ့မှ အရာရှိတဦးက ပြန်ပြောလိုက်၏။

“ဒီလောက်တောင် အစွမ်းကောင်းနေရင်လဲ နောက်တစ်ခါ နတ်ဆိုးဧကရာဇ်သားရဲလောက်ကို သွားဖမ်းပါလား”

နောက်တဦးက ထပ်ပြောလိုက်ပြန်သည်။

“သူတို့ ဒီလိုလုပ်ဖူးတယ်လေကွာ”

“ဒါဆိုလဲ သားရဲနှစ်ကောင်သွားဖမ်းကွာ”

အထက်ပါအတိုင်း အချင်းချင်း အပြန်အလှန်​ငြင်းခုန်နေရင်းနှင့် ကိုယ်ကျင့်တရားနည်းပါးသော အနက်ရောင်မီးလျံအဖွဲ့သားများပီပီ ရုတ်ရင့်ကြမ်းတမ်းသောစကားများကို စတင်ပြောဆိုလာကြတော့၏။ သူတို့ကား မူလကတည်းက ပင်လယ်ဓားပြများ၊ ဓားပြများ၊ ကိုယ်ကျင့်တရားပျက်ပြားနေသူများဖြစ်လေရာ ဤအခြေဆိုက်သည်မှာ သိ​ပ်တော့မဆန်းချေ။

အထက်ပါအတိုင်း ငြင်းခုန်ဆဲမှာပင် အနက်ရောင်မီးလျံတပ်ဖွဲ့မှ တပ်သားတဦးသည် လှေဦးသို့ တိတ်တဆိတ် ချဉ်းကပ်လာ၏။ သူ့ပုံစံမှာ အဝေးကို ငေးမောနေပုံရသည်။ သို့သော် တကယ်တမ်းတွင်တော့ အနက်ရောင်ဆေးရည်တချို့ကို ရေထဲသို့ လောင်းထည့်နေခြင်းပင် ဖြစ်သည်။

ထိုဆေးသည် ရေထဲတွင် စက္ကန့်ပိုင်းအတွင်းမှာပင် ပျော်ဝင်သွား၏။ ထို့နောက် အဆိုပါပုဂ္ဂိုလ်သည် သူ့လက်စလက်နများကို ဖျောက်ဖျက်ရန်ပြင်နေစဥ်မှာပင် လက်တဖက်က သူ့ကျောကို ရုတ်တရက် ပုတ်လာ၏။

“ရှန်လီ မင်း ဒီမှာဘာလုပ်နေတာလဲ အလုပ်မလုပ်ပဲ အပါးခိုနေတာလား"

ထိုတပ်သားငယ်၏ မျက်နှာမှာ မည်သည့် ခံစားချက်မှ မရှိဟန်ပေါ်နေ၏။ သူက ပုလင်းကိုင်ထားသည့် လက်ကို ခပ်တည်တည်နှင့် အောက်သို့ ချရင်း ပြောလိုက်လေသည်။

“ဘာမှ မလုပ်ပါဘူးဗျာ ပင်လယ်ကို ငေးနေတာပါ”

မေးခွန်းထုတ်လိုက်သည့်စစ်သည် အံ့အားသင့်သွား၏။

“ဟေ မင်း ရူးများသွားပြီလား ငါတို့ နေ့တိုင်း ပင်လယ်ကို မြင်နေရတာ မလုံလောက်သေးဘူးလား မင်းပဲ ပင်လယ်ကို ကြည့်လိုက်ရင် အန်ချင်တယ်ဆို"

ရှန်လီ မသိမသာ ပြုံးလိုက်၏။

“ဒီနေ့ ကျုပ် စိတ်ကောင်း ဝင်နေလို့နေမှာပေါ့ဗျာ"

ထိုအခါ ထိုစစ်သည်က ရှန်လီ၏ ပခုံးကို ဖက်ထားရင်း ပြောလိုက်လေသည်။

“ကဲ လာ လာ ငေးငိုင်မနေနဲ့ ငါတို့ သွားသောက်ကြမယ်"

ထိုစစ်သည် အတင်းကာရော ဆွဲနေသဖြင့် သူ့လက်ထဲမှပုလင်းကို ရှန်လီ လွှတ်ချလိုက်ရ၏။ ထ်ိုအခါ ပုလင်းထဲမှ ကျန်ဆေးရည်များအားလုံး ပင်လယ်ထဲသို့ ကျသွားလေသည်။

ရှန်လီက ပြန်ပြောလိုက်၏။

“အလုပ်ချိန်မှာ မသောက်ရဘူးမလား"

“စည်းမျဉ်းတွေကို ထားလိုက်စမ်းပါကွာ ရှန်လီ မင်း ဒီနေ့ ဘာဖြစ်နေတာလဲ ဒီစည်းကမ်းတွေကို မင်း ဘယ်တုန်းက ဂရုစိုက်ခဲ့ဖူးလို့လဲ လာပါ သွားသောက်ကြမယ်"

ရှန်လီ ဘာမှမတတ်နိုင်တော့ပဲ လိုက်ပါသွားရတော့၏။

ထိုအခါ ထိုဆေး ပင်လယ်ထဲသို့ ပျံ့နှံ့သွားသည်ကို မည်သူမျှ မမြင်လိုက်ကြတော့ချေ။

သိပ်မကြာမီ ငြိမ်သက်နေသော ရေပြင်သည် စတင်လှုပ်ရှားလာ၏။

ရေမျက်နှာပြင်အောက်ရှိ ပင်လယ်သားရဲအများအပြားသည် ၎င်းတို့၏ အာရုံကို ဆွဲဆောင်နေသည့် တစ်စုံတစ်ရာ ရှိနေသည့်ပမာ စတင်လှုပ်ရှားလာကြခြင်း ဖြစ်သည်။

ပထမဦးစွာ ငါးလေးတချို့သာ ပေါ်လာသော်လည်း မကြာမီမှာပင် ပိုမိုကြီးမားသော ပင်လယ်သားရဲများ လျင်မြန်စွာ စုဝေးလာကြတော့၏။ ဤသို့ ပင်လယ်သားရဲအများအပြား တနေရာတည်းတွင် စုဝေးလာခြင်းကြောင့် ပင်လယ်မျက်နှာပြင်သည် သိသိသာသာပင် လှိုင်းထန်လာသည်။

ကင်းကျနေသော အချုပ်အနှောင်မဲ့ဂိုဏ်းမှ တပည့်တဦး မြင်ကွင်းကြောင့် ကျယ်လောင်စွာ အော်ဟစ်လိုက်၏။

"သားရဲတွေ သားရဲတွေအများကြီးပဲ"

“ဘယ်လောက်ဝေးသလဲ”

လင်ရှောက်က မေးလိုက်သည်။

“ကျုပ်တို့ အောက်တည့်တည့်မှာပဲ ကပ္ပတိန်”

“ဟင်”

လင်ရှောက် အံ့အားသင့်သွားလေသည်။

ထို့နောက် သူ ကောင်းကင်သို့ ခုန်တက်သွားပြီး စစ်ဆေးကြည့်လိုက်၏။ မြင်ကွင်းကိုကြည့်ရင်း အခြေအနေမဟန်တော့မှန်း လင်ရှောက် ချက်ချင်းသဘောပေါက်လိုက်သည်။

“မကောင်းတော့ဘူးဟေ့ ကျုပ်တို့ အောက်မှာ ပင်လယ်သားရဲအုပ်စုကြီး စုဖွဲ့နေပြီ အဖွဲ့အားလုံး တပ်ဆုတ်မယ် ချက်ချင်းတပ်ဆုတ်မယ်"

ဝူး!!!

အချက်ပေးသံ ကျယ်လောင်စွာ မြည်ဟည်းလာ၏။

“ဟင် ဘာဖြစ်နေတာလဲ ဘာလို့တပ်ဆုတ်ခိုင်းတာလဲ”

လူတိုင်း အံ့အားသင့်သွားကြလေသည်။

သို့သော် အချက်ပေးသံအတိုင်း လှေအသီးသီး ဆုတ်ခွာရန် ဟန်ပြင်လိုက်ကြ၏။ ထိုအချိန်မှာပင် ရေမျက်နှာပြင်အောက်တွင် စုဝေးနေသော ပင်လယ်သားရဲအများအပြားသည် ရေပြင်ပေါ်သို့ စတင်တိုးထွက်လာကြတော့သည်။

ထိုအခါ မူလစွမ်းအင်လှိုင်းများ ပိုမို အားကောင်းလာပြီး လှေအသီးသီး၏ ကပ္ပတိန်များသည် ဖိအားများကို စတင် ခံစားမိကြကုန်၏။

“အကာအကွယ်တွေကို ဖွင့်”

“နောက်ဘက်က ရွက်တွေကို မြှင့်ကြဟေ့”

“အလင်းတုန်ခါမှုနယ်ပယ်နဲ့ အထက်ပညာရှင်တွေအားလုံး လေပေါ်တက်ဖို့ ပြင်ဆင်ကြ”

“ဆုတ်မယ် အရှိန်အပြည့်နဲ့ ဆုတ်မယ်”

အမိန့်ပေးသံများနှင့် ပတ်ဝန်းကျင်တခုလုံး ဆူညံပွက်လောရိုက်နေ၏။

“လူတိုင်း တိုက်ပွဲအတွက် ပြင်ဆင်ထားကြမယ်”

“မြန်မြန် မြန်မြန် အောက်မှာ ပင်လယ်သားရဲတွေ ထပ်ရောက်လာတယ်"

နောက်ဆုံးတော့ ဧရာမ ရေခူကြီးတကောင်သည် ရေမျက်နှာပြင်ပေါ်သို့ တက်လာပြီး နောက်လှည့်နေသည့် လှေများကို ဝင်တိုက်လိုက်တော့သည်။

ပြင်းထန်သောအရှိန်ကြောင့် လှေတစင်းလုံး လေပေါ်သို့ မြောက်တက်လုမတတ် ဖြစ်သွား၏။

ကံကောင်းသည်မှာ တိုက်ခိုက်ခံလိုက်ရသည့် လှေအသီးသီး၏ ကိုယ်ထည်မှ ရွှေရောင်အကာအကွယ်များ တောက်ပလာပြီး ရေခူကြီး၏ တိုက်ခိုက်မှုကို ခုခံပေးလိုက်ခြင်းပင်။

ဧရာမရေခူကြီးသည် ဒေါသထွက်သွားဟန်ဖြင့် အသည်းအသန် ဆုတ်ခွာနေကြသော လှေများကို ၎င်း၏ လက်တံကြီးများနှင့် ဖမ်း​ဆုတ်လိုက်ပြန်၏။

လှေအများစုမှာ တိုက်ခိုက်မှုကို ရှောင်တိမ်းနိုင်လိုက်ကြသည်။ လက်တံကြီးနှင့် ထိမှန်သွားကြသော လှေတချို့ထံမှလည်း ရွှေရောင်အလင်းတန်းများ တဖြတ်ဖြတ် လင်းလက်တောက်ပနေ၏။

“ပြန်တိုက်ကြစမ်း”

ဟု လှေ၏ တပ်မှူးက ကျယ်လောင်စွာ အော်ဟစ်လိုက်ရာ အနက်ရောင်ရေတပ်ဖွဲ့က ပြိုင်တူပင် ပြန်လည်တိုက်ခိုက်လိုက်ကြသည်။ မူလစွမ်းအင် အလင်းတန်းများ ဧရာမ ရေခူ၏ ကိုယ်ခန္ဓာကို ထိမှန်သွား၏။

သို့သော် ထိုအချိန်မှာပင် ရေမျက်နှာပြင်အောက်မှ ပင်လယ်သားရဲများ တကောင်ပြီးတကောင် ထပ်မံပေါ်ထွက်လာကြ၏။

သားရဲများမှာ ပင်လယ်ရေမျက်နှာပြင်တခုလုံးတွင် ဖွေးဖွေးလှုပ်နေ၏။ ကြီးမားလှသည့် ဖိအားတခုကလည်း အဟုန်ပြင်းပြင်း ပေါ်ထွက်နေလေရာအမဲလိုက်အဖွဲ့ကို အကြီးအကျယ် အားငယ်စိတ်ပျက်သွားစေတော့သည်။

All Chapters