ပူးပေါင်းပါဝင်ခြင်း
Vol. 96 Ch. 948
“အားလုံး တပ်ဆုတ်”
ပင်လယ်ရေပြင်တလျှောက် အော်ဟစ်သံများ၊ အမိန့်သံများ ပဲ့တင်ထပ်နေ၏။
ထို့နောက် လှေများအားလုံး ပြိုင်တူပင် ဆုတ်ခွာလိုက်ကြ၏။ သာမာန်ထက်အားကောင်းသော ချီစွမ်းအားပညာရှင်တချို့ကား လေထဲသို့ ခုန်ထွက်လိုက်ကြပြီး ပင်လယ်သားရဲများကို ပြင်းပြင်းထန်ထန်ပင် တိုက်ခိုက်လိုက်ကြလေသည်။
သို့သော် ရေထဲမှ ထွက်ပေါ်လာသော သားရဲများမှာ များပြားလွန်းလှ၏။ ၎င်းတို့ထံမှ ထွက်ပေါ်နေသည့်ဖိအားမှာလည်း ကြောက်မက်ဖွယ်ကောင်းလှပြီး ၎င်းတို့၏ တိုက်ခိုက်မှုများကလည်း ဆက်တိုက်ပင် ထွက်ပေါ်လာ၏။ အခြေအနေမှာ အသေးစားသားရဲလှိုင်းတလှိုင်းနှင့် ရင်ဆိုင်မိသည်နှင့်ပင် တူနေသေးသည်။
“ဘယ်လိုဖြစ်ကုန်တာလဲ”
လင်ရှောက်သည် အခြေအနေကို ကြည့်ရင်း တဖြည်းဖြည်း တုန်လှုပ်လာ၏။
ချောက်နက်အတွင်းရှိ သားရဲများသည် သားရဲမဟာဧကရာဇ်၏ ဦးဆောင်မှု မရှိလျင် အမြဲတမ်းလိုလို တကောင်ချင်းစီသာ လှုပ်ရှားလေ့ရှိ၏။ ယခုကျမှ အဘယ်ကြောင့် အခြေအနေ ပြောင်းလဲသွားရသလေနည်း။ သူ မည်သို့မှ နားမလည်နိုင်တော့။
သို့သော် အခြေအနေမှာ စက္ကန့်နှင့်အမျှ ပို၍ဆိုးလာနေသည်။ လှေများသည် အရှိန်အပြည့်တင်၍ ဆုတ်ခွာနေကြသော်လည်း ပင်လယ်သားရဲအုပ်ကြီး၏ ဝါးမြိုခြင်းကို ခံရတော့မည့်ပုံ ပေါ်နေသည်။
ထိုအခြေအနေတွင် ပင်လယ်ထိန်းချုပ်ရေးဌာနခွဲမှ ရှည်လျားသောကောင်းကင်အမည်ရှိ လှေတစင်းသည် လှေအုပ်စု၏ နောက်ကျောတွင် အနည်းငယ် နောက်ကျကျန်နေခဲ့၏။ ပင်လယ်သားရဲဒါဇင်ပေါင်းများစွာမှာလည်း ထိုလှေကို ဝိုင်းရံမိလုမိခင် ဖြစ်နေခဲ့လေပြီ။ အကယ်၍ သားရဲများ၏ ဝိုင်းရံခြင်းကိုသာ ခံလိုက်ရပါက ထိုလှေအဖို့ လွတ်မြောက်ရန် မည်သို့မှ မဖြစ်နိုင်တော့ချေ။
“နေမင်းထိုးခွဲအမြောက်တွေကို အဲဒီဘက် ချိန်ထားစမ်း”
လင်ရှောက် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
“ကပ္ပတိန် အမြောက်တွေ ပစ်နေဖို့ အချိန်မရှိတော့ဘူး ကျုပ်တို့ ထွက်သွားတာ ပိုကောင်းလိမ့်မယ်"
လင်ရှောက်လက်အောက်မှ တပည့်တဦးက အထက်ပါအတိုင်း အကြံပြုလိုက်၏။
“ဟေ့ ငါ့ရှေ့ကနေ ဖယ်စမ်း သူတို့ သေတာကို ငါက ထိုင်ကြည့်နေရမှာလားကွ ငါဟာ ဒီအဖွဲ့ရဲ့ ကပ္ပတိန်ပဲ ငါ့လူတွေကို ဘယ်လိုအကြောင်းနဲ့မှ ထားခဲ့စရာမရှိဘူး"
လင်ရှောက် ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။
“ကဲ အမြောက်တွေ ပစ်စမ်း”
လှေများ၏ နောက်ဘက်ရှိ နေမင်းထိုးခွဲအမြောက်များကို ပြိုင်တူပင် ပစ်ခတ်လိုက်ကြ၏။
မူလစွမ်းအင်အလင်းတန်းများသည် ရှည်လျားသောကောင်းကင်လှေ၏ ပတ်ပတ်လည်ရှိ ပစ်မှတ်များကို တည့်တည့်မတ်မတ်ပင် ထိမှန်သွားပြီး တစစီဖြစ်သွားစေ၏။
"ကဲ ဒီကနေ အမြန်ဆုံးလစ်ကြစို့”
ရှည်လျားသောကောင်းကင်လှေပေါ်ရှိ စစ်သားများ ပြိုင်တူကြွေးကြော်လိုက်ကြသည်။ ထို့နောက် သူတို့က နေမင်းထိုးခွဲအမြောက်များ ဖွင့်ပေးလိုက်သည့် လမ်းကြောင်းကို အသုံးပြု၍ ထွက်ပြေးရန် ကြိုးစားလိုက်ကြ၏။ သို့သော် ပင်လယ်သားရဲများကား များပြားလှပေရာ သူတို့လွတ်မြောက်အောင်မပြေးနိုင်သေးခင်မှာပင် လမ်းကြောင်းက ပြန်လည်ပိတ်ဆို့သွားလေသည်။
လင်ရှောက်ကား ရှည်လျားသောကောင်းကင်လှေကို မကယ်တင်နိုင်သည့်အပြင် သူတို့လှေကိုပါ နောက်ကျကျန်ရစ်ခဲ့စေတော့၏။
ပို၍ပို၍ နီးကပ်လာသော ပင်လယ်သားရဲများကို ကြည့်ရင်း အချုပ်အနှောင်မဲ့ဂိုဏ်းမှ တပည့်တဦးက အော်ဟစ်ပြောဆိုလိုက်လေသည်။
“ကပ္ပတိန် ကျုပ်တို့ အခု မသွားရင် အရမ်း နောက်ကျသွားလိမ့်မယ်”
လင်ရှောက်ကား ပင်လယ်သားရဲများကိုတလှည့်၊ ရှည်လျားသောကောင်းကင်လှေပေါ်ရှိလူများကိုတလှည့်ကြည့်ရင်း ဝေခွဲမရဖြစ်နေ၏။ ထိုအချိန်တွင် ရေခူတကောင်၏ လက်တံကြီးက လှေနံရံကို စတင် ရစ်ပတ်စပြုနေပြီ ဖြစ်သည်။ လင်ရှောက် အကြီးအကျယ် တုန်လှုပ်သွားပြီး မျက်လုံးများကိုမှိတ်ရင်း မချိတင်ကဲလေသံနှင့် အမိန့်ပေးလိုက်၏။
“ဆုတ်ကြမယ်"
သူ့အသံတွင် စိတ်ပျက်အားငယ်မှု၊ နာကျင်မှု၊ ဒေါသ စသောခံစားချက်အစုစုတို့ ပါဝင်နေသည်။
သူ ထိုသို့ အမိန့်ပေးလိုက်စဉ်မှာပင် ပင်လယ်ရေမျက်နှာပြင်တွင် ရေတံတိုင်းကြီးတခု ရုတ်တရက် ထွက်ပေါ်လာ၏။ အဆိုပါ ရေတံတိုင်းကြီးသည် ပင်လယ်သားရဲများကြောင့် ဖြစ်ပေါ်နေသည့် လှိုင်းတံပိုးကြီးများနှင့် သိသိသာသာ ကွဲပြားနေသည်။ ၎င်းသည် အဖြူရောင် အလင်းတန်းနံရံကြီးနှင့် ပို၍ဆင်တူနေပြီး ကောင်းကင်နှင့်ပင် ချိတ်ဆက်နေသည်ဟု ထင်ရ၏။
ထို့နောက် လူတချို့ ထိုအလင်းနံရံထဲမှ ထွက်ပေါ်လာကြောင်း လင်ရှောက် ထပ်မံမြင်တွေ့လိုက်ရပြန်သည်။
ရှေ့ဆုံးမှ ထွက်ပေါ်လာသူမှာ အဖိုးအို တဦးပင် ဖြစ်သည်။ သူ့ပုံစံမှာ အထင်ကြီးလောက်ဖွယ်ရာ မရှိသော်လည်း ဤအလင်းနံရံကြီးကို သူ ဖန်တီးခဲ့သည်မှာကား ထင်ရှားနေ၏။
တဖန် သူက လက်တဖက်ကို ပေါ့ပေါ့ပါးပါးနှင့် လှုပ်ရှားလိုက်ပြန်ရာ အလင်းနံရံသည် ရုတ်တရက်ပင် အလင်းပိုက်ကွန်အဖြစ်သို့ ပြောင်းလဲသွားပြီး ပင်လယ်မျက်နှာပြင်ပေါ်သို့ စတင် နိမ့်ဆင်းလာ၏။
ဤပိုက်ကွန်နှင့် အုပ်မိသော ပင်လယ်သားရဲများမှာ နာကျင်စွာ အော်ဟစ်ကြတော့သည်။ အကြောင်းမှာ ပိုက်ကွန်၏ ဓါးသွားကဲ့သို့ ထက်မြက်နေသော ပိုက်ကြိုးများက ပင်လယ်သားရဲတိုင်းကို ထက်ခြမ်းခွဲလိုက်သောကြောင့်ပင် ဖြစ်သည်။ တခနချင်းမှာပင် သားရဲများအားလုံး အစိတ်စိတ်အမွှာမွှာ ဖြစ်ကုန်ကြ၏။
ပင်လယ်မျက်နှာပြင်တခုလုံး ဆေးနီများနှင့် ဖြန်းပက်လိုက်သည့်နှယ် ရဲရဲနီသွားလေသည်။
“သိပ်ကောင်းတယ် အဖိုးကြီး”
အဖိုးအို၏ နောက်တွင် လူသုံးဦး ရပ်နေ၏။ ထိုလူသုံးဦးမှာ အမျိုးသမီးတဦးနှင့် အမျိုးသားနှစ်ဦး ဖြစ်သည်။ ချီးကျူးစကားဆိုလိုက်သူမှာ အမျိုးသမီးပင် ဖြစ်လေသည်။
“ဖန်းဟန်”
“ချန်းဟယ်ပါလား”
လှေပေါ်မှ ၎င်းတို့နှစ်ဦးကို မှတ်မိသူများထံမှ အာမေဋိတ်သံများ အသီးသီး ထွက်ပေါ်လာ၏။
ထိုအဖိုးအိုကား လင်ကျွေ့လျူပေတည်း။
လင်ကျွေ့လျူသည် အနှိုင်းမဲ့ဧကရာဇ်နယ်ပယ် ကျင့်ကြံသူ ဖြစ်လေရာ သူ့တိုက်ခိုက်မှု တခုတည်းကပင် ပင်လယ်သားရဲအများအပြားကို သုတ်သင်ရန် လုံလောက်၏။
သို့သော် ထိုအချိန်မှာပင် နောက်ထပ်သားရဲအုပ်ကြီးတအုပ် လှေအုပ်စုရှိရာသို့ ဦးတည်လာကြပြန်၏။ ထိုအခါ အဖိုးအိုက အော်ဟစ်သတိပေးလိုက်လေသည်။
“မင်းတို့ အားလုံး ဘာကို စောင့်နေကြတာလဲ ဒီကနေ ထွက်သွားကြစမ်း ဒီကောင်တွေ ထပ်ရောက်လာကြအုံးမှာ အလကားနေရင်း ငါ့အတွက် အချိန်ကုန်တယ်”
သူ အထက်ပါအတိုင်း ပြောရင်း လက်တဖက်ကို လှုပ်ရှားလိုက်ပြန်ရာ အားကောင်းလှသော လေလှိုင်းများ ဖြစ်ပေါ်လာပြီ လှေအသီးသီးကို အဝေးဆီသို့ ရွေ့လျားသွားစေ၏။
ထို့နောက် လင်ကျွေ့လျူတို့လေးဦး လင်ရှောက်တို့လှေပေါ် တက်လာကြလေသည်။
လင်ရှောက်က လင်ကျွေ့လျူကို ဦးညွှတ်အရိုအသေပေးရင်း ပြောလိုက်၏။
“လင်ရှောက် ဆရာကြီးကို နှုတ်ဆက်ပါတယ် ဆရာရဲ့ နာမည်ကို သိခွင့်ပြုပါခင်ဗျာ..”
ယဲ့ဖန်းဟန်က ဝင်ဖြေလိုက်သည်။
"သူက တခြားလူမဟုတ်ဘူး လင်ကျွေ့လျူပဲ"
အဖိုးအိုကို လင်ကျွေ့လျူဖြစ်မှန်း သိလိုက်ရသောအခါ လူတိုင်း ထိတ်လန့်ကုန်ကြ၏။
လင်ရှောက် တစုံတရာ ပြောရန် ဟန်ပြင်နေစဥ်မှာပင် လင်ကျွေ့လျူ၏ တကိုယ်လုံး ရိပ်ခနဲလှုပ်ရှားသွားပြီး လင်ရှောက်ဘေးတွင် ပြန်ပေါ်လာ၏။ ထို့နောက် သူက လင်ရှောက်၏ပုခုံးကို ဖမ်းဆုပ်ရင်း ခေါင်းတညိတ်ညိတ်နှင့် ရေရွတ်လိုက်သည်။
“သွေးဗီဇမရှိတဲ့ နောက်တယောက် ... သွေးဗီဇမပါတဲ့ ဝိညာဉ်လောင်ကျွမ်းနယ်ပယ်ကျင့်ကြံသူ ဒီတော့ စုချန်းဆိုတဲ့ ကောင်က သွေးဗီဇမလိုပဲ ဝိညာဉ်လောင်ကျွမ်းနယ်ပယ်ကို ဝင်ရောက်နိုင်တဲ့နည်းစနစ်ကို ဖန်တီးလိုက်နိုင်ပြီလား"
လင်ရှောက်က ပြန်ဖြေလိုက်သည်။
“ဒါကို ပျံသန်းနေသောထာဝရ ရှင်သန်ခြင်းနည်းစနစ်လို့ ခေါ်ပါတယ်ဆရာကြီး”
“ပျံသန်းသောထာဝရရှင်သန်ခြင်းနည်းစနစ် ဟုတ်လား... ဟားဟား၊ ဘယ်လောက်တောင် မောက်ကြွားလိုက်တဲ့နာမည်ကြီးလဲကွာ ကိုယ့်ကိုယ်ကို ထာဝရရှင်သန်သူလို့ ယူဆဖို့ ဒီလောက်နဲ့ လုံလောက်ပြီတဲ့လား"
လင်ကျွေ့လျူ အားရပါးရ ရယ်မောလိုက်ပြီး လင်ရှောက်ကို ပြန်လွှတ်ပေးလိုက်လေသည်။
လင်ကျွေ့လျူ၏ စကားကြောင့် အချုပ်အနှောင်မဲ့ဂိုဏ်းမှ တပည့်များ မျက်မှောင်ကုတ်လိုက်ကြသည်။
တကယ်တော့ အချုပ်အနှောင်မဲ့ဂိုဏ်းမှ တပည့်များအဖို့ စုချန်းသည် နတ်ဘုရားတပါးနှင့် အတူတူသာ။ စုချန်းသည် သွေးဗီဇမပိုင်ဆိုင်သည့် သာမာန်လူအားလုံးကို မူလချီစွမ်းအားပညာရှင် ဖြစ်လာရန် အခွင့်အရေး ပေးခဲ့ပြီး ၎င်းတို့၏ အိပ်မက်များကို ဖြည့်ဆည်းပေးခဲ့သူ ဖြစ်သည်။
လင်ရှောက်က ချက်ချင်းပင် ကန့်ကွက်လိုက်၏။
“ဆရာကြီး...ဆရာကြီးဟာ ကျုပ်လူတွေကို ကယ်ခဲ့တယ်ဆိုရုံနဲ့ ကျုပ်တို့ရဲ့ ဂိုဏ်းချုပ်အပေါ်မှာတော့ မလေးမစား မပြုသင့်ဘူးထင်တယ်"
“ပြုတော့ ဘာဖြစ်သတုန်းကွာ”
လင်ကျွေ့လျူ၏ ကန့်လန့်တိုက်စကားကြောင့် လင်ရှောက်အပါအဝင်လူတိုင်း ဘာပြန်ပြောရမှန်းမသိပဲ အကြပ်ရိုက်ကုန်ကြသည်။
ထိုအချိန်မှာပင် ညတစ္တေက ရှေ့သို့ လျှောက်လာပြီး လင်ကျွေ့လျူ၏ နားရွက်ကို လိမ်ဆွဲလိုက်လေသည်။
"ဟေ့ အဖိုးကြီး ရှင် စကားကို ဒီထက် ယဉ်ယဥ်ကျေးကျေး ပြောလို့ မရဘူးလား ရှင် သူများ နားမခံသာမဲ့စကားမျိုး အမြဲပြောတတ်တယ်"
အံ့သြစရာကောင်းသည်မှာ လင်ကျွေ့လျူသည် ညတစ္ဆေ နာရွက်လိမ်ဆွဲသည်ကို ဤအတိုင်း ငြိမ်ခံနေခြင်းပင်။
“အာရို့ရို့!!! ကျုပ်ကို လွှတ်စမ်းပါ ကျုပ်က သက်သက်မဲ့ စလိုက်တာပါကွ ရပြီလား ဟဲဟဲ မင်းတို့ဂိုဏ်းချုပ်ကသွေးဗီဇမဲ့ကျင့်စဉ်တွေကို ဝိညာဉ်လောင်ကျွမ်းနယ်ပယ်အထိ မြှင့်တင်နိုင်ခဲ့တဲ့အတွက် ကျုပ် တကယ် အထင်ကြီးပါတယ် ဒါပေမဲ့ ကျုပ်မှာလည်း ကိုယ်ပိုင် လေ့လာမှုတွေ ရှိပါတယ်ကွ သူက သွေးဗီဇမဲ့ကျင့်စဉ်တွေကို လေ့လာတယ် ကျုပ်ကတော့ ကတော့ သွေးဗီဇပေါင်းစပ်ခြင်းကို လေ့လာတယ် ဒါကြောင့် ကျုပ်ရဲ့အဆင့်အတန်းကလဲ သူ့ထက်တော့ မနိမ့်ဘူး ဟုတ်ပလား"
ညတစ္ဆေ မျက်မှောင်ကုတ်လိုက်၏။
“ဟွန့် အဖိုးကြီး အလကားအကြွားပိုနေတယ် အဲဒါက ဘာများတန်ဖိုးရှိလို့လဲ”
ထို့နောက် သူမက လင်ကျွေ့လျူ၏ နားရွက်ကို ပြန်လွှတ်ပေးလိုက်သည်။
လင်ကျွေ့လျူ သူ့နားရွက်ကို ပွတ်ရင်း စိတ်ပျက်လက်ပျက်နှင့် ပြောလိုက်၏။
“အောင်မလေးဗျာ ငါ့နှယ် ကံဆိုးလိုက်တာ သက်ကြီးရွယ်အိုတွေကို တလေးတစားဆက်ဆံရမှန်းတောင်မသိရလောက်အောင် မင်းဟာ ဘယ်လိုမိန်းကလေးမျိုးပါလိမ့်"
သို့သော် သူ၏ လေသံတွင် ညတစ္ဆေ၏ လုပ်ရပ်များကို ဒေါသထွက်ဟန် အနည်းငယ်မျှပင် မရှိချေ။
လင်ရှောက်က ဝင်ပြောလိုက်ပြန်သည်။
“ဆရာကြီး ဒီတခေါက်လာတာ အရမ်းကောင်းပါတယ် ကျုပ်တို့ရဲ့ဂိုဏ်းချုပ်က ဆရာကြီးကို လိုက်ရှာဖို့ ကျုပ်တို့ကို အမိန့်ပေးထားပါတယ် ဒါပေမဲ့ ဆရာကြီးကို ကျုပ်တို့ ဘယ်လိုမှ ရှာမတွေ့ခဲ့ဘူး ဒီနေ့တော့ ကံတရားရဲ့ ဖေးမမှုကြောင့် ဆရာကြီးနဲ့ တွေ့ခွင့်ရပြီ"
“ဘာ ကံတရားရဲ့ဖေးမမှုလဲ”
လင်ကျွေ့လျူ ခေါင်းတချက်ခါရင်း ပြန်ပြောလိုက်သည်။
“ဒီကောင်မလေး ကျုပ်ကို နားပူနားဆလုပ်လွန်းလို့သာ ဒီအထိ ကျုပ်လိုက်လာတာ မဟုတ်ရင် ဟိုမှာ ကျုပ်ရဲ့ သုတေသနကိုပဲ ဆက်လုပ်နေမှာပေါ့"
လင်ရှောက် အံ့အားသင့်သွား၏။
“ဒါဆို ဆရာကြီးက ကျုပ်တို့ ဂိုဏ်းချုပ်ကြီးနဲ့ တွေ့ချင်လို့ ဒီကိုလာတာမဟုတ်ဘူးပေါ့ ဂိုဏ်းချုပ်ကြီးဟာ ဒီကမ္ဘာကြီးပေါ်မှာ အသိပညာအရှိဆုံး လူတွေထဲက တစ်ယောက်ပဲ ဆရာကြီးသာ...”
“သူ အသိပညာ ရှိတော့ကော ဘာဖြစ်သလဲ ကျုပ်မှာ သူ့နဲ့ တွေ့ဖို့ တာဝန်ရှိသွားရော့လား သူက သွေးဗီဇမဲ့လမ်းကြောင်းကို လျှောက်နေတာ ကျုပ်က သွေးဗီဇပေါင်းစပ်မဲ့လမ်းကြောင်း ကို လျှောက်နေတာ ဒီနှစ်လမ်းကြားမှာ ဆုံမှတ်ဆိုတာ မရှိဘူး”
လင်ကျွေ့လျူက ပွင့်ပွင့်လင်းလင်းပင် ပြောလိုက်သည်။
ထိုအချိန်မှာပင် အသံတသံ ရုတ်တရက် ထွက်ပေါ်လာ၏။
“ဖြတ်ပြောရလို့ ခွင့်လွှတ်ပါဗျာ ဒါပေမဲ့ ကျုပ်ဟာ သွေးဗီဇပေါင်းစပ်တဲ့လမ်းကြောင်းကိုလဲ မဆိုစလောက်လေးတော့ လျှောက်ခဲ့ဖူးပါတယ်"
“ဟင်”
ထိုအသံကိုကြားသည်နှင့် လင်ကျွေ့လျူ၏ မျက်လုံးများ အရောင်တဖြတ်ဖြတ် တောက်ပသွား၏။ ထို့နောက် သူက စကားတခွန်းမှမပြောပဲ ရုတ်တရက် နောက်သို့လှည့်ပြီး လက်ဝါးနှင့်ရိုက်ချလိုက်လေသည်။
ထိုအချိန်မှာပင် နက်နဲထူးဆန်းသည့် ပုံသဏ္ဌာန်တခု ကောင်းကင်တွင် ပေါ်ထွန်းလာပြီး ကမ္ဘာဦးမတိုင်မီသားရဲသွေးဗီဇခုနှစ်မျိုးဖြင့် ဖွဲ့စည်းထားသည် မဟာလောကငယ်သည် ၎င်း၏ ခမ်းနားသောအရှိန်အဝါကို အရပ်မျက်နှာသို့ ပျံ့နှံ့စေပြီး တစ်ဖန် ပြန်လည်ပေါ်ထွက်လာပြန်သည်။
ထို့နောက်တွင်တော့ လင်ကျွေ့လျူ၏ လက်ဝါးရိုက်ချက်မှာ အဟောသိကံ ဖြစ်သွားတော့၏။
“ဂိုဏ်းချုပ်ကြီးရောက်လာပြီ ဂိုဏ်းချုပ်ကြီး ရောက်လာပြီဟေ့”
လူတိုင်း ဝမ်းသာအားရနှင့် အော်ဟစ်ကြွေးကြော်လိုက်ကြသည်။
လင်ကျွေ့လျူ နောက်သို့ တဖြည်းဖြည်း လှည့်ကြည့်လိုက်ရာ လေထဲတွင် တင့်တယ်စွာ တည်ရှိနေသည့် လူတယောက်ကို မြင်တွေ့လိုက်ရသည်။ ထိုလူမှာ စုချန်းမှလွဲ၍ အခြား မည်သူ ဖြစ်နိုင်အံ့နည်း။
လင်ကျွေ့လျူက စုချန်းကိုကြည့်ရင်း တည်ငြိမ်အေးဆေးသောလေသံနှင့် မေးလိုက်သည်။
“မင်းက စုချန်းလား”
“မှန်ပါတယ်ခင်ဗျာ”
စုချန်း မသိမသာပြုံးရင်း ပြန်ဖြေလိုက်သည်။
လင်ကျွေ့လျူ အားရပါးရ ရယ်မောလိုက်၏။
“ငါ့ရဲ့ စွမ်းအင်နှစ်ဆယ် ရာခိုင်နှုန်းထိ ထည့်သုံးထားတဲ့ လက်ဝါးရိုက်ချက်ကို ခံနိုင်ရည်ရှိတယ်ပေါ့ မဆိုးဘူး တကယ် မဆိုးဘူး ဟင် ဒါကြီးက...”
စုချန်းပတ်လည်ရှိ သွေးဗီဇခုနစ်ပါးမဟာပုံရိပ်လောကငယ်ကို မြင်သောအခါ လင်ကျွေ့လျူ ပါးစပ်အဟောင်းသား ဖြစ်သွား၏။
“ဒါက လေစွန်ရဲ့အရှိန်အဝါ အိပ်မက် အလှသွေးဗီဇရဲ့ အဆင်း... ပြီးတော့ လျူယုရဲ့ စွမ်းအား...ဘာလဲ...မင်း ကမ္ဘာဦးမတိုင်မီသွေးဗီဇခုနစ်မျိုးရဲ့ စွမ်းအားတွေကို ပေါင်းစပ်နိုင်ခဲ့တဲ့သဘောလား...မဟုတ်ဘူး မဟုတ်သေးဘူး ခနလေး...ဒါတွေက သွေးဗီဇပုံရ်ိပ်တွေလဲ မဟုတ်ပြန်ဘူး”
လင်ကျွေ့လျူ၏ စိတ်ထဲတွင် ဖြစ်နိုင်ခြေများကို အပြေးအလွှားပင် တွက်ချက်နေ၏။
စုချန်း အားရပါးရ ရယ်မောလိုက်လေသည်။
“ခင်ဗျားရဲ့ အမြင်က တကယ်ကို အထင်ကြီးစရာ ကောင်းပါပေတယ် ပရမ်းပတာ ဘုရင် ဒါတွေက သွေးဗီဇပုံရိပ်တွေ မဟုတ်တာတော့ အမှန်ပါပဲ ဒါပေမဲ့ သွေးဗီဇတွေကနေ ပေါက်ဖွားလာတာလဲ အမှန်ပါပဲ ကျုပ်အနေနဲ့ကတော့ ဒါတွေကို တိုက်ခိုက်ရေးပုံသဏ္ဍာန်တွေလို့ ခေါ်တယ်”
“တိုက်ခိုက်ရေးပုံသဏ္ဍာန် ဟုတ်လား သူတို့က သွေးဗီဇနဲ့ ဘယ်လိုများ ကွာခြားနေလို့လဲ”
လင်ကျွေ့လျူက ချက်ချင်း ပြန်မေးလိုက်သည်။
“သွေးဗီဇရဲ့ စွမ်းအားဟာ ပြင်ပအရင်းအမြစ်ကနေ လာတာပါ ဒါပေမဲ့ပုံသဏ္ဌာန်တွေရဲ့ စွမ်းအားကိုတော့ ကျင့်ကြံခြင်းကနေ ရနိုင်ပါတယ်”
“တိုက်ခိုက်ရေးပုံသဏ္ဌာန်တွေကို ကျင့်ကြံမှုကနေ ရနိုင်တယ်ဆိုရင် သွေးဗီဇနဲ့ ဘယ်လိုများ သက်ဆိုင်တော့မှာလဲ"
“တကယ်တော့ တိုက်ခိုက်ရေး ပုံသဏ္ဌာန်တွေဟာ သွေးဗီဇရဲ့ အပိုဆောင်းတိုးချဲ့မှုလို့ ဆိုနိုင်တယ် ဒီအတွက် ကျုပ်တို့က သွေးဗီဇရဲ့ အဆီအနှစ်ကို ဖမ်းယူပြီးမှ သွေးဗီဇကို စွန့်ပယ်ပစ်ရတယ်”
“သွေးဗီဇကို စွန့်ပယ်ရင်းနဲ့ သွေးဗီဇရဲ့ အနှစ်သာရကို ဘယ်လိုများ ဖမ်းယူတာလဲ”
“ဒါက ရှုပ်ထွေးပါတယ် ခင်ဗျား သိချင်တယ်ဆိုရင် ကျုပ်တို့နဲ့ လိုက်ခဲ့ပါ ကျုပ်တို့ အေးအေးဆေးဆေး စကားပြောကြတာပေါ့"
စုချန်းက ပြုံးပြရင်း လင်ကျွေ့လျူကို ဖိတ်ခေါ်လိုက်သည်။
လင်ကျွေ့လျူ ခေါင်းကိုမော့ရင်း ကျယ်လောင်စွာ ရယ်မောလိုက်၏။
“ဟားဟား ကျုပ်အနေနဲ့ကတော့ ကန့်ကွက်စရာ မရှိပါဘူးကွာ ဒါပေမဲ့ တပ်မှူးကျုံးမှာတော့ သေချာပေါက် ကန့်ကွက်စရာတွေ ရှိလာလိမ့်မယ်”
သို့သော် စုချန်းက ပြုံးစေ့စေ့နှင့် ပြန်ဖြေလိုက်လေသည်။
“ပရမ်းပတာဘုရင် ကျုပ်တို့အဖွဲ့ထဲ ပူးပေါင်းလာတာမျိုးကို တပ်မှုကျုံးက သဘောတူပါလိမ့်မယ်"
“ဟင်”
လင်ကျွေ့လျူ အံ့အားတကြီးနှင့် စုချန်းကို စိုက်ကြည့်လိုက်သည်။
ဒီတော့ ကျုံးကျန်းကျွန်လို လူစားမျိုးတောင် သူ့ကို အောက်ကျို့နေရတယ်ပေါ့လေ...
ထိုအချက်ကို လင်ကျွေ့လျူ ချက်ချင်းသဘောပေါက်လိုက်၏။