ထိန်းချုပ်ခြင်း
Vol. 96 Ch. 949
စုချန်း ပြောခဲ့သည့်အတိုင်းပင် ကျုံးကျန်းကျွန်သည် လင်ကျွေ့လျူကို စက္ကန့်ပိုင်းမျှသာ စိုက်ကြည့်ပြီး စကားတခွန်းမျှ မပြောပဲ လှည့်ထွက်သွား၏။
လင်ကျွေ့လျူ အတော်လေး အံ့သြသွားပြီး လေပင်ချွန်မိလိုက်သည်။
ဝိညာဉ်လောင်ကျွမ်းနယ်ပယ်ကျင့်ကြံသူတစ်ဦးအနေနှင့် အနှိုင်းမဲ့ဧကရာဇ်နယ်ပယ်ကျင့်ကြံသူတဦးကို ဤပုံစံအတိုင်း ထိန်းချုပ်ထားနိုင်ခြင်းမှာ မည်သည့်နည်းနှင့်ပင်ဖြစ်စေ အထင်ကြီးစရာ ကောင်းနေခဲ့သည်မှာ အမှန်ပင်။
တဖက်တွင်လည်း စုချန်းသည် လင်ကျွေ့လျူကိုကြည့်ရင်း ကျုံးကျန်းကျွန် ဒုက္ခပေးမည်ကိုမကြောက်သည့် ဤအဖိုးကြီး ရဲတင်းလှချည်လားဟု တွေးမိနေလေသည်။
တကယ်တော့ လင်ကျွေ့လျူ ဤမျှ ရဲတင်းနေရခြင်းမှာ သူ တီထွင်ခဲ့သည့် သွေးဗီဇပေါင်းစပ်ခြင်းနည်းစနစ်များကြောင့်ပင် ဖြစ်သည်။ ဤနည်းလမ်းများကြောင့် သူ့လက်အောက်တွင် အင်အားကြီးမားသော စစ်တပ်တစ်တပ်ကို လင်ကျွေ့လျူ အချိန်မရွေး မြန်မြန်ဆန်ဆန် တည်ဆောက်နိုင်စွမ်း ရှိလာ၏။ သူမွေးမြူထားသည့် ယုန်နှင့် တောကြက်များကိုကြည့်လျင် ဤအချက်ကို မြင်သာနေသည်။
သို့သော် လင်ကျွေ့လျူ၏ သွေးဗီဇပေါင်းစပ်ခြင်းတွင် အားနည်းချက်တချို့တော့ ရှိနေ၏။ ၎င်းအားနည်းချက်မှာကား လက်ခံသူ သည် ပေါင်းစပ်လိုက်သည့်သွေးဗီဇ၏ ဝန်ထုပ်ဝန်ပိုးကို ခံနိုင်ရည်မရှိ၍ ၎င်းတို့၏သက်တမ်း သိသိသာသာ တိုတောင်းသွားခြင်းပင် ဖြစ်သည်။
ဥပမာအားဖြင့် ယဲ့ဖန်းဟန် ခက်ခက်ခဲခဲ တိုက်ခိုက်ခဲ့ရသော ယုန်သည် ယဲ့ဖန်ဟန်သာ အချိန်ဆွဲတိုက်ခိုက်နေခဲ့လျင် သူ့အလိုလို သေဆုံးသွားမည်မှာ သေချာနေ၏။
သို့သော် ထိုအားနည်းချက်ကို ဖြေရှင်းနိုင်မည့်နည်းလမ်း လုံးဝမရှိဟုတော့ မဆိုလိုချေ။
တကယ်တမ်းတွင် ထ်ိုအတွက် ဖြေရှင်းနည်းမှာ နှစ်မျိုးအထိ ရှိနေ၏။ ပထမတနည်းမှာ ပေါင်းစပ်ပေးမည့် သွေးဗီဇ၏ စွမ်းအားကို လျှော့ချလိုက်ခြင်းပင် ဖြစ်သည်။ ဒုတိယတနည်းမှာကား ဤသွေးဗီဇစွမ်းအားကို ခံနိုင်လောက်သည့် လူတဦး၏ ခန္ဓာကိုယ်ထဲသို့ ထည့်သွင်းပေးခြင်းပင် ဖြစ်သည်။
သို့သော် လင်ကျွေ့လျူအနေနှင့် ဤနည်းလမ်းနှစ်မျိုးလုံးကို စမ်းသပ်နိုင်ခဲ့ခြင်းမရှိသေးချေ။ သူ့တကယ့်ရည်မှန်းချက်မှာ ကမ္ဘာဦးမတိုင်မီသွေးဗီဇခုနစ်မျိုးကို ပေါင်းစပ်ပြီး ပြိုင်ဘက်ကင်းသွေးဗီဇတမျိုး ဖန်တီးရန်ပင် ဖြစ်လေရာ တခြားအရာများကို စမ်းသပ်နေရန် သူ့တွင် စိတ်ကူးရှိသော်လည်း လက်ကမလိုက်နိုင်ပဲ ဖြစ်နေသည့်အနေအထားပင်။
လင်ကျွေ့လျူ စုချန်းကို လာရှာရခြင်းမှာလည်း အလကားမဟုတ်။ အကြောင်းရှိ၏။ ထ်ိုအကြောင်းမှာကား သွေးဗီဇမရှိသူများ၏ အခြေခံခွန်အားကို မြှင့်တင်နိုင်မည့် နည်းလမ်းတစုံတရာ စုချန်းတွင် ရှိနိုင်ကြောင်း ယဲ့ဖန်းဟန်ထံမှ သူ သိလိုက်ရသောကြောင့်ပင် ဖြစ်သည်။
ယခုတော့ စုချန်းကို တွေ့တွေ့ချင်းမှာပင် သွေးဗီဇခုနစ်ပါးမဟာပုံရိပ်လောကငယ်ကို လင်ကျွေ့လျူ နဖူးတွေ့ဒူးတွေ့ မြင်တွေ့ခွင့်ရလိုက်လေပြီ။
ဤအနေအထားတွင် လင်ကျွေ့လျူ အဘယ်မှာ စိတ်မဝင်စားပဲ နေနိုင်တော့မည်နည်း။
နောက်ပိုင်းရလဒ်များသည်ကား အားလုံးသိကြသည့်အတိုင်းပင်။ သူတို့နှစ်ယောက်သည် ပြောစရာစကားများ မကုန်နိုင်တော့ဟန်ဖြင့် နေ့မအိပ်ညမအိပ် စကားဖောင်ဖွဲ့လျက်ရှိကြကုန်၏။
“သွေးဗီဇတိုက်ခိုက်ရေးပုံသဏ္ဍာန်တွေဟာ သွေးဗီဇတွေကနေ ဆင်းသက်လာပေမဲ့ သွေးဗီဇစွမ်းအင်တော့ မဟုတ်ဘူး ဒါကြောင့် အသက်လုတိုက်ပွဲတွေမှာ ဒီတိုက်ခိုက်ရေးသဏ္ဍာန်တွေဟာ တကယ့်သွေးဗီဇစွမ်းအင်ထက်စာရင် အများကြီး နိမ့်ကျတယ် ဒါကြောင့် ဝမ်းနည်းစရာအကောင်းဆုံးအမှန်တရားတခုကို ပြောရမယ်ဆိုရင် လူတွေ သွေးဗီဇကနေ ဆွဲထုတ်နိုင်တဲ့ စွမ်းအားကို တုပနိုင်တဲ့စွမ်းအားမျိုး ခုချိန်ထိ မရှိသေးတာပဲ"
စုချန်းက လင်ကျွေ့လျူကို ကျကျနနပင် ရှင်းပြလိုက်၏။
“ဒီအတိုင်းသာဆိုရင် ဒီလို တိုက်ခိုက်ရေးပုံသဏ္ဍာန်တွေက ဘာကောင်းကျိုးမှ မရှိဘူးဆိုတဲ့သဘောမျိုး သက်ရောက်မနေဘူးလား”
လင်ကျွေ့လျူက မေးခွန်းထုတ်လိုက်သည်။
“ဒီလိုတော့လဲမဟုတ်သေးဘူးဗျ သွေးဗီဇရဲ့ အဓိက စွမ်းအားကို ဆွဲထုတ်နိုင်တဲ့ နည်းလမ်း မရှိသေးဘူးဆိုပေမဲ့ သူ့ရဲ့ အငွေ့အသက်၊ ဝိညာဥ်နဲ့ ဂုဏ်သတ္တိစတာတွေ အပါအဝင် အပြင်ဘက် သရုပ်သကန်ကိုတော့ တိုက်ခိုက်ရေးပုံသဏ္ဍာန်တွေကနေ ကျုပ်တို့ ရနိုင်သေးတယ် ပြီးတော့ အဓိက စွမ်းအားကို မဆွဲထုတ်နိုင်ဘူးဆိုတိုင်း သူတို့မှာ ဘာစွမ်းအားမှမရှိဘူးလို့ တထစ်ချဆိုလို့မရဘူးလေ တိုက်ခိုက်ရေးပုံသဏ္ဍာန်တွေဟာ ပုံရိပ်ယောင်တွေသာ ဖြစ်ပြီး သွေးဗီဇတွေက ပိုပြီး ထင်ရှားတာမှန်ပါတယ် ဒါပေမဲ့ အတုအယောင်အင်အားဆိုတာကလဲ သတ်မှတ်ထားတဲ့ အတိုင်းအတာတခုကိုသာ ရောက်သွားခဲ့ရင် တကယ့်အင်အားမျိုး ဖြစ်လာနိုင်တယ်”
စုချန်းက ရှင်းပြလိုက်ပြန်သည်။ သို့သော် လင်ကျွေ့လျူကတော့ စိတ်တိုင်းမကျဟန်ဖြင့် ခေါင်းတချက်ခါရင်း ပြောလိုက်၏။
“ဝမ်းနည်းဖို့ကောင်းတာက မင်းရဲ့ဖန်တီးမှုက ခုချိန်ထိ အပြင်ဘက်သရုပ်သကန်အဆင့်ပဲ ရှိနေသေးတာပဲ”
စုချန်း ပြုံးလိုက်သည်။
“ဒါပေမဲ့ ခင်ဗျားဘယ်လိုပဲပြောပြော ကျုပ်ရဲ့ သွေးဗီဇခုနှစ်ပါးမဟာပုံရိပ်လောကငယ် တိုက်ခိုက်ရေးပုံစံဟာ အတိုင်းအတာတစ်ခုအထိ အောင်မြင်မှုရနေပြီ ဒါပေမဲ့ ခင်ဗျားရဲ့ ကြိုးပမ်းမှုကတော့ အခုထိ ဘာအောင်မြင်မှုအရိပ်အယောင်မှ မမြင်ရသေးပါလား"
“ဘာအောင်မြင်မှုမှ မရသေးဘူးလို့ ဘယ်ကောင်ပြောတာလဲကွ”
လင်ကျွေ့လျူ ကမူးရှုးထိုးနှင့် ငြင်းဆန်လိုက်သည်။
“သွေးဗီဇတွေပေါင်းစပ်နိုင်မဲ့နည်းလမ်းကို ကျုပ် ရှာတွေ့သွားပြီး တခုပဲ ဒီသွေးဗီဇကို ဘယ်လိုလက်ဆင့်ကမ်းပေးရမလဲဆိုတာကိုပဲ ကျုပ် မသိသေးတာ"
“သွေးဗီဇတွေကို ပေါင်းစပ်နည်းသာ ရှိပြီး လက်ဆင့်ကမ်းပေးဖို့ နည်းလမ်းမရှိဘူးဆိုရင် ခင်ဗျားရဲ့သုတေသနက အိပ်မက်တခုထက် ပိုလာစရာအကြောင်းမှ မရှိတာပဲလေ”
စုချန်းက ခပ်ပြတ်ပြတ်ပင် နှိပ်ကွပ်လိုက်၏။
“ဒါကြောင့်မို့လို့ပဲ ကျုပ်က မင်းကို လာရှာတာပေါ့ကွ ဟား ဟား ဟား”
လင်ကျွေ့လျူ ရယ်မောလိုက်၏။ ဤအဖိုးကြီးကား အတော်လေးပင် မျက်နှာပြောင်ပုံရပေသည်။
“ဒီသွေးဗီဇကို လက်ဆင့်ကမ်း မပေးနိုင်ဘူးဆိုတာ လက်ခံနိုင်လောက်အောင် လုံလုံလောက်လောက် သန်မာတဲ့လူမျိုးကို ကျုပ် ရှာမတွေ့သေးလို့ပဲကွ ဒါနဲ့ မင်းရဲ့ သွေးဗီဇမဲ့လမ်းကြောင်းနဲ့ တိုက်ခိုက်ရေးပုံစံတွေဟာ ကျုပ်ရဲ့ သွေးဗီဇပေါင်းစပ်ခြင်းနည်းလမ်းနဲ့ အတော်လေး ကိုက်ညီနေတယ်များ မင်း မထင်မိဘူးလား"
စုချန်း အားရပါးရ ရယ်မောလိုက်၏။
"ခင်ဗျား အတွေးက ကျုပ် တွေးတာနဲ့ အတော်ကို တူနေပါလားဗျ"
တကယ်လည်း လင်ကျွေ့လျူ လိုအပ်နေသည်မှာ အခြေခံအုတ်မြစ်ပင် ဖြစ်သည်။ ယခုတော့ စုချန်း၏ လုပ်ငန်းက သူ ရှာဖွေနေသည့်လမ်းကြောင်းကို အတိအကျ ညွှန်ပြပေးပေလိမ့်မည်။
အကယ်၍ လင်ရှောက်သာ လင်ကျွေ့လျူ၏ သွေးဗီဇပေါင်းစပ်သည့်ဆေးရည်ကို သောက်သုံးခွင့်ရခဲ့လျင် ဘာတွေဖြစ်လာမည်နည်း။
ထိုအဖြေကို စုချန်းကိုယ်တိုင်လည်း သိချင်နေ၏။
သို့သော် အဆုံးသတ်အဖြေကိုသိလိုလျင် လော၍မရ။ တဆင့်ချင်းသွားရပေလိမ့်မည်။ ထိုအတွက် သူတို့အနေနှင့် သင့်တော်သောအချိန်တခုတော့ ယူရပေလိမ့်မည်။
ဤသို့နှင့် သူတို့နှစ်ဦးလုံးသည် အပြင်လောကတွင် ဖြစ်ပျက်နေသည့်အရာများကို ဂရုမစိုက်နိုင်တော့ပဲ သုတေသနလုပ်ငန်းများထဲတွင်သာ နစ်မြုပ်နေကြတော့၏။
သို့သော် ထိုအတောအတွင်း အပြင်လောက၏ အခြေအနေမှာ အပြောင်းအလဲတချို့ စတင်ဖြစ်ပေါ်နေခဲ့လေပြီ။
အမဲလိုက်ခရီးစဉ်များတွင် ရုတ်တရက်ဆိုသလို မတော်တဆမှုများ ဆက်တိုက်ပင် ဖြစ်ပေါ်လာ၏။ မူလက လင်ရှောက်တို့ ကြုံတွေ့ခဲ့ရသည့်အဖြစ်အပျက်ကို မတော်မဆဟုသာ ရေတပ်အုပ်စုမှ ယူဆခဲ့ကြသော်လည်း နောက်ပိုင်း ခရီးစဉ်များတွင်လည်း လင်ရှောက်တို့၏ အဖြစ်အပျက်နှင့် ဆင်တူသော အခြေအနေများ နေရာတိုင်းတွင် စတင် ဖြစ်ပေါ်လာသည်ကို တွေ့ရှိလာရလေသည်။ အဆ်ိုးဆုံးအဖြစ်အပျက်တခုတွင်ဆိုလျင် ပင်လယ်သားရဲများ၏ စုဝေးလာပုံမှာ မြန်ဆန်လွန်း၍ လှေနှစ်စင်းသာ ပြန်လာနိုင်ခဲ့၏။
ဤသို့ ထူးထူးခြားခြားအခြေအနေများကြောင့် ရေတပ်၏ တပ်မှူးများပင် စိုးရိမ်ပူပန်လာခဲ့ကြလေသည်။
ဤယနေ့တွင်လည်း စုချန်းသည် ခါတိုင်းကဲ့သို့ပင် သုတေသနလုပ်ငန်းထဲတွင် နစ်မြုပ်နေ၏။ ထိုအချိန်မှာပင် တံခါးခေါက်သံတချက်ကို သူ ကြားလိုက်ရသည်။
သံမဏိက တံခါးကို ဖွင့်လိုက်၏။ တံခါးလာခေါက်သူမှာ တခြားသူမဟုတ်။ လီကုံးရှန်ပင် ဖြစ်လေသည်။
“တစ်ခုခုများ မှားနေလို့လား”
သာမာန် အသေးအဖွဲ ကိစ္စလောက်နှင့် ဘယ်တော့မှ သူ့ကို အနှောင့်အယှက်မပေးတတ်သော လီကုံးရှန်၏ သဘောထားကို စုချန်း ကောင်းကောင်းသိထား၏။ ထို့ကြောင့် သူက အထက်ပါအတိုင်း မေးခွန်းထုတ်ရင်း ဓာတ်ခွဲခန်းအပြင်ဘက်သို့ လျင်မြန်စွာ ထွက်လာခဲ့သည်။
လီကုံးရှန်ကလည်း စုချန်းနောက်သို့လိုက်ပါလာပြီး အဖြစ်အပျက်အစုံအလင်ကို ရှင်းပြလိုက်၏။
လီကုံးရှန်၏ စကားကိုနားထောင်ရင်း စုချန်း မျက်မှောင်ကုတ်လိုက်သည်။
“ထပ်ခါတလဲလဲ မတော်တဆမှုတွေ ဖြစ်နေတယ် ဟုတ်လား လူ ဘယ်နှစ်ယောက်တောင် သေသွားပြီလဲ"
“လင်ရှောက်တို့အဖွဲ့မပါဘူးဆိုရင် စုစုပေါင်း ငါးကြိမ်ရှိခဲ့ပါပြီ ဂိုဏ်းချုပ် စုစုပေါင်း လူသား ၇၄၂ယောက်နဲ့ ပင်လယ်လူသားစစ်သည် ၄၀၀ကို ကျုပ်တို့ဆုံးရှုံးခဲ့ရတယ်"
“နည်းတဲ့ပမာဏမှ မဟုတ်တာပဲ ဖြစ်ခဲ့တဲ့အကြိမ်ရေကလဲ မနည်းဘူး ကျုပ်ကို အခုမှ ဘာလို့ အသိပေးတာလဲ”
စုချန်း မကျေမနပ်ဖြစ်သွား၏။
လီကုံးရှန် ခေါင်းငုံ့သွားလေသည်။
“ဂိုဏ်းချုပ်ရဲ့သုတေသနက အလွန်အရေးကြီးပါတယ် ကျုပ်တို့ ဒီအခြေအနေကို ကိုယ့်ဘာသာကိုယ် ဖြေရှင်းနိုင်မယ်လို့ မျှော်လင့်မ်ိလို့ သတင်းမပို့ခဲ့မိတာပါ”
“ဘယ်လိုပဲပြောပြော ခုလို ကျုပ်ကို လာတွေ့ပြီဆိုတော့ ခင်ဗျားလက်ထဲမှာ အချက်အလက်တချို့ ရောက်နေပြီလို့ ကျုပ်ထင်တယ် ဟုတ်တယ်မလား”
လီကုံးရှန် ခေါင်းညိတ်ပြလိုက်၏။
"ဒီလိုတွေဖြစ်ရအောင် တစုံတယောက် က ကြံစည်နေတယ်လို့ ကျုပ်တို့ ယူဆထားတယ်”
“တစုံတယောက် ဒီလိုကြံစည်နေတယ် ဟုတ်လား"
စုချန်း ပြန်မေးလိုက်၏။
ထိုအချိန်တွင် သူတို့နှစ်ယောက်သည် စကားတပြောပြောနှင့် လမ်းလျှောက်လာရာ နန်းတော် အပြင်ဘက် ဝရန်တာသို့တိုင် ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။
စုချန်းသည် လက်ရန်းပေါ်တွင် လက်တင်ပြီး အဝေးကို ငေးကြည့်နေ၏။ ပင်လယ်သည် ပကတိအတိုင်း တည်ငြိမ်နေပြီး လှေများအားလုံးသည် ဆိပ်ကမ်းတွင် ငြိမ်ငြိမ်သက်သက်ပင် ရှိနေကြ၏။ ကြည့်ရသလောက် အမဲလိုက်ခရီးစဥ်ကို ရပ်တန့်ထားဟန်ပေါ်နေသည်။
“မှန်ပါတယ် ဂိုဏ်းချုပ်”
လီကုံးရှန်က စူးချန်းဘေးတွင် ရပ်လျက် ပြန်ပြောလိုက်၏။
“ဒီလို မတော်တဆမှုတွေ ထပ်တလဲလဲဖြစ်နေတာက ထူးခြားလွန်းတော့ ကျုပ်တို့ သံသယဝင်လာတယ်လေ ဒါနဲ့ကျုပ်ရယ် ကျုံးကျန်းကျွန်ရယ်နဲ့ ကျန့်စီချွေ့တို့ ကိုယ်တိုင် ဘာဖြစ်ခဲ့သလဲဆိုတာသိချင်လို့ ကြည့်ဖို့ ချောက်နက်အထိ သွားခဲ့တယ် ဒါပေမဲ့ ထူးခြားတာ ဘာမှ မတွေ့ခဲ့ဘူး တခါတုန်းကလဲ ကိုင်းဟွမ် နဲ့ ကျုပ် ရည်ရွယ်ချက်ရှိရှိ လှေတစ်စင်းကို ပင်လယ်ပြင်ထဲမောင်းထုတ်ပြီး သားရဲတွေကို ဆွဲဆောင်ဖို့ကြိုးစားပေမဲ့ သားရဲတချို့တလေလောက်ပဲ ရောက်လာတာမျိုး တွေ့ရတယ် ဒါက မတော်တဆမှုတွေဖြစ်တိုင်း ရောက်လာတတ်တဲ့ ပင်လယ်သားရဲတွေအရေအတွက်နဲ့ယှဥ်ရင် အတော်လေးကို ကွာခြားလွန်းနေတယ်"
“ဒီတော့ လက်အောက်ငယ်သားချည်းပဲ သွားတဲ့အခါကျမှ မတော်တဆမှုတွေ ဖြစ်တဲ့သဘောပေါ့ ဟုတ်လား”
စုချန်းက တီးတိုးရေရွတ်လိုက်သည်။
“မှန်ပါတယ်ဂိုဏ်းချုပ် ဒါကြောင့်ပဲ တစ်စုံတစ်ဦးက ရည်ရွယ်ချက်ရှိရှိ ကြံစည်နေတယ်လို့ ကျုပ်တို့ ယူဆလိုက်တာ"
“ဒါမှမဟုတ် အမဲလိုက်အဖွဲ့တွေရဲ့လှုပ်ရှားမှုကနေ ထွက်ပေါ်လာတဲ့အသံနဲ့ သက်ဆိုင်သလားဆိုတာကိုရော ခင်ဗျားတို့ စမ်းသပ်ပြီးပြီလား"
“စမ်းသပ်ပြီးပါပြီဂိုဏ်းချုပ်... တပ်မှူး ကျုံးနဲ့ စီချွေ့တို့ အမဲလိုက်အဖွဲ့ နှစ်ဖွဲ့ကို သူတို့နဲ့အတူ ခေါ်သွားပြီး သုံးရက် ဆက်တိုက် ပင်လယ်မျက်နှာပြင်ပေါ်မှာ ရွက်လွှင့်ခဲ့ပါတယ် ဒါပေမဲ့ ဘယ်ပင်လယ်သားရဲမှ စုဝေးမလာခဲ့ဘူး"
“ဒီလိုဆိုရင်တော့ စဥ်းစားစရာဖြစ်နေပြီပေါ့လေ”
စုချန်းက ဝရန်တာလက်ရန်းကို လက်ချောင်းနှင့် တဒေါက်ဒေါက်ခေါက်ရင်း ရေရွတ်လိုက်၏။
ထို့နောက် သူက မေးလိုက်ပြန်သည်။
"အမဲလိုက်ခရီးစဥ်တွေ အချိန် နေရာ တူကြသလား အဖွဲ့ဝင်တွေကရော အတူတူပဲလား”
“ခရီးစဥ်တွေမတူသလို အဖွဲ့ဝင်တွေလဲ မတူကြပါဘူး ဂိုဏ်းချုပ်"
“ဒါဆိုရင် ဒါဟာ လူတယောက်တည်းရဲ့လက်ချက် မဟုတ်ဘူးဆိုတဲ့သဘောပဲ”
စုချန်း မျက်ခုံးပင့်လိုက်၏။
“စိတ်ဝင်စားစရာပဲ လူတဦးတည်းက ကျုပ်တို့ရဲ့ အစီအစဉ်အောင်မြင်သွားမှာကို မလိုချင်ဘူးဆိုတာက ပြဿနာကြီး မဟုတ်ဘူး ဒါပေမဲ့ ကျုပ်တို့ကို ဖျက်ဆီးဖို့ ကြိုးစားနေတဲ့ အဖွဲ့တဖွဲ့ရှိနေတယ်ဆိုရင်တော့ ဒါ အရေးကြီးသွားပြီ ပြီးတော့ ကျုပ်တို့ရေတပ်ရဲ့ စစ်သည်တိုင်းက ဂရုတစိုက် ရွေးချယ်ထားတာ ဒီလိုအနေအထားမှာ ဘာကြောင့် လူအများကြီးက တစ်ပြိုင်နက်တည်း ကျုပ်တို့ကို သစ္စာဖောက်ကြတာလဲ”
လီကုံးရှန် အံ့အားသင့်သွား၏။
“ကျုပ်တို့ကိုယ်တိုင်လည်း ဒီအချက်ကို အံ့ဩနေတာပါပဲဂိုဏ်းချုပ် သူတို့ လာဘ်ထိုးခံရတာများ ဖြစ်နေမလား”
သို့သော် စုချန်းက ခေါင်းခါယမ်းလိုက်၏။
“ဒါလာဘ်ထိုးမှုမဟုတ်ဘူး တခြား နည်းလမ်းတစုံတရာကြောင့် ဖြစ်ပါလိမ့်မယ်"
“တခြား နည်းလမ်းတွေ ဟုတ်လား"
လီကုံးရှန် အံ့သြသင့်သွားသော်လည်း စက္ကန့်ပိုင်းအကြာမှာပင် နားလည်သွား၏။
“စိတ်ဝိညာဥ်ကို ထိန်းချုပ်နိုင်တဲ့နည်းစနစ်တွေကိုများ ဆိုလိုတာလား ဂိုဏ်းချုပ် ဒါပေမဲ့ ဒီလောက်များတဲ့ လူတွေကို ထိန်းချုပ်ဖို့ကတော့ ဘယ်လိုမှ မလွယ်ဘူး”
“တချို့တွေအတွက်ကျတော့ လွယ်ကောင်းလွယ်နေနိုင်တယ်”
စုချန်းက အေးဆေးသောအမူအရာနှင့် ပြန်ဖြေလိုက်သည်။
လီကုံးရှန် ချက်ချင်း နားလည်သွား၏။
"ဝိညာဥ်မျိုးစိတ်ဝင်တွေများလား”
ဝိညာဥ်မျိုးစိတ်ဝင်များထက် တခြားသူများကို ထိန်းချုပ်ခြင်းတွင် မည်သူက ပို၍ ကျွမ်းကျင်မည်နည်း။
ပို၍အရေးကြီးသည်မှာ ၎င်းတို့တွင် စူးချန်း၏ ကြိုးပမ်းမှုများကို ဖျက်ဆီးရန် အကြောင်းပြချက် ရှိနေ၏။
အကယ်၍ စုချန်းသာ နက်ရှိုင်းပင်လယ်ဝမ်းနည်းမှုကို အောင်မြင်စွာ ကိုင်တွယ်ဖြေရှင်းနိုင်ခဲ့လျင် နောက်တကြိမ်ပစ်မှတ်က ၎င်းတို့ဖြစ်လာမည်မှာ သံသယဖြစ်ဖွယ်ရာမရှိပေ။
ဤအနေအထားတွင် သူတို့ဖက်မှ တိုက်စစ်ဖွင့်ရန် ကြိုးစားလာခြင်းမှာ များစွာ သဘာဝကျနေ၏။