ရုပ်သေးများ
Vol. 96 Ch. 950
ဤယနေ့တွင် ချောက်နက်နယ်မြေသည် အတော်ပင် ငြိမ်သက်တိတ်ဆိတ်နေ၏။
လှေအုပ်စုတစုသည် ရေပြင်ပေါ်တွင် ငြိမ်သက်စွာ ရွေ့လျားနေသည်။
လှေအုပ်စုကို လင်ရှောက်ဦးခေါင်းဆောင်သည့် နဂါးလှေက ဦးဆောင်နေ၏။ လှေငါးစင်းပါအုပ်စု၏ ချီတက်ပုံသည် ယခင်အတိုင်းသာ ဖြစ်သော်လည်း ဤတစ်ကြိမ်တွင် အန္တရာယ်များကို ကြိုတင်အချက်ပေးနိုင်သော စောင့်ကြည့်ရေးမျက်လုံးနည်းစနစ်တရပ်ကို ထပ်ပေါင်းတပ်ဆင်ထား၏။ အနှီစောင့်ကြည့်ရေးမျက်လုံးသည် ပင်လယ်အောက် သတ်မှတ်ထားသော အနက်ပေအထိ မြင်နိုင်စွမ်း ရှိပြီး ပင်လယ်သားရဲများ စတင် လှုပ်ရှားလာပါကလည်း ကြိုတင်သတ်ိပေးနိုင်စွမ်း ရှိပေသည်။
လှေအုပ်စုသည် အထက်ပါအတိုင်း ချီတက်လာရင်း သိပ်မကြာမီ နတ်ဆိုးသခင်အဆင့် သားရဲတကောင်နှင့် စတင်ဆုံတွေ့မိတော့၏။
ဤတစ်ကြိမ်တွင်တော့ သူတို့အနေနှင့် အရိုးများသလေး ချေးခါးသလေး လုပ်မနေနိုင်တော့။ လင်ရှောက်က သားရဲကို ဖမ်းယူရန် ချက်ချင်းပင် အမိန့်ပေးလိုက်တော့သည်။
ထို့နောက် လှေငါးစင်းသည် နတ်ဆိုးသခင်သားရဲကို ဝိုင်းရံပြီး မူလစွမ်းအင် အမြောက်များဖြင့် စတင် ပစ်ခတ်ခဲ့ကြတော့သည်။ အားကောင်းသော မူလစွမ်းအင်အလင်းတန်းများသည် သားရဲကြီးကို တည့်တည့်မတ်မတ်ပင် ထိမှန်သွား၏။ သွေးများ နေရာအနှံ့ ပျံ့ကျဲသွားပြီး ပင်လယ်သားရဲ၏ ဒေါသတကြီး ဟိန်းဟောက်သံက ပတ်ဝန်းကျင်တခုလုံးသို့ ပဲ့တင်ထပ်သွားတော့သည်။
တချိန်တည်းမှာပင် ၎င်း၏ လှုပ်ရှားမှုကြောင့် လှိုင်းလုံးကြီးများ ထလာ၏။
လှိုင်းလုံးများသည် အရပ်ရှစ်မျက်နှာသို့ ပြန့်ကားသွားပြီး ဝဲဂယက်တခုအဖြစ် ကူးပြောင်းသွားကာ လှေများကို အတွင်းသို့ စတင်ဆွဲသွင်းစပြုလာတော့သည်။
သို့သော် ထိုအချိန်မှာပင် ပင်လယ်လူသားမျိုးစိတ်ဝင်များက ဝဲဂယက်ဆီသို့ ချည်းကပ်သွားကြ၏။ ထို့နောက်တွင်တော့ ဝဲဂယက်သည် တဖြည်းဖြည်း နှေးကွေးငြိမ်သက်သွားသည်က်ို အံ့သြစဖွယ် မြင်တွေ့ရလေသည်။
ဝဲဂယက် ငြိမ်သက်သွားသည်နှင့် လှေများ၏ တိုက်ခိုက်မှုများမှာ ပို၍ပင် ပြင်းထန်လာ၏။ ပင်လယ်သားရဲကား ဒဏ်ရာပြင်းပြင်းထန်ထန် ရသွားဟန်ရှိပြီး နာကျင်စွာ အော်ဟစ်ဟိန်းဟောက်နေရှာ၏။
သို့သော် နတ်ဆိုးသခင်သားရဲအဆင့်မျှသာဖြစ်သော ၎င်းအနေနှင့် လှေအုပ်စု၏ မီးကုန်ယမ်းကုန်တိုက်ခိုက်မှုကို မည်သို့မှ ခံနိုင်ဖွယ်ရာ မရှိချေ။
သိပ်မကြာမီ လင်ရှောက်၏ အမိန့်သံ ထွက်ပေါ်လာလေသည်။
“ကောင်းကင်ဖမ်းပိုက်ကွန် ကို လွှတ်မယ်"
အမိန့်သံထွက်ပေါ်လာသည်နှင့် အနက်ရောင်ပိုက်ကွန်ကြီးတစ်ခုသည် လေထဲတွင် မျဉ်းကွေးသဏ္ဍာန် ပျံသန်းသွားသည်ကို လူတိုင်း မြင်တွေ့လိုက်ရသည်။ ထူးခြားသည်မှာ အဆိုပါ ပိုက်ကွန်သည် အထက်ပါအတိုင်း လေထဲတွင် ပျံသန်းရင်း ကြီးမားပြန့်ကားလာခြင်းပင်။ စက္ကန့်ပိုင်းအတွင်း ကောင်းကင်ဖမ်းပိုက်ကွန်သည် ဒဏ်ရာရနေသော နတ်ဆိုးသခင်သားရဲကို ရုန်းထွက်မရအောင် ချည်နှောင်လိုက်၏။
ကောင်းကင်ဖမ်းပိုက်ကွန်သည် ပစ်မှတ်များကို ဖမ်းယူရာတွင် အလွန်အသုံးဝင်သော ကိရိယာတမျိုး ဖြစ်သည်။ ၎င်းသည် ပစ်မှတ်၏ ခွန်အားအပေါ်မူတည်ပြီး အင်အားကို အလျော့အတင်း လုပ်နိုင်စွမ်းရှိ၏။ ကုန်ကျစရိတ်ကလည်း နည်းပါးလှပေရာ လှေအုပ်စုအနေနှင့် ကောင်းကင်ဖမ်းပိုက်ကွန်ကို အသုံးပြုရာတွင် များစွာ တွက်ချေကိုက်လှသည်။
အချိန်အနည်းငယ်အတွင်းမှာပင် လင်ရှောက်တို့၏ လှေအုပ်စုသည် နတ်ဆိုးသခင်အဆင့်သားရဲကို အဝေးဆုံးထိပ်ဖြား၏ နောက်တွင် အောင်မြင်စွာ ချိတ်ဆွဲနိုင်ခဲ့ကြ၏။
ရှန်လီသည် လှေ၏ပဲ့ပိုင်းတွင် အတိုင်းသားမတ်တပ်ရပ်လျက်ရှိပြီး ပိုက်ကွန်ထဲတွင် ဖမ်းမိထားသော ပင်လယ်သားရဲကို ကြည့်နေ၏။ သူ့မျက်လုံးအစုံမှာလည်း ထူးဆန်းသောအလင်းရောင်များ ဝင်းလက်တောက်ပလျက်ရှိသည်။
ထို့နောက် သူ တီးတိုးရေရွတ်လိုက်၏။
"တကယ်တော့ မင်းဟာ ပင်လယ်သားရဲတကောင်ပီပီ ပင်လယ်ထဲမှာ လွတ်လွတ်လပ်လပ် သွားနေသင့်တာ ဒါပေမဲ့ ခုကျတော့ မင်း ဒီနေရာမှာ အချုပ်ခံနေရတယ် မင်း ဒါကို တကယ်ကြီး ကျေနပ်နေတာလား"
ပင်လယ်သားရဲကြီးသည် ရှန်လီ၏ စကားကို နားလည်ဟန်ဖြင့် ပူဆွေးနာကျင်စွာ ညီးတွားလိုက်၏။
ရှန်လီက ဆက်ပြောလိုက်ပြန်သည်။
“မင်းမှာသာ ကျောရိုးရှိသေးတယ်ဆိုရင် သေသေကျေကျေ ပြန်တိုက်သင့်တာပေါ့ကွ"
ထိုအချိန်တွင် ပင်လယ်သားရဲကို စောင့်ကြည့်နေသော တခြားစစ်သည်တဦးက ရှန်လီကို လှောင်ပြောင်လိုက်၏။
“ဒီကောင်တွေ မင်းပြောတဲ့စကားကို ဘယ်နားလည်ပါ့မလဲ ရှန်လီ မင်းကတော့ တကယ့်ဟာသကောင်ပဲ သိလား”
ရှန်လီ ရယ်မောလိုက်၏။
“ကျုပ်ကလဲ ဟာသလုပ်နေတာပါ ဒီကောင်ကြီး နားလည်သည်ဖြစ်စေ မလည်သည်ဖြစ်စေ ဘာများအရေးကြီးတယ်မှတ်လို့"
သို့သော် ထိုခနမှာပင် ပင်လယ်သားရဲသည် စိတ်ဓာတ်တက်ကြွလာဟန်ဖြင့် အားမာန်အပြည့်နှင့် စတင်ရုန်းကန်စပြုလာ၏။
ထိုအချင်းအရာကို မြင်သောအခါ အစောင့်စစ်သည် ထိတ်လန့်သွား၏။
“ရှန်လီ မင်းတော်တော် နမိတ်မကောင်းတဲ့ကောင်ပဲ မင်းလုပ်လိုက်လို့ ဒီကောင် တကယ်ကြီး စိတ်လှုပ်ရှားသွားပြီ"
ထိုခနမှာပင် ကျယ်လောင်လှသော ပေါက်ကွဲသံကြီးတသံ ထွက်ပေါ်လာပြီး လှေမှာ သွက်သွက်ခါသွားတော့၏။
“ပင်လယ်သားရဲတွေပဲ ပင်လယ်သားရဲတွေ ရောက်လာပြီဟေ့"
တစုံတဦး၏ အထိတ်တလန့် အော်သံ ထွက်ပေါ်လာသည်။
“ပင်လယ်သားရဲတွေ လာတိုက်နေပြီ”
“ဘာဖြစ်နေတာလဲ ဘာလို့ ဘယ်သူမှ မသိလိုက်တာလဲ"
“ကင်းသမားတွေက ကန်းနေတာလားကွ"
လူတိုင်း ရုန်းရင်းဆန်ခတ်ဖြစ်ကုန်ပြီး ဒေါသတကြီး အော်ဟစ်ဆဲဆိုကြတော့၏။ ထိုအချိန်တွင် ဧရာမ ပင်လယ်သားရဲကြီးတကောင်သည် ရေမျက်နှာပြင်ပေါ် တိုးထွက်လာရာ ၎င်း၏ ကိုယ်နှင့်ပွတ်မ်ိ၍ လှေတစင်းသည်ပင် မှောက်လုမှောက်ခင် ဖြစ်သွားတော့သည်။
၎င်း ထွက်ပေါ်လာသည်နှင့် အားကောင်းလှသော စိတ်ဝိညာဥ်စွမ်းအင်တခုက နေရာအနှံ့ ပျံ့နှံ့သွားလေရာ အနီးနားရှိ လူတိုင်းကို ခိုက်ခိုက်တုန်ကုန်ကြ၏။
“ဒါ နတ်ဆိုးဧကရာဇ်သားရဲပဲဟေ့”
လူတိုင်း စိုးရိမ်တကြီး အော်ဟစ်လိုက်ကြသည်။
“အားလုံး တိုက်ပွဲအတွက် ပြင်ဆင်”
လင်ရှောက် ကျယ်လောင်စွာ အော်ဟစ်အမိန့်ပေးလိုက်၏။
နတ်ဆိုးဧကရာဇ်မျှသာလား။ ဤအဆင့်လောက်ကိုတော့ လှေအုပ်စုက မကြောက်သေးပေ။
သို့သော် အလွန်လျင်မြန်လှသောအရှိန်အဟုန်နှင့် ပင်လယ်သားရဲအများအပြား အရပ်မျက်ရှစ်မျက်နှာမှ စတင်စုဝေးလာကြ၏။ သူတို့ ဖမ်းချုပ်ထားသည့် နတ်ဆိုးသခင်သားရဲပင်လျင် ၎င်း၏ ခန္ဓာကိုယ်မှ စွမ်းအင်များ ပေါက်ကွဲထွက်စပြုလာ၏။ ကောင်းကင်ဖမ်း ပိုက်ကွန်သည်လည်း ပြဲစပြုလာပြီ ဖြစ်သည်။
“ကျုပ်တို့ တကယ်ပဲ ကံမကောင်းဘူးနဲ့ တူတယ် ပင်လယ်သားရဲတွေ ကျုပ်တို့ကို နောက်တစ်ကြိမ် တိုက်ခိုက်ကြပြန်ပြီ”
ရှန်လီက မသိမသာ ပြုံးပြရင်း ပြောလိုက်၏။
“ကြည့်ရတာ မင်း တယောက်တည်းပဲ ကံမကောင်းတာ ဖြစ်လိမ့်မယ်”
အသံတသံ ရုတ်တရက် ထွက်ပေါ်လာသည်။
ရှန်လီ၏ မျက်နှာထား သိသိသာသာပင် ပြောင်းလဲသွား၏။ ထ်ို့နောက် သူ လှည့်ကြည့်လိုက်ရာ သူ့နောက်တွင် လူတယောက် ရှိနေလေသည်။
“ဂိုဏ်းချုပ်ကြီးပါလား"
အစောင့်များအားလုံး ပြိုင်တူ အော်ဟစ်လိုက်ကြ၏။
စုချန်းကား မမျှော်လင့်ပဲ ထွက်ပေါ်လာခဲ့ချေပြီ။
သို့သော် မည်သည့်အတွက် သူ ဤနေရာသို့ ရောက်လာရသနည်း။ သို့မဟုတ် စကတည်းက လှေပေါ်တွင် ရှိနေခြင်းပေလော။
ဖြစ်နိုင်ချေများကို အသည်းအသန် တွက်ချက်နေချိန်မှာပင် ရှန်လီသည် စုချန်းကို အလိုလို ဦးညွှတ်ပြီး ဖြစ်နေ၏။
“ဂိုဏ်းချုပ်ကြီးကို နှုတ်ခွန်းဆက်သပါတယ် ဂိုဏ်းချုပ်ကြီးရောက်လာတာ အချိန်ကိုက်ပါပဲ ဟိုတခါလိုပဲ ကျုပ်တို့ကို ပင်လယ်သားရဲတွေ ဝိုင်းတိုက်ခိုက်နေကြပြန်ပြီ"
“ဆက်ပြီးဟန်ဆောင်နေစရာမလိုတော့ပါဘူးကွာ မင်းရဲ့ နာမည်ရင်းကို ပြောစမ်း”
စုချန်းက ဆေးမှုန့်တချို့ကို ရေထဲသို့ ပစ်ချရင်း ပြောလိုက်၏။ ဆေးမှုန့်များ ရေထဲသို့ ပျော်ဝင်သွားသည်နှင့် သိပ်မကြာမီ အံ့သြသင့်စရာမြင်ကွင်းတခု ပေါ်ပေါက်လာတော့သည်။
ဘာကြောင့်မှန်းမသိပဲ စုဝေးနေသော ပင်လယ်သားရဲများသည် ရုတ်တရက်ဆိုသလိုပင် ဆုတ်ခွာသွားကြ၏။ နတ်ဆိုးဧကရာဇ်သားရဲတကောင်သာ လှေအုပ်စုနှင့် ဆက်လက် တိုက်ခိုက်ရင်း ကျန်နေရစ်လေသည်။ ကြည့်ရသလောက် ဆေးမှုန့်က ၎င်းအပေါ် သက်ရောက်မှုအနည်းငယ်သာ ရှိပုံပေါ်၏။
ရှန်လီကား မျက်ကလဲဆန်ပြာ ဖြစ်လျက်ရှိ၏။
“ဒီ တပည့်ဟာ ဂိုဏ်းချုပ် ဘာပြောနေမှန်း နားမလည်ပါဘူးခင်ဗျာ"
ရှန်လီ ဆက်လက်ဟန်ဆောင်နေသည်ကိုကြည့်ရင်း စုချန်း မေးခွန်းထုတ်လိုက်၏။
“ခုနက မင်း ပင်လယ်ထဲကို ထည့်လိုက်တဲ့ဆေးရည်ဟာ ပင်လယ်သားရဲတွေကို ဆွဲဆောင်နိုင်တဲ့ ဆေးတမျိုးပဲမလား ကျုပ် လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက ဒါကို သုံးဖူးတယ် ကြည့်ရတာ မင်းက ငါ့ရဲ့ဆေးပညာကျွမ်းကျင်မှုကို အထင်သေးနေတဲ့ပုံပဲ ပြီးတော့ မင်း နတ်ဆိုးသခင်သားရဲကို လှုံ့ဆော်လိုက်တဲ့ နည်းလမ်းက ဝိညာဥ်မျိုးစိတ်ဝင်တွေသုံးတဲ့ စိတ်ဝ်ိညာဥ်နည်းစနစ်ပဲမလား ဒီနည်းစနစ်နဲ့ဆိုရင် ကမ္ဘာဦးမတိုင်မီသားရဲတကောင်တောင် မင်းရဲ့ စကားတွေကို နားလည်လိမ့်မယ် ဒါကြောင့်လဲ ဒီ နတ်ဆိုးသခင်သားရဲ ပိုက်ကွန်ကလွတ်ဖို့ အတင်းကာရော ကြိုးစားနေတာပေါ့"
စုချန်း၏ စကားကိုနားထောင်ရင်း ရှန်လီ၏ ထိတ်လန့်ဟန်မျက်နှာသည် အေးစက်စက်အမူအရာသို့ ပြောင်းလဲသွား၏။ ထို့နောက် သူ အားရပါးရ ရယ်မောလိုက်လေသည်။
“စုချန်း မင်းကတော့ တကယ့်ကို အံ့သြစရာပဲ မင်း ကျုပ်တို့ကို ဘယ်လိုလုပ်ပြီး ဒီလောက် စောစောစီးစီး ရှာတွေ့သွားတာလဲ"
ရှန်လီ၏ စကားကြောင့် အဝေးဆုံးထိပ်ဖျားပေါ်ရှိ စစ်သားများသည် ထိတ်လန့်ကုန်ကြ၏။ စိတ်ဆတ်သော စစ်သားတချို့ဆိုလျင် ရှန်လီကို ဆဲဆိုပြီး တိုက်ခိုက်ရန် ဟန်ပြင်လိုက်ကြသည်။
သို့သော် စုချန်းက အချိန်မီပင် တားဆီးထားလိုက်၏။
“အားလုံးရပ်ထားကြစမ်း သူ အခု ကိုယ့်စိတ်နဲ့ကိုယ်ကို မဟုတ်ဘူး ဝိညာဥ်မျိုးစိတ်ဝင်တွေရဲ့ ထိန်းချုပ်မှုအောက်က ရုပ်သေးတရုပ်လို ဖြစ်နေပြီ သူတို့ကို ကျုပ်နဲ့ပဲ ထားခဲ့လိုက်”
စုချန်း၏ ပါးစပ်မှ ဝိညာဥ်မျိုးစိတ်များဟူသော နာမည်ကို ကြားသည်နှင့် လူတိုင်း ထိတ်လန့် သွားကြလေသည်။
ဝိညာဥ်မျိုးစိတ်ဝင်များဟူသည် အားကောင်းသောစိတ်ဝိညာဥ်နည်းစနစ်များကို ပိုင်ဆိုင်ထားပြီး ထူးဆန်းသည့် မျိုးစိတ်ဝင်များ ဖြစ်သည်။ ၎င်းတို့ကို လှေအုပ်စုမှ စစ်သည်များအနေနှင့် မည်သို့မှ မကိုင်တွယ်နိုင်သည်မှာ သေချာနေ၏။
သို့သော် ရှန်လီကတော့ ဝိညာဥ်မျိုးစိတ်ဝင် မဟုတ်ချေ။
သူသည် တချိန်က ဝေလျန်ချန်းကဲ့သို့ ဝိညာဥ်မျိုးစိတ်ဝင်များ၏ ထိန်းချုပ်မှုအောက်ရှိ ရုပ်သေးမျှသာ ဖြစ်သည်။
ရှန်လီ အားရပါးရ ရယ်မောလိုက်၏။
“စုချန်း မင်း ကျုပ် ဘယ်သူမှန်းသိသွားတော့ရော ဘာဖြစ်သလဲ ကျုပ်က မင်း ပြောခဲ့တဲ့အတိုင်း ရုပ်သေးပဲလေ မင်း ကျုပ် သတ်လိုက်ရင်တောင် ဒီပြသနာကို ဖြေရှင်းနိုင်ဖို့ဆိုတာကတော့ အဝေးကြီးပဲ မင်း သခင်ဘယ်မှာရှိသလဲဆိုတာ မရှာနိုင်သရွေ့ မင်း ဒီပြသနာကို မရှင်းနိုင်ဘူး မင်း ကျုပ်ကို သတ်လိုက်လဲ သခင်က နောက်တယောက်ကို ဆက်ပြီးထိန်းချုပ်ထားအုံးမှာပဲ သူက မင်းအတွက် ပြသနာတွေ ဆက်ပြီးရှာပေးနေလိမ့်မယ်"
စုချန်း ရယ်မောလိုက်၏။
“ဟုတ်တယ် မင်းကို သတ်လို့ အကျိုးမရှိဘူး မင်းက သေရမှာကိုမှ မကြောက်ပဲကိုး ဒါ့အပြင် ရှန်လီဟာ ကျုပ်ရဲ့ အဖွဲ့ဝင်တယောက်ပဲ မင်းကို သတ်လိုက်ရင် သူ ထာဝရသေဆုံးသွားလိမ့်မယ် ဒီတော့ မင်းကိုသတ်မဲ့အစား မင်းကို ထိန်းချုပ်နေတဲ့သူကိုပဲ ကျုပ်က သတ်ဖို့ကြိုးစားမှာပေါ့"
စုချန်း၏ စကားကိုနားထောင်ရင်း ရှန်လီ၏ မျက်နှာထားသည် သိသိသာသာ ပြောင်းလဲသွားပြီး နောက်သို့တဟုန်ထ်ိုးခုန်ဆုတ်လိုက်၏။
ထိုအချိန်မှာပင် နတ်ဆိုးသခင်သားရဲသည်လည်း ကောင်းကင်ဖမ်းပိုက်ကွန်မှ လွတ်မြောက်သွားတော့သည်။ ၎င်းသည် ပါးစပ်ကိုဖွင့်ရင်း ကျယ်လောင်စွာ အော်ဟစ်လိုက်၏။ တိုက်တိုက်ဆိုင်ဆိုင်ပင် ရှန်လီ၏ တကိုယ်လုံးက နတ်ဆိုးသခင်သားရဲ၏ ပါးစပ်ထဲ တိုးဝင်သွားတော့သည်။
ရှန်လီကား ကိုယ့်ကိုယ်ကို သတ်သေရန် ကြိုးစားလိုက်ခြင်းပေတကား။
စုချန်း သက်ပြင်းချလိုက်၏။
“ဘာထူးမှာမို့လို့လဲကွာ"
ထို့နောက် သူ ညာဖက်လက်ကို ဆန့်ထုတ်ပြီး လှုပ်ရှားလိုက်ရာ ရှန်လီတယောက် လေထဲမှာပင် တန်းလန်းကြီးဖြစ်နေတော့သည်။ တဖန် စုချန်းက လက်ကိုနောက်ပြန်ဆုတ်လိုက်ရာ ရှန်လီတယောက် နောက်ပြန်လွင့်လာ၏။
သို့တိုင်အောင် ရှန်လီက စိတ်မလျှော့သေးပဲ မူလစွမ်းအင်လှိုင်းများကို ဖောက်ခွဲပြီး သတ်သေရန် ထပ်မံကြိုးစားလိုက်ပြန်၏။ သို့သော် သူကား စုချန်း၏ ထိန်းချုပ်မှုအောက်သို့ ကျရောက်သွားလေပြီ။ မူလစွမ်းအင်များကို သူ မည်သို့မှ ထိန်းချုပ်နိုင်စွမ်းမရှိတော့။
ထို့နောက် စုချန်းက ရှန်လီကို လှေကြမ်းပြင်ပေါ် ပစ်ချပြီး အမိန့်ပေးလိုက်၏။
“သူ့ကို စောင့်ကြည့်ထား မျက်လုံးချင်း မဆုံစေနဲ့ ကိုယ့်ကိုယ်ကို သတ်သေမသွားစေနဲ့"
“ဟုတ်ကဲ့ပါ ဂိုဏ်းချုပ်ကြီး”
စစ်သားများအားလုံး ပြိုင်တူ ပြန်ဖြေလိုက်ကြသည်။
ထိုအချိန်တွင် လှေအုပ်စုနှင့် နတ်ဆိုးဧကရာဇ်သားရဲကား အတော်ပင် ပြင်းထန်နေခဲ့လေပြီ။ သားရဲကြီးသည် ကျယ်လောင်စွာ အော်ဟစ်ဟိန်းဟောက်ပြီး တောင်လောက်မြင့်သော လှိုင်းတံပိုးကြီးများကို ထလာစေ၏။ လှေအုပ်စုအနေနှင့် အရေအတွက်သာသော်လည်း သားရဲကို အပြည့်အဝ ထိန်းချုပ်ရန်မှာကား ခက်ခဲနေဆဲပင်။
စုချန်းသည် ပြင်းပြင်းထန်ထန် တိုက်ခိုက်နေသော နတ်ဆိုးဧကရာဇ်သားရဲကို ကြည့်ရင်း လက်အစုံကို မြှောက်လိုက်၏။ ထိုအခိုက်မှာပင် သူ့လက်ဖဝါးပေါ်တွင် လျှပ်စီးများ တဖျတ်ဖျတ် လင်းလာပြီး မိုးကြိုးဓါးကြီးတလက် တဖြည်းဖြည်း ဖွဲ့စည်းပုံပေါ်လာသည်။
သို့သော် ချက်ချင်းတိုက်ခိုက်မည့်အစား စုချန်းက စွမ်းအင်ကို ဆက်လက်၍သာ စုစည်းနေ၏။ ထိုအခါ မိုးကြိုးဓါးသွားသည် ပို၍ ပို၍ ကြီးမားလာပြီး နောက်ဆုံးတွင် လှံတချောင်း၏သဏ္ဍာန် စတင်ဖြစ်ပေါ်လာတော့သည်။
သို့သော် စုချန်းသည် လှံထဲသို့ လျှပ်စီးစွမ်းအားကို ဆက်လက်ပေါင်းစပ်ရန်သာ ကြိုးစားနေ၏။ မည်သို့ပင်ဆိုစေ လှေအုပ်စုအနေနှင့် နတ်ဆိုးဧကရာဇ်သားရဲ၏ တိုက်ခိုက်မှုကို အချိန်တခုအထိ ခံနိုင်ရည်ရှိမည်ဟု စုချန်း ယုံကြည်ထားသည် မဟုတ်ပါလား။
တဖြည်းဖြည်းနှင့် လျှပ်စီးများ ဆက်လက်စီးဝင်နေသည့်လှံသည် မြွေတကောင်အဖြစ် စတင်ပြောင်းလဲလာပြန်၏။ မြွေ၏ကိုယ်ထည်တလျှောက် စီးဆင်းနေသော ပြင်းထန် ရိုင်းစိုင်းပြီး ထိန်းမနိုင်သိမ်းမရသော လျှပ်စီးစွမ်းအင်ကို ကြိုးစားထိန်းချုပ်ရင်း မိုးကြိုးနှင့် လျှပ်စီးသဘာဝစွမ်းအားနှင့်ပတ်သက်၍ စုချန်း ရရှိခဲ့သော ဉာဏ်အလင်းသည် နောက်ဆုံးတွင် အကျိုးထင်လာတော့သည်။ သို့သော် သူသည် ရိုင်းစိုင်းသော စွမ်းအင်ကို ဆက်လက် ထိန်းချုပ်ရန်သာ ကြိုးစားလျက်နေ၏။
တဖြည်းဖြည်းနှင့် လျှပ်စီးမြွေသည် ပို၍ ပို၍ ရှည်လာပြီး နောက်ဆုံးတွင် နဂါးကြီးတကောင်အဖြစ် ပြောင်းလဲသွားတော့သည်။ အဆိုပါ ဧရာမ လျှပ်စီးနဂါးကား စုချန်း၏ လက်မှ ဖွဲ့စည်းပေါ်ပေါက်လာခြင်း ဖြစ်သည်။ အဝေးဆုံးထိပ်ဖျားပေါ်ရှိ လူတိုင်းသည် ကောင်းကင်တွင် အတိုင်းသားတည်ရှိနေသော နဂါးကြီးကို ရှင်းရှင်းလင်းလင်းပင် မြင်တွေ့နေရ၏။
တဖြည်းဖြည်းနှင့် လျပ်စီးနဂါးကြီး သူလက်ထဲမှ ချော်ထွက်လာသကဲ့သို့ စုချန်း ခံစားလိုက်ရသည်။ ဤနဂါးကို ချက်ချင်း မလွှတ်လိုက်လျင် နောက်ကျသွားတော့မည်မှန်း စုချန်း သဘောပေါက်လိုက်၏။ ထိုအခါ သူက လက်အစုံက်ို ဝေ့ယမ်းပြီး လျပ်စီးနဂါးကြီးကို လွှတ်ပေးလိုက်လေသည်။
"သွားစမ်း"
မပြည့်စုံသေးသော လျှပ်စီးနဂါးသည် နတ်ဆိုးဧကရာဇ်သားရဲကြီးဆီသို့ ကို တည့်တည့်မတ်မတ်ပင် ဦးတည်ပျံသန်းသွား၏။
စက္ကန့်ပိုင်းအတွင်း နတ်ဆိုးဧကရာဇ်သားရဲနှင့် လျပ်စီးနဂါးတို့ ဝင်တိုက်မိကြလေပြီ။
ဝုန်း!!!
ပေါက်ကွဲသံကြီးနှင့်အတူ မကြုံစဖူး တောက်ပသော အလင်းတန်းများ အရပ်ရှစ်မျက်နှာသို့ ပျံနှံ့သွားတော့၏။