← Chapters

သုတေသန (၁)

Vol. 96 Ch. 951

သုတေသန (၁)

Vol. 96 Ch. 951

အလင်းတန်းများသည် စုချန်း၏ တိုက်ခိုက်မှု မည်မျှ အားကောင်းကြောင်း​ကို ဖော်ကျူးနေ၏။ ပင်လယ်ရေမျက်နှာပြင်တခုလုံးသည်ပင် အလင်းရောင်ကြောင့် လင်းထိန်သွားသည်။

စုချန်း၏ ရင်သပ်ရှုမောဖွယ်ရာတိုက်ကွက်ကိုကြ​ည့်ရင်း လှေအုပ်စုပေါ်မှ စစ်သည်တိုင်း မှင်သက်ကုန်ကြ၏။

"ဘယ်လောက်တောင် လှလိုက်တဲ့မြင်ကွင်းလဲကွာ"

စစ်သည်အသီးသီး သူတို့မျက်စိရှေ့မှ မြင်ကွင်းကို ကြည့်ရင်း သက်ပြင်းချကာ ရေရွတ်လိုက်ကြသည်။

အလင်းရောင်များ ပျောက်ကွယ်သွားပြီး လှပသောမြင်ကွင်းအလွန်တွင် နတ်ဆိုး ဧကရာဇ်သားရဲ၏ ကိုယ်ခန္ဓာ၌ ထိတ်လန့်ဖွယ်ရာ အပေါက်ကြီးတပေါက် ဖြစ်ပေါ်နေသည်ကို လူတိုင်း မြင်တွေ့လိုက်ရ၏။ ထိုအပေါက်သည် နတ်ဆိုးဧကရာဇ်သားရဲ၏ ကိုယ်ခန္ဓာကို လုံးဝဥသုံ ဖောက်ထွက်သွားခြင်း ဖြစ်သည်။ ထို့မျှသာမကသေး လျှပ်စီးစွမ်းအင်များကြောင့် အပေါက်ပတ်ပတ်လည်တွင် မီးသင့်ကာ မဲနက်ကုန်ကြ၏။

နတ်ဆိုးဧကရာဇ်မှာ တံကျင်လျှိုကာ အကင်ခံထားရသည့် ဘဲနှင့်ပင် တူနေသေး၏။ ၎င်းတကိုယ်လုံး မီးလောင်ကျွမ်းကုန်ပြီး လှုပ်ရှားနိုင်စွမ်းပင် မရှိရှာတော့။

စစ်သည်များသည် စုချန်းကို မယုံကြည်နိုင်ဟန်ဖြင့် စိုက်ကြည့်နေကြ၏။ တကယ်တော့ မမျှော်လင့်သောဖြစ်ရပ်ကြောင့် စူးချန်ကိုယ်တိုင်လည်း အံ့ဩတုန်လှုပ်နေသည်မှာ အမှန်ပင်။

သူ၏ လျှပ်စီးနှင့် မိုးကြိုးအပေါ် ညဏ်အလင်းပွင့်မှုရေချိန်အရ ဤတိုက်ခိုက်မှုက နတ်ဆိုးဧကရာဇ်သားရဲတကောင်ကို ထိခိုက်ဒဏ်ရာရစေနိုင်ကြောင်း စုချန်း သိထား၏။ သို့သော် ဒဏ်ရာ ဤမျှပြင်းထန်မည်ဟုတော့ သူ ထင်မထားချေ။

သူသည် မမျှော်လင့်ပဲ သဘာဝစွမ်းအားနှင့်ပေါင်းစပ်ထားသည့် တိုက်ခိုက်မှုတမျိုးကို ဖန်တီးနိုင်ခဲ့ချေပြန်ပြီတကား။ ထို့ပြင် တိုက်ခိုက်မှု၏ စွမ်းပကားက သူမျှော်လင့်ထားသည်ထက် များစွာကျော်လွန်နေ၏။

ကံမကောင်းသည်မှာ စွမ်းအင်စုစည်းချိန်ကြာမြင့်မှုကြောင့် ဤတိုက်ကွက်သည် တဦးချင်း တိုက်ပွဲများတွင် အထူးတလည်​တော့ အသုံးဝင်နိုင်ဖွယ်ရာမရှိ။ သို့သော် တိုက်ပွဲကြီးများတွင်တော့ များစွာအသုံးဝင်ပေလိမ့်မည်။

စုချန်း၏ တိုက်ခိုက်မှုကြောင့် နတ်ဆိုးဧကရာဇ်သားရဲသည် အသက်မသေသေးသည့်တိုင် သေလုနီးပါးအခြေအနေသို့ ဆိုက်ရောက်သွား၏။ ထို့နောက်တွင်တော့ အမဲလိုက်လှေအုပ်စုအဖို့ ထိုသားရဲကို ဖမ်းဆီးရန်မှာ များစွာ လွယ်ကူသွားခဲ့လေပြီ။

ရှန်လီကို ဖမ်းချုပ်ပြီး စမ်းသပ်ခန်းအတွင်း ဝင်လာသော စုချန်းကို မြင်သော် လင်ကျွေ့လျူက ပြောလိုက်၏။

"ဒီလို မလောက်လေးမလောက်စား ကောင်မျိုးကို မင်းကိုယ်တိုင် သွားဖမ်း ဖို့လိုသလား"

စုချန်း ရယ်မောလို​က်၏။

"သူ့ကို အထင်မသေးနဲ့ အမှောင်ထဲမှာ ပုန်းအောင်းနေတဲ့ သစ္စာဖောက်တွေကို ဖမ်းမိဖို့ သူကသော့ချက်ပဲဗျ ပထမဆုံး ဖမ်းမိတဲ့သူဆိုတာ အမြဲတမ်းအရေးပါတယ်"

စုချန်း၏ စကားကိုကြားသည်နှင့် ရှန်လီက မချေမငံပင် ပြန်ပြောလို​က်သည်။

"မင်း ကျုပ်ကို ဖမ်းမိသွားတဲ့အတွက် ကျန်တဲ့လူတွေက ပိုပြီး သတိထားကြလိမ့်မယ် ပြောစမ်းပါအုံး ဒီလိုဆိုရင် မင်း သူတို့ကို ဘယ်လိုဖမ်းမလဲ"

စုချန်းက ပြန်ပြောလိုက်လေသည်။

"မင်းတို့အသုံးပြုနေတဲ့ သားရဲညှို့ငင်ဆေးရည်ကိုကြည့်ရင် ဒီရေတပ်အုပ်စုကို မင်းတို့ ဘယ်လို ဒုက္ခပေးနေလဲဆိုတာ မြင်သာနေပြီပဲ ဒါကြောင့် ကျုပ်တို့ပြန်ရောက်တာနဲ့ ဒီဆေးရည် လက်ဝယ်တွေ့ရှိတဲ့ကောင်မှန်သမျှ အဖမ်းခံရလိမ့်မယ်"

ရှန်လီ မျက်နှာပျက်သွား၏။ စုချန်းက ဆက်ပြောလိုက်ပြန်သည်။

"သတိကြီးကြီးထားတဲ့လူတချို့ ရှိနိုင်တယ် တချို့တလေဆိုရင်လဲ လက်ထဲကဆေးကို အကုန်သုံးပစ်ပြီးတာမျိုး ဖြစ်နေနိုင်တယ် ဒါပေမယ့် ကျုပ်တို့ အနည်းအကျဥ်းကိုတော့ ဖမ်းမိမှာသေချာတယ် ကျန်တဲ့လူတွေအတွက်ကတော့......"

စုချန်း ရယ်မောလိုက်ပြန်၏။

"အင်းလေ ကျုပ်တို့ တအားကြီး အလျင်လိုနေစရာမှ မလိုတာပဲ အချိန်တခုကျရင်တော့ မင်းတို့ကောင်တွေအကုန်လုံး ကျုပ်လက်ထဲ ရောက်လာမှာ သေချာတယ်"

ရှန်လီက ပြန်လည်တုံ့ပြန်လိုက်ပြန်၏။

"ဒီတခေါက် အကုန်မဖမ်းမိရင် နောက်တခေါ​က် မင်းတို့ ဒီလိုအခွင့်အရေးရဖို့ဆိုတာ မလွယ်တော့ဘူး"

"ဒါပေမယ့် ဘယ်လိုပဲနေနေ မင်းတို့က ဆက်ပြီး ဒုက္ခပေးနေမှာပဲ မလား"

စုချန်းက ပြန်ချေပလိုက်၏။

"ကျုပ်တို့ အစီအစဉ်အသစ်တွေ ချမှတ်တိုင်း ကျုပ်တို့ကို အနှောင့်အယှက်ပေးဖို့ မင်းတို့က ကြိုးစားနေမှာပဲလေ မင်းတို့ ဒီလိုကြိုးစားနေသရွေ့ ဖမ်းမိမဲ့အခွင့်အရေးဆိုတာ အမြဲတမ်းရှိတယ်"

ရှန်လီက မနေနိုင်မထိုင်နိုင်ဟန်ဖြင့် ပြန်ပြောလိုက်ပြန်သည်။

"ကျုပ်တို့ ဘာမှမလုပ်တော့ပဲ မင်းတို့ကို လွှတ်ပေးထားရင်ရောကွာ"

စုချန်း အားရပါးရပင် ရယ်မောလိုက်တော့၏။

"ဟုတ်လား အဲဒါဆို ပိုကောင်းတာပေါ့ကွာ အလုပ်မရှုပ်တော့ဘူးပေါ့"

ရှန်လီ ဘာပြောရမှန်းမသိပဲ ဖြစ်သွားသော်လည်း လွယ်လွယ်နှင့်တော့ အရှုံးပေးလိုဟန်မတူ။

"ဘာပဲပြောပြော မင်း ကျုပ်သခင်ကို ဘယ်တော့မှ ဖမ်းမိမှာ မဟုတ်ဘူး သူက အရမ်းကို ထူးချွန်ထက်မြက်တဲ့သူကွ"

"ဒါကြောင့်မို့လို့လဲ ကျုပ်က မင်းကို ဖမ်းလာတာပေါ့ကွာ"

စုချန်းက အေးဆေးတည်ငြိမ်သော အမူအရာနှင့် ပြန်ဖြေလိုက်သည်။

"သဘောကတော့ ဒီနေ့ကစပြီး ကျုပ်ရဲ့ သုတေသနလုပ်ငန်းကို နယ်ပယ်သစ်ချဲ့ထွင်နိုင်ပြီလို့ ဆိုလိုလိုက်တာပဲ"

"ဘာ"

ဤတကြိမ်တွင်တော့ ရှန်လီသာမကပဲ လင်းကျွေ့လျူပါ စိတ်ဝင်စားသွား၏။

"စိတ်ဝိညာဥ်ဆိုင်ရာနယ်ပယ်ကို ကျုပ်ပြောနေတာ"

စုချန်း​က အေးအေးဆေးဆေးပင် ရှင်းပြလိုက်သည်။

"ဝိညာ်မျိုးစိတ်ဝင်တဦးရဲ့ ထိန်းချုပ်မှုအောက်က လွတ်အောင်ဘယ်လိုလုပ်ရမလဲ ပြီးတော့ နောက်ကွယ်က ကြိုးကိုင်သူရဲ့ ခြေရာကို ဘယ်လို ရှာမလဲ စသဖြင့်ပေါ့"

လင်းကျွေ့လျူ မျက်မှောင်ကုတ်လိုက်၏။

"ဒါ လွယ်မှာ မဟုတ်ဘူး မင်းမှာ နက်ရှိုင်းပင်လယ်ဝမ်းနည်းမှု ၊ သွေးဗီဇမဲ့ နည်းစနစ်တွေ၊ ပြီးတော့သွေးဗီဇပေါင်းစပ်ခြင်းဆိုင်ရာ သုတေသန၊ ဟော အခုလာပြန်ပြီ စိတ်ဝိညာဥ်ဆိုင်ရာသုတေသနတဲ့ မင်းမှာ ဘယ်အချိန်လောက်တော့မလဲ"

စုချန်း ပြုံးလိုက်၏။

"ဒါကတော့ ကျုပ်ရဲ့ သုတေသန စွမ်းရည်ကို ခင်ဗျား အထင်သေးလိုက်တာပဲဗျ"

မူလအရိုးတောင်ဝှေးကို ပိုင်ဆိုင်ထားခြင်းသည် ပေါများလှသောအချိန်များကို ပိုင်ဆိုင်ထားခြင်းနှင့် တူညီ၏။ ဤအတွက်ကြောင့်လည်း သူက မတူညီသော သုတေသနများစွာကို လုပ်ဆောင်ရန် ရဲရဲရင့်ရင့် စကားဆိုရခြင်း၏ အကြောင်းရင်းပင် ဖြစ်သည်။

စုချန်းသည် သုတေသနပြုရာတွင် အောက်ပါလုပ်ငန်းစဥ်များအတိုင်း ဆောင်ရွက်လေ့ရှိ၏။

ပထမဦးစွာ သူသည် ကိစ္စတခု၊ အခြေအနေတခု ၊ ဖြစ်ရပ်တခု မည်သည့်နိယာမများဖြင့် အလုပ်လုပ်နေသည်ကို ဦးစွာ ခွဲခြမ်းစိတ်ဖြာလေ့ရှိသည်။ ဤကဏ္ဍတွင် မူလအရိုးတောင်ဝှေးက သူ့ကို ကူညီနိုင်စွမ်းမရှိချေ။ ထို့ကြောင့် ဤအပိုင်းတွင် သူ့အနေနှင့် ကိုယ်တိုင်စူးစမ်းလေ့လာကာ ခိုင်မာသော အခြေခံအုတ်မြစ်တခုကို ဦးစွာ တည်ဆောက်ရလေ့ရှိသည်။

နိယာမများကို နားလည်သဘောပေါက်ပြီး နောက်တဆင့်မှာ မတူညီသော စမ်းသပ်မှုများကို စမ်းသပ်ရသည့် အဆင့်ဖြစ်သည်။ ဤအဆင့်တွင်တော့

မူလအရိုးတောင်ဝှေးက များစွာ အသုံးဝင်လာတော့၏။ အကြောင်းမှာ မူလအရိုးတောင်ဝှေးသည် စုချန်အား မှားယွင်းသော စမ်းသပ်မှုတချို့ကို ရှောင်ရှားရန်နှင့် အတိကျဆုံးတခုကို ရွေးချယ်ရန် ကူညီပေးနိုင်သည် မဟုတ်ပါလား။ ဤအချက်သည် သူ့ကို များစွာ အချိန်ကုန်သက်သာသွားစေ၏။

မှန်ကန်သည့်လမ်းကြောင်းတခုကို ရှာဖွေတွေ့ရှိသွားသည်နှင့် စုချန်းသည် သူလျှောက်ခဲ့သည့်လမ်းကြောင်းကို ပြန်လည်သုံးသပ်၏။ ထို့နောက် စမ်းသပ်မှုများကို ပြန်လည်စတင်လေ့ရှိသည်။

ဤသည်ကား စုချန်း၏ သုတေသန လုပ်ဆောင်ပုံပေတည်း။ ဤနည်းအားဖြင့် စုချန်းသည် သူ့ရှာဖွေတွေ့ရှိမှုတိုင်းကို လက်တွေ့အကောင်အထည်ဖော်ရာတွင် များစွာ မြန်ဆန်လာတော့၏။

များသောအားဖြင့် သိပ္ပံနည်းကျ အမှန်တရားတစ်ခုကို ရှာဖွေတွေ့ရှိရန် ဆယ်စုနှစ်များစွာ ကြာတတ်၏။ သို့သော် ထိုအမှန်တရားကို တွေ့ရှိပြီးနောက်တွင် ကျောင်းသားတဦးအဖို့ ၎င်းကို ရက်အနည်းငယ်အတွင်း သင်ယူတတ်မြော​က်သွားနိုင်သည်။

ထို့ကြောင့် မူလအရိုးတောင်ဝှေးကို ပိုင်ဆိုင်ထားခြင်းကြောင့် သုတေသနလုပ်ငန်းတွင် စုချန်းအဖို့ ကျောင်းသားတဦး၏ အခန်းကဏ္ဍကိုသာ လုပ်ဆောင်ရန်လိုတော့သည်။ သူမဟုတ်ပဲ တခြားသူတဦးသာ လုပ်ဆောင်ပါက ဆယ်စုနှစ်များစွာ ကြာမြင့်နိုင်သည့် သုတေသနလုပ်ငန်းသည် သူ့အတွက် အစီအစဉ်ဆွဲခြင်းကို တစ်လခွဲခန့်၊ ခန့်မှန်းစမ်းသပ်ချက်များကို တစ်မိနစ်ခန့်နှင့် တွေ့ရှိချက်များအား ပြန်လည်သုံးသပ်ခြင်းကို တစ်လခန့်နှင့်ပင် လုပ်ဆောင်နိုင်လာ၏။ ထို့ကြောင့် တကယ်တမ်းတွင် စုချန်းအတွက် အချိန်က ပိုပင်ပ်ိုနေသေးသည်။

သို့သော် လင်းကျွေ့လျု၏ရှေ့တွင် မူလအရိုးတောင်ဝှေးကို တကြိမ်မျှ မသုံးဖူးလေရာ စုချန်း၏ တကယ့်အနေအထားကို လင်ကျွေ့လျု မသိသည်မှာ သိပ်တော့မဆန်း။

ထိုအခါ လင်ကျွေ့လျူက နှာခေါင်းတချက်ရှုံ့ရင်း ပြောလိုက်၏။

"ဘယ်လိုပဲနေ​နေ ကျုပ်ကတော့ မင်းကို အလျော့ပေးလိမ့်မယ် မထင်လိုက်နဲ့ ခုဆိုရင် ကျုပ်ရဲ့သွေးဗီဇပေါင်းစပ်ဆေးလုံးတွေကို ဖော်စပ်ပြီးသွားပြီ မင်း ကျုပ်ကို ကတိပေးထားတဲ့ စမ်းသပ်ခံတွေ ဘယ်မှာလဲ"

"ခင်ဗျား ဖော်ထားတဲ့ ဆေးလုံးတွေရဲ့ အာနိသင်ကို သေသေချာချာ မသိရသေးဘူး ဒါကြောင့် နောက်ထပ်စမ်းသပ်မှုတချို့ ထပ်လုပ်ဖို့ လိုအပ်အုံးမယ်ထင်တာပဲ"

စုချန်းက ပြန်ဖြေလိုက်သည်။

"ဒါကြောင့်မို့လို့လဲ ကျုပ်အတွက် အစမ်းသပ်ခံတွေ လိုအပ်တာပေါ့ကွ"

"ဘယ်လိုပဲနေနေ ကျုပ်ကတော့ ခင်ဗျားကို လူသား စမ်းသပ်ခံတွေကို ချက်ချင်း မပေးနိုင်ဘူး"

"ဒါဆိုလဲကွာ မင်းတို့ဂိုဏ်းရဲ့ထာဝရရှင်သန်ခြင်းနည်းစနစ်ကို ကျင့်ဖူးတဲ့ ဝက်ဖြစ်ဖြစ် ကြက်ဖြစ်ဖြစ် တကောင်လောက် ရှာပေးစမ်းပါ"

လင်ကျွေ့လျူက မကျေမနပ်နှင့် ပြန်ပြောလိုက်လေသည်။

သူတို့နှစ်ဦးမှာ အထက်ပါအတိုင်း မကြာခဏပင် အငြင်းပွားလေ့ရှိကြ၏။

လင်းကျွေ့လျူသည် သူဖန်တီးထားသည့် ပေါင်းစပ်သွေးဗီဇများကို စုချန်း၏ တပည့်တဦးဦး ဆက်ခံနိုင်စေရန် အမြဲတမ်း မျှော်လင့်နေခဲ့၏။ သို့သော် စုချန်းကတော့ ဤအဆင့်ကို သူတို့ လက်လှမ်းမမီသေးဟု ခံစားရ၍ ဤသွေးဗီဇပေါင်းစပ်ဆေးလုံးများ၏ အာနိသင်များကို လျော့ချရန် သို့မဟုတ် ၎င်းတို့၏ စွမ်းအား တစ်စိတ်တစ်ပိုင်းကို ခေတ္တတိမ်မြုပ်နေစေအောင် ကြိုးစားရန်သာ အမြဲတမ်း အကြံပြုခဲ့၏။

မည်သို့ဆိုစေ သူတို့နှစ်ယောက် ဤပြဿနာကို ဖြေရှင်းနိုင်ရန် အချိန်အတန်ကြာ အတူတကွ ကြိုးစားခဲ့ကြ၏။ ယခုတော့ သူတို့နှစ်ယောက်၏ ကြိုးပမ်းမှု အောင်မြင်သွားခဲ့လေပြီ။

ထို့ကြောင့် ထိုဆေးလုံးကို ချက်ချင်း စမ်းသပ်ရန် လင်ကျွေ့လျူက အရေးဆိုနေခြင်း ဖြစ်သည်။ သို့သော် စုချန်းကတော့ ချက်ချင်း ပိတ်ပင်လိုက်၏။

ထို့နောက် စုချန်းက ပြောလိုက်ပြန်သည်။

"ဆေးကို သောက်စရာမလိုပဲ ဆုံးဖြတ်နိုင်တဲ့နည်းလမ်းတွေ အများကြီးပါဗျာ ကျုပ်မှာ တခြားနည်းလမ်းတွေ ရှိပါတယ်"

လင်ကျွေ့လျူက စုချန်းကို ရှုတည်တည်ကြည့်ရင်း မေးလိုက်ပြန်၏။

"မင်းကိုယ်တိုင်လဲ လူသားတွေကို အစမ်းသပ်ခံအဖြစ် သုံးတတ်ပါတယ် ခုကျမှ ဘာဖြစ်လို့ ဒီလောက်ကြီး စိတ်ကောင်းဝင်သွားရတာတုန်း"

စုချန်းက ဆေးလုံးကို ပရမတ်အမြင်အာရုံနှင့် လေ့လာရင်း ရှင်းပြလိုက်၏။

"ကျုပ် သုံးခဲ့တဲ့အစမ်းသပ်ခံတွေဆိုတာ ကျုပ်ရဲ့ရန်သူတွေ ပြီးတော့ သူတို့ထဲက အများစုကလဲ သေသင့်သေထိုက်တဲ့ လူတွေချည်းပဲ ဒါပေမဲ့ ခုနောက်ပိုင်းမှာ ဒီလုပ်ရပ်က ကောင်းကင်ဘုံရဲ့ ဆန္ဒကို ချိုးဖောက်မိနိုင်တယ်လို့ ကျုပ် ခံစားမိလာတယ် လူဆိုတာ အမြဲတမ်း ကြီးပြင်းရင့်ကျက်လာတတ်တဲ့ သဘောသဘာဝရှိတယ် ကျုပ် ငယ်စဉ်တုန်းက ပန်းတိုင်ကို ရောက်ဖို့ ဘယ်လိုနည်းလမ်းမျိုးကိုမဆို သုံးခဲ့တယ် ဒါပေမယ့် အခု ကျုပ်လဲအသက်ရလာပြီဆိုတော့ ပိုပြီးရင့်ကျက်လာတဲ့သဘောပါပဲဗျာ"

စုချန်း၏စကားကြောင့် လင်ကျွေ့လျူ ခေါင်းကုတ်လိုက်၏။ အတန်ကြာသော် သူက နှာခေါင်းရှုံ့ပြီး မေးလိုက်ပြန်သည်။

"မင်း အဲဒီဆေးလုံးကို ကြည့်နေတာကြာပြီ ဘာတွေ့သလဲ"

"ဒီဆေးရဲ့အပူကဲတဲ့ သဘာဝက ရှိနေတုန်းပဲ ပြီးတော့ ဆေးအာန်ိသင်ကလဲ များနေတုန်းပဲ စွမ်းအင်တွေ လွန်ကဲနေတုန်းပဲ ဒါ ဆေးဖော်စပ်နည်းရဲ့ ပြဿနာ မဟုတ်ဘူး ဖော်စပ်ခြင်းလုပ်ငန်းစဥ်ရဲ့ ပြဿနာပဲဗျ ပရမ်းပတာ ဘုရင် ခင်ဗျားရဲ့ လုပ်ငန်းကျွမ်းကျင်မှုက လိုအပ်ချက်ရှိနေတုန်းပဲ ခင်ဗျားကို ကျုပ်ပြောပါတယ် ကျုပ်တို့ဆေးဝါးခန်းမက တပည့်တချို့ကို ဖော်စပ်ခိုင်းပါလို့ ဒါကို ခင်ဗျားမှ နားမထောင်ပဲကိုး"

ထို့နောက် စုချန်းက ဆေးပုလင်းကို လင်းကျွေ့လျူထံ ပြန်ပစ်ပေးရင်း ပြောလိုက်သည်။

"အဆင်မပြေသေးဘူး ပြန်လုပ်လိုက်ပါအုံး"

လင်းကျွေ့လျူက ဆေးလုံးများကို ပြူးပြဲကြ​ည့်ရင်း မယုံနိုင်ဟန်ဖြင့် မေးလိုက်သည်။

"မင်းက ဒီအတိုင်း ကြည့်ရုံနဲ့ ပြဿနာကို ရှာတွေ့တယ်ပေါ့ ဟုတ်လား"

"ခင်ဗျား ကျုပ်ကို မယုံရင် အဲဒီဆေးကို ခွေးလေခွေးလွင့် ဒါမှမဟုတ် ကြောင်တကောင်ကို ကျွေးကြည့်လေဗျာ ကဲ ခင်ဗျားလုပ်စရာရှိတာသာ လုပ်စမ်းပါ ဒီကြားထဲ ကျုပ် တခြားကိစ္စတခုကို လုပ်လိုက်အုံးမယ်"

စုချန်းက အထက်ပါအတိုင်း ပြောရင်း နောက်သို့လှည့်လိုက်သည်။

"ဟေ မင်းက ဒီကြားထဲ ဘာလုပ်မလို့လဲ"

လင်ကျွေ့လျူက လှမ်းမေးလိုက်သေး၏။

သို့သော် ထိုအချိန်တွင် စုချန်းက ရှန်လီ၏ ရှေ့မှောက်သို့ ရောက်နေလေပြီ။ သူက သေစေနိုင်သောစုန်းမကို နှိုးဆွရင်း အောက်ပါအတိုင်း ပြောလိုက်၏။

"ငါ့မျက်လုံးကို ကြည့်စမ်း"

လင်းကျွေ့လျူ အံ့အားသင့်သွား၏။ ပြီးမှ စုချန်းတယောက် စိတ်ဝိညာဥ်ဆိုင်ရာ သုတေသနကို စတင်လိုက်ပြီမှန်း သူ သဘောပေါက်သွားလေသည်။

All Chapters