သုတေသနပြုခြင်း
Vol. 96 Ch. 952
စိတ်ဝိညာဥ်ဆိုင်ရာ သုတေသနများဟူသည် အခြားသုတေသနများနှင့် အတော်လေး ကွဲပြားခြားနား၏။ အကြောင်းမှာ ၎င်းသည် ရုပ်ပိုင်းဆိုင်ရာမဟုတ်၍ သုတေသနပြုနိုင်သည့် နည်းလမ်းများမှာလည်း လက်နှင့်မကိုင်တွယ် မထိတွေ့နိုင်သည့် နည်းလမ်းများဖြင့်သာ ဖြစ်နေသောကြောင့်ပင်။
ထိုသို့သော စိတ်ပိုင်းဆိုင်ရာသဘောသဘာဝကြောင့် စုချန်းအနေနှင့် ပရမတ်မျက်လုံးကို အသုံးပြုရန် မဖြစ်နိုင်တော့လေရာ အဖြေကို ကိုယ့်အားကိုယ်ကိုး ရှာဖွေရန်မှတပါး အခြားမရှိတော့ချေ။
သေစေနိုင်သောစုန်းမကို ထုတ်သုံးလိုက်သည်နှင့် ရှန်လီသည် ထူးဆန်းသော အိပ်မက်နယ်ပယ်ထဲသို့ ကျရောက်သွား၏။ စုချန်းကိုယ်တိုင်လည်း ထိုအိပ်မက်နယ်ပယ်ထဲသို့ သူ့နောက်မှ လိုက်ပါသွားလေသည်။ သို့သော် ကာယကံရှင်အနေနှင့်တော့ မဟုတ်။ ဘေးလူတယောက်အနေနှင့်သာ ဖြစ်သည်။
စုချန်းအနေနှင့် ရှန်လီ၏ အသိပညာပင်လယ်ပြင်ထဲသို့ ဝင်ရောက်ခြင်း မရှိ။ ထိုအစား သူက အိပ်မက်နယ်ပယ်ထဲသို့သာ ဝင်ရောက်လိုက်ပါခဲ့၏။
အကြောင်းမှာ အသိပညာပင်လယ်ပြင်ဟူသည် အတားအဆီးများနောက်ကွယ်မှ အရေးပါသည့်နေရာတခုဖြစ်ပြီး အိပ်မက်နယ်ပယ်ကတော့ အပြင်ဘက်အလွှာတခုသာ ဖြစ်နေသောကြောင့်ပင်။
ရှန်လီ၏ ရုပ်သေးရုပ်သဘောသဘာဝအရ ပြင်ပမှ မည်သူ့ကိုမဆို ပယ်ချနေမည်ဖြစ်ရာ စုချန်း လုပ်နိုင်သည်မှာ အိပ်မက်နယ်ပယ်ထဲသို့ ဦးစွာဝင်ရောက်ရန်သာ ဖြစ်သည်။
ရှန်လီ၏ အိပ်မက်နယ်ပယ်မှာ ပူဖောင်းများဖြင့် ဖွဲ့စည်းထားသော ကွဲပြားသည့်လောကတခုနှင့်တူနေ၏။ အဆိုပါပူဖောင်းများသည် နေရာတိုင်းတွင်ရှိပြီး တခုစီတိုင်းတွင် ရောင်စုံလောက တစ်ခုစီ ပါဝင်ကာ မတူညီသော အချိန်၊ နေရာနှင့် အခြေအနေတို့ကို ဖော်ပြနေသည်။
လူအများစု၏ အိပ်မက်နယ်ပယ်များသည် ဤသို့ပုံစံများနှင့်သာ ရှိနေကြကြောင်း စုချန်း သိထား၏။ အချိန်တိုင်းလိုလိုတွင် ထူးဆန်းသော မှတ်ဉာဏ်အသစ်များ ဖြစ်ပေါ်နေပြီး ဤမှတ်ဉာဏ်များသည် ဤသို့သောပူဖောင်းပုံစံများဖြင့် တည်ရှိနေကာ မည်သည့်အချိန်တွင်မဆို ပေါက်ကွဲသွားနိုင်သော သဘာဝတွင် ရှ်ိသည်။ မှတ်ဉာဏ်ပိုင်ရှင်သည် သတိမမူပဲ အဆိုပါပူဖောင်းလောကသို့ ခရီးသွားကာ ၎င်းတို့ကို ပေါင်းစပ်ပြီး ထူးဆန်းသော အိပ်မက်နယ်ပယ်များကို ဖန်တီးတတ်ကြ၏။
ထိုမျှသာမကသေးပဲ ဤအိပ်မက်များသည် ရှန်လီ၏ အသိပညာပင်လယ်ပြင်ကို စောင့်ကြပ်ရန်အတွက် ဝင်္ကပါအဖြစ်လည်း ဆောင်ရွက်တတ်သေးသည်။ စုချန်းအနေနှင့် ဤဝင်္ကပါထဲမှ လမ်းကြောင်းရှာမထွက်နိုင်လျင် အသိပညာပင်လယ်ပြင်သို့ ဝင်နိုင်ဖွယ်ရာ အကြောင်းမရှိချေ။
သို့သော် ရုတ်တရက်ဆိုသလိုပင် ပူဖောင်းတခုသည် နတ်ဆိုးဆန်ဆန် ပုံရိပ်တခုအဖြစ် ပြောင်းလဲသွားပြီး စုချန်းကို အငမ်းမရ ကိုက်ချလိုက်၏။ အနှီနတ်ဆိုးပုံရိပ် ပါးစပ်ဟလိုက်သည်နှင့် သွေးရောင်ရေပြင်ကြီးတခု စုချန်းဆီသို့ တဟုန်ထိုး ပြေးဝင်လာတော့သည်။
၎င်းကို မြင်သည်နှင့် စုချန်း၏ မျက်နှာတွင် အေးစက်စက်အပြုံးတခု ပေါ်ပေါက်လာ၏။
"ဝိညာဥ်မျိုးစိတ်ဝင်ပေါ့ ဟုတ်လား"
သွေးရေပြင်ကြီး သူ့ကို ဝါးမြိုတော့မည့်ဆဲဆဲမှာပင် စုချန်း၏ ခန္ဓာကိုယ်မှ တောက်ပသောအလင်းရောင်တခု ရုတ်တရက် ထွက်ပေါ်လာတော့သည်။ ၎င်းမှာ နေလာ၍ အမှောင်ထုပျောက်ကွယ်သွားသည့် သဘောသဘာဝနှင့် ဆင်တူ၏။
နတ်ဆိုးပုံရိပ် ဒေါသတကြီးနှင့် အော်ဟစ်လိုက်ပြီး သွေးရေပြင်သည်လည်း ပွက်ပွက်ဆူလာပြန်သည်။
"လူယုတ်မာ"
ဝိညာဥ်မျိုးစိတ်ဝင်၏ စိတ်သဏ္ဍာန်မှ အထက်ပါအတိုင်း ဟိန်းဟောက်လိုက်ပြီး ၎င်း၏ ခန္ဓာကိုယ်ကို ပြန်လည်ဖွဲ့စည်းရန် ကြိုးစားလိုက်၏။ ဤတစ်ကြိမ်တွင်တော့ ၎င်းက ပေတစ်သိန်းမျှမြင့်သော သတ္တဝါဆိုးကြီးတကောင်၏ ပုံသဏ္ဌာန်ကို ယူလိုက်လေသည်။ အဆိုပါ သတ္တဝါဆိုးကြီးသည် ၎င်း၏လက်ကို လေထဲတွင် ဝှေ့ယမ်းလိုက်ရာ ရှန်လီ၏ မှတ်ဉာဏ်ပူဖောင်းများစွာ ပျက်စီးကုန်၏။ သို့သော် တစ်ချိန်တည်းမှာပင်ပူဖောင်းကြီးတခုက သတ္တဝါဆိုးကြီးနှင့် စုချန်းတို့ကို ဝန်းရံလိုက်ပြန်သည်။
တနည်းအားဖြင့် သူတို့သည် ရှန်လီ၏ အိပ်မက်ဝင်္ကပါထဲသို့ အပြည့်အဝ ဝင်ရောက်သွားပြီး သူ့အိပ်မက်၏ အဓိကဇာတ်ဆောင်များ ဖြစ်လာခဲ့ကြလေပြီ။
"သေလိုက် ဒါ ငါ့နယ်မြေကွ"
ဝိညာဥ်မျိုးစိတ်ဝင်၏ စိတ်ဝိညာဥ်သဏ္ဍာန်ပုံရိပ်ယောင်က ဟိန်းဟောက်လိုက်သည်။ ထို့နောက် မကောင်းဆိုးဝါးဆန်လှသည့် အေးစက်စက် အရှိန်အဝါတခုက စုချန်းကို ဝန်းရံလာပြီး ကိုယ်ထဲသို့ နက်နက်ရှိုင်းရှိုင်း ထိုးဖောက်ဝင်ရောက်လာတော့သည်။
"ငါတော့ အဲလို မထင်ဘူး"
စုချန်းက ပြန်ပြောလိုက်သည်။
စုချန်းသည် လက်ရှိတွင် နတ်ဘုရားနန်းတော်ကို ဖွင့်ထားပြီဖြစ်ရာ စိတ်ဝိညာဥ်အမျိုးအစား မူလစွမ်းရည်များကို အလိုရှိသလို အသုံးပြုနိုင်စွမ်းရှိပြီး အာကင်နာပညာရှင့်အဆင့်ကလည်း ဒသမလက်စွပ်အဆင့်သို့တိုင် ရောက်ရှိနေခဲ့ပြီး ဖြစ်သည်။
တနည်းအားဖြင့် စုချန်း၏ စိတ်ဝိညာဥ်စွမ်းအင်သည် သူနှင့် ခေတ်ပြိုင်များထက် အဆပေါင်းများစွာ ပိုမို အစွမ်းထက်နေခဲ့လေပြီ။ ထို့ကြောင့် သူ့အနေနှင့် ဝိညာဥ်မျိုးစိတ်ဝင်ကို ပြန်လည်တိုက်ခိုက်ရန် အနည်းငယ်မျှ ကြောက်ရွံ့ခြင်းမရှိချေ။
ထို့နောက်တွင်တော့ အင်အားကြီးမားပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိသော စိတ်ဝိညာဥ်သဏ္ဍာန်တခု ရှန်လီ၏ အိပ်မက်နယ်ပယ်တွင် ပေါ်ထွက်လာပြီး ဝိညာဥ်မျိုးစိတ်ဝင်ထံမှ ထုတ်လွှတ်နေသည့် မကောင်းဆိုးဝါးဆန်သော ရှေးဟောင်းအရှိန်အဝါကို တန်ပြန်တိုက်ခိုက်တော့၏။ စိတ်ဝိညာဥ်သဏ္ဍာန်နှစ်ခု အိပ်မက်နယ်ပယ်တွင် ပြင်းထန်စွာ ထိတွေ့မိကြပြီး မယုံနိုင်စရာ စွမ်းအင်ထုထည်ကြီး ပြန့်ကားထွက်လာလေသည်။ ကျေးဇူးတင်စရာကောင်းသည်မှာ ဤပေါက်ကွဲမှုသည် စိတ်ဝိညာဥ်အဆင့်တွင်သာ ဖြစ်နေသောကြောင့်ပင်။ သို့တိုင်အောင် ရှန်လီ၏ မှတ်ညဏ်ပူဖောင်းအများအပြား ပေါက်ကွဲထွက်ကုန်၏။
သို့သော် အဆိုပါပူဖောင်းများသည် ရှန်လီ၏ နှလုံးသားမှ ဖြစ်တည်လာခြင်းဖြစ်လေရာ ပူဖောင်းအသစ်များသည် အဟောင်းများကို လျင်မြန်စွာ အစားထိုးလျက် ရှိကြ၏။ ထို့ကြောင့် ရှန်လီ၏ နှလုံးသား မပျက်စီးသရွေ့ သူ ဒဏ်ရာရလိမ့်မည်မဟုတ်ချေ။
နောက်ထပ် ဝိညာဥ်မျိုးစိတ်ဝင် စိတ်ဝိညာဥ်သဏ္ဍာန်၏ တိုက်ခိုက်မှုမှာ ပူဖောင်းများကို ပေါင်းစပ်လိုက်ပြီး ထူထဲသော နံရံများရှိနေသည့် ဝင်္ကပါများ ပေါ်ပေါက်လိုက်စေခြင်းပင်။ ထိုအခါ စုချန်းတယောက် ချက်ချင်းဆိုသလို လမ်းပိတ်သွားတော့၏။
"ဟားဟားဟားဟား မင်းအနေနဲ့ ငါ့ရဲ့ သက်တံ့ ဝင်္ကပါ စည်းတံဆိပ်ကို မဖြိုဖျက်နိုင်ရင် ငါတို့ရဲ့ လျှို့ဝှက်ချက်ကို ဘယ်တော့မှ ရှာတွေ့တော့မှ မဟုတ်ဘူး"
အဆိုပါ စိတ်ဝိညာဥ်သဏ္ဍာန်က ရယ်မောရင်း ပြောလိုက်သည်။
"စိတ်ဝင်စားစရာပဲ ဒါပေမဲ့ ဒီလောက်ကတော့ အသေးအဖွဲပါပဲကွာ"
စုချန်းက ပြန်ဖြေလိုက်သည်။
"ငါ မဖျက်ဆီးနိုင်ရင် မဖျက်ဆီးနိုင်ဘူးလို့ မှတ်လိုက်ပေါ့ ဘာလိုပဲဖြစ်ဖြစ် ဒါကို လေ့လာမယ် စူးစမ်းမယ် နောက်ဆုံး ငါ နားလည်သွားတဲ့အခါ ဒါကြီးကို ငါ ဖျက်ဆီးသွားနိုင်လိမ့်မယ်"
တကယ်လည်း စုချန်း မစိုးရိမ်ပါ။ သူသည် သက်တံ့ဝင်္ကပါစည်းတံဆိပ် ၏ နံရံများရှေ့တွင် ပျံဝဲနေပြီး လေ့လာသုံးသပ်နေ၏။ တကယ်တော့ ဤနံရံများသည် ဝိညာဥ်မျိုးစိတ်ဝင်စိတ်ဝိညာဥ်သဏ္ဍာန်၏ ထိန်းချုပ်မှုအောက်သို့ ရောက်ရှိလာသော အိပ်မက်အပိုင်းအစများစွာဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။
သို့သော် စုချန်း၏ အမြင်တွင်တော့ ဤနံရံများသည် အမှန်တကယ် အတားအဆီး မဟုတ်။ ၎င်းသည် ခွဲခြမ်းစိတ်ဖြာရန် ထိုက်တန်သည့် သုတေသနပစ်မှတ်တခုသာ ဖြစ်သည်။
" မင်း... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ" ဟု
ဝိညဥ်မျိုးစိတ်ဝင်၏ စိတ်ဝိညာဥ်သဏ္ဍာန်သည် စုချန်း၏ တုံ့ပြန်ပုံကြောင့် လုံးဝအငိုက်မိသွား၏။
သိုသော် ဤသည်မှာ စုချန်း၏သဘာဝပင် ဖြစ်သည်။
တနည်းအားဖြင့် သုတေသနပြုသူတိုင်းတွင် ရှိသင့်သည့် အခြေခံအရည်အသွေးဟုလည်း ဆိုနိုင်သည်။
စုချန်းသည် ဝင်္ကပါထဲတွင် ငြိမ်သက်စွာ ရပ်ရင်း အိပ်မက်အပိုင်းအစများ၏ ဖွဲ့စည်းပုံကို စစ်ဆေးနေ၏။
သို့သော် သူက ဝင်္ကပါ၏ အပြင်အဆင် ကိုတော့ လှည့်၍ပင်မကြည့်ချေ။ အကြောင်းမှာ သူ့ရည်မှန်းချက်ကိုက ဝိညာဥ်မျိုးစိတ်ဝင် ရှန်လီကို မည်သို့ ထိန်းချုပ်နေသည်ကို သိရှိနိုင်ရန်အလို့ငှာ ဤအိပ်မက်နယ်ပယ်နှင့် ဝိညာဥ်မျိုးစိတ်ဝင်၏စိတ်ဝိညာဥ်သဏ္ဍာန်တို့အကြား ဆက်စပ်မှုကို ရှာဖွေရန်ပင် မဟုတ်ပါလား။
စုချန်းသည် လုပ်ဆောင်ချက်တခု၏ နောက်ကွယ်ရှိ အခြေခံမူများကို နားလည်ရန်ကြိုးစားရခြင်းကို အမြဲ နှစ်သက်တတ်သူ ဖြစ်သည်။ အခြေခံမူများကို နားလည်သွားသည်နှင့် ထိုနည်းပညာကို ပျက်ပြယ်စေရန်မှာ များစွာလွယ်ကူသွားပေလိမ့်မည်။ ထို့ကြောင့် စုချန်းအနေနှင့် ဝင်္ကပါထဲမှ ထွက်ရမည့်လမ်းကို အလောသုံးဆယ်ရှာဖွေနေရန် မလိုအပ်ချေ။
ထိုအချက်ကို သဘောပေါက်သွားသည့် ဝိညာဥ်မျိုးစိတ်ဝင်၏စိတ်ဝိညာဥ်သဏ္ဍာန်က ဒေါသတကြီးနှင့် ပြောလိုက်၏။
"မင်း ရှန်လီကို မကယ်တော့ဘူးလား ငါ သူ့စိတ်ဝိညာဥ်ကို သူ့အသိပညာပင်လယ်ပြင်ရဲ့ အနက်ရှိုင်းဆုံးနေရာမှာ အကျဉ်းချထားတယ် မင်း အထဲကိုရအောင် ထိုးဖောက်မှသာ သူ့ကို ကယ်နိုင်လိမ့်မယ်"
"ဒါကိုပဲ ငါ ကြိုးစားနေတာ ဝိညာဥ်မျိုးစိတ်ဝင်တွေက လူတွေကို ဘယ်လို ထိန်းချုပ်နေလဲဆိုတာကို နားလည်မှ သူ့ကို မင်းရဲ့ထိန်းချုပ်မှုအောက်ကနေ လွတ်အောင် ကယ်တင်နိုင်မှာ"
စုချန်းက ပြန်ပြောလိုက်သည်။
"ဒါပေမဲ့ သုတေသနလုပ်ရုံနဲ့တော့ သူ့ကို ကယ်တင်နိုင်မှာ မဟုတ်ဘူး မင်း အားသုံးပြီးထိုးဖောက်မှ သူ့ကို ကယ်နိုင်မှာ"
"မင်းပြောတဲ့အတိုင်းသွားလုပ်ရင် ငါ မင်းရဲ့ထောင်ချောက်ထဲ ရောက်သွားမှာ ပေါ့ မဟုတ်ဘူးလား"
စုချန်းက ပြုံးရင်းပြောလိုက်သည်။
"ငါ့ကို ဘယ်လိုကောင်မျိုးများ မင်းက ထင်နေလို့လဲ လူသားတွေရဲ့မဟာပညာရှိ ဖြစ်နေတာနဲ့ပဲ အသက်တိုင်းကို ကယ်မယ်လို့ ထင်နေသလား ငါ ကိုယ်တိုင်လည်း လူတွေအများကြီးရဲ့အသက်ကို နှုတ်ယူဖူးတယ်ဆိုတာ မင်း မမေ့နဲ့လေ ငါ ရှန်လီကို ကယ်ချင်တာတော့ မှန်တယ် ဒါနဲ့ပဲ မင်းရဲ့ ထောင်ချောက်ထဲကိုတော့ ဝင်မှာ မဟုတ်ဘူး ဝိညာဥ်မျိုးစိတ်ဝင်တွေက လူသားတွေအပေါ် ထိန်းချုပ်ထားတာကို တကြိမ်တည်းနဲ့ အပြီးသတ် ဖျက်ဆီးဖို့အတွက်ဆိုရင် တချို့တလေကို ငါ စတေးသင့်ရင်စတေးရမှာပဲ ဒီတော့ ငါတို့ အေးအေးဆေးဆေးပဲ သွားကြတာပေါ့ကွာ"
စကားဆုံးသည်နှင့် သူက ဝင်္ကပါနံရံများ မည်သို့ ဖွဲ့စည်းထားသည်ကို ဆက်၍ ခွဲခြမ်းစိတ်ဖြာနေပြန်၏။
၎င်းကို မြင်သောအခါ ဝိညာဥ်မျိုးစိတ်ဝင်၏ စိတ်ဝိညာဥ်သဏ္ဍာန် ဒေါသထွက်သွားဟန်တူသည်။ ထို့နောက် အနီးနားရှိ ပူဖောင်းများ စတင်ပေါက်ကွဲလာပြီး အတွင်းမှ နတ်ဆိုးများ အစုလိုက်အပြုံလိုက် ထွက်ပေါ်လာကာ စုချန်းကို ဝိုင်းအုံတိုက်ခိုက်ကြတော့သည်။
၎င်းကို မြင်သည်နှင့် စုချန်း ခေါင်းကို ညင်သာစွာ ခါယမ်းလိုက်၏။
"အသုံးမဝင်ပါဘူးကွာ"
ထို့နောက် သူက လေကိုမှုတ်ထုတ်လိုက်ရာ လေထဲတွင် လေပွေတခု ဖြစ်ပေါ်လာပြီး အရပ်ရှစ်မျက်နှာသို့ စတင်ပျံ့နှံ့သွား၏။ ထိုအိပ်မက်သတ္တဝါများသည်လည်း ချက်ချင်းပင် လွင့်စင်သွားကြလေသည်။
သို့သော် ထိုအချိန်တွင် အမည်းရောင် မြူခိုးဖြင့် ဖွဲ့စည်းထားဟန်ရှိသည့် သားရဲတကောင်သည် လေပွေကို ဖြတ်၍ ခုန်ထွက်လာ၏။
"ဟင်"
စုချန်း အံ့အားသင့်သွား၏။ ထို့နောက် လျှပ်စီးတချက် ပေါ်လာပြီး ထိုထူးဆန်းသည့် သတ္တဝါကို တည့်တည့်ပင်ထိမှန်ကာ မြေပေါ်သို့ လဲကျသွားစေ၏။ သို့တိုင်အောင် ထိုသတ္တဝါသည် ပျောက်ကွယ်မသွားပဲ စုချန်းကို ဆက်လက်တိုက်ခိုက်နေလေသည်။ ၎င်း၏ ဟိန်းဟောက်သံသည် စုချန်းကိုပင် တချက်တချက် မူးဝေသွားစေ၏။
"ရှုပ်ထွေးမြူခိုးနဲ့ ကစဥ့်ကလျားဝိညာဉ် ငိုကြွေးသံပေါ့ ဟုတ်လား မဆိုးဘူး မင်းမှာ လှည့်ကွက်တွေ အတော်လေး များတာပဲ"
စုချန်း မထီမဲ့မြင်လေသံနှင့် ပြောလိုက်သည်။
ဝိညာဥ်မျိုးစိတ်ဝင်သည် စိတ်ဝိညာဥ် မူလစွမ်းရည်များကိုပင် အသုံးပြုနေကြောင်း ထင်ရှားနေခဲ့လေပြီ။ သို့ဆိုလျင် စုချန်းက မည်သည့်အတွက် ပြန်မတိုက်ပဲ နေရမည်နည်း။
ထို့နောက် စုချန်း၏ မျက်လုံးများ ရုတ်ျရက်ပင် တောက်ပလာပြီး မိုးကောင်းကင်မှ လျှပ်စီးတချက် ထပ်မံထွက်ပေါ်လာကာ အနက်ရောင် မြူခိုးသားရဲကို ထိမှန်သွားပြန်၏။ ထိုသားရဲသည် နာကျင်စွာ အော်ဟစ်ပြီး ပျောက်ကွယ်သွားကာ ထိုနေရာတွင် အနက်ရောင်ဝတ်ထားသော စစ်သားအုပ်စုကြီး ထပ်မံပေါ်ပေါက်လာပြန်သည်။ တစ်ချိန်တည်းမှာပင် အနီးနားရှိ မှတ်ညဏ်ပူဖောင်းများ စတင်ပေါက်ကွဲလာပြီး သားရဲ အများအပြား အိပ်မက်နယ်ပယ်ထဲသို့ ခုန်ဝင်လာကြ၏။
စုချန်းက လက်တဖက်ကို ဝှေ့ယမ်းပြီး ချက်ချင်းအမိန့်ပေးလိုက်သည်။
"စစ်သားတွေ ချီတက်ကြစမ်း"
ရုတ်ချည်းဆိုသလိုပင် ရွှေရောင်ဝတ်ဆင်ထားသည့် စစ်သားများ အစုလိုက်အပြုံလိုက်ပေါ်လာပြီး ရှေ့သို့ စတင်ချီတက်ကြတော့သည်။ သို့နှင့် ရှန်လီ၏အိပ်မက်နယ်ပယ်သည် ရုတ်တရက်ဆိုသလို စစ်မြေပြင်အဖြစ် ပြောင်းလဲသွားတော့၏။
ဤသို့နှင့် စုချန်းနှင့် ဝိညာဥ်မျိုးစိတ်ဝင်တို့၏ စိတ်ဝိညာဥ်သဏ္ဍာန်များသည် စိတ်ဝိညာဥ်နည်းစနစ်များစွာကို ဖော်ထုတ်ပြီး မီးကုန်ယမ်းကုန် တိုက်ခိုက်ကြတော့သည်။ နေရာတခုလုံး မီးဟုန်းဟုန်းတောက်နေပြီး မီးလျံများ အရပ်ရှစ်မျက်နှာသို့ ပျံ့နှံ့သွားတော့၏။
နောက်ဆုံးတော့ ဝိညာဥ်မျိုးစိတ်ဝင်၏ စိတ်ဝိညာဥ်သဏ္ဍာန်သည် ဦးစွာအားကုန်သွားဟန်ဖြင့် တိုက်ပွဲကို ရပ်စဲလိုက်သည်။
လေပြင်းများ ငြိမ်သက်သွားပြီး မှတ်ညဏ်ပူဖောင်းများသည် ပြန်လည်ထွက်ပေါ်လာကာ ဝင်္ကပါကို တစ်ဖန် ပြန်လည် ဖွဲ့စည်းလိုက်၏။
ထို့နောက် ဝိညာဥ်မျိုးစိတ်ဝင်၏စိတ်ဝိညာဥ်သဏ္ဍာန်က ပြောလိုက်သည်။
"မင်းရဲ့စိတ်ဝိညာဥ်စွမ်းအားဟာ ငါမျှော်လင့်ထားတာထက် အများကြီးပိုပြီး အစွမ်းထက်ပါပေတယ် စုချန်း မင်းကိုတော့ ငါ တကယ် အံ့ဩသွားပြီ"
"နောက်ဆို မင်း ဒီထက်ပိုပြီးတောင် အံ့သြရအုံးမှာ"
စုချန်း ပြုံးရင်းပြောလိုက်သည်။
"ဟဟ ဒါပေမဲ့ မင်း အိပ်မက်ဝင်္ကပါကို လွယ်လွယ်နဲ့ ထိုးဖောက်နိုင်ဖို့ကတော့ ဝေးပါသေးတယ် ငါ့ကို ရှာတွေ့ဖို့ဆိုရင် ပိုပြီးတောင် ခက်ခဲလိမ့်ဦးမယ် ငါ အနီးအနားမှာပဲ ပုန်းနေတယ် မြက်ပင်ရှည်တွေကြားထဲမှာ ပုန်းနေတဲ့ အဆိပ်ပြင်းမြွေတကောင်လိုပဲ အချိန်တန်ရင် ငါ ထိုးနှက်မယ် မင်းကို သေသွားလောက်အောင်ကို ထ်ိုးနှက်မယ်"
"ငါ့ကြောင့် မင်းဒီထက်ပိုပြီး အံ့သြရအုံးမှာလို့ ခုနက ငါမပြောလိုက်ဘူးလား"
ပြောရင်းနှင့် စုချန်း ရယ်မောလိုက်၏။
ထို့နောက် သူက ဘေးနားရှိ မှတ်ညဏ်ပူဖောင်းတခုကို တို့ထိလိုက်ရာ
ပူဖောင်းသည် အသစ်ပြန်လည်ဖြစ်ပေါ်လာခြင်းမရှိတော့ပဲ လုံးဝပေါက်ကွဲသွား၏။ ပို၍ အံ့သြစရာကောင်းသည်မှာ စုချန်းသည် အဆိုပါပူဖောင်းများဖြင့် ပြုလုပ်ထားသော နံရံများကို အေးအေးဆေးဆေး ဖြတ်ကျော်သွားနိုင်ခြင်းပင်။ ဤနည်းအားဖြင့် သူသည် လမ်းကြောင်းပေါ်ရှိ ပူဖောင်းတိုင်းကို ဖော်ခွဲဖျက်ဆီးရင်း ဝင်္ကပါထွက်ပေါက်ကို ရှာတွေ့သွား၏။
"ဒါ... ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
ဝိညာဥ်မျိုးစိတ်ဝင်၏စိတ်ဝိညာဥ်သဏ္ဍာန် အထိတ်တလန့်ပင် ထအော်လိုက်သည်။
"သိပ်လဲမအံ့သြပါနဲ့ကွာ မင်းအတွက်တော့ တိုက်ပွဲဆိုတာ တိုက်ပွဲသက်သက်ပဲ ဖြစ်လိမ့်မယ် ဒါပေမဲ့ ငါ့အတွက်တော့ တိုက်ပွဲဆိုတာ သုတေသနရဲ့ အစိတ်အပိုင်းတခုပဲ အခု တိုက်ပွဲပြီးသွားပြီဆိုတော့ ငါ့ရဲ့ သုတေသနကလည်း အသီးအပွင့်တွေ စပြီးဖြစ်ထွန်းလာပြီ"
"ဒါပေမဲ့ မင်း ဒီလောက် မြန်မြန်ဆန်ဆန် ရှာတွေ့ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး"
"ငါက အမြဲတမ်း မြန်မြန်ဆန်ဆန်ပဲ လုပ်လေ့ရှိတယ် မင်းအနေနဲ့ ဒါကို အသားကျဖို့လိုလိမ့်မယ်"
အထက်ပါအတိုင်းပြောရင်း စုချန်းက နောက်ဆုံး ပူဖောင်းနံရံကို သူ့လက်ညှိုးဖြင့် တို့ထိဖောက်ခွဲလိုက်၏။
ထို့နောက် သူက နံရံနောက်ကွယ်မှ အသိပညာပင်လယ်ပြင်သို့ အေးအေးဆေးဆေးပင် ဝင်ရောက်သွားလေသည်။